ဧရာမကျား
Vol. 17 Ch. 229
ကျန်ကျင့်ကြံသူများသည် တစ်ယောက်နှင့်တစ်ယောက် ကြည့်မိကုန်သည်။ သူတို့၏ မျက်လုံးများထဲ၌ ထိတ်လန့်မှုကို မြင်ရလေသည်။
သည့်အရင်တုန်းက သူတို့သည် ခံဘက်သပ်သပ် ဖြစ်နေသော်လည်း စိတ်ထဲ၌ လုံးဝ စိုးရိမ်ပူပန်မှု မရှိခဲ့ပါ။ သူတို့အားလုံးက ဒီစက်ရုပ်သေးများအားလုံးကို မသတ်နိုင်လျှင်ပင် လေထဲသို့ ဖြတ်၍ ပျံသန်းဖို့မှာ လွယ်ကူလိမ့်မည်ဟု မှတ်ယူခဲ့ကြသည်။
သို့သော် ခုချိန်၌ သူတို့၏ ထွက်ပြေးသော အဖော် ဖြစ်အင်ကြောင့် ထိုစိတ်ကူးမှာ လွင့်ပျောက်သွားရပြီ။ သူတို့ ထိတ်လန့်တုန်လှုပ်နေပြီ။ ထိုထွက်ပြေးသွားသော သူက သူ့ခန္ဓာကိုယ်ပေါ်မှာ အကာအကွယ်မန္တာန်များစွာ ကြိုပြင်ဆင်ထားခဲ့သေး၏။ သို့သော် အလင်းတိုင်လုံးကို တစ်စက်လေးမျှ မခုခံနိုင်ခဲ့ပေ။ သို့ဖြစ်၍ သူတို့က မထိတ်လန့်မိဘဲ ဘယ်နေတော့မည်နည်း။
ထို့အပြင် လူတစ်ယောက်၏ ကျင့်ကြံမှုအဆင့်က ပို၍ မြင့်လေ ထိုသူမှာ သေရမှာ ပိုကြောက်လေ ဖြစ်၏။ သူတို့က လွယ်လွယ်ဖြင့် မသေချင်ကြပါ။
သို့သော် ထိုထူထဲသော အလင်းတိုင်လုံးက အစွမ်းထက်လွန်းတာ ထင်ရှားနေသည်။
ထိုအလင်းတိုင်လုံး အကြောင်း ပိုတွေးမိလေလေ သူတို့မှာ ပို၍ ထိတ်ပြာရလေပင်။ သူတို့သည် နောက်ဆုတ်မည့်အကြောင်း မတွေးမိဘဲ မနေနိုင် ဖြစ်ကုန်သည်။
သို့သော် ခုချိန်၌ သူတို့က နောက်ဆိုလိုလျှင်ပင် ရန်သူက အလွယ်တကူ ဘယ်ခွင့်ပြုပါ့မည်နည်း။ ရန်သူက အသားစီး ရနေပြီ မဟုတ်လား။
သူတို့၏ အထက်ရှိ လေထဲတွင် ပုန်းနေသော ဟန်လိမှာလည်း ထိုအလင်းတိုင်လုံး၏ အစွမ်းကို မြင်သည်။ သူလည်း တုန်လှုပ်နေ၏။ အခုအခါ သူ့ကိုယ်သူ ပို၍ ထင်ထင်ရှားရှား ထွက်မလာချင်တော့ပေ။
သို့သော် ဟန်လိက ဒီအတိုင်းလည်း ဒီနေရာကနေ မထွက်သွားချင် ဖြစ်နေ၏။
သူ့ တည်ရှိမှုကို တွေ့ရှိသွားပါကလည်း သူက နတ်လှေ၏ အမြန်နှုန်းအပေါ် မှီခိုကာ ထွက်ပြေးနိုင်လောက်မည်။ ဟန်လိက လေထဲ၌ ဆက်နေနေပြီး ဖြစ်ပေါ်လာမည့် အခြေအနေကို စောင့်ကြည့်လေ့လာသည်။
သို့ပေမည့် ဟန်လိ၏ မှော်ပစ္စည်းဖြစ်သော မိုးပြာနီရောင်တိမ်တိုက်က အောက်ဘက်မှ ကျင့်ကြံသူများနှင့် ရုပ်သေးများအတွက် သိသာထင်ရှားနေသည်။ ကံကောင်းစွာဖြင့် ဟန်လိက တိုက်တုန်းခိုက်တုန်း အချိန်အတွင်း သူ့ လှေငယ်ကို ပေတစ်ထောက်လောက် ပိုမြင့်သည့် နေရာထိ ရောက်စေခဲ့တာ ဖြစ်၏။
