လေးစားမှုပေးခြင်း
Vol. 17 Ch. 237
“မဟာဖွံ့ဖြိုးခြင်းပညာရပ်လား…” ဟန်လိသည် စီနီယာအစ်ကိုလင်းထံမှ ထိုစကားကို အခါခါ ကြားခဲ့ဖူးပြီးသားပင်။ ထိုကျင့်ကြံခြင်းပညာရပ်ကို အသုံးပြုကာ စီနီယာအစ်ကိုလင်း သူ့အား ဖြားယောင်းရန် ကြိုးစားခဲ့သည် မဟုတ်လား။ ဟန်လိသည် ဒီပညာရပ်ကို ထိုသူ့ခန္ဓာကိုယ်ပေါ်မှာ အလွယ်တကူ ရှာတွေ့လိမ့်မည်ဟု မထင်ထားမိခဲ့ပေ။ သို့အတွက် ဟန်လိမှာ မယုံကြည်နိုင်ပါ ဖြစ်နေရသည်။
ဟန်လိသည် ထိုစီနီယာအစ်ကိုလင်းမှာ အလွန်ပဲ တုံးအလေသလား၊ သို့တည်းမဟုတ် တော်လွန်းနေသလားကို မသိတော့ပါ။
သူက မဟာဖွံ့ဖြိုးခြင်းပညာရပ် ပါဝင်သော ကျောက်စိမ်းပြားကို ထပ်မံ၍ အလျင်အမြန် ကြည့်ရှုသည်။ စီနီယာအစ်ကိုလင်း ပြောခဲ့သည့် ပညာရပ်ဖြစ်နေတာ သေချာကြောင်း သူ တွေ့သည်။ ယင်းပညာရပ်၌ အဆင့်လေးထိ မန္တာန်များ အမှန်တကယ် ပါဝင်နေချေ၏။
သို့ပေမည့် နောက်ထပ် ဖြစ်ပေါ်လာသော အရာကြောင့် ဟန်လိမှာ ပို၍ တုန်လှုပ်သွားရသည်။
သူက မဟာဖွံ့ဖြိုးခြင်း ပညာရပ်ကို လုံးဝ ကြည့်ရှုပြီးသည့်နောက် စစ်မှန်သောရုပ်သေးအသိအမြင် ဟုခေါ်သော ကျမ်းစာတစ်ခုပါ သူ့အာရုံတွင် ပေါ်လာ၏။ ထိုကျမ်းစာ၌ ရုပ်သေးသားရဲများနှင့် အဆင့်အမျိုးမျိုး ရုပ်သေးတပ်သားများအား မည်သို့ သန့်စင်ရပုံကို ရှင်းပြထားသည်။ ၎င်းရှင်းပြချက်မှာ အလွန်အသေးစိတ်၏။ ထူးထူးကဲကဲ ရုပ်သေးဖန်တီးခြင်းများအကြောင်း စုဆောင်းထားချက်တည်း။
ဟန်လိသည် ထိုကျမ်းစာကို အကြမ်းဖျဉ်းကြည့်ရှုပြီးနောက်မှာ သူက သူ့အသိစိတ်ကို စိတ်လှုပ်တရှား ပြန်ရုတ်သိမ်းသည်။ အခုအခါ သူ့ဟန်ပန်မှာ အလွန်ပျော်ရွှင်နေချေပြီ။ သို့သော် သူက လက်ထဲရှိ ကျောက်စိမ်းပြားကို ကြည့်ရှုပြီးနောက်မှာ တအောင့်အကြာ တစ်ခုခုကို တွေးမိသွားပြီး သူ့အမူအရာလည်း ရုတ်တရက် ထူးခြားလာသည်။
မဟာဖွံ့ဖြိုးခြင်းပညာရပ်နှင့် စစ်မှန်သောရုပ်သေးအသိအမြင်တို့မှာ အတွဲလိုက် ဖြစ်နေ၏။ သူသာ ယင်းတို့ကို ကျင့်ကြံပါက ချို့ယွင်းချက် မရှိလောက်ပေ။
