ပါရမီရှင်များ ခေါင်းငုံ့ခဲ့ကြပြီ
Vol. 13 Ch. 178
အခန်း (၁၇၈) ပါရမီရှင်များ ခေါင်းငုံ့ခဲ့ကြပြီ
ရန်ကျောက်ကဲစကားကိုကြားတော့ အားဟူ မရယ်ဘဲ မနေနိုင်တော့ပေ။
“သခင်လေး ၊ ကောင်းကင်မိုးကြိုးခန်းမကလူတွေသာ ဒီအကြောင်းကြားရင် တက်သေသွားနိုင်တယ်”
ရန်ကျောက်ကဲက ကောင်းကင်မိုးကြိုးခန်းမမှ လူငယ်ခေါင်းဆောင် ရှဲ့ကျစ်ယီကို မြေကြီးပေါ် အလဲထိုးသိပ်ရုံသာမက သူတို့ အထွတ်ထိပ်ထားသည့် သိုင်းပညာ၏ အားနည်းချက်ကိုလည်း ပြတ်သားစွာ သိရှိနေခဲ့သည်။
ချန်လင်းနှင့် လူငယ်တပည့်များသာ တက်သေသွားကြမည်မဟုတ်ပေ။ ကောင်းကင်မိုးကြိုးခန်းမမှ သိုင်းဆရာသခင်များသည်ပင် တက်သေသွားနိုင်ကြသည်။
ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်လိုက်ရင်း...
“မိုးကြိုးသွားပေါင်းစည်းခြင်းဓားသိုင်းကို... သွေးကြောဆုံချက်တွေ ထိခိုက်မှာစိုးလို့ သိုင်းဆရာသခင်တွေတောင်မှ မကြာခဏအသုံးမပြုရဲကြဘူးလေ”
“ရှဲ့ကျစ်ယီက သိုင်းပညာရှင်အဆင့်နဲ့ ဒီသိုင်းပညာကိုအသုံးပြုနိုင်တာ ထူးခြားတဲ့ပါရမီရှင်လို့ ပြောလို့ရတယ် ၊ ဒါပေမဲ့ သူ တစ်ခါပဲအသုံးပြုလို့ရလိမ့်မယ် ၊ တကယ်လို့ (၂)ခါ အသုံးပြုလိုက်မယ်ဆိုရင် ရန်သူမသေဘဲ သူသေလိမ့်မယ်”
အားဟူက...
“ဒါဖြင့် စောစောက သခင်လေးအသုံးပြုလိုက်တဲ့ သိုင်းပညာကျတော့ အဲဒီလို မဖြစ်ဘူးလား”
ရန်ကျောက်ကဲက...
“မိုးကြိုးဧကရာဇ်မျက်လုံးအကြောင်းစဉ်းစားရင်း အဲဒီသိုင်းပညာကို ငါ စဉ်းစားမိသွားတာ ၊ အဲဒီသိုင်းပညာက အခုမှ သန္ဓေတည်စပဲ ရှိသေးတယ် ၊ ပြီးပြည့်စုံခြင်း မရှိသေးဘူး ၊ အဲဒီသိုင်းပညာရဲ့အယူအဆကတော့ မိုးကြိုးတုန်လှုပ်သိုင်းပညာကို အခြေခံတယ်”
ရန်ကျောက်ကဲက သူ့ ညာဘက်လက်ကို အနည်းငယ်မြှောက်လိုက်ရင်း...
