ကမ္ဘာနှစ်ခုကို ဆက်သွယ်ပေးခြင်း
Vol. 40 Ch. 546
ချင်မူ အသက်ပြင်းပြင်း ရှူသွင်းလိုက်မိသည်။ ဧကရာဇ်အတိုင်ပင်ခံကို မြင်လိုက်ရသည်နှင့် ဆွေမျိုးအရင်းကြီးအား မြင်တွေ့လိုက်ရသကဲ့သို့ အလွန်ဝမ်းမြောက်သွားတော့သည်။ ဤလူကား မဟာမြို့ပျက်မှ ထိုက်ဧကရာဇ်ကောင်းကင်ဘုံသို့ အရှင်လတ်လတ်ကြီး ရောက်လာခဲ့ကာ စွမ်းအင်အကူးအပြောင်းတံတား အလုပ်ဖြစ်ကြောင်း သက်သေပြလိုက်ချေပြီ။ အချိန်ကိုက် ကွက်တိရောက်လာခဲ့သဖြင့် ချင်မူ့အတွက် ရေငတ်တုန်း ရေတွင်းထဲကျသွားသကဲ့သို့ အကူအညီဖြစ်သွားသည်။
မဟုတ်လျှင် သူတို့မည်မျှကြာကြာ တောင့်တောင့်ကြီး ပြုံးနေရမည်လဲ မသိပေ။
ချင်မူမှာ တံတားအလုပ်ဖြစ်မဖြစ် စမ်းသပ်ရန် တံတားကိုလည်း ဖြတ်မလျှောက်ရဲပေ။ အမှားတစ်ခုရှိနေပါက ငါးဖယ်လုံး ဖြစ်သည့်အထိ စုတ်ပြဲဖိသိပ်ခံရလိုက်မည်ကို သူနှင့်ကျားနတ်မင်းနှစ်ယောက်လုံး တွေးကြောက်နေခဲ့ကြ၏။
ဧကရာဇ်အတိုင်ပင်ခံ အရှင်လတ်လတ် ရောက်လာခဲ့၍ တော်ပါသေးသည်။
သူတို့နှစ်ယောက် စိုးရိမ်ကြောက်လန့်နေခဲ့သည့် အဓိကအကြောင်းရင်းမှာ နေကို ဖျက်စီးမိခဲ့ခြင်းဖြစ်သည်။ စွမ်းအင်အကူးအပြောင်းတံတားလည်း အသုံးမဝင်ပါက ထိုက်ဧကရာဇ်ကောင်းကင်နတ်ဘုံ၏ ကောင်းကင်နတ်သိုင်းပညာရှင်များနှင့် နတ်ဘုရားများ သူတို့ကို အသေမသတ်လျှင်တောင်မှ ဒုက္ခိတဖြစ်သွားအောင် ရိုက်ကြလိမ့်မည်။
ဧကရာဇ်အတိုင်ပင်ခံ အရှင်လတ်လတ် ရောက်လာခဲ့၍ တော်ပါသေးသည်။
“ကောင်းကင်က နေက....” ထာတရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက တစ်ခြမ်းပဲ့နေသော နေကို ခေါင်းမော့ကြည့်ပြီး အလျင်အမြန် အကြည့်လွှဲလိုက်၏။ သူက ဣန္ဒြေပြန်ဆည်ရင်း မေးလိုက်သည်။ “ဂိုဏ်းသခင် ဒါက ဘယ်နေရာလဲ.... ဒီအဆွေတော်တို့က ဘယ်သူတွေပါလိမ့်"
“အချိန်ကိုက်ပဲ ဧကရာဇ်အတိုင်ပင်ခံ” ချင်မူက ကျယ်လောင်စွာ ပြောလိုက်သည်။ “အားလုံးပဲ မိတ်ဆက်ပေးပါရစေ… ဒီလူက နှစ်ငါးရာမှ တစ်ကြိမ်ပေါ်တဲ့ ပါရမီရှင်၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဧကရာဇ်အတိုင်ပင်ခံပါ... အမှန်တိုင်းပြောရရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာသားတွေရဲ့ ကောင်းကင်တံတားတွေဟာ ကျိုးပျက်နေခဲ့ပါတယ်... ဧကရာဇ်အတိုင်ပင်ခံဟာ နတ်ဘုရားအဖြစ် ပထမဆုံးကျင့်ကြံနိုင်ခဲ့တဲ့သူပါ... သူက ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဦးဆောင်နေတဲ့လူလည်း ဖြစ်ပါတယ်.... ဧကရာဇ်အတိုင်ပင်ခံ၊ ဒါက ကောင်းကင်ဘုံ ၃၃ ခုရဲ့ ပထမကောင်းကင်ဘုံ၊ ထိုက်ဧကရာဇ်ကောင်းကင်ဘုံပါ... ကောင်းကင်ထက်က ဟိုလူကတော့ အစစ်အမှန်နတ်ဘုရားပန်ယုတဲ့”
