← Chapters

နတ်နွားကြီး

Vol. 75 Ch. 1033

နတ်နွားကြီး

Vol. 75 Ch. 1033

ဝမ်ပေါင်လဲ့ထိုသို့ ဆိုလိုက်သည်နှင့် ရှဲ့မိသားစု ခေါင်းဆောင်ကြီး၏ ပုံရိပ်ယောင်ကြီးဆီမှ စွမ်းအင်များကို စုစည်းထားသော ရှဲ့ယွင်ထန့်မှာ ရုတ်တရက်ဆိုသလို ရပ်တန့်သွားပြီး သူ၏ အငွေ့အသက်များမှာလည်း အားပျော့သွား၏။

ဝမ်ပေါင်လဲ့၏ ဆရာဖြစ်သူ မီးတောက်ခေါင်းဆောင်ကြီးမှာ ရက်စက်ကြမ်းကြုတ်ရာ၌ နာမည်ဆိုးနှင့်ကျော်ကြားပြီး သူ၏ တပည့်များနှင့် ပတ်သက်လာလျှင်လည်း အလွန်အင်မတန်မှ အဖြစ်သည်းသူတစ်ယောက် မဟုတ်ပါလော။ အကယ်၍ သူ၏ တပည့်များ မှားနေလျှင်လည်း သူတို့၏ ရန်သူများ၏ အပြစ်သာဖြစ်သည်။ သူ၏ တပည့်များ မှန်နေလျှင်လည်း ရန်သူများ၏ အပြစ်သာ ဖြစ်သည်။ သို့ဖြစ်ရာ သူ၏ တပည့်များ မည်သည့်လုပ်ရပ်မျိုး ကျူးလွန်ခဲ့ကျူးလွန်ခဲ့ သူ၏ အမြင်တွင် သူတို့၏ အပြစ် မဟုတ်ပေ။ သူတို့၏ ရန်သူများသာလျှင် အပြစ်လုပ်မိသူများဖြစ်ပေသည်။

ထို့အပြင် ၎င်းမှာ ကောလာဟလတစ်ခုသာ မဟုတ်ဘဲ လူတိုင်းသိထားပြီးသား အချက် ဖြစ်၏။ ထိုကဲ့သို့သော ကိစ္စများမှာ မကြာခဏဆိုသလို ပေါ်ပေါက်လာတတ်သည်မဟုတ်ပါလော။ ထို့ကြောင့် ရှဲ့မိသားစု၏ နံပါတ်ငါးသခင်လေးဖြစ်သူ ရှဲ့ယွင်ထန့်ပင်လျှင် နှလုံးသားတစ်ခုလုံး တုန်ရီသွားရ၏။

အဘယ်ကြောင့်ဆိုသော သူသည် သူကိုယ်တိုင်ပင် မဆိုထားနှင့် ရှဲ့မိသားစု၏ နံပါတ်တစ် တာအိုဂိုဏ်းသားပင်လျှင် ဝမ်ပေါင်လဲ့အား သတ်ဖြတ်မိပါက ပေါ်ပေါက်လာမည့် နောက်ဆက်တွဲအကျိုးဆက်များကို ရင်ဆိုင်နိုင်စွမ်း ရှိမည်မဟုတ်ကြောင်း သိထားသောကြောင့်ပင်။

သို့ဖြစ်ရာ သူ၏အငွေ့အသက်များ အားပျော့သွားရသည်မှာ မထူးဆန်းပေ။ သို့သော် တစ်အောင်ခန့်အကြာတွင် ရှဲ့ယွင်ထန့်၏ မျက်ဝန်းများထဲ၌ ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ တောက်ပလာ၏။ သူသည် အတွေးလွန်နေ၍ မဖြစ်ကြောင်း သိထားသည်။ သူသည် ဝမ်ပေါင်လဲ့အား မသတ်ဖြတ်နိုင်လျှင်တောင် သူ၏ ဂုဏ်သိက္ခာအတွက် တိုက်ပွဲဝင်ရမည်ဖြစ်သည်။

