← Chapters

မိတ်ဖြစ်ဆွေဖြစ်

Vol. 17 Ch. 227

မိတ်ဖြစ်ဆွေဖြစ်

Vol. 17 Ch. 227

“စီနီယာက မှော်ပစ္စည်းသန့်စင်ခြင်းကို စိတ်ဝင်စားပါသလား…”

အနှီအရပ်ပုပု လူငယ်က အချိန်ကြာသည့်အထိ တွေဝေနေပြီးနောက်မှ သူက စကားတခွန်းကို အားစိုက်ထုတ်ကာ ပြောလာ၏။ ထိုအခါ ဟန်လိမှာ မင်သက်သွားရသည်။

“မင်း ဘာကို ဆိုလိုတာလဲ…” ဟန်လိက မရေမရာ ဖြစ်သွား၏။

“မင်းက မှော်ပစ္စည်းသန့်စင်ခြင်း ပညာရပ်တစ်ခုကို ပေးချင်တာလား…”

ဟန်လိက စဉ်းစားမနေဘဲ ထိုသို့ တန်းမေးသည်။

“စီနီယာ ခန့်မှန်းတဲ့အတိုင်းပါပဲ။ ကျုပ် ထုတ်ပေးနိုင်တာဆိုလို့ အဲ့ပညာရပ်တစ်ခုပဲ ရှိတယ်…”

ဟန်လိက သူ့စကားကို ကြားသည့်အခါ ပြောစရာစကားမဲ့သွားသည်။ သူက အစီအရင်အလံငယ်အချို့နှင့် သတ္တုပြားတချို့ကိုသာ ရချင်တာ ဖြစ်သည်။ မှော်ပစ္စည်းသန့်စင်ခြင်းကို ဘယ်သူကများ သင်ချင်နေလို့လဲ။

ထိုလူငယ်က သူ့ကို မည်သို့ ထင်နေသနည်း။ လူငယ်၏ မှော်ပစ္စည်းသန့်စင်ခြင်း ပညာရပ်က ရှားပါးသလား။ မှော်ပစ္စည်းသန့်စင်ခြင်းနှင့် ပတ်သတ်၍ သိရှိသော ကျင့်ကြံသူများသည် အရေအတွက်အားဖြင့် နည်းပါးခြင်း မရှိပါ။

“ဒါပေမဲ့လည်း ဘိုးဘေးတွေရဲ့ စည်းမျဉ်းကြောင့် ဂျူနီယာဟာ ကျုပ် သိထားတဲ့ အတွေ့အကြုံကိုပဲ စီနီယာ့ကို ပေးလို့ရပါမယ်။ ဒီပညာရပ်ကို ကိုယ်တိုင်ကိုယ်ကျ သင်ပေးလို့တော့ မရပါဘူး…”

လူငယ်က သူ့စကားကို ထပ်ဆက်သည်။

ဟန်လိက မျက်လုံးကစားလိုက်၏။ သူ့အတွက် ပြောစရာစကားလုံးများ ပိုမဲ့သွားရလေပြီ။

ဟန်လိ၏ အမူဟန်ပန်ကို မြင်သည့်အခါ အရပ်ပုပုလူငယ်သည် စိုးရိမ်ပူပန်လာ၏။ သူက သူ၏ နောက်ခံအဆင့်အတန်းကို ဆက်၍ အရေးမစိုက်တော့ဘဲ အမှန်တရားကို ခပ်သွက်သွက် ပြောပြလာသည်။

