နစ်နာကြေး ဝိညာဉ်ဂြိုဟ် အလုံးတစ်ရာ
Vol. 75 Ch. 1034
မီးလျှံဝိညာဉ် လူမှုအဖွဲ့အစည်းမှ ထာဝရကြယ်အဆင့် ကျင့်ကြံသူကြီးမှာလည်း အလယ်အလတ် ထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်၏။ သူသည် ဝမ်ပေါင်လဲ့အား ကာကွယ်ပေးနေသည့် ထာဝရကြယ်အဆင့် ကျင့်ကြံသူများထဲတွင် အစွမ်းအထက်ဆုံးဖြစ်သည်။ ယခုတွင် သူသည် အခြားသူများနှင့်အတူ ဝမ်ပေါင်လဲ့၏ ဘေးတွင် ရပ်ကာ ရှဲ့မိသားစုမှ တာအိုအစောင့်အရှောက် အဘိုးကြီးအား အေးစက်စက်မျက်ဝန်းများဖြင့် စိုက်ကြည့်နေ၏။
သူသည် ထိုသို့ စိုက်ကြည့်နေရင်း ထို အဘိုးကြီးအား ပို၍ပင် အမြင်ကတ်လာသည်။
သူ၏ ပေါ်ပေါက်လာမှုကြောင့် ရှဲ့မိသားစုမှ တာအိုအစောင့်အရှောက် အဘိုးကြီးမှာလည်း မျက်လုံးများ မှေးသွားရသည်။ သူ၏ ဘေးတွင်ရှိနေသည့် အခြား ထာဝရကြယ်အဆင့် တာအိုအစောင့်အရှောက်များမှာလည်း မျက်နှာအမူအရာများ ပြောင်းလဲသွား၏။ သူတို့အားလုံးမှာ ရှေ့သို့ လှမ်းလာကြပြီး မီးလျှံဝိညာဉ် လူမှုအဖွဲ့အစည်း ခေါင်းဆောင်ကြီးနှင့် သူ၏ဘေးရှိ အခြား ထာဝရကြယ်အဆင့် ကျင့်ကြံသူများအား မဟာရန်သူကြီးများအဖြစ် စိုက်ကြည့်နေကြသည်။
သူတို့မှာ ထို ထာဝရကြယ်အဆင့် ကျင့်ကြံသူများအား တစ်ယောက်ပြီးတစ်ယောက် အကဲခတ်လိုက်ပြီးနောက် အမူအရာများ တည်ကြည်သွား၏။
" မီးတောက်ကြယ်စင်စုက တော်တော်လေးကို ရက်ရောတာပဲ... ထာဝရကြယ်အဆင့် ကျင့်ကြံသူတွေကိုတောင် တာအိုအစောင့်အရှောက်တွေအဖြစ် ခန့်အပ်ပေးထားရတယ်လို့။ မင်းတို့တွေ စိတ်မနာကြဘူးလားကွ " အနက်ရောင်ဝတ်ရုံနှင့် အဘိုးကြီးမှာ ဖြည်းဖြည်းချင်း မေးလိုက်၏။
" စိတ်နာရမယ် ဟုတ်လား။ သခင်းလေးရဲ့ တာအိုအစောင့်အရှောက်တွေအဖြစ် တာဝန်ထမ်းဆောင်ခွင့်ရတာ ငါတို့အတွက် ဂုဏ်ယူစရာ ကိစ္စတစ်ခုကွ။ တစ်ဖက်မှာ ငါတို့က သခင်လေးကို ကာကွယ်စောင့်ရှောက်နိုင်တဲ့အပြင် တခြားတစ်ဖက်မှာလည်း မီးတောက်အရှင်သခင်ကြီးရဲ့ စေတနာတွေကို ပြန်ပြီးတော့ ကျေးဇူးဆပ်ခွင့်ရဦးမှာလေ။ မင်းတို့လို ရွှေ ထာဝရကြယ်အဆင့် ကျင့်ကြံသူတွေနဲ့ သာမန် ထာဝရကြယ်အဆင့် ကျင့်ကြံသူတွေက ဘယ်လိုလုပ်ပြီး နားလည်နိုင်မှာလဲ " မီးလျှံဝိညာဉ် လူမှုအဖွဲ့အစည်း ခေါင်းဆောင်ကြီးမှာ ရယ်မောကာဆိုလိုက်၏။ ထိုအခါ သူ၏ ဘေးတွင်ရှိနေသည့် အခြား ထာဝရကြယ်အဆင့် ကျင့်ကြံသူများမှာလည်း ရယ်မောလိုက်ကြသည်။