ထို့ကြောင့် ခဏအကြာတွင် အားပျော့သွားခဲ့သည့် သူ၏ အငွေ့အသက်များမှာ ချက်ချင်းဆိုသလိုပင် ပြန်လည်စုစည်းသွားပြီး အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်ပေါ်လာ၏။ ထို့နောက် သူသည် ထစ်ချုန်းသံများနှင့်အတူ ဝမ်ပေါင်လဲ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားတော့သည်။

သို့သော် ထို အငွေ့အသက်များမှာ အပြည့်အဝ ပြန်လည်ပေါ်ထွက်လာခြင်း မရှိပေ။ ထို့ကြောင့် သူ၏ အမြန်နှုန်းမှာ လျော့ကျသွားရ၏။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများတောက်ပသွားပြီး သူ၏ ညာဘက်လက်အား ဝှေ့ယမ်းကာ လေသံတိုးတိုးဖြင့် ဆိုလိုက်တော့သည်။

" ကြယ်အချုပ်အနှောင်ပညာရပ် "

သူ ထိုသို့ဆိုလိုက်သည်နှင့် အနက်ရောင် အလင်းတန်းပေါင်း မြောက်မြားစွာ ပေါ်ပေါက်လာပြီး ဝမ်ပေါင်လဲ့၏ ရှေ့တည့်တည့်သို့ ကျဆင်းလာကြ၏။ ၎င်းတို့မှာ အကောင်ရေ တစ်သောင်းအထိ ရှိသော နွားသန်းများ ဖြစ်ကြသည်။

၎င်းတို့မှာ အတူတကွစုစည်းကာ နွာထီးအိုကြီး၏ ပုံရိပ်ယောင်တစ်ခုအား ဖန်တီးပေးထားပြီး အံ့သြတုန်လှုပ်ဖွယ်ရာ အငွေ့အသက်များကို အရပ်မျက်နှာအနှံ့သို့ ထုတ်လွှတ်နေသည်။ ထို့အပြင် အားကောင်းသော ဖိအားတစ်မျိုးလည်း ပေါက်ကွဲထွက်ပေါ်လာ၏။ ၎င်းမှာ ရှဲ့ယွင်ထန့် ဆင့်ခေါ်ထားသည့် ဘိုးဘေးပုံရိပ်ယောင်ကြီး၏ ဖိနှိပ်အားများကို မယှဉ်နိုင်ပါသော်လည်း မတိမ်းမယိမ်းအနေအထားတွင် ရှိနေဆဲပင်။

ထို့ကြောင့် ရှဲ့ဟေးရန် အပါအဝင် လူတိုင်းမှာ မျက်လုံးများပြူးသွားကြ၏။ ရှဲ့ယွင်ထန့်ပင်လျှင် အံ့ဩတုန်လှုပ်ကာ နှလုံးသားတစ်ခုလုံး ဗြောင်းဆန်သွားရသည်။

" ဒါကြီးက... "

" မီးတောက်နတ်နွားကြီးပဲ "

" မီးတောက်ကြယ်စင်စုရဲ့ အစောင့်အရှောက် နတ်နွားကြီးပါလား "

ထိုနေရာတွင် ရှိနေသည့်လူတိုင်း အုတ်အော်သောင်းနင်း ဖြစ်နေကြစဉ် ဝမ်ပေါင်လဲ့မှာမူ မျက်နှာအမူအရာ ပြောင်းလဲသွားခြင်းမရှိပေ။ နတ်နွားကြီး၏ ပုံရိပ်ယောင်ကြီးမှာ သူ့ပြိုင်ဘက်၏ ပုံရိပ်ယောင်ကြီးအား ယှဉ်နိုင်စွမ်းမရှိသည့်ပုံ ပေါက်နေပါသော်လည်း ၎င်းမှာ ဝမ်ပေါင်လဲ့ အသုံးပြုလိုက်သည့် ကြယ်အချုပ်အနှောင်ပညာရပ်၏ ပထမအဆင့်သာ ရှိသေးသည်။ မျက်စိတစ်မှိတ်အတွင်းတွင် နွားသန်းများမှာ တွန့်လိမ်ပုံပျက်သွားပြီး ၎င်းတို့၏ နေရာ၌ ဥက္ကာပျံ အမြောက်အမြား ပေါ်ပေါက်လာကြ၏။ ထိုကဲ့သို့ အစားထိုးခံလိုက်ရသည်နှင့် ဖိအားများမှာလည်း ပို၍ အားကောင်းလာသဖြင့် စကြဝဠာကြီးထဲ၌ ထစ်ချုန်းသံများထွက်ပေါ်လာပြီး သင်္ဘောပျံကြီးမှာလည်း တုန်ရီသွားရသည်။ ဘေးပတ်ပတ်လည်ရှိ ကျင့်ကြံသူများအားလုံးမှာလည်း မှင်တက်နေကြရပြီ ဖြစ်သည်။

