မဟာဖွံ့ဖြိုးခြင်းပညာရပ်
Vol. 17 Ch. 232
ဟန်လိက တဖက်သူ၏ စကားများကို ကြားကြားချင်း ချက်ခြင်း ပြန်မဖြေပေ။ ထိုအစား သူက ခေါင်းငုံ့ကာ သေချာ စဉ်းစားနေ၏။ သူ၏ အဖြူရောင်အလင်း တောက်ပနေသော လက်ဖြင့်လည်း တဖက်သူ၏ ရှေးဦးစိတ်ဝိညာဉ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။
အချိန်အတော်ကြာပြီးနောက်မှာ ဟန်လိက ခေါင်းမော့ကာ အေးစက်စက် ပြောလိုက်သည်။
“ခင်ဗျား ရှေးဦးစိတ်ဝိညာဉ်ရဲ့ ကျူးကျော်မှုကိုသာ ကျုပ်အနေနဲ့ အမှတ်တမဲ့ ခံလိုက်ရရင် ခင်ဗျားက ကျုပ်ကို ငဲ့ညှာသနားမှာ မလို့လား။ ကျုပ်တို့နှစ်ယောက်လုံးက အခြေခံတည်ဆောက်ခြင်းအဆင့်မှာ ဆိုပေမယ့် ခင်ဗျားရဲ့ မှော်စွမ်းအားဟာ ကျုပ်ထက် အများကြီး ပိုနက်နဲတယ်။ အဲ့လိုသာ ဖြစ်ခဲ့ရင် ကျုပ်ဟာ ခင်ဗျားလက်ထဲ ကျရောက်သွားဖို့ များတယ်…”
ဟန်လိ၏ စကားလုံးများထဲမှာ မကောင်းသော ရည်ရွယ်ချက်တို့ အပြည့်ပင်။
“ကျုပ် မင်းကို လျှို့ဝှက်ချက်တစ်ခု ပြောပြနိုင်ပါတယ်။ ကျင့်ကြံခြင်းပညာရပ်တစ်ခုကိုလည်း ပေးပါ့မယ်…”
စီနီယာအစ်ကိုလင်းမှာ ကြီးစွာ ထိတ်လန့်သွားကာ သူ၏ ရှေးဦးစိတ်ဝိညာဉ်ကနေ တဆင့် အသည်းအသန် အသံပို့လွှတ်သည်။
“လျှို့ဝှက်ကျင့်ကြံခြင်း ပညာရပ် ဟုတ်လား။ ဒါက ခင်ဗျားတို့ ဝါးတစ်ထောင်ကျောင်းတော်ရဲ့ မဟာဖွံ့ဖြိုးခြင်း ပညာရပ် မလား…”
ဟန်လိ၏ မထူးခြားနားသော စကားက ရှေးဦးစိတ်ဝိညာဉ် အစိမ်းရောင်အလုံးကို တဖြတ်ဖြတ် ဖြစ်သွားစေသည်။ ထို့အပြင် ၎င်းအလင်းလုံးက တုန်လှုပ်ကာ အထစ်ထစ်ဖြင့် အသံပို့လွှတ်လာသည်။
“ဒီကိစ္စကို မင်း ဘယ်လိုသိလဲ။ မင်း…မနေ့တုန်းက အလစ်ချောင်းကြည့်နေတဲ့သူက မင်းကို…”
စီနီယာအစ်ကိုလင်းမှာ နောက်ဆုံး၌ အဖြစ်အပျက်ကို သဘောပေါက်သွားတော့သည်။
“ဟုတ်တယ်။ ခင်ဗျားအနေနဲ့ ကျုပ်ကို လုံးဝ ကလန်မဆန် လုပ်လို့ မရတာ သိမှတော့ နာနာခံခံနဲ့ ကျုပ်ကို အကြောင်းစုံ ပြောပြသင့်တယ်။ ခင်ဗျားအနေနဲ့ ခင်ဗျားရဲ့ ဒီစိတ်ဝိညာဉ်ကို ချက်ခြင်း ဖျက်စီးပစ်တာ မခံချင်ဘူးမလား…”
ဟန်လိက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ သူ့လက်ထဲရှိ ရှေးဦးစိတ်ဝိညာဉ်မှာ တုန်ယင်သွားသည်။
