သံအနှစ်သာရ၊ စိတ်ဝိညာဉ်ဆေးပင်များ
Vol. 17 Ch. 225
အခြေအနေက ထိန်းချုပ်မှုကနေ လွတ်မတတ် ဖြစ်သည်ကို မြင်သည့်အခါ ပိန်ရှည်ရှည်လူက ရုပ်သေးသားရဲတစ်စုံကို အလျင်အမြန် ပြန်ယူကာ သူ၏ သိုလှောင်အိတ်ထဲသို့ ထည့်လိုက်သည်။
ထိုအခါ ရှည်မြောမြောသတ္တုအရာဝတ္ထုတစ်ခုကို ထုတ်ယူခဲ့သော လူထွားကျင့်ကြံသူသည် လေလံပွဲမှ ပစ္စည်းကို အတင်းအကြပ် မောင်ပိုင်းစီးရန် ကြိုးစားလာသည်ကို မြင်သည့်အခါ ပိန်ရှည်ရှည်လူက မျက်လုံးကစား၍ အားမနာတမ်း ပြောချသည်။
“လူတိုင်းပဲ… ကျေးဇူးပြုပြီး တည်ငြိမ်ပေးပါ။ ခင်ဗျားရဲ့ ပစ္စည်းအမယ်ဟာ ဘယ်လောက်တန်လဲ ကျုပ်တို့ အကဲဖြတ်ပေးမယ်။ ဒါပေမဲ့ အခုတော့ ခင်ဗျား ကိုယ့်နေရာကိုယ် ပြန်သွားထိုင်တာ ပိုကောင်းလိမ့်မယ်။ မဟုတ်ရင် ဒီဆိုင်ခန်းက ခင်ဗျားဟာ ရည်ရွယ်ချက်ရှိရှိ ပြဿနာလာရှာတယ်လို့ ယူဆရလိမ့်မယ်။ ကျုပ်တို့က နောက်ထပ် ယဉ်ကျေးနေမှာ မဟုတ်တော့ဘူး…”
ထိုပိန်ရှည်ရှည်လူ၏ ချိန်းခြောက်သံပါသော စကားများကို ကြားရသည့်အခါ လူထွားသည် အလွန် ဒေါသထွက်သွား၏။
သူ၏ဂိုဏ်း၌ သူသည် အဆင့်အတန်းမြင့်သူ တစ်ယောက် ဖြစ်သူပင်။ သူ စိတ်အနှောက်အယှက် ဖြစ်နေပါက လူပေါင်းထောင်ချီက သူ၏ ကြိမ်းမောင်းသံကို နားစွန့်နေရမည် ဖြစ်၏။ သူက ချက်ခြင်း လက်သီးစုပ်ကာ ဒေါသပေါက်ကွဲရန် ဟန်ပြင်သည်။
သို့သော် ခေါင်းစွပ်မျက်နှာဖုံးနှင့် ထူးခြားသော ပုံရိပ်တစ်ခုကို သူ လှမ်းကြည့်မိသည့်အခါ တဖက်သူက သူ့ကို ရုပ်တုတစ်ခုကဲ့သို့ စောင့်ကြည့်နေသည်ကို တွေ့ရ၏။ ထိုအခါ လူထွား၏ စိတ်နှလုံးမှာ တုန်ယင်သွား၏။ သူက သူ့စိတ်ထဲရှိ ဒေါသကို အတင်းအကြပ် ထိန်းချုပ်ကာ ရုတ်ချည်း နောက်လှည့်၍ သူ့ထိုင်ခုံထံ သူ ပြန်သွားတော့သည်။
ပွဲကောင်း ကြည့်ရတော့မည့်ဟု ထင်နေသော တချို့ကျင့်ကြံသူများ စိတ်ပျက်သွားကြ၏။
