← Chapters

မီးလျှံကြားက ဖုရွေ့လော်

Vol. 40 Ch. 548

မီးလျှံကြားက ဖုရွေ့လော်

Vol. 40 Ch. 548

“ဘာလို့ ပြေးရမှာလဲ”

ရွှီယောင်၊ ယွီဟယ်နှင့် ကျန်ရှိသူများမှာ ချင်မူ အဘယ်ကြောင့် ထိုသို့အော်ဟစ်နေမှန်း နားမလည်တော့ပေ။ ကျားနတ်မင်း၏ နားရွက်နှစ်ဖက် ရုတ်တရက် ထောင်သွားပြီး သူက ယဇ်ပလ္လင်တည်ဆောက်နေသော နေရာဆီသို့ လှမ်းကြည့်လိုက်သည်။

ယဇ်ပလ္လင်၏ပတ်ပတ်လည်ရှိ ကောင်းကင်နတ်ဆိုးများက ချင်မူ၏အော်ဟစ်သံကို ကြားလိုက်၍ အသံလာရာအား လိုက်ရှာနေကြသည်။ ကောင်းကင်နတ်အသွင်အဆင့် ကောင်းကင်နတ်ဆိုးစစ်သူကြီးက စစ်သည်များကို လှမ်းခေါ်ကာ စစ်ဆေးကြည့်ရှုခိုင်းနေ၏။

မိစ္ဆာနတ်ဆိုးစစ်သည်များ ပျံသန်းလာကြပြီး တစ်ယောက်က အနက်ရောင်အိုးတစ်အိုး ဖွင့်လိုက်သည်။ နကျယ်ကောင်များစွာ အစုလိုက်အပြုံလိုက် ပျံထွက်လာကာ နှစ်ပေမျှ ကြီးထွားလာကြသည်။

ကျားနတ်မင်း၏နားရွက်နှစ်ဖက် ပြန်ကုပ်သွား၏။ သူက စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။ “ဘာလို့ ပြေးရမှာလဲ... ဒီကောင်းကင်နတ်ဆိုးတွေက ကိုင်တွယ်ရမခက်ပါဘူး... ကောင်းကင်နတ်အသွင်အဆင့် စစ်သူကြီးက နည်းနည်းဉာဏ်များပေမယ့် သူ့ကို တိုက်ခိုက်လို့မရတာမှ မဟုတ်တာ”

ချင်မူ့နဖူးတွင် ချွေးများ ရွှဲနေပြီး လက်ထဲရှိ မှန်က လေးသထက် လေးလာသကဲ့သို့ ခံစားနေရသည်။ တောင်ကြီးတစ်လုံးအား သယ်ထားရသည်နှင့် တူလာ၏။

“ဖုရွေ့လော်... ယဇ်ပလ္လင်အနားမှာ ရှိနေတယ်” သူ့အသံက အက်ကွဲဩရှနေသည်။ “မမြင်ကြဘူးလား.... သူ ငါတို့ဆီ လျှောက်လာနေတယ်”

အားလုံး ထိတ်လန့်တုန်လှုပ်သွားကြသဖြင့် ကပျာကယာ လှည့်ပတ်ကြည့်လိုက်ကြသည်။ ယွီဟယ် ဇဝေဇဝါ ဖြစ်နေမိ၏။ “ဘယ်မှာလဲ ဖုရွေ့လော်”

ကျားနတ်မင်းလည်း ဟိုဟိုသည်သည် ကြည့်ရင်း နားရွက်နှစ်ဖက်ထောင်ကာ နားထောင်နေသော်လည်း ခေါင်းယမ်းလိုက်၏။ “ဖုရွေ့လော် မရှိပါဘူး... မင်း အမြင်မှောက်နေတာလား... ဖုရွေ့လော်က ကောင်းကင်နတ်ဆိုးမျိုးနွယ်ရဲ့ စစ်သေနာပတိချုပ်လေ.... ပင်မစခန်းကို စောင့်ကြပ်နေမယ့်အစား ဒီနေရာမှာ အားအားယားယား ဘာလာလုပ်မှာလဲ”

