နတ်ဆိုးမိန်းကလေး
Vol. 8 Ch. 8
“အပိုင်းပိုင်းပြတ်စေ။” ဆိုဖီယာက အပျက်အစီးပုံတွေထဲကနေ ပြန်ထွက်လာတဲ့ ဓားခုတ်ကောင်ကို နားချိန်မပေးဘဲ ပြောလိုက်တယ်။ ငွေရောင်စစ်သည်နဲ့ ဆိုဖီယာရဲ့ရှေ့မှာရှိနေတဲ့ လေထုဖိအားက ရုတ်ချည်းမြင့်တက်သွားပြီး လေထုဓားသွားရာပေါင်းများစွာအဖြစ်ကို ပြောင်းလဲဖွဲ့တည်ကာ ဓားခုတ်ကောင်ဆီကို တိုးဝင်သွားတယ်။ ဓားချက်တိုင်းက အသံမြန်နှုန်းနဲ့အထက်မှာဖြစ်လို့ ပတ်ဝန်းကျင်တစ်ခုလုံးမှာ လေထုပေါက်ကွဲသံတွေနဲ့ ဆူညံ့နေပြီး အကာအကွယ်မပါတဲ့ သာမန်လူတစ်ယောက်သာ ဒီမှာရှိနေခဲ့ရင် သေချာပေါက် နားကန်းသွားမှာပါ။
ကျစ်... ကျစ်... ကျစ်.....
ကလေးမလေးကနေ ဓားခုတ်ကောင်ကြီးပြန်ဖြစ်နေတဲ့ ပိုးကောင်ဗိုလ်ချုပ်က အကြီးအကျယ်အော်ဟစ်လိုက်တယ်။ သူ့ရဲ့ပြန်ကောင်းခါနီး အတောင်ပံတွေပါ
တစ်စစီပြတ်ထွက်သွားတဲ့အပြင် အရေခွံတွေပါလန်ထွက်ကုန်တယ်။ ဒါပေမဲ့ တကယ်အသေသတ်နိုင်ဖို့ကတော့ အဝေးကြီးလိုပါသေးတယ်။
ဟူး...
ဓားခုတ်ကောင်က ဒေါသမာန်ကြီးကြီးနဲ့ အသံမြန်နှုန်းကိုချိုးဖောက်ပြီး ဆိုဖီယာရဲ့အပေါ်ကနေ မိုးပြီးလက်တံနဲ့ခုတ်ချတယ်။ ဒါပေမဲ့ ဆိုဖီယာက အသင့်ဖြစ်နေပြီးသားဖြစ်ပြီး လက်ကိုမြှောက်လိုက်တယ်။ မြေပြင်က ကျောက်တိုင်တစ်ခုကလည်း တူညီတဲ့ မြန်နှုန်းနဲ့မြင့်တက်လာပြီး ဓားခုတ်ကောင်ရဲ့ဝမ်းဗိုက်ကို ဝင်ဆောင့်ကာ နောက်ကိုလွင့်ပျံသွားစေတယ်။
“ပြားကပ်စေ။” ဆိုဖီယာက မြေပြင်ကိုလက်ဝါးနဲ့ ထောက်တယ်။ မြို့အောက်က ကျောက်ဖျာချပ်ကြီးတွေ လှုပ်ရှားလာပြီး မီတာရာနဲ့ချီမြင့်တဲ့ ဧရာမကျောက်တိုင်ကြီးတွေအဖြစ် ထွက်ပေါ်လာပြီးတော့ ထွက်ပြေးဖို့လုပ်နေတဲ့ ဓားခုတ်ကောင်ကို ချုပ်ထားလိုက်တယ်။ ဆိုဖီယာကိုယ်တိုင်ကတော့ နောက်ထပ်ချွန်မြနေတဲ့ ကျောက်တိုင်ကြီးကိုထိန်းပြီးတော့ ဓားခုတ်ကောင်ရဲ့ခေါင်းကို ထိုးစိုက်ချဖို့ ကြိုးစားနေတယ်။
“ဆိုဖီယာ၊ နင်အဲဒီကောင်မလေးကို သတ်လိုက်ရင်
အပြစ်ကင်းစင်တဲ့သူတစ်ယောက်ကို ထိခိုက်စေလိမ့်မယ်။” ငွေရောင်စစ်သည်က တားဖို့လုပ်နေပေမဲ့ ဆိုဖီယာကတော့ နားမထောင်ပါဘူး။ တစ်ဖက်မှာတော့ ဩစတင်းက သူ့ညီမလေး အသတ်ခံရတော့မှာကို ကြည့်နေရင်းကနေ ဒေါသတွေထွက်လာပြီး သူ့ရဲ့လက်နဲ့ ဆိုဖီယာကို ချိန်ပြီးပစ်ဖို့လုပ်တယ်။
“ကလေး၊ ဒီလောက်လွယ်မယ်ထင်လား။” ကြောင်နက်က ဩစတင်းရဲ့လက်မကို ဖြတ်ရိုက်ပြီး မြေပေါ်ကန်ချလိုက်တယ်။ ဩစတင်းက ကြောင်နက်ကြောင့်
ထိခိုက်သွားတဲ့ သူ့ဒဏ်ရာတွေကို လစ်လျူရှုပြီးတော့
ဆိုဖီယာကိုပဲ ပစ်ဖို့လုပ်နေတယ်။ ဒါပေမဲ့ ကြောင်နက်က အကြိမ်ကြိမ်ဝင်ဖျက်နိုင်စွမ်းရှိနေတယ်။
“ငါ့ကို နှောင့်ယှက်နေတာရပ်စမ်း။” နောက်ဆုံးတော့ ဩစတင်းက ဒေါသထွက်လာပြီးအော်လိုက်တယ်။ သူ့တစ်ကိုယ်လုံး ပုစွန်အဖြစ်ပြောင်းသွားပြီး လူပုံစံပျောက်သွားတယ်။ အဲဒီနောက် ကြောင်နက်ကို သူ့ရဲ့ရေယက်ခြေနဲ့ရိုက်ချပစ်လိုက်ပါပြီ။
ဘုန်း....