ရုပ်သေးသားရဲများအတွက် လေလံပွဲက ဆက်လက် ကျင်းပနေသည်။ သို့ပေမည့် ထိုလူထွားက သူ၏ ပစ္စည်းအမယ်ကို စန္ဒကူးသစ်သားထိုင်ခုံများပေါ်တွင် ထိုင်နေသော သုံးယောက်ထံ လှမ်းပေးထားခဲ့ပြီး ဖြစ်၏။ ခုချိန်၌ ထိုသူများက သည်ပစ္စည်းအမယ်အကြောင်း လေသံတိုးတိုးဖြင့် ဆွေးနွေးနေသည်။ သူတို့က မျက်နှာဖုံးများ တပ်ထားသဖြင့် သူတို့၏ အမူဟန်ပန်ကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း သူတို့၏ လေးနက်သည့် အနေအထားကို အောက်ဘက်မှ ကျင့်ကြံသူအားလုံးက မြင်သည်။
လက်ဝါးအရွယ်အစားခန့် ရှိသော သံနက်အပိုင်းတစ်ခုကို ထိုသုံးယောက်က အခါခါ အလီလီ ကြည့်ရှုနေ၏။ ထို့နောက်တွင် သူတို့သည် နောက်ဆုံး၌ ဆုံးဖြတ်ချက် ချကာ သုံးယောက်ထိုင်နေသည့်အထဲ အလယ်မှ ဝတ်ရုံနက်နှင့်တစ်ယောက်က ထရပ်ပြီး ကျယ်လောင်စွာ ကြေငြာသည်။
“အဆင့်မြင့် အရည်အသွေးရှိတဲ့ သံအနှစ်သာရ အစိတ်အပိုင်း၊ ဒါဟာ စိတ်ဝိညာဉ်ကျောက်တုံး နှစ်ထောင် တန်တယ်…”
ထိုသူက နောက်ထပ် စကားတခွန်းမှ ထပ်မဆို၊ သူ့ခုံပေါ်သူ ပြန်ထိုင်၏။
“သံအနှစ်သာရလား…”
ဤစကားကို ကြားသော ကျင့်ကြံသူများသည် တုန်လှုပ်ကုန်၏။ နောက်ထပ် လေလံဈေးပေးရန် ဟန်ပြင်နေသော တစ်ယောက်မှာ ချက်ခြင်း သူ့ပါးစပ်ကို တင်းတင်း ပိတ်လိုက်တော့သည်။
လူတိုင်းက အံ့ဩတုန်လှုပ်စွာ တွေးမိကုန်၏။ ထိုလူထွားမှာ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်လား။ မဟုတ်ပါက သူသည် ဒီသံအနှစ်သာရကို မည်သည့်နေရာက ရလာခဲ့သနည်း။
ယင်းမှာ အမြုတေဖွဲ့စည်းခြင်းကျွမ်းကျင်သူများ၏ ဒျန်မီးနှင့်သာ သန့်စင်နိုင်သော မှော်သတ္တုအမယ် ဖြစ်၏။ ပုံမှန်အားဖြင့် ထိုအဆင့် ကျင့်ကြံသူများသည် သူတို့၏ ကိုယ်ပိုင် မှော်ရတနာများ၏ ခွန်အားကို ပိုတိုးတက်စေရန် ဤကဲ့သို့ အမယ်ပစ္စည်းကို ထည့်ပေါင်း သန့်စင်တတ်၏။ သူတို့က ဤသို့သော အမယ်ပစ္စည်းမျိုးကို အလွယ်တကူ ထုတ်ပြလေ့ မရှိပေ။
သံအနှစ်သာရ မှော်ရတနာ၏ အစိတ်အပိုင်း နည်းနည်းကို တခြားသော မှော်ပစ္စည်းတစ်ခုထဲ၌ ရောပေါင်းထည့်လျှင်ပင် ၎င်းမှော်ပစ္စည်း၏ ခွန်အားက ကြီးစွာ တိုးတက်လာနိုင်မည် ဖြစ်၏။ ထို့ကြောင့် ဤကဲ့သို့ သံအနှစ်သာရအမယ်၏ တန်ဖိုးက ကြီးမားလွန်းမည်သာ။
