ပြုံးထား
Vol. 40 Ch. 545
‘ငါ ဖြေရှင်းနိုင်တယ် ငါ ဖြေရှင်းနိုင်တယ်’ ချင်မူ သူ့ကိုယ်သူ နှစ်သိမ့်နေပြီး သူ့မျက်နှာမှာ လင်းလိုက်၊ မှောင်လိုက်ဖြစ်နေသည်။ ‘ရွာက လူကြီးတွေ ငါ့ကို သင်ပေးထားတယ်... ပြဿနာရှာမိရင် ကိုယ်ရှာတဲ့ သေချာပေါက် ဖြေရှင်းနိုင်ရမယ်တဲ့... ငါ ဒီတစ်ခေါက်လည်း သေချာပေါက် ဖြေရှင်းနိုင်ပါတယ်....
‘ယုတ္တိကျကျ တွေးကြည့်ရအောင် .... ငါ မဖြေရှင်းနိုင်လောက်ဘူး...’
ဤတစ်ခေါက် ပြဿနာက ကြီးလွန်းသည်။
ထိုက်ဧကရာဇ်ကောင်းကင်ဘုံတွင် နေမရှိသောကြောင့် နေဖန်ဆင်းရှင်နတ်ဘုရားက ကောင်းကင်နတ်သိုင်းပညာရှင်များကို ဦးဆောင်၍ နေနှစ်ခြမ်း သွန်းလုပ်ကာ ကောင်းကင်ယံသို့ မြှောက်တင်ထားခဲ့၏။ ၎င်းက ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ လူများအတွက် ဂုဏ်ယူစရာ ဖြစ်လာခဲ့သော်လည်း သူတို့နှစ်ယောက် ဖျက်စီးမိခဲ့ချေပြီ...
ချင်မူ ထိုက်ဧကရာဇ်ကောင်းကင်ဘုံအတွက် နေအသစ်တစ်စင်း ဖန်တီးပေးရန် မတွေးမိခြင်းမဟုတ်... မလွယ်ကူ၍ဖြစ်သည်။ လုံးဝန်းနေသော စက်လုံးတစ်လုံးကို သွန်းလုပ်ရန် မခက်သော်လည်း မည်သည့်နည်းလမ်းဖြင့် နေလုံးကြီးအဖြစ် ပြောင်းလဲပေးရမည်နည်း။
နေဖန်ဆင်းရှင်နတ်ဘုရားက ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံမှ ကောင်းကင်မီးလျှံစွမ်းအားနှင့် ထိတွေ့နေသော စားဖိုမှူးတစ်ယောက် ဖြစ်သည့်အတွက် လက်ရာမသေသပ်သော်လည်း နေကို သွန်းလုပ်၍ ထွန်းညှိပေးခဲ့ကာ ထိုက်ဧကရာဇ်ကောင်းကင်ဘုံအတွက် နွေးထွေးမှုအား ဆောင်ကြဉ်းပေးခဲ့၏။
ကောင်းကင်မီးလျှံဆိုသည်မှာ လီမီးလျှံထက်ပင် အရည်အသွေးမြင့်မားသဖြင့် ရှာရခက်သည်။ နေအသစ်တစ်စင်းသွန်းလုပ်ရန် သင့်တော်သော မီးလျှံအား လိုက်ရှာရန်ကား အကြီးမားဆုံး ပြဿနာ ဖြစ်၏။
အနက်ရောင်အလင်းတန်းကြီးက နေတစ်ခြမ်းကို ဖျက်စီးပြီးနောက် ဟင်းလင်းပြင်အား ထိုးဖောက်သွားသည်။ နောက်တခဏတွင် ဟင်းလင်းပြင်အတွန့်အခေါက်များအား သာမန်မျက်စိဖြင့်ပင် မြင်လာရလေသည်။ အတွန့်အခေါက်များက လှိုင်းလုံးများသဖွယ် မို့မောက်ရွေ့လျားလျက် ဖြာထွက်လာသည်။
“နေနောက်တစ်ခြမ်း”
လှိုင်းများ ကျန်ခဲ့သည့် နေတစ်ခြမ်းဆီသို့ ဖြာဆင်းသွားသည်ကို မြင်လျှင် ကျားနတ်မင်း အသည်းအူ ကျွမ်းပြန်သွားကဲ့သို့ ထိတ်လန့်သွား၏။
