← Chapters

ထောင်ချောက်

Vol. 17 Ch. 230

ထောင်ချောက်

Vol. 17 Ch. 230

နောက်ထပ် ကျင့်ကြံသူနှစ်ယောက်ကမူ အဝေးသို့ ထွက်ပြေးသွားနိုင်ခဲ့သည်။ မျက်စိတမှိတ်အတွင်း သူတို့မှာ ကောင်းကင်ထက် ပျောက်ကွယ်သွားသည်။ လူထွားကျင့်ကြံသူက ကျားပေါ်၌ ထိုင်နေလျက် ထိုထွက်ပြေးသွားသော နှစ်ယောက်ထံ အေးစက်စက် လှမ်းကြည့်သည်။ သူက ထိုနှစ်ယောက်နောက်သို့ လိုက်လံတိုက်ခိုက်ချင်စိတ် မရှိပုံ ရသည်။

တိမ်တိုက်များအတွင်း၌ ပုန်းနေသော ဟန်လိမှာ နည်းနည်းတော့ စိတ်ရှုပ်ထွေးသွားသည်။ တအောင့်လေးတုန်းက ထိုသူမှာ ကြမ်းကြုတ်ရက်စက်ပုံ ပေါ်ခဲ့ကာ သည်ကျင့်ကြံသူအချို့ကို လွတ်မြောက်ခွင့် မပေးလောက်ဟု ထင်ခဲ့စရာပင်။ သူ့ထံ၌ ဝှက်ဖဲများ ရှိနေတာလား။

ဟန်လိက နည်းနည်းပါးပါး ခန့်မှန်းကြည့်နေစဉ် ရုတ်တရက် သူက ထိုလူထွားကျင့်ကြံသူထံမှ အေးစက်စက် အသံကို ကြားရသည်။ “ခင်ဗျား ဒီမြင်ကွင်းကို ကြည့်နေတာ တော်တော်ကြာပြီ။ ဘာလဲ ခင်ဗျားက အခွင့်အရေးတစ်ခုခုများ ရဖို့အတွက် စောင့်နေတာလား…”

ထိုစကားကို ကြားသည့်အခါ ဟန်လိက အတော်လေး အံ့အားသင့်သွားသည်။

“ငါ ဒီလောက် အမြင့်မှာ ပုန်းနေတာတောင် သူက ငါ့ကို တွေ့နိုင်စွမ်း ရှိနေတာများလား…”

ထိုအတွေးဖြင့် ဟန်လိမှာ ထိတ်ပြာမိသည်။

စက်ရုပ်သေးများ၏ ကြမ်းကြုတ်မှုကို မျက်မြင်တွေ့ရပြီးနောက်မှာ ဟန်လိက တခြားကျင့်ကြံသူများကဲ့သို့ ကံကြမ္မာဆိုး မဝင်ချင်ပေ။ သူက ကျားကြီး၏ တိုက်ခိုက်မှုများ ပစ်မှတ်တစ်ခု မဖြစ်လာချင်ပါ။

ထိုကျား၏ တိုက်ခိုက်မှု ဖြစ်သော အလင်းတိုင်လုံးက မြန်လွန်းလှ၏။ ၎င်း၏ခွန်အားမှာလည်း ကြောက်စရာ။ ဟန်လိအထင် သူသာ ၎င်းအလင်းတိုင်လုံးနှင့် တိုက်ရိုက် ရင်ဆိုင်ရပါက သူ့နတ်လှေ၏ အမြန်ဆုံးနှုန်းဖြင့် ပျံသန်းခြင်းကလွဲ၍ ထိုတိုက်ခိုက်မှုကနေ ဘေးကင်းကင်း လွတ်နိုင်မည် လမ်းမရှိလောက်ပေ။

