ရှေးဟောင်းဆေးဖော်စပ်နည်း
Vol. 17 Ch. 236
“ဆေးဖော်စပ်နည်းတွေနဲ့ လဲလှယ်ချင်တာလား…”
မူလတုန်းက ပြုံးဖြီးဖြီးဖြစ်နေသော လူဝကြီး၏ မျက်နှာမှာ ချက်ခြင်း တောင့်တင်းသွားသည်။
“ဆေးဝါးဖော်စပ်နည်းတွေက သိုင်းအစ်ကိုတော်တွေ၊ စီနီယာတွေအတွက် အဖိုးတန်တာ ဒီတပည့်သိပါတယ်။ ဒါ့ကြောင့်လည်း ဒီတပည့်က သိပ်ပြီးတော့ ချီးမများပါဘူး။ ဒီတပည့်ရဲ့ အခြေခံတည်ဆောက်ခြင်းအဆင့်မှာ ကျင့်ကြံမှုအမြန်နှုန်းကို နည်းနည်းပါးပါးလောက် တိုးတက်စေရင်ပဲ လုံလောက်ပါပြီ။ လုံးဝ ဇီဇာမကြောင်ဘဲ ကျိန်းသေပေါက် ရွေးချယ်ပါ့မယ်…”
ဟန်လိသည် စိတ်ပါလက်ပါ ပြောလိုက်၏။
ဟန်လိသည် အရင်တုန်းက ယွဲ့လုခန်းမ၌ အကြီးအကဲရှုနှင့် ကျင့်ကြံခြင်းလောကရှိ ဆေးဖော်စပ်နည်းများ နောက်ကွယ်မှ အခြေအနေများနှင့် ပတ်သတ်၍ သိရှိခဲ့ပြီး ဖြစ်သည်။ ထိုအချိန်မှစ၍ သူ ကိုယ်တိုင်အသုံးပြုဖို့အတွက် ဆေးလုံးဖော်စပ်နည်းအချို့ကို မည်သို့မည်ပုံ ရယူမည်နည်းဟု ဦးနှောက်အလုပ်ပေးခဲ့သည်။ တကယ်တော့ သူ့မှာ ဆေးပင်များကို ရင့်မှည့်စေဖို့အတွက် လျှို့ဝှက်နည်းလမ်းတစ်ခု ပိုင်ဆိုင်ထားပြီး ဖြစ်သည်။ ထိုအားသာချက်ကို သူ့အနေဖြင့် အဘယ်သို့ အသုံးမပြုဘဲ နေပါမည်နည်း။
သို့ပေမည့် မဆိုသလောက် ကောင်းမွန်သည်ဟု ဆိုနိုင်သော ဆေးဖော်စပ်နည်းများမှာ အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူများ၏ လက်ထဲ၌သာ ရှိနေသည်။ အခြေခံတည်ဆောက်ခြင်းတပည့်များကတော့ ဆေးဖော်စပ်နည်း တစ်ခု၊နှစ်ခုသာ ရှိသည်။ သို့ဖြစ်၍ သူတို့မှာ မပြောပလောက်သော ဆေးလုံးများကိုသာ သန့်စင်နိုင်ကြသည်။ ထို့ကြောင့် သင့်တင့်ကောင်းမွန်သော ဆေးဝါးဖော်စပ်နည်းကို ရဖို့ ဟန်လိ၏ မူလအစီအစဉ်မှာ သူ့ဆရာ၊ လီဟွာယွမ်ကိုသာ အခြေခံထား၏။ သို့သော် ဒီစီနီယာလိုင်မှာ သူ့ထံ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ပြီ။ ထိုအခါ ဟန်လိက သူ့အစီအစဉ်၏ ပစ်မှတ်ကို ချက်ခြင်း ပြောင်းလဲလိုက်သည်။