“ဒီသိုင်းပညာထဲမှာပါဝင်တဲ့ အသေးစိတ်အချက်အလက်တွေ အများကြီးရှိသေးတယ် ၊ အားတဲ့အချိန်ကျ မင်းကို ဖြည်းဖြည်းချင်း ရှင်းပြမယ်”
“ယေဘူယျသဘောတရားကတော့ ချီစွမ်းအားစီးဆင်းတာပါပဲ ၊ ပထမဓားကွက်ထုတ်ဖော်လိုက်တဲ့အချိန်မှာ စီးဆင်းလာတဲ့ချီစွမ်းအားတွေကို စွမ်းအင်ဗဟိုချက်ကို ပြောင်းပြန်စီးဆင်းစေမယ့်အစား သွေးကြောဆုံချက်တွေရှိရာကို အလျှင်အမြန်လှည့်ပတ်ပြီး စွမ်းအင်ဗဟိုချက်ကို အတည့်အတိုင်း ပြန်သွားစေတာပဲ ၊ သွေးကြောဆုံချက်တစ်နေရာကိုတော့ ယာယီအသုံးပြုဖို့ စွမ်းအင်ဗဟိုချက်ငယ်တစ်ခုအဖြစ် ဖန်တီးဖို့လိုတာပေါ့”
ရန်ကျောက်ကဲက ရှင်းပြသည်။
“ငါကတော့ ရှန်မန်သွေးကြောဆုံချက်ကို ယာယီစွမ်းအင်ဗဟိုချက်အဖြစ်အသုံးပြုဖို့ ရွေးချယ်ခဲ့တယ်”
“အဲဒီ ယာယီစွမ်းအင်ဗဟိုချက်က ကြယ်တာရာချီစွမ်းအားတွေကို အတွင်းထဲမှာ သိမ်းဆည်းမထားဘဲ လှည့်ပတ်သွားစေတယ် ၊ အဲဒီနည်းနဲ့ ချီစွမ်းအားလှည့်ပတ်မှုကို ပြီးပြည့်စုံစေတယ် ၊ ဒီနည်းလမ်းအတိုင်းသွားမယ်ဆိုရင် ဘာဖိအားမှမရှိဘဲ ချီစွမ်းအားကို အေးအေးဆေးဆေးထုတ်ဖော်ပြီး ဒုတိယဓားကွက်ကို ဆက်တိုက်အသုံးပြုနိုင်လိမ့်မယ်”
“အဲဒါက ချီစွမ်းအားစီးဆင်းမှုကို ပြောင်းပြန်လှန်ပစ်တဲ့ ကောင်းကင်မိုကြိုးခန်းမက မိုးကြိုးသွားပေါင်းစည်းခြင်းဓားသိုင်းနဲ့ မတူဘူး ၊ ချီစွမ်းအားစီးဆင်းတဲ့အတိုင်း အခြေခံတဲ့အတွက် ပိုပြီး သက်သောင့်သက်သာ ရှိတယ်”
အားဟူ သဘောပေါက်သွားသည်။
“ဒါဆိုရင် သွေးကြောဆုံချက်တွေအပေါ် သက်ရောက်တဲ့ဖိအားတွေ သိသိသာသာ လျေ့ကျသွားမှာပေါ့ ၊ သိုင်းကွက်ထုတ်ဖော်တဲ့သူ လုံလောက်တဲ့စွမ်းအားရှိနေသရွေ့ သိုင်းကွက် (၃)ကွက်ပဲ ပေါင်းပေါင်း ၊ (၄)ကွက်ပဲပေါင်းပေါင်း ၊ (၅)ကွက်တောင် ပေါင်းလို့ရမယ်ထင်တယ် ၊ စွမ်းအားရှိနေသရွေ့ သိုင်းကွက်တွေကို စိတ်ကြိုက် ပေါင်းစည်းထုတ်ဖော်နိုင်မှာပေါ့”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“အမှန်ပဲ... ၊ သိုင်းကွက်တွေ ဆက်တိုက်ပေါင်းစပ်နိုင်စွမ်းမြင့်မားလေ တိုက်ခိုက်ရေးစွမ်းရည် ပိုကောင်းလေပဲ ၊ ဒါပေမဲ့ တကယ့်တိုက်ပွဲတွေ ရင်ဆိုင်တဲ့အခါမှာတော့ ချီစွမ်းအားလှည့်ပတ်တဲ့ အရှိန်အဟုန်တစ်ခုတည်းနဲ့ ဆုံးဖြတ်ပေးနိုင်မှာ မဟုတ်ဘူး”
“တိုက်ပွဲတစ်ပွဲမှာ အနိုင်ရဖို့ လွှမ်းမိုးနိုင်တဲ့အချက်တွေ အများကြီးရှိပေမယ့် အဲဒါတွေက သိပ်ပြီး ကြီးကြီးမားမား ခြားနားချက်မရှိတဲ့အချိန်မျိုးမှာ ချီစွမ်းအားလှည့်ပတ်တဲ့ အရှိန်အဟုန်က ပိုအရေးပါလာတတ်တယ်”
အားဟူက...