ထို မြင်ကွင်းကြောင့် ရှဲ့မိသားစုမှ တာအိုအစောင့်အရှောက်များမှာ မျက်နှာများ ရှုံ့မဲ့သွားကြ၏။ သူတို့မှာ ထာဝရကြယ်အဆင့် ကျင့်ကြံသူများဖြစ်ရာ ထာဝရကြယ်များအား အဆင့်ငါးဆင့်ခွဲထားကြောင်း သိရှိထားပြီဖြစ်သည်။ ထို ငါးဆင့်မှာ မိုးကောင်းကင် ထာဝရကြယ်၊ ကမ္ဘာမြေ ထာဝရကြယ်၊ နက်နဲ ထာဝရကြယ်၊ ရွှေ ထာဝရကြယ်နှင့် သာမန် ထာဝရကြယ်တို့ ဖြစ်ကြပေသည်။
ထို အဆင့်တစ်ဆင့်ချင်းစီ၏ ကြားရှိ ခြားနားချက်မှာ အလွန်အင်မတန်မှ ကြီးမား၏။
ယုံကြည်စိတ်ချရသည့် ကျင့်ကြံသူများသာလျှင် တာအိုအစောင့်အရှောက်ဆိုသည့် ရာထူးအား ပိုင်ဆိုင်နိုင်သည် ဖြစ်သည်။ သို့သော် သူတို့အား ကိုယ်ရံတော်များအဖြစ် အတိုင်းအတာတစ်ခုအထိ သတ်မှတ်၍ရပေသည်။ ထာဝရကြယ်အဆင့် ကျင့်ကြံသူများမှာ မာနကိုယ်စီရှိကြသည်ဖြစ်ရာ အင်အားကြီး မိသားစုမျိုးနွယ်စုများနှင့် အဖွဲ့အစည်းများပင်လျှင် သူတို့အား အလွယ်တကူ အပြစ်မလုပ်ရဲကြပေ။ အကယ်၍ သူတို့မှာ လူငယ်မျိုးဆက်၏ တာအိုအစောင့်အရှောက်များ ဖြစ်နေမည်ဆိုပါက သူတို့အား ရိုသေလေးစားမှု အပြည့်ဖြင့် ဆက်ဆံရန်ပင် လိုအပ်ပေသည်။
သို့သော် နက်နဲ ထာဝရကြယ်အဆင့် အထက်တွင်ရှိနေကြသည့် ကျင့်ကြံသူအများစုမှာ တာအိုအစောင့်အရှောက်များ မလုပ်ကြပေ။ ၎င်းထက် တစ်ဆင့်နိမ့်သည့် ရွှေ ထာဝရကြယ်အဆင့်တွင်ပင် တာအိုအစောင့်အရှောက်ဟူ၍ မရှိသလောက်နည်းပါ၏။ သို့ဖြစ်ရာ တာအိုအစောင့်အရှောက် အများစုမှာ သာမန် ထာဝရကြယ်အဆင့် ကျင့်ကြံသူများသာ ဖြစ်ကြပေသည်။ ထိုကျင့်ကြံသူများမှာ ဆက်လက် တိုးတက်နိုင်ရန် အခွင့်အရေးမရှိတော့သဖြင့် တာအိုအစောင့်အရှောက်များ ဖြစ်လာကြခြင်း ဖြစ်၏။ သူတို့မှာ ထိုကဲ့သို့ သစ္စာရှိရှိ အမှုထမ်းမှသာ သူတို့၏ ခေါင်းဆောင်ကြီးများဆီမှ အခွင့်အရေးအသစ်များကို ရယူနိုင်မည်ဖြစ်သည်။