မည်သို့ပင်ကြည့်ကြည့် ဒီသိုင်းစီနီယာလိုင်မှာ သူ့ဆရာထက် လှည့်စားဖို့ ပိုလွယ်နေပေသည်။
ဤသည်မှာ ဟန်လိ၏ အလိုလိုသိစိတ်မျှသာ မဟုတ်ပေ။ လီဟွာယွမ်က အမှန်တကယ် ကပ်စီးနဲသူတစ်ယောက် ဖြစ်၏။ ဟန်လိကိုလည်း အမည်ခံတပည့်အဖြစ်သာ လက်ခံခဲ့သည်။ ထို့အပြင် သူတို့၏ ဆရာတပည့်ပတ်သတ်မှုကြောင့် အကန့်အသတ်များ၊ လိုအပ်ချက်များ ပိုများနေသေး၏။
ဒီကနေ့ နည်းလမ်းများကိုသာ လီဟွာယွမ်အပေါ် အသုံးပြုပါက ဟန်လိ၏ ဆရာသည် စိတ်ဝိညာဉ်ဆေးပင်နှစ်ပင်ကို ယူကာ “သိတတ်လိုက်တဲ့ တပည့်” ဟုသာ ပြောဖို့ များသည်။ ဟန်လိသည် သူ့ကမ်းလှမ်းမှုကို ကြင်နာစွာ လက်ခံပေးသည့်အတွက် ကျေးဇူးတင်ရကိန်း စိုက်ပေလိမ့်မည်။ သူ့မျက်ရည်များကို ကြိတ်သုတ်နေရလိမ့်မည်။
အခုတော့ သူသည် နောက်ထပ်အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူ တစ်ယောက်နှင့် နောက်ဆုံးမှာ လာကြုံခဲ့ရပြီ။
“မင်းက ဆေးဖော်စပ်နည်းတွေနဲ့ လဲလှယ်ချင်တာလား။ ဒီကိစ္စကတော့ ခဲရာခက်ဆစ်ပဲကွ…”
လိုင်ဝမ်ဟဲ၏ အမူအရာမှာ တစ်ခုခုကို တွေးမိသွားဟန်ဖြင့် စိတ်အေးသက်သာသွားပုံ ရသည်။ ထို့နောက် သူကား မျက်မှောင်ကြုတ်သွားပြန်သည်။ သူ့အတွက် မသေချာမရေရာ ဖြစ်နေသည့်အလား။
ထိုမြင်ကွင်းကို ကြည့်ကာ ဟန်လိက စိတ်ပျက်မှု မခံစားရပေ။ တကယ်တော့ သူက စိတ်ထဲကနေ အခွင့်အရေးတစ်ခု ရပြီဟု အော်ဟစ်နေမိသည်သာ။ မဟုတ်ပါက ဒီစီနီယာ၌ ယင်းသို့သော အမူဟန်ပန်မျိုး ဖြစ်ပေါ်လိမ့်မည် မဟုတ်ချေ။
“ဒီတပည့်အတွက် အသုံးတည့်တာနဲ့ ဘယ်လိုဆေးဝါးဖော်စပ်နည်းပဲ ဖြစ်ဖြစ် အဆင်ပြေပါတယ်။ သိုင်းတူလေးက စီနီယာ့ကို ခက်ခဲအောင် မလုပ်ပါဘူး…”
ဟန်လိက ထိုသို့ ခပ်မြန်မြန် ပြောလိုက်၏။
“တူလေးဟန်…၊ စီနီယာမှာ အတော်လေး ကောင်းတဲ့ ဆေးဝါးဖော်စပ်နည်းအချို့ ရှိပါတယ်။ ဒါပေမဲ့ ဒီဆေးဖော်စပ်နည်းတွေက ငါ့ဂိုဏ်းက ပိုင်ဆိုင်တဲ့ အခြေခံ၊ လျှို့ဝှက်ဖော်စပ်နည်းတွေပဲ။ ဒါတွေကိုတော့ မင်းနဲ့ အလဲအလှယ် လုပ်လို့ မရနိုင်တာ အမှန်ပဲ…”
