အငွေ့ပျံသွားပြီ
Vol. 40 Ch. 544
ချင်မူ ရင်ထဲတွင် မတင်မကျ ဖြစ်နေ၍ အမှားမလုပ်မိအောင် အစအဆုံး ပြန်တွက်ရန် တွေးထား၏။ ကျားနတ်မင်းကို မယုံခြင်းတော့မဟုတ်၊ ကမ္ဘာနှစ်ခုဆက်သွယ်ခြင်းနှင့် စွမ်းအင်အကူးအပြောင်းတံတားတည်ဆောက်ခြင်းမျိုး တစ်ခါမှ မလုပ်ခဲ့ဖူး၍ ဖြစ်သည်။ တစ်ခုခု လွဲချော်သွားပါက မည်သို့ဖြစ်ပျက်သွားမည်ကို သူ မသိနိုင်ပေ။
ဥပမာ ဆေးကုသရန် စွမ်းအင်ဆေးလုံးအမျိုးအစားအသစ် ဖော်စပ်တိုင်း ထူးဆန်းသော ဘေးထွက်ဆိုးကျိုးများ ရှိလာနိုင်၏။ ဆေးအာနိသင် ပြသာနာဖြစ်လျှင် ပြန်ပြုပြင်နိုင်ပါသော်လည်း ကမ္ဘာနှစ်ခုအား ဆက်သွယ်ပေးမည့် စွမ်းအင်အကူးအပြောင်းတံတား ထူးထူးဆန်းဆန်း ဖြစ်လာပါက မည်သို့ ပြုပြင်ရမည်နည်း။
ကျားနတ်မင်းက ပုံကြမ်းများကို အလျင်အမြန် သိမ်းပြီး စိတ်လှုပ်တရှား ထွက်သွားသည်။ “မြန်မြန်လာ... မြန်မြန်လာ ... ငါ စမ်းကြည့်ဖို့ မစောင့်နိုင်တော့ဘူး”
ချင်မူမှာ သူ့နောက်လိုက်သွားရတော့သည်။ လမ်းတွင် စန်းဟွာကို မေးလိုက်၏။ “စန်းဟွာ ... ကိစ္စရှိလို့လား”
“လီမြို့ကို ပြန်တည်ဆောက်ပြီးပေမယ့် ပတ်ဝန်းကျင်မှာ ကောင်းကင်နတ်ဆိုးတွေ ကျက်စားနေသေးတယ်... ကောင်းကင်နတ်ဆိုးတွေက ငါတို့ထိုက်ဧကရာဇ်ကောင်းကင်ဘုံသားတွေရဲ့ အသွေးအသားနဲ့ ဝိညာဉ်တွေကို သုံးပြီး သိုင်းကျင့်ကြတာဆိုတော့ အင်မတန် အန္တရာယ်များတယ်” မိန်းကလေးက ဖြေ၏။ “ငါတို့ အတူတူ လေ့ကျင့်ရေးဆင်းဖို့ နင့်ကို လိုက်ရှာနေတာ ကြာပြီ... ကျက်စားနေတဲ့ ကောင်းကင်နတ်ဆိုးတွေကို သွားရှာချင်လို့ လူစုနေကြတာ”
“ဖုရွေ့လော် လီမြို့ထဲမှာ ရှိနေတုန်းက သူ ထိန်းပေးထားလို့ ကောင်းကင်နတ်ဆိုးတွေက လူတွေကို အန္တရာယ်မပြုခဲ့ဘူး... ဒါပေမဲ့ အခု သူ မရှိတော့တာနဲ့ ကျန်တဲ့ကောင်းကင်နတ်ဆိုးတွေ သောင်းကျန်းနေကြပြီ... သူတို့အတွက် ငါတို့လူသားတွေက အစာလည်းဟုတ်သလို၊ ကျင့်ကြံဖို့ အရင်းအမြစ်တွေလည်း ဟုတ်တယ်...” ယွီဟယ်က ပြောလိုက်သည်။
“ဒီရက်ပိုင်း ပတ်ဝန်းကျင်က ရွာတွေ ဝင်စီးခံထားရတယ်... ညီမလေးစန်းဟွာက နတ်ဘုရားနှိမ်စေတီကို သွားချင်နေတာ... ဒါပေမဲ့ ဒီကိစ္စတွေကြောင့် နောက်ပို့ထားရတယ်”
ချင်မူ မျက်မှောင်ကြုတ်ကာ မေးလိုက်မိသည်။ “ဖုရွေ့လော်က လူသားတွေ အန္တရာယ်မဖြစ်အောင် ကောင်းကင်နတ်ဆိုးတွေကို ထိန်းပေးခဲ့တာလား... ဘာလို့ အဲဒီလိုအမိန့်မျိုး ပေးခဲ့တာလဲ”
“လူသားတွေ သူ့ကို ကြည်ဖြူအောင်ပေါ့” ရွှီယောင်က တင်းမာသောမျက်နှာထားဖြင့် ဝင်ပြောလာသည်။ “မြို့ကို ကျူးကျော်လို့ရတယ်... အင်ပါယာကို သိမ်းလို့ရတယ်... နတ်ဘုရားတွေကို သတ်ပစ်လို့ရတယ်... ဒါပေမဲ့ လူသားတွေ ကြည်ဖြူအောင် လုပ်ဖို့ကတော့ အခက်ဆုံးပဲ... ဖုရွေ့လော်က ရည်မှန်းချက်ကြီးတဲ့ မိစ္ဆာနတ်ဘုရား... သူ သိမ်းချင်တဲ့နည်းလမ်းက အဲဒီလောက်မရိုးရှင်းဘူး