“ကျုပ်ရဲ့ အဘိုးက နတ်လက်နက်ဂိုဏ်းက မှော်ပစ္စည်းသန့်စင်ခြင်း အကြီးအကဲပါ။ မှော်ပစ္စည်းတွေ သန့်စင်တဲ့ နေရာမှာ သူ့ရဲ့ ပညာရပ်ဟာ မြင့်မားတဲ့အဆင့်ကို ရောက်တာ ကြာခဲ့ပါပြီ။ ကျုပ်ရဲ့ ကိုယ်ပိုင် မှော်ပစ္စည်းသန့်စင်ခြင်း ပညာရပ်ကို အဘိုးကိုယ်တိုင် လက်ထပ် သင်ပေးခဲ့တာပါ။ ဂျူနီယာက ဒီနေ့ အဲ့ပညာရပ်ကို လက်လွှဲပေးမယ်လို့ စိတ်ကူးမိတာတောင် ဘိုးဘေးတွေရဲ့ စည်းမျဉ်းကို ဖောက်ဖျက်ရာ ကျနေပါပြီ။ စီနီယာအနေနဲ့ ဘယ်လောက်ထိ အကျိုးအမြတ် ရမလဲကတော့ စီနီယာရဲ့ ကံအပေါ် မူတည်ပါတယ်။ ဒါပေမဲ့လည်း ကျုပ် ပြောပြမယ့် အဲ့ပညာရပ်အကြောင်းဟာ ကျင့်ကြံခြင်းလောကရဲ့ အပြင်လူတွေဆီ လုံးဝ မပျံ့နှံ့ဘူးတာကိုတော့ ကျုပ် အာမခံပါတယ်…”

လူငယ်မှာ သူသည် နတ်လက်နက်ဂိုဏ်းမှ မှော်ပစ္စည်းသန့်စင်ခြင်း အကြီးအကဲတစ်ယောက်၏ မျိုးဆက်ဟု ပြောသော စကားကို ကြားသည့်အခါ ဟန်လိ၏ အမူအရာသည် နောက်ဆုံး၌ ပြောင်းလဲသွားသည်။

နတ်လက်နက်ဂိုဏ်းက ကောင်းကင်ကြယ်ဂိုဏ်း၊ အံ့ဖွယ်တစ်ထောင်ဘုံကျောင်းတို့နှင့် တန်းတူအဆင့်ရှိသော ယွမ်ဝူဒေသရှိ ဂိုဏ်းကြီးသုံးဂိုဏ်းထဲမှ တစ်ဂိုဏ်းပင်။ ထိုဂိုဏ်းရှိ မှော်ပစ္စည်းသန့်စင်ခြင်း ပညာရပ်များသည် ကောင်းကင်ကြယ်ဂိုဏ်း၏ အစီအရင်များ၊ အံ့ဖွယ်တစ်ထောင်ဘုံကျောင်း၏ တာအိုအဆောင်များနည်းတူ အနီးအနား ဒေသများရှိ များလှစွာသော ကျင့်ကြံသူများကြား၌ ကျော်ကြားပေသည်။

ထိုအခါ တဖက်သူ၏ မှော်ပစ္စည်းသန့်စင်ခြင်းအပေါ် အတွေးအမြင်က သာမန် မဟုတ်လောက်ပေ။ ဟန်လိက ၎င်း ပညာရပ်ကို အဆုံးထိ မသင်ယူဖို့ များသော်လည်း သူ့၌ ထိုသို့သော ပညာရပ်တစ်ခု ပိုင်ဆိုင်ထားခြင်းက ကောင်းပေ၏။ အနာဂတ်၌ ယင်းက တနေရာရာတွင် အသုံးဝင်ကောင်း ဝင်လာနိုင်မည်သာ။

ဟန်လိက စိတ်ထဲ၌ ဆုံးဖြတ်လိုက်ပြီး ဖြစ်သည်။ သို့ပေမည့် သူက အပြင်ပိုင်းတွင်မူ မေးမြန်းကြည့်လိုက်တုန်းပင်။

“မင်းရဲ့ ဒြပ်စင်ငါးခုပြောင်းပြန် အစီအရင်တည်ဆောက်တဲ့ မှော်ပစ္စည်းတွေဟာ နောက်ပိုင်းမှာ တကယ်ပဲ ပိုတိုးတက်လာနိုင်လား…”