“ဂျူနီယာညီလေးက မနေ့ကတုန်းက ကျုပ်တို့ရဲ့ စကားတွေကို အများကြီး ကြားပြီးသား မဟုတ်ဘူးလား…” စီနီယာအစ်ကိုလင်းက သက်ပြင်းရှည်ချကာ ချိနဲ့သောလေသံဖြင့် မေးသည်။
ထိုစဉ် အစီအရင်အပြင်ဘက်မှ ဝါးတစ်ထောင်ကျောင်းတော်မှ သူများသည် သူတို့၏ စကားသံကို အစီအရင်ထဲ ပို့လွှတ်ပြီးနောက် မည်သည့်တုန့်ပြန်မှုမှ ထွက်ပေါ်မလာတာကို မြင်သည်။ ထိုအခါ သူတို့သည် ဒေါသ မထွက်မိဘဲ မနေနိုင် ဖြစ်ကုန်၏။ သူတို့က သူတို့၏ ရုပ်သေးသားရဲများကို ထုတ်လွှတ်ကာ နောက်တချီ တိုက်ခိုက်မှု ပြန်စသည်။ ထိုအခါ ဟန်လိ၏ အစီအရင်က တဖန် ပြန်အသက်ဝင်လာသည်။ အစီအရင်၏ အတွင်းဘက်မှာ တည်ငြိမ်နေလျက်သာ၊ ဆူညံသံအချို့နှင့် တုန်ခါမှုလှိုင်းအချို့သာ ရှိသည်။
“ဂျူနီယာညီလေး…ဒီအစီအရင်က ထူးခြားလှချည်လား။ ဒါက ဒီလို အကြမ်းပတမ်း တိုက်ခိုက်မှုတွေကိုပါ ခံနိုင်တာပဲ။ တကယ့်ကို မယုံနိုင်စရာပဲကွ…”
စီနီယာအစ်ကိုလင်းက အပြင်ဘက်မှ တိုက်ခိုက်မှုများ ပြန်စလာသည်ကို မြင်သည်နှင့် သူက ရည်ရွယ်ချက်ရှိရှိ ထိုစကားများကို ပြောလာသည်။
“ဟားဟား…ကျုပ် အစီအရင်နဲ့ ပတ်သတ်ပြီး ပူမနေပါနဲ့။ စကားလမ်းကြောင်း လွှဲမနေနဲ့။ ခင်ဗျားတို့ ဝါးတစ်ထောင်ဂိုဏ်းရဲ့ အတွင်းရေးကိစ္စတွေကို ကျုပ် စိတ်မဝင်စားဘူး။ တကယ်တော့ ကျုပ် သိချင်တာက ခင်ဗျား ပိုင်ဆိုင်ထားတဲ့ မဟာဖွံ့ဖြိုးခြင်း ပညာရပ်ရဲ့ တစိတ်တပိုင်းပဲ။ ကြည့်ရတာ အဲ့ပညာရပ်ကို ကျင့်ကြံခဲ့ပြီး ခင်ဗျားအနေနဲ့ သိသာထင်ရှားတဲ့ စွမ်းရည်တွေ ရခဲ့တယ်မလား။ ခင်ဗျားအနေနဲ့ တမင် အချိန်ဆွဲချင်ရင်တော့ ကျုပ်က ခင်ဗျားရဲ့ ဒီစိတ်ဝိညာဉ်ကို ချက်ခြင်း ဖျက်စီးပစ်မယ်…”
ဟန်လိက ထိုသို့ပြောသည်။ သူ့လေသံမှာ အေးစက်လာ၏။ သူက မျက်မှောင်တင်းတင်း ကြုတ်လျက် ရှိ၏။
ထို့နောက်မှာ သူ့လက်ပေါ်ရှိ အဖြူရောင်အလင်းက ရုတ်ချည်း အားကောင်းလာပြီး သူ့လက်ချောင်းထံမှ ညင်သာသောအားတစ်ခု ထွက်ပေါ်လာသည်။ ထိုအခါ စီနီယာအစ်ကိုလင်း၏ ရှေးဦးစိတ်ဝိညာဉ်မှာ ထပ်တလဲလဲ အော်ရတော့သည်။
“ဒီမဟာဖွံ့ဖြိုးခြင်းပညာရပ်ဟာ ကျုပ်တို့ ဂိုဏ်း တည်ထောင်ခဲ့တဲ့ ဘိုးဘေး ဖန်တီးခဲ့တဲ့ မူလလျှို့ဝှက်ပညာရပ်ပဲ။ ဒီပညာရပ်ဟာ လူတစ်ယောက်ရဲ့ နတ်ဘုရားအာရုံအပေါ် အများအပြား တိုးတက်အောင် အသုံးပြုတဲ့ လျှို့ဝှက်ပညာရပ်ပဲ။ ဒါ့အပြင် လူတစ်ယောက်ရဲ့ ရှေးဦးစိတ်ဝိညာဉ်ကိုလည်း ခွဲထုတ်စေနိုင်တယ်။ ဒါက ရုပ်သေးတွေ အသုံးပြုဖို့အတွက် ကျင့်ကြံတဲ့ ကျုပ်တို့ ဝါးတစ်ထောင်ကျောင်းတော်ရဲ့ မရှိမဖြစ် ကျင့်ကြံခြင်း ပညာရပ်ပဲ…”
