Cisco က သူတို့နိုင်မယ်လို့ ထင်နေကြတယ်
Vol. 33 Ch. 481
တစ်နာရီကြာပြီးနောက် Cisco ၏ အဆင့်မြင့်အရာရှိများအားလုံး အစည်းအဝေးခန်းမထဲသို့ ရောက်လာခဲ့ကြ၏။ အိမ်ပြန်သွားခဲ့ကြသူများပင် ချောင်ကျားတုန်း၏ ခေါ်ယူခြင်းကြောင့် ပြန်လည်ရောက်ရှိနေကြလေသည်။ ထိုအထဲတွင် လုံရှင်း၏ သစ္စာဖောက် လျိုချူးလည်း အပါအဝင်ဖြစ်၏။
ထိုအခိုက်အတန့်တွင်တော့ Cisco၏ အမှုဆောင်အရာရှိ ဆယ်ဦးထက်မနည်း အစည်းအဝေးခန်းမထဲတွင် ရောက်ရှိနေကြပြီး ချောင်ကျားတုံး အဘယ်ကြောင့် ယခုအချိန်ကြီး ခေါ်လိုက်ရလဲဆိုတာကို မည်သူကမျှ မသိရှိကြချေ။
သိချင်စိတ်ပြင်းပြနေသော မျက်လုံးများကို မြင်တော့ ချောင်ကျားတုန်း ပြုံးလိုက်ပြီး “ လူတိုင်းပဲ… ငါ ဘာလို့အားလုံးကို ဒီအချိန်ခေါ်လိုက်ရလဲဆိုတာကို သိချင်နေကြမယ် ထင်တယ်… အဲ့တာကတော့ အကြောင်းပြချက် တစ်ခုတည်းပဲ… ငါတို့ရဲ့ ပြိုင်ဘက်ဟောင်းကြီး လုံရှင်းစင်တာက ချစ်ဗားရှင်း 1.0ကို ထုတ်လုပ်ဖို့ ကြေညာတော့မယ်…”
“ ဟမ်… ဒီကောင်တွေ ရူးသွားတာလားဟ .. တကယ်ကြီး ချစ်ပ်ဗားရှင်း 1.0ကို ထုတ်လုပ်တော့မလို့လား..” Cisco ၏ မန်နေဂျာတစ်ဦးမှ ရေရွတ်လိုက်၏။
“ သူတို့က ရူးနေတာ မဟုတ်ဘူး… ငါတို့ရဲ့ နောက်ဆက်ရွှေ့မယ့်အကွက်ကို ကြိုမမြင်ရုံလေးပဲ….”
ပြောလိုက်သူကတော့ ဟော်ယွမ်ယွမ်တို့နှင့် စာချုပ်လက်မှတ်ရေးထိုးခဲ့သည့် ယွင်ကျဲ့မင်ပင်။
ထိုအခိုက်အတန့်၌ လူတိုင်းယွင်ကျဲ့မင်၏ စကားကို နားမလည်ကြသောကြောင့် အားလုံးက သိချင်စိတ်ပြင်းပြစွာဖြင့် လှည့်ကြည့်လိုက်ကြ၏။
ယွင်ကျဲ့မင်လည်း ဂုဏ်ယူစွာ ပြုံးလိုက်ပြီး “ လူတိုင်း ဇဝေဇဝါ ဖြစ်နေတယ် ထင်ပါရဲ့… ဒါပေမယ့် ကျုပ်တို့ရဲ့ ဒါရိုက်တာလျိုက ဒီကိစ္စကို အားလုံးသိအောင် ပြောပြပေးလိမ့်မယ်…”
လူတိုင်း လျိုချူးဘက် ဦးလှည့်လိုက်ကြပြီး မေးခွန်း သင်္ကေတများဖြင့် ကြည့်လိုက်ကြသည်။
လျိုချူးလည်း ခါးကို ဖြောင့်စင်းနေအောင် မတ်လိုက်ပြီး ခေါင်းမော့ရင်ကော့ကာ “ ချစ်ပ်ဗားရှင်း 1.0 ကို တီထွင်တဲ့နေရာမှာ ကျုပ်တို့က လုံရှင်းသုတေသနစင်တာကို ဖိနှိပ်ပြီးတော့ မူပိုင်ခွင့်တင်ထားတယ်ဆိုတာ အားလုံးအသိပဲ...ဒါပေမယ့် အဲ့တာကို လျှို့ဝှက်ထားပြီး ကျုပ်တို့ Cisco ဘက်က အတိအလင်း မကြေညာရသေးဘူး… ကျုပ်တို့နဲ့ စာချုပ်လက်မှတ်ရေးထိုးထားတဲ့ ကတ်စတန်မာတွေကလည်း လျှို့ဝှက်ထားပေးဖို့ သဘောတူပြီးသားပဲ… ဒါကြောင့်မို့ ကမ္ဘာကြီးက ကျုပ်တို့ Cisco က ချစ်ပ်ဗားရှင်း 1.0ကို ထုတ်လုပ်ပြီးသွားပြီဆိုတာကို မသိကြသေးတာ…”
ဒါကြောင့် လုံရှင်းက သတင်းစာ ရှင်းလင်းပွဲ လုပ်နေတာကိုး.....
