← Chapters

ယုခွန်

Vol. 17 Ch. 238

ယုခွန်

Vol. 17 Ch. 238

“ဒီကောင်လေးက ခုမှ တပည့်ဖြစ်တာ မကြာသေးဘူးလေ။ သူနဲ့တွေ့တာနဲ့ ချက်ခြင်းကြီး ဆရာလေသံ မဖမ်းပါနဲ့အုံး…”

မိန်းမပျိုက ဟန်လိ၏ မသက်မသာအမူအရာကို မြင်သည့်အခါ လီဟွာယွမ်ကို ထိုသို့ ပြောသည်။ သူမ၏မျက်လုံးထဲ၌လည်း ရယ်ချင်ဟန် အရိပ်အယောင် ပေါက်နေသည်။

“ကောင်းပါပြီ။ ယောက်ျား သိပါပြီ။ ဘာပဲဖြစ်ဖြစ်လေ…ဒီတပည့်ကောင်းက ကျုပ်ဇနီးရဲ့ ကယ်တင်ရှင်ပဲကို။ ဒါ့ကြောင့် သူ့ဆရာတစ်ယောက်အနေနဲ့ ကျုပ် သူ့ကို ကောင်းကောင်းမွန်မွန် ဆုချီးမြှင့်ရမှာပေါ့…”

လီဟွာယွမ်သည် ထိုမိန်းမပျိုကို ကြင်နာစွာ တချက်ကြည့်ပြီးနောက် တဖက်သို့ လှည့်ကာ ဘေးတွင် ရပ်နေသော ယုခွန်ကို လှမ်းပြောသည်။

“အခု မင်းထွက်သွားတော့။ မင်းဆရာကတော်က မင်းရဲ့ ဂျူနီယာညီလေးနဲ့ သီးသန့်စကားပြောချင်နေတယ်။ ကျုပ်တို့ကို ဘယ်သူမှ မနှောက်ယှက်စေနဲ့…”

“အမိန့်အတိုင်းပါ…ဆရာ…”

ယုခွန်က တလေးတစား ပြန်ဖြေသည်။ ထို့နောက်တွင် သူသည် ဟန်လိကို မနာလိုအားကျသည့်အကြည့်ဖြင့် ခိုးကြည့်သွားပြီး သူ့အကြည့်ကို တိတ်တဆိတ် ပြန်ရုတ်သည်။

“ကယ်တင်ရှင်လား၊ ဆုချီးမြှင့်မှာလား…”

အခုအခါ ဟန်လိသည် အမှန်တကယ် အကြောင်သား ဖြစ်နေလေပြီ။ သူက ထိုစကားနှစ်ခွန်းက သူနှင့် မည်သို့မည်ပုံ ပတ်သတ်နေလဲကို အမှန်တကယ် သိမနေပါ။ တစုံတစ်ယောက်ကို ကယ်တင်ပြီး ဆုလဒ်တစ်ခုကို ဘယ်အချိန်ကများ သူ ရသွားသနည်း။ ထိုအကြောင်းကို သူကိုယ်တိုင်ပင် မသိရချေ။

ဟန်လိ၏ စိတ်ရှုပ်ထွေးနေသော အမူအရာကို ကြည့်ကာ မိန်းမပျိုက ရယ်သံစွက်ကာ ပြောလာသည်။

“အရှင်ခင်ပွန်း၊ ရှင် သူ့ကို အဲ့အကြောင်းကို ဘာကြောင့်များ မရှင်းပြရသေးတာလဲ။ ရှင့်တပည့်က ခုထိ ဘာမှ သိသေးတဲ့ပုံ မပေါ်ဘူး…”

မိန်းမပျို၏ စကားကို ကြားသည့်အခါ လီဟွာယွမ်သည် ပြုံးယောင်သမ်းကာ ခေါင်းညိတ်ပြသည်။ ထို့နောက်မှာ သူက ဟန်လိကို စရှင်းပြ၏။