အစစ်အမှန်နတ်ဘုရားပန်ယုနှင့် ကျန်နတ်ဘုရားများမှာ ရင်ထဲ မထိမိဘဲ မနေတော့ပေ။ သူတို့အားလုံး မြေကြီးပေါ် ကပျာကယာ ဆင်းသက်လိုက်ကြပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကို နှုတ်ဆက်ကြ၏။ အစစ်အမှန်နတ်ဘုရားပန်ယုက ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောလာသည်။ “ဒါက နှစ်ငါးရာမှ တစ်ကြိမ်ပေါ်တဲ့ ပါရမီရှင်ပေါ့... တွေ့ရတာ ဝမ်းသာပါတယ် အဆွေတော်... နှစ်ငါးရာကြာတိုင်း ပါရမီရှင်တစ်ယောက် ပေါ်ထွန်းတတ်တဲ့အကြောင်း ကျုပ် ကြားဖူးတယ်ဗျ... ကြားတုန်းကတော့ ပေါက်ကရတွေလို့ တွေးနေတာ ... အခုလို တကယ့်လူတစ်ယောက်နဲ့ ဆုံတွေ့ရမယ် မထင်ထားဘူး”
ဧကရာဇ်အတိုင်ပင်ခံက ပြန်နှုတ်ဆက်ပြီး နှိမ့်နှိမ့်ချချ ပြောလိုက်သည်။ “အဆွေတော်က ယဉ်ကျေးလွန်းနေပါပြီ.... ကျုပ်က အခုလိုကမ္ဘာကြီးကို မရောက်ဖူးတဲ့ ရွာဇနပုဒ်က လူလေးတစ်ယောက်ပါပဲ... နှစ်ငါးရာမှ တစ်ကြိမ်ပေါ်တဲ့ ပါရမီရှင်ဆိုတာ ကျုပ်တို့ရွာဇနပုဒ်လေးက မြှောက်ပင့်စကားလေးပဲ ဖြစ်ပါတယ်”
ပန်ယုက ကျယ်လောင်စွာ ရယ်လျက် ခေါင်းယမ်းလိုက်၏။ “ဧကရာဇ်အတိုင်ပင်ခံကတော့ အထင်မှားနေပြီ... ခင်ဗျားတို့ကမ္ဘာက ရွာဇနပုဒ်ဆိုရင် ကျုပ်တို့ထိုက်ဧကရာဇ်ကောင်းကင်ဘုံက ဇရပ်ဖြစ်လိမ့်မယ်... ခိုင်ဧကရာဇ်ခေတ်၊ ချုံဧကရာဇ်ခေတ်... ခေတ်အားလုံးက ခင်ဗျားတို့နေရာမှာ တည်ရှိခဲ့တာပါ... ထိုက်ဧကရာဇ် နှစ်ပေါင်းနှစ်သောင်းတိုင်တိုင် ကောင်းကင်နတ်ဆိုးတွေနဲ့ တိုက်ခိုက်နေတဲ့ အကြောင်းရင်းကလည်း ခင်ဗျားတို့ကမ္ဘာကို ကာကွယ်ဖို့ အတွက်ပါပဲ”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ရင်ထဲတွင် ပြင်းပြင်းထန်ထန် တုန်လှုပ်သွားသည်။ ချင်မူ့အမူအရာလည်း ကြောင်ကြောင်ငေးငေး ဖြစ်သွား၏။ အစစ်အမှန်နတ်ဘုရားပန်ယု ထိုသို့ပြောလိမ့်မည်ဟု သူတို့မမျှော်လင့်ထားခဲ့ပေ။
သူ့စကားတွင် အချက်အလက်များလွန်းသဖြင့် ချင်မူနှင့် ဧကရာဇ်အတိုင်ပင်ခံမှာ နားလည်အောင် အချိန်အနည်းငယ် ယူလိုက်ရသည်။
“စွမ်းအင်အကူးအပြောင်းတံတားက ကမ္ဘာနှစ်ခုအကြား ဆက်သွယ်ပေးလိုက်ပြီဆိုတော့ ကျုပ်တို့ ထိုက်ဧကရာဇ်ကောင်းကင်ဘုံအတွက် ကောင်းမွန်တဲ့အရာပဲ.... ထပ်မတောင့်ခံနိုင်တော့ရင် ကောင်းကင်နတ်ဘုံဆီ သွားလို့ရပြီ”
ပန်ယုက ချင်မူ့ကို အရိုအသေပေး၍ ရိုးသားစွာ ပြောလိုက်သည်။ “မိတ်ဆွေလေးချင်၊ နေအသစ် မသွန်းပေးနိုင်လည်း ကိစ္စမရှိပါဘူး... ကျုပ်တို့ ထိုက်ဧကရာဇ်ကောင်းကင်ဘုံအနေနဲ့ မိတ်ဆွေလေးချင်ရဲ့ ကျေးဇူးကို အမှတ်ရနေပါ့မယ်”