“ဒီသိုင်းပညာက အခုမှ အစပဲရှိသေးတယ်လို့ သခင်လေး စောစောကပြောတယ် မဟုတ်လား ၊ ဒီသိုင်းပညာသာ ပြီးပြည့်စုံတဲ့အဆင့်ရောက်သွားရင် ဘယ်လိုဖြစ်လာမလဲ”
ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...
“အဲဒါ ပထမခြေလှမ်းပဲ ရှိသေးတယ်”
သူက ဆက်ပြောသည်။
“ကောင်းကင်အောက်မှာ သိုင်းပညာတွေအများကြီးရှိတယ် ၊ အားလုံးက သူ့ထူးခြားချက်နဲ့သူ ရှိတယ် ၊ ဒါပေမဲ့ မဟာတာအိုကတော့ ရိုးရှင်းတယ် ၊ သူ့ရဲ့ ဖွံ့ဖြိုးတိုးတက်ခြင်းနဲ့ ရှေ့ဆက်လုပ်ဆောင်ခြင်းက အဆုံးသတ်မှာတော့ အတူတူပါပဲ”
“တကယ့်တိုက်ပွဲတစ်ခုမှာ အရှိန်အဟုန်နှင့် စွမ်းအားက အရေးကြီးတယ် ၊ ဒါပေမဲ့ မဟာတာအိုကတော့ အဲဒါကနေ သွေဖယ်သွားတယ် ၊ မူကွဲတွေအများကြီးရှိတယ်ဆိုရင်တောင်မှ အဲဒီနောက်ကွယ်မှာ အရမ်းများတဲ့မူဝါဒစည်းမျဉ်းတွေ ရှိနေတယ် ၊ အဆုံးသတ်မှာတော့ အဲဒီအရာတွေအားလုံးက အရှိန်အဟုန်နဲ့ လျှင်မြန်ခြင်းအတွက် ပင်စည်တွေပါပဲ”
“စွမ်းအားဆိုတာ ဗလာနယ်ကနေ သူ့ကိုယ်သူခွဲထုတ်နိုင်စွမ်း ရှိတယ် ၊ အရှိန်အဟုန်ကတော့ အချိန်ကို ဖြတ်သန်းခရီးသွားနိုင်တယ် ၊ သေချာတဲ့အတိုင်းအတာတစ်ခုမှာ စွမ်းအားက “ခိုင်ခန့်မာကျော”တာကို ပြသပြီး အရှိန်အဟုန်ကတော့ “လျှင်မြန်မှု” ကို ပြသတယ်”
ရန်ကျောက်ကဲက သက်ပြင်းတစ်ချက်ချပြီး ဆက်ပြောသည်။
“ဒီထက်ပိုသွားမယ်ဆိုရင်တော့ကွာ... စွမ်းအားနဲ့ အရှိန်အဟုန်ကို ဖော်ပြနိုင်တဲ့ တခြား အဆင့်မြင့်အခြေခံမူတွေ ရှိပါသေးတယ် ၊ ဒါပေမဲ့ အဲဒါတွေကို လေ့လာရင် သူ့ရဲ့မူလနေရာကို နောက်တစ်ကြိမ် ထပ်သွားရလိမ့်မယ် ၊ အဲဒီအခါမှာ မင်းတွေ့ရတဲ့ တည်ရှိမှုက အခုထက်ပိုပြီး မြင့်မားတဲ့တည်ရှိမှုတစ်ခုပဲ”
“မဟာတာအိုနဲ့ တစ်သားတည်းကျသွားတာနဲ့ မရှိမှုတရားဖြစ်သွားလိမ့်မယ် ၊ အဲဒီအချိန်မှာ အတိတ်ဆိုတာလည်းမရှိ အနာဂတ်လည်းမရှိ အားလုံးက ပစ္စုပ္ပန်ပဲ”
အားဟူမှာ ပြောစရာစကားပျောက်ဆုံးသွားပြီး...
“.... သခင်လေး....”
ဟုသာ ရေရွတ်နိုင်တော့သည်။
ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...