“ဟန်လိ၊ အတိတ်တုန်းက မင်းကို တပည့်အဖြစ် ဘာကြောင့် ငါ လက်ခံခဲ့လဲဆိုတဲ့ အကြောင်းရင်းကို မင်း သိလောက်မှာပါ။ ဒီအကြောင်းကို ပြောပြရလို့ ငါ့အတွက် ဘာမှ အရှက်ရစရာ မရှိပါဘူး။ မင်းရဲ့ အကြီးအကဲတစ်ယောက်အနေနဲ့ ငါဟာ မင်းရှိက စိတ်ဝိညာဉ်ဆေးပင်တွေကို တကယ်ပဲ လိုချင်ခဲ့တာ အမှန်ပဲ။ ဒါ့ကြောင့်လည်း ငါက မင်းကို တပည့်အဖြစ် လက်ခံခဲ့ပြီး မင်း ပိုင်ဆိုင်တဲ့ တဝက်ကို ယူသွားခဲ့တာ။ မဟုတ်ရင် မင်းအနေနဲ့ အခြေခံတည်ဆောက်ခြင်းဆေးလုံး နှစ်လုံးလောက် ရနေလောက်ပြီ။ တစ်လုံးတည်း ရခဲ့မှာ မဟုတ်ဘူး…”

“ဒါပေမယ့် မင်းရဲ့ ဆုလဒ်တစ်ဝက်ကို ငါ ယူသွားခဲ့ပေမယ့် အတုန့်အလှည့်အနေနဲ့ ငါ့ဂုဏ်သတင်းကြောင့် မင်းလည်း အကျိုးအမြတ် ရခဲ့တာပဲလေ။ လူတွေ မင်းကို ရန်စမ၊ မစော်ကားရဲတော့ဘူးပေါ့။ တကယ်တော့ အတိတ်တုန်းက မင်းရဲ့ ပင်ကိုယ်ပါရမီနဲ့ဆို မင်းဟာ အခြေခံတည်ဆောက်ခြင်းဆေးလုံးတစ်လုံး အပိုထပ်ရခဲ့ရင်တောင် အခြေခံတည်ဆောက်ခြင်းအဆင့်ကို ဝင်ရောက်နိုင်စွမ်း မရှိသလောက်ပဲ…”

လီဟွာယွမ်က ထိုသို့ ပြောလာသည်။ သူ့အမူအရာမှာလည်း ပုံမှန်အတိုင်းသာ။ သူက သူ လုပ်ခဲ့သည့်အရာနှင့် ပတ်သတ်ပြီး ဘာမျှ မသင့်တော်တာ မရှိဟု ခံစားမိသည့်အလား။

“ဒါပေမယ့်လည်း အခြေအနေက ပြောင်းသွားခဲ့ပြီ။ ငါ မင်းရှိကနေ ရခဲ့တဲ့ စိတ်ဝိညာဉ်ဆေးပင်တွေကို မှော်စွမ်းအားတိုးတက်စေနိုင်တဲ့ ဆေးလုံးတွေ ဖော်စပ်သန့်စင်ရာမှာ အသုံးပြုမလို့ပဲ။ အဲ့အချိန်မှာပဲ ငါ့ဇနီးဟာ ကျင့်ကြံနေရင်း မတော်တဆမှုတစ်ခု ဖြစ်ပြီး အန္တရာယ်ကျရောက်သွားခဲ့တယ်။

ကံကောင်းတာက ငါသာ မင်းရဲ့ စိတ်ဝိညာဉ်ဆေးပင်တွေကို အသုံးမပြုခဲ့ရသေးတာပဲ။ ဒါ့ကြောင့် သူမရဲ့ အသက်ကို ဒီဆေးပင်တွေနဲ့ ငါ ယာယီထိန်းထားနိုင်ခဲ့တယ်။ နောက်နှစ်အနည်းငယ်ကြာတော့ ကျန်တဲ့ ဆေးပင်တွေကို အသုံးပြုပြီး သူမရဲ့ အသက်ကို ကယ်တင်နိုင်တဲ့ ဆေးလုံးတစ်လုံး ဖော်စပ်နိုင်ခဲ့တယ်။ ဒါ့ကြောင့်လည်း ငါ့ဇနီးဟာ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က ပြန်ကောင်းမွန်လာခဲ့တာ။ အဲ့တာကြောင့် ငါဟာ ငါ့ဇနီးကို ဒီဆေးပင်တွေရဲ့ ဇစ်မြစ်ကို ပြောပြခဲ့တဲ့အချိန် သူမဟာ မင်းကို ချက်ခြင်းပဲ ဆုလဒ်ချီးမြှင့်ပေးရမယ်လို့ ပြောလာခဲ့တယ်။ တကယ်တော့ သူမ ခုထိ အသက်ရှင်နေနိုင်တာဟာ မင်းရဲ့ စိတ်ဝိညာဉ်ဆေးပင်တွေကြောင့်ပဲလေ။ ဒါ့ကြောင့် မင်းကို သူမရဲ့ အသက်ကယ်တင်ရှင်အဖြစ် သတ်မှတ်လို့ ရနိုင်တယ်…”