သူ ထိုပညာရပ်နှစ်ခုကို အဆင့်တစ်ခုထိ ရောက်အောင် ကျင့်ကြံနိုင်သည်နှင့် သူလည်း ဟောင်လုံကဲ့သို့ ဖြစ်လာနိုင်မည်။ ရုပ်သေးများစွာအပေါ် မှီခိုကာ တစ်ဦးတည်းဖြင့် တူညီသောအဆင့်ရှိ ကျင့်ကြံသူများစွာကို ရင်ဆိုင်နိုင်သူ ဖြစ်လာနိုင်သည်။ တဖက်အဆင့်တူများကို ခုခံဖို့ အခွင့်အရေး နည်းနည်းလေးမျှ မရအောင် လုပ်ဆောင်လာနိုင်သည်။
တခြားသော အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများကို ဖိနှိပ်နိုင်သော ထိုစွမ်းအားကား ဟန်လိ၏ စိတ်နှလုံးကို ခုန်ပေါက်မြန်ဆန်စေသည်။
သို့ပေမည့် သူသည် ဤအရာ၌ ပြစ်ချက်ကြီးတစ်ခု ရှိနေတာကို သေချာသိသည်။ ၎င်းပညာရပ်သည် သူ့ကိုယ်ပိုင်ကျင့်ကြံခြင်းကို အဟန့်အတား ဖြစ်စေမည်၊ မူလတုန်းက အမြုတေဖွဲ့စည်းခြင်းအဆင့်ထိ ရောက်နိုင်မည့် အခွင့်အရေးသေးသေးသည်ပင် လုံးလုံး ပျောက်ကွယ်သွားနိုင်သည်။ ဤသည်မှာ အကျိုးအမြတ်က ဆုံးရှုံးမှုကို မကာမိစေသော ကိစ္စရပ်တစ်ခုပင်။
မဟာဖွံ့ဖြိုးခြင်းပညာရပ်က အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ရောက်စေနိုင်သည်ဟု အမွှန်းတင်ခဲ့လျှင်ပင် ဟန်လိသည် ထိုအခြေအမြစ်မရှိသောအရာမျိုးကို မယုံကြည်ပေ။
ဟန်လိက ခေါင်းငုံကာ ခဏတဖြုတ် စဉ်းစားခန်းဝင်နေသည်။ သူ့အတွက် ခက်ခဲလှသော ရွေးချယ်မှုပင်။ သူက ခေါင်းယမ်း၏။ အရင်ဆုံး ထိုကျောက်စိမ်းပြားကို သူ့သိုလှောင်အိတ်ထဲ ထည့်သိမ်းသည်။ ထိုပညာရပ်ကို ကျင့်ကြံ၊ မကျင့်ကြံကို နောင်မှ ဆုံးဖြတ်တော့မည်။
တကယ်တော့ မဟာဖွံ့ဖြိုးခြင်းပညာရပ်နှင့် ရုပ်သေးဖန်တီးခြင်းပညာရပ်တို့သည် မိုးပေါ်ကနေ ကျလာသည့်နှယ် ရုတ်ချည်းဆန်လှသည်။ သူ့စိတ် တည်ငြိမ်ပြီးနောက်မှ သည်ကိစ္စကို သူ စဉ်းစားသုံးသပ်ရမည်။