“ကျိန်းသေပေါက် တိုးတက်နိုင်ပါတယ်။ ကျုပ် မိတ်ဆွေဟာ အစီအရင်တာအိုမှာ ပြီးပြည့်စုံခြင်းကို ရောက်ရှိပြီး ကျုပ်ရဲ့ မှော်ပစ္စည်းသန့်စင်ခြင်း ပညာရပ်ကိုပါ ထည့်ပေါင်းလိုက်တဲ့အခါ ဒီအစီအရင်တည်ဆောက်ခြင်း မှော်ပစ္စည်း တိုးတက်လာဖို့ဟာ ပြဿနာကြီးတစ်ခု မဟုတ်တော့ပါဘူး…”

ဟန်လိက ထိုသို့ မေးသည်ကို ကြားသည့်အခါ လူငယ်သည် ချက်ခြင်း ပျော်ရွှင်သွား၏။ သူက ဟန်လိမှာ အရောင်းအဝယ်ကို သဘောတူဖို့များပြီဟု သိသည်။ သို့ဖြစ်၍ သူက ရင်ဘက်ကို ပုတ်ကာ ခိုင်မာသည့်လေသံဖြင့် ပြောလိုက်ခြင်း ဖြစ်သည်။

ဟန်လိက ခေါင်းညိတ်၏။ သူက စကားဆက်၍ မဆိုတော့ပေ။ သို့ပေမည့် သူသည် သူ့လက်ထဲရှိ သေတ္တာငယ်အဖုံးကို ဖွင့်သည်။ ထိုအခါ အသံအရံအတားအတွင်း စိတ်ဝိညာဉ်ချီအပြည့်ဖြင့် ဆေးနံ့က လှိုင်ကြိုင်ထွက်လာသည်။ လူငယ်က ထိုဆေးနံ့ကို အကြိမ်အနည်းငယ် ရှုရှိုက်ကြည့်သည်။ ထို့နောက်တွင် သူက ဆေးပင်ကို အကြိမ်ကြိမ် သေချာ ကြည့်သည်။ သူ၏မျက်လုံးထဲရှိ ကျေနပ်ပျော်ရွှင်မှုက များစွာ တိုးလာ၏။ သူက ထပ်ခါထပ်ခါ ခေါင်းညိတ်ကာ ကျေနပ်သည့်ဟန် ဖော်ပြသည်။

ထိုသည်ကို မြင်သည့်အခါ ဟန်လိက အားပါးတရ ပြုံး၏။ သူက လက်ဆန့်ထုတ်ကာ ဆေးပင်ထည့်ထားသော သေတ္တာကို ကမ်းပေးသည်။

လူငယ်က ခပ်မြန်မြန်ပင် ၎င်းကို လက်ဆန့်ကာ လှမ်းယူ၏။ သို့ပေမည့် သူက သေတ္တာထောင့်ကို ဖမ်းကိုင်မိချိန် သေတ္တာထဲရှိ ဆေးပင်က ဟန်လိ၏ လက်ထဲ၌ အမြစ်တွယ်နေသည့်နှယ် လုံးဝ ယူဆောင်၍ မရ ဖြစ်သည်။ လူငယ်က မင်သက်ကြောင်ရီစွာ ကြည့်မိ၏။ သူ့မျက်နှာထက်တွင် အံ့အားသင့်ဟန် ဖြစ်ပေါ်သည်။

ဟန်လိက တဖက်သူ၏ အပြုအမူကို မြင်သည့်အခါ သက်ပြင်းချသည်။

ကြည့်ရတာ အင်အားကြီး မိသားစုတစ်စုမှ လူငယ်သခင်လေးသည် အခက်အခဲ၊ စမ်းသပ်မှုများစွာကို မကြုံဖူး၊ မဖြတ်သန်းဖူးပုံ ရသည်။ သူက ခုထိ ဟန်လိထံမှ အရိပ်ပြသည်ကို အကောင်မထင်သေးပေ။