ယဇ်ပလ္လင်အောက်ရှိ ကောင်းကင်နတ်သိုင်းပညာရှင်များမှာ လည်ချောင်းဝ၌ နှလုံးသားများ တစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူတို့အားလုံး လက်သီးတင်းတင်း ဆုပ်လိုက်မိကြပြီး လက်သည်းများက အသားကိုပင် ဖောက်ဝင်သွားကြသည်။
လှိုင်းဂယက်များက နေနောက်တစ်ခြမ်းဆီသို့ ဖြာထွက်သွားသည်။ ထိသွားသည့်အခါ နေမှာ ဘဲဥသဖွယ် ရှည်မျောလာသည့်တိုင်အောင် ဖိညှပ်ခံလိုက်ရ၏။ လှိုင်းဂယက်များ နေအား ကျော်ဖြတ်သွားသည့်အချိန်တွင် နေသည် ယခင်ထက် ဆယ်ဆကျော် ရှည်လျားသွားချေပြီ။
အားလုံး ကောင်းကင်ယံသို့ ရင်တထိတ်ထိတ်ဖြင့် ကြည့်နေမိကြသော်လည်း လှိုင်းဂယက်များ ပျောက်ကွယ်သွားပြီးနောက် နေမင်းကြီး မပျက်စီးဘဲ ရှိနေသေးသည်ကို မြင်လိုက်ရ၍ စိတ်သက်သာရသွားကြသည်။
ထိုအချိန်မှာပဲ နေဆီမှ အသံကျယ်ကြီး ထွက်လာကာ အစိတ်အပိုင်းကြီးတစ်ခု ပဲ့ကျလာ၏။
ပြုတ်ကျလာသော အစိတ်အပိုင်းက တောင်ကြီးသဖွယ် ကြီးမားပြီး မီးတောက်လောင်နေသော ဥက္ကာခဲကြီးသဖွယ် ကျဆင်းလာသည်။ အစိတ်အပိုင်းကြီးမှာ အငွေ့တလူလူဖြင့် အဝေးတစ်နေရာသို့ ဝုန်းခနဲ ကျသွားလေသည်။
ကောင်းကင်ယံရှိ နေမင်းကြီးမှာ အစကတည်းက မလုံးဝန်းသော်လည်း ယခုမူ မညီညာသော သွားများဖြင့် အကိုက်ခံထားရသကဲ့သို့ ပိုမိုအရုပ်ဆိုးနေတော့သည်။
“ညီလေး ငါတို့ ထွက်ပြေးကြမလား” ကျားနတ်မင်းက ခပ်တိုးတိုး မေးလာသည်။
“လူကြီးမင်းတို့ခင်ဗျား.... ကျွန်တော့်မှာ ကြေညာစရာ သတင်းကောင်းနှစ်ခု ရှိပါတယ်” ချင်မူ အင်္ကျီလက်အိုးနှစ်ဖက်ဖြင့် ရေတံခွန်သဖွယ် ကျနေသော ချွေးများကို သုတ်လိုက်သည်။ သူက ဖြောင့်မတ်တည်ကြည်ပြီး ယုံကြည်ချက်ရှိနေသည့် ပုံစံဖမ်းကာ ပတ်ဝန်းကျင်ကို ကြည့်ရင်း ကျယ်လောင်စွာ ပြောလိုက်၏။ “ပထမသတင်းကောင်းက စွမ်းအင်အကူးအပြောင်းတံတားကို ဆက်သွယ်ပြီးသွားပါပြီ
“ဒီတံတားက ထိုက်ဧကရာဇ်ကောင်းကင်ဘုံနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ဆက်သွယ်ပေးထားတာမလို့ ဒီကလူအားလုံးအတွက် ဆုတ်ခွာစရာလမ်းတစ်လမ်း ရှိလာပါပြီ.... ကျွန်တော်တို့ ကောင်းကင်နတ်ဆိုးတွေကို မခုခံနိုင်တော့ရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ ဆုတ်ခွာပြီး အသက်တွေ ကယ်တင်နိုင်ပါလိမ့်မယ်”
ယဇ်ပလ္လင်အောက်ရှိ ကောင်းကင်နတ်သိုင်းပညာရှင်များမှာ ကြောင်ကြောင်ငေးငေးအမူအရာများ ရှိနေဆဲဖြစ်ပြီး သူ့ဘက်သို့ ခဲရာခဲဆစ် လှည့်ကြည့်လာကြသည်။