ချင်မူလည်း ကပျာကယာ အရိုအသေပေးလိုက်၏။ “ဆရာပန်ယုက ယဉ်ကျေးလွန်းနေပါပြီ... ဒါက လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စပါဗျ... အမှတ်ရနေစရာ မလိုပါဘူး”
ဧကရာဇ်အတိုင်ပင်ခံက တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် ရှုပ်ထွေးသော စွမ်းအင်အကူးအပြောင်းတံတားနှင့် ယဇ်ပလ္လင်ကြီးကို ကြည့်လိုက်ပြီး တလေးတစား စုပ်သပ်လိုက်၏။ “စွမ်းအင်ကူးပြောင်းခြင်းတဲ့လား... ဂိုဏ်းသခင်ကတော့ တကယ် စံပါပဲ.... ငါ မဟာမြို့ပျက်ထဲ နားနေတုန်း မိုးလေဝသအပြောင်းအလဲနဲ့ ယဇ်ပလ္လင်ကို မြင်ခဲ့တယ်... ရေစစ်နှစ်ခုကို ဆက်ထားသလို အဝကျယ်ပြီး ခါးသိမ်နေတဲ့ အလင်းတံတားတစ်စင်းကိုလည်း တွေ့လိုက်ရတော့ မိစ္ဆာနတ်ဆိုးတစ်ကောင်ကောင် ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ ဆင်းလာတယ်မှတ်နေတာ
“ငါလည်း သိချင်စိတ်နဲ့ ယဇ်ပလ္လင်ဆီ သွားကြည့်တော့ အင်မတန် ပြောင်မြောက်တဲ့ လက်ရာကို တွေ့ခဲ့ရတယ်... စွမ်းအင်အကူးအပြောင်းအတွက် သုံးထားတဲ့ အက္ခရာသင်္ချာကလည်း အင်မတန် နက်ရှိုင်းတယ်.... ဒါကြောင့် ဝင်ကြည့်ခဲ့တာပဲ... လက်စသတ်တော့ ဒီလိုခမ်းနားကြီးကျယ်တဲ့ စိတ်ကူးပိုင်ရှင်က ဂိုဏ်းသခင်ဖြစ်နေတာကိုး”
ချင်မူ အကြီးအကျယ် ဘဝင်ခွေ့သွားပြီး နှိမ့်ချပြောဆိုလိုက်သည်။ “ဧကရာဇ်အတိုင်ပင်ခံကတော့ ချီးကျူးလွန်းနေပါပြီ... ဒါက အစ်ကိုကြီးကျားကြောင့်လည်း အများကြီး ပါပါတယ်”
သူက ဧကရာဇ်အတိုင်ပင်ခံကို နတ်ဘုရားအားလုံးနှင့် မိတ်ဆက်ပေးပြီး အဓိပ္ပါယ်အပြည့်ဖြင့် ပြောလိုက်၏။ “ဧကရာဇ်အတိုင်ပင်ခံ၊ တန်ခိုးရှင်သစ်ခုတ်သမားလည်း ဒီထိုက်ဧကရာဇ်ကောင်းကင်ဘုံကို ရောက်နေတယ်”
“တန်ခိုးရှင်သစ်ခုတ်သမား”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ စိတ်လှုပ်ရှားလာသည်။ သူ ပြုပြင်ပြောင်းလဲမှုအား စတင်ခဲ့သည့်အကြောင်းရင်းက ကောင်းကင်တန်ခိုးရှင်ဂိုဏ်း၏ အဖွင့်စာသား - သာမန်လူများအတွက် နိစ္စဓူဝ အသုံးဝင်မှု ကြောင့် ဖြစ်သည်။
ထွက်ရပ်ပေါက်ရာ တန်ခိုးရှင်လမ်းစဉ်မှာ သူ့တစ်ဘဝလုံး လျှောက်နေခဲ့သောလမ်းပင် ဖြစ်၏။
သူတော်စင်တန်ခိုးရှင်တစ်ယောက် ဖြစ်လိုပါက ထာဝရရှင်သန်ခြင်းသုံးမျိုးကို ဖြည့်ဆည်းရသည်။ ကောင်းမွန်သော ကိုယ်ကျင့်သိက္ခာ ထူထောင်ခြင်း၊ ကောင်းမှုကုသိုလ် ဆောက်တည်ခြင်း၊ ဉာဏ်အလင်းပြနိုင်တဲ့ စိတ်ကူးစိတ်သန်းများ ချန်ရစ်ခြင်း - ထိုသုံးမျိုးအား သူ ဖြည့်ဆည်းခဲ့ပြီးချေပြီ။
လေးစားအားကျခဲ့သော ဒဏ္ဍာရီလာပုဂ္ဂိုလ် ဤနေရာသို့ ရောက်နေမည်ဟု မထင်ထားခဲ့ရာ သူ စိတ်မလှုပ်ရှားဘဲ နေမည်လော...