ချိန်ဆကြည့်ပြီးနောက်မှာ ဟန်လိက ကောင်းကင်အမြင့်ကနေ အဝေးသို့ ထွက်သွားချင်နေ၏။ သူက ကျရောက်လာနိုင်မည့် ဘေးကပ်ဆိုးကို ရှောင်ချင်သည်။ သို့ပေမည့် လူထွားကျင့်ကြံသူ၏ အပြုအမူများကို မြင်သည့်နောက်မှာ သူ၏ ထိုအတွေးအားလုံးကာ ပျောက်ကွယ်သွားခဲ့လေပြီ။

အကြောင်းမှာ ရုပ်သေးများ၏ သူတို့ လက်နက်များကို ညွှန်သော နေရာကား ကောင်းကင်ထက်ရှိ သူ့ထံသို့ ဟုတ်မနေပေ။ ထိုအစား ယင်းလက်နက်များက မနီးမဝေးရှိ တောင်ငယ်တစ်ခုထံသို့သာ ညွှန်ထားသည်။

သို့အတွက် ဟန်လိမှာ သူ့လျှာသူ ကိုက်မိမတတ် မင်သက်ရသည်။

ဒီနေရာမှာ တတိယမြောက်သူ အမှန်တကယ် ရှိနေလေ၏။ ဟန်လိက ထိုသူ့ကို နည်းနည်းလေးမှ သတိမပြုမိခဲ့ပေ။

ခရက်(စ်)။ မြေကမ္ဘာ အက်ကွဲသံ တောင်ငယ်ထံမှ ထွက်ပေါ်လာသည်။ မီးခိုးရောင်ခေါင်းစွပ် ဝတ်ထားသောသူတစ်ယောက်က လူထွားကျင့်ကြံသူ၏ မျက်နှာချင်းဆိုင်မှာ ပေါ်လာသည်။

“သူကို…”

“ခင်ဗျား ဘယ်သူလဲ။ ဒီစက်ရုပ်သေးတွေရဲ့ လျှို့ဝှက်ချက် အချို့ကို ခင်ဗျား သိနေတဲ့ပုံပဲ…”

လူထွားကျင့်ကြံသူက အရိုးထဲထိ အေးစိမ့်စေသော အကြည့်ဖြင့် ထိုထူးခြားသောသူထံ စိုက်ကြည့်သည်။

“ဟောင်လုံ။ ငါ မင်းကို မတွေ့ရတာ အတော်ကြာပြီပဲ။ ကြည့်ရတာ မင်းရဲ့ ရန်လိုတဲ့စိတ်က မပြောင်းလဲသေးဘူးကို…” တအောင့်ကြာ တိတ်ဆိတ်နေပြီးနောက် မီးခိုးရောင်ခေါင်းစွပ်နှင့်သူထံမှ ထိုစကားများ ထွက်ပေါ်လာသည်။ ထိုအခါ ဟန်လိကော၊ လူထွားကျင့်ကြံသူကော အံ့အားသင့်ကုန်သည်။

“ခင်ဗျားက ကျုပ် ဘယ်သူလဲဆိုတာ ဘယ်လို သိတာလဲ။ ခင်ဗျားက ကျုပ်နဲ့ သိကျွမ်းဖူးလား…”

တဖက်သူက သူ၏ အမည်ကို ထုတ်ပြောလာသည်အား ကြားရသည့်အခါ လူထွားကျင့်ကြံသူက တုန်လှုပ်အံ့အားသင့်ဟန် ဖြစ်ပေါ်သည်။ သို့ပေမည့် သူ မည်သူမည်ဝါမှန်း ပေါ်လွင်သွားခဲ့ပြီ ဖြစ်၍ သူ၏ ရုပ်ဖျက်မှုက အသုံးမတည့်တော့ပေ။ ထို့နောက်တွင် သူက သူ့ဝတ်ရုံရှည်ကို ချွတ်၊ မြေကြီးပေါ် ပစ်ချသည်။ ဆံပင်တိုတိုနှင့် ကြမ်းကြုတ်သော ရုပ်သွင်ရှိသော လူတစ်ယောက်၏ ဟန်ပန် ပေါ်လာ၏။