လီဟွာယွမ်သည် ထိုအမျိုးသမီးငယ်၏ အသက်အန္တရာယ်ဖြစ်သည့် အခြေအနေကို ပြောပြလာသည့်အခါမှာ သူ့အမူဟန်ပန်သည် ပြောင်းလဲသွားသည်။ သူက သူမ၏ ထိုဆိုးရွားသော အခြေအနေကို ပြန်ခံစားမိသည့်အလား။ သူ့ဘေးရှိ ထိုမိန်းမပျိုအပေါ် အမှန်တကယ် စုံမက်မြတ်နိုးသည့်ပုံ ရသည်။

“သူမရဲ့ စကားက အကျိုးအကြောင်း သင့်တယ်လို့ ငါ ခံစားမိတယ်။ ဒါ့ကြောင့်လည်း မင်း အခြေခံတည်ဆောက်ခြင်းအဆင့် မရောက်သေးခင်မှာပဲ မင်းကို တရားဝင်တပည့်အဖြစ် လက်ခံမယ်လို့ ငါ ဆုံးဖြတ်ခဲ့တယ်။ ဒါပေမဲ့ ဘယ်သူက သိပါ့မလဲ။ ငါ ဘာမှ မပြောသေးခင် မင်း အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်သွားတဲ့ သတင်းကို ကြားရတော့တာပဲ။ ဒါက ငါ့ကို တကယ် အံ့အားသင့်သွားစေခဲ့တယ်။ တကယ်တော့ ငါ အရင်တုန်းက ပြောခဲ့သလိုပဲ မင်းသာ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ဝင်ရောက်နိုင်ခဲ့ရင် တရားဝင်တပည့်အဖြစ် လက်ခံမယ်ဆိုတာလေ။ ဒါ့ကြောင့်လည်း ဒီလို တရားဝင်တပည့်အဖြစ် လက်ခံပေးရုံသပ်သပ်က ဆုချီးမြှင့်တာလို့ ယူဆလို့ မရတော့ဘူး။ ငါ တတ်နိုင်တဲ့ထဲကနေ မင်းကို ဆုချီးမြှင့်ပေးဖို့ တခြားနည်းလမ်းတွေကို ငါ စဉ်းစားရတော့တာပေါ့…”

လီဟွာယွမ်သည် အခြေအနေတစ်ခုလုံးကို ရှင်းပြပြီးသွားသည်။ ဟန်လိမှာ ဒီအကြောင်းများကို ကြားသည့်အခါ ငေးမောမိနေသည်။

သူသည် ကောင်းကင်ထက်ကနေ ကံကောင်းမှုကြီး ခေါင်းပေါ်တည့်တည့် ကျရောက်လာလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားမိခဲ့ပေ။ သူသည် လီဟွာယွမ်ကိုယ်တိုင် သူ့ကို ဆုချီးမြှင့်ပေးပါမည်ဟု ပြောသည်ကို ကြားသော်လည်း မယုံကြည်ဝံ့သေးဘဲ ဖြစ်နေသည်။ ထိုအစား သူက မင်သက်ကြောင်ရီနေမိ၏။

