← Chapters

အတားအဆီးများနှင့် စိတ်ဝိညာဉ်ဆေးပင်

Vol. 17 Ch. 234

အတားအဆီးများနှင့် စိတ်ဝိညာဉ်ဆေးပင်

Vol. 17 Ch. 234

ထိုစကားကို ကြားသည့်အခါ ဟန်လိက စိတ်ထဲကနေ ပြောလိုက်မိသည်။ ဒီကိစ္စကို သူ မေးလာမှာ အသေအချာပဲ…”

သို့ပေမည့် အပြင်ပိုင်းတွင်မူ ဟန်လိက မထုံတလေး အမူအရာဖြင့် အံ့အားတသင့် မေးလိုက်သည်သာ။ “ရှေးဦးစိတ်ဝိညာဉ်လား။ ဒီတပည့်က ဘာရှေးဦးစိတ်ဝိညာဉ်ကိုမှ မမြင်မိခဲ့ပါဘူး။ စီနီယာအစ်ကိုလင်းရဲ့ ရှေးဦးစိတ်ဝိညာဉ်က သူ မသေခင်တည်းက သူ့ခန္ဓာကိုယ်ကနေ ထွက်သွားခဲ့တာများလား…”

ဟန်လိသည် တဖက်သူက ဒီရှေးဦးစိတ်ဝိညာဉ်အကြောင်း မေးလာခဲ့ပါက မည်သို့ ဖြေမည်ဟု စိတ်ထဲကနေ တွေးထားခဲ့ပြီး ဖြစ်သည်။ သူက သူ ဘာမှ မသိကြောင်း ဘူးခံမည်ဟု ဆုံးဖြတ်ထားပြီး ဖြစ်၏။ စီနီယာအစ်ကိုလင်း၏ ရှေးဦးစိတ်ဝိညာဉ်က သူ့ကို ပိုင်စိုးဖို့ ကြိုးစားခဲ့ပြီးနောက် သူ့အနေဖြင့် ၎င်းအား ရှင်းထုတ်ပစ်ခဲ့ကြောင်း ပြောပြ၍ ဖြစ်နိုင်ပါမည်လော။

“မင်း မတွေ့ခဲ့ဘူးလား…”

လူဝကြီးက ရွှင်လန်းစွာ ပြုံး၍ ဟန်လိကို တချက် လှမ်းကြည့်သည်။ သူ့အကြည့်ကြောင့် ဟန်လိမှာ ဂနာမငြိမ် ဖြစ်သွားရ၏။ သူ့စိတ်နှလုံး ခုန်ပေါက်မြည်ဟိန်း သွားရ၏။

“ကောင်းပြီလေ။ မင်း မမြင်ခဲ့ဘူး ဆိုမှတော့ ဒီကောင်လေးလင်းရဲ့ ရှေးဦးစိတ်ဝိညာဉ်ဟာ အစီအရင်ထဲမှာပဲ သူ့ဟာသူ ပျောက်သွားတာများလား…”

လူဝကြီးက မထူးခြားနားဟန်ဖြင့် ပြော၏။ သူ့မျက်နှာကတော့ ခဏ ရှုံ့မဲ့သွားသေးသည်။

ထိုစကားကို ကြားမှ ဟန်လိက သက်ပြင်းချနိုင်တော့၏။

သို့ပေမည့် လူဝကြီးမှာ သူ့စကားကို မယုံမှန်း ဟန်လိ ကောင်းကောင်းသိသည်။ သို့ပေမည့် လူဝကြီး၏ စီနီယာအစ်ကိုလင်း သေခြင်းရှင်ခြင်းအပေါ် အလေးမထားပုံ ရသည့်အတွက် သူသည် အလေးထား စူးစမ်းလိမ့်မည် မဟုတ်ပေ။