“မင်းရဲ့ ဝါးတစ်ထောင်ကျောင်းတော်က ကြီးမြတ်တဲ့ကာကွယ်သူဟာ မင်းကို စွန့်ပယ်လိုက်ပုံပဲ။ အခု မင်းဟာ ကီလိုမီတာ ငါးထောင်အကွာမှာ ဘာလာလုပ်နေတာလဲ။ မင်းအနေနဲ့ မင်းရဲ့ ရုပ်သေးသားရဲထဲမှာ တဝက်တပျက် မဟာဖွံ့ဖြိုးခြင်းပညာရပ်ကို ကွယ်ဖုံးချင်တာလား…”

ထူးခြားသောကျင့်ကြံသူက လူထွားကျင့်ကြံသူ၏ အပြုအမူများကို လစ်လျူရှု၍ ထိုသို့ မထုံတတေး မေးသည်။

“ခင်ဗျားက ခုထိ ဘယ်သူဘယ်ဝါမှန်း မဖော်ပြသေးဘူးလား။ ဒါဆို ကျုပ် မယဉ်ကျေးမှ ကျုပ်ကို အပြစ်လာမတင်နဲ့…”

တဖက်သူက သူ့လျှို့ဝှက်ချက်များကို တိုက်ခိုက်သည့် စကားများ ကြားသည့်အခါ ဟောင်လုံ၏ အမူအရာက ပြောင်းလဲသွားကာ တင်းမာခက်ထန်သော လေသံဖြင့် ပြောလိုက်သည်။

“မင်း မေ့သွားပြီလို့တော့ ငါ့ကို မပြောနဲ့။ ငါက မင်းကို မဟာဖွံ့ဖြိုးခြင်းပညာရပ်ရဲ့ လျှို့ဝှက်ချက် ပထမဆုံးအဆင့် မန္တာန်ကို သင်ပေးခဲ့တဲ့သူပဲ…”

ခဏတွေဝေနေပြီးနောက်မှာ ထူးခြားသော ကျင့်ကြံသူက ယင်းလျှို့ဝှက်ချက်ကို ဖြည်းဖြည်းချင်း ထုတ်ပြောလာသည်။ ဟောင်လုံမှာ နောက်သို့ ခြေလှမ်းများ ဆုတ်မိသွားသည်။

“ခင်ဗျားက စီနီယာအစ်ကိုလင်းလား။ မဖြစ်နိုင်ဘူး။ အစ်ကိုလင်းက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတည်းက ကွယ်လွန်သွားခဲ့တာ။ ခင်ဗျားက ကျုပ်နဲ့ လာကစားဝံ့တယ်လား။ ကျုပ် ခင်ဗျားကို သတ်မယ်…”

ခဏလောက် တုန်လှုပ်မင်သက်ပြီးနောက်မှာ ဟောင်လုံက ချက်ခြင်း ဒေါသတကြီး အော်ဟစ်သည်။ ထို့နောက်တွင် သူက ကြမ်းကြုတ်သော ဟန်ပန်ဖြင့် လက်ဝေ့ယမ်းသည်။ ရာချီရုပ်သေးများက ချက်ခြင်းလက်ငင်း ရှေ့သို့ လှမ်းကာ ထိုထူးခြားသောသူအား ဝန်းရံသည်။

“ဂျူနီယာညီလေးဟောင်က အတိတ်တချိန်က ခံစားချက်တွေကို ခုထိ မမေ့သေးဘူးပဲ။ ဒါက အစ်ကိုကြီးကို တကယ် ပျော်ရွှင်စေတယ်…”

ထူးခြားသောသူ၏ မျက်လုံးထဲ၌ ရုတ်ချည်း နူးညံ့ပျော့ပျောင်းမှု ဖြစ်ပေါ်သည်။ သူက သူ့ခေါင်းထက်မှ ခေါင်းစွပ်ကို ချွတ်သည်။ သူ၏ ရုပ်သွင်အမှန် ပေါ်လာသည်။