ချင်မူက ပထမဆုံးသတင်းကောင်းကို ပြောပြီးနောက် အားလုံး သေချာတွေးကြည့်နိုင်အောင် တိတ်ဆိတ်စွာ စောင့်နေ၏။
ဤသည်မှာ သူ၏ကောင်းမှုကို ထုတ်ဖော်ကြွားဝါနေခြင်းပင် ဖြစ်သည်။
ထိုက်ဧကရာဇ်ကောင်းကင်ဘုံတွင် ဆုတ်ခွာစရာလမ်းတစ်လမ်းမှ မရှိခဲ့ပေ။ နတ်ဘုရားများနှင့် ကောင်းကင်နတ်သိုင်းပညာရှင်များ ရှုံးနိမ့်သွားလျှင် လူသားအားလုံး ကောင်းကင်နတ်ဆိုးများ၏ အစား, ခံရလိမ့်မည်။ သို့သော် ယခုတွင် ချင်မူက စွမ်းအင်အကူးအပြောင်းတံတားကို တည်ဆောက်ပေးလိုက်ပြီဖြစ်သည့်အတွက် ထိုက်ဧကရာဇ်ကောင်းကင်ဘုံရှိ လူတိုင်းအနေဖြင့် မျိုးနွယ်၏အမွေကို ထိန်းသိမ်းရန် ဆုတ်ခွာစရာလမ်းတစ်လမ်း ရှိသွားချေပြီ။
ဤကောင်းမှုက မည်မျှကြီးမားလှသနည်း။
ယင်းသို့ ကြီးမားလှသောကြောင့်သာ ချင်မူ ထုတ်ဖော်ကြွားဝါရန် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။ ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ နတ်ဘုရားများနှင့် ကောင်းကင်နတ်သိုင်းပညာရှင်များအနေဖြင့် အမျက်တချောင်းချောင်း ထွက်နေလျှင်တောင်မှ သူနှင့် ကျားနတ်မင်းအား သေအောင် ရိုက်သတ်နိုင်တော့မည်မဟုတ်ပေ။
ပန်ယုသည် အစစ်အမှန်နတ်ဘုရားမဟုတ်ပါ၏လော... ထို့ကြောင့် ပထမဆုံး စိတ်နှင့်ကိုယ်ပြန်ကပ်သွားသူ ဖြစ်သည်။ သူက ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။ “မိတ်ဆွေလေးချင်နဲ့ နောင်တော်ကျားက ကျုပ်တို့ ထိုက်ဧကရာဇ်ကောင်းကင်ဘုံသားတွေ ဆုတ်ခွာနိုင်အောင် စွမ်းအင်အကူးအပြောင်းတံတား တည်ဆောက်ပြီး လမ်းဖွင့်ပေးခဲ့တယ်.... ဒါဟာ အင်မတန် ကြီးမားတဲ့ ကောင်းမှုပါပဲ”
နတ်ဘုရားစန်းယဲ့နှင့် ကျန်နတ်ဘုရားများလည်း ခေါင်းညိတ်ကြသည်။ ဤကောင်းမှုက အမှန်တကယ် ကြီးမား၏။
ကမ္ဘာနှစ်ခုကို ဆယ်သွယ်၍ လွတ်လမ်းတစ်လမ်း ဖွင့်ပေးနိုင်ခဲ့သည်သာမက ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကောင်းကင်နတ်သိုင်းပညာရှင်များလည်း ထိုက်ဧကရာဇ်ကောင်းကင်ဘုံ ကြာကြာတောင့်ခံနိုင်အောင် လာရောက်တပ်ကူပေးနိုင်မည်။
ထိုအချိန်တွင် ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက်က အထစ်ထစ်အငေါ့ငေါ့ ပြောလာသည်။ “ဒါ.. ဒါပေမဲ့ .... ကောင်းကင်က နေတွေ....”