လိုင်ဝမ်ဟဲက ခေါင်းယမ်းကာ စိတ်ထိခိုက်ဟန်ဖြင့် ပြောသည်။
ဟန်လိက ထိုစကားကို ကြားသည့်အခါ အလွန် စိတ်ပျက်မိသည်။ သူသည် သူ့စိတ်ခံစားချက်များကို ဖုံးကွယ်ဖို့ မကြိုးစားပေ။ လူဝကြီးက ဟန်လိ၏ အမူအရာကို တွေ့မြင်သည့်အခါ သူက စတင်ရယ်မောကာ ပြောလိုက်သည်။
“ငါ့ဂိုဏ်းရဲ့ ဆေးဝါးဖော်စပ်နည်းတွေကို မင်းနဲ့ အလဲအလှယ် မပြုလုပ်နိုင်ပေမယ့် ငါ့မှာ ရှေးဟောင်းဆေးဖော်စပ်နည်း အနည်းငယ်တော့ ပိုင်ဆိုင်ထားပါသေးတယ်ကွ။ တချို့ကိုတော့ ငါက သမိုင်းထဲက အပျက်အစီးနေရာတွေမှာ တွေ့ခဲ့တာ ဖြစ်ပြီး တချို့ကိုတော့ ငါ့ မိတ်ဆွေအသိတွေနဲ့ အလဲအလှယ် ပြုလုပ်ပြီး ရလာခဲ့တာတွေပဲ။ ဒါတွေကို မင်းနဲ့ လဲလှယ်ရင်တော့ ဘာပြဿနာမှ မရှိပါဘူး…”
“တကယ်ကြီးလား။ အဲ့တာဆို ဒီတပည့်က သိုင်းစီနီယာကို ကျေးဇူးတင်ပါတယ်…”
ဟန်လိက ဝမ်းမြောက်ဝမ်းသာ ဖြစ်ကာ အလျင်စလို ကျေးဇူးစကား ဆိုသည်။
“နေအုံး၊ ငါ့ စကား မဆုံးသေးဘူး။ ငါ့ကို ကျေးဇူးတင်ဖို့ စောလွန်းနေသေးတယ်…”
လူဝကြီးသည် လက်ကာပြ၍ ပြောသည်။
“စီနီယာတစ်ယောက် အနေနဲ့ ငါတို့က အလဲအလှယ် ပြုလုပ်မယ်ဆိုမှတော့ ငါ့အနေနဲ့ တစ်ခုကိုတော့ ရှင်းအောင် လုပ်ထားဖို့ လိုတယ်…”
လူဝကြီးက အလေးအနက် ပြောသည်။ ဟန်လိမှာ အနည်းငယ် မင်သက်မိသွားသည်။
“ကျေးဇူးပြုပြီး...စီနီယာ…ပြောသာပြောပါ။ ဒီတပည့်က ခင်ဗျားရဲ့ လမ်းညွှန်ချက်တွေကို ကျိန်းသေပေါက် နားထောင်ပါ့မယ်…”
ဟန်လိက တလေးတစားဖြင့် ချက်ခြင်း ပြန်ဖြေသည်။
“ငါ့ လမ်းညွှန်ချက်တွေကို နားထောင်မယ်ဆိုတာ မင်းအနေနဲ့ ဘာကို ဆိုလိုတာလဲ။ ကျုပ်က မင်း နောင်ကျရင် နောင်တမရရအောင်လို့ သတင်းဆိုးကို အရင်ဆုံး ပြောထားမလို့ပဲ…”
လိုင်ဝမ်ဟဲက ဟန်လိကို တချက်ကြည့်ကာ မထူးခြားနားဟန်ဖြင့် ပြောသည်။