ဥပမာပြရလျှင် ရှဲ့ယွင်ထန့်၏ တာအိုအစောင့်အရှောက်များထဲတွင် ရွှေ ထာဝရကြယ်အဆင့်၌ ရှိနေသည့် အနက်ရောင်ဝတ်ရုံနှင့် အဘိုးကြီးမှလွဲ၍ အခြား တာအိုအစောင့်အရှောက်များ အားလုံးမှာ သာမန် ထာဝရကြယ်အဆင့်တွင်သာ ရှိနေကြသည့် ကျင့်ကြံသူများ ဖြစ်ကြ၏။ သို့သော် ဝမ်ပေါင်လဲ့ဘက်တွင်မူ မီးလျှံဝိညာဉ် လူမှုအဖွဲ့အစည်း ခေါင်းဆောင်ကြီးမှလွဲ၍ အခြား တာအိုအစောင့်အရှောက် အားလုံးမှာ ရွှေ ထာဝရကြယ်အဆင့် ကျင့်ကြံသူများ ဖြစ်နေကြသည်။ မီးလျှံဝိညာဉ် လူမှုအဖွဲ့အစည်း ခေါင်းဆောင်ကြီးမှာမူ သူတို့ထက် တစ်ဆင့်ပိုမြင့်သည့် နက်နဲ ထာဝရကြယ်အဆင့်တွင် ရှိနေ၏။
ထို့ကြောင့်လည်း သူတို့ပေါ်ပေါက်လာသည်နှင့် အနက်ရောင်ဝတ်ရုံနှင့် အဘိုးကြီးမှာ မျက်နှာအမူအရာ ပြောင်းလဲသွားရခြင်း ဖြစ်သည်။ သူသည် စိတ်ထဲတွင် တုန်လှုပ်ချောက်ချားသွားရပြီး ပြင်ပကမ္ဘာထဲရှိ မီးတောက်ခေါင်းဆောင်ကြီး၏ ကောလာဟလများကို ပြန်၍သတိရသွား၏။ ထို ခေါင်းဆောင်ကြီးမှာ သူ၏ လက်အောက်ငယ်သားများအား ရင်အုပ်မကွာ ကာကွယ်စောင့်ရှောက်ပေးတတ်သည်ဟု နာမည်ကြီးသည်မဟုတ်ပါလော။
ထို့ကြောင့် ထိုအဘိုးကြီးမှာ သုန်မှုန်နေသည့် မျက်နှာအမူအရာဖြင့် သူ၏ အင်္ကျီလက်ကို ဝှေ့ယမ်းကာ အော်ပြောလိုက်၏။
" သွားကြစို့ "
ထိုအခါ ဝမ်ပေါင်လဲ့မှာလည်း နောက်သို့ဆုတ်ခွာသွားသည်။ ရှဲ့ယွင်ထန့်၏ မျက်နှာအမူအရာမှာမူ အနည်းငယ် ထူးဆန်းနေသည်။ သူသည် မိန်းမောတွေဝေနေသည့်ပုံပင်။ ထို့ကြောင့် သူ၏ တာအိုအစောင့်အရှောက်များမှာ သူ့အား ဆွဲခေါ်သွား၏။ သို့သော် သူတို့ ထိုနေရာမှ ထွက်ခွာသွားခါနီးတွင် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးကာ လှမ်းမေးလိုက်တော့သည်။
" ဖြေရှင်းချက် မပေးတော့ဘူးလား "
သူ ထိုသို့ မေးလိုက်သည်နှင့် မီးလျှံဝိညာဉ် လူမှုအဖွဲ့အစည်း ခေါင်းဆောင်ကြီးမှာလည်း ကျောထောက်နောက်ခံတစ်ခု ရသွားသည့်ပုံပင်။ သူသည် အသံအကျယ်ကြီးရယ်မောကာ သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို ချက်ချင်းထုတ်လွှတ်လိုက်၏။ ထို့နောက် သူသည် မီးတောက်ကြယ်စင်စုထဲမှ အခြား ထာဝရကြယ်အဆင့် ကျင့်ကြံသူများနှင့်အတူ အရပ်မျက်နှာအနှံသို့ ခွဲထွက်သွားပြီး ရှဲ့ယွင်ထန့်အား လမ်းပိတ်ထားလိုက်တော့သည်။
