← Chapters

ရုပ်သေးကျင့်ကြံသူ

Vol. 17 Ch. 228

ရုပ်သေးကျင့်ကြံသူ

Vol. 17 Ch. 228

“နောက်ထပ် ရှိသေးတာလား…” ထိုအဘိုးအိုသည် မင်သက်ကြောင်ရီသွား၏။ သို့သော် သူက ချက်ခြင်း ပို၍ ပျော်ရွှင်သွား၏။ သူက အားပါးတရ ရယ်မောလေသည်။

သူက ဟန်လိထံ၌ နောက်ထပ် မည်သို့သော ပစ္စည်းအမယ်များ ထပ်မံ ထုတ်ပေးနိုင်သေးသည်ကို မသိသော်လည်း ပစ္စည်းကောင်းများ ဖြစ်လောက်မည်သာ။ ဟန်လိထံ သူ့အကြည့်က မျှော်လင့်ချက်တို့ ပြည့်လာသည်။

ဟန်လိက သည်ဆိုင်ပိုင်ရှင်၏ မှော်သန့်စင်ခြင်းနည်းလမ်းများအပေါ် သံသယရှိသော်လည်း သူက အချိန်တစ်ခုအတွင်း နောက်ထပ် ယုံကြည်ရသော မှော်ပစ္စည်းသန့်စင်ခြင်းကျွမ်းကျင်သူတစ်ယောက်ကို ထပ်ရှာနိုင်စွမ်း မရှိနေပေ။ သို့ဖြစ်၍ သူက မင်နက်ရေနဂါး၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို စားပွဲပေါ်သို့ တွေတွေဝေဝေဖြင့် တင်ပေးရသည်။

သို့ပေမည့် သူက ထိုအဘိုးအိုသည် သည်အမယ်ပစ္စည်းများ၏ ဇစ်မြစ်ကို မသိနေပါက တဖက်သူ၏ အတွေ့အကြုံနှင့် နည်းလမ်းများမှာ ပြဿနာ ရှိလိမ့်မည်ဟု တွေးထား၏။ ထိုသို့သာ ဖြစ်လာခဲ့ပါက သူသည် ထိုအဘိုးအိုကို သူ့ရှေ့မှာ ကြေးခွံကိုသာ သန့်စင်ခွင့် ပြုပေမည်။

မင်နက်ရေနဂါး၏ အရည်အသွေး ကောင်းမွန်လှသော ပစ္စည်းအမယ်များအတွက်မူ နောက်ထပ် မှော်ပစ္စည်းသန့်စင်ခြင်း ဆရာသခင်တစ်ယောက်ကို ရှာတွေ့သည့်အထိ စောင့်ရတော့မည်သာ။

ဟန်လိက ထိုသို့ စဉ်းစားထားပြီး ယင်းအဘိုးအို၏ အမူဟန်ပန်နှင့် လှုပ်ရှားမှုတိုင်းကို သေချာ ကြည့်ရှုနေလေ၏။

အဆုံးသပ်၌ ထိုအဘိုးအိုက ဟန်လိ ထုတ်ယူလိုက်သော ပစ္စည်းပုံကို မြင်သည့်အခါ သူ့ပါးစပ်ထဲမှ လဘ္ဘက်ရည်ကြမ်းပင် သီးကာ ဖူးခနဲ သူ့အရှေ့သို့ ထွေးထုတ်မိသွားသည်။

“ဒါက ရေနဂါးရဲ့….ခန္ဓာကိုယ်အစိတ်အပိုင်းတွေပဲ။ ဦးချို၊ အစွယ်နဲ့ မျက်လုံးတွေတောင် ပါသေးတယ်။ အမလေးလေး…စီနီယာက ဒီနတ်ဆိုးသားရဲ ရေနဂါးကို တချက်တည်းနဲ့ သတ်ပစ်ခဲ့တာများလား…”

ဆံဖြူအဘိုးအိုက ကြီးစွာ တုန်လှုပ်အံ့အားသင့်၏။ သူက သူ့အရှေ့မှ ရေနဂါး၏ ခန္ဓာကိုယ်အစိတ်အပိုင်းများအား မယုံကြည်နိုင်စွာ ကြည့်နေလျက် ခပ်တိုးတိုး ရေရွတ်နေသည်။