“မင်းအနေနဲ့ ဒီရှေးဟောင်းဆေးဝါးဖော်စပ်နည်းအတိုင်း ဆေးလုံးတွေ သန့်စင်ဖော်စပ်မယ်ဆို ရလဒ်ကတော့ ထိပ်တန်းစိတ်ဝိညာဉ်ဆေးလုံးတွေ ဖြစ်လာလိမ့်မယ်။ ဒါပေမဲ့ အရေးကြီးဆုံး အပိုင်းကတော့ ဒီဆေးဖော်စပ်နည်းတွေရဲ့ အမျိုးအမယ်တွေဟာ ရှာတွေ့ဖို့ ခက်ခဲလွန်းတာပဲ။ မင်းအနေနဲ့ ဒီဆေးအမယ်ပစ္စည်းတွေကို ရနိုင်စွမ်း ရှိ၊မရှိတော့ ငါလည်း မသိဘူး…။ တကယ်တော့ အဲ့ဆေးအမယ်တွေဟာ ရှာဖို့ အရမ်းခက်ပေမယ့် ဒီလောကမှာ ကျိန်းသေပေါက် ရှိတာကတော့ ရှိနေပါတယ်…”
“ဒါက ပါဝင်ဆေးအမယ်တွေ မျိုးသုန်းပျောက်ကွယ်သွားတာ နှစ်များစွာ ကြာပြီဖြစ်တဲ့ တခြားရှေးဟောင်းဆေးဝါးဖော်စပ်နည်းတချို့နဲ့တော့ မတူဘူး။ တကယ်တော့ အခုလက်ရှိ လေ့လာရှာဖွေ တွေ့ရှိထားတဲ့ ဆေးဝါးဖော်စပ်နည်းအသစ်တွေဟာ ရှေးဟောင်းဖော်စပ်နည်းတွေရဲ့ ဆေးအမျိုးအမည် အမယ်တွေကို အစားထိုးနိုင်အောင် စမ်းသပ်ခဲ့တာတွေရဲ့ ရလဒ်တွေပဲ။ ဒီဆေးအမယ်တွေနဲ့ ဆေးလုံးဖော်စပ်ဖို့ အသုံးပြုနိုင်ပေမယ့်လည်း ဆေးလုံးတွေရဲ့ အကျိုးအာနိသင်ကတော့ သိသိသာသာ လျော့ကျသွားတာပဲ။ ဒီကိစ္စဟာ ကျင့်ကြံခြင်းလောကအနေနဲ့ ဘာမှ မတတ်နိုင်တဲ့ အရာတစ်ခုပဲ။ ဒါဟာ အမှန်တရားပဲ…”
လူဝကြီး၏ စကားလုံးများကြောင့် နားထောင်နေသော ဟန်လိမှာ အကြိမ်ကြိမ် တုန်လှုပ်အံ့အားသင့်ရသည်။ သို့သော် သူက တဖက်သူ၏ အဓိပ္ပာယ်ကို နားလည်သည်သာ။
“စီနီယာ… ပြောချင်တဲ့ အဓိပ္ပာယ်က…”
“ရှင်းပါတယ်။ မင်းအနေနဲ့ ဆေးဝါးဖော်စပ်နည်းကို ရပြီးတဲ့နောက် ဆေးလုံးသန့်စင်ဖို့အတွက် ဆေးအမယ်အားလုံးကို မရှာနိုင်ခဲ့ရင် အစားထိုးလို့ ရတဲ့ ဆေးအမယ်တွေကို ရှာပြီး ကြိုးစားကြည့်ခိုင်းတာ။ ဘယ်သူ သိမလဲ။ မင်းမှာ အောင်မြင်သွားနိုင်တဲ့ အခွင့်အရေးတစ်ခု ရှိသွားနိုင်တာပဲလေ…”
လူဝကြီးသည် ဟန်လိကို လေးလေးနက်နက် ပြောပြသည်။