ထာဝရကြယ်အဆင့် ကျင့်ကြံသူများပင်လျှင် အံ့အားသင့်ကာ မျက်ဝန်းများ အရောင်တောက်ပသွားကြ၏။ အဘယ်ကြောင့်ဆိုသော် လက်ရှိတွင် နတ်နွားကြီး၏ ပုံရိပ်ယောင်ဆီမှ ထွက်ပေါ်နေသည့် အငွေ့အသက်များမှာ အထူးဂြိုဟ်တစ်လုံးနှင့် ပေါင်းစည်းနိုင်ခဲ့ပြီး ဂြိုဟ်ထိပ်ဆုံးအဆင့်သို့ ရောက်နေပြီဖြစ်သည့် ရှဲ့ယွင်ထန့် ဆင့်ခေါ်ထားသော ဘိုးဘေးပုံရိပ်ယောင်ကြီး၏ အငွေ့အသက်များကို ယှဉ်နိုင်စွမ်းရှိနေပြီ ဖြစ်သောကြောင့်ပင်။

သို့သော် ထိုမျှလောက်နှင့် ပြီးဆုံးသွားခြင်းမရှိသေးပေ။

မျက်စိတစ်မှိတ်အတွင်းတွင် ထို ဥက္ကာပျံများ အားလုံးမှာ တွန့်လိမ်ပုံပျက်သွားကြပြီး အရွယ်အစား ကြီးမားလာကြ၏။ ထို့နောက် ၎င်းတို့မှာ ရုတ်တရက်ဆိုသလို မှုန်ဝါးဝါး ဖြစ်သွားပြီး တဖြည်းဖြည်းနှင့် ပြန်လည်ကြည်လင်ပြတ်သားလာကြသည်။ ၎င်းတို့၏ နေရာများတွင် သာမန်ဂြိုဟ်များ တစ်လုံးပြီးတစ်လုံး အစားထိုးဝင်ရောက်လာကြပြီ ဖြစ်သည်။ ထို ဂြိုဟ်များမှာ အဆပေါင်းများစွာ အရွယ်အစားသေးငယ်သွားပြီးမှ ဝမ်ပေါင်လဲ့၏ ရှေ့၌ ပေါ်ပေါက်လာကြခြင်း ဖြစ်၏။

သာမန်ဂြိုဟ် အလုံးသုံးထောင် ဥက္ကာပျံအလုံးသုံးထောင်၏ နေရာ၌ အစားထိုးဝင်ရောက်လာချိန်တွင် နတ်နွားကြီးမှာ ခေါင်းမော့ကာ အော်ဟစ်မြည်တမ်းလိုက်၏။ ၎င်း၏ အငွေ့အသက်များမှာလည်း ပို၍အားကောင်းလာသဖြင့် ရှဲ့ယွင်ထန့် ဆင့်ခေါ်ထားသည့် ဘိုးဘေးပုံရိပ်ယောင်ကြီး၏ အငွေ့အသက်များထက်ပင် ပို၍သာလွန်သွားသည်။ သာမန်ဂြိုဟ် အလုံးခြောက်ထောင်တိတိ ပေါ်ပေါက်လာချိန်တွင် နတ်နွားကြီး၏ အငွေ့အသက်များမှာ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ကိုပင် တုန်ရီသွားစေနိုင်လောက်အောင် အားကောင်းနေပြီဖြစ်သည်။ စကြဝဠာကြီးမှာလည်း တစ်စစီ ဆုတ်ဖြဲခံနေရသကဲ့သို့ ဖြစ်နေပြီး သင်္ဘောပျံကြီးမှာလည်း မရပ်မနားတုန်ရီနေ၏။