သူ့ကို ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းအပေါ် တင်ပေးခဲ့သော ဤအထွတ်အမြတ်ဆရာသခင်ကို သူ အမှန်တကယ် တွေ့ချင်မိသည်။
ချင်မူမှာ ဧကရာဇ်အတိုင်ပင်ခံ စိတ်လှုပ်ရှားနေသည်ကို မြင်ခဲသဖြင့် ပြုံးလိုက်မိ၏။ “အခုတော့ တန်ခိုးရှင်သစ်ခုတ်သမားက ဒီမှာ မရှိသေးဘူး... နတ်ဘုရားနှစ်ဆယ့်လေးပါးနဲ့ ကောင်းကင်နတ်ဆိုးတွေကို သွားချေမှုန်းနေတယ်.... ဧကရာဇ်အတိုင်ပင်ခံက အခုမှရောက်လာတာဆိုတော့ ထိုက်ဧကရာဇ်ကောင်းကင်ဘုံအကြောင်း နားမလည်သေးဘူး... ကျွန်တော် အကြောင်းစုံပြောပြလိုက်တာနဲ့ စွမ်းအင်အကူးအပြောင်းတံတား ဘယ်လောက်အံ့ဩစရာကောင်းမှန်း သိသွားမှာပါ”
ထို့နောက် သူက အဓိပ္ပါယ်ပါပါ ပြောလိုက်သည်။ “ထိုက်ဧကရာဇ်ကောင်းကင်ဘုံရဲ့ လမ်းစဉ်၊ ကျင့်စဉ်အမွေတွေက ဘယ်တုန်းကမှ မပျက်စီးခဲ့ဘူး”
“ဘာ” ဧကရာဇ်အတိုင်ပင်ခံ၏မျက်နှာတွင် မယုံနိုင်မှုတို့ ထင်ဟပ်လာပြီး သူက အော်ဟစ်လိုက်သည်။ “လမ်းစဉ်၊ ကျင့်စဉ်အမွေတွေက ဘယ်တုန်းကမှ မပျက်စီးခဲ့ဘူးဟုတ်လား.... မင်းဆိုလိုတာက သူတို့ရဲ့ ကျင့်စဉ်သိုင်းကွက်တွေ၊ ကောင်းကင်နတ်သိုင်းတွေအားလုံး အကောင်းတိုင်း ရှိနေသေးတာလား.... မဖြစ်နိုင်တာ၊ ကောင်းကင်က နေကို ကြည့်ဦး... အဲဒီသင်္ချာစံနှုန်းနဲ့တင် ငါတို့ထက် မိုင်ပေါင်းထောင်ချီ နိမ့်ကျနေပြီ... နန်းတွင်းကောလိပ်ရဲ့ ကျောင်းသားတွေ လုပ်နိုင်တာထက်အောင် ညံ့နေသေးတယ်”
ကျားနတ်မင်းက နှုတ်ခမ်းဆူရင်း တွေးနေသည်။ ‘ဒီနှစ်ငါးရာမှ တစ်ကြိမ်ပေါ်တဲ့ ပါရမီရှင်လည်း စိတ်အခြေအနေကို ကောင်းကောင်းမကျင့်ကြံထားဘူးပဲ... နည်းနည်းသိရုံပဲရှိသေး... ဒီလောက်ထိ စိတ်လှုပ်ရှားနေပြီ.... အမူအရာတွေလည်း အကြီးအကျယ်ပြောင်းလဲနေလိုက်တာ.... ခံစားချက်တွေကို မထိန်းချုပ်နိုင်တာ သိသာတယ်... ပါရမီရှင်လည်းဆိုသေး... အလကားပဲ”
ချင်မူ အနေရခက်စွာဖြင့် ခပ်တိုးတိုး ပြောလိုက်၏။ “ကြည့်ရဆိုးတာတော့ အမှန်ပဲ....”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက သရော်တော်တော် ပြောလိုက်သည်။ “ကြည့်ရဆိုးတာတင် ဘယ်ဟုတ်မလဲ... ငါတော့ ဓားမ, ဆွဲပြီး နေကို လုံးသွားအောင် ထွင်းပစ်ချင်တာပဲ သိတယ်... နန်းတွင်းကောလိပ်ရဲ့ ကျောင်းသားတွေ ဒီလိုအရုပ်ဆိုးတဲ့လက်ရာကို သွန်းလုပ်လိုက်လို့ကတော့ ငါကိုယ်တိုင် ကျောင်းထုတ်ပြီး ပြန်ကျင့်ကြံခိုင်းမှာ”
ပတ်ဝန်းကျင်ရှိ နတ်ဘုရားအားလုံး ရှက်ရွံ့သွားကြသည်။ တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်း မည်သို့ပြောရမည်မှန်း မသိကြတော့ပေ။