ဟန်လိက ထိုစကားကို ကြားသည့်အခါ စွံ့အမိသွားသည်။ သို့ပေမည့် သူ စိတ်ထဲကနေ ကောင်းကောင်း သိလိုက်ပြီ။ ထိုစီနီယာထံမှ သူ ရနိုင်မည့် ဆေးဝါးဖော်စပ်နည်းအတွက် ဆေးအမယ်များကို ရနိုင်ဖို့ ခက်ခဲလွန်းမည် ဟူ၍ပင်။ ထိုစီနီယာက သူ့ကို အခက်အခဲအား သတိပေးလိုက်တာပင်။
စီနီယာလိုင်၏ စိတ်နေစိတ်ထားက သိပ်မဆိုးလှပုံ ပေါ်၏။ ဟန်လိက စိတ်ထဲကနေ ထိုသို့ တွေးမိလိုက်သည်။ သို့သော် အပြင်ပိုင်းတွင်မူ ဟန်လိက သူ၏ သဘောကျသွားပုံ အမူအရာကို မဖော်ပြပေ။ သူက အဆင်ပြေပါတယ်၊ ရပါတယ် ဟုသာ ထပ်ခါထပ်ခါ ပြော၍ သည်လဲလှယ်မှုကို ပြန်ရုတ်သိမ်းဖို့ မစဉ်းစားထားကြောင့် ဖော်ပြသည်။
ထိုသည်ကို မြင်သည့်အခါ လိုင်ဝမ်ဟဲသည် စိတ်ထဲ၌ အတော်လေး ပျော်ရွှင်သွား၏။ သူက သည်တူလေးထံမှ အကျိုးအမြတ်အများအပြား ယူမိပြီဟု ခံစားမိကာ စိတ်မကောင်းပါ ဖြစ်သွားသေးသည်။ ခဏလောက် စဉ်းစားပြီးနောက်မှာ သူက ထပ်ပြောလာသည်။
“ဒီလိုဆိုရင်ရော…အခု မင်းမှာက စိတ်ဝိညာဉ်ဆေးပင်နှစ်ပင် ရှိတာမလား။ ငါတို့ ဆေးဝါးဖော်စပ်နည်းတစ်ခုအတွက် ဆေးပင်တစ်ပင်နဲ့ လဲလှယ်ကြရအောင်။ ဒီစီနီယာက မင်းကို မနစ်နာစေရပါဘူး…”
ထိုစကားကို ကြားသည့်အခါ ဟန်လိသည် ခဏလောက် မင်သက်သွားသေးသည်။ သို့ပေမည့် ချက်ခြင်းပင် သူက အူမြူးသွားချေပြီ။ စီနီယာလိုင်အပေါ် သူ့အကောင်းမြင်သော ခံစားချက်မှာလည်း ချက်ခြင်းလက်ငင်း တိုးပွားလာခဲ့ပြီ။
သူက လိုင်ဝမ်ဟဲကို ကျေးဇူးတင်ကြောင်း အခါခါ ပြောသည်။ သည်တစ်ကြိမ်၌ ဟန်လိသည် မည်သည့်ဟန်ဆောင်မှုမျှ မပါဘဲ စိတ်ပါလက်ပါ ကျေးဇူးတင်စကား ပြောမိတာ ဖြစ်သည်။
“ကဲ…တော်ပြီ။ ဒါက ဆေးဖော်စပ်နည်းရဲ့ စာရင်းပဲ။ နှစ်ခုကို ရွေးယူပါ။ ဆေးလုံးဖော်စပ်နည်းအားလုံးနဲ့ လိုအပ်တဲ ဆေးအမယ်အားလုံးကို ဒီမှာ စာရင်း ပြုစုထားတယ်။ မင်း ရွေးလို့ ပြီးတာနဲ့ ကျုပ်က တကယ့်အစစ်အမှန် ဆေးဝါးဖော်စပ်နည်းတွေကို ပေးပါ့မယ်…”
ထိုသို့ပြောကာ လူဝကြီးလိုင်ဝမ်ဟဲက ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူပြီး ဟန်လိထံ ပစ်ပေးလိုက်သည်။