ချင်မူ့မျက်နှာက တမုဟုတ်ချင်း တောက်ပသွားပြီး တဟားဟား ရယ်လိုက်၏။ “အဲဒါက ကျွန်တော် ပြောချင်တဲ့ သတင်းကောင်းနောက်တစ်ခုပေါ့ဗျ.... တကယ် ပျော်စရာ သတင်းကောင်းဗျ” သူ့အသံက နားကန်းလုအောင် ကျယ်လှသည်။ “အားလုံး... အရင်နေနှစ်ခြမ်းက အိုမင်းပြီး ပျက်စီးနေပြီ.... ဒါပေမဲ့ အခု ကျွန်တော်တို့ နေအသစ်နဲ့ လဲလှယ်နိုင်တော့မယ်.... လုံးဝန်းပြီး အပြစ်အနာအဆာမရှိတဲ့ နေလုံးကြီးနဲ့ လဲနိုင်တော့မယ်”
အပ်ကျသံမကြားအောင် တိတ်ဆိတ်သွားသည်။
ရုတ်တရက် စန်းဟွာမှာ စိတ်လှုပ်ရှားလာပြီး လက်နှစ်ဖက်လုံး မြှောက်ကာ အော်ဟစ်လိုက်၏။ “ရေးးးး”
သူမအော်သံက စစချင်း နားထဲ စူးသွားသော်လည်း တိုး၍တိုး၍ သွားသည်။ နောက်ဆုံးတော့ ကျစ်ဆံမြီးနှင့် မိန်းကလေးမှာ အခြေအနေကို သဘောပေါက်သွား၍ အရှက်ပြေချောင်းဟန့်လိုက်၏။ သူမ စကားထပ်မပြောရဲတော့ပေ။
“စကားမပြောနဲ့” အစစ်အမှန်နတ်ဘုရားပန်ယုက တောင့်တောင့်ကြီး ပြုံးလျက် ကျန်နတ်ဘုရားများအား ခပ်တိုးတိုး ပြောနေသည်။ “ပြုံးထား ဟန်မပျက်စေနဲ့ ... သတ်ဖြတ်လိုစိတ်တွေ ထွက်မသွားစေနဲ့... သူတို့က ကောင်းကင်ဆရာသခင်ရဲ့ တပည့်တွေ... ငါတို့ သူ့မျက်နှာ ထောက်ထားရမယ်”
“သူတို့ တကယ်ပဲ နေအသစ် ဖန်တီးပေးမှာလား” နတ်ဘုရားတစ်ပါးက တောင့်တောင့်ကြီး ပြုံးလျက် ခပ်တိုးတိုး မေးလိုက်သည်။
“မသိဘူး” နတ်ဘုရားပန်ယုက တောင့်တောင့်ကြီး ပြုံးလျက် ပြော၏။ “မဖန်တီးပေးလို့ကတော့ ထိုက်ဧကရာဇ်ကောင်းကင်ဘုံကနေ ထွက်သွားခွင့်မပေးဘူး... ဒါပေမဲ့ သူတို့ပုံစံက ယုံကြည်ချက်အပြည့် ရှိနေတဲ့ ပုံစံဆိုတော့ လုပ်ပေးနိုင်လောက်မှာပါ”