ကြောင်နက်က သူ့လက်နှစ်ဖက်ကိုဆန့်ပြီး ရေယက်ကို တားလိုက်နိုင်ပေမဲ့ မြေကြီးထဲနှစ်လက်မလောက်
နစ်ဝင်သွားတယ်။ ဩစတင်းရဲ့အမြောက်လက်က
နီရဲလာပြီးတော့ အပူရှိန်လည်းမြင့်တက်လာတယ်။ ကြောင်နက်က အံ့ကိုကြိတ်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို ကြီးလိုက်ပေမဲ့ အချိန်တိုအတွင်းအနိုင်ယူဖို့ကတော့ ခက်ခဲနေဆဲပါ။
“ဝူး.....” ဩစတင်းဆီကနေ မသဲမကွဲအော်သံထွက်ပေါ်လာပြီးတော့ အနီရောင်အလင်းတန်းကြီးတစ်ခုက သူ့ညီမလေးကို သတ်ဖြတ်ဖို့ကြိုးစားနေပြီဖြစ်တဲ့
ဆိုဖီယာဆီကို ပြေးဝင်လာတယ်။ ဒါပေမဲ့ ဆိုဖီယာကတော့ တစ်ဖက်ကိုအာရုံစိုက်နေရင်းကနေ ခနရပ်လိုက်ပြီး လက်ကိုအသာမြောက်ကာ ကျောက်ပြားကြီးတစ်ချပ်ကို ဆင့်ခေါ်လိုက်တယ်။ ကျောက်ပြားက အနီရောင်အလင်းတန်းကို တားလိုက်နိုင်ပေမဲ့ လူတစ်ရပ်စာလောက်ထူတဲ့ကျောက်လွှာချက်ကြီးရဲ့ထက်ဝက်လောက်က အရည်ပျော်ကျသွားပြီး ချိုင့်ကြီးတစ်ခုဖြစ်သွားတယ်။
“ကလေးတစ်ယောက်ကို နင်အဲဒီလောက်အထိ လုပ်စရာလိုလို့လား။” မက်ဒါနာက တစ်ကိုယ်လုံးတုန်ရီနေပြီး ပြောလိုက်ပေမဲ့ ဆိုဖီယာကတော့ မရပ်ပါဘူး။
“မက်ဒါနာ၊ ဒီကောင်မလေး ပိုးကောင်အဖြစ် ပထမဆုံးအသွင်ပြောင်းပြီးကတည်းက သူ့မှာလူစိတ်မရှိတော့ဘူး။ သူ့အစ်ကိုကို ညှာနေတာနဲ့ ပြဿနာကိုဖြေရှင်းလို့မရဘူး။”
“ဒါပေမဲ့ မယ်လီတောင်မှ နောက်ဆုံးအချိန်မှ ငါတို့ဘက်ပါလာသေးတာပဲ။ သူ့အစ်ကိုက သူ့အတွက် ဒီလောက်စတေးပေးနေတာ။ တစ်ချိန်ချိန်မှာတော့ အသိတရားဝင်လာမှာပါ။”
မက်ဒါနာက တတ်နိုင်သလောက် ဆိုဖီယာကိုနားချဖို့
ကြိုးစားနေပေမဲ့ အသုံးမဝင်ပါဘူး။ ဓားခုတ်ကောင်ကလည်း လွတ်လို့လွတ်ညား သူ့ကိုယ်သူအရောင်ပြောင်းနေပေမဲ့ ဆိုဖီယာက ချုပ်ထားပြီးဖြစ်တာမလို့
အသုံးမဝင်တော့ဘူး။
“သေချာကြည့်မက်ဒါနာ၊ ဒီမြို့မှာ လူထောင်နဲ့ချီပြီးသေထားပြီးသား။ သူက မယ်လီမဟုတ်ဘူး။ ဒီအတိုင်း သူ့အစ်ကိုကိုလှည့်စားနေတဲ့ မိစ္ဆာမတစ်ကောင်ပဲ။” ဆိုဖီယာက စကားဆုံးတာနဲ့ ကျောက်ဖျာအချွန်နဲ့ ဓားခုတ်ကောင်ရဲ့ခေါင်းကို အပြီးထိုးစိုက်ချဖို့လုပ်ပါတယ်။
ဘုန်း....