ချင်မူမှာ အားနာသွားပြီး သတိပေးလိုက်၏။ “ဧကရာဇ်အတိုင်ပင်ခံ၊ အသံလေး နှိမ့်စမ်းပါဦး... ထိုက်ဧကရာဇ်ကောင်းကင်ဘုံရဲ့ သင်္ချာစွမ်းရည်က နိမ့်ကျပေမယ့် သူတို့ရဲ့အမွေတွေက ဘယ်တုန်းကမှ မပျက်စီးခဲ့ဘူး... ကျုပ်တောင် အဆင့်တူ ကောင်းကင်နတ်သိုင်းပညာရှင်တွေကြားမှာ အဆင့်တစ်ဆယ်ပဲ ချိတ်တယ်”
“ဂိုဏ်းသခင် နှိမ့်ချနေတာမဟုတ်လား” ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက မယုံသင်္ကာမေးလိုက်သည်။
ချင်မူ တွေးကြည့်ပြီးသော် အမှန်အတိုင်း ဝန်ခံလိုက်သည်။ “နည်းနည်းတော့ နှိမ့်ချထားတယ်... ဒါပေမဲ့ ထိုက်ဧကရာဇ်ကောင်းကင်ဘုံမှာ အစစ်အမှန်နတ်ဘုရားငယ်ရုပ်ခန္ဓာနဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တွေ အများကြီးရှိတယ်... သူတို့က ကျွန်တော့်ထက် ပိုမြန်တယ်... ပိုသန်တယ်... သူတို့ရဲ့တုံ့ပြန်မှုတွေ၊ ကောင်းကင်မျက်လုံးတွေနဲ့ ကောင်းကင်နတ်သိုင်းစွမ်းအားတွေအပြင် သိုင်းကွက်တွေက ထာဝရငြိမ်းချမ်းရေးအင်ပါယာထက် သာတယ်”
ဧကရာဇ်အတိုင်ပင်ခံ အသက်ပြင်းပြင်းရှူထုတ်ကာ ဣန္ဒြေပြန်ဆည်လိုက်သည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများတွင် ကွာဟမှုကြီးတစ်ခု ရှိသည်။
ဤကွာဟမှုကြီးက လွန်ခဲ့သောနှစ်နှစ်သောင်းမှ စတင်ခဲ့၏။ ထိုစဉ်အခါတုန်းက လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများမှာ အကြမ်းထည်သာ ဖြစ်ခဲ့ပြီး စနစ်တစ်ခု မဖော်ဆောင်နိုင်ခဲ့ပေ။ လူသားဧကရာဇ်ခန်းမ၊ တာအိုဂိုဏ်း၊ မဟာမိုးခြိမ်းသံကျောင်းတော်နှင့် ကောင်းကင်တန်ခိုးရှင်ဂိုဏ်းတို့က သိသိသမျှအရာအားလုံးကို ဖြန့်ဝေပေးသော်လည်း ကန့်သတ်ချက်များကြောင့် သူတို့ဖြန့်ဝေပေးသော လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများက မပြည့်စုံခဲ့ပေ။
ကပ်ဆိုးကြီးကြောင့် တာအိုဂိုဏ်းနှင့် မဟာမိုးခြိမ်းသံကျောင်းတော်မှာ ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရပြီး လူသားဧကရာဇ်ခန်းမတွင်မူ မျိုးဆက်တစ်ဆက်မှ ဆက်ခံသူတစ်ယောက်သာ ရှိသည်။ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းကလည်း ကပ်ဆိုးကြီးပြီးမှ ထူထောင်ခဲ့ခြင်းဖြစ်သည်။
ထိုစဉ်တုန်းက ကျောက်စိမ်းမြို့တော်ငယ်လည်း စတင်တည်ထောင်ခဲ့သော်လည်း လူ့လောက၏ကိစ္စများကို ဝင်မစွက်ဖက်၍ သူတို့၏လမ်းစဉ်များအား ဖြန့်ဝေပေးခြင်းမရှိပေ။