တကယ်တော့ ကျင့်ကြံသူတစ်ယောက်၏ ရှေးဦးစိတ်ဝိညာဉ်သည် သူ၏ခန္ဓာကိုယ်ကနေ ထွက်ခွာလာခဲ့ပြီးနောက် ပထမဆုံး လုပ်မည့်အရာမှာ သူ ရှင်သန်ဖို့ အလို့ငှာ သူနှင့် အနီးဆုံး ရှိနေမည့် တစုံတစ်ယောက်အား သိမ်းပိုက်စိုးမိုးဖို့ ကြိုးစားမည် ဖြစ်ကြောင်းကို လူတိုင်း သိသည်။ ဟန်လိအပြင် ဒီနေရာ၌ မည်သူမျှ မရှိ၍ ထိုရှေးဦးစိတ်ဝိညာဉ် ပိုင်စိုးမည့် တစ်ဦးသောသူမှာ ဟန်လိသာ ဖြစ်ချေလိမ့်မည်။ ဟန်လိက အကောင်းတိုင်း ရှိနေသေးသည် ဖြစ်ရာ စီနီယာအစ်ကိုလင်း၏ ခန္ဓာပိုင်စိုးမှု ကြိုးစားခြင်း ကျရှုံးကာ သူ့ရှေးဦးစိတ်ဝိညာဉ် ရှင်းထုတ်ခံရပြီး ဖြစ်ဖို့သာ ရှိတော့သည်။

ထိုရလဒ်မှာ တစ်ချက်ကြည့်ရုံဖြင့် ထင်ရှားသည်။

အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သော လိုင်ဝမ်ဟဲ(ဝါ) လူဝကြီးမှာ ဤအကြောင်းကို မသိဘဲ ဘယ်နေပါ့မည်နည်း။

သို့ပေမည့် ဟန်လိက သူ့အပေါ် စတွေ့ထဲက လေးစားသမှု ပြထားသည် ဖြစ်၍ ဟန်လိအပေါ် သူက အမြင်ကောင်း ရှိနေ၏။ ထိုသို့သော ကိစ္စတစ်ခုအတွက် မေးမြန်းဖို့ကိုလည်း သူ ပျင်းရိသည်။ တဖက်၌ ဟန်လိကမူ သိသိရက်နှင့် မသိချင်ဟန် ဆောင်ထားသည်။ အကြောင်းမှာ သည်သတင်းသာ ပျံ့သွားပါက ဂိုဏ်းတူများ၏ ပြစ်တင်စကားကို ခံရမှာ ဖြစ်သောကြောင့်ပင်။ ဤသည်က သူ့အတွက် အဆင်မပြေမှုများ ဖြစ်လာနိုင်၏။

လူဝကြီးက စီနီယာအစ်ကိုလင်း၏ ရှေးဦးစိတ်ဝိညာဉ်ကိစ္စကို ဆက်၍ မမေးလာသည့်အတွက် ဟန်လိမှာ စိတ်အေးရနိုင်သည်။ ဟန်လိမှာ သည်စီနီယာလိုင်အပေါ် သူ့ဆရာဖြစ်သူထက်ပင် ပို သဘောကျနေမိလေပြီ။

“သိုင်းတူလေးရဲ့ လှိုဏ်ဂူက တကယ်ကို ကြည့်မကောင်းဘူးပဲ။ မင်းရှိ လာလည်ပတ်မယ့် ကျင့်ကြံသူတွေအတွက် ဘယ်လိုများ ကြိုဆိုပါ့မလဲ။ ကျုပ်တို ကျင့်ကြံသူတွေက ဒီလိုကိစ္စတွေအပေါ် အရေးမစိုက်ဘူးဆိုပေမယ့် အနည်းဆုံးတော့ ကိုယ်နေနေတဲ့ လှိုဏ်ဂူက ကြည့်ပျော်ရှုပျော် ရှိရမှာပေါ့လေ…”

တချို့အကြောင်းရင်းများကြောင့် ထိုစီနီယာလိုင်မှာ ကိစ္စများ ပြီးသော်လည်း ဟန်လိနေရာကနေ ထွက်မသွားသေး၊ သူက ဟန်လိ၏ လှိုဏ်ဂူဝင်ပေါက်မှာ ရပ်နေ၏။

