တံခါးရှေ့ ရောက်လာသော ဘေးဒုက္ခ
Vol. 17 Ch. 231
တတ်နိုင်သမျှ အမြန်ဆုံးနှုန်းဖြင့် ပျံသန်းလာကာ ဟန်လိသည် တအောင့်အကြာမှာ သူ၏ အင်မောတယ်လှိုဏ်ဂူသို့ ပြန်ရောက်လာခဲ့သည်။
ပြန်ရောက်သည်နှင့် ဟန်လိက ချီယွမ်ရှောင် သူ့ကို ပေးခဲ့သော အခြေခံတည်ဆောက်ခြင်းကျောက်စိမ်းပြားကိုထုတ်၊ သူ့အသိစိတ်ကို ၎င်းအတွင်းသို့ ထည့်သွင်းကာ အခြေခံတည်ဆောက်ခြင်းအဆင့် မှော်ပစ္စည်းများ အသုံးပြုသည့်နည်းလမ်းကို သေချာဖတ်ကြည့်သည်။
ဟန်လိက သူ့အရင်အစီအစဉ်များကို ခဏ ဘေးဖယ်ထားကာ အရင်ဆုံး သူ့အင်မောတယ်လှိုဏ်ဂူ ပတ်ပတ်လည်၌ အစီအရင်တစ်ခု ချခင်းတည်ဆောက်ရန် ဆုံးဖြတ်လိုက်သည်။ တကယ်တော့ တိုက်ခိုက်နေသော ကျင့်ကြံသူများက သူ့နေရာနှင့် မနီးမဝေးမှာ ဖြစ်၏။ သူ ဘေးကင်းသည်ဟု မခံစားရချေ။
ဒြပ်စင်ငါးခုပြောင်းပြန်အစီအရင် ချခင်းခြင်းမှာ အတော်လေး ရိုးရှင်းသည်။
အစီအရင်အလံများနှင့် အစီအရင်သတ္တုပြားများကို နေရာချ ပြီးနောက်မှာ သူက အစီအရင်ဗဟိုချက်၏ အပြင်ဘက်မှာ စိတ်ဝိညာဉ်ကျောက်တုံးများဖြင့် တခြားသော အစီအရင်ငယ်များကို တည်ဆောက်သည်။ ယင်းက အစီအရင်ကြီးတစ်ခုလုံးအတွက် လုံလောက်သော စိတ်ဝိညာဉ်စွမ်းအားကို အထောက်အပံ့ ဖြစ်စေလိမ့်မည်။
ထိုသို့ဖြင့် အစီအရင်ကြီးက ချက်ခြင်း အသက်ဝင်လာ၏။ ထို့နောက်မှာ အစီအရင်တည်ဆောက်သူက ရိုးရိုးရှင်းရှင်း အမိန့်ပေး ထိန်းချုပ်မှုအချို့ကို သိရလိမ့်မည်။ ယင်းသို့ ထိန်းချုပ်နည်းလမ်းများဖြင့် အစီအရင်တည်ဆောက်သူက အစီအရင်၏ ပုံစံအနေအထားကို စိတ်ကြိုက် ထိန်းချုပ်ကာ ပုံရိပ်ယောင်များအတွင်း ရန်သူများကို လှောင်ပိတ်နိုင်မည် ဖြစ်သည်။
ဟန်လိက အစီအရင်အလံများနှင့်သတ္တုပြားများကို တည်ဆောက်ပြီး၏။ ထို့နောက်မှာ သူက အလယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးများကို ယင်းအစီအရင်ထဲမှာ မြှုပ်နှံ့ထည့်သွင်းသည်။ သူ ပိုင်ဆိုင်သော စိတ်ဝိညာဉ်ကျောက်တုံးများ၏ တဝက်တိတိကို အသုံးပြုလိုက်ရ၏။ ထိုဆုံးရှုံးမှုက သူ့စိတ်နှလုံးကို တနေကုန် နာကျင်ထိခိုက်စေတော့မည်။ သို့ပေမည့် သူက ဒီအစီအရင်၏ စွမ်းအားကို မလျော့ကျချင်သူ မဟုတ်လား။ သို့အတွက် သူ ထိုသို့ ပြုလုပ်ရမည်သာ။