မည်သို့ပင်ဖြစ်စေ ထိုအကျိုးအမြတ်က ဟန်လိကို စိတ်လှုပ်ရှားစေခဲ့သည်သာ။ ရုတ်တရက် သူက ဟောင်လုံနှင့် တခြားသူများ၏ သိုလှောင်အိတ်များအကြောင်းကိုပါ တွေးမိသွားသည်။ သူတို့၏ သိုလှောင်အိတ်များမှာ သူတို့နှင့်အတူ လိုင်ဝမ်ဟဲ၏ လျှပ်စီးဓာတ်ဓားအလင်းကြောင့် ဖျက်စီးခံခဲ့ရပြီး ဖြစ်သော်လည်း အချိန်မီမရုတ်သိမ်းလိုက်နိုင်သော ရုပ်သေးအနည်းငယ်ကမူ အစီအရင်၏ အပြင်ဘက်တွင် ရပ်နေကြဆဲ ဖြစ်သည်။
ပစ္စည်းကောင်းများကို ဖြုန်းတီးပစ်၍ မရလေပေ။
ထိုအတွေးဖြင့် ဟန်လိသည် သူ့အစီအရင်ကြီးထဲကနေ စိတ်ခံစားချက်ကောင်းကောင်းဖြင့် လှမ်းထွက်လာသည်။
မျှော်လင့်ထားသည့်အတိုင်း အစီအရင်၏ အစပ်နှင့် သိပ်မဝေးသော နေရာမှာ လက်ဝါးအရွယ်ခန့် ရုပ်သေးတပ်သားများနှင့် ကြုံ့သွားသော ရုပ်သေးသားရဲတို့ကို သူ တွေ့ရသည်။ ယင်းတို့ကို မည်သူမျှ မထိန်းချုပ်ထား၍ ခုလိုအရွယ်အစားတိုင်း ပြန်ဖြစ်နေတာပင်။ သို့ပေမည့် ဟန်လိ စိတ်ကူးမိသလောက်တော့ ရုပ်သေးအရေအတွက်မှာ မများလှပါ။ နှစ်ဆယ်ဝန်းကျင်သာ ရှိနေ၏။ ကျန်သည့် ရုပ်သေးများမှာ လိုင်ဝမ်ဟဲ၏ ဓားချက်ကြောင့် ပြာမှုန့်ဖြစ်သွားခဲ့လေပြီ။
သို့ပေမည့် မည်သို့ပင်ဖြစ်စေ ဟန်လိသည် ထိုရုပ်သေးများကို တစ်ခုပြီးတစ်ခု တက်တက်ကြွကြွ သိမ်းဆည်း၏။
ပစ္စည်းကောင်းများကို သူ သိမ်းဆည်းပြီး ဖြစ်သည်။ သို့သော်လည်း ဟန်လိက သူ့မျက်စိရှေ့မှာ နောက်ထပ် ရုပ်သေးတပ်သားရာနှင့်ချီ ပေါ်လာစေချင်နေသည်။ ဟန်လိသည် သူ့စိတ်ကူးမှာ ရယ်ဖို့ကောင်းတာ သိသည်။ လောဘကား အမှန်တကယ် အတောမသပ်နိုင်သော အရာတည်း။
သူ့ကိုယ်သူ လှောင်ပြောင်သော စကားအချို့ ပြောပြီးနောက်မှာ ဟန်လိသည် သူ၏ အင်မောတယ်လှိုဏ်ဂူထံ ပြန်လာသည်။ ရှေးဟောင်းဆေးဖော်စပ်နည်းများကို လေ့လာရန် ပြင်ဆင်သည်။ နောက်နေ့တွင် သူသည် သူ့ဆရာ လီဟွာယွမ် နေထိုင်သော နေရာထံ သွားကြည့်ရအုံးမည်။ သူ့ဆရာက ကျင့်ကြံခြင်းပညာရပ် တချို့တလေ ပေးမလား၊ မပေးမလားကို သူ ကြည့်ရလိမ့်မည်။
နောက်တနေ့ မနက်ခင်းမှာ ဟန်လိသည် သူ့နတ်လေလှေပေါ်မှာ ရပ်ကာ ထိုက်ယွဲ့တောင်တန်း၏ အရှေ့ပိုင်းထံ တန်းတန်းမတ်မတ် ပျံသန်းလာသည်။ မ