မက်ဒါနာရဲ့မျက်လုံးရှေ့မှာပဲ ဆိုဖီယာရဲ့ခန္ဓာကိုယ်လေးက ချာလည်လည်ထွက်သွားပြီး အဝေးကိုလွင့်စင်ထွက်သွားတယ်။ ဆိုဖီယာရှိခဲ့တဲ့နေရာမှာပိုးကောင်တစ်ကောင် ပေါ်လာတယ်။ မဟုတ်ဘူး၊ ပိုးကောင်ဆိုတာထက် ပိုးကောင်နဲ့တူတဲ့ စက်ရုပ်ကြီးလို့ပြောရင်ပိုမှန်မယ်။
“မင်းတို့စကားများပြီး တစ်ယောက်နဲ့တစ်ယောက် ငြင်းခုန်နေတာ ကောင်းသားပဲ။ ငါဒီကိုတိတ်တိတ်လေး ဝင်လာလို့ရသွားတယ်။”
စက်ရုပ်ရဲ့အင်တာကွန်းကနေတစ်ဆင့် ထွက်ပေါ်လာတဲ့ ရေဂင်ရဲ့အသံကြောင့် မျက်မှောင်ကြုတ်လိုက်မိတယ်။ မက်ဒါနာက မျက်မှောင်ကြုတ်လိုက်ပြီး ပိုးတောင်မာပြာပုံစံရှိတဲ့ မီတာသုံးဆယ်လောက်မြင့်တဲ့
စက်ရုပ်ကြီးကို ကြည့်လိုက်ပါပြီ။
“ရေဂင်၊ ဒီမောင်နှမနှစ်ယောက်လုံး ပိုးကောင်ဗိုလ်ချုပ် ဖြစ်သွားကတည်းက မင်းလက်ချက်ဆိုတာ သိခဲ့ရမှာ။”
မက်ဒါနာက ပြောလိုက်တော့ ပိုးကောင်စက်ရုပ်ဆီက
ရယ်သံသဲ့သဲ့ထွက်လာတယ်။ “သခင်မလေး၊ သတိထား။” ဝတ်စုံစနစ်ကနေတစ်ဆင့် အေမီက အလျင်အမြန်ဆက်သွယ်လာလို့ မက်ဒါနာလှည့်ကြည့်တော့ ဓားခုတ်ကောင်က ဆိုဖီယာချုပ်ထားတဲ့နေရာကနေ လွတ်လာပြီး သူ့အနားရောက်လာနေပြီ။
ဓားကိုမြှောက်ပြီး ဓားခုတ်ချက်တွေကိုခုခံလိုက်ပေမဲ့
“သောက်ရမ်းအားကောင်းတယ်ဟ။” မက်ဒါနာ ညည်းညူလိုက်မိတယ်။
မက်ဒါနာက ဖီးနစ်ပုံစံကိုထုတ်သုံးဖို့ အသင့်မဖြစ်သေးတဲ့အတွက် တိုက်ကွက်တွေအကုန်လုံးကို အသံမြန်နှုန်းနဲ့လှုပ်ရှားရင်း ခံစစ်သက်သက်နဲ့ပဲ ခုခံနေရတယ်။ နောက်ဆုံးတော့ ယာဥ်အမိုးပေါ်မှာစောင့်ကြည့်နေတဲ့ လီဆာလည်း အပြေးရောက်လာတယ်။ သူ့ခန္ဓာကိုယ်က ဧရာမနဂါးပြာကြီးအဖြစ် ချက်ချင်းပြောင်းသွားပြီး
“ဝေါင်း....” ဓားခုတ်ကောင်ကို ခြေသည်းတွေကြား ညှပ်ယူကာ အဝေးကိုပစ်ထုတ်လိုက်တယ်။ ဒီအတွက်
မက်ဒါနာအသက်ရှုချောင်သွားပေမဲ့ ရေဂင်ကတော့ ဒေါသထွက်သွားပုံပဲ။
“ဒီတိုက်ပွဲက မင်းရဲ့တိုက်ပွဲမဟုတ်ဘူး။ သူရဲကောင်းနဲ့ သူ့စိတ်ထဲက မပြတ်သားမှုရဲ့တိုက်ပွဲပဲ။ လာခဲ့။”
ပိုးကောင်စက်ရုပ်က နဂါးပြာကို လက်သီးနဲ့ထိုးချလိုက်တယ်။ သဘာဝမဆန်စွာဘဲ နဂါးပြာက နောက်ကို ခြေလှမ်းသုံးလှမ်းလောက် ဆုတ်လိုက်ရလို့ မက်ဒါနာကိုယ်တိုင်တောင် အံ့ဩသွားတယ်။
“ဘာ၊ ရေဂင်ရဲ့စက်ရုပ်က သားရဲတစ်ကောင်ထက် ပိုအားကောင်းနေတာလား။”
မက်ဒါနာတစ်ချက်တွေးလိုက်မိပေမဲ့ ဓားခုတ်ကောင်က ပြန်ထလာပြီး ဖီးနစ်ပုံစံသုံးရမသုံးရ မတွေးတတ်သေးတာကြောင့် ဓားကိုဆွဲပြီးပြေးရတယ်။ လက်ရှိပုံစံနဲ့ သားရဲတွေရဲ့တိုက်ပွဲကြား ဝင်ပါမိရင် သူသေလိမ့်မယ်။