" မင်းတို့ ရောက်နေတာ ရှဲ့မိသားစုရဲ့ ကြယ်စင်စုဈေးနော် " အနက်ရောင်ဝတ်ရုံနှင့် အဘိုးကြီးမှာမူ ထိုမြင်ကွင်းအား မြင်လိုက်ရသောအခါ အော်ပြောလိုက်၏။
" အဲတော့ရော ဘာဖြစ်လဲ။ ငါတို့က မီးတောက်ကြယ်စင်စုထဲကကွ " ထိုအခါ မီးလျှံဝိညာဉ် လူမှုအဖွဲ့အစည်း ခေါင်းဆောင်ကြီးမှာ မောက်မာဝင့်ကြွားမှု အပြည့်ရှိသော လေသံဖြင့် ပြန်ပြောလိုက်သည်။ သူသည် သူ့ကိုယ်သူ ယုံကြည်မှုအပြည့် ရှိနေသည့်ပုံ ပေါက်နေသောကြောင့် အနက်ရောင်ဝတ်ရုံနှင့် အဘိုးကြီးမှာ ခြေလှမ်းများရပ်တန့်သွားရတော့သည်။
" မင်း... "
ဘေးနားတစ်ဝိုက်ရှိ ကျင့်ကြံသူများမှာလည်း ထို ဖြစ်စဉ်ကြီး တစ်ခုလုံးအား ကြည့်ရင်း မျက်နှာအမူအရာ အမျိုးမျိုးပြောင်းလဲသွားကြ၏။
ထိုအချိန်တွင် မီးလျှံဝိညာဉ် လူမှုအဖွဲ့အစည်း ခေါင်းဆောင်ကြီးမှာ မျက်ဝန်းများ အေးစက်စွာတောက်ပသွားပြီး ဖြည်းညင်းစွာ ဆိုလိုက်သည် " ဘာကို မင်းလဲကွ... သခင်လေးနှစ်ယောက်ရဲ့ တိုက်ပွဲထဲမှာ ဝင်ရှုပ်ခဲ့တာ မင်းမဟုတ်ဘူးလား။ ပြီးတော့ မင်းက ငါတို့ သခင်လေးရဲ့ နတ်ဘုရားစွမ်းရည်ကိုပါ ဖျက်ဆီးဖို့ ကြိုးစားခဲ့သေးတယ်။ ဒါ ကြီးမြတ်လှတဲ့ မီးတောက်အရှင်သခင်ကြီးကို မထီမဲ့မြင်ပြုတာပဲ။ မင်း အခုချက်ချင်း မင်းရဲ့လုပ်ရပ်တွေအတွက် မရှင်းပြနိုင်ဘူးဆိုရင် ငါကတော့ မီးတောက်အရှင်သခင်ကြီးကို တောင်းပန်တဲ့အနေနဲ့ မင်းတို့အကုန်လုံးကို ဖမ်းပြီး မီးတောက်ကြယ်စင်စုထဲ ပို့လိုက်ရမှာပဲ "
သူ၏ မောက်မာဝင့်ကြွားလှသော ပြောဆိုပြုမှုပုံများကြောင့် အနက်ရောင်ဝတ်ရုံနှင့် အဘိုးကြီးမှာ အသက်ရှူသံများ မြန်ဆန်လာရ၏။ သို့သော် သူသည် မီးတောက်ခေါင်းဆောင်ကြီး၏ ဩဇာအာဏာနှင့်နှင့် ရှဲ့ယွင်ထန့်၏ ကျောထောက်နောက်ခံအား နှိုင်းယှဉ်ကြည့်လိုက်ပြီးနောက် အခြားရွေးချယ်စရာမရှိတော့သဖြင့် အံကြိတ်ကာ သည်းခံရန် ဆုံးဖြတ်လိုက်ရသည်။ ထို့နောက် သူသည် သူ၏ သခင်လေးအား လှည့်ကြည့်လိုက်သောအခါ ရှဲ့ယွင်ထန့်တစ်ယောက် မိန်းမောတွေဝေနေဆဲဖြစ်သည့် မြင်ကွင်းအား မြင်လိုက်ရ၏။ ထို့ကြောင့် သူသည် စိတ်ထဲတွင်သာကျိတ်၍ သက်ပြင်းချလိုက်တော့သည်။
" မင်းက ဘယ်လို ရှင်းပြချက်မျိုး လိုချင်တာလဲ "
ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားပြီး မီးလျှံဝိညာဉ် လူမှုအဖွဲ့အစည်း ခေါင်းဆောင်ကြီးဆီသို့ အသံလွှင့်အကြောင်းကြားစာတစ်စောင် ပေးပို့လိုက်သည်။ ထိုအခါ ထိုခေါင်းဆောင်ကြီးမှာ မျက်ခုံးများပင့်ကာ ရယ်မောလိုက်၏။ ထို့နောက် သူသည် အနက်ရောင်ဝတ်ရုံနှင့် အဘိုးကြီးအားကြည့်ကာ ဆိုလိုက်တော့သည် " ငါတို့ရဲ့ သခင်လေးက သဘောထားကြီးမားတဲ့ လူတစ်ယောက်ပါ "
" အဲတာမလို့ မင်းတို့ စေတနာရှိသလောက်ပဲ နစ်နာကြေး ပေးခဲ့လိုက် "
မီးလျှံဝိညာဉ် လူမှုအဖွဲ့အစည်း ခေါင်းဆောင်ကြီး ထိုသို့ဆိုလိုက်သောအခါ ရှဲ့ယွင်ထန့်မှာ မျက်စိပေကလတ်ပေကလတ် ဖြစ်သွားပြီး ကျောက်စိမ်းပေလွှာတစ်ခုအား ထုတ်ယူလိုက်၏။ သူသည် ၎င်းပေါ်၌ ကမ္ဗည်းစာလုံးအချို့ ရေးသားလိုက်ပြီးနောက် ရှေ့သို့လှမ်းပစ်လိုက်သည်။ ထိုအခါ ၎င်းမှာ အလင်းတန်းတစ်ခုတစ်ခုအသွင် ပြောင်းလဲသွားပြီး အနက်ရောင်ဝတ်ရုံနှင့် အဘိုးကြီးဆီသို့ ဦးတည်သွား၏။ ထိုအဘိုးကြီးမှာ ၎င်းအား လှမ်းဖမ်းလိုက်ပြီးနောက် သူ၏ နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်လိုက်သောအခါ မျက်စိမျက်နှာပျက်သွားရတော့သည်။
" ဝိညာဉ်ဂြိုဟ် အလုံးတစ်ရာတောင်။ မဖြစ်ဘူးလေ။ ဒီ သင်္ဘောပျံကြီး တစ်စင်းလုံးပေါ်မှာတောင် ဝိညာဉ်ဂြိုဟ် အလုံးတစ်ရာ ရှိတာမဟုတ်ဘူး။ သခင်လေး... "
" ကိစ္စမရှိဘူး။ ဒါပေမဲ့ ငါ မေးခွန်းတစ်ခုမေးချင်တယ် " အနက်ရောင်ဝတ်ရုံနှင့် အဘိုးကြီး စကားမဆုံးနိုင်ခင်မှာပင် ရှဲ့ယွင်ထန့်မှာ စိတ်နှင့်ကိုယ်နှင့် ပြန်ကပ်သွားပြီး သုန်မှုန်နေသည့် မျက်နှာအမူအရာဖြင့် ဆိုလိုက်၏။ သူသည် အဘိုးကြီး၏ လက်ထဲမှ ကျောက်စိမ်းပေလွှာအား ကြည့်နေခြင်းမရှိဘဲ ဝမ်ပေါင်လဲ့အား လှမ်းကြည့်ကာ မေးလိုက်သည်။
" မင်း စောစောတုန်းက အသုံးပြုခဲ့တာ ချည်မျှင်စည်းမျဉ်းဥပဒေသလား "