မနေ့တုန်းက လိုင်ဝမ်ဟဲသည် သူ့ဆရာ၏ လှိုဏ်ဂူတည်နေရာကို ပြောခဲ့ထားပြီး ဖြစ်သည်။ လီဟွာယွမ်သည် သူ့အင်မောတယ်လှိုဏ်ဂူ၌ အလုပ်ရှုပ်နေပုံ တူသည်။
နတ်လေလှေ၏ အမြန်နှုန်းကြောင့် ဟန်လိသည် လိုင်ဝမ်ဟဲ သူ့ကို ပြောပြခဲ့သော တည်နေရာအား အချိန်များများ ပေး၍ မရှာခဲ့ရပေ။ မျှော်လင့်ထားသည့်အတိုင်း ထိုတည်နေရာမှာ မိုးပြာတောင်တန်းတစ်ခုနှင့် အစိမ်းရောင်မြစ်များအတွင်း ဖုံးကွယ်တည်ရှိနေသည်။
ဟန်လိသည် ရေတံခွန်ကြီးတစ်ခုအထက်ရှိ တောင်ထိပ်မှာ ရပ်ပြီး သူ့အင်္ကျီရင်ဘက်ထဲမှ အသံပို့လွှတ်သည့် အဆောင်တစ်ခုကို ထုတ်ယူသည်။ သူသည် စကားတချို့ ခပ်တိုးတိုး ပြောပြီးနောက် ၎င်းကို ပစ်လွှတ်လိုက်သည်။ ထိုအဆောင်က မီးအလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ ရေတံခွန်ထံ တိုးဝင်ကာ မြင်ကွင်းကနေ ပျောက်ကွယ်သွားသည်။
အမွှေးတိုင်တတိုင်ထွန်းစာလောက် ကြာပြီးနောက်မှာ ရေအကာအရံသည် ပိုင်းခြားထွက်ကာ လှိုဏ်ဂူကြီးတစ်ခု လှစ်ဟပေါ်လာ၏။ ထို့နောက်တွင် ပိန်ပိန်ပါးပါး ပညာတတ်တစ်ယောက်ဟန်ပန်ရှိသူ တစ်ယောက် ပျံသန်းထွက်လာ၏။ ထိုသူမှာ အသက်သုံးဆယ်ဝန်းကျင်လောက် ရှိသည်။ သူက ဟန်လိကို မြင်သည်နှင့် နွေးထွေးပျူငှာစွာ ပြောဆိုလာသည်။ “ဂျူနီယာညီလေးဟန်လား။ ကျုပ်ကတော့ ဆရာ့ရဲ့ အကြီးဆုံးတပည့် ယုခွန်ပါ။ မင်းက ကျုပ်ကို စီနီယာအစ်ကိုယုလို့ ခေါ်နိုင်တယ်…”
ထိုပညာတတ်ဟန်ပန်နှင့်သူက ယင်းသို့ ပြောပြီးနောက် သူသည် သက်တောင့်သက်သာဟန်ဖြင့် ဆင်းသက်ကာ ဟန်လိဘေးနား ရောက်လာသည်။ ထို့နောက်တွင် သူက ဟန်လိကို ပြုံးဖြီးဖြီးနှင့် ကြည့်နေသည်။
“ စီနီယာအစ်ကိုကြီးကို လေးစားသမှု ပေးပါတယ်…” ဟန်လိသည် အလွန်သတိထားဟန်ဖြင့် ထိုသို့ အော်ပြောသည်။