“ဒီပညာရပ်ကို ကျင့်ကြံတဲ့အချိန်မှသာ လူတစ်ယောက်ရဲ့ နတ်ဘုရားအာရုံက ရုပ်သေးအများအပြားအပေါ် ခပ်နှိပ်နိုင်မှာ၊ ဒီရုပ်သေးတွေကို ထိန်းချုပ်နိုင်မှာ ဖြစ်တယ်။ မဟုတ်ရင် ကျုပ်က ပိုများပြားတဲ့ ရုပ်သေးတွေကို သန့်စင်နိုင်ခဲ့ရင်တောင် ဒါတွေကို တကြိမ်တည်း မထိန်းချုပ်နိုင်မှတော့ ကျုပ် အတွက် ဘာများ အသုံးတည့်ပါမလဲ…”
စီနီယာအစ်ကိုလင်းက ဖြေးဖြေးမှန်မှန် ပြောပြသည်။ သူက ထပ်မံ၍ အချိန်မဆွဲဝံ့တော့ပေ။
“ဒါက ဝါးတစ်ထောင်ဂိုဏ်းရဲ့ အခြေခံပညာရပ် ဖြစ်နေမှတော့ ဒီပညာရပ်နဲ့ ပတ်သတ်ပြီးတော့ ခင်ဗျားက ဘာကြောင့်များ အကြံအစည် လုပ်ဖို့ လိုခဲ့တာလဲ။ ဒါ့အပြင် ခင်ဗျားက ဒီပညာရပ်ရဲ့ နောက်ထပ်တပိုင်းအကြောင်းကိုတောင် ပြောခဲ့သေးတယ်…”
ဟန်လိက အမူအရာကင်းမဲ့စွာဖြင့် ထပ်မေးသည်။
“ဖုံးကွယ် ထားစရာ များများစားစား မရှိပါဘူး။ ဒီမဟာဖွံ့ဖြိုးခြင်း ပညာရပ်ဟာ ဝါးတစ်ထောင်ကျောင်းတော်ရဲ့ အခြေခံပညာရပ် ဖြစ်ပေမယ့် ကျုပ်တို့ ကျောင်းတော်ရဲ့ အခြေခံသင်ကြားချက်တွေကို အပြင်လောကဆီ အလွယ်တကူ အပြန့်မခံဘူး။ ဒါ့ကြောင့် ဝါးတစ်ထောင်ကျောင်းတော်ရဲ့ တပည့်တွေဟာ ပထမဆုံးအဆင့်ရဲ့ အကျဉ်းချုပ်ကိုပဲ ကျင့်ကြံရတယ်။ ဒီအကျဉ်းချုပ်ပညာရပ်ဟာ ကျင့်ကြံဖို့ လွယ်ပေမယ့် အလုံးစုံပတ်စုံ ကျွမ်းကျင် သွားရင်တောင်မှ အစစ်အမှန် မဟာဖွံ့ဖြိုးခြင်း ပညာရပ်ရဲ့ ပထမအဆင့် စွမ်းပကားကို မှီဖို့ အဝေးကြီးပဲ။ ဒါ့အပြင် မဟာဖွံ့ဖြိုးခြင်း ပညာရပ် အစစ်အမှန်ကျမ်းစာကို ကျောင်းတော်ရဲ့ အဆင့်မြင့်ကျင့်ကြံသူတွေပဲ ကျင့်ကြံကျတာ…”
“အပြင်လူတွေဟာ အစစ်အမှန် မဟာဖွံ့ဖြိုးခြင်း ပညာရပ်ရဲ့ ပထမဆုံးနှစ်ဆင့်ကိုပဲ ကျင့်ကြံနိုင်ကြတယ်။ သူတို့ဟာ ရုပ်သေးတစ်ရာနီးပါးကို တပြိုင်နက်တည်း ထိန်းချုပ်နိုင်ကြတယ်။ ကျုပ်က အဲ့ပညာရပ်ရဲ့ တတိယအဆင့်ထိ ကျင့်ကြံခဲ့တဲ့အတွက် သူတို့ထက် ပိုသာပြီး တပြိုင်နက်တည်း ရုပ်သေးသုံးရာကို ထိန်းချုပ်နိုင်တယ်။ ဒါပေမဲ့လည်း တတိယအဆင့်ရဲ့ နောက်ပိုင်းကိုတော့ ဂိုဏ်းချုပ်နဲ့ သူ့ဆက်ခံသူတွေကပဲ ကျင့်ကြံနိုင်တာ ဖြစ်တယ်…”