သူ့စကားကို ကြားသည့်အခါ ဟန်လိက ခါးသက်သက် ရယ်မိသည်။ သူက ဒီလှိုဏ်ဂူကို တည်ဆောက်ထားတာ ရက်ပိုင်းလောက်သာ ရှိသေး၏။ သူ့အနေဖြင့် လှိုဏ်ဂူကို ကောင်းမွန်ကြည့်ပျော်အောင် တည်ဆောက်ဖို့ ဘယ်လိုလုပ် အချိန်ရှိပါအုံးမည်နည်း။ သို့ပေမည့် ဟန်လိက စီနီယာလိုင် ဒီလှိုဏ်ဂူအကြောင်း ပြောလာသည့်အခါ တခြားကိစ္စတစ်ခုအကြောင်း တွေးမိသည်။

ထို့ကြောင့် သူက လိုင်ဝမ်ဟဲကို တလေးတစား ပြောလိုက်၏။

“သိုင်းတူလေးမှာ စီနီယာ့ကို မေးချင်တဲ့ ကိစ္စတစ်ချို့ ရှိပါတယ်။ စီနီယာက ဒီတပည့်ရဲ့ လှိုဏ်ဂူထဲ ဝင်ပြီး ခဏလောက် နားပါလား။ ဒါမှ ဒီတပည့်က စီနီယာလိုင်ကို အဲ့အကြောင်း ဖြေးဖြေးချင်း ရှင်းပြနိုင်မှာ။ ဒါ့အပြင် ဒီတပည့်မှာ ရင့်မှည့်တဲ့ ဆေးပင်အချို့လည်း ရှိပါတယ်။ ဒီဆေးပင်တွေရဲ့ သက်တမ်းရင့်မှု အတိအကျကို ဒီတပည့်က မသိတဲ့အတွက် စီနီယာအနေနဲ့ ခွဲခြမ်းစိတ်ဖြာ ပေးနိုင်မလားဗျ…”

“ဆေးပင်တွေလား…”

ဟန်လိက သူ့လှိုဏ်ဂူထဲ ဝင်နားဖို့ ဖိတ်ခေါ်တုန်းက လူဝကြီး၏ အမူအရာမှာ ပြောင်းလဲမသွား၊ သို့သော် ဆေးပင်အကြောင်း ပြောလာသည့်အခါတွင်မူ သူ့မျက်နှာထက်တွင် ပြုံးယောင်သန်းသွားသည်။ သူက ခေါင်းညိတ်ကာ သဘောတူလိုက်၏။

ထိုသို့ဖြင့် ဟန်လိက လိုင်ဝမ်ဟဲကို လှိုဏ်ဂူထဲသို့ ဖိတ်ခေါ်လာခဲ့ကာ လှိုဏ်ဂူခန်းမထံ သူတို့ ရောက်လာသည်။ ထို့နောက်မှာ သူက သူ ဆေးပင်သွားနှုတ်ယူအုံးမည်၊ လိုင်ဝမ်ဟဲကို ခဏလောက် စောင့်ပေးဖို့ ပြော၏။ သူက သူ့သိုလှောင်အခန်းထဲ အလျင်အမြန် သွားပြီး သက်တမ်း ခြောက်ရာ၊ ခုနစ်ရာလောက် ရှိမည့် ဆေးပင်နှစ်ပင်ကို ယူလာခဲ့ပြီး ဧည့်ခန်းခန်းမထံ ပြန်လာသည်။

ဟန်လိက သူ့သိုလှောင်အိတ်ထဲ၌ ထိုစိတ်ဝိညာဉ်ဆေးပင်အချို့ကို သိမ်းမထားပေ။ သည်ဆေးပင်များ၏ ဆေးအာနိသင်ကို အချိန်ကြာသည့်အထိ မပြယ်အောင် ထိန်းသိမ်းထားနိုင်ဖို့ ဖြစ်သည်။

ကျောက်စိမ်းပုလင်းများ သို့မဟုတ် တခြားသော မှော်ပစ္စည်းများကို သုံး၍ စိတ်ဝိညာဉ်ဆေးပင်များကို အသုံးပြုခြင်းသည် ယာယီနည်းလမ်းတစ်ခု ဖြစ်သည်။ အချိန်ကြာမြင့်လာခဲ့ပါက ဆေးပင်များ၏ အာနိသင်မှာ တဖြည်းဖြည့် စိမ့်ထွက်လျော့ကျသွားလိမ့်မည်။ ထို့ကြောင့် ကျင့်ကြံသူတိုင်း၏ လှိုဏ်ဂူ၌ လျှို့ဝှက်သိုလှောင်ခန်းတစ်ခု ရှိသည်။ ထိုနည်းဖြင့်သာ ဆေးပင်များ၏ အာနိသင်ကို မဆုံးရှုံးစေရန် အာမခံချက် ရှိမည်။