ရှဲ့ယွင်ထန့်မှာမူ မျက်စိမျက်နှာပျက်နေပြီ ဖြစ်သည်။ သူ ဆင့်ခေါ်ထားသည့် ဘိုးဘေးပုံရိပ်ယောင်ကြီးမှာလည်း ခြေလှမ်းများ ရပ်တန့်သွားပြီး ရှေ့သို့ ဆက်မသွားရဲတော့ပေ။ ထို့နောက်... ဥက္ကာပျံအားလုံး၏ နေရာနဲ့ သာမန်ဂြိုဟ်များ အစားထိုးဝင်ရောက်လာချိန်တွင် နတ်နွားကြီးမှာ သင်္ဘောပျံကြီးပေါ်သို့ ဆင်းသက်လာတော့သည်။

ထို နတ်နွားကြီး၏ ပတ်ပတ်လည်တွင် မီးတောက်များ တောက်လောင်နေပြီး ၎င်း အသံကုန် အော်ဟစ်လိုက်ချိန်တွင် ၎င်း၏ စွမ်းအင်မှာ ကြောက်ခမန်းလိလိ တိုးတက်သွား၏။ ထိုအချိန်တွင် ရှဲ့ယွင်ထန့်၏ နောက်တွင်ရှိနေသည့် ထာဝရကြယ်အဆင့် ကျင့်ကြံသူရှစ်ယောက်မှာ မျက်နှာအမူအရာများ ပြောင်းလဲသွားကြပြီး ရှဲ့ယွင်ထန့်အား ကယ်တင်နိုင်ရန် ရှေ့သို့ ပျံထွက်လာကြတော့သည်။

သို့သော် သူတို့အားလုံးမှာ နောက်ကျသွားပြီဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများထဲ၌ တိုက်ခိုက်လိုစိတ်များ တောက်ပသွားပြီး နတ်နွားကြီး ပေါ်ပေါက်လာသည်နှင့် ရှဲ့ယွင်ထန့်အား လက်ညှိုးထိုးလိုက်၏။

" တိုက်ခိုက်စေ "

ထိုအခါ နတ်နွားပုံရိပ်ယောင်ကြီးမှာ အသံကုန်အော်ဟစ်လိုက်ပြီး မီးပင်လယ်ကြီး တစ်စင်းကဲ့သို့ ရှေ့သို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွား၏။ ၎င်းမှာ အရာအားလုံးကို မီးလောင်တိုက်သွင်းကာ ဖျက်ဆီးပစ်နိုင်စွမ်းရှိသော ကြယ်တစ်လုံးနှင့် တူနေပြီး ရှဲ့ယွင်ထန့်အား ဝင်တိုက်သွားတော့မည် ဖြစ်သည်။

ထိုအခါ ရှဲ့ယွင်ထန့်မှာ မျက်နှာအမူအရာပျက်သွားပြီး အသက်အန္တရာယ်နှင့် ကြုံရတော့မည့်အလား ခံစားလိုက်ရသဖြင့် တိုက်ခိုက်လိုစိတ်များ ကြက်ပျောက်ငှက်ပျောက် ပျောက်သွား၏။ သူ၏ ရှေ့တွင် ရှိနေသည့် နတ်နွားပုံရိပ်ယောင်ကြီးမှာ နတ်ဘုရားစွမ်းရည်တစ်ခုနှင့် မတူဘဲ စကြဝဠာကြီးကိုပင် ဖျက်ဆီးပစ်နိုင်စွမ်းရှိသော ဒဏ္ဍာရီလာ သတ္တဝါတစ်ကောင်နှင့် တူနေသည် မဟုတ်ပါလော။