မတတ်နိုင်တော့ဘဲ ဟန်လိက ထိုလူငယ် သဘောပေါက်အောင် နှုတ်မှ ဖွင့်ပြောလိုက်ရသည်။

“မင်းရဲ့ မှော်ပစ္စည်းတစ်စုံနဲ့ မှော်ပစ္စည်းသန့်စင်တဲ့ အသိအမြင်တွေကို မထုတ်ပြသင့်ဘူးလား။ အဲ့ကျမှ ကျုပ်တို့အနေနဲ့ တပြိုင်နက်တည်း အရောင်းအဝယ် ပြုနိုင်မှာပေါ့။ အဲ့နည်းလမ်းက ပိုပြီး မသင့်တော်ဘူးလား…”

“အို…ဟုတ်သားပဲ။ စီနီယာ ပြောတာ မှန်ပါတယ်။ ကျနော် စိတ်လှုပ်ရှားလွန်းပြီး မေ့သွားတာ…”

ဟန်လိက ထိုသို့ ပြောမှ ယင်းအရပ်ပုပုလူငယ်မှာ သဘောပေါက်သွားတော့သည်။ သူက သေတ္တာကို လက်လွှတ်ပေး၏။ သူ့မျက်နှာမှာလည်း နီရဲသွားသည်။ သူက ရှက်ကိုးရှက်ကန်းဖြင့် သူ့သိုလှောင်အိတ်ထဲမှ ပစ္စည်းများကို ထုတ်ယူသည်။

“အစီအရင်သတ္တုပြား ဆယ့်ရှစ်ခုနဲ့ အစီအရင်အလံ သုံးဆယ့်ခြောက်ခုပါ။ ဒါတွေက ဒြပ်စင်ငါးခု ပြောင်းပြန်အစီအရင် တည်ဆောက်ဖို့ မှော်ပစ္စည်းတွေပါပဲ။ ဒါ့အပြင် ဒီကျောက်စိမ်းပြားထဲမှာ အဲ့အမယ်ပစ္စည်းတွေနဲ့ အစီအရင် ဘယ်လို တည်ဆောက်ရမလဲကို အတိအကျ ဖော်ပြထားပါတယ်။ အဲ့နည်းအတိုင်း တည်ဆောက်ပြီးတာနဲ့ အစီအရင်က ချက်ခြင်းပဲ အကျိုးသက်ရောက်မှု ရှိလာပါလိမ့်မယ်…”

“ဒါ့အပြင် ဒီယွမ်ရှောင်းရဲ့ အသိအမြင်တွေ ပါတဲ့ လမ်းညွှန်စာအုပ်ဟာ ကျနော့်ရဲ့ နှစ်ပေါင်းနှစ်ဆယ်ကြာ မှော်ပစ္စည်းသန့်စင်ခြင်း အတွေ့အကြုံတွေ ပါတဲ့အရာ ဖြစ်ပါတယ်။ စီနီယာအနေနဲ့ နောင်မှာ ဒီမှော်ပစ္စည်းသန့်စင်ခြင်း ပညာရပ်တွေအကြောင်း အပြင်ကို မပျံ့နှံ့စေဖို့ မျှော်လင့်ပါတယ်။ ဒါမှသာ နတ်လက်နက်ဂိုဏ်းက စီနီယာရဲ့ တံခါးဝထိ ရောက်မလာမှာ။ ဘာကြောင့်လဲဆိုတော့ အခု ပညာရပ်တွေထဲက အများစုဟာ နတ်လက်နက်ဂိုဏ်းက လျှို့ဝှက်ချက်တွေ ဖြစ်လို့ပဲ…”