သူက ဈေးမြို့အတွင်း၌ စိတ်ဝိညာဉ်ဆေးပင်အချို့ကို အသုံးပြုကာ စိတ်ဝိညာဉ်ကျောက်တုံးများကို အချိန်တစ်ခုကြာ အလဲအလှယ်လုပ်နိုင်၏။ သို့သော် သူ့လျှို့ဝှက်ချက်ကို တခြားသူများ ရှာတွေ့သွားခဲ့ပါက သူ့အခြေအနေမှာ ဆိုးရွားသွားနိုင်သည်။ သူသာ သတိပေါ့မိပါက အဘက်ဘက်မှ တိုက်ခိုက်မှုများကို ခံရနိုင်ချေ ရှိသည်။
အစီအရင်၏လုပ်ဆောင်ချက်များကို စမ်းသပ်ကြည့်ပြီးနောက် ၎င်းက အတော်အတန် ကောင်းမွန်ပုံ ပေါ်သည်။ သို့သော် မည်မျှ ထိန်းချုပ်ပိတ်လှောင်နိုင်စွမ်း ရှိသနည်းကိုမူ ရန်သူ ဖြတ်လာမှသာ စမ်းသပ်ကြည့်နိုင်လိမ့်မည်။ သို့သော် ၎င်းအစီအရင်က သူ၏ အင်မောတယ်လှိုဏ်ဂူဝန်းကျင်ကို လုံးဝ ခြုံလွှမ်းထားသော်လည်း အနည်းငယ်မျှပင် ပုံမှန်ထက် ထူးခြားမနေပေ။ ထို့အတွက် ဟန်လိက ဒီအစီအရင်ကို တည်ဆောက်ရခြင်းမှာ ထိုက်တန်သည်ဟု ထင်သည်။
အခုမှ ဟန်လိမှာ လုံခြုံပြီဟု ခံစားမိတော့သည်။ သူက သူ့လှိုဏ်ဂူအတွင်းမှ အခန်းများထဲ ပြန်လာပြီး သူ၏ကျင့်ကြံခြင်းနှင့် ပတ်သတ်၍ စတင် စဉ်းစား၏။
သူက အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ဝင်ရောက်ရန် အနည်းငယ်မျှသော အခွင့်အရေးတစ်ခု ရချင်ပါက သူ့အနေဖြင့် ထိပ်တန်းကျင့်ကြံခြင်းပညာရပ်တစ်ခုကို ပိုင်ဆိုင်မှ ဖြစ်လိမ့်မည်။ တစ်သောင်းတွင် တစ်ယောက် မပိုင်ဆိုင်နိုင်သော ပညာရပ် ဖြစ်ရမည်။ သို့မဟုတ် ကံကောင်းမှု ကြီးကြီးမားမား ရမှ ဖြစ်မည်။
အမြုတေဖွဲ့စည်းခြင်းအဆင့်၏ ပြဿနာမှာ အခြေခံတည်ဆောက်ခြင်းအဆင့်နှင့် ယှဉ်၍ မရပါ။ တကယ်တော့ အခြေခံတည်ဆောက်ခြင်းအဆင့်အတွက် လုံလောက်သောပါရမီနှင့် အခြေခံတည်ဆောက်ခြင်းဆေးလုံးတစ်လုံး၊နှစ်လုံးလောက်သာ လိုအပ်၏။