ထို့ကြောင့် ဟန်လိကို ဝန်းရံခံထားရသော ကျင့်ကြံသူများ သို့မဟုတ် တောအုပ်အတွင်းမှ ရုပ်သေးများကို ထိန်းချုပ်နေသောသူတို့ ခုထိ သတိမပြုမိသေးပေ။
သို့ပေမည့် ဟန်လိက ထိုသို့ အမြဲဖြစ်နေလိမ့်မည် မဟုတ်တာကို သိသည်။ သို့သော် သူသာ တိမ်တိုက်အစုအဝေးကို ပြန်ရုတ်သိမ်းလိုက်ပါက လေထဲ၌ သူ့ပုံရိပ်က ကျိန်းသေပေါက် ပေါ်ထွက်သွားလိမ့်မည်။
ရေနဂါး၏ မျက်လုံးကို အသုံးပြု သန့်စင်ထားသော မိုးပြာမီးအနံ့ဆိုး အမည်ရ ထိပ်တန်းမှော်ပစ္စည်းက ဟန်လိ၏ ပုံရိပ်ကို ဖုံးကွယ်ပေးရုံသာမက ရန်သူများအား သူ့တည်နေရာအတည်အကျကို ထောက်လှမ်းနိုင်စွမ်းမရှိ ဖြစ်စေနိုင်သည်။ ထို့အပြင် မင်နက်ရေနဂါး၏ ဒျန်ထံမှ လက်ကျန်သွေးက ထူထဲသိပ်သည်းသော မိုးပြာနီမြူထုနှင့် ပေါင်းစပ်နေသေးသည်။ ထိုအခါ သည်တိမ်တိုက်အစုအဝေးနှင့် ထိမိသော သူများမှာ မူးဝေမှုကို ခံစားရပြီး သိပင်မသိဘဲ ဖြည်းဖြည်းချင်း အဆိပ်မိသွားနိုင်သည်။
သူ့လက်ထဲတွင် ထိုသို့သော အားသာချက်ကို ကိုင်ထားသည် ဖြစ်၍ ဟန်လိက ၎င်းမှော်ပစ္စည်းများကို အသုံးပြုမည်သာ။
ထိုသို့ စဉ်းစားရ ကြပ်နေစဉ်အတွင်း ဟန်လိက သူ ပုန်းနေသော အနီးအနား၌ မီးခိုးရောင်တိမ်တိုက်တစ်ခု လွင့်မြောလာသည်ကို ရုတ်တရက် မြင်သည်။ သူက စိတ်ထဲ၌ ချက်ခြင်း ပျော်သွားမိ၏။ ၎င်းတိမ်တိုက်က သူ ပုန်းနေသော အနားသို့ ရောက်လာ၏။ နောက်ဆုံးမှာ သူနှင့် သူ့ပတ်လည်မှ အကာအကွယ်တိမ်တိုက်တို့က ယင်းမီးခိုးရောင်တိမ်တိုက်အတွင်းသို့ ဝင်ရောက်သွားသည်။ အ
ထိုအခါ ဟန်လိ၏ အရိပ်အယောင်အားလုံးမှာ လုံးဝ ဖုံးကွယ်ထားပြီး ဖြစ်သွား၏။
သို့ဖြစ်၍ အခုအခါ သူက အောက်ဘက်မှ သူများ သူ့ကို ရှာတွေ့သွားမှာ စိတ်ပူနေရန် မလိုတော့၊ သူက မြေပြင်ပေါ်ရှိ တိုက်ပွဲကိုသာ စိတ်ရှည်ရှည်နှင့် ဆက်၍ စောင့်ကြည့်နေသည်။
အစောပိုင်းတုန်းက အလင်းတိုင်လုံးကြောင့် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများသည် ယုံကြည်မှု လျော့ကုန်လေပြီ။ သို့ဖြစ်၍ သူတို့၏ တိုက်ခိုက်မှုများက ကြမ်းတမ်းနေသော်ငြားလည်း ဟန်လိက သူတို့၏ တိုက်ခိုက်မှုများမှာ အရင်ထက် များစွာ အားနည်းသွားပြီကို မြင်ရသည်။
အကြောင်းမှာ ထိုသူများက ရန်သူကို ပူးပေါင်းခုခံလိုစိတ် ကင်းမဲ့ကုန်ကာ စိတ်အားတက်ကြွမှု ပျောက်ကုန်သောကြောင့်ပင်။