“စီနီယာအစ်ကိုလင်း…”

“သိုင်းဦးလေးလင်း…”

လူထွားကျင့်ကြံသူ ဟောင်လုံနှင့် ဟန်လိတို့မှာ တချိန်လုံး အာရုံစိုက်နေတာ ဖြစ်၏။ သူတို့နှစ်ယောက်လုံးက တပြိုင်တည်းလိုလို ထိုသို့ အော်မိလုနီးပါး ဖြစ်ကုန်သည်။ သို့ပေမည့် လူထွားကျင့်ကြံသူ၏ အော်သံက အပြင်ထိ ကျယ်လောင်သည်။ ဟန်လိကမူ စိတ်ထဲကနေသာ အော်လိုက်မိတာပင်။

ထိုထူးခြားသောသူမှာ ပန်းပုရုပ်များ ထွင်းထုရတာ နှစ်သက်သော အဘိုးအိုလင်း ဖြစ်၏။ ဟန်လိက ထိုသူ့ကို သူ အဝါရောင်မေပယ်တောင်ကြားထဲ ဝင်လာသည့်နေ့က ကျောက်အခန်းတစ်ခုထဲ၌ မြင်ခဲ့ဖူးသည်။ ထိုစဉ်က ထိုသူ ထွင်းထုနေသော မျောက်ငယ်ပန်းပုမှာ လွန်စွာ အထင်ကြီးဖွယ်ကောင်းပြီး အသက်ဝင်လှသဖြင့် ဟန်လိက သူ့အပေါ် လေးစားမှု ဖြစ်ခဲ့ရသည်။ ထို့ကြောင့်လည်း ဟန်လိက ခုလက်ရှိ သူ၏ပုံပန်းသွင်ပြင်ကို သိရှိမှတ်မိနိုင်တာ ဖြစ်သည်။

“တကယ်ပဲ စီနီယာအစ်ကိုလင်းကို၊ စီနီယာအစ်ကိုက ဘာကြောင့် ခုလောက်ထိ အသက်ကြီးရင့်တဲ့ပုံ ပေါ်နေရတာလဲ။ ဒါ့အပြင် အစ်ကိုက…”

လူထွားကျင့်ကြံသူက ထိုသို့ လှမ်းပြောသော်လည်း သူ့ထံ၌ မယုံကြည်နိုင်ဟန် ဖြစ်နေသေးသည်။ ထို့နောက်တွင် သူက သူ့ရှေ့မှ စီနီယာအစ်ကိုလင်းထံ လက်နှစ်ဖက်ဆုပ်ကာ စိတ်လှုပ်တရှားဟန် ဖြစ်ပေါ်နေသည်။

“ဟားဟား…ဂျူနီယာညီလေးဟောင်…ဒီအစ်ကိုက အဲ့နေ့တုန်းက အယောင်ဆောင်ပြီး သေခဲ့တာပါ။ အဲ့သေခြင်းဟာ….မင်း ဘာလုပ်တာလဲ…”

ဟန်လိ၏ စီနီယာဦးလေးလင်းက ပြုံး၍ ထိုသို့ ပြောနေသည်။ သို့သော် သူ့အမူအရာမှာ ချက်ခြင်း ပြောင်းလဲသွားသည်။ ရုတ်တရက် သူ့လက်နှစ်ဖက်ကို အလန့်တကြား ခါထုတ်သည်။ သူ့လက်ကောက်ဝတ်ပေါ်မှာ မြေဖြူတတောင့်စာမျှ ရှိသော ဒဏ်ရာခပ်နက်နက် ပေါ်လာသည်။ ထိုဒဏ်ရာမှ သွေးနက်များ စိမ့်ကျ၏။ ယင်းသွေးများ၌ အဆိပ်ပါနေတာ သိသာသည်။

