ဟန်လိ၏ ရည်ရွယ်ချက်များ
Vol. 17 Ch. 235
သည်လောက၏ သာမကာလျှံကာ ဆေးလုံးများမှာ အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူတစ်ယောက်အတွက် လုံးလုံး အသုံးမတည့်ပေ။
နှစ်ရာချီကျော် သက်တမ်းရှိ ဆေးပင်အမယ်များနှင့် သန့်စင်ဖော်စပ်ထားသော ဆေးလုံးများ၊ သဘာဝတရားကြီးထံမှ ထွက်ပေါ်လာတတ်သော စိတ်ဝိညာဉ်ဆေးလုံးအချို့ကသာ သူတို့၏ ကျင့်ကြံမှုနှုန်းကို မြင့်ပေးနိုင်သည်။ ထို့အတွက်ကြောင့် အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများသည် ခရီးဝေးများသွားကာ ရှားပါးဆေးအမယ်များကို အချိန်ပေး၍ ရှာဖွေလေ့ ရှိသည်။
ထို့ကြောင့်လည်း လီဟွာယွမ်က တားမြစ်ဧရိယာကနေ ဟန်လိ စိတ်ဝိညာဉ်ဆေးပင်မြောက်များစွာ ယူဆောင်လာနိုင်တာ မြင်သည့်အခါ သူက ဟန်လိကို တပည့်အဖြစ် လက်ခံဖို့ ချက်ခြင်း တွေးမိခဲ့တာ ဖြစ်သည်။ လီဟွာယွမ်မှာ ကောင်းကင်နှင့်မြေကြီးထံမှ ရရှိသော ထိုဆေးပင်များအား အမှန်တကယ် လိုချင်စိတ် ရှိခဲ့ပေ၏။
ထိုစဉ်က တားမြစ်ဧရိယာဖြစ်သော သွေးနှင့်မီးစမ်းသပ်ကွင်းသို့ ဦးဆောင်လာခဲ့သူက လီဟွာယွမ်မဖြစ်ခဲ့ဘဲ သူ့အစား လိုင်ဝမ်ဟဲနှင့် တခြားအမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ယောက် ဖြစ်နေခဲ့လျှင်ပင် ဟန်လိ၏ စိတ်ဝိညာဉ်ဆေးပင် တစိတ်တပိုင်းကို ရဖို့ လှည့်ကွက်တချို့ အသုံးပြုလိမ့်မည်သာ။ လီဟွာယွမ်ကမူ အတော်လေး ကပ်စီးနှဲသူ ဖြစ်၏။ ထို့ကြောင့် သူက ဟန်လိကို အမည်ခံတပည့်အဖြစ်သာ လက်ခံပြီး ဟန်လိ ရရှိခဲ့သော ဆေးပင်များထဲမှ တချို့တဝက်ကို အရယူခဲ့၏။
သို့ပေမည့် ဆေးလုံးများ သုံးစွဲခြင်းမှာ လူတစ်ယောက်၏ မှော်စွမ်းအား တိုးတက်စေဖို့အတွက် အထောက်အပံ့တစ်ခုမျှသာ၊ သူတို့မှာ တရားထိုင် ကျင့်ကြံပြီး စိတ်ဝိညာဉ်ချီကို အချိန်တစ်ခု စုပ်ယူရအုံးမည်သာ ဖြစ်၏။ ကျင့်ကြံခြင်းဟူသည် လူတစ်ယောက်၏ စိတ်ဝိညာဉ်ချီကို မှော်စွမ်းအားအဖြစ်သို့ ပြောင်းလဲပေးသော နည်းလမ်း မဟုတ်လား။