ဟန်လိက တိတ်တဆိတ် ခေါင်းယမ်းမိ၏။ ထိုစဉ် အရံအတားအတွင်းမှ အသက်ကြီးကြီး ကျင့်ကြံသူတစ်ယောက်က တစ်ခုခု မှားနေမှန်း သဘောပေါက်သည်။ ရုတ်တရက် သူက တောအုပ်ရှိရာထံ လှမ်းအော်သည်။ “မိတ်ဆွေ…ခင်ဗျားက ဒီတိုက်ပွဲကို တကယ်ပဲ ဆက်ချင်သေးတာလား။ ကျုပ်တို့ဟာ ယွမ်ဝူဒေသရဲ့ ဂိုဏ်းအသီးသီးက တပည့်တွေပဲ။ ခင်ဗျားသာ ကျုပ်တို့ကို သတ်ပစ်ခဲ့ရင် ယွမ်ဝူဒေသရဲ့ ကျင့်ကြံခြင်းလောကကို ပြစ်မှားမိပြီ။ ခင်ဗျားအပေါ် ဘေးဒုက္ခကျရောက်မှာကို မစိုးရိမ်ဘူးလား…”
“ဟားဟား…ဘေးဒုက္ခလား…”
“ထွက်ပြေးတဲ့ တစ်ယောက်ကို ကျုပ် မသတ်ခင် ခင်ဗျားက ဒီစကားပြောလာခဲ့ရင် ကျုပ်အနေနဲ့ စဉ်းစားရင် စဉ်းစားအုံးမယ်။ ဒါပေမဲ့ အခုတော့ ကျုပ်က တစ်ယောက်ကို သတ်ပြီးပြီ။ ဒီတော့ ရန်စမိတာက ရန်စမိတာ ဖြစ်သွားခဲ့ပြီပဲ။ ဒါ့ကြောင့် လူတိုင်းကို သတ်ပစ်တာက ပိုကောင်းလိမ့်မယ်။ ဒါဆို ဘယ်သူမှ အခုကိစ္စကို သိနိုင်တော့မှာ မဟုတ်ဘူး…”
“ကျုပ်တို့မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး။ ခင်ဗျားသာ အေးအေးချမ်းချမ်း ဖြစ်စေချင်ရင် ကျုပ်တို့လည်း အခုကိစ္စကို လျှို့ဝှက်ထားပါမယ်လို့ ကျိန်ဆိုပေးနိုင်တယ်…”
ငယ်ရွယ်သော ကျင့်ကြံသူတစ်ယောက်က အရိုအသေပေးကာ ထိုသို့ အလျင်အမြန် ပြောလိုက်သည်။
“ဟား…ကျိန်ဆိုမှာလား။ ကျုပ်တော့ အဲ့လိုဟာတွေကို အယုံအကြည် မရှိဘူး။ ခင်ဗျားတို့ဟာ ကျုပ်နောက်ကို ခိုးကြောင်ခိုးဝှက် လိုက်နေတာ တော်တော်ကြာပြီ။ ဒါတောင် မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူးလို့ ပြောနေတုန်းလား။ ဒါ့အပြင် ကျုပ်က ယွမ်ဝူဒေသက လူမဟုတ်ဘူး။ ဒါ့ကြောင့် ခင်ဗျားတို့ရဲ့ ကျင့်ကြံခြင်းဒေသကို ရန်စမိခဲ့ရင်တောင် ခင်ဗျားတို့ ဘာလုပ်နိုင်မှာ မလို့လဲ။ ဘာလဲ။ တရားမျှတမှု ရဖို့အတွက် ခင်ဗျားတို့က ဝါးတစ်ထောင်ကျောင်းတော်ထိ ကျုပ်နောက်ကို လိုက်လာမလို့လား။ အဲ့လိုသာ အမှန်တကယ် ဖြစ်ခဲ့ရင်တော့ ကျုပ်အနေနဲ့ ခင်ဗျားတို့ ဂိုဏ်းတွေက အကြီးအကဲတွေရဲ့ သတ္တိရှိမှုကို လေးစားမိမှာ သေချာတယ်…”
တောအုပ်အတွင်းမှ ကြမ်းရှရှ အသံ ထွက်ပေါ်လာသည်။ ထိုအသံကို ကြားသည့်အခါ ဟန်လိက အလွန်ရင်းနှီးသည်ဟု တွေးမိသည်။
“ သူကို…” ဟန်လိမှာ အံ့အားသင့်သွား၏။