ယုခွန်သည် ဟန်လိ၏ အမူအရာကို မြင်သည့်အခါ သူ့စပ်ဖြီးဖြီးအပြုံးက ပိုပီပြင်လာသည်။ သူသည် ပို၍ ဖော်ရွှေတက်ကြွသောဟန်ဖြင့် ပြောလိုက်သည်။ “ကျုပ်ကို စီနီယာအစ်ကိုကြီးလို့ မခေါ်ပါနဲ့။ အကြီးဆုံးအစ်ကိုကြီး ဟုတ်လား။ ဒါက ကိန်းခမ်းကြီးလွန်းပါတယ်။ ဂျူနီယာညီလေးဟန်က သွေးနဲ့မီးစမ်းသပ်ကွင်းကနေ အကျိုးအမြတ် ကြီးကြီးမားမား တကယ် ရိတ်သိမ်းနိုင်ခဲ့တယ်မလား…”
ယုခွန်က ဟန်လိကို ထပ်တလဲလဲ မြှောက်ပင့်ပြောသည်။
ဟန်လိသည် အတင်းအကြပ် ချောင်းဟန့်မိ၏။ သူသည် ထိုသူမှာ အမည်ခံတပည့်ဖြစ်သော သူ့ကို အဘယ်ကြောင့် ယဉ်ကျေးပျူငှာစွာ ဆက်ဆံနေတာ မသိပဲ ရှိနေသည်။ ထိုသို့ ဆက်ဆံမှုက သူ့ကို မသက်မသာ ဖြစ်စေသည်။
“ဂျူနီယာညီလေးရဲ့ ပါရမီက သိပ်မကောင်းလှဘူးလို့ ကျုပ် ကြားခဲ့ဖူးတယ်။ ဒါပေမဲ့ အခုတော့ ညီလေးက အခြေခံတည်ဆောက်ခြင်းအဆင့်ကိုတောင် ရောက်နေပြီပဲ။ ဒါဟာ ဂုဏ်ပြုဖို့ ထိုက်တန်လှတဲ့ ကိစ္စပဲကွ…”
ယုခွန်သည် ဟန်လိ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ပြီး ဖြစ်တာကို သိနေတာ ကြာလောက်ပြီပုံ ရသည်။ သို့ဖြစ်၍ သူက ဟန်လိ သည်အဆင့်မှာ ရှိနေသည့်အပေါ် မည်သည့်အံ့အားသင့်ဟန်မျှ မပြပေ။ သို့သော်လည်း သူက ဟန်လိကို ဂုဏ်ပြုချီးကျူးစကား ပြောနေတုန်းသာ။ ထိုအခါ ဟန်လိသည် ပို၍ပင် သံသယဖြစ်ကာ သတိထားသွားချေ၏။
“ကဲကဲ…ဆရာက ညီလေးကို လှိုဏ်ဂူထဲမှာ စောင့်နေတယ်။ ကျုပ်တို့ရဲ့ အကြီးအကဲတွေကို အချိန်ကြာကြာ မစောင့်စေတာက ပိုကောင်းတယ်လေ။ ကဲ အစိမ်းရောင်လှိုင်းတွန့် လှိုဏ်ဂူထဲ အရင်ဆုံး ဝင်သွားလိုက်ပါ…”
ယုခွန်သည် ခုမှ တစုံတစ်ခုကို တွေးမိသွားဟန် ရသည်။ သူက သူ့ခေါင်းကိုသူ ပုတ်ကာ ရယ်ရယ်မောမောဖြင့် ထိုသို့ ပြောလာသည်။
ဟန်လိသည် တဖက်သူ၏ အမူအရာကို မြင်သည့်အခါ သူ့ပါးစပ်ထောင့်မှာ တွန့်ကွေးသွား၏။ သို့သော သူ့မျက်နှာအမူဟန်ပန်မှာ တည်ငြိမ်လေးနက်ပြီး လေးစားသောဟန် ထိန်းထားဆဲသာ။ သူသည် တခါတည်း သဘောတူပြီး ရေအကာအရံကို ဖြတ်၍ ပျံသန်းလာသည်။