အစောပိုင်းတုန်းက ထိုလူထွားက အမြုတေဖွဲ့စည်းခြင်းအဆင့် အော်ရာကို ရည်ရွယ်ချက် ရှိရှိ ဖုံးကွယ်၍ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်အဖြစ် ဟန်ဆောင်နေခဲ့တာလား။
ကျင့်ကြံသူအားလုံးက သူတို့၏ စိတ်ထဲ၌ ထိတ်လန့်ကုန်၏။ သံသယအတွေး ထင်မြင်ချက်များစွာ ရှိကုန်၏။
ထိုစဉ် ပိန်ရှည်ရှည်နှင့်သူက သူ၏နောက်မှ လူသုံးယောက်၏ လမ်းညွှန်ချက်အတိုင်း ထပ်ပြောလာသည်။
“စိတ်ဝိညာဉ်ကျောက်တုံး နှစ်ထောင့်ကိုးရာထက် ပိုပေးချင်တဲ့သူ ရှိသေးလား။ မရှိရင် ဒီရုပ်သေးသားရဲဟာ အဲ့ညီအစ်ကိုတော်ရဲ့ အပိုင် ဖြစ်ပါလိမ့်မယ်…”
ပိန်ရှည်ရှည်နှင့်သူက တန်ကြေး အနည်းငယ် ထပ်မြင့်အောင် ဆွဲခေါ်ချင်သေးပုံ ပေါ်၏။ ထို့ကြောင့် သူက ရည်ရွယ်ချက်ရှိရှိ ဒီစကားများကို ပြောကာ အချိန်ပိုဖင့်အောင် လုပ်နေတာ သိသာသည်။
သို့သော် ဒီခန်းမထဲမှ မည်သည့်ကျင့်ကြံသူကများ ဈေးထပ်မြင့်ပေးဝံ့အုံးမည်နည်း။
သည်လေလံပွဲသို့ လာတတ်ရောက်နိုင်စွမ်း ရှိမှတော့ ထိုသူများသည် အပလာများ မဟုတ်ကြပေ။ သူတို့သည် ကျင့်ကြံခြင်းဂိုဏ်းမှ အရေးကြီးသော ပုံရိပ်များ ဖြစ်ချင်ဖြစ်၊ သို့မဟုတ် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်နေသူများသာ။ သို့ပေမည့် သူတို့သည် အမြုတေဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူတစ်ယောက် ဖြစ်နိုင်သည်ဟု ထင်ကြေးရှိသူနှင့် ရင်ဆိုင်ရသည့်အခါ သူတို့ထဲက မည်သူကများ ကိုယ့်ဒုက္ခကိုယ် ရှာဝံ့ပါတော့မည်နည်း။
ထို့အပြင် ထိုလူထွားက အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် မဟုတ်ခဲ့လျှင်ပင် အနည်းဆုံးတော့ သူ၏ နောက်၌ ထိုအဆင့်ကျွမ်းကျင်သူတစ်ယောက် ရှိနေမည်သာ။ ထို့ကြောင့် ရုပ်သေးသားရဲ၏ လျှို့ဝှက်ချက်များကို သိချင်စိတ် သပ်သပ်ဖြင့် မည်သူကမျှ လူထွားကျင့်ကြံသူနှင့် အတိုက်အခံ မဖြစ်ချင်တော့ပေ။