“သူ လူတွေကို ထိခိုက်ဒဏ်ရာရအောင် မလုပ်ရင် လူတွေက သူ့ကို ပြန်တိုက်ခိုက်တော့မှာ မဟုတ်ဘူး.. သူ သူတို့ကို ကျွန်ပြုပြီး သတ္ထုတွေ တူးဖော်ခိုင်းရင်တောင်မှ၊ ဆေးပင်တွေ စိုက်ခိုင်းရင်တောင်မှ ကြည်ကြည်ဖြူဖြူ လုပ်ပေးကြလိမ့်မယ်
“အဲဒီလိုအနုနည်းနဲ့ သူက အဆင့်နိမ့်မိစ္ဆာနတ်ဆိုးတွေ အသေခံတိုက်ပေးချင်လာအောင် ပုံသွင်းခဲ့တာပဲ... အသေခံတိုက်ပေးနိုင်တဲ့ စစ်တပ်ဆိုတာ အင်အားအကြီးဆုံးစစ်တပ်ပဲ မဟုတ်လား”
ချင်မူ ခေါင်းညိတ်လိုက်ပြီး ဖုရွေ့လော်အပေါ် အမြင်ပြောင်းလဲသွားသည်။
ဖုရွေ့လော်သည် မြို့များ၊ နယ်မြေများအား ကျူးကျော်သိမ်းပိုက်ရန်သာ သိသော အရိုင်းအစိုင်းတစ်ယောက် မဟုတ်ပေ။ အုပ်ချုပ်ရေးပိုင်းကို နားလည်သည့်အပြင် ကောင်းကင်နတ်ဆိုးမျိုးနွယ်အတွက် အကျိုးအမြတ်များအောင်လည်း ကြံစည်တတ်၏။
အဆင့်နိမ့်မိစ္ဆာနတ်ဆိုးများက အဆင့်အတန်းနိမ့်ကျ၏။ သူတို့က စစ်မြေပြင်ထက်တွင် အသေခံတပ်သားများဖြစ်ကြောင်း ချင်မူ မြင်ခဲ့ပြီးဖြစ်သည်။ သူတို့ကို ကျွန်လည်းပြု၊ အသေလည်း ခံခိုင်းလျှင် ဖုရွေ့လော်အနေဖြင့် အဆင့်နိမ့်မိစ္ဆာနတ်ဆိုးများအား အုပ်ချုပ်ရန် ခက်ခဲပေမည်။
ထိုသို့မဖြစ်လာစေရန် ဖုရွေ့လော်သည် လူသားများကို ကျွန်ပြုခဲ့သောကြောင့် အဆင့်နိမ့်မိစ္ဆာနတ်ဆိုးများက လူသားတို့ထက် တစ်ဆင့်မြင့်သွားပြီး အသေခံ၍ စစ်တိုက်ပေးလိုစိတ်များ ရှိလာကြသဖြင့် ပူပန်စရာမလိုတော့ပေ။
တစ်ဖက်တွင်လည်း လူသားများမှာ ကျွန်ဖြစ်ရစေကာမူ အသက်ရှင်နိုင်သေးသည့်အတွက် ပြန်မတိုက်ခိုက်ကြပေ။ ဤသို့ဖြင့် ဖုရွေ့လော်၏ နောက်တန်းက ခိုင်မာလာသည်။ လူသားကျွန်များ၏ လုပ်အားအထောက်အပံ့ကြောင့် ရှေ့တန်းများအပေါ်တွင် သူ အားစိုက်ထည့်နိုင်သွား၏။
“ဖုရွေ့လော်က တကယ် အရည်အချင်းရှိတာပဲ.... အထွတ်အမြတ်ဆရာသခင် သူ့ကို စိုးရိမ်နေတာလည်း အံ့ဩစရာမရှိဘူး” ချင်မူ အတန်ကြာ စဉ်းစားပြီး ပြောလိုက်သည်။ “စစ်မြေပြင်ကနေ ကောက်ထားတဲ့ မိစ္ဆာလက်နက်တွေ အများကြီး ရှိမှာပဲ ဟုတ်တယ်မလား.... အဲဒါကို ဘာလုပ်ကြမှာလဲ”
“မိစ္ဆာလက်နက်တွေမှာ မိစ္ဆာသဘာဝနဲ့ မိစ္ဆာနတ်ဆိုးချီ ကိန်းဝပ်နေတော့ ကောင်းကင်နတ်ဆိုးတွေ ပြန်မယူနိုင်အောင် ဖျက်စီးကြရတယ်” ယွီဟယ်က ပြောသည်။
ချင်မူ သူမအား ပြုံးပြလိုက်၏။ “အစ်ကိုကြီးကျားနဲ့ ကျွန်တော် စွမ်းအင်အကူးအပြောင်းတံတားကို ဆောက်ဖို့ လုပ်နေတာဆိုတော့ မဟူရာရွှေနဲ့ မဟူရာသံတွေ အများကြီး လိုတယ်.... ကောင်းကင်နတ်ဆိုးတွေရဲ့ မိစ္ဆာလက်နက်တွေကလည်း အသုံးမတည့်မှတော့ ကျွန်တော်တို့ကို ပေးလို့ရလား။ သူတို့ထဲက မိစ္ဆာသဘာဝနဲ့ မိစ္ဆာချီကလည်း ကျွန်တော်တို့ လိုအပ်နေတဲ့အရာပဲ”