ချင်မူမှာ ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ ကြောင်ကြောင်ငေးငေး ဖြစ်နေသော ကောင်းကင်နတ်သိုင်းပညာရှင်များနှင့် တောင့်တောင်ကြီး ပြုံးနေကြသည့် နတ်ဘုရားများကို ကြည့်ကာ ချွေးပြန်လာသည်။ သူ့ချွေးများက ဆည်ကျိုး၍ တဝေါဝေါ စီးဆင်းလာသော ရေများအလား တဖြိုက်ဖြိုက် ကျနေ၏။
“ညီလေး.. သူတို့ကြည့်ရတာ သိပ်ပျော်ပုံမရဘူး... ငါတို့ နေလုံးကြီးထွန်းဖို့ ကောင်းကင်မီးလျှံတွေ ဘယ်လိုဖန်တီးရမှန်း မသိသေးတာကို ရိပ်မိသွားကြတာများလား” ကျားနတ်မင်းက ခပ်တိုးတိုး ကပ်မေး၏။
“တော် တန် တိတ်... အစ်ကိုကြီး” ချင်မူက တောင့်တောင့်ကြီး ပြုံးလျက် သွားကြားထဲမှ ထွက်လာသောလေသံဖြင့် ပြောလိုက်သည်။ “ပြုံးထား... ကျွန်တော်တို့ နေကို ဖန်တီးပေးနိုင်တဲ့အတိုင်း ဟန်ဆောင်နေ”
ကျားနတ်မင်းလည်း သူပြောသည့်အတိုင်း တောင့်တောင့်ကြီး ပြုံးနေရင်း သွားကြားထဲမှ ထွက်လာသောလေသံဖြင့် ပြောသည်။ “ဒါ ငါတို့ စွမ်းအင်အကူးအပြောင်းတံတားကို ပထမဆုံးအကြိမ် အသက်သွင်းတာဆိုတော့ မဟာမြို့ပျက်ထဲက ယဇ်ပလ္လင်နဲ့ တကယ် ဆက်သွားရဲ့လား မသိသေးဘူးနော်... မအောင်မြင်ရင် သူတို့ ငါတို့ကို သေအောင် ရိုက်သတ်လောက်လား”
“တော် တန် တိတ်... အစ်ကိုကြီး” ချင်မူ ဆက်မပြုံးနိုင်လုနီးပါး ဖြစ်သွားသည်။ “အခု စွမ်းအင်အကူးအပြောင်းတံတားကို ဆောက်ပြီးပြီဆိုတော့ ဒီကနေ မဟာမြို့ပျက်ဆီ ဝင်နိုင်ပြီလား”
“ငါတို့ တံတားကို ဖြတ်သွားနေတဲ့အချိန် တစ်ခုခု မှားသွားရင် တစစီဖြစ်အောင် ကြိတ်ခြေခံလိုက်ရပြီး ဟိုဖက်ရောက်ရင် ငါးဖယ်လုံး ဖြစ်သွားလိမ့်မယ်” ကျားနတ်မင်းက တိုးတိုးပြောသည်။
အေးစိမ့်နေသော လေတစ်ချက်က တိတ်ဆိတ်နေသည့် ပတ်ဝန်းကျင်တွင် တိုက်ခတ်သွား၏။
...