“ဝါးတစ်ထောင်ကျောင်းတော်အတွင်း ပုန်ကန်မှု ဖြစ်ခဲ့စဉ်က ငါ့အဖေဟာ ခုလက်ရှိ ကျောင်းတော်သခင် ကျင်းနန်ထျန်ရဲ့ လှည့်ဖြားကြံစည်ခြင်း ခံခဲ့ရပြီး မဟာဖွံ့ဖြိုးခြင်းပညာရပ်တစ်ခုလုံးကိုလည်း အတင်းအကြပ် ယူဆောင်တာ ခံခဲ့ရတယ်။ အဲ့အချိန်တုန်းက လူငယ်ကျောင်းတော်သခင်လေး တစ်ယောက်ဖြစ်တဲ့ ငါကတော့ ကျောင်းတော်အပြင်က အရေးကိစ္စတွေကို ဂရုစိုက်နေခဲ့ရတာ။ ကျောင်းတော်ရဲ့ အဲ့အခြေအနေကို ငါ့အနေနဲ့ ခုခံဖြေရှင်းဖို့ နည်းလမ်း မရှိတော့တာကြောင့် ငါဟာ သေချင်ယောင်ဆောင်ပြီး ကီလိုမီတာငါးထောင် ကွာဝေးတဲ့ ယွဲ့ဒေသမှာ ပုန်းကွယ်နေဖို့ ထွက်လာခဲ့တာပဲ။ အဲ့အချိန်တုန်းက ငါ့မှာ မဟာဖွံ့ဖြိုးခြင်း ပညာရပ်တစ်ခုလုံးကို မပိုင်ဆိုင်ထားခဲ့ပေမယ့် ငါဟာ ကျောင်းတော်သခင်ရဲ့ တစ်ဦးတည်းသား ဖြစ်တဲ့အတွက်ကြောင့် ပထမဆုံးအဆင့်လေးဆင့်ကို ကျင့်ကြံတဲ့ ပညာရပ်ကို သိနေတယ်…”
“မူလတုန်းကတော့ ငါ့ဘဝရဲ့ နောက်ဆုံးနှစ်တွေကို ဒီမှာပဲ ကုန်ဆုံးစေချင်ခဲ့တာပဲ။ ဒါပေမဲ့ ငါ မဟာဖွံ့ဖြိုးခြင်းပညာရပ်ရဲ့ တတိယအဆင့်ကို ချိုးဖျက်တာဟာ အဖျားအနားသားလောက်သာ ဖြစ်ရုံပဲဆိုတာ ဘယ်သူ သိပါ့မလဲ။ ဒါ့ကြောင့် ငါ့လက်စားချေချင်စိတ်ဟာ ကြီးမားလာခဲ့တယ်။ အချိန်တစ်ခု စိတ်ရှုပ်ရှုပ်နဲ့ စဉ်းစားနေပြီးတဲ့နောက်မှာ ဝါးတစ်ထောင်ကျောင်းတော်ရဲ့ ငါ့ သစ္စာရှိ လက်အောက်ခံအုပ်စုနဲ့ အချိတ်အဆက် ပြန်လုပ်ခဲ့ပြီး သူတို့ကို ငါ့အတွက် ဒီပညာရပ်ရဲ့ နောက်ပိုင်းအဆင့်သုံးဆင့်အတွက် မန္တာန်တွေကို ခိုးယူပေးဖို့ တောင်းဆိုခဲ့တယ်။ ဒါပေမဲ့ ငါ့ကြမ္မာက ခုလိုမျိုး အဆုံးသပ်ရလိမ့်မယ်ဆိုတာ ဘယ်သူက သိပါ့မလဲ။ ငါ့ငယ်သားတွေဟာ အဖမ်းခံလိုက်ရပြီလား၊ ဒါမှမဟုတ် ငါ့ကို သစ္စာဖောက်သွားတာလားကိုတော့ ငါလည်း မသိဘူး…”
စီနီယာအစ်ကိုလင်းက သည်တစ်ကြိမ် ဖြည်းဖြည်းချင်း အသေးစိတ် ပြောပြနေသည်။ သို့သော် သူ့စကား အဆုံးသပ်သို့ ရောက်ချိန် သူ့အသံမှာ မကျေမချမ်းဖြစ်မှု၊ အလိုမကျမှုတို့ ပြည့်နှက်နေသည်။
ဟန်လိက တဖက်သူ၏ ရှေးဦးစိတ်ဝိညာဉ် ဒေါသပုန်ထနေတာကို အေးစက်စက် စိုက်ကြည့်နေ၏။ သူက ဘာမှ မလှုပ်ရှားသေးပေ။ တဖက်သူ ပြန်တည်ငြိမ်သွားမှ သူ ယဉ်ကျေးမနေဘဲ ညှိနှိုင်းမှု ဆက်သည်။