သို့ပေမည့် ဟန်လိမှာ စီနီယာလိုင်၏ စိတ်ဝိညာဉ်အာရုံမှာ ထူးကဲသာလွန်သည်အား စိတ်ပူပန်သည်။ ထို့ကြောင့် သူက စိတ်ဝိညာဉ်ရေတွင်းနှင့်အတူ သူ့သိုလှောင်အခန်းထဲ၌ ထဲ၌ ဝှက်ထားသော ပစ္စည်းများကို ထိုသူ မြင်ခွင့်ပြုမည် မဟုတ်ပေ။ သူက တဖက်သူ၏ မှော်စွမ်းအားကို တားဆီးဖို့ ဒြပ်စင်ငါးခုအစီအရင်၏ စိတ်ဝိညာဉ်အာရုံ ကြိုတင်၍ အသက်သွင်းထားခဲ့ပြီး ဖြစ်သည်။

အခု ထိုစီနီယာလိုင်က လျှို့ဝှက်၍ သူ့စိတ်ဝိညာဉ်အာရုံကို ဖြန့်ကျက်လိုလျှင် ထိုအခိုက်၌ သူ စိတ်ပျက်သွားရဖို့ များလိမ့်မည်။

လူတစ်ယောက်၏ စိတ်ဝိညာဉ်အာရုံကို တားဆီးဖို့အတွက် အသုံးပြုသော အစီအရင်ကျောက်စိမ်းပြားသည် အစီအရင်၏ ထပ်လောင်းစွမ်းရည်တစ်ခုသာ။ ထိုစွမ်းရည်ဖြင့် မှော်ပစ္စည်းများကိုလည်း သန့်စင်နိုင်မည် ဖြစ်ပြီး အစီအရင်တစ်ခုလုံး၏ ခွန်အားနှင့် အလားသဏ္ဌာန်တူနေလိမ့်မည်။ သက်ရောက်မှုရလဒ်က အစီအရင်တစ်ခုလုံးနှင့် ယှဉ်၍ ရသည်။

ဟန်လိက ဒီအစီအရင်ကြီးကို တည်ဆောက်ပြီးနောက်မှာ ၎င်းစွမ်းရည်အား စမ်းသပ်ကြည့်ပြီး ဖြစ်သည်။ မျှော်လင့်ထားသည့်အတိုင်း သူ့ စိတ်ဝိညာဉ်အာရုံမှာ သူ့ ဘေးပတ်လည် ပေအနည်းငယ်ထိသာ ရောက်နိုင်ခဲ့၏။ ထို့ထက် ကျော်လွန်၍ သူ့ စိတ်ဝိညာဉ်အာရုံကို ဖြန့်ကျက်ကြည့်၍ မရခဲ့ပေ။

စီနီယာလိုင်မှာ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်ကာ သူ့စိတ်ဝိညာဉ်အာရုံက ဟန်လိထက် အပြတ်အသတ် သာလွန်မည် ဖြစ်သော်လည်း အများဆုံးမှ သူသည် ပေတစ်ရာလောက်ရှိသော ဒီဝင်ပေါက်ခန်းမ၏ အလွန်လောက်ထိသာ ရှာဖွေနိုင်စွမ်း ရှိလိမ့်မည်။ မဟုတ်ပါက တဖက်သူသည် တဖက်သူသည် သူ့စိတ်ဝိညာဉ်အာရုံကို အသုံးပြု၍ သူ ချိပ်ပိတ်ထားသော လျှို့ဝှက်ခန်းနှင့် စိတ်ဝိညာဉ်စိမ့်တွင်းတို့ကို ရှာတွေ့သွားနိုင်လောက်သည်။

ဟန်လိမှာ သည်စီနီယာလိုင်မှာ မကောင်းသော ရည်ရွယ်ချက်များ မရှိဖို့များသည်ဟု ယုံကြည်မှုလည်း ရှိ၏။