လူငယ်က အသေးစိတ် ရှင်းပြသည်။ ထို့အပြင် သူက ဟန်လိကို အကြံပါ ပေးလိုက်သေး၏။

ဟန်လိက ဒီစကားများကို ကြားသည့်အခါ ယင်းလူငယ်အပေါ် သူ့အမြင်က ပိုကောင်းလာ၏။ သူ့စိတ်ထဲ၌လည်း နောက်ထပ် စိတ်ကူးအကြံတစ်ခု ပေါ်လာသည်။

ခဏတာ တုံ့ဆိုင်းနေပြီးနောက်မှာ ဟန်လိက သူ့လက်ထဲရှိ သေတ္တာကို တဖက်သူထံ ပေး၏။ သူလည်း ထိုလူငယ်ထံမှ ပစ္စည်းများကို လက်ခံယူသည်။

ဟန်လိ၏ ရုတ်တရက် လှုပ်ရှားမှုက လူငယ့်ကို အကြောင်သား ဖြစ်သွားစေသည်။ သူက ဘာအမှား ပြုလုပ်မိမှန်းမသိ ဖြစ်သွား၏။

“ယွမ်ရှောင် အသိအမြင်ပညာရပ်၊ မင်းနာမည်က ယွမ်ရှောင်…ဟုတ်တယ်မလား။ မင်းရဲ့ မျိုးရိုးနာမည်ကကော…”

ဟန်လိက မထူးနားဟန်ဖြင့် မေးသည်။

“ဂျူနီယာ့ရဲ့ မျိုးရိုးနာမည်က ချီပါ။ ချီယွမ်ရှောင်ပါ။ စီနီယာမှာ နောက်ထပ် ညွှန်ကြားမှုများ ရှိသေးပါသလား…”

လူငယ်က ချီတုံချတုံ ဟန်ဖြင့် မေးသည်။

“ထူးထူးထွေထွေ မဟုတ်ပါဘူး။ ကျုပ်က မင်းရှိက ပညာရပ်အသိအမြင်ကို လက်ခံရရှိပေမယ့် ဒါကို ကျုပ် ချိပ်ပိတ်နည်းလမ်းတစ်ခု အသုံးပြုပြီး ချိပ်ပိတ်ထားမယ်။ ဒါကို လာမယ့် ငါးနှစ်အထိ ငါ ထိမှာ မဟုတ်ဘူး။ ငါးနှစ်အတွင်း မင်းက ငါ့အတွက် ဒီအစီအရင်မန္တာန်ကို တိုးတက်အောင် လုပ်ပေးနိုင်ရင် ကျုပ်က မင်းရဲ့ ပညာရပ်လမ်းညွှန်စာအုပ်ကို စာတရွက်တောင် မလှန်ဘဲ ပြန်ပေးမယ်။ မင်း ဘယ်လိုထင်လဲ…”

“တကယ်လား။ ဒါဆိုရင်တော့ ဂျူနီယာက ကျေးဇူးတင်တာနဲ့တင် မလုံလောက်တော့ပါဘူး။ ဒြပ်စင်ငါးခုပြောင်းပြန် အစီအရင် တည်ဆောက်မယ့် မှော်ပစ္စည်းတွေကို တိုးတက်အောင် လုပ်ပေးဖို့ ကိစ္စကို စီနီယာ စိတ်ချနေပါ။ ဂျူနီယာရဲ့ မိတ်ဆွေက ဒီအစီအရင်ကို ပိုတိုးတက်အောင် မလုပ်ပေးနိုင်ခဲ့ရင်လည်း စီနီယာ့အတွက် အစီအရင်ကြီးတစ်ခု တည်ဆောက်ပေးဖို့ ကျုပ် သူ့ကို စည်းရုံးပေးပါ့မယ်…”