“ကြည့်ရတာ ဒီပုန်းနေတဲ့ နှစ်ကာလတွေ အတောအတွင်း စီနီယာအစ်ကိုလင်းရဲ့ စိတ်ဟာ ပျက်စီးသွားတဲ့ပုံပဲ။ ခင်ဗျားကသာ အခုလို သတိလက်လွတ် မပေါ့ဆရင် ဒီဂျူနီယာညီက ခင်ဗျားရဲ့ လက်ကောက်ဝတ်တွေကို ဒဏ်ရာရအောင် ဘယ်လုပ်နိုင်ပါ့မလဲ။ ဟား…ဟား…ဒီဟာက ကျုပ်မြွေအဆိပ်ဂိုဏ်းကနေ ခက်ခက်ခဲခဲ ရယူထားတဲ့ အမျှင်နက်မြွေဆိပ်ပဲ။ ဒါကို အချိန်တခုအတွင်း ဖယ်ရှားဖို့ ခက်မှာ ကျုပ် စိုးရိမ်မိပါတယ်…”

“ဒါက စီနီယာအစ်ကိုရဲ့ အမှားပဲ။ ခင်ဗျားက သေဟန် ဆောင်ပြီးမှတော့ ကျုပ်တို့ အရင်ကလို ဆက်ဆံပတ်သတ်မှုမျိုး ဘာလို့များ လိုချင်သေးတာတုန်း၊ မဟာဖွံ့ဖြိုးခြင်းပညာရပ်ရဲ့ ဒုတိယအပိုင်းကို လုယူဖို့ ဘာကြောင့် ကြိုးစားချင်သေးတာတုန်း။ ခုလက်ရှိ ကျောင်းတော်ခေါင်းဆောင်ကျင်းဟာ အတော်လေး မပျော်မရွှင် ဖြစ်နေတယ်။ ဒါ့ကြောင့် သူက အကြွင်းအကျန် အမှိုက်တွေကို ရှင်းဖို့အတွက် ဒီဂျူနီယာညီလေးကို စေလွှတ်ခဲ့တာပဲ…”

ဟောင်လုံက အေးတိအေးစက် ရယ်မောပြီးနောက် ထိုသို့ လှောင်ပြောင်စကားများ ဆိုသည်။

“ကောင်းတယ်…ကောင်းတယ်။ မင်းက ကျုပ်ကိုပါ အဆိပ်ခတ်တဲ့ ညီကောင်းတစ်ယောက်ပဲ…”

ဒေါသပုန် ခဏ ထွက်သွားပြီးနောက်မှာ စီနီယာအစ်ကိုလင်းက တည်ငြိမ်မှု မြန်မြန်ဆန်ဆန် ပြန်ရသည်။ သူက သူ့လက်နှစ်ဖက်ကို လေအလျင်အလား မြန်ဆန်စွာ လှုပ်ရှားပြီး အဆိပ်သွေးအချို့ကို အားဖြင့် ထုတ်ပစ်သည်။ ထို့နောက်တွင် သူက အစိမ်းရောင်ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ယူကာ အဝါရောင်ဆေးမှုန့်များကို လည်ချောင်းထဲ သွန်ချသည်။ သူက ဟောင်လုံကို အေးစက်စက်ဟန်ပန်ဖြင့် ပြောလိုက်၏။

“ကြည့်ရတာ ငါ့ငယ်သား ပေးတဲ့ သတင်းက အတုအယောင် ဖြစ်ခဲ့ပုံပဲ။ မဟာဖွံ့ဖြိုးခြင်း ပညာရပ်ရဲ့ ဒုတိယတစ်ပိုင်းက အဲ့ရုပ်သေးသားရဲထဲမှာ ရှိမနေဘူးမလား။ ဒါက ငါ့ကို ဖြားယောင်းဖို့အတွက် ထောင်ချောက် ဆင်ထားကြတာကို။ ဒါပေမဲ့ ငါ့ကို ခုလို လုပ်ဆောင်ဖို့အတွက် မင်း လျှို့ဝှက်ဆိုင်ကို ဘယ်လိုများ စည်းရုံးခဲ့လဲ…”