“ဒါဆို ခင်ဗျား ပြောခဲ့တဲ့ လျှို့ဝှက်ချက်ကကော ဘာများလဲ…”
“ဒါလား…ကျုပ် မျှော်လင့်မိတာက…”
“အား…မင်းလက်ကို ပြန်ချထားပေးပါ။ ကျုပ် ပြောပါ့မယ်။ ခုချက်ခြင်း ပြောပြပါ့မယ်…”
စီနီယာအစ်ကိုလင်း၏ ရှေးဦးစိတ်ဝိညာဉ်မှာ ခဏတာ ချီတုံချတုံ ဖြစ်သွားသေးသည်။ သူက သူ့ဘက်မှာ တောင်းဆိုစရာ အခြေအနေအချို့ ရှိနေသည့်အလား။ သို့ပေမည့် ဟန်လိက သူ့ကို လျှာရှည်မည့် အခွင့် ပေးမည့်သူ မဟုတ်ပါ။ သူက တဖက်သူကို နောက်ထပ် ဆိုးဆိုးဝါးဝါး ခံစားစေလိုက်သည်။ ထိုအခါ ဟန်လိလက်ချက်ကြောင့် စီနီယာအစ်ကိုလင်း၏ ရှေးဦးစိတ်ဝိညာဉ်သည် တစစီ ဖြစ်သွားမတတ်ပင်။ တဖက်သူမှာ ချက်ခြင်း လေသံပြောင်းသွားကာ ကြောက်လန့်တကြား ဖြစ်၏။
“ခင်ဗျားက အလွယ်နည်း မကြိုက်ရင်တော့ ကျုပ်တို့ ခက်ခက်ခဲခဲ လုပ်ရလိမ့်မယ်။ ခင်ဗျားအနေနဲ့ ကျုပ် ကြားချင်တာ အားလုံး ပြောလို့ မပြီးသေးခင် ဘာမှ လာမတောင်းဆိုနဲ့…”
ဟန်လိ၏ လေသံမှာ အေးစက်လှ၏။ အရိုးထဲထိ ထွင်းဖောက်သည့်နှယ်။
ဟန်လိ၏ ရက်စက်မှုကြောင့် စီနီယာအစ်ကိုလင်းမှာ လုံးဝ တုန်ယင်လှုပ်ခါနေရပြီ။ သူက အလန့်တကြားဖြင့် အလျင်စလို ပြောလိုက်သည်။
“တကယ်တော့ အဲ့လျှို့ဝှက်ချက်ဟာလည်း မဟာဖွံ့ဖြိုးခြင်း ပညာရပ်နဲ့ ပတ်သတ်ပါတယ်။ ဒါ့အပြင် အဲ့အကြောင်းကို ဝါးတစ်ထောင်ကျောင်းတော်ရဲ့ ထိပ်ပိုင်းကျင့်ကြံသူကြားမှာပဲ ပြန့်နှံ့တာပါ။ ဒီလျှို့ဝှက်ချက်က မှန်လား၊မှားလားကိုတော့ ဘယ်သူမှ မသိပါဘူး။ ဒါပေမဲ့လည်း ကျုပ် အဖေ ကျောင်းတော်မှာ ရှိစဉ်တုန်းက သူက ဒီလျှို့ဝှက်ချက်က မှန်ဖို့ ငါးဆယ်၊ခြောက်ဆယ် ရာခိုင်နှုန်းလောက် ရှိတယ်လို့ ပြောခဲ့တယ်…”
“အဲ့လျှို့ဝှက်စကား ဘယ်က စခဲ့လဲတော့ ငါလည်း မသိဘူး။ ဝါးတစ်ထောင်ကျောင်းတော်ရဲ့ ထိပ်ပိုင်းကသူတွေ အပြောကတော့ မဟာဖွံ့ဖြိုးခြင်း ပညာရပ်ကို မြင့်မားတဲ့ အဆင့်တစ်ခုထိ ကျင့်ကြံနိုင်ရင် သူတို့ရဲ့ အမြုတေကို ပုံမှန်ကျင့်ကြံသူတွေထက် အလွယ်တကူ ဖွဲ့စည်းနိုင်တယ်တဲ့။ သူတို့ရဲ့ ကျင့်ကြံမှုမှာ အဆင့်ချိုးဖျက်ဖို့အတွက်လည်း ပိုလွယ်ကူလိမ့်မယ်တဲ့။ ဒါ့ကြောင့်လည်း ကျောင်းတော်ရဲ့ အရင်ဆက်ခံသူဟာ သူ့အမြုတေဖွဲ့စည်းတဲ့အခါ အောင်မြင်မှုနှုန်း မြင့်မားခဲ့တယ်…”