“အဆင်ပြေရဲ့လား။ နင်က အဲ့ကိစ္စကို ခုထိ ကောင်းကောင်း မတွေးနိုင်သေးတဲ့ပုံပဲ။ ဒါ့ကြောင့် နင့်ရဲ့ လှိုဏ်ဂူကို ပြန်ပြီး ဒီနေ့တစ်နေ့လုံး အဲ့အကြောင်း သေချာစဉ်းစားကြည့်၊ နောက်နေ့မနက်ခင်းမှ နင့်ဆရာရှိ ပြန်လာပြီး တောင်းဆိုမှုတစ်ခု လုပ်ပေါ့။ နင် သေချာတော့ စဉ်းစားပေါ့။ ပုံမှန်ဆို နင့်ဆရာက ရက်ရောလှတဲ့သူ မဟုတ်ဘူး။ ဒါက နင့်အတွက် ရတောင့်ရခဲ အခွင့်အရေးကောင်းတစ်ခုပဲ…”

ထိုအမျိုးသမီးက ဟန်လိကို ညင်သာစွာ ပြောပြပြီး လီဟွာယွမ်ထံ တချက်လှမ်းကြည့်သည်။

လီဟွာယွမ်က ချောင်းခြောက်အနည်းငယ် ဟန့်သည်။ သူသည် အရှက်ရသွားသည့်နှယ်။

ဟန်လိသည် နောက်ဆုံး၌ ကြောင်ငေးနေရာကနေ အသိပြန်ဝင်လာသည်။ အစတုန်းက သူသည် ကျင့်ကြံခြင်းပညာရပ်တစ်ခုကို တောင်းဆို ချင်ခဲ့သည်။ သို့သော် ဆရာကတော် သတိပေးတာ ကြားသည့်အခါ သူက တဖက်သူ၏ စေတနာကောင်းနှင့် သတိပေးတာကို မငြင်းဆန်လိုပေ။ ထို့ကြောင့်လည်း သူက ခေါင်းညိတ်ကာ လက်ခံသည်။

ထို့နောက်တွင် လီဟွာယွမ်သည် ယုခွန်ကို ခေါ်ကာ ဟန်လိအား လှိုဏ်ဂူအနှံ့ လိုက်ပို့ခိုင်းသည်။

ထိုစီနီယာအစ်ကိုက ပြုံး၍ ချက်ခြင်း သဘောတူ၏။ ထို့နောက်တွင် သူက ဟန်လိကို ခေါ်ကာ ထွက်လာသည်။ သူတို့က ခုထိ လှိုဏ်ဂူ၏ ဧည့်ခန်းနေရာကျယ်မှ ထွက်မလာကြသေးချိန်မှာပင် ယုခွန်က ဟန်လိကို သည်လှိုဏ်ဂူအကြောင်း စတင် မိတ်ဆက်သည်။

“အရှင်…အရှင်ရဲ့ အစိမ်းရောင်လှိုင်းတွန့်လှိုဏ်ဂူဟာ ဧကရာချီလောက် ရှိမယ်။ လှိုဏ်ဂူအခန်းတွေကတော့…”

ဟန်လိနှင့် ယုခွန်တို့က အဝေးသို့ လျှောက်သွားသည်ကို မြင်သည့်အခါ မိန်းမပျိုက ရုတ်တရက် လီဟွာယွမ်အား ပြုံး၍ ပြောလိုက်သည်။

“ကျမတို့ရဲ့ တပည့်သစ်လေးက ယုခွန်ရဲ့ အနိုင်ကျင့်တာကို ကိုင်တွယ်နိုင်လိမ့်မယ်လို့ ရှင် ထင်လား။ ယုခွန် ပါးစပ်ဟတိုင်း ကျမတော့ သူ ဘာမှ မပြောရသေးတာတောင် ခေါင်းကိုက်သလို ခံစားရတယ်။ ယုခွန်ရဲ့ စကားကြော ရှည်ပုံက အတော်လေးကို ခေါင်းကိုက်စေတာ အမှန်ပဲ…”

“ဟုတ်ပ…ရှင်မ မပြောနဲ့။ ကျုပ်တောင် သူနဲ့ ဘယ်လို ရင်ဆိုင်ရမလဲ မသိဘူး။ ဟန်လိတော့ အချိန်ကြာကြာ သည်းခံနိုင်လောက်မှာ မဟုတ်ဘူး…”