" ခန့်မှန်းကြည့်ပေါ့ " ဝမ်ပေါင်လဲ့မှာမူ မပွင့်တပွင့်ပြုံးကာ ပြန်ဖြေလိုက်သည်။ သူသည် ဝန်ခံခဲ့ခြင်းမရှိသလို ငြင်းဆန်ခဲ့ခြင်းလည်းမရှိပေ။ သူ၏ တာအိုဂြိုဟ် ပိုင်ဆိုင်ထားသော စည်းမျဉ်းဥပဒေသအား အချိန်အကြာကြီး ဖုံးကွယ်ထားနိုင်မည်တော့ မဟုတ်ပေ။ သူသည် နတ်မျက်လုံးလူမှုအဖွဲ့အစည်းထဲ၌ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းနှင့် တိုက်ခိုက်ခဲ့စဉ်တုန်းကလည်း စက္ကူစည်းမျဉ်းဥပဒေသကို ထုတ်သုံးခဲ့သည်မဟုတ်ပါလော။ တစ်ယောက်ယောက်သာ ထိုကိစ္စနှင့် ပတ်သတ်၍ လေ့လာစုံစမ်းမှုများ ပြုလုပ်လိုက်မည်ဆိုပါက လျှို့ဝှက်ချက်အားသိရှိသွားမည် ဖြစ်သည်။
အကယ်၍ သူသာ မကြာသေးမီတုန်းက ချည်မျှင်စည်းမျဥ်းဥပဒေသအား အသုံးပြုကာ နတ်နွားကြီးအား ချည်မျှင်များအဖြစ် ပြောင်းလဲသွားအောင် ပြုလုပ်ခဲ့ခြင်းမရှိပါက အများကြီး နစ်နာဆုံးရှုံးသွားခဲ့ရမည်သာ ဖြစ်သည်။ ထို့ကြောင့် သူသည် သူ၏ လျှို့ဝှက်ချက် ပေါ်သွားနိုင်သည့် အချက်ကိုပင် ဂရုစိုက်မနေခဲ့ဘဲ တာအိုဂြိုဟ်၏ စွမ်းအားများကို ထုတ်သုံးခဲ့ခြင်းဖြစ်သည်။
ရှဲ့ယွင်ထန့်မှာ ဝမ်ပေါင်လဲ့၏ အဖြေအား ကြားလိုက်ရသည်နှင့် သူလိုချင်သည့် အဖြေကို ရသွားပြီဖြစ်ကြောင်း သိလိုက်၏။ ထို့ကြောင့် သူ၏ မျက်ဝန်းများထဲတွင် ကြောက်စိတ်များ ပေါ်ပေါက်လာရတော့သည်။ သူသည် တစ်ခဏမျှ နှုတ်ဆိတ်သွားပြီနောက် ဝမ်ပေါင်လဲ့အား အဓိပ္ပါယ်ပါပါ စိုက်ကြည့်လိုက်ပြီး နောက်သို့လှည့်ကာ သူ၏ တာအိုအစောင့်အရှောင်များနှင့်အတူ ထွက်ခွာသွားတော့သည်။
ရှဲ့ဟေးရန်မှာမူ မျက်နှာအမူအရာ အများကြီးပြောင်းလဲသွားခဲ့ခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ဝမ်ပေါင်လဲ့ ချည်မျှင်စည်းမျဉ်းဥပဒေသများအား ထုတ်လွှတ်ခဲ့သည့် မြင်ကွင်းကို မြင်ခဲ့ရစဉ်တုန်းက တုန်လှုပ်ချောက်ချားသွားခဲ့ပါသော်လည်း သူ၏ ခံစားချက်များကို ချုပ်တည်းထားခဲ့သောကြောင့်ပင်။ သို့သော် ယခုတွင်မူ သူသည်လည်း ထို လျှို့ဝှက်ချက်အား သိလိုက်ရပြီဖြစ်ရာ သူ မီးတောက်ကြယ်စင်စုထဲသို့ ဝင်ရောက်လာခဲ့ပြီး ဝမ်ပေါင်လဲ့နှင့် ယခင်တုန်းကထက် ပို၍ခင်မင်ရင်းနှီးသော ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်ရန် ဆုံးဖြတ်ချက်ချခဲ့သည်မှာ မှန်ကန်ကြောင်း ခံစားလိုက်ရတော့သည်။