မဟုတ်ပါက လူတစ်ယောက်သည် ဆေးလုံးများကိုသာ သုံးစွဲ၊ စိတ်ဝိညာဉ်ချီကို သန့်စင်ဖို့ အချိန်မပေးပါက အကျိုးအာနိသင် ရှိလိမ့်မည် မဟုတ်ပေ။ လူတစ်ယောက်၏ မှော်စွမ်းအားမှာ နည်းနည်းလေးမျှ တိုးတက်လာလိမ့်မည် မဟုတ်ပေ။ တကယ်တော့ ပြင်ပစိတ်ဝိညာဉ်ချီနှင့် လူတစ်ယောက်၏ မှော်စွမ်းအားတို့မှာ အခြေခံအားဖြင့် ကွဲပြားသော အရာနှစ်ခုတည်း။
ရှေးဟောင်းကျမ်းစာများ၌ မှတ်တမ်းများ ရှိဖူး၏။ မိုးကောင်းကင်ကို ဖိဆန်သော ဆေးလုံးများကို သောက်ခဲ့ဖူးသူများမှာ ရလဒ်အနေဖြင့် သူတို့၏ ခန္ဓာကိုယ်များ ပေါက်ကွဲကုန်ခဲ့ဖူးသည် ဟူ၏။ သို့ဖြစ်၍ လူတစ်ယောက်၏ အကန့်အသတ်ထက် ကျော်လွန်ပြီး ဆေးလုံးများကို အသုံးပြုခြင်းမှာ အလွန်အန္တရာယ်များနိုင်သည်။
မှော်စွမ်းအားတိုးတက်ဖို့ အပြင် လူတစ်ယောက်က ကျင့်ကြံခြင်းမှာ အဆင့်တစ်တာ ကြုံရသည့်အခါ အဆင့်ချိုးဖျက်နိုင်ရန် ဆေးလုံးများကို အသုံးပြုတတ်ကြ၏။ ဤနည်းလမ်းမှာ ကျင့်ကြံသူ အများအပြား ပြုလုပ်တတ်သော နည်းလမ်းပင်။
အဆင့်တစ်ဆို့ခြင်းကို ဆေးစွမ်းအားအထောက်အပံ့ မပါဘဲ ချိုးဖျက်နိုင်သူမှာ ကျင့်ကြံခြင်းလောက၌ လူအနည်းငယ်သာ ရှိသည်။ သူတို့မှာ နှစ်ရာချီမှ တစ်ယောက် ပေါ်လာတတ်သော ပါရမီရှင်များသာ။
ကောင်းကင်စိတ်ဝိညာဉ်ရင်းမြစ် ပိုင်ဆိုင်သူများမှာ ပါရမီအမြင့်ဆုံးသူများ ဖြစ်၏။ ထိုသူများအဖို့ အဆင့်တစ်ဆို့ခြင်း မဖြစ်လေပေ။ သို့သော် ဆင့်ကဲစိတ်ဝိညာဉ်ရင်းမြစ် ပိုင်ဆိုင်သူများကမူ အဆင့်တစ်ဆို့ခြင်း ကြုံရသည့်အခါ ဆေးလုံးများအသုံးမပြုဘဲ ယင်းတစ်ဆို့ခြင်း ချိုးဖျက်ရန် နည်းလမ်း မရှိလေပေ။ ထိုကိစ္စ၌ သူတို့မှာလည်း သာမန်စိတ်ဝိညာဉ်ရင်းမြစ် ပိုင်ဆိုင်သူများကဲ့သို့ အလားတူ ကြုံရတာ ဖြစ်၏။
သည်ကျင့်ကြံသူ၊ လိုင်ဝမ်ဟဲမှာလည်း ထိုသို့သော အဆင့်တစ်ဆို့မှုကို ကြုံနေရ၏။ ထို့ကြောင့်လည်း သူက အကူအထောက်အပံ့အတွက် ဆေးလုံးများကို သန့်စင်ဖို့ သေမျိုးလောကသို့ သွားရောက်ရှာဖွေပြီး ခုလေးမှ ပြန်ရောက်လာခဲ့တာပင်။