မဟာမြို့ပျက်တွင် မှောင်ရီပျိုးနေချေပြီ။
ကျောက်ဘီလူးကြီးများက ဧရာမကျောက်တူကြီးကို မြှောက်လျက် မြေညီအောင် ထုရိုက်ရင်း တောအုပ်တစ်အုပ်အား ဖြတ်လျှောက်လာကြသည်။ လမ်းတစ်လျှောက်တွင် သစ်ပင်ကြီးများက အလိုအလျောက် ထလာပြီး လူသားများသဖွယ် လျှောက်ရင်း လမ်းဖယ်ပေးကြသည်။ ထို့နောက် လမ်း၏တစ်ဖက်စီတွင် စီတန်းနေရာယူလိုက်ကြ၏။
ကျောက်ဘီလူးကြီးများ လမ်းရှင်းပြီးသည့်အခါ အမျိုးသမီးထောင်ချီက လမ်းပေါ်မှ ဖြတ်သွားသည်။ သူတို့က အရောင်အသွေးစုံလင်သော အဝတ်အစားမျိုးစုံ ဝတ်ဆင်ထားရာ ပန်းပွင့်လေးများသဖွယ် လှပနေ၏။ လေးထောင့်ကျကျ ကျောက်ပြားများက ကောင်းကင်ယံ၌ လွင့်မျောလျက် သူတို့ခြေထောက်အောက်သို့ အလိုအလျောက် ရောက်လာကြသည်။
သူတို့အနောက်တွင် သစ်ပင်လူကြီးများက သစ်သားတူကြီးများဖြင့် ကျောက်ပြားများ နေရာကျအောင် ထုရိုက်ရင်း ညီညာအောင် ညှိနေကြသည်။
သစ်ပင်လူကြီးများ၏အနောက်၌ စက်မှုစံအိမ်သခင်က ကောင်းကင်နတ်သိုင်းပညာရှင်များစွာကို ဦးဆောင်၍ သင်္ကေတအမှတ်အသားများ ရေးဆွဲနေသည်။ ကျောက်ပြားတစ်ချပ်စီတိုင်းတွင် အကြမ်းခံကာ ခိုင်ခံ့စေမည့် သင်္ကေတအမှတ်အသားများ ရှိကြ၏။ ရထားလုံးများနှင့် ဧရာမသားရဲကြီးများ နင်းသွားလျှင်ပင် လမ်းကား ပျက်စီးလိမ့်မည်မဟုတ်ပေ။
ကျောက်ပြားများဖြင့် လမ်းခင်းခြင်းက ရေရှည်တွင် ပြုပြင်ရလွယ်ကူ၏။ ကျိုးပဲ့သွားသော အချပ်ကို ဖယ်၍ အသစ်တစ်ချပ်ဖြင့် အစားထိုးလိုက်ရုံသာ ဖြစ်သည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံနှင့် ရှုန်းရှီယွီက ဘေးချင်းယှဉ်လျက် လမ်းလျှောက်နေကြပြီး ကျောက်ရုပ်တုများကို ရှာဖွေရင်း လမ်းဘေးသို့ ရွှေ့နေကြ၏။ ရွာများကို ရှာတွေ့အခါ လမ်းအနီးသို့ ရွှေ့ခိုင်းကြသည်။ ထိုရွာများကား နောက်တစ်ချိန်တွင် မြို့များ ဖြစ်လာလိမ့်မည်။
သူတို့နှစ်ယောက်လုံး ကျောက်ရုပ်တုတစ်ရုပ်အား မရွှေ့ခင် အမွှေးတိုင်ဖြင့် ပူဇော်၏။ ချင်မူကိုယ်တိုင် အလေးအနက် မှာလိုက်သော စကားဖြစ်ပြီး အချိန်ပေးရသောကြောင့် လမ်းဖောက်နှုန်းမှာ ခန့်မှန်းထားသည်ထက် အတန်ငယ် နှေးနေသည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံနှင့် အစစ်အမှန်ကောင်းကင်နန်းတော်သခင်မ ရှုန်းရှီယွီမှာ အတော်လေး အလုပ်များခဲ့၏။ ယခုတွင် မဟာမြို့ပျက်အတွင်းအထိ လမ်းပေါက်သွားပြီဖြစ်၍ နောက်လအတွင်း နယ်စပ်နဂါးမြို့ဆီသို့ ရောက်ပေတော့မည်။ ထိုအခါ ထာဝရငြိမ်းချမ်းရေးအင်ပါယာနှင့် နီးသွားပြီဖြစ်သည်။