ထိုအဘိုးအို ခုလောက်တုန်လှုပ်သွားတာ အံ့အားသင့်စရာ မရှိပါ။ မင်နက်ရေနဂါးကဲ့သို့ နတ်ဆိုးသားရဲမျာသည် အနီးအနားရှိ ကျင့်ကြံခြင်းလောကများတွင် ပျောက်ကွယ်သွားခဲ့တာ ကြာခဲ့ပေပြီ။ တချို့တလေ ပုန်းကွယ်နေသေးသည် ဆိုလျှင်ပင် အခုကဲ့သို့ အဆင့်နှစ် နတ်ဆိုးသားရဲအဖြစ် ဆင့်ကဲတိုးတက်နေဟန်ရသော ရေနဂါးကမူ အခြေခံတည်ဆောက်ခြင်းအဆင့်ထက် ကျော်လွန်သော ကျင့်ကြံသူတစ်ယောက်နှင့်ပင် ယှဉ်၍ ရနိုင်သည်။

အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများကလွဲ၍ သာမန်အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများက ၎င်း၏ပြိုင်ဘက် အဘယ်သို့ ဖြစ်နိုင်မည်နည်း။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများစွာ အတူတကွ ပူးပေါင်းတိုက်ခိုက်ခဲ့သည် ဆိုလျှင်ပင် သူ့ရှေ့မှ ရေနဂါး၏ ခန္ဓာကိုယ်အစိတ်အပိုင်းများက ပြီးပြည့်စုံလွန်းနေ၏။ ဟန်လိက ၎င်းသားရဲ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို မထိမခိုက်စေပဲ ခွာထုတ်လာခဲ့သည့်အလား။

ဆိုင်ရှင်အဘိုးအို၏ စိတ်မှာ ဂနာမငြိမ်နိုင် ဖြစ်နေ၏။

ယင်းဆိုင်ရှင်က ဒီပစ္စည်းအမျိုးအမည်များကို ချက်ခြင်း သိနေလိမ့်မည်ဟု ဟန်လိက မမျှော်လင့်ထားမိပေ။

တဖက်သူက သည်အရာများကို သိနိုင်သည် ဆိုလျှင်ပင် အချိန်တစ်ခုယူရလိမ့်မည်ဟု သူ ထင်ထားခဲ့သည်။ သို့သော် အနှီအဘိုးအိုက သည်အမယ်ပစ္စည်းများကို လွယ်လင့်တကူ ခွဲခြားသိနေ၏။ ဟန်လိက ထိုသူ့အပေါ် ယုံကြည်မှု ပိုရှိသွားသည်။

“ဆိုင်ရှင်ရှုက ဒီအမျိုးအမည်တွေကို မြန်မြန် သိနိုင်တာပဲ။ ဒါက ကျုပ်ကို ကျေနပ်စေတယ်။ ဒါ့ကြောင့် အကြီးအကဲရှု…ကျေးဇူးပြုပြီး သန့်စင်ခြင်း စတင်ပါတော့…”

တချို့အရာမျိုးကို စိတ်ထဲကနေ စဉ်းစားပြီးနောက်မှာ ဟန်လိက ယဉ်ယဉ်ကျေးကျေး ပြောလိုက်သည်။

“ကောင်းပါပြီ…ကောင်းပါပြီ။ စီနီယာ…ကျေဇူးပြုပြီး ယုံကြည်ပေးပါ။ အရင်တုန်းက ကျုပ် အဖေနဲ့အတူ ရေနဂါးအလောင်းတစ်ကောင်ကို သန့်စင်ခဲ့ဖူးပါတယ်။ ဒီကောင့်အပေါ် သန့်စင်ဖို့ ကျုပ်ရဲ့ နားလည်မှုက မနည်းပါဘူး…”

ထိုအဘိုးအိုက ထပ်ခါထပ်ခါ ခေါင်းညိတ်၍ ယင်းသို့ ပြန်ဖြေသည်။ သူက မင်နက်ရေနဂါး၏ လက်သည်းများထဲမှ တစ်ခုကို လက်၌ ကိုင်ထားလျက် ၎င်းကို ပြန်ချချင်စိတ် မရှိပုံ ပေါ်သည်။