ထိုစကားကိုကြားတော့ အမှုဆောင်အရာရှိများအားလုံး သူ၏ ဆိုလိုရင်းကို နားလည်သွားကြ၏။ တစ်နည်းအားဖြင့်ဆိုရသော် Cisco မှ ချစ်ပ်ဗားရှင်း 1.0 နည်းပညာကို ထုတ်လုပ်ထားပြီးဖြစ်ကြောင်း အများပြည်သူမှ မသိရှိသောကြောင့် လုံရှင်းသုတေသနစင်တာလည်း သတင်းအမှောင်ချခံလိုက်ရသည့် ပုံစံပင်။
လူတိုင်း၏ နားလည်နေသည့် အကြည့်များကိုမြင်တော့ လျိုချူး ဆက်လက်၍ “ လုံရှင်းက ဘာလို့ ချစ်နည်းပညာ 1.0ကို ကြေညာဖို့ ဒီလောက်ထိ ကြာနေတာလဲဆိုရင် နည်းပညာပိုင်းဆိုင်ရာ bug တွေကို ပြုပြင်နေလို့ပဲ… သူတို့က အနိမ့်ပိုင်းကို ရောက်နေတယ်ဆိုရင်တောင်မှ ဂုဏ်သတင်းနဲ့ ပတ်သက်ပြီး အထိခိုက်မခံဘူး....ဆိုတော့ သူတို့ရဲ့ ချစ်ပ်စွမ်းဆောင်ရည်တွေက ကျုပ်တို့ထက် တည်ငြိမ်မှာတော့ အမှန်ပဲ…." လျိုချူး ယုံကြည်ချက်ပြည့်ဝနေသည့် အပြုံးဖြင့် ပြောလိုက်ပြီး “ ဒါပေမယ့် အဲ့ဒါကလည်း ကိစ္စတော့မရှိပါဘူး… bugs နည်းနည်းလေးရှိတတ်တာက ပုံမှန်ပဲလေ… အဓိကက သူတို့ရဲ့ အရင်းအမြစ်ကုတ်တွေက ကျုပ်တို့နဲ့အတူတူပဲ… ပြီးတော့ Cisco ကလည်း ဒီအတွက် မူပိုင်ခွင့်တွေ အားလုံးကို တင်ထားပြီးသား… သူတို့ သတင်းစာရှင်းလင်းပွဲလုပ်တဲ့အချိန်ကျရင် ကျုပ်တို့ဘက်က ဒီရဲ့ မူပိုင်ခွင့်တွေထုတ်ပြီးတော့ လုံရှင်းရဲ့ အလစ်အငိုက်ကို ဖမ်းပြီး အပြတ်သတ် ချေမှုန်းပစ်ရမယ်… ဒီလိုသာဆို လုံရှင်းစင်တာက ချစ်ပ်နယ်ပယ်မှာ လူကဲ့ရဲ့စရာကြီး ဖြစ်သွားတော့မှာ….”