ချင်မူက အနောက်ကမ္ဘာမြေရှိ လူများစွာကို သိထားပြီး အာဏာပိုင်မိသားစုများဖြင့် ရင်းနှီးထားသည်။ အလယ်ကမ္ဘာအထိ လမ်းဖောက်လုပ်ခြင်းက လုပ်ငန်းစဉ်ကြီးတစ်ရပ် ဖြစ်ပါသော်လည်း အာဏာပိုင်မိသားစုအားလုံး ထောက်ခံကြသည့်အပြင် ကောင်းကင်နတ်သိုင်းပညာရှင်များစွာ စေလွှတ်ကာ အကူအညီပေးခဲ့၏။
“အနားယူကြစို့” ဧကရာဇ်အတိုင်ပင်ခံက ကောင်းကင်သို့ တစ်ချက်မော့ကြည့်ကာ ကျယ်လောင်စွာ ပြောလိုက်သည်။ “အမှောင်ထု ရောက်လာတော့မယ်... ကျောက်ရုပ်တုတွေဆီ မြန်မြန်သွားကြ... ညအမှောင်ထဲ လျှောက်မသွားကြနဲ့”
အားလုံး ပြောသည့်အတိုင် အလျင်အမြန် လုပ်လိုက်ကြပြီး ထမင်းဟင်းချက်ရန် မီးမွှေးကြသည်။ အနောက်ကမ္ဘာမြေ၏ မိန်းကလေးများက ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ယောက်ျားသားများအကြောင်း စိတ်လှုပ်ရှားစွာ ပြောနေကြ၏။ သူတို့က စက်မှုစံအိမ်၏ ကောင်းကင်နတ်သိုင်းပညာရှင်များကို တစ်ချက်တစ်ချက် လှမ်းကြည့်ကာ တခစ်ခစ် ရယ်တတ်ကြသည်။ ကောင်းကင်နတ်သိုင်းပညာရှင်များမှာတော့ ရှက်နေကြ၍ စကားမပြောရဲကြပေ။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက တောင်စွယ်တွင် မေးတင်နေသော နေလုံးကြီးကို ကြည့်နေသည်။ ချင်မူက တာဝန်ဝတ္တရားအားလုံး သူ့အပေါ် ပစ်ချပေးပြီး ထွက်သွားသော်လည်း ဧကရာဇ်အတိုင်ပင်ခံ မညည်းညူမိပေ။
အနောက်ကမ္ဘာမြေကို သိမ်းပိုက်စဉ်တုန်းကလည်း သူ ချင်မူ့ဆီသို့ တာဝန်အားလုံး ပေးအပ်ခဲ့ပြီး လူငယ်လေးက ကောင်းမွန်စွာ စွမ်းဆောင်ပြနိုင်ခဲ့သည်မဟုတ်ပါ၏လော။
ထိုအခိုက်အတန့်တွင် အနက်ရောင်အလင်းတန်းတစ်တန်း ကောင်းကင်ထက်မှ ကျဆင်းလာသည်။ ၎င်းက လေပွေကဲ့သို့ တဝှီးဝှီး လည်ရင်း မြေကြီးအား ထိမှန်သွား၏။
ဧကရာဇ်အတိုင်ပင်ခံ အမူအရာအနည်းငယ် ပြောင်းလဲသွားပြီး အနက်ရောင်အလင်း ထိမှန်သွားသော နေရာဆီသို့ လှမ်းကြည့်လိုက်သည်။
ဘုန်း
မြေပြင်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါလာသည်။ တုန်ခါလှိုင်းများက သူတို့ခြေထောက်အောက်သို့ပင် ရောက်လာကာ မြေကြီးအောက်ထဲမှ ကြောက်မက်ဖွယ်ရာ မကောင်းဆိုးဝါးကြီးတစ်ကောင် ရုန်းထွက်လာတော့မည့်အလား ရှိနေ၏။