ယွီဟယ်က သူ့ကို ပြန်ပြုံးပြသည်။ “ငါ့ဆရာကို ပြောပြီး မိစ္ဆာလက်နက်တွေ တောင်းလို့ရတယ်... နတ်ဂိုဏ်းသခင် ဘယ်လောက်များများ လိုချင်လဲ”
“များလေ ကောင်းလေပဲ” ချင်မူက အလေးအနက် ပြောလိုက်၏။ “ဒုက္ခခံပေးလို့ ကျေးဇူးတင်ပါတယ် စံအိမ်သခင်ယွီ”
ယွီဟယ်က လှည့်ထွက်သွားရင်း လှမ်းပြောသည်။ “နတ်ဂိုဏ်းသခင်က ယဉ်ကျေးလွန်းနေပါပြီ... မိစ္ဆာလက်နက်တွေကလည်း အသုံးမှမတည့်တာလေ... အားလုံး အရင်သွားနှင့်ကြပါ... ငါ့ဆရာနဲ့ ငါ ခဏနေရင် မိစ္ဆာလက်နက်တွေ လာပို့ပါ့မယ်”
ချင်မူက စန်းဟွာတို့ကို ကြည့်ကာ အတန်ငယ် ချီတုံချတုံ ဖြစ်နေသည်။ “စန်းဟွာ၊ အစ်ကိုကြီးကျားနဲ့ ငါက တံတားဆောက်ရဦးမှာဆိုတော့ လေ့ကျင့်ရေးဆင်းနှင့်ကြပါလား.... ဆယ်ရက်နေမှ ပြန်လာခဲ့.... အဲဒီအချိန်လောက်ဆို ကျွန်တော် နင်တို့ကို မိတ်ဆွေအသစ်တွေနဲ့ မိတ်ဆက်ပေးနိုင်လောက်ပြီ”
“နင့်ကို လေ့ကျင့်ရေးဆင်းဖို့ လာရှာတာတင်မဟုတ်ဘူး.... တခြားရည်ရွယ်ချက်လည်း ရှိသေးတယ်.... ငါတို့ နင့်နတ်ဂိုဏ်းထဲ ဝင်ချင်တယ်” စန်းဟွာက တိုးတိုးကပ်ပြောသည်။
ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ ကောင်းကင်နတ်သိုင်းပညာရှင်များလည်း ကမန်းကတန်း ခေါင်းညိတ်ပြကြ၏။
ချင်မူ ရွှီယောင်ကို မှင်သက်စွာ လှမ်းကြည့်လိုက်မိသည်။
“နတ်ဂိုဏ်းသခင် ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ အယူအဆအကြောင်း ပြောပြတုန်းက အစ်မတော်ယွီဟယ်နဲ့ ငါလည်း သိပ်ယုတ္တိရှိတယ် တွေးမိတာနဲ့ နတ်ဂိုဏ်းရဲ့ စံအိမ်သခင်တွေ ဖြစ်လာကြတယ်... နောက်ပိုင်း သူငယ်ချင်းတွေနဲ့ ဟိုအကြောင်းဒီအကြောင်း ပြောရင်း နတ်ဂိုဏ်းအကြောင်း ဆက်စပ်မိသွားတာနဲ့ သူတို့လည်း သဘောကျသွားပြီး ဝင်ချင်သွားကြတာပါ” ရွှီယောင်က ရှင်းပြ၏။
“ငါတို့ရော စံအိမ်သခင်နေရာ ရနိုင်လောက်လား” စန်းဟွာက စိတ်လှုပ်ရှားစွာ မေးလာသည်။
ချင်မူ ထခုန်မိမတတ် ပျော်ရွှင်သွားသော်လည်း ဟန်မပျက် နေလိုက်၏။ “ကောင်းကင်တန်ခိုးရှင်ဂိုဏ်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ထင်ရှားကျော်ကြားတဲ့ သမာသမတ်ဂိုဏ်းပဲ... လူတိုင်း ဝင်ချင်သလို ဝင်လို့မရဘူး... ဒါပေမဲ့ ဒီကလူတွေက အသက်ကိုတောင် ပဓာနမထားဘဲ ကောင်းကင်နတ်ဆိုးတွေကို တိုက်ခိုက်ခဲ့တာ ကြည့်ရင်း ငါ ရင်ထဲ ထိသွားမိတယ်... သိပ်ဖြောင့်မတ်ကြတယ်လို့လည်း သိလိုက်တယ်... ငါတို့ရဲ့စိတ်သဘောထားက တူနေမှတော့ မင်းတို့အားလုံးကို လက်ခံပေးဖို့ မခက်ပါဘူး