ထိုရှင်းပြချက်ကို ကြားပြီးနောက် အမှုဆောင်အရာရှိများအားလုံး သူတို့ Cisco ၏ရွေ့ကွက်မှာ မည်မျှ နည်းဗျူဟာကျကြောင်း နားလည်သွားကြတော့၏။
မူလကတော့ သူတို့အားလုံး အဘယ်ကြောင့် Cisco က မိမိတို့ အောင်မြင်စွာ ဖန်တီးထားသည့် ချစ်ပ်နည်းပညာ 1.0 ကို သတင်းစာရှင်းလင်းပွဲလုပ်၍ မကြေညာရလဲဆိုတာကို ပဟေဠိ ဖြစ်နေကြလေသည်။
အမှန်တော့ ၎င်းတို့က အခါကောင်းကို စောင့်ဆိုင်းနေကြခြင်းပင်။
ချောင်ကျားတုန်း လျိုချူးကို အသိအမှတ်ပြုသည့် အကြည့်တစ်ချက်ပေးလိုက်ပြီးနောက် အစည်းအဝေးခန်းထဲရှိ ကျန်သူများကိုကြည့်ကာ “ဒါက ဒီနေ့အစည်းအဝေးရဲ့ ရည်ရွယ်ချက်ပဲ…. လူတိုင်း အလေးအနက်ထားကြလိမ့်မယ်လို့ ငါမျှော်လင့်တယ်… ဒီတစ်ခေါက်တော့ ငါတို့ဘက်က လုံရှင်းကို အသက်ရှူချိန်လေးတောင် ပေးလိုက်လို့ မဖြစ်ဘူး… တရစပ် ထိုးနှက်ပစ်ရမယ် …ကုမ္ပဏီနှစ်ခုက နှစ်ပေါင်းများစွာကြာအောင် တိုက်ခိုက်လာတာဆိုတော့ နောက်ဆုံးတော့ အနိုင်ရတဲ့သူကို ဆုံးဖြတ်ဖို့ အချိန်ပဲ….”
“ နားလည်ပါပြီ ဥက္ကဌချောင်….”
…………………
နောက်တစ်နေ့ နံနက်သို့ ရောက်သောအခါ လင်းရီ ဆေးရုံသို့ ရောက်လာခဲ့လေသည်။
သူရောက်လျှင်ရောက်ချင်း ဌာနထဲတွင် ချောင်ရှင်း၏ တက်ကြွနေသည့် အသံကို ကြားလိုက်ရ၏။
"ရှင်းရှင်း....ဘာတွေများ အဲ့လောက်ထိ အားပါးတရနဲ့ အတင်းတုပ်နေတာ.... ဟိုးအပြင်ကနေ နားထောင်လိုက်ရင် မင်းအသံချည်းပဲ...."
“ အစ်ကိုရီ … ဒါရိုက်တာသွမ့်က ရာထူးရွေ့ပြောင်းခံလိုက်ရပြီတဲ့….”
“ ရွေ့ပြောင်းခံလိုက်ရတယ်…”
လင်းရီ တခဏမျှ ကြက်သေသေသွားပြီးနောက် ဘာဖြစ်နေလဲဆိုတာကို နားလည်သွားခဲ့လေသည်။
“ သူက ဘယ်လဲ ရွေ့ပြောင်းခံလိုက်ရတာ…”
“ ညီမ ကြားတာတော့ သူ ဖူတန်ဆေးဌာနကိုရောက်သွားပြီးတော့ ဒုဥက္ကဌ ဖြစ်နေတယ်ဆိုပဲ…”
လင်းရီ ခေါင်းညိမ့်လိုက်၏။ သို့သော်လည်း ခေါင်းထဲထည့် မနေခဲ့ပေ။
ရာထူးအရတော့ ဘာမျှ ထွေထူးပြောင်းလဲသွားခြင်းမရှိသို့သော်လည်း တက္ကသိုလ်၏ ဒုဥက္ကဌ ရာထူးကတော့ မြင့်မားသည့် လစာအခွင့်အရေးတို့ ရှိမနေချေ။ ထို့ကြောင့် အခြားရှုထောင့်တစ်ဖက်မှ ကြည့်မည်ဆိုလျှင် ရာထူးတစ်ဝက် အလျှော့ခံလိုက်ရသည်ဟု ဆိုနိုင်လေသည်။
သို့တိုင်အောင် ထိုအခြေအနေကပင် အကောင်းဆုံးဖြစ်နေသည်ဟု ပြော၍ ရ၏။ အနည်းဆုံးတော့ အသက်ကြီးခါမှ သံတိုင်များနောက်တွင် အနားမယူရတော့ချေ။
“ ဒါရိုက်တာမြောင်ကကော… သူလည်း အရွေ့ခံလိုက်ရတာပဲလား….”
“ ဒါရိုက်တာမြောင်ကတော့ အေးအေးဆေးဆေးပဲ....သူ ဒီမနက် ညီမကို မြင်တုန်းကတောင်မှ ပြုံးပြနေသေးတယ်….”