အချိန်ကြာလာသည့်အခါ ကျန်ဂိုဏ်းဂဏများလည်း ဖြည်းဖြည်းချင်း ပေါ်ပေါက်လာခဲ့ပြီး သူတို့၏လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများတွင် အခြေခံအုတ်မြစ်မရှိဟု ဆိုနိုင်၏။ ထို့နောက် သမာသမတ်ဂိုဏ်းများနှင့် မိစ္ဆာလမ်းစဉ်ဂိုဏ်းများအကြား တိုက်ပွဲများကြောင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာတစ်ခုလုံး ဖရိုဖရဲ ဖြစ်ခဲ့သည်။ ဂိုဏ်းများက အချင်းချင်း မရပ်မနား တိုက်ခိုက်ခဲ့ကြသည့်အတွက် အထွတ်အမြတ်မြေကြီးသုံးခုလုံး ဝင်ရောက်ဖြန်ဖြေပေးခြင်း မပြုတော့ပေ။ သူတို့က သူတို့၏လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများ မပျောက်ကွယ်အောင် သိမ်းဆည်းထားခဲ့ကြ၏။
ဧကရာဇ်အတိုင်ပင်ခံနှင့် ဧကရာဇ်ယန်ဖုန်း ပြုပြင်ပြောင်းလဲမှုစတင်သည့်အချိန်မှ ဖရိုဖရဲအခြေအနေအားလုံး ငြိမ်သက်သွားပြီး ပြောင်းလဲလာခဲ့ခြင်းဖြစ်သည်။ သမာသမတ်ဂိုဏ်းများနှင့် မိစ္ဆာလမ်းစဉ်ဂိုဏ်းများအကြား တိုက်ပွဲများက ဂိုဏ်းများနှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာအကြား တိုက်ပွဲများ ဖြစ်လာကြသည်။
ချင်မူ ကောင်းကင်နတ်ဆိုးဂိုဏ်းသခင် ဖြစ်လာသည့်အချိန်တွင် ဧကရာဇ်ယန်ဖုန်းကို အားတက်သရော ထောက်ခံပြီး တာအိုဂိုဏ်း၊ မဟာမိုးခြိမ်းသံကျောင်းတော်နှင့် ပုန်ကန်နေသောဂိုဏ်းများ ငြိမ်သက်သွားအောင် စွမ်းဆောင်နိုင်ခဲ့၏။ ထိုအခါမှ တိုက်ပွဲများ အမှန်တကယ် ရပ်တန့်သွားခြင်း ဖြစ်ချေသည်။ ကျင့်စဉ်၊ လမ်းစဉ်အားလုံး၏ ပေါင်းစည်းမှုနှင့်အတူ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပြုပြင်ပြောင်းလဲမှုက ရှေ့သို့ ခြေလှမ်းကြီးတစ်လှမ်း လှမ်းနိုင်ခဲ့၏။
ထို့နောက် ချင်မူက ကောင်းကင်နတ်သိုင်းပညာရှင်များ လူသားခန္ဓာ၏အချုပ်အနှောင်များမှ ရုန်းထွက်၍ နတ်ဘုရားဖြစ်လာနိုင်မည့် သင်္ချာညီမျှခြင်းကို ဖြန့်ဝေပေးခဲ့သည်။ သို့တိုင်အောင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အခြေခံအုတ်မြစ်က အားနည်းလွန်းသည့်အပြင် သိုင်းကျင့်စဉ်စနစ်ကလည်း မပြည့်စုံပေ။ နတ်ဘုရားအဆင့်သို့ ကျင့်ကြံနိုင်ခဲ့သူမှာလည်း လက်တစ်ဆုပ်သာ ရှိပြီး သန်မာအားကောင်းသော သိုင်းပညာရှင်များ ရှားပါး၏။
ချင်မူ တည်ဆောက်ခဲ့သော စွမ်းအင်အကူးအပြောင်းတံတားက ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံအား မျိုးဆက်သစ်၏ တိုးတက်မှုကို မြင်ယောင်မိလိုက်စေသည်။
“ဂိုဏ်းသခင်က ထိုက်ဧကရာဇ်ကောင်းကင်ဘုံသားတွေနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာသားတွေအတွက် ကောင်းမှုအကြီးကြီး လုပ်ပေးခဲ့တာပါ” ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ရုတ်တရက် ခါးကိုင်းအရိုအသေပေးကာ စိတ်ရင်းအတိုင်း ပြောလိုက်၏။ “သက်ရှိသတ္တဝါအားလုံးရဲ့ကိုယ်စား ကျေးဇူးတင်ပါတယ်”