သို့ပေမည့် သူသာ ထိုစီနီယာအစ်ကိုလိုင်က ဦးဆုံး သူ့လှိုဏ်ဂူထဲ ဝင်ဖို့ မဖိတ်ခေါ်ခဲ့ပါက ပိုဆိုးသွားနိုင်သည်။ လူဝကြီးလိုင်ကို သံသယ ပိုဖြစ်သွားစေလိမ့်မည်။ တကယ်တော့ စီနီယာတစ်ယောက်က ဂျူနီယာတစ်ယောက်၏ လှိုဏ်ဂူရှေ့မှာ ရပ်နေခဲ့တာ မဟုတ်လား။ ထို့ကြောင့် ဟန်လိမှာ ထိုလူဝကြီးလိုင်ကို သူ့လှိုဏ်ဂူထဲ ဝင်ဖို့နားဖို့ ဖိတ်ခေါ်ရမည်သာ။

ထို့အပြင် ဟန်လိက ထိုစီနီယာလူဝကြီးကို မေးချင်နေသော ကိစ္စအချို့ ရှိသေး၏။ သူက ထိုသူနှင့်လည်း ဆက်ဆံရေး ပိုကောင်းချင်နေသည်။ တကယ်တော့ ထိုသူမှာ အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူ မဟုတ်ပါလား။ ဟန်လိကသာ သူနှင့် ဆက်ဆံရေးကောင်း တည်ဆောက်ထားနိုင်ပါက အနာဂတ်မှာ သူ့အတွက် အကျိုးရှိစေမည်သာ။

ဟန်လိက စိတ်ထဲကနေ ထိုသို့ တွေးနေပြီး သူ့လက်ထဲ၌ ဆေးသေတ္တာနှစ်ခုကို ကိုင်ကာ ခန်းမထဲ လှမ်းဝင်လာသည်။ ထို့နောက်မှာ လိုင်ဝမ်ဟဲ၏ အရှေ့၌ သူက သေတ္တာတစ်ခုချင်းကို ဖွင့်ပြပြီး ဆေးပင်များအား သက်တမ်းအတိအကျ ခွဲခြားပေးရန် တောင်းဆိုသည်။

သည်အချိန်၌ လိုင်ဝမ်ဟဲမှာ စိတ်ထဲ၌ အတော်လေး မပျော်မရွှင် ဖြစ်နေခဲ့သည်။

အကြောင်းမှာ ဟန်လိ ဆေးပင်များကို သွားယူနေစဉ် သူက သူ့စိတ်ဝိညာဉ်အာရုံကို ဖြန့်ကျက်ကြည့်ခဲ့ကာ ဒီလှိုဏ်ဂူ၏ အခြေအနေကို စူးစမ်းခဲ့သောကြောင့်ပင်။ ထိုသို့ ပြုမူခြင်းမှာ သူ့၌ မကောင်းသော ရည်ရွယ်ချက်များ ရှိနေ၍ မဟုတ်၊ အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူတစ်ယောက် အနေဖြင့် အကျင့်ပါနေသော အလိုလို ပြုမူမှုသာ။

သို့ပေမည့် သူ့စိတ်ဝိညာဉ်အာရုံက သူ့ခန္ဓာကိုယ်ကနေ ထွက်ခွာပြီး ပေတစ်ရာလောက် အကွာရောက်သည့်အခါ တစ်လက်မမျှ ဆက်၍ ထပ်မံ ဖြန့်ကျက် မရတော့ပေ။ သူ့စိတ်ဝိညာဉ်အာရုံအပေါ် ငါးရာကီလိုမီတာအလေးချိန်တစ်ခုခုဖြင့် ဖိနှိပ်ထားသည့်နှယ် သူ ခံစားရ၏။

ထိုအခါ လိုင်ဝမ်ဟဲ၏ မျက်နှာထက်၌ တုန်လှုပ်အံ့အားသင့်ဟန် ချက်ခြင်း ဖြစ်ပေါ်သွားခဲ့၏။