အဝေးမှကြည့်လိုက်ပါက နတ်နွားကြီးမှာ အသိစိတ်ပျောက်လုမတတ် ရူးသွပ်နေပြီး ဘိုးဘေးပုံရိပ်ယောင်ကြီးမှာ သွေးပျက်နေသည့်ပုံ ပေါက်နေသည်။ ပုံရိပ်ယောင်တစ်ခုမှာ ရှေ့သို့ အရှိန်အဟုန်ဖြင့် ပြေးထွက်လာနေပြီး အခြားတစ်ခုမှာ ချီတုံချတုံနှင့် နောက်သို့ထွက်ပြေးဆုတ်ခွာသွားနေသည် မဟုတ်ပါလော။ သို့ဖြစ်ရာ အနိုင်အရှုံးအား ခန့်မှန်းကြည့်နေစရာပင် မလိုပေ။

တစ်အောင်ခန့်အကြာတွင် နတ်နွား ပုံရိပ်ယောင်ကြီးမှာ ရှဲ့ယွင်ထန့်၏ ဘိုးဘေးပုံရိပ်ယောင်ကြီးအား ဝင်တိုက်သွား၏။ ထိုအခါ သင်္ဘောပျံကြီး တစ်စင်းလုံး တုန်ရီသွားပြီး ၎င်း၏ ကိုယ်ထည်ပေါ်တွင် အက်ကွဲကြောင်းများ ပေါ်ပေါက်လာတော့သည်။ ထို့နောက် နားစည်များပင် ကွဲအက်သွားစေနိုင်သည့် အသံကြီးတစ်သံနှင့်အတူ ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်မျိုးမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွား၏။

ရှဲ့ယွင်ထန့်၏ ဘိုးဘေးပုံရိပ်ယောင်ကြီးမှာ အသက်ရှူကြိမ် တစ်ကြိမ်ပင် မတောင့်ခံနိုင်ခဲ့ပေ။ ၎င်းမှာ ချက်ချင်း ပျက်စီးပျောက်ကွယ်သွားသဖြင့် တစ်ကိုယ်လုံး ဖြူဖပ်ဖြူရော်ဖြစ်နေသည့် ရှဲ့ယွင်ထန့်တစ်ယောက် ပြန်လည်ပေါ်ပေါက်လာ၏။ သူသည် ပါးစပ်ထဲမှ သွေးများပန်းထွက်လာပြီး မျက်ဝန်းများထဲတွင်လည်း ကြောက်စိတ်များဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ သူ၏ အမြင်အာရုံထဲတွင် နတ်နွားကြီးတစ်ကောင်သာ ရှိနေ၏။

" မလုပ်ပါနဲ့ "

ရှဲ့ယွင်ထန့်မှာ သနားစဖွယ်ကောင်းစွာ အော်ဟစ်မြည်တမ်းလိုက်ပြီး နောက်သို့ ဆုတ်ခွာသွားရန် ကြိုးစားလိုက်ပါသော်လည်း နတ်နွားကြီးဆီမှ ထွက်ပေါ်လာနေသည့် ဖိနှိပ်အားများကြောင့် လှုပ်ရှားနိုင်စွမ်းပင်မရှိဘဲ ဖြစ်နေရ၏။ ထိုသို့ဖြင့် နတ်နွားကြီး သူ့အား ဝင်တိုက်သွားပြီး သူ ဇီဝိန်ချုပ်သွားတော့မည့် အချိန်မှာပင် ထာဝရကြယ့်အဆင့် တာအိုအစောင့်အရှောက် ရှစ်ယောက်မှာ သူ၏ ရှေ့၌ ပေါ်ပေါက်လာကြသည်။ သူတို့ထဲမှ အဘိုးကြီးမှာဆိုလျှင် မျက်စိမျက်နှာပျက်နေပြီး စိုးရ်ိမ်တကြီးဖြစ်နေသော မျက်ဝန်းများဖြင့် သူ၏ ညာဘက်လက်အား ရှေ့သို့ ပြေးလာနေသည့် နတ်နွားကြီးဆီသို့ ဆန့်ထုတ်လိုက်၏။

ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားရသည်။ သူသည် ရှဲ့ယွင်ထန့်တစ်ယောက် အားအင်ချည့်နဲ့နေသည်ကို မြင်လိုက်ရချိန်တွင် သူ၏ နတ်ဘုရားစွမ်းရည်အား ပြန်လည်ရုပ်သိမ်းရန် ပြင်ဆင်နေခဲ့ခြင်းဖြစ်သည်။ သူတို့နှစ်ယောက်မှာ ရှဲ့ဟေးရန်ကြောင့်သာ ယခုလို ပဋိပက္ခ ဖြစ်ခဲ့ရသည် မဟုတ်ပါလော။ မကြာသေးမီတုန်းကပင် သူတို့နှစ်ယောက်၏ ကြားတွင် မည်သည့်ရန်ငြိုးရန်စမှ မရှိခဲ့ပေ။

သို့သော် ယခုတွင်မူ ထာဝရကြယ်အဆင့် တာအိုအစောင့်အရှောက်များမှာ စတင်လှုပ်ရှားလိုက်ပြီဖြစ်ရာ ဝမ်ပေါင်လဲ့မှာလည်း မျက်ဝန်းများ အရောင်တောက်ပသွား၏။ ထို့နောက် သူသည် သူ၏ နတ်ဘုရားစွမ်းရည်အား ပြန်လည် ရုပ်သိမ်းခြင်းမရှိဘဲ သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို တိုးမြှင့်လိုက်သဖြင့် သူ၏နောက်၌ ရှေးဟောင်းဂြိုဟ်ကိုးလုံး ပေါ်ပေါက်လာသည်။ ၎င်းတို့မှာ သူ၏ ပတ်ပတ်လည်တွင် လည်ပတ်ကာ တာအိုဂြိုဟ်တစ်လုံးအဖြစ် ပြောင်းလဲသွားပြီး နတ်နွားကြီးအား အားဖြည့်ပေးလိုက်၏။ ထိုအခါ နတ်နွားကြီး၏ နဖူးပေါ်တွင် တာအိုဂြိုဟ်၏ ပုံရိပ်တစ်ခု ချက်ခြင်း ပေါ်ပေါက်လာပြီး ၎င်း၏ စွမ်းအင်များမှာ တစ်မုဟုတ်ချင်း ထိုးတက်သွားသည်။ ထို့နောက် ၎င်းမှာ ထို ထာဝရကြယ်အဆင့် တာအိုအစောင့်အရှောက်အား ဝင်တိုက်သွားသဖြင့် ထစ်ချုန်းသံများ ပဲ့တင်ထပ်သွားတော့သည်။

၎င်း ထိုကဲ့သို့ ဝင်တိုက်သွားချိန်တွင် အနက်ရောင်ဝတ်ရုံနှင့် အဘိုးကြီးမှာ မျက်ဝန်းများ တောက်ပသွားပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ထာဝရကြယ်အဆင့် အငွေ့အသက်များ ထွက်ပေါ်လာ၏။ ထို့နောက် မျက်စိတစ်မှိတ်အတွင်းတွင် သူသည် ထာဝရကြယ်တစ်လုံးအသွင် ပြောင်းလဲသွားပြီး ထို ထာဝရကြယ်ကြီး၏ စွမ်းအားများကိုအသုံးပြုကာ နတ်နွားကြီးအား ရပ်တန့်သွားစေလိုက်သည်။ ထို့နောက် သူသည် အသံကုန်အော်ဟစ်ကာ နတ်နွားကြီးအား ချေမှုန်းပစ်ချင်နေသည့် အမူအရာဖြင့် သူ၏ လက်အား အားပါပါ ဖိညှစ်လိုက်၏။