လင်းရီ ခေါင်းညိမ့်လိုက်ပြီး အခြေအနေကို အကြမ်းဖျင်းနားလည်သွားခဲ့၏။
သူတို့၏ အမှုမှာ သိပ်မပြင်းထန်ပုံပင်။ မဟုတ်ပါက နေရာရွေ့ခံလိုက်ရသည်နှင့် အဆုံးသတ်သွားလိမ့်မည် မဟုတ်ချေ။
“ တော်သင့်ပြီ..... နင်တို့ ဆွေးနွေးနေတာတွေ ရပ်လိုက်ကြတော့ …. ဒီကိစ္စက နင်တို့နဲ့ ဘာမှဆိုင်တာမဟုတ်ဘူး…” လီချူးဟန် ပြောလိုက်သည်။
“ ဟုတ်……..”
လူစုကွဲသွားသည့် အချိန်တွင်တော့ လီချူးဟန် လင်းရီထံ လျှောက်လာပြီး အဖြူရောင် စာအိတ်တစ်စောင်ကို ကမ်းပေးလိုက်၏။
"ဒါက ဘာကြီးလဲ...."
"ဆေးဌာနက ငါတို့ကို ဖိတ်စာပို့လိုက်တာလေ.... "လီချူးဟန် သူမ ဆံပင်ကို ဖြီးသပ်လိုက်ပြီး "ကျောင်းက ငါတို့လို ဆရာ၀န်တွေကို ဖိတ်ကြားပြီးတော့ လက်ချာတန်းတွေ သင်ခိုင်းလေ့ရှိတယ်... အဲ့ဒါက မနက်ဖြန် နေ့လည် တစ်နာရီပဲ... နင် အားလား...."
လင်းရီ ပခုံးတွန့်လိုက်ပြီး "အရမ်းအားတာပေါ့... မနက်ဖြန် ခွဲစိတ်ရုံကလွဲပြီး ဘာမှ လုပ်စရာမရှိဘူး.... "
"အင်း.. အဲ့တာဆိုရင် ငါ ကျောင်းကို ပြန်ပြောလိုက်တော့မယ်လေ... မနက်ဖြန် အတူသွားကြမယ်.... "
"ကောင်းပြီ ဒါနဲ့.... ဟိုလို ထွေထူး အ၀တ်အစားကြီးတွေ ၀တ်ဖို့ကော လိုသေးလား.... "လင်းရီ မေးလိုက်ပြီး "ငါတို့ ၀တ်စုံပြည့်နဲ့ နက်ခ်တိုင်တွေ ၀တ်ဖို့တော့ မလိုလောက်ပါဘူးနော.... "
"မလိုပါဘူး... သူတို့ပြောတာကတော့ သာမန် အ၀တ်အစားနဲ့ လာလည်း ရတယ်လို့ ပြောတာပဲ... "
"ဘောင်းဘီတိုနဲ့ ညှပ်ဖိနပ် စီးသွားလို့ကော ရလား..."
လီချူးဟန် လင်းရီကို မျက်စောင်းထိုးလိုက်ပြီး "အဲ့လိုတော့ ဘယ်ရမှာ... နင် ပုံမှန် ဘယ်လို အ၀တ်အစားမျိုး ၀တ်ရတာကြိုက်လဲ... ငါ၀ယ်ပေးမယ်လေ...."
"ဒါမှမဟုတ် ခနနေ ခွဲစိတ်ခန်း၀င်ပြီးတော့မှ သွားဝယ်ကြရင်ကော... မင်းလည်း အ၀တ်စားလှလှလေး ၀ယ်လို့ရတယ်လေ.... "
"တော်ပြီ... ငါကတော့ အဆင်ပြေတာပဲ ကောက်၀တ်သွားလိုက်တော့မယ်... "
"အဲ့လိုလုပ်လို့ ဘယ်ရမှာ... မင်းက ဟွာရှန်းဆေးရုံရဲ့ အလှနတ်သမီးလေးဆိုတော့ အရမ်းကြီး သာမန်ဆန်နေလို့ ဘယ်ဖြစ်မှာ... "
"ပြီးတော့ မင်းက အဓိက စကားပြောမယ့်သူဆိုတော့ ပိုပြီး ကြည့်ကောင်းနေဖို့ လိုတယ်လေ... "
"အွန်း... နင်ပြောတဲ့ အတိုင်းပဲပေါ့.... "လီချူးဟန် တီးတိုးပြောလိုက်၏။ လင်းရီသူမကို ထိုသို့ ချီးမွမ်းလာလိမ့်မည်လို့ ထင်မှတ်မထားခဲ့ချေ။
"အမ်... ဒါရိုက်တာလီ... ဘာလို့ ရှင့်မျက်နှာက အရမ်းတွေ နီရဲနေတာ... "
နှစ်ယောက်သား စကားပြောရင်း လမ်းလျှောက်လာစဉ် ချောင်ရှင်းနှင့် ပက်ပင်းတိုးမိလေသည်။ လီချူးဟန် မလုံမလဲ ဖြစ်သွားကာ လင်းရီနားမှ အလိုလို ခွာမိလိုက်၏။
"ကျွန်မ---- တစ်ခုခု နှောင့်ယှက်မိသွားတာလား....အိုကေ.. ခုသွားတော့မယ်... ဒါရိုက်တာလီတို့ ဆက်ပြောကြနော်....."