လီဟွာယွမ်သည် အကူအညီမဲ့စွာဖြင့် ထိုသို့ ‌ပြောသည်။

“အမှန်ပဲ။ နေပါအုံး…ရှင်ရဲ့ အဲ့တပည့်သစ်က ဘာတောင်းဆိုလိမ့်မယ်လို့ ထင်လဲ…”

မိန်းမပျိုက ရုတ်တရက် ထိုသို့ မေးသည်။ သူမ၏မျက်လုံးထဲ၌ ဉာဏ်များသည့် အရိပ်အယောင်ကို မြင်နိုင်သည်။

“ဆေးလုံးတွေအပြင် သူ တောင်းဆိုနိုင်တာတွေကတော့ ကျင့်ကြံခြင်းပညာရပ်တွေ၊ မှော်ပစ္စည်းတွေနဲ့ တခြားအရာတွေပေါ့။ ရှင်မရဲ့ တောင်းဆိုပေးမှုကြောင့်သာ မဟုတ်ရင် ကျုပ်တော့ ဒီလောက် မရက်ရောချင်တာ အမှန်ပဲ…”

လီဟွာယွမ်သည် စကားအကုန် မပြောသော်လည်း ဟန်လိကို ဆုလဒ်ချီးမြှင့်ရမည့်အပေါ် နာကျင်နေပုံ ရသည်။

“ရှင် ဘယ်လိုများ ပြောလိုက်တာလဲ။ သူ့ကြောင့် ကျမ အသက်ရှင်ခဲ့တဲ့ အဖြစ်ကို ပြန်မပေးဆပ်ခဲ့ရင် ကျမကျင့်ကြံတဲ့ ရေခဲနှလုံးသားပညာရပ်ဟာ ယိုပေါက်တွေ အများကြီး ရှိလာလိမ့်မယ်။ ဒါဆို ကျမဟာ အလုံးစုံမဟာစက်ဝန်းကို ကျင့်ကြံနိုင်စွမ်း ရှိတော့မှာ မဟုတ်ဘူး။ အဲ့ကျရင် အနာဂတ်မှာ ကျမက အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ဘယ်ဝင်ရောက်နိုင်ပါတော့မလဲ။ ရှင်နဲ့ လက်ကျန်ဘဝတွေကို ဘယ်လိုလုပ် အတူတူ ကုန်ဆုံး နိုင်ပါတော့မလဲ…”

ထိုမိန်းမပျိုသည် လီဟွာယွမ်ကို ဦးဆုံး မာန်နှင့် တချက်ကြည့်သည်။ သို့သော် သူမ၏ နောက်ထပ် စကားများထဲ၌မူ ချစ်ခြင်းမေတ္တာအပြည့် ပါနေသည်။ လီဟွာယွမ်မှာ သူမ၏ ထိုစကားတို့အား ကြားသည့်အခါ ကြိးစွာ စိတ်ခံစားချက် ဖြစ်ပေါ်ရသည်။ သူက သူ့ရင်ဘက်ကို ပုတ်ကာ ဟန်လိ၏ တောင်းဆိုမှုများကို ကျိန်းသေပေါက် ဖြည့်ဆည်းပေးမည့်အကြောင်း ပြသသည်။ သူက သူ့ဇနီးဖြစ်သူ၏ ကျင့်ကြံခြင်းအပေါ် မည်သည့်ပြဿနာမှ တက်လာစေခွင့် ပြုမည် မဟုတ်ပါ။

ဟန်လိက သူ့ခေါင်းပေါ် တည့်တည့်ကျလာသော ကံကောင်းမှုမှာ မိန်းမပျို၏ ကျင့်ကြံခြင်းနှင့် နှီးနွှယ်ပတ်သတ်နေလိမ့်မည်ဟု သိမနေမှာ သဘာဝပင်။

ခုချိန်၌ သူက စီနီယာအစ်ကိုယုနောက်ကနေ ဟိုဟိုဒီဒီ လျှောက်လိုက်နေရသည်။ သို့သော် သူ့စိတ်ထဲတွင်မူ ရုတ်တရက်ကြီး ရောက်လာသော ကံကောင်းမှုအကြောင်း တွေးနေမိဆဲပင်။ ထိုအဖြစ်က ဟန်လိကို ဂနာမငြိမ် ခံစားရစေ၏။