“ဧကရာဇ်အတိုင်ပင်ခံ” စက်မှုစံအိမ်သခင်၏ မျက်လုံးများမှ အလင်းတန်းနှစ်တန်း ထွက်လာကာ ထူးဆန်းစွာ ပြောင်းလဲနေသည့်နေရာဆီသို့ ကြည့်လိုက်သည်။ သူ့အမူအရာ အကြီးအကျယ် ပြောင်းလဲသွားပြီး ကျယ်လောင်စွာ အော်လိုက်၏။ “မိုးလေဝသအခြေအနေမှာ ပြောင်းလဲမှုအကြီးကြီး ဖြစ်သွားတယ်... မြေကြီးက တောင်တွေလို မြောက်တက်လာနေပြီ... ဒါ မိစ္ဆာနတ်ဆိုးတစ်ကောင်ရဲ့ လုပ်ရပ် ဖြစ်လောက်တယ်”
ဧကရာဇ်အတိုင်ပင်ခံက ထပြီး အလေးအနက် ပြောလိုက်၏။ “မင်းတို့တွေ ဒီမှာ နေခဲ့... ငါ သွားကြည့်လိုက်ဦးမယ်”
အမှောင်ထုက စိုးမိုးနေသော်လည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက အမှောင်ထုကို ဖြတ်လျှောက်ပြီး အနက်ရောင်အလင်းတန်း ကျသွားသောနေရာဆီသို့ ရောက်လာသည်။ အနက်ရောင်အလင်းတန်း စွမ်းအင်ကုန်ခမ်းသွားသည့်အခါ အပြာရောင်အလင်းတန်းတစ်တန်းက မြေကြီးအောက် ထွက်လာကာ ဟင်းလင်းပြင်ကို ထိုးဖောက်သွား၏။
အပြာရောင်အလင်းတန်းမှ ထုတ်လွှတ်ပေးလိုက်သည်မှာ တောင်တစ်လုံးသဖွယ် ကြီးမားလှသော ဧရာမယဇ်ပလ္လင်ကြီးတစ်ဆူ ဖြစ်သည်။ ဤအခိုက်အတန့်တွင် ၎င်းအပေါ်ရှိ သင်္ကေတအမှတ်အသားတစ်ခုပြီးတစ်ခု လင်းလက်လာသည်။
ဧကရာဇ်အတိုင်ပင်ခံမှာ ဆိုင်းမဆင့်ဗုံမဆင့် မြောက်တက်လာခဲ့သည့် ယဇ်ပလ္လင်ကြီးကို စစ်ဆေးကြည့်ရင်း တစ်ယောက်တည်း တတွတ်တွတ် ရေရွတ်ပြီးနောက် ယဇ်ပလ္လင်အပေါ် တက်ကာ အပြာရောင်အလင်းတန်းထဲ ဝင်လိုက်သည်။
ထိုက်ဧကရာဇ်ကောင်းကင်ဘုံတွင် ချင်မူနှင့် ကျားနတ်မင်းမှာ သွားဖြဲပြုံးနေရ၍ သွားများပင် အအေးပတ်လုမတတ် ဖြစ်နေကြသည်။ ကောင်းကင်ယံရှိ အစစ်အမှန်နတ်ဘုရားပန်ယု၊ နတ်ဘုရားစန်းယဲ့နှင့် ကျန်နတ်ဘုရားများလည်း တောင့်တောင့်ကြီး ပြုံးနေကြ၏။ အားလုံး အချိန်တစ်ခုကြာသည်အထိ တောင့်တင်းတိတ်ဆိတ်နေကြသည်။
ထိုအချိန်မှာပဲ ယဇ်ပလ္လင်၏အလယ်ရှိ အလင်းတန်းထဲမှ သက်လတ်ပိုင်းအရွယ် ပိန်ပိန်းပါးပါးလူတစ်ယောက် လမ်းလျှောက်ထွက်လာသည်။ သူက ပတ်ဝန်းကျင်ကို အူတူတူ ငေးကြောင်ကြောင် ကြည့်နေပြီးနောက် ချင်မူ့ကို လှမ်းမြင်သွား၏။
“ဂိုဏ်းသခင်ချင်ပဲကိုး... ဆိုစမ်းပါဦး ဒီတစ်ခေါက် ဘယ်လိုအံ့ဩစရာတွေ လုပ်လိုက်ပြန်တာလဲ.... ဒါက ဘယ်နေရာတုန်း”