ထိုအခါ နတ်နွားပုံရိပ်ယောင်ကြီးအား ဖွဲ့စည်းထားသည့် သာမန်ဂြိုဟ်အလုံးတစ်သောင်းဆီမှ အက်ကွဲသံများ ထွက်ပေါ်လာသည်။ ၎င်းမှာ ထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက်အား ယှဉ်နိုင်စွမ်း မရှိသေးပေ။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာလည်း အမူအရာ ပြောင်းလဲသွားကာ မျက်နှာတစ်ခုလုံး နီမြန်းသွားပြီး နောက်သို့ ဆုတ်ခွာသွားလိုက်၏။ ထို့နောက် သူ သူ၏ ညာဘက်လက်အား မြှောက်လိုက်ချိန်တွင် နတ်နွားပုံရိပ်ယောင်ကြီးမှာ ဝင်းလက်စွာတောက်ပသွားပြီး ချက်ချင်းဆိုသလိုပင် ချည်မျှင်များအဖြစ် ပြောင်းလဲသွားသည်။ ထို ချည်မျှင်များမှာလည်း သဘာဝ စည်းမျဉ်းဥပဒေသတစ်ခု၏ စွမ်းအားများကို ပိုင်ဆိုင်ထားကြပေသည်။ ၎င်းမှာ ရှဲ့ယွင်ထန့်၏ ချည်မျှင် စည်းမျဉ်းဥပဒေသ ဖြစ်၏။

ထိုမြင်ကွင်းကြောင့် လူတိုင်းမှာ မှင်တက်သွားကြ၏။ ထာဝရကြယ်အဆင့် တာအိုအစောင့်အရှောက်ကြီးမှာလည်း နတ်နွားကြီး ချည်မျှင်များ အဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏ လက်ထဲမှ လွတ်မြောက်သွားသည်ကို ကြည့်ရင်း ကြက်သေသေနေရပြီ ဖြစ်သည်။ သူသည် အလွန်အင်မတန်မှ အရှက်ရသွား၏။ သူသည် ထာဝရကြယ်အဆင့် တာအိုအစောင့်အရှောက်တစ်ယောက် ဖြစ်နေသည်မဟုတ်ပါလော။ ထို့အပြင် သူသည် အစောပိုင်းထာဝရကြယ်အဆင့် မဟုတ်ဘဲ အလယ်အလတ် ထာဝရကြယ်အဆင့်သို့ ရောက်နေပြီဖြစ်သည်။

ထိုကဲ့သို့သော ကျင့်ကြံခြင်းအဆင့်မျိုး ပိုင်ဆိုင်ထားသည့်တိုင်အောင် ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ နတ်ဘုရားစွမ်းရည်တစ်ခုမှာ သူ၏ လက်ထဲမှ လွတ်မြောက်သွားခဲ့ဆဲပင်။ ထို့ကြောင့် သူသည် အမျက်ချောင်းချောင်းထွက်သွားရပြီး သူ၏ ညာဘက်လက်ကို မြှောက်ကာ နတ်နွားကြီးအား နောက်ထပ်တစ်ကြိမ် ထပ်၍ ဖမ်းဆုပ်ရန် ပြင်လိုက်၏။ သူ၏ ပတ်ပတ်လည်တွင် ရှိနေသည့် အခြား ထာဝရကြယ်အဆင့် တာအိုအစောင့်အရှောက်များမှာမူ ဝင်ရောက်ကူညီပေးကြခြင်းမရှိပေ။ သူတို့မှာ ဂြိုဟ်အဆင့်ကျင့်ကြံသူတစ်ယောက်နှင့်သာ ရင်ဆိုင်နေရသည်မဟုတ်ပါလော။ သို့ဖြစ်ရာ သူတို့ဘက်မှ တစ်ယောက်တည်းသာ တိုက်ခိုက်နေခြင်းဆိုပါက ကိစ္စမရှိပါသော်လည်း တစ်ယောက်ထက်ပို၍ တိုက်ခိုက်လိုက်မည်ဆိုလျှင်မူ လူအများ၏ အမြင်တွင် ရှက်စရာကောင်းနေမည် ဖြစ်သည်။ ထို့အပြင် ဝမ်ပေါင်လဲ့မှာ... ကျောထောက်နောက်ခံ မရှိသော အညတရတစ်ယောက် မဟုတ်ပေ။