သူ့စိတ်ဝိညာဉ်အာရုံကို ထိုသို့ ကန့်သတ်ခြင်း ခံရသော အခြေအနေများ သူ လုံးဝ မကြုံဖူးခဲ့တာတော့ မဟုတ်ပေ။ သူကား သူနှင့် ဆက်ဆံရေးကောင်းသော ကျင့်ကြံသူများ၏ လှိုဏ်ဂူများထဲ အကြိမ်ကြိမ် ဝင်ဖူးသော အတွေ့အကြုံ ရှိပြီးသား။ သို့အတွက် ထိုလှိုဏ်ဂူများထဲ၌ လူတစ်ယောက်၏ စိတ်ဝိညာဉ်အာရုံကို ဖြတ်တောက်သော အတားအဆီးအချို့ ချထားသည်ဟု အဓိပ္ပာယ် ရသည်။

သို့ပေမည့် သူ့ မိတ်ဆွေအသိများမှာ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်၏။ သူတို့၏ လှိုဏ်ဂူများထဲ၌ ယင်းသို့သော အတားအဆီးအချို့ရှိနေခြင်းမှာ မထူးဆန်းလှပေ။ သို့ပေမည့် အခု ဒီသိုင်းတူလေးမှာ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူတစ်ယောက်မျှသာ ဖြစ်နေသည်။ သူ့လှိုဏ်ဂူကို တည်ဆောက်ထားတာလည်း မကြာသေးပုံ ရသည်။ ထိုသို့သော အတားအဆီးမျိုးက ဒီလို လှိုဏ်ဂူမှာ ရှိနေခြင်းသည် အမှန်တကယ် ထူးခြားနေ၏။

လိုင်ဝမ်ဟဲက ဒီလှိုဏ်ဂူထဲရှိ အတားအဆီးကို ဂူအပြင်ဘက်ရှိ အတားအဆီးအစီအရင်နှင့် အမှန်တကယ် မချိတ်ဆက်မိပေ။

အကြောင်းမှာ သူသည် အပြင်ဘက်မှ လှိုဏ်ဂူသည် ခုခံရာ၌ အားကောင်းလွန်းသည့်အပေါ် အထင်ကြီးခဲ့သောကြောင့်ပင်။ ထိုအားသာချက်အပြင် အနှီအစီအရင်က လူတစ်ယောက်၏ စိတ်ဝိညာဉ်အာရုံကိုပါ ဟန့်တားနိုင်နေသည် ဆိုပါက ယင်းအစီအရင်သည် ဂိုဏ်းငယ်အချို့၏ မဟာအကာအကွယ်အစီအရင်များနှင့် အလားသဏ္ဌာန်တူနေပြီ မဟုတ်ပါလား။

ထိုမျှသော အားကောင်းမည့် အစီအရင်က အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူတစ်ယောက်၏ လှိုဏ်ဂူထဲ၌ မည်သို့ ပေါ်ထွက်လာနိုင်ပါ့မည်နည်း။

သည်လိုင်ဝမ်ဟဲမှာ ဟန်လိ၏ အစီအရင်သည် ကျော်ကြားလှသော ဒြပ်စင်ငါးခုပြောင်းပြန် အစီအရင် ဖြစ်နေလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။ စိတ်ပင် မကူးမိပေ။ ၎င်းအစီအရင်၏ မှော်စွမ်းအားမှာ မူလအစီအရင်၏ ဆယ်ပုံတစ်ပုံမျှသာ ဖြစ်သော်ငြားလည်း မြို့တစ်မြို့၏ မဟာအစီအရင်ထက် များစွာ ညံ့ဖျင်းမနေခဲ့ချေ။

ထို့ကြောင့် ဟန်လိက သေတ္တာကို သူ့ရှေ့မှာ လာဖွင့်လှစ်စဉ် လူဝကြီးသည် စိတ်ထဲ၌ ထိုအကြောင်းကိုသာ စဉ်းစားနေဆဲ ဖြစ်သည်။ သူ့အကြည့်က ဟန်လိဖွင့်ပြသော သေတ္တာထံ တန်းမရောက်၊ သေတ္တာအတွင်း၌ မည်သည့်ပစ္စည်း ရှိနေနေ၊ မရှိနေနေ အရေးမဟုတ်သည့်အလား။