အမြုတေဖွဲ့စည်းခြင်း။ ထိုအဆင့်ကမူ အထက်ပါ အခြေအနေများနှင့် ပြည့်စုံနေခဲ့လျှင်ပင် အမှန်တကယ် ဝင်ရောက်နိုင်သော ကျင့်ကြံသူ အရေအတွက်မှာ အနည်းငယ်သာ။ ထို့အတွက်ကြောင့် အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ပေါ်လာတိုင်း ဂိုဏ်းတိုင်းက ဂုဏ်ပြုချီးကျူးပွဲ ကျင်းပကြတာ ဖြစ်၏။ ယင်းအမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူအသစ်၏ သတင်းမှာလည်း ကျင့်ကြံခြင်းလောကမှာ အလျင်အမြန် ပြန့်နှံ့သွားလိမ့်မည်။
ယွဲ့ဒေသ၌ လမျက်နှာဖုံးဂိုဏ်းက နံပါတ်တစ် ဖြစ်နေရခြင်းမှာ ဤအကြောင်းကြောင့်ပင်။ လမျက်နှာဖုံးဂိုဏ်းမှာ အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူ တစ်ထောင်ကျော်ရှိသည့်အပြင် အမြုတေဖွဲ့စည်းခြင်း အဆင့် ကျွမ်းကျင်သူမှာလးည်း ဆယ်ယောက်ကျော် ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် သူတို့ဂိုဏ်းက ယွဲ့ဒေသ၏ တခြားဂိုဏ်းခြောက်ဂိုဏ်းကို အပေါ်စီးမှ ကြည့်နိုင်တာ ဖြစ်သည်။
ဟန်လိက သူ့ပါရမီမှာ ဆိုးဝါးတာကို သူ ကိုယ်တိုင် သိသည်။ တခြားအခြေခံတည်ဆောက်ခြင်း တပည့်များထက် သူ့ပါရမီက များစွာ နိမ့်ကျ၏။ အခု သူ့ထံ၌ ပိုင်ဆိုင်ထားသော ကျင့်ကြံခြင်းပညာရပ်မှာလည်း မျက်စိစုံမှိတ် ကျင့်ကြံ၍ မရသော မိုးပြာအနှစ်သာရဓားပညာရပ်သာ ရှိသည်။ ထိုပညာရပ်ကို သူ့အနေဖြင့် မည်သည့်အခြေအနေမဆို အသုံးပြုနိုင်မည် မဟုတ်ပေ။ သူ့ခုလက်ရှိ အခွင့်အရေးများမှာ ဝေဝါးလှချေသည်။ သူ့အဖို့ သူ့ကံကော ဒီ့ထက် ပိုကောင်းဖို့သာ မျှော်လင့်ရုံ တတ်နိုင်တော့သည်။
ခုလက်ရှိ၌ ဟန်လိမှာ အဘက်ဘက်မှ အလေးမသာ သကဲ့သို့ ရှိနေပုံ ပေါ်သည်။
သို့ပေမည့် တအောင့်ကြာ စဉ်းစားနေပြီးနောက် ဟန်လိက သူ့ပါရမီမှာ ဆိုးဝါးတာ မှန်သည်။ သို့သော် သူ့ထံ၌ ဆန်းကြယ်သော ပုလင်းငယ် ပိုင်ဆိုင်ထားပြီး ဆေးလုံး သန့်စင်ခြင်းမှာလည်း ထိုက်သင့်သော ကျွမ်းကျင်မှု ရှိသည်ဟု ခံစားမိသည်။ ထို့အပြင် ကံကြမ္မာဟူသည်မှာ လူတစ်ယောက်၏ စွမ်းအားနှင့် ဖမ်းဆုပ်နိုင်သည့် အရာ မဟုတ်ပါ။ ထို့ကြောင့် ကံတရားကို သူ့အနေဖြင့် အချိန်ပေး စဉ်းစားနေဖို့ မလိုပေ။ သူ လုပ်ရမည်မှာ အမြုတေဖွဲ့စည်းခြင်းအဆင့် ရောက်ဖို့ အခွင့်အရေးများ တိုးတက်လာအောင်သာ။ သူ အသုံးပြု၍ ရမည့် သင့်တော်သော ထိပ်တန်းကျင့်ကြံခြင်းပညာရပ်တစ်ခုကို ရှာရန်သာ။