အသံအရ ထိုသူမှာ လေလံပွဲတွင် စက်ရုပ်သေးများကို ဝယ်သွားခဲ့သော လူထွားကျင့်ကြံသူ ဖြစ်နေသည်။ သူတို့၏ အပြန်အလှန် ပြောစကားများအရ ထိုကျင့်ကြံသူများကမူ လေလံပွဲပြီးသည့်နော်ကမှာ သည်လူ့နောက် တိတ်တဆိတ် လိုက်လာခဲ့ပုံ ရသည်။ သူတို့က စက်ရုပ်သေး၏ လျှို့ဝှက်ချက်များကို ရှာဖွေသိချင်ပုံ ရ၏။ ဝါးတစ်ထောင်ကျောင်းတော်မှ ထိုလူထွားကျင့်ကြံသူက ထိုသူတို့၏ အပြုအမူများကို အစောပိုင်းတည်းက သတိပြုမိခဲ့ပုံ ပေါ်သည်။ သူက သူတို့ကို ဒီနေရာထိ ခေါ်လာကာ ထောင်ချောက်ဆင်ခဲ့တာ ဖြစ်မည်။
“လူတိုင်းပဲ…ကျုပ်တို့မှာ ရွေးချယ်စရာ မရှိတော့ဘူး။ ဒီတော့ သူ့ကို အစွမ်းကုန် တိုက်ကြတာပေါ့။ သူက ကျုပ်တို့ကို နှုတ်ပိတ်ပစ်ချင်နေတာ သိသာနေတာပဲ…”
ပထမဆုံး စကားပြောခဲ့သော အသက်ကြီးကြီး ကျင့်ကြံသူက ငတုံးမဟုတ်ပေ။ သူက တခြားသူများ၏ တိုက်ချင်ခိုက်ချင်စိတ်ကို တက်ကြွလာအောင် ကြိုးစားသည်။
“မင်းတို့က ကျုပ်ကို ယှဉ်နိုင်မယ့် အရည်အချင်း ရှိလို့လား။ အပိုတွေ မပြောတော့နဲ့။ မင်းတို့က ကျုပ်ရဲ့ ရုပ်သေးသားရဲအုပ်စုကိုတောင် အနိုင်မယူနိုင်ဘဲနဲ့။ ကျုပ် မင်းတို့နဲ့ ကစားပေးတာ လုံလောက်ပြီ။ ကျုပ် မင်းတို့ကို မရဏလမ်းဆီ အမြန် ပို့ပေးတော့မယ်…”
လူထွားကျင့်ကြံသူ၏ စကားလုံးများထဲတွင် သတ်ဖြတ်ချင်စိတ် ပေါ်လွင်နေသည်။
သူ့ထံမှ ထိုစကားများ ထွက်လာပြီးသည်နှင့် ကျယ်လောင်လှသော ဟိန်းမြည်သံတစ်သံက တောအုပ်ထဲမှ ရုတ်ချည်း မြည်ဟိန်းလာသည်။ ထို့နောက်တွင် တောအုပ်အတွင်းမှ လေးလံသော ခြေသံများ လှမ်းထွက်လာသည်။ ထိုအခါ အရံအတားအတွင်းရှိ ကျင့်ကြံသူများနှင့် လေထဲရှိ ဟန်လိတို့မှာ ယင်းတောအုပ်ထံ အကြည့်ရောက်သည်။ သူတို့က အတိအကျ မည်သို့ဖြစ်ပျက်လာမလဲ မသိကြပေ။
တောအုပ်တွင်းမှ လှမ်းလာသော ခြေသံများက လေးလံ၏။ သို့သော် လျင်မြန်လွန်းသည်။ မျက်စိတမှိတ်အတွင်း ယင်းက တောအုပ်အနီးအနား ဧရိယာထိ ရောက်လာခဲ့လေပြီ။ အခုအခါ လူအားလုံးက မည်သို့ဖြစ်ပျက်နေတာအား ကောင်းစွာ တွေ့မြင်နိုင်ပြီ။ ပေငါးဆယ်ခြောက်ဆယ်လောက် ရှိမည့် ရုပ်သေးကျားတစ်ကောင်က တောအုပ်ထဲမှ ခုန်ထွက်လာသည်။ လူထွားကျင့်ကြံသူက ဝတ်ရုံရှည်ကြီးကို ဝတ်ထားဆဲဖြစ်၏။ သူက ထိုဧရာမကျားကြီး၏ ခေါင်းပေါ်၌ သက်တောင့်သက်သာ ထိုင်နေသည်။