သို့ပေမည့် သူ၏ ထိုခရီးစဉ်၌ သူ များစွာ ကံမကောင်းခဲ့ပေ။ နှစ်လေးရာထက် မဆိုသလောက်သာ သာလွန်သော သက်တမ်းရှိသည့် ဆေးပင်နှစ်ခုကလွဲ၍ သူ လက်ဗလာနှင့် ပြန်လာခဲ့ရသည်။ ထို့ကြောင့် သူက စိတ်မကြည် ဖြစ်နေခဲ့၏။
ဝါးတစ်ထောင်ကျောင်းတော်မှ ကျင့်ကြံသူများကို သူ မြင်မြင်ချင်း သတ်ပစ်ခဲ့တာ သူ ထိုသို့ စိတ်မကြည်နေတာကြောင့်ပင်။ သူသာ ထိုအခိုက်အတန့်၌ သူ့ဒေါသများကို မပေါက်ကွဲခဲ့ရပါက သူ့စိတ်အခြေအနေသည် အချိန်အတော်ကြာသည့်အထိ နေ၍ထိုင်၍မကောင်း ဖြစ်နေတော့မည်။ ဝါးတစ်ထောင်ကျောင်းတော်မှ ဟောင်လုံနှင့် တခြားသူများမှာ ကံဆိုးခဲ့တာဟု ဆိုရလေမည်။ သူတို့က ဒေါသထွက်နေသော လူဝကြီး(လိုင်ဝမ်ဟဲ)နှင့်မှ တည့်တည့်လာဆုံခဲ့သည် မဟုတ်ပါလား။
အခုအချိန်မှာ လိုင်ဝမ်ဟဲ၏ စိတ်က မတည်မငြိမ် ဖြစ်နေ၏။ သူ့ နှစ်ပေါင်းသုံးရာ ကျင့်ကြံခြင်းသက်တမ်းမှာ ဒီလို စိတ်ဝိညာဉ်ဆေးပင်များကို အရင်က လုံးဝ မမြင်ခဲ့ဖူးပေ။
ထိုစိတ်ဝိညာဉ်ဆေးပင်များ သူ့မျက်လုံးရှေ့ ရောက်လာသည်နှင့် သူက ယင်းတို့၏ သက်တမ်းအတိအကျကို ချက်ခြင်း ဆုံးဖြတ်နိုင်သည်။ ထို့နောက်မှာတော့ သူသည် အချိန်အကြာကြီး ပီတိဝေဖြာနေတော့၏။
ခုလက်ရှိမှာ သူက ဝိညာဉ်ခွန်အားတိုးမြှင့်ခြင်း ဆေးလုံးများကို သန့်စင်ဖို့ ကြံစည်နေတာ ဖြစ်၏။ သို့သော် သူ့မှာ သက်တမ်း ငါးရာလောက်ထိ ရင့်မှည့်မှု ရှိသော ဆေးပင်အမယ်များ ကင်းမဲ့နေသည်။ သို့ဖြစ်၍ သူသည် တစ်နှစ်နီးပါး ခရီးထွက်ခဲ့တာ ဖြစ်၏။ သို့သော် သူသည် ယွဲ့ဒေသနှင့် ဈေးမြို့လေးများအပါအဝင် နေရာအစုံကို လိုက်လံရှာဖွေပြီးနောက်မှာ သူ့ကို ကျေနပ်စေသော မည်သည့်ဆေးပင်အမယ်ကိုမျှ ရှာမတွေ့ခဲ့ပေ။
ထိုခရီးစဉ်၌ သူသည် နှစ်လေးရာသက်တမ်းရှိသော ဆေးပင်နှစ်ပင်ကိုသာ ရနိုင်ခဲ့သည်။