ချင်မူ့လက်ထဲရှိ မှန်မှာ အလွန်လေးလာ၍ မြေကြီးပေါ် ကျသွားသည်။ “မှန်ထဲမှာ ဖုရွေ့လော်ကို မတွေ့ကြဘူးလား.. ယခုလေးတင် သူ ယဇ်ပလ္လင်ထဲကနေ ထွက်လာတယ်... ငါ သူ့ကို မှန်ထဲကနေ မြင်လိုက်ရတာ”

အားလုံး မှန်ကို ပျာပျာသလဲ ကြည့်လိုက်ကြပြီးနောက် ခေါင်းယမ်းလိုက်ကြ၏။ “ဂိုဏ်းသခင်၊ မှန်ထဲမှာ ဘာမှမရှိပါဘူး.... မင့်မျက်စိမှုန်နေတာများလား”

“ရန်သူတွေ ငါတို့ဆီ ရောက်လာတော့မယ်... ရင်ဆိုင်ဖို့ အသင့်ပြင်ထား” ရွှီယောင်က အလျင်အမြန် သတိပေးလိုက်သည်။

ကျားနတ်မင်းက ကြည်လင်နေသော မှန်ဆီသို့ စိုက်ကြည့်နေသည်။ ဖုရွေ့လော်ကို မမြင်ရသော်လည်း တစ်ခုခုမူမမှန်သည်ကို သူ ခံစားနေရ၏။

ချင်မူ့ခွန်အားက ယွီဟယ်၊ ရွှီယောင်နှင့် စန်းဟွာတို့ဖြင့် မယှဉ်နိုင်သော်လည်း မှန်တစ်ချပ်လေးပင် မကိုင်နိုင်သည့်အတိုင်းအတာအထိတော့ မဟုတ်သေးပေ။

မှန် မြေပေါ် ကျသွားသည့်အချက်က ချင်မူ ကိုင်နိုင်သော အလေးချိန်ထက် ကျော်လွန်သွား၍ ဖြစ်မည်။

ဤကိစ္စက ထူးဆန်းနေ၏။

ကျားနတ်မင်း မှန်ဆီ လျှောက်သွားပြီး လေးနက်စွာ ပြောလိုက်သည်။ “ပလ္လင်ဘေးမှာ ဖုရွေ့လော် မရှိတာ သေချာတယ်... မင်း သူ့ကို မှန်ထဲမှာ တကယ် မြင်လိုက်ရတာလား”

ချင်မူမှာ မှန်ကို အကြည့်မလွှဲနိုင်ဘဲ စိုက်ကြည့်နေမိ၏။ ချွေးများက သူ့နဖူးမှ စီးကျနေသည်။ မှန်က မြေကြီးပေါ် ကျသွားသော်လည်း မကွဲသွားပေ။ မဖော်ပြနိုင်သော အားတစ်ရပ်က ချုပ်ထားသကဲ့သို့ သူ့အရှေ့တွင် မတ်မတ်ထောင်နေ၏။

ကျားနတ်မင်း မှန်ထဲသို့ ကြည့်လိုက်သော်လည်း ဖုရွေ့လော်ကို မမြင်ပေ။ ချင်မူ၏ပုံရိပ်သာ ရှိနေသည်။

ထိုစဉ် ကျားနတ်မင်း ရင်ထဲတွင် ပြင်းပြင်းထန်ထန် တုန်လှုပ်သွားပြီး ချင်မူ့မျက်လုံးများအား ကြည့်လိုက်မိ၏။

ကောင်လေးမှာ မှန်ကို ကြောက်လန့်တုန်ရီစွာ ကြည့်နေဆဲ ဖြစ်သည်။ သူ၏မျက်လုံးတစ်ဖက်စီတွင် ပုံရိပ်တစ်ခုက တစတစ ကြီးမားလာပြီး သူငယ်အိမ်များအား လွှမ်းမိုးနေ၏။

တခဏကြာသော် ထိုပုံရိပ်တွင် မျက်နှာသုံးဖက်ရှိနေကြောင်း ကျားနတ်မင်း တွေ့လိုက်ရ၏။ ထိုသူကား ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ အစစ်အမှန်မိစ္ဆာ၊ စစ်သေနာပတိချုပ် ဖုရွေ့လော်အပြင် တခြားမဟုတ်ပေ။