" ပုံတူကူး စည်းမျဉ်းဥပဒေသပဲ... ကြောက်ဖို့ကောင်းလိုက်တဲ့ စည်းမျဉ်းဥပဒေသပါလား... ဒီလို စည်းမျဉ်းဥပဒေသမျိုးနဲ့သာဆိုရင် ဝမ်ပေါင်လဲ့က ကြယ်နယ်မြေအဆင့်အထိ တက်လှမ်းနေစရာတောင် လိုတော့မှာမဟုတ်ဘူး။ သူ ထာဝရကြယ်အဆင့်ကို ရောက်သွားတာနဲ့ သူ့ရဲ့ တက်လမ်းကို ဘယ်သူကမှ အလွယ်တကူ တားဆီးပိတ်ဆို့နိုင်မှာ မဟုတ်တော့ဘူး "
" သူက မီးတောက်ခေါင်းဆောင်ကြီးရဲ့ ကာကွယ်စောင့်ရှောက်မှုအောက်မှာ ရှိနေတဲ့အပြင် ချန်ရှင်းနဲ့လည်း ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးတစ်ခုကို ပိုင်ဆိုင်ထားသေးတာလေ။ အဆုံးမဲ့မျိုးနွယ်စုတောင်မှ သူ့ကို မတိုက်ခိုက်ခင် သေသေချာချာ ပြန်ပြီးတော့ စဉ်းစားရလောက်တယ် " ရှဲ့ဟေးရန်မှာ ထိုသို့တွေးမိလိုက်သည်နှင့် အသက်ပြင်းပြင်းရှူကာ လသာဆောင်ပေါ်မှ ချက်ချင်းထလာ၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့အား တရိုတသေ ဦးညွှတ်အရိုအသေပေးလိုက်တော့သည်။
" ကျေးဇူးတင်ပါတယ် နံပါတ်ဆယ့်ခြောက် ဦးလေးဆရာ "
" ငါတို့က တစ်ဂိုဏ်းတည်းသားချင်းတွေလေ။ ဒီလောက်ကြီး ရိုကျိုးနေဖို့ မလိုပါဘူးကွ " ဝမ်ပေါင်လဲ့မှာ စိတ်ကြည်လင်ရွှင်ပြနေ၏။ သူသည် ဤ တိုက်ပွဲကြီးထဲ၌ သူ၏ တိုက်ရည်ခိုက်ရည်် စွမ်းအားများကို ချိန်ဆနိုင်ခဲ့သည့်အပြင် တမူထူးခြားသည့် စည်းမျဉ်းဥပဒေသတစ်ခုကိုလည်း ပုံတူကူးနိုင်ခဲ့သည် မဟုတ်ပါလော။
အခြား ရှဲ့မိသားစုဝင်များမှာလည်း အလျင်အမြန် လှုပ်ရှားလိုက်ကြ၏။ ရှဲ့ယွင်ထန့် ထွက်ခွာသွားပြီး သိပ်မကြာခင်တွင် ခေါင်းဆောင်ကြီးယောင် အပါအဝင် ရှဲ့မိသားစုမှ အခြား ထာဝရကြယ်အဆင့် ကျင့်ကြံသူများမှာ သူ့ဆီသို့ ရောက်ရှိလာကြသည်။
သူတို့မှာ ရှဲ့ဟေးရန်အား ရိုသေလေးစားမှုအပြည့်ဖြင့် ဆက်ဆံခဲ့ကြ၏။ တစ်ချိန်ထဲမှာပင် သူတို့သည် သူတို့၏ မိသားစုမျိုးနွယ်စုမှာ နားလည်မှုလွဲသွားခဲ့ခြင်းဖြစ်ပြီး ယခုတွင် သူ၏ နာမည်အား မိသားစုမှတ်တမ်းထဲ၌ ပြန်လည်ရေးထိုးပြီးသွားပြီဖြစ်ကြောင်း ပြောပြလိုက်သည်။ သို့ဖြစ်ရာ သူသည် သူ၏ သွေးမျိုးဆက် အကာအကွယ် စွမ်းအားများကိုလည်း ပြန်လည်ရရှိသွားပြီဖြစ်သည်။