သို့ရာတွင် နောက်ဆုံး၌ သူ့အကြည့်က သက်တမ်းခြောက်ရာ၊ခုနစ်ရာလောက် ရှိနေသော ဆေးပင်နှစ်ခုပေါ် ကျရောက်လာချိန်တွင်မူ သူ့မူလတုန်းက အသွင်ဟန်ပန်မှာ ချက်ခြင်း ပျောက်ကွယ်သွား၏။ သူ့စိတ်ဝိညာဉ်အာရုံကို အဟန့်အတား ဖြစ်စေသော အတားအဆီးကိစ္စကနေ သူ့စိတ်မှာ ဆေးပင်တို့ထံ ရောက်သွား၏။

သည်အခိုက်အတန့်၌ လိုင်ဝမ်ဟဲ၏ မျက်လုံးထဲ၌ အလွန်သိပ်သည်းသော စိတ်ဝိညာဉ်ချီ ထုတ်လွှတ်နေသော ဒီဆေးပင်နှစ်ပင်သာ ရှိနေတော့၏။

“ဒီတပည့်က စိတ်ဝိညာဉ်ကျောက်တုံး အနည်းငယ်နဲ့ သေမျိုးလောကကနေ ဒီစိတ်ဝိညာဉ်ဆေးပင်နှစ်ပင်ကို ရခဲ့တာပါ။ ဒါပေမဲ့ တူလေးရဲ့ အတွေ့အကြုံက နည်းပါးလွန်းတဲ့အတွက် ဒီဆေးပင်တွေရဲ့ သက်တမ်းကို အတိအကျ မဆုံးဖြတ် ဖြစ်နေပါတယ်။ ဒါ့ကြောင့်လည်း ကျနော်က ဒီဆေးပင်တွေကို လုံးဝ အသုံးမပြုခဲ့တာပါ။ ဒီကနေ့ စီနီယာလိုင်က အချိန်ကိုက် ရောက်လာခဲ့တာပဲ။ ဒါ့ကြောင့် စီနီယာက တူလေးအတွက် ဒီဆေးပင်တွေကို သက်တမ်းခွဲခြားပေးနိုင်ဖို့ အကူအညီတောင်းရတာပါ…”

“အန်…”

လိုင်ဝမ်ဟဲမှာ ဟန်လိ့စကားများကို မကြား၊ သူက အဟမ်းအဟမ်းဟု အကြိမ်အနည်းငယ် ချောင်းဟန့်ပြီးနောက်မှာ ဆေးပင်တစ်ပင်ကို ကောက်ကိုင်၍ အသေးစိတ်စူးစမ်းကြည့်သည်။

ဟန်လိသည် တဖက်သူ၏ အမူအရာကို ကြိတ်၍ စောင့်ကြည့်နေ၏။ သူ့စိတ်ထဲကနေလည်း ပြုံးမိသည်။ သူ မှန်ကန်သော ဆေးပင်တို့ကို ရွေးယူလာနိုင်ပုံ ပေါ်သည်။

တခြားသူများ ပြောတာ သူ ကြားဖူး၏။ အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူများအတွက် စိတ်ဝိညာဉ်ဆေးပင် လိုအပ်ချက်မှာ အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူများထက် များစွာ ပိုလွန်၏ ဟူ၍ပင်။

အမြုတေဖွဲ့စည်းခြင်းအဆင့် ရောက်လာပြီးနောက်မှာ လူတစ်ယောက်သည် သူတို့၏ အမြုတေကို စဦးစိတ်ဝိညာဉ်အဖြစ်သို့ လွယ်လွယ်ကူကူ ပြောင်းလဲ၍ မရပေ။ ထိုသို့ ပြောင်းလဲနိုင်ဖို့မှာ ခက်ခဲတာထက် ပိုလွန်၏။

ထို့ကြောင့် ဆေးလုံးများစွာ သောက်သုံးခြင်းက အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူများအတွက် သူတို့၏ မှော်စွမ်းအားကို မြှင့်တင်ဖို့ အသုံးများသော နည်းလမ်းတစ်ခု ဖြစ်လာခဲ့ပေသည်။

All Chapters