ချင်မူ အလျင်အမြန် ပြန်အရိုအသေပေးလိုက်သည်။ “မခံယူဝံ့ပါဘူး... ကောင်းကင်နတ်ဆိုးတွေက ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို ဆက်တိုက်တိုက်ခိုက်နေတော့ ကြာကြာတောင့်ခံနိုင်မှာမဟုတ်ဘူး.... ကျူးကျော်ခံလိုက်ရတာနဲ့ ကောင်းကင်နတ်ဆိုးတွေက မဟာမြို့ပျက်နဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ ရောက်လာလိမ့်မယ်... ကျွန်တော်တို့ ဒီလူတွေကို ကူညီပေးရင် သူတို့နည်းနည်းတော့ ထပ်တောင့်ခံနိုင်ပါလိမ့်မယ်”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ခါးပြန်မတ်ကာ အလေးအနက် ပြောလိုက်၏။ “ငါ ပြန်ရောက်ရင် ဧကရာဇ်ဆီ တင်ပြပြီး ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို ကူညီပေးဖို့ လျှောက်တင်လိုက်ပါ့မယ်”
ချင်မူ သူ့အား ပြုံးပြလိုက်သည်။ “ဒါဆို ဒီကိစ္စကို ဧကရာဇ်အတိုင်ပင်ခံနဲ့ အစစ်အမှန်နတ်ဘုရားပန်ယုလက်ထဲ ထည့်လိုက်ပါ့မယ်... ခင်ဗျားတို့နှစ်ယောက် ထိုက်ဧကရာဇ်ကောင်းကင်ဘုံသားတွေ အသွားအပြန်လုပ်နိုင်အောင် စီစဉ်ပေးလိုက်ပါ... ထာဝရငြိမ်းချမ်းရေးအင်ပါယာအနေနဲ့ ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို ဘယ်လိုအကူအညီပေးမယ်... လမ်းစဉ်တွေ၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေက ဘယ်လိုဖလှယ်ကြမယ်ဆိုတာလည်း ဆွေးနွေးလိုက်ကြပါဦး”
ဧကရာဇ်အတိုင်ပင်ခံ အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။ “ဒီကိစ္စကိုလည်း လက်ရှောင်ပြန်ဦးမှာလား”
ချင်မူ ခါးကြောဆန့်ကာ ပြုံးလျက် ပြောလိုက်၏။ “အစ်ကိုကြီးကျားနဲ့ ကျွန်တော် နားလည်းမနားရသေးဘူး... အိပ်လည်း မအိပ်ရသေးဘူး... လေ့ကျင့်ရေးလည်း ဆင်းရဦးမယ်.... ဒီကိစ္စက ဧကရာဇ်အတိုင်ပင်ခံ တာဝန်ယူတာပဲ ပိုကောင်းပါတယ်... ဟုတ်သား...၊ နေကိစ္စနဲ့ပတ်သက်ပြီး တစ်ခုခုလုပ်ပေးနိုင်မလားလည်း ကြည့်ပေးပါဦး”
ဧကရာဇ်အတိုင်ပင်ခံမှာ ခေါင်းသာညိတ်လိုက်ရပြီး အစစ်အမှန်နတ်ဘုရားပန်ယုဆီ လှမ်းကြည့်လိုက်သည်။ “အဆွေတော်.... ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ပြည့်စုံတဲ့ ကျင့်စဉ်စနစ်မရှိပေမယ့် ပြုပြင်ပြောင်းလဲမှုက လမ်းစဉ်တွေ၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေမှာ အများကြီး တိုးတက်စေခဲ့ပါတယ်... ကမ္ဘာနှစ်ခုကြား သိုင်းပညာချင်းဖလှယ်လိုက်ရင် ထူးချွန်တဲ့သိုင်းသမားတွေ သေချာပေါက် မွေးဖွားလာပါလိမ့်မယ်”