ထိုသည်ကို မြင်သည့်အခါ ဟန်လိက ရယ်ချင်မိသည်။

သို့သော် ထိုအဘိုးအိုက မှော်ပစ္စည်းများ သန့်စင်ခြင်းကို ရူးသွပ်စွဲလမ်းသောသူ ဖြစ်ဖို့များသူဟု နားလည်သည်။ မဟုတ်ပါက သတ္တုအမယ်ပစ္စည်းများက ကောင်းနေလျှင်ပင် အခုကဲ့သို့ သူ့ကိုယ်သူ ထိန်းချုပ်မှု လွတ်သွားလိမ့်မည် မဟုတ်ပေ။ ထိုသို့ဖြင့် ဟန်လိက ပို၍ စိတ်ကျေနပ်မိသည်။ တဖက်သူ၏ မှော်ပစ္စည်းသန့်စင်ခြင်းက အတော်လေး ထူးခြားလောက်မည်သာ။

ထိုသို့ဖြင့် ယင်းအဘိုးအိုက ဟန်လိကို ခြံဝန်းထဲ ဦးဆောင်ခေါ်လာ၏။ ရေနဂါး၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကိုလည်း သူနှင့်အတူ ယူလာခဲ့သည်။

လဝက်ခန့် ကြပြီးနောက်မှာ ဟန်လိက နောက်ဆုံး၌ ဒီဆိုင်၏ ရှေ့တံခါးဝကနေ လှမ်းလျှောက်ထွက်လာခဲ့သည်။ သူက ဖြေးဖြေးမှန်မှန် လှမ်းလာခဲ့ပြီးနောက်မှာ နောက်သို့ လှည့်၍ ဆိုင်ထံ လှမ်းကြည့်သည်။ သူ့မျက်နှာထက်တွင်လည်း အပြုံးခပ်ရေးရေး ရှိနေလေ၏။

သူက ဈေးမြို့၏ ပျံသန်းခြင်းကို ကန့်သတ်ထားသော နေရာ အပြင်သို့ ရောက်လာသည့်အခါ သူ့လက်ကို ပင့်မြှောက်၍ သူ့အင်္ကျီလက်အိုးထဲမှ အဖြူရောင်လှေငယ်တစ်ခုကို ထုတ်ယူသည်။ ၎င်းက သူ့ရှေ့တွင် ပျံဝဲလျက် ရှိ၏။

ဟန်လိက ၎င်းလှေငယ်ကို နှစ်ထောင့်အားရစွာ ကြည့်သည်။ ထို့နောက်မှာ သူ့လက်ချောင်းကို တောက်ထုတ်၏။ မှော်စွမ်းအား မိုးပြာအလင်းတန်းတစ်ခုက လှေကို သွားထိသည်။ ချက်ခြင်းပင် လှေငယ်က တဖြည်းဖြည်းချင်း အရွယ်အစား ကြီးလာသည်။ တအောင့်ကြာပြီးသည့်အခါ ၎င်းက လူတော်တော်များများ ဆန့်သော လှေတစ်ခု၏ အရွယ်အစားထိ ရောက်လာသည်။

ထိုမြင်ကွင်းကို မြင်သည့်အခါ ဟန်လိ၏ပုံရိပ်သည် ညင်သာစွာ လှုပ်ရှားသွားပြီး သူက လှေပေါ် ရောက်သွားသည်။ ထို့နောက်တွင် အဖြူရောင်အလင်း လင်းလက်ကာ ဟန်လိသည် လှေနှင့်အတူ ပျောက်ကွယ်သွားပြီး လေထဲ ပေသုံးဆယ်အကွာမှာ ပြန်ပေါ်လာသည်။