သို့သော် ထိုဆေးပင်များကို သုံး၍ ဝိညာဉ်ခွန်အားတိုးခြင်း ဆေးလုံးကို ဖော်စပ်ဖို့မှာ မလုံလောက်သေးမှန်း သူ သိသည်။ ထိုသို့ ဖော်စပ်ပါက ဆေးလုံး၏ အာနိသင် လျော့ကျသွားဖို့ များ၏။ သို့ပေမည့် သူ့၌ တခြား သင့်တော်သော ဆေးပင်များလည်း ရှိမနေခဲ့ပေ။ သူ ဒီဝိညာဉ်ခွန်အားဆေးလုံးများကို မည်သို့ သန့်စင်နိုင်ပါတော့မည်နည်း။
သူက ဆက်၍ ရှာဖွေခဲ့သေး၏။ သို့သော် သူသည် အချိန်ကုန်တာသာ အဖက်တင်ခဲ့၏။
မဟာဆေးပင်တစ်ပင် တနေရာတွင် အမှန်တကယ် ပေါ်လာခဲ့လျှင်ပင် ထိုဒေသရှိ ကျင့်ကြံခြင်းဂိုဏ်းတစ်ခုခုက အလျင်အမြန် သိမ်းပိုက်ပြီး ဖြစ်နေသည်။ သူ ရောက်သွားသောအချိန်၌ ထိုဆေးပင်၏ အရိပ်အယောင်ကိုပါ မမြင်ရတော့ချေ။ အနီးအနားနိုင်ငံများမှ ကျင့်ကြံခြင်းလောကများကို သွားရှာဖို့ကမူ ပို၍ မသေမချာ ဖြစ်လိမ့်မည်။
ထို့ကြောင့်လည်း ဒီသိုင်းတူလေးထံမှ အနေအထားတစ်ခုထိ ရင့်မှည့်နေသော ဆေးပင်နှစ်ပင်ကို မြင်သည့်အခါ သူ့စိတ်မှာ ခုန်ပေါက်နေတာ ဖြစ်၏။
လိုင်ဝမ်ဟဲက စိတ်ထဲကနေလည်း တွေးမိသေးသည်။ “အခြေခံတည်ဆောက်ခြင်းတပည့်တစ်ယောက်က ဒီလိုကောင်းမွန်လှတဲ့ ဆေးအမယ်တွေကို ဘယ်ကနေများ ရလာခဲ့တာလဲ…”
တကယ်တော့ သူသည် အချိန်များစွာ ပေး၍ နှစ်ငါးရာနှင့်အထက် ဆေးပင်အမယ်များကို ရှာဖွေခဲ့ရသူ မဟုတ်လား။ သို့သော် နှစ်လေးရာသာ သက်တမ်းရှိသော ဆေးပင်နှစ်ပင်ကိုသာ သူ ရနိုင်ခဲ့သည်။ ထိုသို့ ရနိုင်ခဲ့သည့်အကြောင်းရင်းမှာလည်း သူသည် အမြုတေဖွဲ့စည်းခြင်းကျွမ်းကျင်သူတစ်ယောက် ဖြစ်နေ၍ တခြားသူများက ဒီဆေးပင်များအတွက် သူနှင့် မပြိုင်ဆိုင်ဝံ့သောကြောင့်ပင်။
အခုတော့ ရုတ်တရက်ကြီး ဆိုသလို သူ့ရှေ့မှာ နှစ်ခြောက်ရာ၊ခုနစ်ရာလောက် သက်တမ်းရှိသည့် ဆေးပင်အမယ်နှစ်ခု ရှိနေလေပြီ။ ဤသည်က သူ့အား အံ့အားသင့်လွန်းရာကနေ အလွန်အမင်း ပျော်ရွှင်သွားစေသည်။
ထို့ကြောင့်လည်း သူက ဆေးပင်နှစ်ပင်ကို စူးစိုက်ကြည့်ကာ အကဲဖြတ်နေပုံ ထင်ရသော်လည်း အမှန်တွင်မူ ဒီဆေးပင်များ သူ့ကို ပေးဖို့ သိုင်းတူလေးအား မည်သို့ တောင်းဆိုရမည်နည်းဟု စဉ်းစားနေတာသာ။