လူထွား ကျင့်ကြံသူနှင့် သူတင်ကိုယ်တင် လေလံဈေး ပေးခဲ့သော ထူးခြားသောသူမှာလည်း စကားတခွန်းမှမဆို၊ သူ၏ ထိုင်ခုံ၌သာ ငြိမ်သက်စွာ ထိုင်နေ၏။ သူသည် သံအနှစ်သာရ၏ တန်းကြေးကြောင့် ရှိန်သွားသလား၊ သို့မဟုတ် သူ့၌ လုံလောက်သော ငွေကြေး မရှိလေသလားကိုမူ မည်သူကမျှ မသိကြပါ။
သံအနှစ်သာရဟူသော စကားကို ကြားသည့်အခါ၌ ဟန်လိလည်း အင်မတန် တုန်လှုပ်သွားခဲ့၏။ သူ၏ ဆရာဖြစ်သူ ဘိုးဘေးလီက လူထူးဆန်း စီနီယာချောင်းထံ သံအနှစ်သာရ အစိတ်အပိုင်းနှစ်ခု ဆုံးရှုံးခဲ့ရသည် မဟုတ်လား။ ထိုစဉ်က သူ့ဆရာဖြစ်သူ၏ စိတ်ပျက်လက်ပျက်ဖြစ်သွားသော အမူအရာကို ဟန်လိ မြင်ခဲ့ဖူးသည်။ သို့ဖြစ်၍ ဒီပစ္စည်းအမယ်မှာ အလွန်တန်ဖိုး ထိုက်တန်မည်ဟု သူ သိခဲ့သည်။
ထိုသို့ဖြင့် ရုပ်သေးသားရဲတစ်စုံသည် လူထွား၏ လက်ထဲသို့ ကျရောက်သွားခဲ့လေပြီ။ သူက ရုပ်သေးသားရဲများကို လက်ခံရယူပြီးနောက်မှာ အလွန်စိတ်လှုပ်ရှားဟန်ဖြင့် သူ့လက်နှစ်ဖက်ပါ အနည်းငယ် တုန်ခါနေ၏။
သည်နေရာရှိ ကျင့်ကြံသူများထဲမှ အများစုက စက်ရုပ်သေးသားရဲတစ်စုံ၏ လျှို့ဝှက်ချက်ကို သိချင်နေကြသည်။
ရုပ်သေးသားရဲကို ရပြီးနောက်မှာ လူထွားက ထိုင်ခုံပေါ်ကနေ ထကာ ကျောက်တံခါးထံ လှမ်းလျှောက်လာသည်။ သို့သော် သူက တံခါးနား ရောက်လာသည့်အခါ တင်းကြပ်စွာ ပိတ်ထားသည်ကို တွေ့ရ၏။ သူက တံခါးကို အားဖြင့် နှစ်ကြိမ်တွန်းဖွင့်ကြည့်၏။ သို့သော် တံခါးက တစ်လက်မမျှ မရွှေ့ပါ။
“ဒါက ဘာအဓိပ္ပာယ်လဲ…”
“ကျုပ် ဒီပစ္စည်းကို ဝယ်ယူခဲ့ပြီး ဖြစ်တယ်။ အခုထိ ကျုပ်ကို ထွက်သွားခွင့် မပေးသေးဘူးလား…”
ထိုလူထွား၏ အသံ ဟိန်းထွက်လာ၏။ သူ၏အသံက ထူးခြားကာ ကြားရသူအဖို့ မသက်မသာ ဖြစ်စေနိုင်သည်။
“အဲ့သဘောမျိုး မဟုတ်ပါဘူး။ ခု အရောင်းအဝယ်ပွဲ ပြီးတဲ့အခါ ကျုပ်တို့က တံခါးဖွင့်ပေးပြီး ခင်ဗျားကို သွားခွင့်ပေးမှာပါ။ ဒါပေမဲ့ ကျုပ်တို့ ခုချက်ခြင်းတော့ မဖွင့်ပေးနိုင်သေးဘူး…”
ထိုသို့ ပြောလာသူမှာ ပိန်ရှည်ရှည်လူ မဟုတ်၊ ဘယ်ဘက်ခြမ်းထိုင်ခုံပေါ်တွင် ထိုင်နေသော ဝတ်ရုံနက်လူ ဖြစ်၏။