“အို…စီနီယာအစ်ကိုယုက ဓားအကြောင်းဆွေးနွေးခြင်းခန်းမကို ရောက်လာတာပဲကို။ ကျုပ်တို့ စီနီယာအစ်ကိုတွေ မှော်ပညာရပ်အချို့ လဲလှယ်တာ အဆင်ပြေရဲ့လား…”

ယုခွန်သည် ဟန်လိကို ကျောက်အခန်းကြီးတစ်ခုနား ခေါ်လာခဲ့ချိန်မှာ တောက်တောက်ပြောင်ပြောင် ဝတ်စုံဖြင့် လူတစ်ယောက်သည် ၎င်းကျောက်အခန်းထဲကနေ လှမ်းထွက်လာသည်။ သူက ယုခွန်ကို လှမ်းမြင်သည့်အခါ ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ သို့ပေမည့် သူ့အကြည့်က ဟန်လိထံသို့သာ စုန်ချည်ဆန်ချည် ကျရောက်နေသည်။

“စတုတ္တညီလေးရဲ့ ဒြပ်စင်ငါးပါးမှော်ပညာရပ် ခွန်အားနဲ့ ပတ်သတ်ပြီး ဘယ်သူကများ မကြားဖူးလို့လဲ။ ဒီပညာရပ်ဟာ ဆရာ့မိသားစုအောက်မှာ နံပါတ်တစ်လေ…”

ထိုသူ၏ စကားများကို ကြားသည့်အခါ ပထမဆုံးအကြိမ်အဖြစ် ယုခွန်၏ အမူအရာသည် ပြောင်းလဲသွားသည်။ ထို့နောက်တွင် သူက ရယ်မောကာ ငြင်းဆန်၏။

“ဂျူနီယာညီ (လေး)ကို သူနဲ့ ခုထိ မိတ်မဆက်ပေးရသေးဘူး။ သူကတော့ ဆရာရဲ့ တပည့်အသစ်ပါ။ သူက သိပ်မကြာခင် ကျုပ်တို့ရဲ့ ဂျူနီယာညီရှစ် ဖြစ်လာမယ့် ညီလေးဟန်ပဲ…”

“ပြီးတော့ သူကတော့ မင်းရဲ့ စီနီယာအစ်ကို(လေး)ဖြစ်တဲ့ စုန့်မင်ပဲ။ မင်း သူ့ကို စိနီယာအစ်ကိုစုန့်လို ခေါ်နိုင်တယ်။ ဒီနေ့ပြီးတာနဲ့ ငါတို့ဟာ တူညီတဲ့မိသားစုတစ်စုက သိုင်းညီအစ်ကိုတွေ ဖြစ်လာလိမ့်မယ်…”

“ဂျူနီယာညီရှစ်လား…”

စုန့်မင်သည် စီနီယာအစ်ကိုလုထံမှ စကားများကို ကြားသည့်အခါ သူ့မျက်လုံးထဲမှာ အရောက်တောက်သွားသည်။ သူက ဟန်လိကို သေချာအာရုံစိုက်ကြည့်သည်။

ဟန်လိ၏ အမူအရာမှာ ပြောင်းလဲမသွားပေ။ သို့သော် သူ့စိတ်ထဲ၌မူ ကြိတ်၍ သက်ပြင်းချမိသည်။ ထိုတစ်ယောက်သည် တိုက်ပွဲရူး ဖြစ်ပုံရ၏။

ထို့ကြောင့် ထိုတစ်ယောက် ပါးစပ်မဟလာခင်မှာ ဟန်လိကို ဦးဆောင် ပြောလိုက်သည်။

“စီနီယာအစ်ကိုလေးကို နှုတ်ဆက်ပါတယ်။ ဂျူနီယာညီလေးက အခြေခံတည်ဆောက်ခြင်းအဆင့်ကို ဝင်ရောက်တာ မကြာသေးပါဘူး။ စီနီယာအစ်ကိုက ကျနော့်ကို ဂရုစိုက်ပေးဖို့ တောင်းဆိုချင်ပါတယ်…”