“သေစမ်း... ဖုရွေ့လော်က မှန်ထဲမှာ ရှိတာမဟုတ်ဘူး... မင့်မျက်လုံးတွေထဲမှာ ရှိနေတာကွ... သူနဲ့ အကြည့်ချင်းဆုံမိလို့ ဖြစ်သွားတာပဲ” ကျားနတ်မင်း၏အမူအရာ အကြီးအကျယ် ပြောင်းလဲသွားပြီး မှန်ကို ရိုက်ခွဲရန် ကပျာကယာ ပြင်လိုက်သည်။ သူက ကျန်လက်တစ်ဖက်ဖြင့် ချင်မူ့ကို လှမ်းဆွဲလိုက်သည်။ “မှန်ထဲ မကြည့်နဲ့... သူက မင့်မျက်လုံးတွေနဲ့ မှန်ထဲက ပုံရိပ်ကို ငှားပြီး ကိုယ်ယောင်ပြနေတာ”

ဤအခိုက်အတန့်တွင် လက်မည်းမည်းကြီးနှစ်ဖက်က ချင်မူ့အရှေ့ရှိ မှန်ထဲမှ ထွက်လာပြီး ချင်မူပခုံးနှစ်ဖက်အား ဆုပ်ကိုင်လိုက်သည်။ ကောင်လေးမှာ တမုဟုတ်ချင်း မှန်ထဲသို့ ဆွဲသွင်းခံလိုက်ရ၏။

ကျားနတ်မင်းမှာ မည်သည်ကိုမှ မဖမ်းဆုပ်မိလိုက်သော သူ့လက်အား လှည့်ကြည့်လိုက်မိသည်။ သူ မှန်ကို ကပျာကယာ လှည့်လိုက်သည့်အခါ ချင်မူကို ဆွဲချသွားသည့် လက်မည်းမည်းကြီးနှစ်ဖက် ဝေးသထက် ဝေးသွားပြီး သေးသထက် သေးသွားသည်ကိုသာ မြင်လိုက်ရသည်။

ကျားနတ်မင်း မှန်ထဲ ခုန်ဝင်လိုက်သော်လည်း အထဲရောက်တော့မည့်အချိန်မှာပဲ ခွမ်းခနဲ အသံတစ်သံ ကြားလိုက်ရ၏။ သူ့ကြောင့် မှန် ကွဲသွားချေပြီ။

ကျားနတ်မင်း ငေးငေးကြောင်ကြောင်ဖြင့် ပြန်ထွက်လာသည်။

ယွီဟယ်၊ ရွှီယောင်နှင့် ကျန်ရှိသူများမှာ ရန်သူကို ရင်ဆိုင်ရန် အသင့်ပြင်နေခဲ့ကြသော်လည်း ယခုအဖြစ်အပျက်ကြောင့် မှင်သက်နေကြ၏။ သို့သော် စဉ်းစားနေရန် အချိန်မရှိသဖြင့် ရန်သူကို တိုက်ခိုက်လိုက်ကြသည်။

‘ဖုရွေ့လော်က ညီလေးကို အစကတည်းက ခေါ်သွားချင်နေတာပဲ... လီမြို့မှာ ညီလေးချင်နဲ့ အကြည့်ချင်းဆုံသွားတုန်းက သူ့မျက်လုံးတွေထဲမှာ မိစ္ဆာသိုင်းမျိုးစေ့ ချခဲ့တာပဲ ဖြစ်မယ်...’

ကျားနတ်မင်း ဇောချွေးပြန်လာသည်။ ဖုရွေ့လော်သည် ထိုမိစ္ဆာသိုင်းသုံး၍ တန်ခိုးရှင်သစ်ခုတ်သမားနှင့် အစစ်အမှန်နတ်ဘုရားပန်ယုကဲ့သို့ ကြောက်မက်ဖွယ်ရာနတ်ဘုရားများ ရှာမတွေ့အောင် ပုန်းနိုင်၏။ ဤသိုင်းက ပုန်းရန်သာ ဖြစ်ပြီး စွမ်းအားမရှိသောကြောင့် ချင်မူ့မျက်ဝန်းထဲ၌ သူ့အရိပ်ကိုသာ ချန်ရစ်ခဲ့ခြင်း ဖြစ်နိုင်သည်။ ဤအရိပ်သည် တန်ခိုးရှင်သစ်ခုတ်သမား မတွေ့နိုင်အောင် ပုန်းအောင်းနေနိုင်ခဲ့၏။