“ဘာလဲ။ ဒါက ဘာအကြောင်းရင်း ရှိလို့လဲ။ ကျုပ် ဒီကနေ ခုချက်ခြင်း ထွက်သွားချင်တယ်…” လူထွားကျင့်ကြံသူက ဒေါသထွက်လာ၏။ သူ၏အသံက ပို၍ ကျယ်လာသည်။
“စိတ်မကောင်းပါဘူး။ ဒါက ဒီဆိုင်ရဲ့ စည်းမျဉ်းပါ။ ကျုပ်တို့က တချို့မတော်တဆဖြစ်လာမှာကို ကာကွယ်ဖို့အတွက် နည်းလမ်းအချို့ အသုံးပြုရပါတယ်။ မိတ်ဆွေ…ခင်ဗျားက နည်းနည်းလေးတောင် ထပ်ပြီး မစောင့်နိုင်တော့တာ သေချာပြီလား…”
ထိုင်ခုံပေါ်တွင် ထိုင်နေသော ညာဘက်ခြမ်းမှ ဝတ်ရုံနက်နှင့်လူ၏ ကြမ်းရှရှအသံထွက်ပေါ်လာ၏။ သူ၏လေသံက အလိုမကျဟန်လေသံ ပေါက်နေသည်။
“ဟက်…။ ဒါပေါ့။ ကျုပ် ထပ်ပြီး စောင့်မယ်။ ကျုပ်က ခင်ဗျားတို့ကို ကြောက်နေတယ်လို့ ထင်နေတာလား။ ကျုပ် စိတ်ပြောင်းသွားပြီ။ နောက်ထပ် ဘာပစ္စည်းကောင်းတွေ ဆက်ရှိအုံးမလဲ ကျုပ် မြင်ချင်သွားပြီ…”
ထိုလူထွားက ဘာတွေးနေတာ မသိရပ။ သို့သော် သူက ရုတ်တရက် စိတ်ပြောင်းသွားပြီး သူ့ထိုင်ခုံထံ ပြန်လာကာ ထိုင်၏။
ထိုအခါ တခြားသူများက ဒီအဖြစ်ကို ဝိုင်းကြည့်နေပြီး တုန်လှုပ်အံ့အားသင့်နေ၏။ ထိုသူက ဘာတွေးနေသနည်း။ သူ ဒီမှာ ဆက်နေခြင်းက သူ့အတွက် ပို၍ အန္တရာယ်ရှိတာ မဟုတ်ဘူးလား။
သည်နေရာရှိ ကျင့်ကြံသူအများစုက လူထွားကျင့်ကြံသူမှာ အခြေခံတည်ဆောက်ခြင်းအဆင့်တွင်သာ ရှိသေးမှန်း တွေ့မြင်ခဲ့ကျ၏။ မဟုတ်ပါက ထိုသူသည် ဒီနေရာ၌ အတင်းအကြပ် ပြန်ရှိနေစေခြင်းကို အဘယ်သို့ ကျေနပ်ပါမည်နည်း။ သို့ပေမည့် လျှို့ဝှက်ဆိုင်၏ တာဝန်ရှိသူများက လူထွား၏ အမှန်တကယ် အနေအထားကို အစောတည်းက သိမြင်ခဲ့ကြပုံပေါ်သည်။ သူတို့က အလျှော့ပေးမည့် သဘော မရှိကြပေ။
လူထွားကျင့်ကြံသူက ထွက်မသွားတော့ပေ။ ခန်းမထဲရှိ လေလံပွဲက ဆက်၍ ကျင်းပနေ၏။ သို့သော် လူအများစု၏ စိတ်က လေလံပွဲထံ ပြန်မရောက်ကျသေးပေ။
သို့ပေမည့် လေလံပွဲက အပြီးသပ်ခါနီးလေပြီ။ အမှန်တကယ် အဖိုးတန်သော ပစ္စည်းများဖြင့် လေလံပွဲ၏ အထွတ်အထိပ်က နောက်ဆုံး၌ စတင်လာခဲ့သည်။