စကား ခဏရပ်ပြီး သူက ထိုသို့ ဆက်ပြောသည်။
“ဒီပညာရပ်က အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ဝင်ရောက်နိုင်မယ့် အခွင့်အရေးတွေ မြင့်တင်ပေးနိုင်တာလား…”
အေးစက်စက် ရှိနေသော ဟန်လိ၏ အမူအရာမှာ နောက်ဆုံး၌ ပြောင်းလဲသွားသည်။
“အဟုတ်ပါပဲ။ ဂျူနီယာညီလေးကသာ ကျုပ် သန့်စင်နိုင်၊ ထိန်းချုပ်နိုင်မယ့် အလောင်းတစ်လောင်းကို ကူပြီး ရှာပေးချင်တာနဲ့ ကျုပ်က ဒီပညာရပ်ရဲ့ ပထမဆုံးအဆင့်လေးခုကို ဝေမျှပေးချင်ပါတယ်။ ပြီးရင် ကျုပ်တို့ ပူးပေါင်းပြီး ကျင်းမျိုးရိုးနဲ့ သူခိုးရဲ့သားရှိကနေ ကျန်တဲ့အဆင့်တွေကို သွားယူကြမယ်။ ပြီးရင် ကျုပ်တို့အတူတူ အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ရောက်နိုင်လိမ့်မယ်…”
စီနီယာအစ်ကိုလင်းက သူ့မတည်ရှိတော့သော ပါးစပ်ကို လှုပ်ကာ ဟန်လိကို ဖြားယောင်းသည်။
ဟန်လိက နှာခေါင်းရှုံ့ကာ ငြိမ်သက်နေမြဲ။ သူ ခေါင်းငုံ့လျက် သေချာစဉ်းစားနေသည်။ စီနီယာအစ်ကိုလင်းမှာ မလွယ်ကူမှုကို ချက်ခြင်း ခံစားမိပြန်သည်။
“ဒါက လူတစ်ယောက်ရဲ့ အမြုတေဖွဲ့စည်းခြင်းအတွက် အောင်မြင်မှုနှုန်းကို ငါးဆယ်၊ခြောက်ဆယ်ရာခိုင်နှုန်းလောက် တိုးတက်စေနိုင်တာလား…”
ဟန်လိက ခပ်တိုးတိုး ရေရွတ်လျက် ရုတ်တရက် ခေါင်းပြန်မော့သည်။ သူ့မျက်ခုံးနှစ်ခုမှာ တင်းကြပ်စွာ စုကြုံ့နေလေ၏။
“ဂျူနီယာညီလေး…ငါးဆယ်၊ခြောက်ဆယ်ကတင် သိပ်ကောင်းနေပြီ။ တကယ်တော့ ဒါဟာ ရွှေအမြုတေဖွဲ့စည်းခြင်းနဲ့ပါ ဆက်နွှယ်နေတာ။ မင်းအနေနဲ့ အနည်းဆုံးတော့ ကြိုးစားကြည့်သင့်တယ်…”
စီနီယာအစ်ကိုလင်းက အလျင်စလို ထပ်ပြောလာပြန်သည်။ အမှန်တကယ်တော့ သူ့အဖြ ပြောခဲ့သည်မှာ ငါးဆယ်၊ခြောက်ဆယ်ရာခိုင်နှုန်းလောက် မဟုတ်ခဲ့ပေ။ သုံးဆယ်ရာခိုင်နှုန်းသာ။ သို့ပေမည့် သူ့ထံမှ ထွက်လာသော စကားများထဲမှု ရာခိုင်နှုန်းက နှစ်ဆဖြစ်သွားခဲ့သည်။
“ဒီမဟာဖွံ့ဖြိုးခြင်း ပညာရပ်ဟာ ကျင့်ကြံဖို့ လွယ်ကူလား။ လူတစ်ယောက်ရဲ့ နတ်ဘုရားအာရုံကို တိုးတက်စေမယ့်အပြင် ဒါက လူတစ်ယောက်ရဲ့ ကျင့်ကြံမှုအခြေခံကိုပါ တိုးတက်စေနိုင်လား။ ဒါ့အပြင် စီနီယာအစ်ကိုလင်းက အခြေခံတည်ဆောက်ခြင်းအဆင့်မှာ ရှိနေခဲ့တာ အတော်ကြာခဲ့ပြီ။ ခင်ဗျား ဒီပညာရပ်ကို ကျင့်ကြံခဲ့တာကော ဘယ်လောက်ကြာခဲ့ပြီလဲ…” ဟန်လိသည် မျက်ခုံးပင့်ကာ ရုတ်တရက် အေးတိအေးစက် မေးသည်။