ချင်မူ ကောင်းကင်နတ်ဆိုးပိုင်နက်ထဲ ဝင်လိုက်ပြီး မိစ္ဆာနတ်ဆိုးချီကို စုပ်ယူမိလိုက်သည့်အချိန်မှ အရိပ်တွင် စွမ်းအားရှိလာခြင်း ဖြစ်မည်။ ၎င်းက ကြီးထွားလာခဲ့သော်လည်း ကောင်လေးကို ဖမ်းရန် မလုံလောက်သေး‌ပေ။

အဘယ့်ကြောင့်ဆိုသော် ချင်မူ့မျက်ဝန်းထဲ၌ ကျန်ရစ်ခဲ့သော အရိပ်မှာ ဖုရွေ့လော်၏ ခန္ဓာကိုယ်နှင့် ပြောင်းပြန်ရှိနေ၍ ဖြစ်သည်။ ကလီစာငါးခု၊ အူခြောက်ခွေနှင့် ကောင်းကင်နတ်သိုင်းအမှတ်အသားများလည်း အတည့်မဟုတ်ဘဲ ပြောင်းပြန်ဖြစ်နေခဲ့၏။ ချင်မူ မှန်ထောင်ပြီး ကြည့်လိုက်သည့်အချိန်မှ သူ့မျက်လုံးထဲရှိ ဖုရွေ့လော်မှာ အတည့်ပေါ်သွား၏။ ထိုအခါ ကောင်းကင်နတ်သိုင်းများ ထုတ်လွှတ်ကာ ချင်မူ့အား ပြန်ပေးဆွဲနိုင်သွားသည်။

ကောင်လေးမှာ ကောင်းကင်နတ်ဆိုးပိုင်နက်ထဲသို့ ဝင်လာပြီး မှန်ကြည့်လိုက်ကတည်းက ဖုရွေ့လော်၏ ကောင်းကင်နတ်သိုင်းကို အသက်သွင်းမိလိုက်ခြင်း ဖြစ်၏။

‘ငါသာ စောစော သဘောပေါက်ခဲ့ရင်....’ ကျားနတ်မင်း၏ နဖူးမှ ချွေးများက မိုးရွာသကဲ့သို့ စီးကျနေသည်။ ‘ဒီတစ်ခေါက် ပြဿနာရှာမိတာက ညီလေးချင်မဟုတ်ဘူး.... ငါ ရှာမိတာ။ အခု ညီလေးချင် ပျောက်သွားပြီဆိုတော့ ငါ့အရှင်ကို ဘယ်လိုရှင်းပြရပါ့... ဒုက္ခနဲ့ ကျား တွေ့ပြီပဲ”

...

ချင်မူ မရင်းနှီးသော ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေမိသည်။ သူ ရောက်လာခဲ့သောနေရာမှာ အလွန်‌ပျက်စီးယိုယွင်းနေသည့် နေရာတစ်နေရာဖြစ်၏။ ကောင်းကင်ယံတွင် ဂြိုဟ်ကြီးများ ရှိသော်လည်း ပဲ့ရွဲ့ပြိုကျနေကြသည်။

သူက နွံအိုင်ကြီးပေါ်တွင် ရပ်နေသည်။ အဝေးတွင် မီးတောက်မီးလျှံများ လွင့်မျောတောက်လောင်နေ၏။

မည်သည့်နေရာသို့ ရောက်နေမှန်း မသိသော်လည်း မိစ္ဆာနတ်ဆိုးချီက မြူခိုများသဖွယ် နေရာတိုင်းတွင် ရစ်သိုင်းလျက်ရှိသည်။

“ဖုရွေ့လော်” ချင်မူ လှမ်းအော်လိုက်သည်။ “ကျွန်တော်ကို ဖမ်းပြီး ဘာလို့လူလုံးထွက်မပြတာလဲ”