“ထိပ်တန်းစိတ်ဝိညာဉ်ဆေးပင်၊ နှစ်တစ်ထောင် သက်တမ်းရှိတဲ့ အဝါရောင်အနှစ်သာရမှိုပင်၊ ကျုပ် အပိုစကားတွေ မပြောတော့ဘူး။ ဒီမှာရှိတဲ့ လူတိုင်းဟာ ကျုပ်ထက် ဒီဆေးပင်ရဲ့ တန်ဖိုးကို ပို သိလိမ့်မယ်ဆိုတာ ထင်ရှားတယ်…”
ပိန်ရှည်ရှည်လူက သူ၏ စကားကို လက်စသပ်၏။ သူ၏ လက်ထဲ၌ ကျောက်စိမ်းသေတ္တာတစ်ခု ပေါ်လာသည်။
ထို့နောက်တွင် သူက ကျင့်ကြံသူများအား တချက်ဝေ့ကြည့်၏။ လူတိုင်း၏ အာရုံက နှစ်တစ်ထောင်သက်တမ်းရှိသော ဒီဆေးပင်အပေါ် ပြန်လည် ကျရောက်နေသည်ကို မြင်သည့်အခါ သူက ကြိတ်၍ ပျော်သွား၏။
“နှစ်တစ်ထောင်သက်တမ်းရှိတဲ့ ဆေးပင်ဟာ ပြီးခဲ့တဲ့ နှစ်ရာချီမှာ အကြိမ်အနည်းငယ်သာ ပေါ်လာခဲ့ဖူးတယ်။ စိတ်ဝိညာဉ်ဆေးလုံးတွေ သန့်စင်ဖို့အတွက် ဒီဆေးပင်ကို ဝယ်တာဟာ ထူးခြားကောင်းမွန်တဲ့ ရလဒ်ကို ထွက်ပေါ်စေမှာ သေချာတယ်။ ဒါဟာ လူတစ်ယောက်ရဲ့ မှော်စွမ်းအားကို တိုးတက်စေနိုင်တဲ့ အခွင့်အရေးတစ်ခုပဲ။ ဒါ့ကြောင့် ဒီဆေးပင်ရဲ့ ကြမ်းခင်းဈေးကို စိတ်ဝိညာဉ်ကျောက်တုံး ငါးရာနဲ့ စတင်တယ်…”
ထိုသို့ ပြောကာ ပိန်ရှည်ရှည်နှင့်လူကာ ကျောက်စိမ်းသေတ္တာ၏ အဖုံးကို ဖွင့်ပြီး အထဲမှ ဆေးပင်အမယ်ကို ယူ၍ ကျင့်ကြံသူအားလုံးကို ပြသသည်။
ထိုအခိုက်အတန့်မှာ ထူထဲသိပ်သည်းသော ဆေးရနံ့က အခန်းကျယ်ကြီးတစ်ခုလုံးမှာ ပြည့်လျှံ့လာခဲ့သည်။ ကျင့်ကြံသူအားလုံးမှာ အံ့အားလည်းသင့်၊ ပျော်လည်းပျော် ဖြစ်ကုန်သည်။
သူတို့ အံ့အားသင့်ရသည့် အကြောင်းရင်းမှာ ထိုသို့သော ရတနာမျိုးက ဒီလေလံပွဲ၌ ပေါ်လာမည်ဟု လုံးဝ မထင်ထားသောကြောင့်ပင်။ သူတို့အားလုံး ပျော်ရွှင်ရသည့်အကြောင်းကမူ သူတို့သာ ၎င်းဆေးပင်ကို ဝယ်ယူနိုင်၍ ဆေးဝါးသန့်စင်နိုင်ပါက လေလံပွဲကို စီစဉ်သော ပိန်ရှည်ရှည်လူ ပြောခဲ့သည့်အတိုင်း ဖြစ်နိုင်လေမည်။ ဤသည်မှာ ထိပ်တန်းမှော်ပစ္စည်းတစ်ခုထက် သာလွန်၏။ တကယ်တော့ သည်ဆေးပင်က လူတစ်ယောက်၏ ကိုယ်ပိုင်မှော်စွမ်းအားတိုးတက်စေနိုင်သည့် အခွင့်အရေး ရစေသည် မဟုတ်လား။ ပြင်ပအကူအညီ မဟုတ်လေပေ။