“ငွေပေါ့။ ငွေက လူတွေရဲ့ စိတ်နှလုံးကို လှုပ်ခတ်စေနိုင်တယ်။ ဒီဆိုရိုးက သေမျိုးလောကမှာသာမက ကျင့်ကြံခြင်းလောကမှာလည်း အတူတူပဲ။ ကျောင်းတော်က သေချာ လုပ်ဆောင်မှတော့ မဖြစ်နိုင်တာ မရှိတော့ဘူးလေ…”

ဟောင်လုံက ခပ်ထေ့ထေ့လေသံဖြင့် ပြော၏။

ထို့နောက်တွင် သူက တဖက်သို့ လှည့်ကာ လှမ်းအော်သည်။ “ထွက်လာခဲ့ကြတော့။ လူတိုင်းပဲ ယုံကြည်မှုလည်းရှိ၊ ရုပ်ရည်ရူပကာလည်း ချောတဲ့ ကျောင်းတော်သခင်လင်းရဲ့ တစ်ဦးတည်းသောသား စီနီယာအစ်ကိုလင်းကို လာကြည့်ချချေ…”

“ဟီးဟီး…ဒီညီမလေးက စီနီယာအစ်ကိုလင်းရဲ့ ဂုဏ်သတင်းကို ကြားခဲ့ဖူးတာ ကြာပါပြီ။ ညီမက ဂိုဏ်းကို ဝင်တာ နောက်ကျခဲ့တဲ့အတွက် သူ့မျက်နှာကို မြင်ဖို့ အခွင့်အရေး မရခဲ့ဘူး။ စိတ်မကောင်းစရာပဲ…”

“ဟား…စီနီယာအစ်ကိုလင်းတဲ့လား။ ကျုပ်တော့ ခွေးအိုကြီးရဲ့ အလောင်းကို မြင်နေရသလိုပါပဲ…”

သိမ်မွေ့လှပသော အမျိုးသမီးတစ်ယောက်၏အသံနှင့် မနာလိုဟန် ပေါက်နေသော အမျိုးသားတစ်ယောက်တို့၏ အသံ ထွက်ပေါ်လာသည်။ ထိုအသံများနှင့် မရှေးမနှောင်းမှာ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့သည် ဘေးချင်းယှဉ်ကာ တောအုပ်ထဲကနေ ထွက်လာသည်။

“စီနီယာအစ်ကိုလင်းကို ကျုပ်က ဒီနှစ်ယောက်နဲ့ မိတ်ဆက်ပေးပါ့မယ်။ သူတို့ဟာ ကျောင်းတော်ရဲ့ ကာကွယ်သူအသစ်တွေပါ...”

ဟောင်လုံက စီနီယာအစ်ကိုလင်းကို မည်သို့ထပ်၍ ထေ့လှောင်ရမည်နည်းဟု စဉ်းစားနေသည်။ ပြီးခဲ့သော နှစ်များစွာအတွင်း စီနီယာအစ်ကိုလင်းက သူ့အပေါ် ဖိအားများ ဖြစ်စေခဲ့သူပင်။ သို့ပေမည့် သူ၏ စကား အဆုံးမသပ်ခင်မှာပင် သူက စီနီယာအစ်ကိုလင်း၏ လှည့်ကွက်ထဲ ကျရောက်ပြီဟု သိလိုက်သည်။ စီနီယာအစ်ကိုလင်း၏ ပုံရိပ်က ရုတ်တရက် ပိန်ကပ်သွားကာ သူ့လက်နှစ်ဖက်ကို ဟိုရမ်းဒီရမ်း မရပ်တန်း လှုပ်ရှားသည်။ သည်နေရာမှာ စီနီယာအစ်ကိုလင်း၏ ခန္ဓာကိုယ်ထံမှ အနက်ရောင်အလင်းစက်များစွာ ဖြာထွက်သွား၏။