“မင်း နားမလည်ဘူးမလား ၊ တကယ်တော့ ငါလည်းနားမလည်ဘူး ၊ အဲဒါ စာအုပ်ထဲမှာရေးထားတာတွေကို ပြောပြနေတာ ၊ စာအုပ်တွေထဲမှာရေးထားတာတွေ နောက်ထပ်အများကြီးရှိသေးတယ် ၊ သက်သေမပြနိုင်သေးသရွေ့ အဲဒီအရာတွေက မှန်လားမှားလား မပြောနိုင်ပါဘူး”
“ဒါပေမဲ့... အဲဒီစာအုပ်တွေထဲက အဆုံးမရှိနက်နဲတဲ့အရာတွေက ငါတို့ သိုင်းလေ့ကျင့်တဲ့အခါမှာတော့ အဆက်မပြတ်တိုးတက်မှုကို ဖြစ်ပေါ်စေတယ် ၊ ပြိုင်ဘက်နဲ့ရင်ဆိုင်ရတိုင်း ငါတို့ကိုပိုပြီး သန်မာစေတယ် ၊ တစ်ဖက်မှာလည်း ငါတို့မသိရသေးတဲ့ ကမ္ဘာကြီးအကြောင်းကို နားလည်ကြရတာပေါ့ကွာ”
အားဟူက ခေါင်းကိုတဗျင်းဗျင်းကုတ်ကာ ရယ်မောလိုက်ရင်း...
“ဒါကိုတော့ ကျွန်တော်နားလည်ပါတယ်”
ရန်ကျောက်ကဲနှင့်အားဟူ စကားပြောနေကြစဉ် ပတ်ဝန်းကျင်မှလူများသည်လည်း တဖြည်းဖြည်း သတိပြန်ဝင်လာကြသည်။ သူတို့အားလုံး ရန်ကျောက်ကဲကို စိတ်အားထက်သန်စွာဖြင့် လှမ်းကြည့်လိုက်ကြသည်။
ရှဲ့ကျစ်ယီဆိုသည်က ရှန်ထျန်းသိုင်းပညာရှင်အဆင့်တွင် ပြိုင်ဘက်ကင်းနံပါတ် (၁) ဖြစ်သည်။
ထိပ်သီးသိုင်းဂိုဏ်းကြီး (၆)ဂိုဏ်းမှ ရှန်ထျန်းအဆင့် သူရဲကောင်းများ ၊ ပါရမီရှင်များ ၊ သိုင်းကျင့်ကြံသူများအားလုံး မည်သူမှ သူ့ကို အနိုင်မယူနိုင်ခဲ့ကြပေ။
လှိုင်းနက်ဂေဟာမှ ရှဲ့ယိုချန်နှင့် အဆုံးမဲ့တောင်တန်းမှ လျိုရှန်းဖုန်းသည်ပင် သူ့ကို ယှဉ်နိုင်သူများ မဟုတ်ပေ။
သူက ကောင်းကင်ချိတ်ဆက်အဆင့်အောက် ကျင့်ကြံသူများကြားတွင် နံပါတ် (၁)ဖြစ်ပြီး သူ့ထက်ကျင့်ကြံခြင်းအဆင့် မြင့်မားသည့် ရွှီဖေး ၊ ထန်ယုံဟောင် ၊ စုန့်ချောင်တို့နှင့် ကောင်းကောင်းယှဉ်ပြိုင်နိုင်စွမ်း ရှိသည်။
ထို့ပြင် ထိပ်သီးသိုင်းဂိုဏ်းကြီး (၆)ဂိုဏ်းမှ သာမန် ကောင်းကင်ချိတ်ဆက်အဆင့် ကျင့်ကြံသူများသည်ပင် ရှဲ့ကျစ်ယီကို ယှဉ်နိုင်စွမ်း မရှိကြပေ။
ထိုကဲ့သို့ ကောင်းကင်ဘုံ၏မျက်နှာသာပေးခံရသော သားတော်တစ်ပါးသည် ယနေ့တော့ ရှန်ထျန်း အလယ်ဆင့် သိုင်းပညာရှင် ရန်ကျောက်ကဲလက်တွင် မရှုမလှ ရှုံးနိမ့်သွားခဲ့သည်။
ထိုအချက်ကြောင့် လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်နေကြဆဲပင်။
“ရန်ကျောက်ကဲက အချိန်တိုလေးအတွင်း ရှန်ထျန်းအလယ်ဆင့်ကို အဆင့်တက်သွားတာလား ၊ ဒါမှမဟုတ် လျိုရှန်းဖုန်းနဲ့ တိုက်ခိုက်ကတည်းက သူက ရည်ရွယ်ချက်ရှိရှိ ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားတာလား ၊
“ဒါပေမဲ့ အဲဒါ မဖြစ်နိုင်ဘူး”
ရွမ်ပင်း မျက်မှောင်ကြုတ်ထားရင်းဆိုသည်။
“ကောလဟလတွေအရ သူ ရှန်ထျန်းကနဦးအဆင့်တက်သွားတာတောင် သိပ်မကြာသေးဘူး ၊ ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်ထားတယ်ဆိုရင်လည်း... လွန်ခဲ့တဲ့နှစ်ဝက်လောက်က တိမ်လွှာတောင်မှာ သူက အပြင်ပိုင်းကြယ်တာရာချီအဆင့်ပဲ ရှိသေးတာ မဟုတ်ဘူးလား ၊ ဒါဆို နှစ်ဝက်အတွင်း အပြင်ပိုင်းကြယ်တာရာချီနှောင်းပိုင်းအဆင့်ကနေ ရှန်ထျန်း အလယ်ဆင့်ကို ခုန်တက်လာခဲ့တာပေါ့”
ရွှမ်ပင်း စဉ်းစားရင်း အနည်းငယ် ခေါင်းကိုက်သွားသည်။
သူ့ဘေးနားမှ မျက်နှာဝိုင်းဝိုင်းလေးနှင့် မိန်းမပျိုလေး ကျန်းယောင်က...