“မင်နက်ရေနဂါးရဲ့ ဆူးတောင်ကို အသုံးပြုပြီး သန့်စင်ထားတဲ့ ဒီနတ်လေလှေဟာ တကယ်ပဲ အံ့မခန်း ပျံသန်းနိုင်တဲ့ မှော်ပစ္စည်းပဲ။ ဒါက လမျက်နှာဖုံးဂိုဏ်းရဲ့ လူအများအပြား ဆန့်ပြီး ခုခံတိုက်ခိုက်နိုင်စွမ်းပါ ရှိတဲ့ နတ်လလှေနဲ့ ယှဉ်နိုင်စွမ်း မရှိပေမဲ့ အမြန်နှုန်းသပ်သပ်မှာဆို ပျံသန်းနိုင်တဲ့ ရှားပါးမှော်ပစ္စည်းတစ်မျိုးပဲ…။ ဒါနဲ့ဆို ငါ့အနေနဲ့ လိပ်တစ်ကောင်လို နှေးတဲ့ သစ်ရွက်မှော်ပစ္စည်းကို သုံးပြီး ခရီးသွားလာစရာ လိုတော့မှာ မဟုတ်ဘူး…”

ဟန်လိသည် ရုတ်တရက် လှေငယ်၏ ဘောင်ထံ သူ၏ စိတ်ဝိညာဉ်စွမ်းအားကို ပို့လွှတ်သည်။ အဖြူရောင်အလင်း ပေါက်ကွဲမှုနှင့်အတူ နတ်လေလှေက ချက်ခြင်းပင် အဖြူရောင်အလင်းတန်းအဖြစ်သို့ ပြောင်းကာ ရှေ့သို့ ထိုးတက်သွားသည်။ ၎င်း၏ အမြန်နှုန်းမှာ အံ့မခန်းတည်း။ သာမန်ကျင့်ကြံသူများ အကြောင်သား ဖြစ်သွားစေဖို့ထိ လုံလောက်ချေသည်။

ဟန်လိက လှေရှေ့ဦးတွင် ထိုင်နေလျက် မျက်လုံးမှိတ်ထားလျက် ရှိသည်။ သူက လုံးဝ မတွေ့ကြုံဖူးသော အမြန်နှုန်းတစ်ခုကို ခံစားနေသည့်ဟန် ပေါ်လွင်သည်။

သူသာ ဒီနတ်လှေ၏ အမြန်နှုန်းတဝက်ဖြင့် ပျံသန်းလျင် သူ့လှိုဏ်ဂူထံ တစ်နာရီ မပြည့်ခင်မှာ ပြန်ရောက်နိုင်ပြီဟု ထင်သည်။ ထို့နောက်တွင် သူက အားနည်းနေသေးသော ဒြပ်စင်ငါးခုပြောင်းပြန်အစီအရင်ကို တည်ဆောက်ရန် ပြင်ဆင်ရမည်။ သူ ထိုအစီအရင်ကို အပြီးသပ်ပြီးသည်နှင့် အေးအေးချမ်းချမ်း ကျင့်ကြံနိုင်တော့မည် ဖြစ်သည်။

ထိုသို့တွေးမိရုံ ရှိသေး ဟန်လိက သူ့လှေထံ အောက်ဘက်ကနေ အားကောင်းလှသော ချီပေါက်ကွဲမှုတစ်ခု တိုးဝင်လာသည်ဟု ရုတ်ချည်း ခံစားမိသည်။ သူက ၎င်းမှာ မည်သည့်တိုက်ခိုက်မှုမှန်း မသိသော်လည်း သူ ခံစားမိသော ချီစွမ်းအား ပမာဏအရ ၎င်းသာ သူ့လှေငယ်ကို လာထိမှန်ပါက လှေကောပျက်စီး၊ သူကော သေသွားနိုင်လောက်သည်။

ဟန်လိက အံ့အားသင့်မိသလို ဒေါသပါ ထွက်သွားသည်။ သူက မျက်လုံးကို ဆတ်ခနဲ ဖွင့်သည်။ ထို့နောက်တွင် သူ့အောက်မှ လှေ၏ အမြန်နှုန်းက နှစ်ဆထိုးတက်ကာ တဝီဝီမြည်သံပေးကာ ဆယ်ပေကျော်ထိ ဖြတ်ခနဲ ရောက်ရှိသည်။