တစ်ဖက်မှာတော့ ကြောင်နက်က ပုစွန်ရဲ့အမြောက်စာမိသွားပြီး သူ့ရင်ဘတ်သူငုံကြည့်လိုက်မိပါတယ်။
အမွှေးတချို့လောင်သွားပေမဲ့ ကိစ္စမရှိသေးဘူး။ ပြဿနာက ပုစွန်ဟာ အဆက်မပြတ်ကြီးထွားနေပြီး
အခုဆိုရင် မီတာငါးဆယ်လောက်ဖြစ်နေပြီ။ ကြောင်ကလည်း အဲဒီလောက်ကြီးပေမဲ့ ကြီးလေလေးလေမလို့ သူထက်ပြီးမကြီးချင်တော့ဘူး။ ပုစွန်ကတော့ ပိုကြီးလာလေ ပိုမြန်လေ၊ ပိုစွမ်းအားကြီးလာလေ ဖြစ်နေပါတယ်။ အခုပုစွန်က နောက်ထပ်အမြောက်နဲ့ပစ်ဖို့ကြံနေလို့ ကြောင်နက်က လက်မကိုချုပ်ပြီး မိုးပေါ်ထောင်ပေးလိုက်ရပြန်တယ်။
ဖောင်း....
အလင်းတန်းနီနီက ကောင်းကင်ပေါ်ထောင်တက်သွားပြီး တိမ်တွေအားလုံးကို ပိုင်းဖြတ်ပစ်လိုက်ပါတယ်။ ကြောင်လည်း ဒေါသထွက်လာပြီး ပုစွန်ကို ကန်ထုတ်ပစ်လိုက်ကာ ဧရာမဖြစ်နေပြီဖြစ်တဲ့ မိုးကြိုးမျက်နှာဖုံးကြီးကို ကောက်စွပ်လိုက်တယ်။
“ကြည့်ရတာ မင်းက ငါ့ကိုရွေးစရာမပေးဘူးပဲ။”
ကြောင်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးက မိုးကြိုးစွမ်းအားတွေနဲ့ ပြည့်လာပြီးတော့ ပုစွန်ကိုထိုးချပစ်လိုက်ပါတယ်။ ပုစွန်ရဲ့အကြေးခွံတွေအားလုံး ကွဲကြေကုန်ပြီး
လူအဖြစ်ပြန်ပြောင်းခံလိုက်ရပေမဲ့ လူငယ်လေးက အရှော့မပေးဘဲ ကြောင်နက်ကြီးဆီကို ပြေးလာပြီး ဆက်တိုက်ခိုက်နေဆဲပါ။
....
နဂါးပြာက တောင်ပံခတ်လိုက်ပြီး လေမုန်တိုင်းကို ဆင့်ခေါ်လိုက်တယ်။ နဂါးက လေမုန်တိုင်းထဲမှာ သွားလာနေပြီးတော့ မြို့အပျက်အစီးတွေကလည်း လေမုန်တိုင်းငယ်အတွင်းကို စုပ်ယူခံရတယ်။ စက်ရုပ်ကတော့ တည်တည်ငြိမ်ငြိမ်ရှိနေဆဲဖြစ်ပြီး လေမုန်တိုင်းအရှိန်နဲ့ပိုမြန်လာတဲ့ နဂါးကိုခုခံနေရင်းကနေ ခပ်တည်တည်နဲ့ ပျက်သုန်းခြင်းစွမ်းအားတွေကို ထုတ်လွှတ်ကာ အသက်ဓာတ်ကို စုပ်ယူပစ်လိုက်တယ်။ အခုပတ်ဝန်းကျင်တစ်ခုလုံးက သစ်ပင်တွေ စတင်သေဆုံးနေကြပါပြီ။
နဂါးပြာက မုန်တိုင်းကြားမှာပျံသန်းနေရင်းကနေ စက်ရုပ်ရဲ့ခံစစ်အနေအထားမှာ ဟာကွက်ကိုတွေ့သွားပြီး ဆင်းသက်ကာ ကိုယ်နဲ့ဝင်တိုက်တယ်။ စက်ရုပ်လည်း နောက်ကိုယိမ်းယိုင်သွားပြီး ဟန်ချက်ထိန်းလို့မရသေးခင်မှာ နဂါးက ပါးစပ်ကိုဟလိုက်တယ်။ လေထုဖိအားက နဂါးအာခံတွင်းမှာ မယုံနိုင်စရာပမာဏတစ်ခုအထိ ကင်းမဲ့သွားပြီး မကြာခင်မှာပဲ ကမ္ဘာပျက်လုမတတ် မိုးသက်လေပြင်းကို မှုတ်ထုတ်ပစ်လိုက်ပါတော့တယ်။
ဘုန်း....