သို့သော် တစ်အောင့်ခန့်အကြာတွင် ထိုအဘိုးကြီးမှာ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး သူ၏ ညာဘက်လက်အား ပြန်လည် ရုပ်သိမ်းလိုက်ရ၏။ သူ ၎င်းအား ကြည့်လိုက်ချိန်တွင် သူ၏ ညာဘက်လက်မှာ စက္ကူများအဖြစ် ပြောင်းလဲသွားနေသည်ကို မြင်လိုက်ရသည်။

သူသည် သူ၏ အစွမ်းထက် ကျင့်ကြံခြင်းစွမ်းအားများကို အသုံးပြု၍ ထို ပြောင်းလဲမှုဖြစ်စဉ်အား ဖိနှိပ်ချုပ်တည်းကာ ဖျောက်ဖျက်ပစ်နိုင်လိုက်သည့်တိုင်အောင် အာရုံထွေပြားသွားခဲ့ရသဖြင့် ချည်မျှင်များအဖြစ် ပြောင်းလဲသွားခဲ့သည့် ဝမ်ပေါင်လဲ့၏ နတ်နွားကြီးမှာ သူ့ဆီသို့ ဘေးကင်းလုံခြုံစွာ ပြန်လည်ရောက်ရှိသွားပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစည်းဝင်ရောက်သွားတော့သည်။

ထိုမြင်ကွင်းကြောင့် ဘေးပတ်ပတ်လည်ရှိ ကျင့်ကြံသူများမှာ ပင့်သက်များရှိုက်မိသွားကြ၏။ ရှဲ့ဟေးရန်မှာလည်း ထိုနည်းတူပင်။ ဝမ်ပေါင်လဲ့မှာ ထာဝရကြယ်အဆင့် တာအိုအစောင့်အရှောက်တစ်ယောက်၏ လက်မှ ဘေးမသီရန်မခ ပြန်လည်လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။

အဆုံးမဲ့တာအိုမြေထဲတွင် ထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် ဂြိုဟ်အဆင့်ကျင့်ကြံသူတစ်ယောက်၏ ကြားမှာ ခြားနားချက်မှာ မိုးနှင့်မြေလို ကွာခြားနေသည် မဟုတ်ပါလော။

ထာဝရကြယ်အဆင့် တာအိုအစောင့်အရှောက်ကြီးပင်လျှင် မျက်လုံးများ မှေးသွားရပြီး ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေလိုက်၏။ သူသည် အံ့သြတုန်လှုပ်နေရသလို ဝမ်ပေါင်လဲ့၏ နောက်ရှိ ဟင်းလင်းပြင်ကြီးထဲမှ ထာဝရကြယ်အဆင့် ကျင့်ကြံသူရှစ်ယောက် ထွက်လာသည်ကိုလည်း လှမ်းမြင်လိုက်ရသည်။

" ရှဲ့မိသားစုက အစေခံအိုကြီး။ သခင်လေးနှစ်ယောက်ရဲ့ကြားက တိုက်ပွဲတစ်ပွဲကို ရပ်တန့်ပေးခဲ့တာ နားလည်ပေးလို့ရပါတယ်။ ဒါပေမဲ့ ခဗျား ကျုပ်တို့သခင်လေးရဲ့ နတ်နွားကြီးကို ဖျက်စီးဖို့ ကြိုးစားခဲ့တာကတော့ တရားလွန်သွားပြီ။ မီးတောက်ကြယ်စင်စုကို ဖြေရှင်းချက်ပေးဖို့ ပြင်ထားပါ " ထို ထာဝရကြယ်အဆင့် ကျင့်ကြ့သူရှစ်ယောက်ထဲမှ မီးလျှံဝိညာဉ် လူမှုအဖွဲ့အစည်း ခေါင်းဆောင်ကြီးမှာ တည်ကြည်မှုအပြည့်ဖြင့် ဆိုလိုက်၏။

All Chapters