ဟန်လိ၏ စကားကို ကြားသည့်အခါ လူငယ်က အပျော်လွန်သွားပြီး အလျင်အမြန် ကတိခံသည်။

ဟန်လိက ခပ်ရေးရေး ပြုံး၏။ သူက လက်ထဲရှိ စာအုပ်ကို ပင့်မြှောက်၏။ ဟန်လိ၏ မန္တာန်တီးတိုး ရွတ်သံနှင့်အတူ ငွေရောင်မှော်စာလုံးများသည် သူ့လက်နှစ်ဖက်ပေါ်၌ ရုတ်ချည်း ပေါ်လာသည်။ ယင်းတို့က သူ့လက်ဝါးနှစ်ဖက်ပေါ်မှာ ခဏ လှည့်ပတ်ပြီးနောက်မှာ စာအုပ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။ တချိန်တည်းမှာ ယွမ်ရှောင်အတွေ့အကြုံ အမည်ရ စာအုပ်ပေါ်၌ ငွေရောင်အလင်း ဖြတ်ခနဲ လင်းလက်သွား၏။ ယင်းနောက် ၎င်းအလင်းက ပြန်လွင့်ပျောက်သွား၏။

“ကောင်းပြီ။ ငါကတော့ ဒါကို ချိပ်ပိတ်ပြီးသွားပြီ။ အခု မင်းရဲ့ စိတ်ဝိညာဉ်ချီကို ဒီချိပ်တံဆိပ်မှာ စီးဆင်းစေလိုက်။ အဲ့တာဆို အနာဂတ်မှာ ကျုပ်တို့ အလဲအလှယ် လုပ်တဲ့အချိန် မင်းအနေနဲ့ ငါဟာ ဒီချိပ်တံဆိပ်ကို ချိုးဖျက်ခဲ့လား၊ မချိုးဖျက်ခဲ့လားကို သိလိမ့်မယ်…”

ဟန်လိက ယင်းစာအုပ်ကို ချိပ်ပိတ်ပြီး လူငယ့်ထံ ပစ်ပေးသည်။ လူငယ်က စာအုပ်ကို အံ့အားတသင့် ဖြစ်ဟန်၊ ပျော်ရွှင်ဟန်တို့ဖြင့် လှမ်းဖမ်းယူသည်။

လူငယ်မှာ ခဏတာ မင်သက်စွာ ကြောင်ကြည့်နေသေးသည်။ သို့သော် ခြေဆောင့်နင်းကာ သူက ဟန်လိ၏ ချိပ်တံဆိပ်အပေါ် စိတ်ဝိညာဉ်ချီအချို့ကို ချန်ရစ်စေသည်။ ထို့နောက်တွင် သံသယဟန်၊ကျေးဇူးတင်ဟန်တို့ ရောပြွမ်းနေသော အကြည့်ဖြင့် သူက ဟန်လိထံ လှမ်းကြည့်လာသည်။

ဤအခါတွင် ဟန်လိက တဖက်သူ၏ စိတ်အခြေအနေကို ကောင်းကောင်း သိနေသည်။ သူက တဖက်သူထံမှ ချက်ခြင်း ယုံကြည်မှုရရန် မဖြစ်နိုင်တာကို သိသည်။ သို့သော် သူသာ တဖက်သူထံ ဒီချိပ်ပိတ်ထားသော စာအုပ်ကို လာမည့် နှစ်အနည်းငယ်မှာ ပုံစံမပျက် ပြန်ပေးနိုင်ပါက ထိုလူငယ်ကော၊ သူ့မိတ်ဆွေဖြစ်သူ မှော်အစီအရင်ဆရာသခင်ဆိုသူကော နှစ်ယောက်လုံးဖြင့် မိတ်ဆွေ ဆက်ဆံရေး တည်ဆောက်နိုင်မှာ သေချာသည်။

ထိုသို့သော ဆက်ဆံရေး တည်ဆောက်ခြင်းက အမှန်တကယ် ထိုက်တန်သလား၊ မထိုက်တန်လားကိုမူ အချိန်အကြာကြာ ဆက်ဆံပတ်သတ်ကြည့်ပြီးမှ ဆုံးဖြတ်နိုင်လိမ့်မည်။