ထိုရုပ်သေးကျားက အလွန်ကြီးမားသည်ကို မြင်သည့်အခါ ကျင့်ကြံသူအချို့က စိတ်ထဲ၌ ကြိတ်၍ တုန်လှုပ်သွားကြပြီး အစောပိုင်းတုန်းက သူတို့ တွေ့မြင်ခဲ့ရသော အလင်းတိုင်လုံးကြီးအကြောင်း ပြန်မတွေးမိဘဲ မနေနိုင် ဖြစ်သည်။ ၎င်းအလင်းတိုင်လုံးမှာ ယင်းကျားကြီးက ထုတ်လွှတ်ခဲ့တာ ဖြစ်ဖို့များချေ၏။
၎င်းကျား ပေါ်လာသည့်အခါ လူထွားကျင့်ကြံသူက ထူးထူးထွေထွေ စကားမဆို ထိုကျား၏ ဦးခေါင်းကိုသာ လက်ဖြင့် ပုတ်သည်။
ထိုအခါ ရုပ်သေးကျားကြီးက ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာ၏။ ကျင့်ကြံသူများ၏ အရံအတားကို တိုက်ခိုက်နေသော တခြားရုပ်သေးများက ၎င်းတို့၏ တိုက်ခိုက်မှုကို ဖြည်းဖြည်းချင်း ရပ်တန့်ကာ နောက်သို့ တညီတညာတည်း ခြေလှမ်းအနည်းငယ် ဆုတ်သည်။
ထိုကျင့်ကြံသူများက အခြေအနေမလှကြောင်း သိသည်။ သို့ဖြစ်၍ သူတို့က လက်များကို ဆန့်ထုတ်ကာ အရံအတားကို အားဖြည့်သည်။ ထိုအရံအတားရှိမှသာ သူတို့ အသက်ရှင်နိုင်လိမ့်မည် မဟုတ်လား။ အရံအတားကို ထား၍ ထွက်ပြေးမည့်အကြံကိုမူ သူတို့ မစဉ်းစားကြတော့၊ ရှေ့၌ နမူနာ ရှိခဲ့ပြီ ဖြစ်၏။
အဖြူရောင်အလင်းတိုင်လုံးကြီးက ထပ်မံ ပေါ်လာခဲ့လေပြီ။ သည်တစ်ကြိမ်၌ အားကောင်းလှသော အလင်းတိုင်လုံးကို ကျင့်ကြံသူအချို့ ပူးပေါင်းအားစိုက်ထုတ်၍ အရံအတားကို အားဖြည့်တင်းခြင်းကြောင့် နှစ်ဦးနှစ်ဖက်သည် မျှခြေအနေအထား ဖြစ်လာသည်။
ဟန်လိက ကောင်းကင်အမြင့်မှာ ရှိနေသော်လည်း အောက်ဘက်ရှိ အခြေအနေများကို မြင်သည်။ ကျင့်ကြံသူတို့က အလင်းတိုင်လုံးကို ဟန့်တားနိုင်ခဲ့သော်လည်း သူတို့၏မျက်နှာထက်မှာ ပျော်ရွှင်ဟန်မပေါ်၊ ထိုအစား သူတို့မျက်နှာများက ဖြူရောကုန်၏။ အရံအတားတွင်းသို့ သူတို့က စိတ်ဝိညာဉ်စွမ်းအင် မြောက်များစွာ ထည့်သွင်းခဲ့ရသည်။
သို့သော်လည်း ထိုအလင်းတိုင်လုံး၏ အကြမ်းပတမ်းတိုက်ခိုက်မှုက အချိန်သိပ်ကြာတော့မည် မဟုတ်ဟု ဟန်လိက ယုံသည်။ အရံအတားအတွင်းရှိ ကျင့်ကြံသူများကလည်း ထိုအခြေအနေကို သိ၏။ ထို့ကြောင့် သူတို့က အံတင်းတင်းကြိတ်ကာ ခါးသီးစွာဖြင့် ဆက်၍ တောင့်ခံထားသည်။
မျှော်လင့်ထားသည့်အတိုင်းပင် အလင်းတိုင်လုံးသည် တအောင့်အကြာမှာ ပါးလှပ်သွားကာ ကျား၏ ပါးစပ်ထံမှ ပျောက်ကွယ်သွားသည်။