သူ ရေအကာအရံကို ဖြတ်ကျော်လာပြီးနောက်မှာ သူ့မျက်စိရှေ့တွင် သဘာဝအတိုင်း ဖြစ်ပေါ်နေသော တောင်ကြားတစ်ခု ပေါ်လာသည်။ ထိုတောင်ကြားသည် လှပ၏။ သစ်ပင်များက စိမ်းစိမ်းစိုစို၊ ရေတို့မှာ ကြည်ကြည်လင်လင်ဖြင့် ရှိနေ၏။ ထို့အပြင် ထူးခြားသော သတ္တဝါငယ်လေးများကလည်း ချစ်ခင်စဖွယ် ခုန်ပေါက်မြူးထူးနေသေးသည်။
“ဒါက…” ဟန်လိစိတ်မှာ ဗြောင်းဆန်မိသွား၏။ သူ့အရှေ့ မြင်ကွင်း။ သူ့ဆရာကဲ့သို့ လေးစားခံ ကျွမ်းကျင်သူတစ်ယောက်မှာ သားရဲငယ်လေးများ မွေးမြူရခြင်းကို နှစ်သက်တာများလား။ ထိုအတွေးကြောင့် ဟန်လိစိတ်မှာ တမျိုးတမည်ကြီး ဖြစ်သွားမိ၏။
“ဟားဟား…ဘာလဲ။ ဂျူနီယာညီလေးက အံ့အားသင့်သွားတာလား။ ဒီလိုဖြစ်တာ မင်း တစ်ယောက်တည်း မဟုတ်ပါဘူး။ ဒီကို လာလည်သူတိုင်း အံ့အားသင့်ကုန်တာပဲလေ။ ဒါပေမဲ့ ဒီသတ္တဝါငယ်လေးတွေကို ဆရာ မွေးမြူထားတာ မဟုတ်ဘူး။ ဒါပေမဲ့ ဒါက ဆရာ့ဇနီးရဲ့ ရတနာလေးတွေပဲ။ မင်းအနေနဲ့ ဒီကောင်လေးတွေကို ဘာကြောင့်ဖြစ်ဖြစ် ထိခိုက်စေလို့ မရဘူး။ မဟုတ်ရင် သခင်မက မင်းကို အဆုံးသတ်ပစ်မှာ သေချာတယ်…”
ယုခိုင်က တဟားဟား ရယ်မောကာ ပြောသည်။ သူ့ပုံစံမှာ ‘မင်း အံ့အားသင့်သွားမှာ ငါ သိပြီးသားပါ’ ဟူသော ဟန်ပန် ပေါက်နေလေ၏။
“ဆရာ့ ဇနီးလား…”
“အမှန်ပဲ။ သခင်မကျန်ဟာ အခြေခံတည်ဆောက်ခြင်းအလယ်အဆင့်ပဲ ရှိသေးတယ်။ ဆရာက သူမကို အတော်လေး ချစ်ခင်နှစ်သက်တယ်။ မင်း သူမနဲ့ ဆက်ဆံရင် ကောင်းကောင်းမွန်မွန် ပြုမူဖို့ လိုတယ်…”
ယုခွန်က ပုခုံးတွန့်ကာ ပြောလိုက်သည်။
ယုခွန်သည် ပိုဝေးသော နေရာရှိ လှိုဏ်ဂူကြီးတစ်ခုထံ ဟန်လိကို ခေါ်လာသည်။ ထိုနေရာတွင် ဟန်လိသည် သူ့ဆရာဖြစ်သူ လီဟွာယွမ်ကိုသာမက ငယ်ရွယ်လှပသော မိန်းမပျိုတစ်ယောက်ကိုပါ မြင်သည်။ သူမ၏အသက်မှာ နှစ်ဆယ့်ခွန်၊ နှစ်ဆယ့်ရှစ်လောက်သာ ရှိအုံးမည်။
သူ့ဆရာဖြစ်သူ၏ မျက်နှာမှာ ရေခဲတမျှ အေးစက်စက်ဟန် ပေါက်နေမှာ ပြောနေစရာပင် မလိုပေ။ သို့သော် သူက ဟန်လိကို မြင်သည့်အခါ မဆိုသလောက် ပြုံး၏။ ဟန်လိသည် သူ့ရှေ့မှ မိန်းမပျိုသည် လှပသော်ငြားလည်း လီဟွာယွမ်၏ ရှေ့၌ မည်သို့ ကြည့်ဝံ့ပါ့မည်နည်း။ သူက တည်တည်ငြိမ်ငြိမ်ဖြင့် ရှေ့သို့ ခြေလှမ်းကာ တလေးတစား ဂါဝရပြု နှုတ်ဆက်စကားပြောသည်။ “တပည့်ဟန်လိက ဆရာ့ကို နှုတ်ဆက်ပါတယ်…”