ထိုသို့ဖြင့် ဟန်လိက စာအုပ်ကို ပြန်သိမ်း၏။ သူက ထိုလူငယ်နှင့် အဆက်အသွယ်လုပ်ရမည့် နည်းလမ်းတစ်ခုကို မေးပြီးနောက်မှာ သူက ဘာအပိုစကားမှ မဆိုဘဲ ဒီဧရိယာကနေ ထွက်ခွာလာတော့သည်။

ယင်းလူငယ်မှာလည်း တူညီသောအရပ်ထံ မယုံကြည်နိုင်ဟန်ဖြင့် ထွက်ခွာလာ၏။ ဤသို့ဤနှယ် သူသည် ဒီနှစ်တစ်ထောင်သက်တမ်းရှိသော ဆေးပင်ကို ရလာခဲ့လေပြီ။ သူက ဆေးသေတ္တာကို ခပ်တင်းတင်း ဆုပ်ကိုင်ထားလျက် သူ့မျက်လုံးထဲမှာ စိတ်ရှုပ်ထွေးခြင်းကော၊ စိတ်လှုပ်ရှားမှုကော ထင်ပေါ်နေလေသည်။

ဟန်လိက စိတ်အခြေအနေ အတော်လေး ကောင်းမွန်နေ၏။ သူက မှော်ပစ္စည်းသန့်စင်ပေးသော ဆိုင်ထံ ဦးတည်ကာ ပျံသန်းလာသည်။

ချီယွမ်ရှောင်၏ မှော်ပစ္စည်းသန့်စင်ခြင်း ပညာရပ်နှင့် သူ့နောက်ခံ၊ သူနှင့် မိတ်ဆွေဖြစ်သော မှော်အစီအရင်ဆရာသခင်တို့မှာ အသက်မဲ့သော စာအုပ်ထက် များစွာ ပိုတန်ဖိုး ရှိပေသည်။ သူသာ ထိုသူတို့နှင့် ဆက်ဆံရေးကောင်း တည်ဆောက်နိုင်ပါက အနာဂတ်၌ သူ၏ ကျင့်ကြံခြင်းလမ်းကြောင်းအတွက် များစွာ အကူအညီ ဖြစ်စေနိုင်သည်။ ဟန်လိက ထိုအချက်အပေါ် သံသယ မရှိလေပေ။

နောက်ဆုံး၌ ဟန်လိသည် သူနှင့် သဘောတူထားသော ဆိုင်ထံ ပြန်ရောက်လာခဲ့ပြီ။ ထိုနေရာတွင် ဆံဖြူအဘိုးအိုက သူ ရောက်လာမည်ကို ပူပန်တကြီး စောင့်နေ၏။

သူက ဟန်လိက ပေးထားသော ကတိကို တကယ်တည်ပြီး ပြန်ရောက်လာတာ မြင်သည့်အခါ သည်ဆိုင်၏ ပိုင်ရှင်တစ်ယောက်အဖြစ် အပျော်လွန်သွားတော့သည်။ အသားမည်းမည်း ဆိုင်အကူက အလျင်အမြန် လဘ္ဘက်ရည်ကြမ်း၊ ရှားပါးသစ်သီးတို့ဖြင့် တည့်ခင်း ပြင်ဆင်ပေးသည်။

ဆံဖြူအဘိုးအိုက ဟန်လိနှင့် စားပွဲမှာ အဖော်ပြု ထိုင်ပေးပြီး ဟန်လိကို စီနီယာဟု အခါခါ ရည်ညွှန်း ခေါ်ဆိုနေချေသည်။ ဟန်လိက အရည်ထူသော်လည်း သူ့မျက်နှာမှာ နီမြန်းသွားရတုန်းပင်။