ဟန်လိက စိတ်လှုပ်တရှားဖြင့် ၎င်းကို လက်ခံယူသည်။ သူက တစ်ခုခု ထူးခြားနေသည်ဟု ခံစားမိသည်။ ထိုစီနီယာမှာ သည်စာရင်းကို ကြိုပြင်ဆင်ထားခဲ့သလား။
သို့သော် ထိုမေးခွန်းမှာ သူ့စိတ်ထဲ၌ ဖြတ်ခနဲသာ ဖြစ်ပေါ်ခဲ့သည်။ ဟန်လိက ကျောက်စိမ်းပြားကို လက်ခံပြီးနောက်မှာ ၎င်းအား သေချာ စစ်ဆေးကြည့်ပြီး သင့်တော်မည့် ဆေးဝါးဖော်စပ်နည်းများကို ရှာဖွေသည်။
“စိတ်ဝိညာဉ်စုဆောင်းခြင်း ဆေးလုံးနှင့် ချီသန့်စင်ခြင်းအမှုန့်…” ဟန်လိက ထိုကျောက်စိမ်းပြားထံမှ သူ့အသိစိတ်ကို ပြန်ရုတ်သိမ်း၏။ ထို့နောက်မှာ သူက စိတ်လှုပ်တရှား၊ အံ့အားသင့်ဟန်တို့ဖြင့် ပြောသည်။
“စိတ်ဝိညာဉ်ဆေးလုံး၊ ချီသန့်စင်ခြင်းဆေးမှုန့်လား…”
လူဝကြီးမှာ မထူးခြားနားဟန်ဖြင့် ခေါင်းငြိမ့်သည်။ သူက ထူးထူးထွေထွေ ပြောမနေပေ။ သူသည် သူ့သိုလှောင်အိတ်ထဲမှ နောက်ထပ် ကျောက်စိမ်းပြားနှစ်ခုကို ချက်ခြင်း ထုတ်ယူကာ ပစ်ပေးပြန်သည်။
“ကောင်းပါပြီ။ အခုက သိပ်မစောတော့ဘူး။ ငါ ပြန်သင့်ပြီ…” လူဝကြီးမှာ စားပွဲပေါ်ရှိ စိတ်ဝိညာဉ်ဆေးပင်နှစ်ပင်ကို သိမ်းဆည်း၊ ဟန်လိကို နှုတ်ဆက်စကားပြော၊ ထို့နောက်မှာ ချက်ခြင်း ထွက်သွားတော့သည်။ အခုအခါ သူ လိုအပ်သော ဆေးပင်အမယ်တို့ကို ရရှိခဲ့ပြီး ဖြစ်၍ သူသည် စိတ်ဝိညာဉ်ခွန်အားမြှင့်တင်ခြင်း ဆေးလုံးကို ဖော်စပ်ရန် အလျင်စလို ပြန်သွားခဲ့လေပြီ။
သူ့နှုတ်ဆက်စကားကို ကြားသည့်အခါ ဟန်လိက အလျင်အမြန် ထရပ်ကာ ထိုစီနီယာကို လိုက်ပါ ပို့ဆောင်သည်။
သို့သော် ဟန်လိက လှိုဏ်ဂူဝင်ပေါက်သို့ ရောက်လာသည့်အခါ ရုတ်တရက် တစ်ခုခုကို အမှတ်ရမိသွားသည်။ ထို့နောက်တွင် သူက သူ့ဆရာဖြစ်သူ၊ လီဟွာယွမ်၏ လှိုဏ်ဂူနေရာကို မေးမြန်းကြည့်သည်။