သို့ပေမည့် သူသည် နှစ်ပေါင်းများစွာ အတွေ့အကြုံရှိထားသော မြေခွေးအိုကြီးတစ်ယောက်သာ။ သူက မျက်စိတစ်မှိတ်အတွင်း ကောင်းမွန်သော အကြောင်းပြချက်တစ်ခုကို စဉ်းစားမိပြီး ဖြစ်၏။
သူက နှစ်ကြိမ်လောက် ချောင်းဟန့်သည်။ ဆေးပင်များကို သေတ္တာထဲ မထည့်ချင်ထည့်ချင်ဖြင့် ပြန်ထည့်ပြီးနောက် သူက ဟန်လိထံ လှမ်းကြည့်ကာ ပြောသည်။
“ဒီဆေးပင်နှစ်ပင်ဟာ ရှားပါးလှတဲ့ နှစ်ပေါင်းခြောက်ရာလောက် သက်တမ်းရှိတဲ့ အရာတွေပဲ။ သိုင်းတူလေးအနေနဲ့ ဒါတွေကိုရဖို့ သွေးနဲ့ချွေးနဲ့ ရင်းခဲ့ရမှာပေါ့လေ…”
“အမှန်ပါပဲဗျ၊ ဒီတပည့်က လျှို့ဝှက်ဆိုင်ခန်းတစ်ခုရဲ့ လေလံပွဲမှာ ဒီဆေးပင်တွေကို ရဖို့ အတော်လေး အားစိုက်ခဲ့ရပါတယ်။ အဲ့အချိန်တုန်းက နှစ်ပေါင်းတစ်ထောင် သက်တမ်းရှိတဲ့ ဆေးပင်တစ်ပင်ပါ ပေါ်လာခဲ့သေးတယ်။ ကံမကောင်းစွာနဲ့ ဒီတပည့်ဟာ ဒါကို အရယူနိုင်တဲ့ စွမ်းအား ကင်းမဲ့ခဲ့တာပဲ။ ဒါ့ကြောင့် တခြားသူတွေ နှစ်တစ်ထောင်သက်တမ်းရှိတဲ့ ဆေးပင်ကို ဝယ်ယူနေတဲ့အချိန် ကျနော်ကတော့ ဒီအတိုင်းပဲ ကြည့်နေခဲ့ရတယ်လေ။ အဲ့အတွက် ဒီတပည့်ဟာ အတော်လေး နောင်တရမိသလို မချိတင်ကဲ ဖြစ်ခဲ့ရတယ်…”
ဟန်လိက အမှန်တဝက်၊ အမှားတဝက် ရောစွက်ကာ ပြောပြသည်။
“နှစ်တစ်ထောင်သက်တမ်းရှိတဲ့ ဆေးပင်ပိုင်ဆိုင်ထားတဲ့ လျှို့ဝှက်ဆိုင်ခန်း ဟုတ်လား…”
လူဝကြီးမှာ ဟန်လိ၏ စကားကို ကြားသည့်အခါ သူ့ထိုင်ခုံပေါ်ကနေ ထခုန်လုမတတ် ဖြစ်သွားသည်။
ဟန်လိ၏ မချိတင်ကဲ စကားသံကို ကြားရသည့်အခါ လူဝကြီးသည် စိတ်သောက ရောက်သွားတော့သည်။
သူ့ကိုယ်သူ ပြန်တွေးဖို့ လိုလေပြီလား။ သူသည် စိတ်ဝိညာဉ်ဆေးပင်များနှင့် ဆေးလုံးများကို ရှာဖွေရာ၌ သူ့ဦးနှောက်မှာ အလုပ်မလုပ်လေတော့သလား။ သူသည် နေရာစုံရှိ လျှို့ဝှက်ဆိုင်ခန်းများထံ သွားခဲ့၏။ ဂိုဏ်းခုနစ်ဂိုဏ်း၊ရှစ်ဂိုဏ်းလောက်ထိ သူ ရောက်ခဲ့သည်။ သို့သော် သူ့အဖို့ ဟန်လိကဲ့သို့ ကံကောင်းလှသော အဖြစ်သနစ်မျိုးနှင့် ဘာကြောင့်များ လွဲချောခဲ့ရသနည်း။ အကယ်၍ သူသာ ဟန်လိနေရာမှာ ဖြစ်ခဲ့ပါက သူ့လက်ခုပ်ထဲကနေ မည်သည့်ရတနာကိုမျှ လက်လွှတ်ခံမည် မဟုတ်လေပေ။ စိတ်ဝိညာဉ်ကျောက်တုံးများ ပိုသုံးစွဲရမည် ဆိုလျှင်ပင် သူ သုံးစွဲမည်သာ။
ထိုသို့သော ရှားပါးအဖိုးတန်လှသော အခွင့်အရေးအကြောင်း တွေးမိနေလျက် သူက သူ့ရှေ့ရှိ ခွေးကောင်လေးကို ကြည့်မိသည်။ လူဝကြီးလိုင်ဝမ်ဟဲမှာ ဒေါသထွက်ထွက်ဖြင့် ဟန်လိကို လည်ပင်းကနေ ကိုင်ကာ မေးမြန်းပစ်ချင်စိတ်ပါ ပေါက်မိသည်။ သို့သော် သူက တဖက်သူမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်မျှသာ ဖြစ်ပြီး ထိုမျှ အဖိုးတန်သော အမယ်ပစ္စည်းမျိုးကို တတ်နိုင်မည့် မဟုတ်သော တပည့်တစ်ယောက်မှန်း ကောင်းကောင်း သိနေပါသည်။
“အဆင်ပြေပါတယ်ကွာ၊ လွဲချောတာက လွဲချောခဲ့တာပဲလေ။ ပြီးပြီးသား ကိစ္စပဲကို၊ အနာဂတ်မှာ နောက်ထပ်အခွင့်အရေးတစ်ခု ရှိလာအုံးမှာပါ…”
လူဝကြီးမှာ သူ့ကိုယ်သူ တဖြည်းဖြည်း ပြန်တည်ငြိမ်စေသည်။ သူ့ထံ၌ ရွေးချယ်စရာ မရှိလေဘဲ ဟန်လိအတွက် နှစ်သိမ့်စကားအချို့ ပြောပေးရတော့သည်။ သူက ဟန်လိထံမှ ဆေးပင်နှစ်ပင်ကို လက်လွှတ်ခံတော့မည် မဟုတ်ပါ။
“သိုင်းတူလေးဟန်၊ မင်းအနေနဲ့ ဒီဆေးပင်တွေကို ဘာအတွက် အသုံးပြုဖို့ ရည်ရွယ်ထားလဲ။ မင်းက ဒါကို ဂိုဏ်းရဲ့ ဆေးလုံးဖော်စပ်တဲ့သူတွေဆီ လက်လွှဲပေးဖို့ စဉ်းစားထားသေးလား။ ဒါပေမဲ့ မင်းရဲ့ စီနီယာတစ်ယောက်အနေနဲ့ မင်းကို တစ်ခု သတိပေးလိုက်မယ်။ ကျုပ်တို့ အဝါရောင်မေပယ်တောင်ကြားရဲ့ ဆေးဝါးသခင်တွေဟာ အတော်လေး လန့်ဖို့ကောင်းတယ်ကွ။ မင်းက သူတို့ဆီ ဒီလို အဖိုးတန်အရာတွေ လက်ဆင့်ကမ်းပေလိုက်ရင် သူတို့က မင်းကို ခေါင်းပုံ ဖြတ်မှာ ကျိန်းသေတယ်။ မင်းအတွက် ဆုံးရှုံးမှု များသွားလိမ့်မယ်…”
လူဝကြီးမှာ အကြီးအကဲတစ်ယောက်၏ ဟန်ပန်အမူအရာအပြည့်ဖြင့် အကြံပေးစကား ပြောသည်။