စက်ရုပ်ကလည်း လက်နှစ်ဖက်ကို ပူးကပ်လိုက်ပြီး ခရမ်းအလင်းဒြပ်စင် ဒိုင်းတစ်ချပ်အဖြစ်ဖွဲ့စည်းလိုက်ပြီ။ နဂါးရဲ့မိုးသက်လေပြင်းအာငွေ့က ကြမ်းတမ်းလို့ စွမ်းအင်ဒိုင်းကို ချက်ချင်းဖျက်ဆီးပစ်လိုက်နိုင်တယ်။ ဒါပေမဲ့ စွမ်းအင်ဒိုင်းက သက်ရောက်မှုတော်တော်များများကို လျှော့ချလိုက်နိုင်ပြီး ကျန်တဲ့အားပမာဏက ဧရာမစက်ရုပ်ကြီးရဲ့ခန္ဓာကိုယ်သက်သက်နဲ့ တောင့်ခံနိုင်တဲ့ ပမာဏဖြစ်နေတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့တိုက်ပွဲက ခုမှစတာပါ။ မကြာခင်ပိုပြီးပြင်းထန်လာတော့မှာ။
....
“သခင်...” ဖရာလီတာနဲ့အတူ နယ်ဆင်သင်္ဘောပျံပေါ်မှာ ထိုင်နေတဲ့ ဇွန်ဘီမလေးက ပိုးတောင်မာစက်ရုပ်ကို လက်ညိုးထိုးပြရင်း ပြောလိုက်ပါတယ်။ ယာဥ်ပေါ်က လူတွေက မြေပြင်ကတိုက်ပွဲကို ကြည့်နေရင်းနဲ့ တော်တော်စိုးရိမ်နေကြပါပြီ။ တိုက်ပွဲထဲ ပိုးကောင်ဗိုလ်ချုပ်သုံးယောက်ရှိနေပြီး တိုက်ပွဲအဖြေက မရေရာမသေချာသေးဘူး။
ဇွန်ဘီမလေးရဲ့ရှားရှားပါးပါးအပြုအမူကြောင့် ဖလေရာ၊ လင်ဒါနဲ့ အေမီတို့လည်း တစ်မူထူးနေတဲ့ ပိုးတောင်မာစက်ရုပ်ကို သတိထားမိသွားတယ်။
“သေချာတယ်၊ အဲဒီစက်ရုပ်က ယာမီရဲ့သေဆုံးခြင်းစွမ်းအားကို အသုံးပြုပြီးတော့ ပတ်ဝန်းကျင်က အသက်ဓာတ်တွေကို စုပ်ယူနေတာ။ ကြာလေပိုအားကောင်းလေ ဖြစ်လာမှာပဲ။”
ဖရာလီတာက ပြောလိုက်တယ်။ အဲဒီအချိန်မှာပဲ ဖလေရာက မက်ဒါနာနောက်ကို ဓားခုတ်ကောင်လိုက်နေပြီး မခုခံနိုင်ဖြစ်နေတာကို တွေ့သွားတယ်။ “သူဘာလုပ်နေတာလဲ ဖီးနစ်ပြောင်းပြီးတော့ အသေသတ်လိုက်လို့ရတာကို။”
“မဟုတ်မှလွဲရော အခုထိမပြတ်သားဖြစ်နေပြီး အဲဒီကောင်မလေးကို မသတ်ရက်တာလား။”
“ဒီလိုဆိုရင်တော့ မကောင်းတော့ဘူး။” သူတို့ပြောနေတဲ့အချိန်မှာပဲ ဓားခုတ်ကောင်က မက်ဒါနာကို လိုက်မီလာတော့မယောင်ထင်ရတယ်။ ငွေရောင်စစ်သည်ဝတ်စုံရဲ့ခုခံနိုင်စွမ်းက ပိုးကောင်ဗိုလ်ချုပ်နဲ့ယှဥ်ရင် ဘာမှမဟုတ်တော့ဘူး။ ဒါကြောင့် သူတို့ရဲ့စိုးရိမ်မှု မြင့်တက်လာတာ ပုံမှန်ပဲ။ ကြည့်မနေချင်တော့တဲ့ ဖလေရာ၊ အေမီနဲ့ လင်ဒါတို့က သူတို့ရဲ့ဆိုင်ရာဝတ်စုံသေတ္တာတွေကို ဆွံထုတ်လိုက်ကြတယ်။ ဖရာလီတာလည်း မျက်စိလည်သွားပြီး
“ဟဲ့၊ နင်တို့တွေဘာလုပ်ကြမလို့လဲ။ နင်တို့ကို မဆင်းခိုင်းထားဘူးလေ။”