ယင်းနောက်တွင် အတိုင်းအဆမဲ့ ဖြာထွက်သွားသော အလင်းစက်များက မြေပြင်ထက်သို့ ကျရောက်ပြီး ရုပ်သေးတပ်သားများအဖြစ်သို့ ပြောင်းလဲသည်။ ယင်းတပ်သားများက ပေါ်လာချင်းချင်းမှာ အရွယ်အစားသေးငယ်ရာကနေ တဖြည်းဖြည်း အရွယ်အစား ကြီးမားလာသည်။ ထိုရုပ်သေးတပ်သားများမှာ လက်နက်အပြည့်အစုံဖြင့်ပင်။ ဒီဝန်းကျင်၌ ရုပ်သေးတပ်သားနှစ်ရာကျော် တခဏအတွင်း ပေါ်လာခဲ့လေပြီ။ အံ့ဩဖွယ်ကောင်းလှသော မြင်ကွင်းတည်း။

“ဂရုစိုက်ကြ၊ ဒီကောင်က မဟာဖွံ့ဖြိုးခြင်း ပညာရပ်ရဲ့ တတိယအဆင့်ကို ရောက်နေပြီ။ သူက ရုပ်သေးအများကြီးကို ထိန်းချုပ်နိုင်စွမ်း ရှိတယ်။ ကျုပ်တို့ သူ့ကို ဝိုင်းပတ်ထားမှ၊ မဟုတ်ရင် သူ လွတ်သွားလိမ့်မယ်။ သူ့ခန္ဓာကိုယ်ထဲက အဆိပ်က အချိန်ကြာလေ ပိုပြန့်လာလေပဲ။ ဒါဆို သူ့ရဲ့ ခုလို စွမ်းရည်နဲ့တောင် သူ အဖမ်းခံရမှာကိုပဲ ထိုင်စောင့်နေရလိမ့်မယ်…”

ဟောင်လုံက ထိုသို့ ပြော၏။ သူက သူ့လက်အောက်မှ သူများကို တိုက်ခိုက်ရန် အမိန့်ပေးသည်။

ခုလေးမှ ရုပ်လုံးပြလာသော အမျိုးသားနှင့် အမျိုးသမီးတို့က တစ်ယောက်နှင့်တစ်ယောက် ကြည့်ကာ သူတို့လည်း ရုပ်သေးနှစ်ရာကို ထုတ်လွှတ်ကာ တိုက်ခိုက်မှု စတင်လေသည်။

ရုပ်သေးများစွာ၏ တိုက်ခိုက်မှုကာ ရုတ်ချည်း စတင်ပြီ။ ထိုက်တိုက်ပွဲမှာ အပြင်းအထန်၊ မြားများ၊ အလင်းတန်းများစွာက အတောမသပ်နိုင် ထိုးထွက်နေသည်။ တချိန်တည်းမှာ ရုပ်သေးတပ်သားများနှင့် ရုပ်သေးသားရဲများစွာက လုံးထွေးသပ်ပုတ် နေကြပြီ။ ထိုမြင်ကွင်းကြောင့် အပေါ်စီးမှ ကြည့်နေသော ဟန်လိမှာ ပါးစပ်အဟောင်းသား ဖြစ်ရသည်။

သူက ခုလိုမျိုး ရုတ်ချည်း ဖြစ်ပျက်လာခြင်းကို သေချာ မသိသော်လည်း ဖြစ်နိုင်ချေ ခုနစ်ဆယ်ရာခိုင်နှုန်းလောက်တော့ ခန့်မှန်းနိုင်သည်။