"ပြန်လာခဲ့စမ်း...."လီချူးဟန် ပြန်အော်ခေါ်လိုက်ပြီး "ပေါ်တတ်ကရတွေ လျှောက်လုပ်မနေနဲ့... အလုပ်အပေါ်မှာပဲ အာရုံစိုက်.... "
ချောင်ရှင်း ရယ်မောပြီးနောက် သူမလက်ထဲရှိ စာရွက်စာတမ်းများကို ကမ်းပေးကာ "ဒါရိုက်တာလီ... ကျွန်မဘက်ကတော့ လူနာမိသားစုဆီကနေ သဘောတူလက်မှတ်တွေ ယူလာခဲ့ပြီးသွားပြီ... အချိန်မရွေး ခွဲစိတ်မှု စတင်လို့ ရပြီ.... "
"ကောင်းပြီ... နင်သွားပြီး စီစဉ်ထားလိုက်တော့... လူနာကို ခွဲစိတ်ခန်းထဲ အရင် ပို့ထားဦး... ငါနဲ့ နင့်ရဲ့အစ်ကိုရီတို့ နောက်ကနေ လိုက်လာခဲ့မယ်.... "
"ဟုတ်ကဲ့... နားလည်ပါပြီ.... "
ချောင်ရှင်း ခေါင်းငြိမ့်လိုက်ပြီး သူမအလုပ်သွားလုပ်ရန် တစ်ဖက်သို့ လှည့်သွားလိုက်လေသည်။
လင်းရီနှင့် လီချူးဟန်တို့ကတော့ စားပွဲပေါ်ရှိ စာရွက်စာတမ်းများကို သေချာပြန်စီလိုက်ပြီး ခွဲစိတ်မှုအတွက် ထွက်ခွာရန် ဟန်ပြင်လိုက်၏။
သို့သော်လည်း ထိုအခိုက်အတန့်တွင် အခန်းတံခါးမှာ ပွင့်ဟလာခဲ့ပြီး တစ်စုံတစ်ယောက် ခိုးကြောင်ခိုးဝှက်ဖြင့် ခေါင်းပြူလာခဲ့လေသည်။
"ဒါရိုက်တာလီ.... ဒါရိုက်တာလင်း.... ကျုပ်က လူနာအခန်း ၈၁၂က စွန်းဟော်ပင်းရဲ့သား စွန်းကျားချန်လေ... "
လင်းရီ ယခု ရောက်လာသည့်လူကို မှတ်မိလေသည်။ သူ လူနာ လိုက်ကြည့်စဉ်အခါက လေးငါးကြိမ်ခန့် တွေ့ဆုံခဲ့ပြီး ထိုလူ၏ မိသားစုနောက်ခံမှာလည်း အတော်လေး မဆိုးလှချေ။
"ကျွန်မတို့ သိတယ်... ရှင့်အဖေက ခု ခွဲစိတ်ခန်း ၀င်ရတော့မှာ... ဘာကိစ္စရှိလို့လဲ..."လီချူးဟန် မေးလိုက်၏။
"ဟိုလို အထွေအထူးကြီးတော့ မဟုတ်ပါဘူး..."စွန်းကျားချန် ဟုန်ပေါင်း နှစ်အိတ်ကို ထုတ်လိုက်ပြီး လင်းရီနှင့် လီချူးဟန်တို့ရှေ့ ချပေးလိုက်ပြီး
"ဒါရိုက်တာလီ... ဒါရိုက်တာလင်း... ကျုပ် အဖေရဲ့ ခွဲစိတ်မှုအတွက် ဒါရိုက်တာတို့ကို အားကိုးမယ်နော်....”