ထိုသို့ပြောကာ ဟန်လိက နှုတ်ဆက်စကားပြောသည်။

သို့ပေမည့် ဟန်လိစကားကို ကြားသည့်အခါ ထိုသူသည် စိတ်ပျက်ဟန် ပေါက်သွားသည်။ ဟန်လိအပေါ် စိတ်ဝင်စားမှုလည်း မရှိတော့ပေ။ သူက အကြိမ်အနည်းငယ် မထူးခြားနားဟန်ဖြင့် ခေါင်းညိတ်ပြပြီးနောက်မှာ ဟန်လိကို ထပ်မကြည့်လေတော့။ ထို့နောက်မှာ သူက ဟန်လိတို့နှစ်ယောက်ကြား အေးတိအေးစက်ဖြင့် ဖြတ်လျှောက်လာပြီး သူ့ကိစ္စသူ လုပ်ရန် ထွက်သွားတော့သည်။

ဟန်လိနှင့် ယုခွန်တို့သာ ကျန်ခဲ့၏။ သူတို့သည် အချိန်တခုကြာသည့်အထိ တစ်ယောက်နှင့်တစ်ယောက် အငေးသား ကြည့်ကာ ကျန်ခဲ့သည်။

“ဟားဟား…ဂျူနီယာညီလေးဟန်၊ ကျေးဇူးပြုပြီး စိတ်မကွက်ပါနဲ့။ ဂျူနီယာညီလေးစုန်က ထူးခြားတဲ့ စရိုက်ရှိတဲ့သူမျိုးပဲ။ သူက အေးတိအေးစက်ပုံ ပေါက်ပေမယ့် အမှန်တကယ်တော့ သူ့စိတ်နေစိတ်ထားဟာ အတော်လေး ကောင်းပါတယ်…”

ယုခွန်သည် အကြောင်သား ဖြစ်နေရာကနေ ဦးဆုံး အသိဝင်လာသည်။ သူက ဒီခွတီးခွတ အခြေအနေကို အဆင်ပြေသွားအောင် စကားအနည်းငယ် ပြောသည်။

ထို့နောက်တွင် သူတို့နှစ်ယောက်သည် ရယ်ကာမောကာဖြင့် စကားတပြောပြော ကိုယ့်လမ်းကိုယ် ဆက်လျှောက်လာသည်။

ထိုလှိုဏ်ဂူမှာ ကျယ်ဝန်းသော်လည်း လီဟွာယွမ်နှင့်သူ့ဇနီး၊ စုန်မင်တို့ကလွဲ၍ ဒီနေရာမှာ တခြားသူများ ရှိမနေချေ။ ဟန်လိသည် တခြားသော သူ့စီနီယာအစ်ကိုငါးယောက်နှင့်လည်း မကြုံပေ။ ဟန်လိက တခြားစီနီယာငါးယောက်မှာလည်း သူ ကဲသို့ အပြင်ဘက်တွင် ကိုယ်ပိုင်လှိုဏ်ဂူများနှင့် နေထိုင်သည်ကို သိထားခဲ့ပြီး ဖြစ်သည်။ သူတို့က လီဟွာယွမ်နှင့်သူ့ဇနီးတို့ကို ဂါဝရပြုရန်သာ ရံဖန်ရံခါ ရောက်လာတတ်သည်။

ယုခွန်နှင့် စုန့်မင်တို့ကမူ လီဟွာယွမ်နှင့်သူ့ဇနီးတို့ဘေးနား ကြီးပြင်းလာခဲ့သူများ ဖြစ်သည်။ သို့ဖြစ်၍ လီဟွာယွမ်တို့မှာ သူတို့နှစ်ယောက်အပေါ် ခံစားချက် နက်နက်နဲနဲ ရှိ၏။ ထို့ကြောင့် သူတို့သည် သူတို့၏ကိုယ်ပိုင်လှိုဏ်ဂူကို တည်ဆောက်ရမည့်အစား ဒီနေရာတွင်သာ နေကြတာ သဘာဝပင်။

ဟန်လိနှင့် ယုခွန်တို့သည် ဟိုရောက်ဒီရောက် စကားများ ပြောနေကြ၏။ နောက်ဆုံးမှာ သူသည် တခြားကျင့်ကြံသူ တချို့အကြောင်း အတန်ငယ် နားလည်လာသည်။ သို့ပေမည့် သူသည် ဒီလှိုဏ်ဂူတစ်ခုလုံးကို ဘုမသိဘမသိဖြင့် တပါတ်ပါတ်ပြီးခဲ့လေပြီ။