ထို့ကြောင့် ပိန်ရှည်ရှည်လူက ကြမ်းခင်းဈေးကို ပြောလာသည့်အခါ တစုံတစ်ယောက်က စိတ်မရှည်ဟန်ဖြင့် ချက်ခြင်း လှမ်းဈေးပေးသည်။
“စိတ်ဝိညာဉ်ကျောက်တုံးတစ်ထောင်…”
ထိုကျင့်ကြံသူက ပါးစပ်ဟသည်နှင့် ထိုဆေးပင်၏ ဈေးနှုန်းမှာ နှစ်ဆထိ မြင့်တက်သွားခဲ့သည်။ ထိုအခါ ဈေးခေါ်ချင်နေသော လူအများစုကို ချက်ခြင်း ပါးစပ်ပိတ်သွားစေ၏။ သို့သော် တအောင့်အကြာ၌ ဈေးကို ထပ်မြင့်ပေးသူများလည်း ရှိသည်ပင်။
“ထောင့်နှစ်ရာ…”
“ထောင့်…”
တစ်ယောက်ပြီး တစ်ယောက် ဈေးအပြိုင်ပေးခေါ်နေ၏။ မျက်စိတမှိတ်အတွင်း ဆေးပင်၏ ဈေးမှာ စိတ်ဝိညာဉ်ကျောက်တုံးနှစ်ထောင်ထိ ရောက်လာခဲ့သည်။ ထိုအတောအတွင်း ဟန်လိက စားပွဲပေါ်ရှိ နှစ်ပေါင်းတစ်ထောင် သက်တမ်းရှိသော ဆေးပင်ကို ငေးမောကာ ကြည့်နေသည်။
နှစ်တစ်ထောင် သက်တမ်းရှိ ဆေးပင်ဟု စစကြားချင်းတုန်းက ဟန်လိသည် သိပ်ပြီး အလေးမစိုက်ခဲ့ပေ။ သူက ၎င်းဆေးပင်မှာ တခြားနေရာကနေ ရှာတွေ့ခဲ့သော ဆေးပင် ဖြစ်လိမ့်မည်ဟု ထင်ခဲ့သည်။
သို့သော် ပိန်ရှည်ရှည်လူက သေတ္တာထဲမှ အဝါရောင်အနှစ်သာရမှိုကို ထုတ်ပြလာသည့်အခါ ဟန်လိသည် ၎င်းမှာ ရတနာတစ်သောင်းဆိုင်သို့ သူ ရောင်းချခဲ့သော ဆေးပင်နှစ်ပင်ထဲမှ တစ်ပင် ဖြစ်သည်ဟု ချက်ခြင်း ဆုံးဖြတ်မိသည်။ ထိုစိတ်ဝိညာဉ်ဆေးပင်ကို သူ ကိုယ်တိုင် ပျိုးထောင်ခဲ့တာ ဖြစ်၏။ သို့ဖြစ်၍ ၎င်းကို သူက အဘယ်သို့ မမှတ်မိဘဲ ရှိပါမည်နည်း။
သို့သော် ထိုဆေးပင်က ရတနာတစ်သောင်းဆိုင်ထံ သူ ရောင်းချခဲ့ပြီး ဖြစ်၍ ဟန်လိက ၎င်းကိစ္စအပေါ် ပူပန်မှု မရှိတော့ပေ။ ထို့ကြောင့် သူက ခဏတာ ငေးမောကြည့်နေပြီးနောက်မှာ သတိပြန်ဝင်လာပြီး သည်ဆေးပင်အတွက် အပြိုင်အဆိုင် လေလံပေးနေသော ကျင့်ကြံသူများကို စောင့်ကြည့်နေတော့သည်။
ထိုအခါ ဟန်လိက စိတ်ထဲပ ကျေနပ်မှု ခံစားရသည်။
တကယ်တော့ သည်ဆေးပင်၏ မူလပိုင်ရှင် ဖြစ်ခဲ့သူအနေဖြင့် တခြားသူများ ၎င်းပစ္စည်းအပေါ် အာသာငမ်းငမ်း လိုချင်နေသည်ကို မြင်သည့်အခါ ဂုဏ်ယူရမည် မဟုတ်လား။