သူတစ်ယောက်တည်းသာ အသက်ရှိနေသကဲ့သို့ ပတ်ဝန်းကျင်မှ အသံတစ်ချက်မှ ထွက်မလာပေ။

ချင်မူ မျက်မှောင်ကြုတ်၍ ရှေ့သို့ လျှောက်လိုက်သည်။ ခြေထောက်အောက်မှ ဂျွတ်ခနဲ မြည်သွားသံ ကြားလိုက်ရသဖြင့် ငုံ့ကြည့်လိုက်သည့်အခါ ပုပ်ဆွေးနေသော အလောင်းတစ်လောင်းအား မြင်လိုက်ရ၏။ အဝတ်အစားနှင့် ခန္ဓာကိုယ်အရွယ်အစားအရ သေဆုံးခဲ့သည်မှာ ကြာပြီဖြစ်သည့် ကောင်းကင်နတ်ဆိုးတစ်ကောင် ဖြစ်လိမ့်မည်။

ချင်မူမှာ မှင်သက်သွားပြီး ပတ်ဝန်းကျင်ရှိ ရွှံနွံများအား ကြည့်လိုက်မိသည်။ အလောင်းများစွာ ပေါလောပေါ်နေပြီး အားလုံးက ကောင်းကင်နတ်ဆိုးအလောင်းများ ဖြစ်ကြ၏။ အ‌လောင်းများက တောင်လိုပင် ပုံနေကြသည်။ မိစ္ဆာမီးလျှံက အလောင်းများကိုသာမက သစ်သားတုံးများ၊ ကောက်ရိုးတဲများကိုလည်း စွဲလောင်နေသည်။ သစ်သားတုံးများ၊ ကောက်ရိုးတဲများက ပြိုကျသွားသည့်အိမ်များ ဖြစ်လောက်သည်။

ကောင်းကင်ထက်၌ နေမရှိပေ... ပဲ့ရွဲ့ပျက်စီးနေသော ဂြိုဟ်ကြီးများသာ စိုးမိုးနေ၏။

ရုတ်တရက် မီးလျှံမြွေများက လေကို ခွင်းလျက် ကျဆင်းလာသည်။ ၎င်းတို့က သူ့ဆီ တန်းတန်းမတ်မတ် ကျဆင်းလာနေသည့် ဂြိုဟ်ပျက်များမှ အစိတ်အပိုင်းများ ဖြစ်နေသည်။

ချင်မူ ရှောင်ချင်သော်လည်း နောက်ကျသွားချေပြီ။

ဘုန်း

ကျယ်လောင်သော ပေါက်ကွဲသံများ ဟိန်းထွက်လာပြီး‌ ကြောက်မက်ဖွယ်ရာမီးတောက်များက ဧရာမမုန်တိုင်းကြီး တိုက်ခတ်သွားသကဲ့သို့ သူ့မျက်နှာကို လာရောက်ရိုက်ခတ်ပြီး သူ့အား လွှမ်းခြုံသွား၏။

ချင်မူမှာ အလျှံတညီးညီး တောက်လောင်နေသော မီးတောက်မီးလျှံထဲတွင် ရပ်နေသော်လည်း အနည်းငယ်မျှ ထိခိုက်မသွားပေ။ တုန်လှုပ်ချောက်ချားဖွယ် မီးလှိုင်းကြီးများက သူ့ကို ထပ်ခါတလဲလဲ ရိုက်ခတ်နေသော်လည်း သူ့ခန္ဓာကိုယ်ဆီသို့ ရောက်လာသည့်အခါတိုင်း ထူးဆန်းသောအားလှိုင်းတစ်ရပ်က တွန်းထုတ်ပေးနေသည်။

သို့သော် ရွှံ့နွံထဲရှိ အလောင်းများမှာတော့ အကာအကွယ်မရှိသဖြင့် ရက်ရက်စက်စက် တိုက်စားနေသော မီးတောက်မီးလျှံများကြားတွင် ခန္ဓာကိုယ်များ မည်းခြစ်လောင်ကျွမ်းကုန်ကာ လေနှင့်အတူ မျောလွင့်သွားသည့် ပြာများ ဖြစ်ကုန်ကြသည်။

ရွှံ့နွံက တမုဟုတ်ချင်း ခြောက်သွေ့သွားသော်လည်း ချင်မူ စိတ်နှင့်ကိုယ် ပြန်မကပ်သေးခင် သူ့ခေါင်းပေါ်ရှိ ဂြိုဟ်အပဲ့ကြီးတစ်လုံး ရွေ့လျားသွား၍ ကြောက်မက်ဖွယ်ရာ လေဆင်နှာမောင်ကြီးတစ်လုံး ဖွဲ့တည်လာ၏။

မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲသံများ ကောင်းကင်ထဲတွင် ဆူညံမြည်ဟည်းသွားပြီး မြင့်းမိုရ်တောင်ထက်ပင် မြင့်မားလှသော လှိုင်းလုံးကြီးတစ်လုံးက သူ့ဆီသို့ လိမ့်ဆင်းလာသည်။ ကမ္ဘာမြေကြီး နှစ်ခြမ်းကွဲသွားပြီး မီးတောင်များ မြောက်တက်လာ၏။ မီးတောင်ဝများမှ မီးချော်ရည်များ ပန်းထုတ်လိုက်သည့်အခါ ချော်ရည်တန်းများသည် အထက်ကောင်းကင်နှင့် အောက်မြေကြီးအား ထောက်ကန်ထားသော တိုင်လုံးကြီးများသဖွယ် ထိုးတက်သွား၏။

လျှပ်စီးမိုးကြိုးတန်းများ လင်းလက်ဖြတ်ပြေးသွားသည်။ ဧရာမလှိုင်းလုံးကြီးတစ်လုံးက မီးတောင်များနှင့် မီးတိုင်လုံးကြီးများအား တိုက်ချသွားသည်ကို ချင်မူ မြင်တွေ့လိုက်ရသည်။ လျှပ်စီးမိုးကြိုးတန်းများပင် ဝါးမြိုခံလိုက်ရသည်။ လှိုင်းလုံးကြီးက သူ့ဆီကို ဆက်လက်လိမ့်ဆင်းလာနေပြီး သူ့အနေဖြင့် မည်သို့မျှ မခုခံနိုင်ပေ။

ချင်မူ ရပ်ပြီး ကံတရားကို စောင့်နေလိုက်သော်လည်း ကြောက်မက်ဖွယ်ရာ လှိုင်းလုံးကြီး သူ့ဆီ ရောက်လာတော့မည့်အချိန်မှာပဲ ထူးဆန်းသောအားလှိုင်းက ၎င်းအား ဖြိုခွင်းပစ်လိုက်သည်။ သူ ဒဏ်ရာအနည်းငယ်ပင် ရမသွားပေ။

‘ထူးဆန်းတဲ့နေရာပဲ...’

ချင်မူက သူ့စိတ်သူ ပြန်ထိန်းရင်း ရှေ့ဆက်လျှောက်သွားသည်။ ဖုရွေ့လော် သူ့ကို ခေါ်လာခဲ့မှန်း သိပါသော်လည်း ထိုမိစ္ဆာနတ်ဘုရားက သူ့ကို သတ်မည့်အစား ဤနေရာသို့ ပို့ပေးခဲ့ရာ တစ်ခုခု ကြံစည်နေခြင်း ဖြစ်လိမ့်မည်။

ချင်မူမှာ လျင်မြန်စွာ လျှောက်နေမိသည်။ လမ်းတစ်လျှောက်တွင် ချောက်ချားဖွယ်ရာ မိုးလေဝသကပ်ဘေးများစွာ ကြုံတွေ့ခဲ့ရ၏။ ရေဘေး၊ ငလျင်ဘေး၊ မိုးကြိုးမုန်တိုင်း၊ မီးတောက်များနှင့် ဂြိုဟ်အပိုင်းအစများက ဤကမ္ဘာအား ရက်ရက်စက်စက် ဖျက်စီးနေသည်။

“နတ်ဆိုးဘုရင်” ရုတ်တရက် ကောင်းကင်ထက်မှ မိစ္ဆာနတ်ဘုရားတစ်ပါး ဆင်းသက်လာကာ ဦးညွှတ်အရိုအသေပေးသည်။ “နတ်ဆိုးဘုရင်... ယဇ်ပလ္လင် တည်ဆောက်ပြီးပါပြီ။ ကျေးဇူးပြုပြီး အမိန့်တော် ချမှတ်တော်မူပါ”

မိစ္ဆာနတ်ဘုရားက သူ့ကို အလွန်လေးလေးစားစား ဆက်ဆံနေသဖြင့် ချင်မူ အံ့အားသင့်မိသည်။ သူက လူသားတစ်ယောက် ဖြစ်နေသည်ကို မြင်ဟန်မတူပေ။

“ကောင်းပြီ” ချင်မူလည်း ချော်လဲရောထိုင်လိုက်သည်။ “ရှေ့ကသွားချည်”