“ကျနော်က သူတို့ကို ဒီဆေးပင်တွေ ဘယ်ပေးပါ့မလဲ။ ဒီတပည့်က ဒီဆေးပင်တွေကို ပစ္စည်းတချို့တလေနဲ့ လဲလှယ်ဖို့ စဉ်းစားထားပါတယ်။ တကယ်တော့ ဒီဆေးပင်တွေကို ဝယ်နိုင်ဖို့အတွက် ဒီတပည့်ရဲ့ မိသားစုပိုင်ဆိုင်မှုတစ်ခု ဆုံးရှုံးလုနီးနီး ဖြစ်ခဲ့ရတယ်လေ။ ဒါ့ကြောင့် သူတို့ဆီ အလွယ်တကူ ဘယ်ပေးနိုင်ပါ့မလဲ…”
ဟန်လိက ခေါင်းယမ်းကာ ပြောသည်။ သူ့စကားတို့က လိုင်ဝမ်ဟဲကို အံ့အားသင့်သွားစေ၏။ သူ ကြိုစဉ်းစားထားသော စကားများကို ဆက်မပြောတတ် ဖြစ်သွားသည်။
သို့ပေမည့် ဒီစီနီယာလူဝမှာ နောက်ထပ်အတွေးတစ်ခုလည်း ရှိနေသေးသည်။
“သိုင်းတူလေးက ဆေးပင်တွေနဲ့ ပစ္စည်းတချို့ကို လဲလှယ်ချင်တာလား။ သူ လိုချင်တာ ဒါပဲလား။ အမြုတေဖွဲ့စည်းခြင်းကျွမ်းကျင်သူတစ်ယောက် ဖြစ်တဲ့ ငါ့ရဲ့ အဆင့်အတန်းအရတော့ အလွန်တရာ ရှားပါးလှတဲ့ ဆေးလုံးနဲ့ သန့်စင်ရာမှာ အသုံးပြုတဲ့ ရှားပါးအမယ်တွေကလွဲလို့ ငါက မင်း ကျေနပ်အောင် ဘာလို့များ မလုပ်ပေးနိုင်ရမှာလဲ။ ဒါက ဒီဆေးလုံးတွေကို ရဖို့ ငါ့အတွက် အခွင့်ကောင်းပဲ…”
ထိုအတွေးဖြင့် လိုင်ဝမ်ဟဲ၏ မျက်လုံးသည် ပိုတောက်ပလာ၏။
“တူလေးဟန်က ဘာပစ္စည်းများ လိုချင်တာတုန်း။ ဒီစီနီယာ စုဆောင်းထားတဲ့ ပစ္စည်းတွေက မနည်းမနောဘဲ။ ကျုပ်မှာ တူလေးကို စိတ်ကျေနပ်စေမယ့် ပစ္စည်းအမယ်တွေ ရှိနေနိုင်ပါတယ်…”
လူဝကြီးက မျက်တောင် အခါခါ ခတ်ကာ ရွှင်ရွှင်မြူးမြူးဖြင့် ပြောလာသည်။
“အယ်။ စီနီယာက ဒီဆေးပင်တွေကို လိုချင်လို့လား။ အဲ့လိုဆိုလည်း ဒီတပည့်က စီနီယာ့ကို တပည့်ရဲ့ သိတတ်မှုအနေနဲ့ စိတ်ဝိညာဉ်ဆေးပင်တစ်ပင်ကို ပေးနိုင်ပါတယ်…”
ထိုအခိုက်မှာ ဟန်လိက လေးစားသမှု အပြည့်ဖြင့် အလျင်အမြန် ပြောလိုက်သည်။
လိုင်ဝမ်ဟဲက ဟန်လိသည် လဲလှယ်မည့် ကိစ္စကို မပြော၊ ထိုအစား လက်ဆောင်အဖြစ် ပေးမည်ဟု ပြောလာသည့်အခါ မပျော်မိဘဲ မနေနိုင် ဖြစ်ရသည်။ ဟန်လိကို ကြည့်လေ သူ ပို သဘောကျလာလေပင်။