ကျင့်ကြံခြင်းပညာရပ်ကို ရှာရမည်ဟု သူ့ပန်းတိုင်ကို သတ်မှတ်ချိန်၌ ဟန်လိ ပထမဆုံးတွေးမိသူက သူ့ဆရာ လီဟွာယွမ်ပင်။
လီဟွာယွမ်က သူ့ကို အမည်ခံတပည့်အဖြစ်သာ လက်ခံထားသော်လည်း ထိုသူက သူ့အား ကျင့်ကြံခြင်းနည်းလမ်းအချို့တော့ ပေးနိုင်လောက်သည်။ ပေးချင်လောက်သည်။ တကယ်တော့ လီဟွာယွမ်က အမြုတေဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူ မဟုတ်လား။ ဟန်လိမှာ ကျင့်ကြံခြင်းပညာရပ်တစ်ခုနှင့် လမ်းညွှန်မှု တစ်ခု၊နှစ်ခုကို သူ့ဆရာဖြစ်သူ၊ လီဟွာယွမ်ထံမှ ရနိုင်ကောင်းသည်။
ထိုအတွေးဖြင့် ဟန်လိက နောက်တနေ့ မနက်ခင်းမှာ အဝါရောင်မေပယ်တောင်ကြားသို့ ပြန်ကာ သူ့ဆရာ၏ အင်မောတယ်ဂူသို့ သွားပြီး ညွှန်ကြားချက်အချို့ သွားတောင်းဆိုမည်ဟု ဆုံးဖြတ်လိုက်သည်။ သူ့ဆရာကား သူ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီကို သိနေဖို့ များသည်။
ယင်းအတွေးဖြင့် ဟန်လိမှာ အမှန်တကယ် ပျော်ရွှင်ရပြန်သည်။ လီဟွာယွမ်က သူ့ကို တပည့်အဖြစ် ခေါ်ယူခဲ့သည့်အချိန်မှာ စပြီး တကြိမ်တခါမျှ ဆင့်ခေါ်ခဲ့ဖူးတာ မရှိပေ။ သူ့မျက်လုံးထဲ၌ ဟန်လိ ဟူသည့် အမည်ခံတပည့်က မတည်ရှိနေသည့်နှယ်။ ဤသည်က ဟန်လိကို စိတ်မချမ်းမသာ ဖြစ်စေခဲ့သည်။
သို့သော် ခုချိန်၌ သူသည် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီ။ သူ့အနေဖြင့် သူ့ဆရာကို ကိုယ်တိုင်ကိုယ်ကျ သွားရှာနိုင်ပြီ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူတို့မှာ ဆရာတပည့် ဖြစ်ကြသော်လည်း ဟန်လိက သူ့ဆရာနှင့် ရင်းနှီးမှု မရှိဘဲ သွားရောက်မေးမြန်းရမည့်အပေါ် ရှက်ရွှံ့တာတော့ အမှန်ပင်။
ဟန်လိက သူ့ကိုယ်သူ ရယ်မောမိ၏။ ထို့နောက်မှာ သူသည် သူ့ကျောက်သားအိပ်ယာထက်မှာ ခါးသီးစွာပြုံး၍ တဖြည်းဖြည်း အိပ်ပျော်သွားချေသည်။
အချိန်မည်မျှ ကြာကြာ အိပ်ပျော်မိမှန်း မသိပြီးနောက်မှာ ရုတ်တရက် ပြင်းထန်သော လှုပ်ခါမှုတစ်ခုကြောင့် ဟန်လိ နိုးလာသည်။ သူက အိပ်မှုံစုံမွှား ဖြစ်နေဆဲ၊ အခြေအနေမှန်ကို သေချာ မသိသေးဘဲ ရှိနေဆဲ ဖြစ်နေလျက် သည်လှုပ်ခတ်မှုမှာ အိပ်မက်မက်သည်ဟု ထင်မိမတတ်ပင်။