တချိန်တည်းမှာ ဟန်လိ ရှိနှင့်ခဲ့သော နေရာ၌ အဝါရောင်အလင်းတိုင်လုံးကြီးတစ်ခုက ဖြတ်သန်းသွားသည်။ ဟန်လိ၏ အမူအရာမှာ သုန်မှုန်လာသည်။

“ ဒီနေရာကို ငါ ဖြတ်သွားမှာကို တစ်ယောက်ယောက် သိနေပြီး အလစ်တိုက်ဖို့ စီစဉ်ထားတာများလား…” ဟန်လိက ဒေါသဖြစ်ကာ ထိုသို့ တွေးမိသည်။ ယင်းနောက် သူက ချက်ခြင်းပင် မိုးပြာရောင်၊ အနီရောင် ဒွန့်တွဲနေသော စက်ဝန်းနှစ်ခုကို ထုတ်ယူကာ ယင်းတို့ကို အတူတကွ ပူးထိစေသည်။

ဖန်း…။ မြည်သံ ထွက်ပေါ်၏။

သိပ်သည်းလှသော မိုးပြာနီရောင်မြူထုတစ်ခုက ယင်းစက်ဝန်းနှစ်ခုထံမှ ထိုးထွက်ကာ ဟန်လိကို အလျင်အမြန် ထွေးခြုံသည်။ ထို့အပြင် ၎င်းက ဆက်လက်ချဲ့ကားပြီး မျက်စိတစ်မှိတ်အတွင်း ကြီးမားလှသော မိုးပြာနီရောင် တိမ်တိုက်ကြီးတစ်ခု ဖြစ်လာသည်။ ၎င်း၏ အရွယ်အစားမှာ ပေတစ်ရာနီးနီး ရှိ၏။ ဟန်လိ၏ ပုံရိပ်က သည်မြူတိမ်ထဲမှာ လုံးဝ ပျောက်ကွယ်သွားသည်။

ထိုအကာအကွယ်ကို ထုတ်ဖော်ပြီးနောက်မှာ ဟန်လိက အောက်ဘက်သို့ အေးစက်စက် လှမ်းကြည့်သည်။

ဟန်လိက သူ့အောက်မှ အခြေအနေများကို မြင်သည့်အခါ သူ မေးပြုတ်ကျမတတ် မျက်လုံးပြူးမျက်ဆန်ပြူး ဖြစ်သွားသည်။ သူသည် အချိန်အတန်ကြာ မင်သက်နေမိသည်။ အကြောင်းမှာ သူ့အောက်ဘက်တွင် တိုက်ပွဲကြီးတစ်ပွဲ ဖြစ်နေသောကြောင့်တည်း။

အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ လေးငါးယောက်သည် အခြေအနေဆိုးနေသည်။ သူတို့ကို ရန်သူတစ်ရာနီးပါးက ဝန်းရံ တိုက်ခိုက်နေ၏။ ထို့အပြင် သူတို့၏ ရန်သူများမှာ အမူအရာကင်းမဲ့ကာ အသက်ဓာတ်လည်း မရှိကြပေ။ သူတို့မှာ ကျားများ၊ ကျားသစ်များအသွင် ရှိသည့် စက်ရုပ်သေးသားရဲများတည်း။ လူသားအသွင် စက်ရုပ်သေးအချို့ပင် ရှိနေသေး၏။ ဟန်လိ၏ သိုလှောင်အိတ်ထဲ၌ ရှိနေသော လေသမားရုပ်သေးနှင့် အလွန်တူသော စက်ရုပ်သေးများလည်း ပါသည်။

ထိုရုပ်သေးများ၏ လှုပ်ရှားမှုများက နှေးကွေးကာ ရင်ဆိုင်ရလွယ်မည့်ဟန် ပေါ်သော်လည်း ကျင့်ကြံသူများ၏ မှော်ပစ္စည်းများကြောင့် ထိုရုပ်သေးတစ်ရုပ် ဖျက်စီးခံရလျှင် တောအုပ်အနီးအနားမှ နောက်ထပ် ရုပ်သေးအချို့သည် လှမ်းထွက်လာကာ အားဖြည့်သည်။ ထိုအခါ ကျင့်ကြံသူများကို ဝန်းရံထားသော ရုပ်သေး အရေအတွက်မှာ အဆက်မပြတ် တိုးလာကာ အရေအတွက် မလျော့သွားတော့ပေ။