ထိုအခါကျမှ ကျင့်ကြံသူများသည် စိတ်အဆင်ပြေသွား၏။ နောက်ဆုံး၌ အရံအတားပေါ်မှ သူတို့၏ လက်များကို ပြန်ရုတ်ကာ သက်ပြင်းရှည် ချနိုင်တော့သည်။
သို့သော် ဤသည်ကို မြင်သည့်အခါ လူထွားကျင့်ကြံသူက အေးတိအေးစက် ရယ်မောသည်။ ရုတ်တရက် သူက ရုပ်သေးကျားခေါင်းပေါ်ရှိ လျှို့ဝှက်ခလုတ်တစ်ခုကို ဖွင့်လှစ်ပြီး မီးဒြပ်အလွယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်ခုကို ၎င်းထဲ ပစ်ထည့်သည်။ ထိုအခါ ကျား၏ ပါးစပ်မှ ပျောက်ကွယ်သွားသော အဖြူရောင်အလင်းက တဖန် ပြန်တောက်ပလာသည်။ ထိုမြင်ကွင်းကို တွေ့သည့်အခါ ကျင့်ကြံသူအချို့မှာ မင်သက်ကြောင်ရီ ငေးမောသွား၏။
ဟန်လိက လျှာကိုက်မိ၏။ သူ့အဖို့ ပြောစရာ စကားပါ မဲ့ရသည်။ တိုက်ခိုက်မှုတစ်ခုအတွက် အလယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးကို အသုံးပြုခြင်း။ ထိုတိုက်ပွဲ နည်းဗျုဟာက ဘယ်လိုတုန်း။ ကျင့်ကြံသူများကို တိုက်ခိုက်ဖို့အတွက် စိတ်ဝိညာဉ်ကျောက်တုံးများ အပုံလိုက် အသုံးပြုနေတာ ထင်ရှားသည်။ ဝေးကွာလှသော နိုင်ငံတစ်ခုမှ ဝါးတစ်ထောင်ကျောင်းတော်က အလွန်ချမ်းသာကာ စိတ်ဝိညာဉ်ကျောက်တုံး မြောက်များစွာကို သိုလှောင်ထားနိုင်ပုံ ရသည်။
ဟန်လိ၏ စိတ်အတွေးများ ကဆုန်ပေါက်နေမိသည်။ မူလတုန်းက အတူတကွ ပူးပေါင်းလုပ်ဆောင်နေသော ကျင့်ကြံသူများသည် သူတို့အပေါ် ဘေးအန္တရာယ် ချိန်းခြောက်မှု ကြီးကြီးမားမားနှင့် ရင်ဆိုင်ရသည့်အခါ နောက်ဆုံး၌ တကွဲတပြား ဖြစ်ကုန်လေပြီ။
အကြောင်းကား သူတို့ထံ၌ မှော်စွမ်းအား များများစားစား မကျန်တော့၊ သူတို့အတင်းအကြပ် အားကုန်ထုတ်၍ ဆက်ပြီး ခုခံပါက သေခြင်းတရား ပိုစောစီးစွာ ရောက်လာနိုင်သည်။ ထို့ကြောင့် သူတို့အဖို့ ကိုယ့်ကံပေါ်ကိုယ် မှီခိုပြီး တစ်ဦးချင်း ထွက်ပြေးရုံသာ ရှိတော့သည်။
ထင်သည့်အတိုင်းသာ။ လူထွားကျင့်ကြံသူ၏ ကျားကြီးက အလင်းတိုင်လုံးဖြင့် ကျင့်ကြံသူနှစ်ယောက်ကို တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်သည်။ သူတို့၏ ကံကြမ္မာကား အစောပိုင်းတုန်းက ပထမဆုံး ထွက်ပြေးရန် ကြိုးစားခဲ့သူနှင့် နင်လားငါလားသာ။ အလင်းတိုင်လုံး၏ ထိမှန်ခံရခြင်းကြောင့် ထိုနှစ်ယောက်၏ ခန္ဓာကိုယ်များသည် မီးသွေးကဲ့သို့ မဲနက်သွားသည်။ သူတို့၏ ခန္ဓာကိုယ်အကြွင်းအကျန်များသည်လည်း မြင်ရက်စရာ မရှိအောင် ဆိုးဝါးလေ၏။