သို့သော် နောက်တစ်ကြိမ် အပြင်းအထန် လှုပ်ခါမှုကြောင့် ဟန်လိ၏ အိပ်ချင်စိတ်မှာ သဲလွန်စမရှိ ပျောက်သွားတော့၏။ မြေကြီး လှုပ်ခါနေခြင်းအပြင် သူ့လှိုဏ်ဂူအပြင်ဘက်ကနေ ပေါက်ကွဲမှုတစ်ခုလည်း ဖြစ်၏။ တယောက်ယောက်က သူ့အတားအဆီးမန္တာန်ကို အပြင်းအထန် လာတိုက်ခိုက်တာ ထင်ရှားလေပြီ။
ဟန်လိက မင်သက်မိသလို ဒေါသလည်း အတော် ထွက်သွား၏။ သူက ချက်ခြင်း အိပ်ယာထက်ကနေ ခုန်ဆင်းကာ လှိုဏ်ဂူအပြင်ဘက်ထံ တန်းတန်းမတ်မတ် ပြေးသည်။
သူ့အင်မောတယ်လှိုဏ်ဂူအပြင်ဘက်မှာ မြားတန်းများ၊ အလင်းတန်းများစွာက သိပ်သည်းစွာ ရှိနေသည်။ ယင်းတို့မှာ ကောင်းကင်ထက်ရှိ စက်ရုပ်သေးများထံမှပင်။ ဟန်လိက ထိုမြင်ကွင်းကို မြင်သည့်အခါ သူ့လျှာသူ ကိုက်မိလုမတတ် တုန်လှုပ်သွား၏။
ဘာတွေ ဖြစ်နေသနည်း။ သူက ပြဿနာ တတ်မှာ စိုး၍ မနေ့တုန်းက ကိစ္စ၌ လုံးလုံး ဝင်မပတ်သပ်ခဲ့တာ မဟုတ်လား။ သို့သော် သူ အိမ်ပြန်ရောက်သည်နှင့် သူတို့က သူ့ကို အမှန်တကယ် လာရှာနိုင်စွမ်း ရှိနေသည်လော။ မနေ့တုန်းက သူ ပျံသန်းထွက်လာခဲ့စဉ် ထိုသူများက သူ့နောက်ကို နောက်ယောင်ခံပြီး လိုက်လာနိုင်စွမ်း ရှိနေတာလား။
ဟန်လိ ထိုသို့ တွေးနေလျက် အကြံတစ်ခုပြီးတစ်ခု ထုတ်၏။ သူ့စိတ်မှာ အမှန်တကယ် ပြန်ကြည်လင်လာပြီ။
“လှိုဏ်ဂူထဲက သူတွေ သေချာ နားထောင်ပါ။ ခင်ဗျားရဲ့ လှိုဏ်ဂူထဲ ထွက်ပြေးသွားတဲ့သူကို ကျုပ်တို့ရှိ အပ်ပါ။ ခင်ဗျားကသာ အဲ့လူကို ကျုပ်တို့လက်ထဲ ပြန်အပ်တာနဲ့ ကျုပ်တို့က ဒီလှိုဏ်ဂူရဲ့ သခင်ကို ထပ်ပြီး နှောက်ယှက်တော့မှာ မဟုတ်ဘူး။ မိတ်ဆွေအနေနဲ့ လူစိမ်းကို ကာကွယ်ပြီး ကျုပ်တို့ ဝါးတစ်ထောင်ကျောင်းတော်ကို ရန်စ၊ ဘေးဒုက္ခကို ဖိတ်ခေါ်ဖို့ အကြောင်း မရှိဘူး…”
ထိုသူများ၏ အကြမ်းပတမ်း၊ အဆက်မပြတ် တိုက်ခိုက်မှုများအောက်မှာ ဒြပ်စင်ငါးခုပြောင်းပြန်အစီအရင်က မမြင်ရသော သက်ရောက်မှုများကို ထုတ်လွှတ်သည်။ ကောင်းကင်ထက်မှ အမျိုးသားတစ်ယောက်၏ အသံ ဟိန်းထွက်လာ၏။ ထိုအသံပိုင်ရှင်မှာ ဟောင်လုံပင်။