နတ်ဘုရားပန်ယုက နတ်ဘုရားတချို့အား စွမ်းအင်အကူးအပြောင်းတံတားကို စောင့်ကြပ်ရန် မှာကြားပြီး ပြုံးလိုက်သည်။ “ဧကရာဇ်အတိုင်ပင်ခံ၊ လီမြို့ကို သွားပြီး အသေးစိတ် ဆွေးနွေးကြတာပေါ့”
“ဟုတ်ကဲ့ပါ”
ချင်မူ သူတို့နှစ်ယောက်ထွက်သွားသည်ကို ကြည့်ရင်း သက်ပြင်းချလိုက်မိသည်။ “အစ်ကိုကြီးကျား၊ သွားနားကြစို့”
သူတို့နှစ်ယောက် မျှော်စင်ဆီ ပြန်သွားပြီး သိုးနေအောင် အိပ်ပျော်သွားကြသည်။ ချင်မူ နိုးလာသည့်အခါ မိုးလင်းနေပြီဖြစ်သည်။ သူ ကိုယ်လက်ဆေးကြောနေစဉ် ကျားနတ်မင်းလည်း နိုးလာသည်။
“အစ်ကိုကြီး ဘာစွမ်းအင်ဆေးလုံးတွေ စားလဲ... ကျွန်တော် ဆေးဖော်ပေးပါ့မယ်” နွားကျောင်းသားလေးက ပြောလိုက်၏။
“စွမ်းအင်ဆေးလုံး ဟုတ်လား” ကျားနတ်မင်းက လက်ဖဝါးနှစ်ဖက်ကို လျက်၍ မျက်နှာကို ဆေးကြောရင်း ခေါင်းယမ်းသည်။ “အဲဒါတွေ ငါ မစားဘူး ... အပင်ပန်းခံမနေနဲ့။ ငါက နတ်ဘုရားဆိုတော့ အစာစားစရာမလိုဘဲ နေ့တိုင်း ကျင့်ကြံနိုင်တယ်... ဗိုက်ပြည့်သရွေ့ ဘာမဆိုအဆင်ပြေတယ်”
ချင်မူ မှင်သက်သွားသည်။ ဝေသာလီဘီလူး နဂါးချီလင်ကို တွေးရင်း ရင်နာလာပြန်၏။
သူတို့နှစ်ယောက် မနက်စာစားပြီးသည့်အခါ စန်းဟွာ၊ ယွီဟယ်နှင့် ကျန်ရှိသူများက သူတို့ကို လာရှာပြီး ယွီဟယ်က ပြောလာသည်။ “ဂိုဏ်းသခင်၊ ဧကရာဇ်အတိုင်ပင်ခံ ပြန်သွားပြီ... ရက်ပိုင်းအတွင်း ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ကောင်းကင်နတ်သိုင်းပညာရှင်စစ်တပ်နဲ့ နတ်ဘုရားတွေ ရောက်လာလိမ့်မယ်လို့ ပြောသွားတယ်”
ချင်မူ စိတ်သက်သာရာ ရသွားသည်။ “အထွတ်အမြတ်ဆရာသခင်ဆီကရော သတင်းရသေးလား”
ယွီဟယ်က ခေါင်းယမ်းလိုက်သည်။ “အခု စွမ်းအင်အကူးအပြောင်းတံတား တည်ဆောက်ပြီးပြီဆိုတော့ ဆရာပန်ယုက သာမန်လူတွေကို ထိုက်ဧကရာဇ်ကောင်းကင်ဘုံကနေ ထွက်သွားခိုင်းထားတယ်.... ဧကရာဇ်အတိုင်ပင်ခံက သူတို့ကို ကြိုဖို့ မဟာမြို့ပျက်မှာ လေသင်္ဘောတွေနဲ့ စောင့်နေမယ်တဲ့... ငါတို့ ကောင်းကင်နတ်ဆိုးပိုင်နက်တွေဆီ သွားပြီး လူသားတွေကို ကယ်ထုတ်ပေးချင်လို့ ဂိုဏ်းသခင်ကို လာရှာတာ”
ချင်မူက ကျားနတ်မင်းကို လှည့်ကြည့်ကာ သွေးတိုးစမ်းလိုက်၏။ “အစ်ကိုကြီး၊ ကောင်းကင်နတ်ဆိုးပိုင်နက်ထဲက လူတွေကို ကယ်ထုတ်ပေးတာက ပြဿနာရှာတာ မဟုတ်ဘူးမလား”
ကျားနတ်မင်းက ခေါင်းယမ်းလိုက်သည်။ “ငါတို့နှစ်ယောက် နေကိုတောင် ပစ်ချပြီးပြီပဲ... ကောင်းကင်နတ်ဆိုးပိုက်နက်တွေထဲ ကျူးကျော်တော့ရော ဘာဖြစ်တုန်း... ငါ ရှိနေသရွေ့ ဘာမှမဖြစ်ဘူး စိတ်အေးအေးသာထား... အမှားအယွင်းမဖြစ်အောင် ငါ တာဝန်ယူတယ်”
၎
င
၎
၎