လူဝကြီးမှာ ဟန်လိက လီဟွာယွမ်၏ အမည်ခံတပည့်မှန်း ကြားသည့်အခါ သူ့အံ့အားသင့်သွားမှုမှာ မနည်းမနောပင်။ သို့ပေမည့် သူသည် ဟန်လိကို တည်နေရာတော့ ပြောပြခဲ့၏။ ထို့နောက်မှာ သူသည် ငွေရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းကာ ပျံသန်း ထွက်ခွာသွားတော့သည်။
ဟန်လိသည် လိုင်ဝမ်ဟဲက လုံးဝ ပျောက်ကွယ်သွားသည့်အထိ စောင့်ကြည့်နေပြီးနောက်မှာ ဆေးဝါးဖော်စပ်နည်းနှစ်ခု ပါဝင်သော ကျောက်စိမ်းပြားနှစ်ခုကို ပျော်ပျော်ရွှင်ရွှင် ထုတ်ယူပြီး တအောင့်လောက် ဆော့ကစားနေသည်။ အချိန်အတန်ကြာပြီးနောက်မှာ သူက တဖက်သို့ လှည့်ပြီး သူ့လှိုဏ်ဂူထံ ပြန်လာသည်။
သို့ပေမည့် ဟန်လိသည် ခြေလှမ်းနှစ်လှမ်းသာ လှမ်းရုံရှိသေး လှိုဏ်ဂူအနီးအနားမှာ သူ့စိတ်အာရုံကို စွဲဆောင်သော အရာတစ်ခုကို လှမ်းတွေ့သည်။ ထိုအရာမှာ မြေပေါ်တွင် လဲလျောင်းနေသော စီနီယာအစ်ကိုလင်း၏ ခန္ဓာကိုယ်ပင်။
ဟန်လိသည် ခဏလောက် မင်သက်သွားသေးသည်။ ထို့နောက်တွင် သူက တွေဝေမနေဘဲ ၎င်းအလောင်းထံ လှမ်းလာ၏။ သူ အလောင်းနား ရောက်လာသည့်အခါ ခါးကိုင်း၍ စတင်ရှာဖွေကြည့်သည်။
သူသည် စီနီယာလိုင်မှာ ထိုအလောင်းကို လုံးလုံး မထိကြည့်ခဲ့တာ ကောင်းကောင်းမှတ်မိသည်။ စီနီယာလိုင်မှာ သူကဲ့သို့ ဂျူနီယာတစ်ယောက်၏ အရှေ့၌ ထိုသို့ ပြုမူရမည်ကို ရှက်ရွှံ့၍လား၊ သို့တည်းမဟုတ် အခြေခံတည်ဆောက်ခြင်းအဆင့် တပည့်တစ်ယောက်၏ ပစ္စည်းအမယ်များမှာ သူ့မျက်လုံးထဲ မတိုး၍လားကိုမူ ဟန်လိ မသိလေပေ။
ထင်ထားသည့်အတိုင်းသာ။ ဟန်လိက အလောင်း၏ ခါးပေါ်မှ သိုလှောင်အိတ်တစ်ခုကို တွေ့သည်။
ထိုအခါ ဟန်လိသည် ပြုံးဖြီးဖြီး ဖြစ်သွားချေသည်။ တကယ်တော့ သူသည် ဟိုရုပ်သေးများအား အတော်လေး စိတ်ဝင်တစား ရှိခဲ့သည်။ တဖက်သူ၏ သိုလှောင်အိတ်ထဲ၌ ရုပ်သေးများ အပုံအပင် ရှိနေနိုင်လောက်မည်။