“ဒါဆို တိမ်လွှာတောင်မှာကတည်းက အစ်ကိုကြီး’ရန်’က ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်ထားခဲ့တာလား ၊ ဒါဆို အစ်ကိုကြီး’ရန်’ က ကျင့်ကြံခြင်းအဆင့်ကို ဘယ်အချိန်မှာ ဖုံးကွယ်ထားပြီး ဘယ်အချိန်မှာ အမှန်အတိုင်း ထုတ်ပြခဲ့တာလဲ”
“ဘယ်လိုပဲ စဉ်းစားစဉ်းစား ဒါက စိတ်ကူးနိုင်တာထက် ကျော်လွန်နေတယ်လို့ ခံစားရတယ်”
ရှဲ့ယိုချန်က ရန်ကျောက်ကဲကို တစ်ချက်လှမ်းကြည့်လိုက်ရင်း...
“နင်တို့တွေ ဘယ်လိုပဲ တွက်နေပါစေ သေချာတာတစ်ခုတော့ရှိတယ် ၊ အဲဒါကတော့ မောင်လေး’ရန်’က အသက် (၂၀)လောက်နဲ့ ရှန်ထျန်းအလယ်ဆင့် သိုင်းပညာရှင် ဖြစ်နေပြီဆိုတာပဲ”
သူမစကားကိုကြားတော့ ရွှမ်ပင်းနှင့် ကျန်းယောင်တို့ အလေးအနက် ခေါင်းညိတ်လိုက်ကြသည်။
ကျောက်စိမ်းပင်လယ်မြို့တော်မှ တပည့်များ၏စကားဝိုင်းတွင်တော့...
လီကျင်းဝမ်က စုန့်ချောင်နှင့် ရဲ့ကျုန်းကျိုးကို လှမ်းကြည့်ပြီး မချိပြုံးတစ်ချက်ပြုံးလိုက်သည်။
“ကျွန်မနဲ့ ရန်ကျောက်ကဲက သက်တူရွယ်တူပဲ မဟုတ်လား ၊ အခု သူက ရှန်ထျန်းအလယ်ဆင့်ဆိုတော့ ကျွန်မ လီကျင်းဝမ် အရူးလုံးလုံးဖြစ်ပါပြီ”
ရဲ့ကျုန်းကျိုးက လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရင်း...
“ဂိုဏ်းတူညီမလေး’လီ’ ၊ မင်းက ဒီလိုပြောတော့ ငါဆို ခွေးလုံးလုံးဖြစ်ပေါ့ဟာ...”
ရဲ့ကျုန်းကျိုးက အသက် (၃၀)ဝန်းကျင်ရှိသော်လည်း လက်ရှိတွင် ရှန်ထျန်းအလယ်ဆင့်သာလျှင် ရှိသေးသည် မဟုတ်ပါလား။
စုန့်ချောင်က ရန်ကျောက်ကဲကို တိတ်တဆိတ်ကြည့်နေရင်း အချိန်အတန်ကြာ စကားမဆိုဘဲ ငြိမ်သက်နေသည်။
ပြီးမှ...