ရှဲ့ဟေးရန်မှာ ထိုစကားများကို ကြားလိုက်ရသောအခါ စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချလိုက်ပါသော်လည်း အံ့အားသင့်နေခြင်းတော့ မရှိပေ။ ဝမ်ပေါင်လဲ့နှင့် ရှဲ့ယွင်ထန့်တို့၏ တိုက်ပွဲကြီးကြောင့် ရှဲ့မိသားစုမှာ သူ့အား တန်ဖိုးထားမည်ဖြစ်ကြောင်း သိသွားပြီမဟုတ်ပါလော။ သူ နားလည်ထားသလောက်ဆိုလျှင် သူတို့၏ မိသားစုမျိုးနွယ်စုမှာ ထိုကဲ့သို့သော ပါရမီရှင်များအား အမြဲတမ်း မျက်ခြည်မပြတ် စောင့်ကြည့်ကာ သူတို့ဆီ၌ ရင်းနှီးမြှုပ်နှံကြသည်သာ ဖြစ်သည်။
သူနှင့် ဝမ်ပေါင်လဲ့၏ ကြားမှ ဆက်ဆံရေးကြောင့် သူ၏ ရာထူးအဆင့်အတန်းမှာလည်း မြင့်မားလာတော့မည်ဖြစ်သည်။ သူသည် ရှဲ့မိသားစုနှင့် ဝမ်ပေါင်လဲ့၏ ကြားရှိ အချိတ်အဆက်တစ်ခုလို ဖြစ်နေမည်မဟုတ်ပါလော။ သို့ဖြစ်ရာ သူ့အတွက် အများကြီးအကျိုးရှိနိုင်ပေသည်။
" သူက ဒီလို ဖြစ်လာအောင် တမင်မကာ အကွက်ဆင်ခဲ့တာလား။ ဒါမှမဟုတ် မတော်တဆ ဖြစ်သွားတာများလား " ရှဲ့ဟေးရန်မှာ ခေါင်းငုံ့ကာ သင်္ဘောပျံကြီးပေါ်ရှိ ရှဲ့မိသားစု အကြီးအကဲများနှင့် စကားပြောနေသည့် ဝမ်ပေါင်လဲ့အား လှမ်းကြည့်နေလိုက်၏။ သူ၏ နှလုံးသားထဲတွင် စကားလုံးများနှင့် ဖော်ပြ၍ မရနိုင်သည့် ခံစားချက်တစ်မျိုး ပေါ်ပေါက်လာသည်။
ဝမ်ပေါင်လဲ့မှာလည်း ရှဲ့ဟေးရန်၏ အကြည့်အား သတိထားမိလိုက်၏။ သူသည် အမူအရာ ပြောင်းလဲသွားခြင်းမရှိဘဲ ရှဲ့မိသားစု အကြီးအကဲများနှင့် စကားစမြည်များပြောဆိုကာ ရယ်မောနေဆဲပင်။ သို့သော် သူ၏ မျက်ဝန်းများထဲတွင်မူ မည်သူမှ သတိမထားမိနိုင်သည့် အလင်းရောင်တစ်ခု ဖျတ်ခနဲ တောက်ပသွားသည်...
ခဏအကြာတွင် ရှဲ့မိသားစုဝင်များမှာ သူ့အား နှုတ်ဆက်ကာ ထွက်ခွာသွားကြ၏။ သူတို့သည် ထွက်ခွာမသွားခင် ရှဲ့ယွင်ထန့်မှာ ဝိညာဉ်ဂြိုဟ် အလုံးတစ်ရာအတွက်သာမက ရှဲ့ဟေးရန် အကြွေးမှတ်ခိုင်းထားခဲ့သည့် ပစ္စည်းများအားလုံးအတွက်ပါ ငွေရှင်းပေးသွားခဲ့ကြောင်း ဝမ်ပေါင်လဲ့အား ပြောပြလိုက်သည်။
သို့သော် ဝိညာဉ်ဂြိုဟ်များမှာ တန်ဖိုးကြီးမားလွန်းလှသည့်အပြင် ဝမ်ပေါင်လဲ့အား ပေးရမည့် အရေအတွက်မှာလည်း အလွန်အင်မတန်မှ များပြားနေသည် မဟုတ်ပါလော။ သူတို့၏ သင်္ဘောပျံပေါ်တွင် အလုံအလောက်မရှိပါသော်လည်း သူတို့မှာ သူ့ဆီသို့ အမြန်ဆုံးပေးပို့နိုင်ရန် စီစဉ်ပေးမည်ဖြစ်သည်။