သည့်အပြင် ထိုရုပ်သေးများ၏ တိုက်ခိုက်စွမ်းရည်များမှာလည်း ကြောက်မက်ဖွယ်ကောင်းသည်။

ထိုစက်ရုပ်သေးသားရဲများက ပါးစပ်ဖွင့်သည့်အခါမှာ ဇလုံးတစ်လုံးစာ လုံးပတ်ရှိသော အလင်းတိုင်လုံးကြီးများက ထိုးထွက်လာသည်။ ယင်းအလင်းတိုင်လုံးမှာ ဟန်လိ၏ လှေကို လာထိမှန်မတတ် ဖြစ်ခဲ့သောအရာများပင်။ သို့ပေမည့် ယင်းရုပ်သေးများ၏ အလင်းတိုင်လုံးတို့မှာ အရောင်စုံပြီး ယင်းတို့၏ စွမ်းရည်ဓာတ်မျိုးစုံကို ကိုယ်စားပြုသည်။

ဟန်လိသည် ထိုထဲမှ တစ်ခုနှင့် မတော်တဆ ထိမှန်တော့မလို ဖြစ်ခဲ့ပုံ ပေါ်သည်။

လူသားအသွင် ရုပ်သေးများက သာ၍ သန်မာသေး၏။ လေသမား ရုပ်သေးများက သူတို့၏ လက်ထဲမှ ရှည်လျားသော လေထံကနေ လက်ငါးချောင်းစာ ကျယ်ပြောသော ရောင်စုံအလင်းမြားများကို ထုတ်လွှတ် တိုက်ခိုက်နေသည်။ သူတို့၏ ခွန်အားက အလင်းတိုင်လုံးများ ထုတ်လွှတ်တိုက်ခိုက်သော စက်ရုပ်သေးများလောက် မကြီးမားသော်လည်း ထူးကဲလှ၏။ အကြောင်းမှာ သူတို့က အတောမသပ်နိုင်သော တိုက်ခိုက်မှုများကို ထုတ်ဖော်နိုင်သောကြောင့်ပင်။

ထိုကျင့်ကြံသူများက စုပေါင်းအားစိုက်ထုတ်ပြီး ကြီးမားသော အရံအတားကို မထုတ်ဖော်ထားနိုင်ပါက သူတို့သည် ဒီအလင်းမြားများ၊ အလင်းတိုင်လုံးများ၏ အောက်မှာ အသက်ပျောက်နေလောက်ပြီ။

သို့ပေမည့် သူတို့ကို ခေါင်းအကိုက်စေဆုံးမှာ လှံနှင့်ဆေဘာဓားများ ကိုင်ဆောင်ကာ အနီးကပ် တိုက်ခိုက်သော ရုပ်သေးများပင်။ ယင်းရုပ်သေးများက လေးလံသောချပ်ဝတ်များကို ဝတ်ကာ သူတို့၏ လက်ထဲ၌ တောက်ပသော လက်နက်များ ကိုင်ထား၏။ ယင်းလက်နက်များမှာ အဆင့်နိမ့်ကနေသည် အလယ်အဆင့်ထိ မှော်ပစ္စည်းများ ဖြစ်၏။

သူတို့က အရေအတွက်အားဖြင့် ဆယ်ယောက်သာ ရှိသော်လည်း ကျင့်ကြံသူများ၏ အရံအတားကို အဆက်မပြတ် တိုက်ခိုက်နေသည်။ ထိုသို့သော တိုက်ခိုက်မှုအောက်မှာ အရံအတားသည် အက်ကွဲလာ၏။ တောက်ပမှု ယိုယွင်းလာ၏။ ကျင့်ကြံသူနှစ်ယောက်က သူတို့၏လက်များဖြင့် ၎င်းကို ဖိကပ်ကာ မှော်စွမ်းအား အချိန်တိုင်း အားဖြည့်ပေးနေခြင်းကြောင့်သာ မဟုတ်ပါက ထိုအရံအတားသည် အကြိမ်များစွာ ပျက်စီးနေခဲ့လောက်ပြီ။