“ဒါပေမဲ့ စံအိမ်သခင် ဖြစ်လာဖို့ဆိုရင် နယ်ပယ်တစ်ခုမှာ ကျွမ်းကျင်ဖို့ လိုတယ်... ငါ့နတ်ဂိုဏ်းမှာ အသက်မွေးဝမ်းကျောင်း သုံးရာခြောက်ဆယ့်တစ်ခုကို ကိုယ်စားပြုတဲ့ စံအိမ်သုံးရာခြောက်ဆယ့်တစ်ခု ရှိတယ်.... ဒါကြောင့် စံအိမ်သခင်ရာထူးက အစွမ်းအစတွေနဲ့ပဲ မသက်ဆိုင်ဘူး”
စန်းဟွာနှင့် ကျန်ရှိသူများ စိတ်ညစ်သွားသော်လည်း ချင်မူက သူ့ကို ပြုံးပြလိုက်သည်။ “ဒါပေမဲ့ နတ်ဂိုဏ်းက ထိုက်ဧကရာဇ်ကောင်းကင်ဘုံမှာ ဂိုဏ်းခွဲဖွင့်တာ မကြာသေးဘူးဆိုတော့ နေရာလပ်တွေ အများကြီး ရှိပါသေးတယ်... အခြေအနေကလည်း အလျင်လိုနေတဲ့အခြေအနေဆိုတော့ သိပ်များများစားစား ကြည့်နေစရာမလိုပါဘူး... ဒါကြောင့် အားလုံး ထိုက်ဧကရာဇ်ကောင်းကင်ဘုံရဲ့ နတ်ဂိုဏ်းမှာ စံအိမ်သခင်တွေ လုပ်လို့ရပါတယ်”
စန်းဟွာ ဝမ်းသာပျော်ရွှင်သွားသည်။ “နတ်ဂိုဏ်းကို ဘယ်တော့မှ သစ္စာမဖောက်ပါဘူးလို့ သွေးသစ္စာကျိန်ဆိုစရာရော လိုသေးလား”
ချင်မူ ရယ်ရမလား၊ ငိုရမလားမသိတော့ပေ။ သူက ခေါင်းယမ်းကာ ပြောလိုက်သည်။ “ငါတို့ကောင်းကင်တန်ခိုးရှင်ဂိုဏ်းက မိစ္ဆာဂိုဏ်းမဟုတ်ပါဘူး.. သွေးသစ္စာကျိန်ဆိုစရာလည်း မလိုဘူး.. ဘယ်သူမှ ဂိုဏ်းသခင်ကို ဂါဝရပြုစရာလည်း မလိုဘူး... ဒီတိုင်း နှုတ်ဆက်ရုံပါပဲ... ထုံးစံတွေ မလိုအပ်ဘူး... ဂိုဏ်းသခင်ဆိုတာ အထွတ်အမြတ်ဆရာသခင်ပဲ... ဧကရာဇ်မင်းတစ်ပါး မဟုတ်ဘူး
“လောလောဆယ် စွမ်းအင်အကူးအပြောင်းတံတား တည်ဆောက်ဖို့ ငါ အလုပ်များနေတယ်... စကားပြောဖို့ အချိန်မရသေးဘူး... နောက်ဆယ်ရက်လောက်နေမှ ပြန်လာခဲ့ပါလား... ကမ္ဘာနှစ်ခု ဆက်သွယ်သွားရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ နတ်ဂိုဏ်းသားတွေကို ခေါ်ပြီး အသေးစိတ်ရှင်းပြခိုင်းလိုက်ပါ့မယ်”
စန်းဟွာတို့ ကျေနပ်သွားကြပြီး ရွှီယောင်နှင့်အတူ ထွက်သွားကြသည်။
‘ထိုက်ဧကရာဇ်ကောင်းကင်ဘုံမှာ နတ်ဂိုဏ်းခွဲ တည်ထောင်တာက ထင်ထားတာထက် ရိုးရှင်းနေတာပဲ’ ချင်မူ သက်ပြင်းချလိုက်ပြီး သူ့ဘေးရှိ ကျားနတ်မင်းဆီသို့ တစ်ချက်ကြည့်ကာ အကြည့်များ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားသည်။ “အစ်ကိုကြီးကျားရော ... နတ်ဂိုဏ်းထဲ ဝင်မလား”
ကျားနတ်မင်းက စိတ်ပျက်သည့်ဟန်ဖြင့် မျက်လုံးလှန်ကာ သရော်တော်တော် ပြော၏။ “ငါ့အရှင်က မင်းရဲ့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းကို အသိအမှတ်မပြုဘူးနော်... အလကား လေကုန်ခံမနေနဲ့တော့ ... လာ... စွမ်းအင်အကူးအပြောင်းတံတားပဲ ဆောက်ရအောင်ပါ”