သည်အကြီးဆုံးအစ်ကိုကြီးမှာ စကားပို ပြောလေလေ ပိုတက်ကြွလာလေ ဖြစ်ပုံ ရသည်။ ထို့ကြောင့် သူက ဟန်လိကို ခေါ်ကာ သူ့ကိုယ်ပိုင်အခန်းထံ လျှောက်လာ၏။ သူက စကားစကို ထပ်ဆက်ချင်သေး၏။

ဟန်လိက နည်းနည်းတော့ အံ့အားသင့်သွားသော်လည်း စိတ်ထဲထားမနေတော့။ သို့ဖြစ်၍ သူက မထုံတထေးဖြင့် လိုက်ပါလာသည်။ တကယ်တော့ ထိုသူမှာ သူ၏ အကြီးဆုံးစီနီယာအစ်ကိုမလား။ ထို့ကြောင့် သူ့အနေဖြင့် ဒီအစ်ကိုကြီးကို မျက်နှာသာ ပေးရမည်သာ။

အစပိုင်းမှာတုန်းက သူလည်း ဒီအစ်ကိုကြီး၏ စကားများကို စိတ်ပါလက်ပါ နားထောင်နေသေးသည်။ သူက သူ့အတွက် အသုံးတည့်သော သတင်းအချက်အလက် အနည်းငယ်များ ရလေမလားဟု မျှော်လင့်ထားမိသေးသည်။

သို့သော် တအောင့်ကြာပြီးနောက်မှာ ထိုစီနီယာအစ်ကိုယု၏ စကားတွတ်ထိုး စွမ်းရည်ကား ကြောက်စရာလန့်စရာ ကောင်းနေ၏။ စကားစ ရပါက အမျှင်ကို မပြတ်လေတော့။ ဟန်လိက သူ၏ စကားများနိုင်လွန်းသော စွမ်းရည်အပေါ် တဖြည်းဖြည်း အတွေ့အကြုံရလာခဲ့ပြီ။

အဆက်မပြတ်၊ အတောမသပ်နိုင်သော စကားလုံးများက ဟန်လိနားထဲ အဆက်မပြတ် တိုးဝင်လာနေခဲ့သည်။ သူ့ကို ခေါင်းပါ ကိုက်စေလာ၏။

ခုမှ ဟန်လိလည်း သဘောပေါက်လေတော့၏။

တအောင့်ကြာပြီးနောက်မှာ ဟန်လိ ဆက်၍ သည်းမခံနိုင်တော့ပေ။ သူ အလွန်ပင်ပန်းနေခဲ့ပြီ သူက တဖက်သူ၏ အခန်းထဲကနေ အလျင်အမြန် ထွက်ပြေးလာခဲ့တော့သည်။ ထို့နောက်တွင် သူသည် ပုံမှန်ဧည့်သည်များ လက်ခံရာမှာ အသုံးပြုလေ့ရှိသော အခန်းတစ်ခန်းကို ရှာတွေ့ပြီး ပုံကျသွားတော့သည်။

ထိုစီနီယာအစ်ကိုယု၏ လေပန်းခြင်းစွမ်းရည်(ဝါ) စကားဖြင့် တိုက်ခိုက်နိုင်စွမ်းသည် လူတစ်ယောက်၏ စိတ်ဝိညာဉ်ကို အမှန်တကယ် ထိခိုက်စေနိုင်လေ၏။

ဟန်လိသည် ထိုသူ၏ စိတ်ဇောကပ်ကာ အမျှင်မပြတ်ပြောသော စကားများကို လုံးလုံးလျာလျာ နားထောင်ခဲ့ရပြီး လေပြီ။ ဟန်လိမှာ အမြင်လည်း ကျယ်ခဲ့ရပြီ။ သည်လောကမှာ ထိုသို့သော စကားတွတ်ထိုး ပြောနိုင်သော ယောက်ျားသားများ အမှန်တကယ် ရှိနေသည်သာ။

All Chapters