ထိုကျင့်ကြံသူများက ဒီရုပ်သေးများကို ဘာမျှ မတုန့်ပြန်၊ မတိုက်ခိုက်နိုင်တာတော့ မဟုတ်ချေ။

တကယ်တော့ သူတို့သည် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်၏။ သူတို့၏ မှော်စွမ်းအားက နက်ရှိုင်းသည့်အပြင် သူတို့ ပိုင်ဆိုင်ထားသော မှော်ပစ္စည်းများမှာလည်း ကြောက်မက်ဖွယ်ကောင်းအောင် အစွမ်းထက်သည်။ အချိန်တိုအတွင်း ရုပ်သေး သုံးလေးဆယ်သည် သူတို့၏ တိုက်ခိုက်မှုများကြောင့် လက်စတုန်းကုန်ခဲ့ပြီ။

သို့ပေမည့် သူတို့လက်ထဲရှိ မှော်ပစ္စည်းများက မည်မျှ သန်မာပါစေ တောအုပ်ထဲရှိ ရုပ်သေး အရေအတွက်မှာ မကုန်မခမ်းနိုင်အောင် ရှိနေသည့်အလား။ ယင်းတို့က ပျက်စီးပျောက်ကွယ်သွားသော ရုပ်သေးများနေရာ၌ အစားထိုးကာ ဆက်၍ တိုက်ခိုက်သည်။ ကျင့်ကြံသူများက ပို၍ တိုက်ခိုက်နေလေလေ သူတို့၏ စိတ်နှလုံးများက ပိုပို အေးစက်လာလေပင်။

မိုးပြာတိမ်တိုက်ကြား၌ လေထဲမှာ ပုန်းနေသော ဟန်လိသည် သူ တွေ့မြင်ရသည့် မြင်ကွင်းကြောင့် မင်သက်တုန်လှုပ်နေသည်။ ထိုသို့သော ဗရမ်းဗတာ အခြေအနေ၌ မည်သူကမျှ သူ၏ တည်ရှိမှုကို ခုထိ မတွေ့သေးပုံ ရသည်။ အစောလေးက ဖြတ်သန်းသွားသော အလင်းတိုင်လုံးမှာ မတော်တဆသာ။

နောက်ဆုံး၌ ကျင့်ကြံသူတစ်ယောက်က စိတ်ရှည်မှု ကုန်ခမ်းသွား၏။ ရုတ်တရက် သူက သူ့ခန္ဓာကိုယ်ပေါ် အကာအကွယ်မန္တာန် အလွှာအထပ်ထပ် ထည့်ပေါင်းသည်။ ထို့နောက်တွင် အလံတိုင်ကဲ့သို့ အကာအကွယ်မှော်ပစ္စည်းတစ်ခုကို ဝေ့ယမ်း၏။ သူက ကြီးမားသော အရံအတားကနေ အလျင်အမြန် ထိုးထွက်ကာ ကောင်းကင်ထက်သို့ ပျံသန်းသည်။ ကြည့်ရတာ သူက ဒီဧရိယာကနေ ထွက်ပြေးချင်သည့်နှယ်။

ဤသည်ကို မြင်သည့်အခါ တခြားကျင့်ကြံသူအချို့က ထိုသူ့အား ဆဲရေးကုန်သည်။

သို့သော် သူတို့၏ ဆဲရေးသံ ထွက်လာရုံ ရှိသေး တောအုပ်ထဲမှ ကြီးမားလှသော အလင်းတိုင်လုံးကြီးတစ်ခု ထိုးထွက်လာသည်။ ၎င်းက ဖြတ်ခနဲအတွင်း လေထဲရှိ ထိုကျင့်ကြံသူကို လာထိမှန်သည်။ သူသည် ချက်ခြင်း မီးလုံးအဖြစ်သို့ ပြောင်းသွား၏။ သူ့အဖို့ ‌ရှောင်ရန်ပင် အချိန်မရလိုက်ပေ။ မြေပေါ်သို့ ပြုတ်ကျသွား၏။ သူ သေလား၊ရှင်လားကို မသိရတော့ချေ။

All Chapters