လူတစ်ယောက်နှင့် ကျားတစ်ကောင် တောင်ကြီးသဖွယ် မြင့်မားနေသော ဧရာမယဇ်ပလ္လင်ကြီးအရှေ့သို့ ရောက်လာကြသည်။ ယဇ်ပလ္လင်တွင် ထိပ်ရှိ ရင်ပြင်အပေါ် ဦးတည်နေသည့် လှေကားထစ်များ ရှိ၏။ ယဇ်ပူဇော်ခြင်းဆိုင်ရာ သင်္ကေတအမှတ်အသားများအား ပတ်ပတ်လည်တွင် ရေးသားထားပြီး မြေကြီးပေါ်၌ ထိုက်ဧကရာဇ်ကောင်းကင်နတ်ဘုံ၏ ကောင်းကင်နတ်သိုင်းပညာရှင်အလောင်းများ တောင်လို ပုံလျက်ရှိသည်။ ထိုအလောင်းများကြောင့်သာ မဟာမြို့ပျက်မှ နတ်ဘုရားရုပ်တုများကို ဆင့်ခေါ်နိုင်ခဲ့ခြင်း ဖြစ်ချေသည်။
ချင်မူနှင့် ကျားနတ်မင်းအနေဖြင့် စွမ်းအင်အကူးအပြောင်းတံတား၏ သင်္ကေတအမှတ်အသားများအား ယဇ်ပလ္လင်၏အခြေ၌ ရေးဆွဲပြီး ယဇ်ပလ္လင်ထက်ရှိ သင်္ကေတတချို့ကို အနည်းငယ်ပြောင်းလဲရန် လိုအပ်သည်။ လူတစ်ယောက်နှင့် ကျားတစ်ကောင် တကုပ်ကုပ် အလုပ်လုပ်နေကြသည်။
တခဏကြာသော် အစစ်အမှန်နတ်ဘုရားပန်ယုက ယွီဟယ်နှင့်အတူ ရောက်လာပြီး မိစ္ဆာလက်နက်များ တောင်လို ပုံသွား၏။ ပန်ယုက ပြံးလျက် ပြောလိုက်သည်။ “မိတ်ဆွေလေး... ဒီလောက်နဲ့ လောက်လား.. မလောက်ရင် မင်ယီမြို့ထဲမှ နောက်တစ်သုတ် ရှိသေးတယ်”
ချင်မူ ဝမ်းမြောက်ဝမ်းသာစွာ ပြုံးပြလိုက်သည်။ “လောက်ပါတယ်ဗျ ကျေးဇူးအများကြီးတင်ပါတယ် ဆရာပန်ယု”
“ကျုပ်တို့ အကူအညီများ လိုသေးသလား မသိဘူး” အစစ်အမှန်နတ်ဘုရားပန်ယုက မေးလိုက်သည်။ ယွီဟယ်လည်း ကူညီချင်နေ၏။
ကျားနတ်မင်းက သူတို့၏အကူအညီကို လက်ခံရန် ပြင်လိုက်သော်လည်း ချင်မူ ကပျာကယာ ခေါင်းယမ်းပြလိုက်သည်။ “ရပါတယ်... ဆရာပန်ယုလည်း အလုပ်များနေတာမဟုတ်လား.... မမကြီးယွီဟယ်လည်း လေကျင့်ရေးဆင်းဖို့ လိုသေးတယ်... ကျွန်တော် ဒုက္ခမပေးဝံ့ပါဘူးဗျ”
အစစ်အမှန်နတ်ဘုရားပန်ယုမှာ တကယ်လည်း အလုပ်များနေသည့်အတွက် ယွီဟယ်နှင့်အတူ နှုတ်ဆက်ကာ ထွက်သွား၏။
“စွမ်းအင်အကူးအပြောင်းတံတားအတွက် သွန်းလုပ်စရာ အစိတ်အပိုင်းတွေ တစ်ပုံကြီးပဲဟ... ငါတို့နှစ်ယောက်တည်းဆို အကြာကြီးကြာမှာ... ဘာလို့ သူတို့အကူအညီမယူလိုက်တာလဲ” ကျားနတ်မင်းက ညည်းညူသည်။
“အစ်ကိုကြီး ကောင်းကင်က နေတွေကို ကြည့်လိုက်”
ကျားနတ်မင်း မော့ကြည့်လိုက်သည်နှင့် သဘာပေါက်သွားသည်။ “အေးဟ... ထိုက်ဧကရာဇ်ကောင်းကင်ဘုံရဲ့ နတ်ဘုရားတွေကို ကူညီခိုင်းလို့ မဖြစ်ဘူး... သူတို့ပြဿနာ လိုက်ရှင်းနေတာနဲ့ အချိန်ပိုကုန်ဦးမယ်”
လူတစ်ယောက်နှင့် ကျားတစ်ကောင် တက်ညီလက်ညီ ထုရိုက်သွန်းလုပ်နေကြသည်။ စွမ်းအင်အကူးအပြောင်းတံတားအတွက် မိစ္ဆာလက်နက်များအတွင်းရှိ မိစ္ဆာသဘာဝကို ဖယ်ရှားစရာမလိုသဖြင့် ထုရိုက်အရည်ဖျော်ကာ ပြန်လည်ပုံသွင်းလိုက်ကြ၏။