“မက်ဒါနာသေမလိုဖြစ်နေတာကို ငါတို့က ဒီအတိုင်းထိုင်ကြည့်နေရမှာလားဟဲ့။” ဖလေရာက ဖရာလီတာကို ပြန်အော်လိုက်ပြီး မူရင်းပလာဒင်ဝတ်စုံထဲ ဝင်တယ်။
“Suit up!” အေမီကတော့ မျက်နှာသေနဲ့ပဲ Neon Valkyrieကို ဆွဲဖွင့်ပါတယ်။ လင်ဒါကတော့ သာမန်ဇက်သတ္တုနဲ့ပေါင်းစပ်ထားတဲ့ ပလာဒင်တိုက်ပွဲဝတ်စုံထဲပဲဝင်လိုက်တယ်။ ဖရာလီတာလည်း သက်ပြင်းချလိုက်ပြီး Archmegaကို ဆင့်ခေါ်လိုက်တယ်။ ဧရာမစက်ရုပ်ကြီးက ယာဥ်မောင်းခုံနောက်ကို အလိုလိုလျှောက်လာပြီး ဖရာလီတာဝင်လို့ရစေဖို့အတွက် အလိုလိုဖွင့်ပေးလိုက်တယ်။
“ငါလည်းလိုက်မယ်လေ။ ဒရုန်းဇုန်၊ ယာဥ်ကိုတာဝန်ယူထားပြီး ငါတို့ကိုပစ်ကူပေး။”
“ဟုတ်။” ဒရုန်းဇုန်က ဖရာလီတာလက်ကနေ ယာဥ်ပျံကို လွှဲယူထိန်းချုပ်လိုက်တယ်။
....
ဆိုဖီယာက တောင်တစ်တောင်ထဲကို နစ်ဝင်သွားရာကနေ ပြန်ပြီးထွက်လာတယ်။ မက်ဒါနာကိုကူညီဖို့အသံမြန်နှုန်းနဲ့ခရီးနှင်လာခဲ့ပေမဲ့ ပိုးတောင်မာက သူ့လက်တစ်ဖက်ကိုဖြန့်ပြီး ခရမ်းရောင်စွမ်းအင်လုံးတစ်ခုကို ပစ်ထုတ်လိုက်တယ်။ ဆိုဖီယာက ပုံမှန်အတိုင်းခုခံနိုင်မယ်ထင်ပြီး စိတ်စွမ်းအားနဲ့တားလိုက်ပေမဲ့ စွမ်းအင်လှိုင်းက ဒိုင်းကိုဖောက်ပြီး သူ့ကိုလာမှန်တဲ့အတွက် မြေပေါ်ကိုပြုတ်ကျလာလေရဲ့။
မြေကြီးနဲ့မျက်နှာနဲ့ရိုက်မိပြီးတဲ့နောက် ဆိုဖီယာက ခက်ခက်ခဲခဲထယူရတယ်။ သူ့နှာခေါင်းကနေပြီး သွေးတွေစီးကျနေဆဲပဲ။ သူ့အမြင်အာရုံတွေဝေဝါးနေပြီး သူ့ခေါင်းကဆံပင်တွေကို ကိုင်ကြည့်လိုက်တယ်။ အကုန်လုံးဖြူဖွေးနေပြီ။
“အသက်ဓာတ်တွေ တိုက်စားခံလိုက်ရတာလား၊ နတ်သူငယ်တွေက အသက်ဓာတ်အကောင်းဆုံးမျိုးနွယ်ဖြစ်တာတောင်မှလား။”
ဆိုဖီယာတစ်ကိုယ်လုံး ပင်ပန်းနွမ်းနယ်နေသလိုခံစားရတယ်။ ဒါပေမဲ့ သူဆက်ပြီးတိုက်ခိုက်ရဦးမယ်။ သူမော့ကြည့်လိုက်တော့ လေမုန်တိုင်းကိုစီးပြီးတိုက်နေတဲ့ နဂါးပြာလည်း အသက်ဓာတ်တွေကို စုပ်ယူခံနေရတာ တွေ့လိုက်ရတယ်။ ဆိုဖီယာနဲ့မတူတာက စောင့်ရှောက်သူသားရဲတွေက ထာဝရှင်သန်သူတွေပါ။ ဒီတော့ အသက်ဓာတ်တိုက်စားခံရတာက သူတို့အဖို့ ပင်ပန်းစေရုံအပြင် ပြဿနာသိပ်မရှိပါဘူး။ တကယ့်ပြဿနာက အသက်ဓာတ်ကို စုပ်ယူလိုက်တိုင်းမှာ ပိုးတောင်မာစက်ရုပ်က ပိုအားကောင်းလာနေတဲ့ အချက်ဖြစ်ပါတယ်။
ဘုန်း....