သူနှင့် အဝါရောင်မေပယ်တောင်ကြားမှာ အရင်က တွေ့ခဲ့ဖူးသော စီနီယာအစ်ကိုလင်း ဆိုသူသည် ဝါးတစ်ထောင်ကျောင်းတော်မှ ဖြစ်ခဲ့လိမ့်မည်။ ထို့အပြင် သူကား ထိုကျောင်းတော်သခင်၏ သားတစ်ယောက် ဖြစ်နေသေးသည်။ သို့သော် အဝါရောင်မေပယ်တောင်ကြား၌ ယခုအချိန်ထိ သူ့ကိုယ်သူ ပုန်းကွယ်နေခဲ့သည့်အတွက် သူ၏ လွှမ်းမိုးမှုကို ဆုံးရှုံးနေခဲ့လောက်ပြီ။ သို့သော် မဟာဖွံ့ဖြိုးခြင်း ဟူသည့် ပညာရပ်ကြောင့် သူက အခုကျောင်းတော်သခင်အသစ်အတွက် ဆူးညှောင့်တစ်ခု ဖြစ်နေလောက်မည်။ သူ၏ အရင်က ကျောင်းတော်သားအချင်းချင်းကို သူ့အား ရှင်းလင်းဖို့ စေလွှတ်ခဲ့တာ ဖြစ်မည်။

ဟန်လိက ထိုအခြင်းအရာကို ကောင်းစွာ နားလည်သည်။ သူ သက်ပြင်းမချမိဘဲ မနေနိုင် ဖြစ်ရလေသည်။

ထို့နောက်တွင် ဟန်လိက အောက်ဘက်ရှိ အကြမ်းပတမ်း တိုက်ပွဲကြီးကို ငုံ့ကြည့်၏။ သူက သူကဲ့သို့ အခြေခံတည်ဆောက်ခြင်းကို ခုမှ ဝင်ရောက်ခါစ ကျင့်ကြံသူတစ်ယောက်အတွက် အခုလိုအခြေအနေမှာ ဘာအခွင့်အရေးမှ မရနိုင်လောက်ပြီကို သိသည်။ သူ့အတွက် ဒီနေရာကနေ တတ်နိုင်သမျှ မြန်မြန် ထွက်သွားတာကသာ အကောင်းဆုံး ဖြစ်လိမ့်မည်။ သူ ရှိနေခြင်းကို အောက်ဘက်မှသူများ သိသွားမှာကို သူ လန့်မိ၏။

ထိုအခါ ဟန်လိသည် မိုးပြာမီးအနံ့ဆိုး မှော်ပစ္စည်းကို ချက်ခြင်း သိမ်းဆည်းကာ သူ၏ နတ်လှေကို အမြန်ဆုံးနှုန်းဖြင့် လှုပ်ရှားစေပြီး သက်တန့်အလင်းတန်းအဖြစ်သို့ ပြောင်းပြီး ကောင်းကင်ထက်မှ တဟုန်ထိုး ဖြတ်သန်းသွားတော့သည်။

ဟန်လိက ထင်ရှားသိသာသော လှုပ်ရှားမှုကို အောက်ဘက်မှ လေးယောက်က သတိပြုမိသွားတာ သဘာဝပင်။ ထိုအခါ သူတို့လည်း အကြီးအကျယ် လန့်သွား၏။ သူတို့၏ တိုက်ခိုက်မှုများပါ အရှိန်လျော့ကျသွားရသည်။

သူတို့ ခုလောက် စကားကြာကြာ ပြောနေခဲ့ချိန်မှာ တစုံတစ်ယောက်က သူတို့ မျက်စိအောက်ကနေ ပုန်းကွယ်နေလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ပေ။ သူတို့ဂိုဏ်း၏ လျှို့ဝှက်ချက်များကို ကြားသွားသော ထိုသူမှာ အားနည်းမည့်ပုံ မရှိလောက်ပေ။ ဟန်လိက မည်သူ့ကိုမျှ ကူညီမည့်ဟန် မတူဘဲ အဝေးသို့ ပျံသန်းသွားတာ မြင်သည့်နောက်မှာ အောက်ဘက်မှ လေးယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ တိုက်ပွဲပြန်ဆက်သည်။

All Chapters