သူတို့နှစ်ယောက်လုံးက ပန်းပဲပညာနှင့် အက္ခရာသင်္ချာတွင် ကျွမ်းကျင်ကြသည့်အတွက် အစိတ်အပိုင်းတစ်ခုချင်းစီကို အတိအကျ သွန်းလုပ်ကြသည်။ သင်္ကေတအမှတ်အသားများကိုလည်း ရွှင်းရှီဒသမကိန်းအထိ တိကျသေသပ်စွာ ရေးဆွဲကြ၏။ နှစ်ယောက်လုံး ပြီးပြည့်စုံနေမှ သဘောကျကြလေသည်။
နေဖန်ဆင်းရှင်နတ်ဘုရား၏ နေနှစ်ခြမ်း ပဲ့ရွဲ့နေသည့်အကြောင်းရင်းမှာ အစိတ်အပိုင်းတစ်ခုချင်းစီကို တိတိကျကျ မသွန်းလုပ်ခဲ့၍ဖြစ်သည်။ နေနှစ်ခြမ်း၏ပုံကြမ်းများကိုလည်း ဟူဒသမကိန်း သို့မဟုတ် ဝေဒသမကိန်းအထိသာ တွက်ချက်ခဲ့လိမ့်မည်။ ထို့ကြောင့်သာ ယခုလို မကြည့်နိုင်လောက်အောင် အရုပ်ဆိုးနေခြင်း ဖြစ်၏။
ကောင်းကင်ယံရှိ နေမင်းကြီး လုံးဝန်းနေအောင် ရွှီယွီဒသမကိန်း သို့မဟုတ် ရွှင်းရှီဒသမကိန်းအထိ အနည်းဆုံး တွက်ရန် လိုအပ်သည်။
နေတစ်ခြမ်းက ယဇ်ပလ္လင်ကြီးထက် အဆများစွာ ကြီးမားသည်။ ယဇ်ပလ္လင်အတွက် လိုအပ်သော တိကျမှုအတိုင်းအတာကပင် အလွန်မြင့်မားနေပြီဖြစ်သည်။ အစိတ်အပိုင်းတိုင်းကို ရွှင်းရှီဒသမကိန်းအထိ တွက်ချက်ရန် လိုအပ်ချေရာ ချင်မူမှာ အလွန်အရုပ်ဆိုးသော နေနှစ်ခြမ်းကို မော့ပင် မကြည့်ရဲပေ။
တန်ခိုးရှင်သစ်ခုတ်သမားကလည်း အက္ခရာသင်္ချာနှင့် ပန်းပဲပညာတွင် ကျွမ်းကျင်သူဖြစ်သည့်အတွက် ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ နေနှစ်ခြမ်းကို မကြည့်နိုင်ပေ။
ဆယ်ရက်ကြာသော် စန်းဟွာ၊ ရွှီယောင်နှင့် ကျန်ရှိသူများက ကောင်းကင်နတ်သိုင်းပညာရှင်ရာချီဖြင့် ခပ်သုတ်သုတ် ရောက်လာကြသည်။ ချင်မူနှင့် ကျားနတ်မင်း စွမ်းအင်အကူးအပြောင်းတံတားအား အသက်သွင်းမည်ကို ကြည့်ရန် ရောက်လာကြခြင်းဖြစ်၏။
ချင်မူနှင့် ကျားနတ်မင်းမှာ ယဇ်ပလ္လင်ထက်တွင် ဟိုဟိုသည်သည် ပြေးလွှားရင်း တိုင်းထွာစမ်းသပ်နေသည်။ အနည်းငယ်မျှပင် အနားမယူရဲကြပေ။ ဆယ်ရက်အတွင်း နှစ်ရေးသုံးရေးမျှသာ အိပ်ရသေးသည့်အတွက် နှစ်ယောက်လုံး အလွန်ပင်ပန်းနေကြသော်လည်း စိတ်အားတက်ကြွနေဆဲပင်။
အချိန်အနည်းငယ်ကြာသော် အစစ်အမှန်နတ်ဘုရားပန်ယု၊ နတ်ဘုရားစန်းယဲ့နှင့် ကျန်နတ်ဘုရားများလည်း ကောင်းကင်နတ်သိုင်းပညာရှင်ထောင်ချီဖြင့် ရောက်လာကြသည်။ အားလုံး အနက်ရောင်အစိတ်အပိုင်းများ ချိတ်ဆက်ထားသော ယဇ်ပလ္လင်ကြီးကို ကြည့်လိုက်ကြ၏။ အစိတ်အပိုင်းများက အတိုအရှည်မျိုးစုံ ဖြစ်ပြီး တစ်ပိုင်းတစ သွန်းလုပ်ထားသည့် လှံရှည်များ၊ လှံတိုများ၊ ဓားမများနှင့် ဓားရှည်များ ကောင်းကင်ယံသို့ ထိုးထောင်နေသည်နှင့် တူသည်။
အစိတ်အပိုင်းအားလုံးတွင် နားလည်ရခက်သော သင်္ကေတအမှတ်အသားများ လွှမ်းခြုံနေသည်။ အများစုက မြေကြီးအောက်တွင် နစ်မြုပ်နေ၏။ ပလ္လင်အောက်ခြေကိုလည်း ချင်မူက ရှင်းလင်းပြီး အစိတ်အပိုင်းအကြီးကြီးများ ချထားသည်။ အားလုံးက အတိုင်းထက်အလွန် ရှုပ်ထွေးလှ၏။