ထိုအသံကို ကြားသည့်အခါ ဟန်လိက အပေါ်သို့ မော့ကြည့်၏။
ရုပ်သေးများစွာနှင့် မည်းမှောင်နေသော ကောင်းကင်ထက်မှာ အစိမ်းရောင်ကျောက်စိမ်းလှေတစ်စင်းက လေထဲမှာ ရပ်နေသည်။ ၎င်းအပေါ်မှာ လူခြောက်ယောက်၊ ခုနစ်ယောက်လောက် ရှိနေ၏။ ဟောင်လုံက ရှေ့ဆုံးမှာ ဖြစ်၏။ သူ့နောက်မှာ အစောပိုင်းတုန်းက တွေ့ခဲ့ရသော အမျိုးသားနှင့် အမျိုးသမီးတို့နှင့်အတူ နောက်ထပ် ပိန်သွယ်သွယ်လူလေးယောက်လည်း ရှိနေ၏။ သူတို့လေးယောက်က မြင်ရတွေ့ရခဲသော လေးမွှာပူးများ ဖြစ်နေပြီး ရုပ်ချင်း ချွတ်ဆွတ်တူသည်။ သူတို့က ဝါးတစ်ထောင်ကျောင်းတော်ဘက်မှ အလျင်အမြန် စစ်ကူလွှတ်ခဲ့သောသူများ ဖြစ်ဟန်တူ၏။
ဟန်လိသည် သူတို့က သူ့ကို တစုံတစ်ယောက်အား လက်လွှဲပေးဖို့ ပြောတာ ကြားသည့်အခါ ကြောင်သွား၏။ သံသယအပြည့်ဖြင့် သူက သူ၏ဒြပ်စင်ငါးခုပြောင်းပြန် အစီအရင်၏ ဗဟိုချက်ထံ လှမ်းကြည့်သည်။ သူ့လှိုဏ်ဂူ ဝင်ပေါက် အနီးအနားမှာ လဲနေသော လူတစ်ယောက်ကို သူ တွေ့သည်။ ထိုသူ သေလား၊ ရှင်လားကိုမူ မသိရပါ။
ထိုလူကို မြင်သည့်အခါ ဟန်လိ၏စိတ်ထဲရှိ သံသယ ပျောက်ကွယ်၏။ သူက အတောမသပ်နိုင်အောင် စိတ်ထဲကနေ ဆဲဆိုမိတော့သည်။
ထိုစီနီယာအစ်ကိုလင်းမှာ ဒီနေရာကို ထွက်ပြေးလာခဲ့ပြီး သူ ရှိနေသော လှိုဏ်ဂူထံ အမှတ်မထင် တိုက်တိုက်ဆိုင်ဆိုင် ရောက်လာခဲ့ပုံ ပေါ်သည်။ ဟန်လိထံ ပြဿနာကား စိုက်စိုက်မြိုက်မြိုက် ရောက်လာခဲ့လေပြီ။ သူ မည်သို့ တုန့်ပြန်သင့်သနည်း။ သို့ပေမည့် သူ့အစီအရင်က ရန်သူ၏ အပြင်းအထန် တိုက်ခိုက်မှုများအား ခုခံနိုင်တာ မြင်၍ သူ များစွာ စိတ်အေးရသည်။ သူ ထိတ်ထိတ်ပြာပြာ မဖြစ်တော့ပေ။
ထို့ကြောင့် သူက မျက်မှောင်ကြုတ်ကာ လက်ထဲ၌ အစီအရင်အလံကို ကိုင်၊ အစီအရင်မန္တာန်ထဲ ဝင်ရောက်ပြီး စီနီယာအစ်ကိုလင်းထံ လျှောက်လာသည်။
သူက လက်နှစ်ဖက်ဖြင့် စီနီယာအစ်ကိုလင်း၏ခန္ဓာကိုယ်ကို စွဲလှန်ကြည့်သည်။ သူက အစ်ကိုလင်း၏ မျက်နှာကို သေချာ ကြည့်သည်။ ဟန်လိ၏ မျက်နှာမှာ ရုပ်စိုးသွား၏။ သူ စကားတခွန်းမှ မဆိုနိုင် ဖြစ်ရသည်။