ပိုးတောင်မာစက်ရုပ်က မုန်တိုင်းထဲက နဂါးပြာရဲ့ခေါင်းကို ဖမ်းဆွဲပြီးကိုင်ဆောင့်လိုက်တဲ့အတွက် မုန်တိုင်းနယ်မြေပျက်ပြယ်သွားတယ်။ ကံကောင်းတာက ဆိုဖီယာလည်း ကောင်းကင်ပေါ်ကို ပျံတက်လိုက်ပြီး နဂါးပြာကိုဝင်ကူတယ်။ ပိုးတောင်မာကို အနိုင်မယူဘဲ မက်ဒါနာကိုဝင်ကူဖို့မဖြစ်နိုင်တာ သေချာသွားပြီလေ။
နောက်တစ်ခဏမှာတော့ မုန်တိုင်းနယ်မြေပြန်ပေါ်လာပြီး ဆိုဖီယာက လီဆာကိုအားဖြည့်ပေးတယ်။ နေရာတိုင်းမှာ စိတ်စွမ်းအားလှိုင်းတွေနဲ့ လေပြင်းတွေရှိနေပြီး ပိုးတောင်မာစက်ရုပ်ကို ဆက်တိုက်တိုက်နေတယ်။ ဒါပေမဲ့ ပိုးတောင်မာကတော့ သူ့နေရာမှာသူ ကြံကြံခံနေဆဲပါ။
စက်ရုပ်ထဲမှာရှိနေတဲ့ ရေဂင်က ပြုံးလိုက်ပြီး သူ့ခြေထောက်အောက်မှာရှိနေတဲ့ ဗဟိုစွမ်းအင်ဒိုင်ခွက်ကို ကြည့်လိုက်တယ်။ သူစုပ်ယူထားတဲ့ အသက်ဓာတ်ပမာဏက အကန့်အသတ်ရဲ့တစ်ဝက်ထက် နည်းနည်းပဲကျော်သေးပေမဲ့ စောင့်ရှောက်သူအဆင့်နှစ်ယောက်ကို ယှဥ်တိုက်နိုင်နေပြီလေ။
“ဟိုကောင်ယာမီရဲ့နှလုံးကို ခန္ဓာကိုယ်ကနေခွဲထုတ်ပြီး ငါ့စက်မှာတပ်လိုက်တာ မှန်သွားတယ်။ ဒီလိုမှမဟုတ်ရင် သူတို့ကိုရင်ဆိုင်ဖို့ခက်မှာပဲ။ ပြီးတော့ အဲဒီပစ္စည်းကိုသုံးဖို့ အချိန်တန်ပြီ။”
ရေဂင်က ခလုတ်တစ်ခုနှိပ်လိုက်တယ်။ ဧရာမချိတ်ကောက်ကြီးတစ်ခုက စက်ရုပ်ရဲ့ကျောကနေထွက်လာပြီး စက်ရုပ်ကြီးက လက်ထဲမှာကိုင်ထားလိုက်တယ်။ ချိတ်ကောက်ရဲ့အဆုံးမှာတော့ အင်မတန်ခိုင်ခံတဲ့ ဇက်စတီးကြိုးနဲ့ချိတ်ထားတယ်။ ရေဂင်က ချိတ်ကောက်ကိုလှည့်ပြီး နဂါးပြာရဲ့လည်ပင်းကို ချိတ်လိုက်တယ်။ ဆိုဖီယာက ဝင်ကူဖို့လုပ်ပေမဲ့ အားနေတဲ့ လက်တစ်ဖက်က ထပ်ပြီးခရမ်းရောင်စွမ်းအင်နဲ့ပစ်လို့ ဆိုဖီယာရှောင်လိုက်ရတယ်။ နဂါးကတော့ မြေပေါ်ထပ်ပစ်ချခံရပြီး ပိုးတောင်မာစက်ရုပ်က နဂါးပေါ်ကို ခြေထောက်တင်ကာ စွမ်းအင်ဆက်တိုက်စုပ်ယူတယ်။ တဖြည်းဖြည်းနဲ့ ပိုးတောင်မာစက်ရုပ်ကြီးရဲ့အနားမှာ ခရမ်းရောင်အလင်းဒြပ်စင်တွေက စတင်ပြည့်နှက်လာတယ်။
“တစ်ရာရာခိုင်နှုန်းအပြည့်စုပ်ယူပြီးမှ မင်းတို့စောင့်ရှောက်သူတွေရဲ့ခေါင်းကို အေးဆေးဖြုတ်ပစ်မယ်။” ရေဂင်က ကြိမ်းဝါးလိုက်တယ်။
....