ပလ္လင်၏အတွင်းတွင်လည်း လမ်းကြောင်းများ ဖောက်ထားပြီး မရေမတွက်နိုင်သော စက်သွားကိရိယာများ တပ်ဆင်ထားသည်။ သင်္ကေတအမှတ်အသားများက အစိတ်အပိုင်းတစ်ခုချင်းစီကို ချိတ်ဆက်ပေးထားသည်။
ယဇ်ပလ္လင်ကြီးက ယဇ်ပလ္လင်ကြီးအတိုင်း ရှိနေသေးသော်လည်း ၎င်း၏အတွင်းထဲတွင် တုနှိုင်းမဲ့ပြိုင်ဘက်ကင်းလောက်အောင် ရှုပ်ထွေးသော ယန္တရားစက်သွားမျိုး ရှိနေ၏။
ထောင်ချီသော ကောင်းကင်နတ်သိုင်းပညာရှင်များနှင့် နတ်ဘုရားများက ယဇ်ပလ္လင်ကြီးကို လှည့်ပတ်ကြည့်ရှုရင်း တလေးတစား စုပ်သပ်နေကြသည်။ ချင်မူနှင့် ကျားနတ်မင်းက သတ္ထုထည်ကြီးတစ်ခုတွင် ကိန်းဝပ်နေနိုင်သော အလှတရားကို သူတို့အား ပြသခဲ့ချေပြီ။
သတ္ထုအပိုင်းအစများနှင့် သင်္ကေတအမှတ်အသားများမှ မညီညာသော အရိပ်များ ကျနေပြီး ထူးဆန်းသောအလှတစ်မျိုးကို ဖော်ကျူးပြသနေ၏။
ချင်မူနှင့် ကျားနတ်မင်းက နောက်ဆုံးအစိတ်အပိုင်းတစ်ခုကို တပ်ဆင်ပြီး မဟာမြို့ပျက်ထဲရှိ ယဇ်ပလ္လင်ကြီးဆီသို့ ချိန်ညှိလိုက်သည်။ လူတစ်ယောက်နှင့် ကျားတစ်ကောင် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ စိတ်လှုပ်ရှားနေကြသည်။
“အဆင်သင့်ပဲလား”
ကျားနတ်မင်းက မျက်ခုံးများပင့်လိုက်၏။ “သင်္ကေတအမှတ်အသားတွေကို အသက်သွင်းဖို့ အဆင့်သင့်ပဲ”
ချင်မူအလေးအနက် ခေါင်းညိတ်လိုက်သည့်အခါ ကျားနတ်မင်းက သင်္ကေတအမှတ်အသားများကို အသက်သွင်းလိုက်ပြီး စွမ်းအင်အလင်းတန်းတစ်တန်း ဖြာထွက်လာသည်။ အလင်းတန်းက သင်္ကေတများကို လင်းထိန်လာစေ၏။ ထို့နောက် နှစ်တန်း ကွဲထွက်သွားပြီး စီးဆင်းနေသော ရေအလျဉ်ပမာ သင်္ကေတအမှတ်အသားများတစ်လျှောက် ဖြာစီးသွားတော့သည်။
အလင်းတန်း ယဇ်ပလ္လင်၏အတွင်းထဲသို့ စီးဝင်သွားသည်နှင့် ဝှမ်ခနဲ မြည်သံထွက်လာပြီး အလင်းတန်းများက လှေကားထစ်အားလုံးမှ စိမ့်ထွက်လာကာ ယဇ်ပလ္လင်တစ်ဆူလုံး လင်းထိန်လာ၏။
ထို့နောက် အလင်းရောင်က အောက်ခြေသို့ ဖြာဆင်းပြီး စုစည်းသွားသည်။
ထွမ်
ပြင်းပြင်းထန်ထန် တုန်ခါသွားသံနှင့်အတူ ယဇ်ပလ္လင်၏ လှေကားထစ်အားလုံး ကောင်းကင်ထက်ဆီ မြောက်တက်သွားသည်။ အထစ်များက အလွှာကိုးရာကျော် ခွဲထွက်သွားပြီး မတူညီသောလားရာဘက်သို့ လှည့်ကာ လည်နေကြသည်။ တစ်ချက်လည်လိုက်တိုင်း အလွှာများပေါ်ရှိ သင်္ကေတအမှတ်အသားများက တစ်ခုနှင့်တစ်ခု ချိတ်ဆက်သွား၏။ လုပ်ငန်းစဉ်ကား ပြိုင်ဘက်ကင်းလောက်အောင် အနုစိတ်ပေသည်။
ချင်မူနှင့် ကျားနတ်မင်းက စိတ်လှုပ်ရှားမှုအပြည့်ဖြင့် လှေကားထစ်တစ်ထစ်ပေါ်၌ ရပ်နေသည်။ အောက်ရှိ ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ ကောင်းကင်နတ်သိုင်းပညာရှင်များနှင့် ကောင်းကင်ယံ၌ မတ်တပ်ရပ်နေသော နတ်ဘုရားများလည်း စိတ်လှုပ်ရှားလာကြ၏။