အကြောင်းမှာ လူသေတစ်ယောက်အတွက် သူ စကားပြောနေရန် မလိုတော့သောကြောင့်ပင်။ စီနီယာအစ်ကိုလင်း၏ ဒွာရပေါက်ခုနစ်ခုထံမှ သွေးများ စီးကျနေ၏။ သူ အသက်ရှု ရပ်သွားတာ ကြာခဲ့လောက်ပြီ။
ဟန်လိ သက်ပြင်းချမိသည်။ ခဏ တွေဝေနေပြီးနောက်မှာ သူက အစ်ကိုလင်း၏ ခန္ဓာကိုယ်ပေါ်ရှိ အင်္ကျီရင်ဘက်ထဲ လက်နှိုက်ကြည့်သည်။ သူက စီနီယာအစ်ကိုလင်း၏ သိုလှောင်အိတ်ထဲမှ ရုပ်သေးများကို ရှာချင်တာ ဖြစ်၏။ သူက ထိုရုပ်သေးများဖြင့် တိုက်ပွဲဆင်နွှဲသည့် နည်းလမ်းပုံစံတို့အား လွန်စွာ စိတ်ဝင်စားမိသည်။
သို့သော် အလောင်း၏ အင်္ကျီရင်ဘက်ထံ သူ့လက် ရောက်သွားရုံ ရှိသေး ခပ်ဖျော့ဖျော့အစိမ်းရောင်အလင်းလုံးတစ်လုံးက ရုတ်တရက် ပျံသန်းထွက်လာကာ ဟန်လိထံ တိုးဝင်လာ၏။ “အား…” ဟန်လိ အလန့်တကြား ထအော်ကာ နောက်ကို လန်ကျသွားသည်။
ထိုအလင်းလုံးက ဟန်လိ၏ မျက်နှာထံ တန်းတန်းမတ်မတ် ဦးတည်ဝင်လာစဉ် ဟန်လိက သူ့ညာလက်ကို ဖြတ်ခနဲ လှုပ်ရှားသည်။ အဖြူရောင်အလင်းလုံးတစ်ခုက လျှပ်စီးအလား ထိုးထွက်ကာ အစိမ်းရောင်အလင်းလုံးကို ထိန်းချုပ်သည်။ ထိုအခါ ယင်းအစိမ်းရောင်အလင်းလုံးထံမှ နာကျင်မှုကြောင့် ငြီးငြူသံ ထွက်ပေါ်လာသည်ဟု ထင်ရသည်။
“ဂျူနီယာညီလေး…ကျေးဇူးပြုပြီး ငါ့အသက်ကို ချမ်းသာပေးပါ။ ချိုးဂိုဏ်းနဲ့ ပတ်သတ်ပြီး ငါ မှားခဲ့မိပါတယ်။ ငါ့မှာ တခြား ရည်ရွယ်ချက် မရှိပါဘူး။ ငါ အတင်းအကြပ် ဖိအားပေးခံခဲ့ရတာပါ။ ဂျူနီယာညီလေးကသာ ငါ့ကို လွှတ်ပေးမယ်ဆို အကျိုးအမြတ် အများကြီးရဖို့ ငါ အာမခံပါတယ်…”
စီနီယာအစ်ကိုလင်း၏ နောင်တရနေသော အသံ ဟန်လိစိတ်ထဲ ဝင်ရောက်လာ၏။
“ခင်ဗျားက ခုလေးတင် ကျုပ် ခန္ဓာကိုယ်ကို ပိုင်စိုးဖို့ ကြိုးစားခဲ့တာ မလား…”
ဟန်လိက စိတ်လှုပ်ရှားမှု ကင်းမဲ့သော လေသံဖြင့် ပြောသည်။
“ဒါက…ဂျူနီယာညီလေး ပြောတာ ဟုတ်ပါတယ်။ ဒါပေမဲ့ ကျုပ် စိတ်ရှုပ်ထွေးသွားလို့ပါ။ ဒီ့အတွက် ကျုပ် သေချာပေါက် ပြန်ပေးဆပ်ပါ့မယ်…။ ဂျူနီယာညီလေးက သဘောထားကြီးပေး စေချင်ပါတယ်…”
ဟန်လိက စီနီယာအစ်ကိုလင်း၏ အထပ်ထပ် တောင်းပန်မှုကို ကြား၏။