“အော်…မင်း ရောက်လာခဲ့ပြီပဲ။ ဒါက ငါ့ရဲ့ ချစ်ဇနီးပဲ။ မင်း သူမကိုလည်း နှုတ်ဆက်လိုက်အုံး…”
ဟန်လိ၏ တလေးတစား အမူအရာကြောင့် လီဟွာယွမ်မှာ အတော်လေး ကျေနပ်သွား၏။ သူက သူ့ဘေးမှ အမျိုးသမီးကို လက်ညှိုးထိုးပြသည်။
“တပည့်က ဆရာ့ကတော်ကို နှုတ်ဆက်ပါတယ်…” ဟန်လိသည် စိတ်ထဲကနေ ကြိတ်၍ သက်ပြင်းချမိသည်။ သူ ဂါဝရပြု နှုတ်ဆက်ရသော အမျိုးသမီးမှာ သူ့ထက် အများကြီး အသက်ကြီးပုံ ပေါ်မနေပေ။
“တော်လောက်ပြီ။ တအား ယဉ်ကျေးနေစရာ မလိုပါဘူး…” ထိုအမျိုးသမီးက ဟန်လိ ရှေ့သို့ ခြေလှမ်းပြီး လေးစားမှု ပြတာ မြင်သည့်အခါ ပြုံး၍ ထိုသို့ ပြောလိုက်သည်။ သူမ၏အသံမှာ နူးညံ့ကာ သာယာလှ၏။ မျှော်လင့်ထားသည့်အတိုင်းပင် သူမသည် နုနုလှလှ မိန်းမပျိုတစ်ယောက်သာ။
“ဟန်လိ…မင်း အခြေခံတည်ဆောက်ခြင်းအဆင့်ကို ဝင်ရောက်နိုင်ခဲ့တာ ဆရာ ကြားတယ်။ အမှန်တိုင်း ပြောရရင် ဒီကိစ္စဟာ ငါ့အတွက် ယုံဖို့တောင် ခက်သွားခဲ့တယ်။ အတော်လေးလည်း အံ့အားသင့်ခဲ့မိတယ်…”
လီဟွာယွမ်က ပြုံး၍ ထိုသို့ ပြောသည်။ သူ့လေသံမှာ ညင်သာလှသည်။
“ဒါက တပည့်ကံကောင်းသွားလို့ပါ။ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ဝင်ရောက်နိုင်ခဲ့တဲ့အတွက် တပည့်ကိုယ်တိုင်လည်း တုန်လှုပ်အံ့အားသင့်ခဲ့မိပါတယ်…”
ဟန်လိ၏ မျက်နှာမှာ အနည်းငယ် နီမြန်းသွား၏။ သူသည် အရှက်ရသွားသည့်နှယ်။
“ဟားဟား…ကံကောင်းမှုကြီး ဆိုတာ ကိုယ်ပိုင်အရည်အချင်းရဲ့ ရောင်ပြန်ဟပ်မှုပဲကွ။ မဟုတ်ရင် ထူးချွန်တဲ့ ပါရမီတွေနဲ့ မွေးလာတဲ့သူတွေဟာ ပိုကံကောင်းကြတယ်ဆိုတာ ဘယ်ဟုတ်ပါတော့မလဲ…”
လီဟွာယွမ်က ခေါင်းယမ်းကာ ပြုံး၍ ပြောသည်။
“အား…ဒါကတော့…” ဟန်လိသည် ဒီတခါ၌ အရှက်ရရုံသာမက ပြောစရာစကားပါ မဲ့ရလေသည်။