“ဒီကမ္ဘာပေါ်မှာ အရမ်းထူးချွန်တဲ့ပါရမီရှင်တွေက အမြဲတမ်း ရှိနေတာပဲ ၊ သူတို့တွေက လူတွေအလယ် အမြဲတမ်းတောက်ပနေတာပဲလေ”
“ငါတို့တွေ ကိုယ့်ကိုယ်မလှည့်စားသင့်ဘူး ၊ ငါတို့က လူနည်းစုထဲမှာ ပါဝင်တဲ့ ပါရမီရှင်တွေဆိုရင် ရန်ကျောက်ကဲကတော့ လူနည်းစုထက်တောင် နည်းပါးတဲ့လူနည်းစုထဲက တစ်ယောက်ပါပဲ”
အဆုံးမဲ့တောင်တန်းမှ တပည့်များသည်လည်း ရန်ကျောက်ကဲကို အတန်ကြာ ကြည့်နေကြသည်။
ထို့နောက် ကျိဟန်ရူက သက်ပြင်းတစ်ချက်ချရင်း...
“ငါတော့ သူနဲ့ယှဉ်လို့ မရနိုင်တော့ဘူး”
တိမ်လွှာတောင်တွင် ရန်ကျောက်ကဲကို ရှုံးနိမ့်ခဲ့ပြီးနောက် ကျိဟန်ရူ ဝီရိယရှိရှိ ကျင့်ကြံပြီး ရန်ကျောက်ကဲကို ထပ်မံစိန်ခေါ်ရန် ကြံစည်ထားခဲ့သည်။ သို့မှသာ သူ့သိက္ခာကို ပြန်အဖတ်ဆည်နိုင်မည် ဖြစ်သည်။
ထိုသို့ဖြင့် အဆုံးမဲ့တောင်တန်း၏ ပင်မတိုက်ရိုက်တပည့်လည်းဖြစ် ၊ ပါရမီရှင်တစ်ယောက်လည်းဖြစ်သော ကျိဟန်ရူသည် ဖိအားများကို လှုံဆော်မှုအဖြစ် ပြောင်းလဲကာ ကျင့်ကြံခြင်းတစ်ဆို့ခြင်းကို ဖြတ်ကျော်ပြီး ရှန်ထျန်းအလယ်ဆင့်သို့ ရောက်ရှိလာခဲ့သည်။
သို့သော် ယနေ့ ရန်ကျောက်ကဲ၏ ကျင့်ကြံခြင်းအဆင့်နှင့် စွမ်းအားပြင်းထန်မှုကို တွေ့မြင်ရသည့်အခါ ထိုလူငယ်ကို နောက်တစ်ကြိမ်စိန်ခေါ်လိုစိတ်များ ရပ်တန်းရပ်သွားခဲ့သည်။
မည်သို့ပင်ဖြစ်စေ လက်ရှိကျိဟန်ရူသည် လွန်ခဲ့သည့်နှစ်ဝက်ကနှင့် မတူညီစွာ ကိုယ့်ကိုယ်ကိုယ် ကျေနပ်မှုရှိခဲ့ပြီး စိတ်ပျက်အားငယ်ခြင်းလည်း မရှိခဲ့ပေ။
ရန်ကျောက်ကဲကို စိန်ခေါ်ရန် ရပ်တန့်လိုက်ခြင်းမှာ အရှုံးပေးလိုက်ခြင်း မဟုတ်ပေ။ သူတို့ (၂)ယောက်ကြားမှ ကွာဟချက်က အလွန်များပြားခဲ့ပြီဖြစ်ရာ နောက်ကျကျန်ရစ်ခဲ့သူတစ်ယောက်အနေဖြင့် ရှေ့လျှောက် ရန်ကျောက်ကဲအပေါ် မနာလိုစရာလည်းမရှိတော့သလို မုန်းတီးစရာလည်း မရှိတော့ပေ။
သူ့ဘေးနားတွင်ရှိနေသည့် ကျောက်ဟို၏မျက်ဝန်းများကတော့ တောက်ပလျှက် ရှိသည်။ သူက ရန်ကျောက်ကဲကို စူးစိုက်ကြည့်နေပြီး မျက်နှာအမူအရာက အရင်ကထက်ပိုပြီး တည်ကြည်လေးနက်နေလေ၏။