“ကျင့်ကြံမှုအမြန်နှုန်းကတော့ အသင့်အတင့်ပါပဲ။ ဒါက မင်းရဲ့ ကျင့်ကြံမှုအခြေခံကိုလည်း နည်းနည်းတော့ ပိုကောင်းစေနိုင်တယ်။ ကျုပ် အခြေခံတည်ဆောက်ခြင်းအဆင့်ကို လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်တည်းက ရောက်ခဲ့တာ။ အဲ့အချိန်တုန်းက ကျုပ်အသက်ဟာ နှစ်ဆယ်ဝန်းကျင်ပဲ။ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်ပြီးတဲ့နောက်မှာ ကျုပ်က မဟာဖွံ့ဖြိုးခြင်းပညာရပ်ကို စကျင့်ကြံခဲ့တယ်။ ဒါနဲ့…ဂျူနီယာညီလေးက ဘာကြောင့်များ ဒီမေးခွန်းတွေကို ဆက်တိုက်မေးနေရတာလဲ…”
စီနီယာအစ်ကိုလင်းက တဖက်သူသည် ထိုသို့ မေးခွန်းများ အမျှင်မပြတ်အောင် မေးလာမည်ဟု လုံးဝ မထင်ထားခဲ့ပေ။ ခဏ စဉ်းစားနေပြီးမှ သူက ပထမမေးခွန်းနှစ်ခုကို ဝေဝေဝါးဝါး ပြန်ဖြေသည်။ နောက်မေးခွန်းကိုမူ သူ ရှင်းလင်းစွာ ပြန်ဖြေလိုက်သည်။
ဟန်လိ၏ အမူအရာမှာ အေးဆေးသက်သာဟန် ပေါက်သွား၏။ တဖက်သူ၏ တုန့်ပြန်မှုများကို သူ ကျေနပ်သည့်အလား။ သို့ပေမည့် စီနီယာအစ်ကိုလင်း၏ ရှေးဦးစိတ်ဝိညာဉ်ကို ဆုပ်ကိုင်ထားသော သူ့ညာလက်ကမူ ရုတ်တရက် အဖြူရောင်အလင်း တောက်ပသွားသည်။ ထို့နောက်မှာ သူ့လက်ချောင်းများကို တင်းတင်းကြပ်ကြပ် ဆုပ်၏။ သူ့လက်ထဲရှိ ရှေးဦးစိတ်ဝိညာဉ်မှာ ညီးညူသံတစ်ချက်သာ ပေးနိုင်ပြိး ကြယ်အလင်းမှုန်များ ဖြစ်သွားလေ၏။ သည်လောကမှ ထာဝရ ပျောက်ကွယ်သွားခဲ့ပြီ။
“ဘယ်လို တိုက်ဆိုင် မှုလဲ။ ကျုပ် အမုန်းဆုံးက တခြားသူတွေရဲ့ ပိုင်စိုးခြင်း ခံရမှာကိုပဲ။ ဒါက ကျုပ်အတွက် စိတ်အဆင်မပြေစေတဲ့ ကိစ္စတချို့ကို ပြန်အမှတ်ရမိစေတယ်။ ဒါ့အပြင် ခင်ဗျားက မဟာဖွံ့ဖြိုးခြင်းပညာရပ်အကြောင်း အကောင်းချီ ပြောခဲ့ပေမယ့် ဒီပညာရပ်ဟာ ကျင့်ကြံဖို့ ခက်ခဲတယ်။ လူတစ်ယောက်ရဲ့ မှော်စွမ်းအားကိုလည်း မမြှင့်တင်ပေးနိုင်ဘူး။ ဒါ့ကြောင့် ကျုပ်က ဒီပညာရပ်ကို ကျုပ်ရဲ့ အခြေခံကျင့်ကြံခြင်းပညာရပ်အဖြစ် ဘယ်လိုလုပ် ကျင့်ကြံနိုင်ပါ့မလဲ…”