မြို့ထဲလမ်းမပေါ်မှာ အရှိန်ပြည့်နဲ့ ပြေးနေရင်းကနေ ရုတ်တရက် ခန္ဓာကိုယ်အောက်ပိုင်းက အေးခနဲခံစားလိုက်ရပြီး မက်ဒါနာလဲကျသွားတယ်။ သူငုံကြည့်လိုက်ချိန်မှာ ပူနွေးနီရဲနေတဲ့ သွေးတွေက သူ့ရဲ့တုံးတိဒူးကနေ စိမ့်ထွက်နေပြီး လမ်းမထက်မှာ စွန်းထင်းနေတဲ့မြင်ကွင်းကို မြင်ရတယ်။ သူ့ဆက်ပြေးဖို့မဖြစ်နိုင်တော့ဘူး။ သူ့ရဲ့ညာဖက်ခြေထောက်က လမ်းမရဲ့တစ်ဖက်မှာရှိနေပြီး သွေးပူသွေးလောဖြစ်လို့ တဆတ်ဆတ်ခုန်နေပေမဲ့ ခနအကြာမှာငြိမ်ကျသွားတယ်။
“ဆက်ပြီးတော့ မပြေးတော့ဘူးလား၊ အစ်မကြီး။” သူ့နောက်ကနေ ကလေးဆန်ပြီး ချစ်ဖို့ကောင်းတဲ့ မိန်းကလေးတစ်ယောက်ရဲ့အသံကို ကြားလိုက်ရပေမဲ့ ကျောရိုးထဲ စိမ့်တက်သွားသလိုပဲ။ နောက်ကိုလှည့်မကြည့်ဖြစ်ပေမဲ့ မက်ဒါနာက နေရောင်ကိုကျောပေးပြီး ရပ်ထားတဲ့အတွက်ကြောင့် ကလေးမရဲ့အရိပ်က
လမ်းမပေါ်မှာ ထင်းလျက်သား။
အခုကလေးမက ဓားခုတ်ကောင်မဟုတ်တော့ဘူး။ အဲဒီအစား လူပုံစံပြန်ပြောင်းထားပေမဲ့ သူ့လက်တစ်ဖက်ကတော့ ဓားခုတ်ကောင်လက်အတိုင်းရှိနေတုန်းပဲ။
“သမီးရဲ့အစ်ကိုက သမီးကိုသိပ်ချစ်တာလေ။ သမီးမကောင်းဆိုးဝါးဖြစ်သွားတာတောင်မှ သူကချစ်နေတုန်းပဲ။”
မက်ဒါနာက စကားပြန်မပြောနိုင်သေးဘူး။ သူ့သတိတွေက တဖြည်းဖြည်းဝေဝါးလာနေပြီ။ ခြေထောက်က တိခနဲပြတ်ကျသွားတာမလို့ သွေးတွေဆက်တိုက်စီးကျနေပြီး အားအင်တွေကို မြန်မြန်ဆန်ဆန်နဲ့ဆုံးရှုံးလာနေတယ်။ ဓားကိုအားပြုပြီး တောင့်ခံထားလို့သာ
မှောက်လျက်လဲကျမသွားသေးတာ။ ဒါလည်းအချိန်တစ်ခုထိပဲ ခံနိုင်တော့မှာ။
“သမီးက ဘယ်တုန်းကမှ လိမ္မာတဲ့ကောင်မလေး ဖြစ်ချင်ခဲ့တာမဟုတ်ဘူး။ လိမ္မာရတာ ပင်ပန်းလွန်းတယ်၊
ငြင်းဆန်ဖို့ခွန်အားမရှိလို့ လိမ္မာဟန်ဆောင်ရတာ ပိုပြီးပင်ပန်းဖို့ကောင်းတယ်။ ဒါကြောင့် ကလေးဆိုးလေးဖြစ်လာဖို့ ရွေးချယ်ခဲ့တာ။ ဒါမှအစ်ကိုကြီးကို စိတ်ကြိုက်ဆိုးပြလို့ ရမှာလေ။”
ကလေးမက ငွေရောင်စစ်သည်ရဲ့နားနားကိုကပ်ပြီး စိတ္တဇလေသံနဲ့ ထရယ်လိုက်တယ်။ သတိလစ်ခါနီးဖြစ်နေပေမဲ့ သတိကောင်းကောင်းရှိနေသေးတဲ့ မက်ဒါနာက ဒီစကားတွေကိုကြားတော့ ချက်ချင်းခေါင်းနပန်းကြီးသွားတယ်။ ဒီကလေးမက တကယ့်နတ်ဆိုးတစ်ကောင်ပဲ။