ဧရာမသတ္ထုထည်ကြီး အသက်ဝင်လာသော မြင်ကွင်းကား ကြီးကျယ်ခမ်းနားလှပေသည်။
ယဇ်ပလ္လင်ကြီးက လည်လာသည်။ လေးပတ်လည်ပြီးတိုင်း စွမ်းအင်လှိုင်းများ ဖြာထွက်လာ၏။ လက်နက်များထဲ၌ ကိန်းဝပ်နေသော မိစ္ဆာနတ်ဆိုးချီနှင့် မိစ္ဆာသဘာဝတို့ အသက်ဝင်လာနေခြင်းဖြစ်သည်။
ချင်မူနှင့် ကျားနတ်မင်း၏ စေ့စေ့စပ်စပ် တွက်ချက်မှုများအရ ခါးသိမ်ပြီး အဝနှစ်ဖက်တွင် ပြန့်ကားသွားသော တံတားတစ်စင်းကို တည်ဆောက်၍ ကမ္ဘာနှစ်ခုကြားရှိ အတားအဆီးအား ထိုးဖောက်လိုက်လျှင် ကမ္ဘာနှစ်ခု၏ စွမ်းအင်က ကိန်းသေဖြစ်သွားပြီး တံတားကား အလွယ်တကူ ကျိုးပျက်တော့မည်မဟုတ်ပေ။ ကမ္ဘာနှစ်ခု ဆယ်သွယ်သွားသော အခိုက်အတန့်တွင် မိစ္ဆာလက်နက်များအတွင်းရှိ မိစ္ဆာနတ်ဆိုးချီနှင့် မိစ္ဆာသဘာဝအားလုံး ကုန်ခမ်းသွားလိမ့်မည်။
ယဇ်ပလ္လင်၏ အလွှာများက မရပ်မနား လည်နေသည်။ လုံလောက်သော စွမ်းအင်ပမာဏကို စုစည်းပြီးသည့်အခါ အနက်ရောင်အလင်းတန်းတစ်တန်းက ကောင်းကင်ယံသို့ ထိုးတက်သွား၏။ အနှိုင်းမဲ့စွမ်းအားက ထစ်ချုန်းမြည်ဟည်းလာပြီး တစ်ကမ္ဘာလုံး တုန်ခါလာသည်။
ထောင်သောင်းချီသော ကောင်းကင်နတ်သိုင်းပညာရှင်များ၊ နတ်ဘုရားများ၊ ချင်မူနှင့် ကျားနတ်မင်းတို့အားလုံး ကောင်းကင်ယံသို့ မော့ကြည့်ရင်း ပြုံးနေကြသည်။ ရုတ်တရက် သူတို့၏အပြုံးများ တောင့်တင်းသွား၏။
အနက်ရောင်အလင်းတန်းကြီးက နေတစ်ခြမ်းကို ရက်ရက်စက်စက် တိုက်ချသွား၏။ အရုပ်ဆိုးသော နေတစ်ခြမ်းမှာ တမုဟုတ်ချင်း အငွေ့ပျံသွားတော့သည်။
ထောင်မတ်နေခဲ့သော ကျားနတ်မင်း၏ နားရွက်နှစ်ဖက်မှာ ခေါင်းနောက်သို့ ကုပ်သွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ “သေပြီ.... ညီလေးရေ၊ ဒါ ပြဿနာရှာတာလား... မတော်တဆ ဖြစ်သွားတာလားဟေ”
ပဲ့စေ့အရွယ် ချွေးတစ်ပေါက်က ချင်မူ၏ဘယ်မျက်ခွံအပေါ် ကျပြီး ပါးတစ်လျှောက် လိမ့်ဆင်းသွားသည်။ ထို့နောက် ချွေးပေါက်များစွာ သူ့နဖူးမှ လိမ့်ဆင်းကျလာတော့သည်။
ချင်မူ ခက်ခက်ခဲခဲ ခေါင်းလှည့်၍ ကျားနတ်မင်းကို ကြည့်သည်။ ကျားခေါင်းလူငယ်လေးမှာ သူ့ထက်ပင် ပိုချွေးပြန်နေ၏။ အင်္ကျီတစ်ခုလုံး ချွေးတို့ ရွှဲရွှဲစိုနေချေသည်။
“အစ်ကိုကြီး... အောက်ကလူတွေ ဘယ်လိုအမူအရာ ဖြစ်သွားလဲ ကြည့်လိုက်ပါဦး” ချင်မူက အက်ကွဲနေသောအသံဖြင့် ခပ်တိုးတိုး ပြောလိုက်၏။
“မင်း ကြည့်လိုက်... ငါ မကြည့်ရဲဘူး... သူတို့ ငါတို့ကို ရိုက်သတ်ချင်စိတ်တွေ ပေါက်လာမှာ ကြောက်တယ်.... ငါတို့ကို တကယ်ကြီး သေအောင် ရိုက်သတ်မယ်ထင်လားဟင်”
၎
င
၎
၎