သို့ပေမည့် သူ၏ ပန်းတိုင်မှာ စိတ်ဝိညာဉ်ဆေးပင်နှစ်ပင်လုံး ဖြစ်၏။ တစ်ပင် ကျန်နေတုန်းပင်။ သူက ယင်းတစ်ပင်ကိုလည်း လက်မလွှတ်လိုပေ။
သို့ဖြစ်၍ လိုင်ဝမ်ဟဲသည် လက်ဝေ့ယမ်းပြီး တည်ငြိမ်ခမ်းနားဟန်ဖြင့် ပြောသည်။ “သိုင်းတူလေးဟန်၊ ဒါက ဘာသဘောလဲ။ ကျုပ် လိုင်ဝမ်ဟဲက ဂျူနီယာတွေရဲ့ ပစ္စည်းတွေကို အချိုအချောင် လိုချင်တဲ့သူ ဖြစ်နေလို့လား။ မင်း လိုအပ်တဲ့ဟာ ကျုပ်ကို မတွေဝေဘဲ ပြောပြနိုင်တယ်။ ကျုပ်က တူလေးကို ဘာမှ မနစ်နာစေရဘူး။ မင်း ထိပ်တန်းမှော်ပစ္စည်းတစ်ခုခုနဲ့ လဲလှယ်ချင်လား။ ဒါမှမဟုတ် ခုလက်ရှိ မင်းလိုအပ်နေတဲ့ ဆေးလုံးတစ်လုံးလုံးနဲ့ပေါ့…”
ဟန်လိက တဖက်သူ၏ မြင့်မြတ်သော စကားများကို ကြားသည့်အခါ ပိုပျော်လာ၏။ သူသည် တဖက်သူ ထိုသို့သော စကားမျိုး ပြောလာမည်ကို ကြိတ်၍ စောင့်နေသည်သာ။ သို့ပေမည့် အပြင်ဘက်တွင်မူ သူက ချီတုံချတုံ ဖြစ်ဟန် ပေါ်နေသည်။ သူက ရှက်ရွှံဟန်လေသံဖြင့် ပြောလိုက်သည်။ “စီနီယာလိုင်ကို ကျနော် မဖုံးကွယ်တော့ပါဘူး။ ဒီတပည့်ဟာ ဆေလုံးဖော်စပ်တဲ့ တာအိုကို အလွန်စိတ်ဝင်စားပါတယ်။ ဒါပေမဲ့ ယွဲ့လုခန်းမထဲမှာက လက်တွေ့ကျတဲ့ ဆေးလုံးဖော်စပ်နည်းတွေ ဘာတစ်ခုမှ ရှိမနေဘူး။ နောက်ပိုင်းမှာ ဒီတပည့်ဟာ ဆေးလုံးဖော်စပ်နည်းတွေဟာ ရှေးအချိန်တည်းက ပျောက်ကွယ်သွားခဲ့လုနီးနီး ဖြစ်ခဲ့တဲ့အကြောင်း သိရှိခဲ့ပါတယ်။ ကျနော့်ရဲ့ ရောင်းရင်းတွေကော၊ စီနီယာတွေကော ခုလက်ရှိ ပိုင်ဆိုင်ထားတဲ့ ဆေးလုံးဖော်စပ်နည်းတွေကတော့ မျိုးဆက်များစွာ အပင်ပန်းအဆင်းရဲ ခံပြီး သုတေသန ပြုလုပ်ထားတဲ့ဟာတွေ ဖြစ်ချင်ဖြစ်၊ ဒါမှမဟုတ် ရှေးဟောင်းအပျက်အစီးတွေကနေ စွန့်စားရှာဖွေပြီးမှ တွေ့ရှိခဲ့တဲ့ ဆေးနည်းတွေပါ။ ဒီလိုဆေးနည်းတိုင်းဟာ အသက်တမျှ အဖိုးတန်တဲ့အတွက် လွယ်လွယ်နဲ့ မရနိုင်ပါဘူး။ ဒါ့ကြောင့်လည်း ဒီဆေးပင်တွေနဲ့ ဆေးလုံးဖော်စပ်နိုင်မယ့် နည်းလမ်းတွေကို လဲလှယ်ချင်မိပါတယ်…”