“ငါ့မှော်စွမ်းအား အခြေခံတည်ဆောက်ခြင်းအဆင့်ရဲ့ အထွတ်အထိပ်ထိ မကျင့်ကြံရသေးရင် ဒီမဟာဖွံ့ဖြိုးခြင်း ပညာရပ်ဟာ ငါ့အတွက် ဘာများအသုံးတည့်မှာ မလို့လဲ။ ဒီအစ်ကိုလင်းရဲ့ ပင်ကိုပါရမီက ကောင်းမွန်လှတယ်။ ဒါတောင် ဒီပညာရပ်ကို နှစ်ပေါင်းတစ်ရာနီးပါး ကျင့်ကြံပြီးတဲ့နောက်မှာတောင် သူဟာ တတိယအဆင့်ရဲ့ အထွတ်အထိပ်မှာပဲ ရှိသေးတယ်။ သူက ဒီပညာရပ်ကို ကျင့်ကြံတဲ့အတွက် အာရုံထွေပြားမှုကြောင့် သူ့မှော်စွမ်းအားဟာ အခြေခံတည်ဆောက်ခြင်းအလယ်အဆင့်ထက် သာရုံပဲ။ တချိန်တည်းမှာ ကိတ်မုန့်ကို ကိုင်ထားချင်တာကော၊ စားပစ်ချင်တာကော ဘယ်ရပါ့မလဲ…”
( Tl/note - မဟာဖွံ့ဖြိုးခြင်းပညာရပ်မှာ လူတစ်ယောက်၏ နတ်ဘုရားအာရုံကို တိုးတက်စေနိုင်သော်လည်း ကျင့်ကြံခြင်း မှော်စွမ်းအားကိုမူ တိုးတက်စေနိုင်ခြင်း မရှိပါ။”
“ဒါ့အပြင် ဝါးတစ်ထောင်ကျောင်းတော်ရဲ့ အရင်ကျောင်းတော်သခင်ဟာ နှစ်ခုလုံး( နတ်ဘုရားအာရုံကော၊ မှော်စွမ်းအားကော)မှာ ဟန်ချက်ညီပြီး ရွှေအမြုတေကို ဖွဲ့စည်နိုင်တာဟာ ဘာမှ ထူးခြားမနေဘူး။ သူဟာ ကျောင်းတော်ရဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်လာမှတော့ ထက်မြက်လှတဲ့ ပင်ကိုပါရမီကို ပိုင်ဆိုင်ထားတဲ့သူ ဖြစ်မှာ သဘာဝပဲ။ လူတစ်သောင်းမှာ တစ်ယောက်ဆိုတဲ့ ပါရမီရှင်လို့ သူ့ကို သတ်မှတ်နိုင်လိမ့်မယ်။ ဒါ့ကြောင့် မဟာဖွဲ့ဖြိုးခြင်းပညာရပ်ရဲ့ လူတစ်ယောက်ရဲ့ အမြုတေဖွဲ့စည်းခြင်းကို တိုးတက်စေနိုင်တဲ့ အခွင့်အရေးဟာ ပိုလိုတောင် နည်းနေအုံးမယ်။ ဒါ့ကြောင့် ငါဟာ ငါ့ရဲ့ ကိုယ်ပိုင်မှော်စွမ်းအားကိုကော၊ မဟာဖွဲ့ဖြိုးခြင်းပညာရပ်ကိုကော တပြိုင်နက်တည်း နက်နဲတဲ့အဆင့် ရောက်အောင် ကျင့်ကြံနိုင်လိမ့်မယ်လို့ ငါ့ကိုယ်ငါ ယုံကြည်မှု မရှိဘူး…”
“အဆိုးဆုံးကတော့ သူ့မှာ မဟာဖွံ့ဖြိုးခြင်းပညာရပ်တစ်ခုလုံး မပိုင်ဆိုင်ထားတာပဲ။ သူဟာ ငါ့ကို ကျောင်းတော်ရဲ့ ရန်သူတစ်ယောက်တောင် ဖြစ်လာစေချင်သေးတယ်။ ဒါက ငါ့ကို ပျက်စီးစေချင်တာ မဟုတ်ဘူးလား…”
“ကျေးဇူးပြုပြီး ပြောစမ်းပါအုံး။ ဒီလို အကြောင်းပြချက်တွေကြောင့် ကျုပ်က ခင်ဗျားကို လက်လွှတ်ပေးသင့်သလားလို့…”
ဟန်လိက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်၏ အသက်ဝိညာဉ်ကို နှုတ်ပစ်ခဲ့သော သူ့ညာလက်ကို ကြည့်လျက် တကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။