ထို့နောက်တွင် ဟန်လိက ကင်းခြေများ၏ ကျောခွံကို ထိုအဘိုးအိုအရှေ့မှာ ထုတ်သည်။ ထိုအဘိုးအို၏ အမူအရာမှာ ပြောင်းလဲသွား၏။ သူက ထိုကျောခွံအစိတ်အပိုင်းငယ်ကို ချက်ခြင်း ကောက်ယူကာ သေချာ စူးစမ်းကြည့်သည်။

“ဒါက အဆိပ်ရှိတဲ့ အဆင့်တစ်နတ်ဆိုးသားရဲရဲ့ ကျောခွံပဲ။ ဒါက သန့်စင်လို့ ကောင်းလှတဲ့ အမယ်ပစ္စည်းပဲ။ အထူးသဖြင့် ဒီသားရဲဟာ ပြင်ပလောကမှာ ရှားပါးနေပြီး အရေအတွက်အားဖြင့်လည်း လျော့ကျနေခဲ့ပြီ။ ဒီလို အဆိပ်သားရဲမျိုးကို တွေ့ကြုံဖို့ဆိုတာ ဖြစ်ခဲပါပေတယ်…”

အဘိုးအိုက ပြုံး၍ ထိုသို့ ဆိုသည်။

တဖက်သူ ပိုင်ဆိုင်ထားသော အမယ်ပစ္စည်းက သူ မျှော်လင့်ထားသလို ဟုတ်မနေခဲ့ပေ။ ယင်းက သတ္တုချောင်းလည်း မဟုတ်၊ တခြား ပစ္စည်းတစ်ခုခုလည်း ဟုတ်မနေ၊ ထိုအစား အဆိပ်နတ်ဆိုးသားရဲတစ်ကောင်၏ အပြင်ပိုင်းကြေးခွံ ဖြစ်နေချေသည်။ ယင်းတို့မှာ ကောင်းမွန်လှသော အမယ်ပစ္စည်းများဖြစ်ကာ ချပ်ဝတ် သို့မဟုတ် ဒိုင်းကဲ့သို့ မှော်ပစ္စည်းများ သန့်စင်ဖို့အတွက် အလွန်သင့်တော်လှသည်။

သူ့ခန့်မှန်းချက်အရ ဒီကြေးခွံများသည် ထိပ်တန်းမှော်ပစ္စည်းတစ်ခု၏ တိုက်ခိုက်မှုကို ခံရလျှင်ပင် မည်သည့်ထိခိုက်ပျက်စီးမှုမျှ မရှိလောက်ပေ။ ၎င်းကိုသာ အောင်မြင်စွာ သန့်စင်နိုင်ပါက အားစိုက်ထုတ်ရခြင်းမရှိဘဲ ထိပ်တန်းမှော်ပစ္စည်းအဆင့်သို့ ရောက်သွားလိမ့်မည်သာ။

ဆံဖြူအဘိုးအိုက သည်ကြေးခွံကို ကြည့်လေ ပို၍ ကျေနပ်လာလေပင်။ သူက ၎င်းအပိုင်းအစများကို အလျင်အမြန် ကောက်ယူ၍ သန့်စင်ဖို့ စတင်ရန် ဟန်ပြင်သည်။ သို့သော် ဟန်လိက သူ့ကို ဟန့်တားလိုက်သည်။

“ဆိုင်ရှင်…မလောပါနဲ့။ ကျုပ် ခုထိ မထုတ်ပေးရသေးတဲ့ အမယ်ပစ္စည်းတွေ ရှိသေးတယ်…”

ထိုအကြီးအကဲ၏ အလျင်စလို အမူဟန်ပန်ကို မြင်သည့်အခါ ဟန်လိသည် မျက်မှောင်ကြုတ်သွား၏။ သူက မှော်ပစ္စည်းသန့်စင်ခြင်းကျွမ်းကျင်သူတစ်ယောက်ကို မှားယွင်းရှာဖွေမိခဲ့ပြီလားဟုပင် အတွေးပေါက်သည်။

All Chapters