သို့သော် ဟန်လိသည် သိုလှောင်အိတ်ကို သေချာ စူးစမ်းရှာဖွေ ကြည့်သည့်အခါ သူ့မျက်နှာထက်ရှိ အပြုံးသည် တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။ သိုလှောင်အိတ်ထဲ၌ ရုပ်သေးတစ်ကောင်မျှ အမှန်တကယ်ကြီး ရှိမနေပါ။ စိတ်ဝိညာဉ်ကျောက်တုံး အချို့နှင့် ပုံမှန်ဆေးပုလင်းနှစ်ခုကလွဲ၍ သိုလှောင်အိတ်ထဲ၌ ကျောက်စိမ်းပြားတစ်ခုသာ ရှိနေသည်။ ဟန်လိ၏ မြူးထူးနေသော စိတ်အခြေအနေမှာ ချက်ခြင်းလက်ငင်း ပျောက်ရှသွားခဲ့ပြီ။
“သူ ဟိုနေ့တုန်းက ရုပ်သေး အများအပြားကို ထိန်းချုပ်ခဲ့တာ ထင်ရှားနေတာပဲ။ ဒီရုပ်သေးတွေအားလုံးက ဘယ်လိုများ ပျောက်ကွယ်ကုန်တာလဲ။ သူတို့အားလုံး ဖျက်စီးခံလိုက်ရတာများလား…” ဟန်လိက ထိုသို့ ခပ်တိုးတိုး ရေရွတ်သည်။ သူ့မျက်နှာမှာ မသာမယာတော့။
ဟန်လိ၏ ခန့်မှန်းမှုမှာ အတော်လေး မှန်သည်။
ထိုနေ့တုန်းက စီနီယာအစ်ကိုလင်းသည် ရုပ်သေးများစွာကို ထိန်းချုပ်ကာ ရန်သူများနှင့် သူတင်ကိုယ်တင် တိုက်ခိုက်နိုင်ခဲ့သည်။ သို့သော် ဝါးတစ်ထောင်ဂိုဏ်းမှ အမွှာလေးယောက်က ထွက်ပြေးသွားသော ကျင့်ကြံသူနှစ်ယောက်ကို သတ်ပြီးနောက် သူ့ထံ အလျင်စလို ပြန်ရောက်လာခဲ့ကြ၏။ ထိုအခါ အခြေအနေ မကောင်းတော့သည်ကို စီနီယာအစ်ကိုလင်းက သိခဲ့ပြီး သူ့ရုပ်သေးအားလုံးကို ချက်ခြင်း စွန့်လွှတ်ပြီး ရှုပ်ထွေးနေသော အခြေအနေကို အခွင့်ကောင်းယူကာ တောအုပ်ထဲကနေ ဝရုန်းသုန်းကား ထွက်လာခဲ့သည်။ ထို့ကြောင့်လည်း သူ့ သိုလှောင်အိတ်ထဲ၌ မည်သည့် စက်ရုပ်သေးမျှ ရှိမနေတာ ဖြစ်သည်။
စိတ်ပျက်မှုနှင့်အတူ ဟန်လိက ထိုကျောက်စိမ်းပြားကို အမှုမဲ့အမှတ်မဲ့ ထုတ်ယူသည်။ ထို့နောက်တွင် သူ့အသိစိတ်ကို ၎င်းအထဲ စေလွှတ်ပြီး သိချင်စိတ်အနည်းငယ်ဖြင့်သာ ပေါ့ပေါ့ဆဆ စူးစမ်းကြည့်သည်။
ရုတ်ချည်း ဟန်လိသည် မျက်လုံးပြူးမျက်ဆန်ပြူး ဖြစ်သွား၏။ သူ့မျက်နှာထက်ရှိ ပျင်းရိပျင်းတွဲဟန်မှာ ချက်ခြင်းတောင့်တင်းသွားသည်။
အကြောင်းမှာ သူ့နတ်ဘုရားအာရုံက ထိုကျောက်စိမ်းပြားထဲ ဝင်ရောက်သည့်အခါမှာ မဟာဖွံ့ဖြိုးခြင်းပညာရပ်ဟူသော စကားလုံးသုံးလုံးကို တွေ့ရှိလိုက်ရသောကြောင့်ပင်။