မိစ္ဆာနတ်ဘုရားက သူပြောသည့်အတိုင်း ရှေ့မှ ဦးဆောင်သွားပြီး များစွာမကြာလိုက်ဘဲ မြို့ကြီးတစ်မြို့ဆီသို့ သူတို့ ရောက်လာကြသည်။ ထောင်သောင်းချီသော ယဇ်ပလ္လင်များသည် ရွှေရောင်ပိရမစ်များသဖွယ် တည်ရှိနေ၏။ မိစ္ဆာနတ်ဘုရားတို့က ပလ္လင်များအထက်၌ ရပ်နေကြပြီး မရေမတွက်နိုင်သော ကောင်းကင်နတ်ဆိုးများက ကျောက်လှေကားထစ်များအပေါ်တွင် ဒူးထောက်ကာ အသက်စတေးပေးရန် အသင့်စောင့်နေကြသည်။

“နတ်ဆိုးဘုရင်၊ ကျွန်တော်မျိုးတို့ကမ္ဘာက သိပ်ကြာကြာမ‌တောင့်ခံနိုင်တော့ပါဘူး...  ကျေးဇူးပြုပြီး အမိန့်ပေးတော်မူပါ”

မိစ္ဆာနတ်ဘုရားများက အလွန်လေးစားအားကိုးထားသည့် မျက်ဝန်းများဖြင့် သူ့ဆီသို့ လှမ်းကြည့်ကြသည်။ ချင်မူ ယောင်ဝါးဝါး ခေါင်းညိတ်မိလိုက်သည်။

ကျောက်လှေကားထစ်များအပေါ်၌ ဒူးထောက်နေသော ကောင်းကင်နတ်ဆိုးများက ဓားများမြှောက်ကာ လည်မျိုကို လှီးလိုက်ကြသည်။ သွေးများ ယဇ်ပလ္လင်တစ်လျှောက် စီးဆင်းသွားကြ၏။

မိစ္ဆာစကားသံများ ဟိန်းထွက်လာသည်။ ချင်မူက မိစ္ဆာစကားကို သင်ဖူးသဖြင့် အဓိပ္ပါယ်နားလည်လေသည်။

ကောင်းကင်နတ်ဆိုးများမှာ မျိုးဆက်သစ်များ အသက်ရှင်ရန်အတွက် သူတို့ကိုယ်သူတို့ စ‌တေးယဇ်ပူဇော်နေကြခြင်း ဖြစ်သည်။ သူတို့ကမ္ဘာက ပျက်စီးတော့မည်ဖြစ်ချေရာ နေထိုင်ရန် ကမ္ဘာအသစ် လိုအပ်‌သည်မဟုတ်ပါလော။

မြင့်မားမတ်စောက်သော ယဇ်ပလ္လင်များ လင်းထိန်တောက်ပလာကြသည်။ အလင်းတန်းများက ကောင်းကင်ယံသို့ တရှိန်ထိုး တက်သွားကြပြီး ကောင်းကင်အား ထိုးခွင်းလိုက်ကြ၏။ သူတို့ကမ္ဘာနှင့် အခြားကမ္ဘာအကြားရှိ အတားအဆီးအလွှာမှာ ပြိုကွဲစပြုလာ‌တော့သည်။

အတားအဆီး စုတ်ပြဲလာသည်နှင့်အမျှ အခြားကမ္ဘာလည်း တစတစ ပေါ်လွင်လာသည်။

ချင်မူ မော့ကြည့်လိုက်သည့်အခါ အခြားကမ္ဘာမှာ ... ထိုက်ဧကရာဇ်ကောင်းကင်ဘုံ ဖြစ်နေကြောင်း မြင်လိုက်ရသည်။

သူ ခေါင်းငုံ့ပြီး‌ ခြေထောက်‌အောက်ရှိ ရေပြင်အား ကြည့်လိုက်သည်။ ရေပြင်ထက်တွင် သူ့ပုံရိပ် ထင်ဟပ်နေ၏။ သို့သော် သူ မဟုတ်... ပုံရိပ်က ‌နောက်စေ့တွင် နားရွက်ချွန်များ ရှိနေသော မျက်နှာသုံးဖက်အား ပြသနေ၏။

ထိုသူက သေဆုံးတော့မည့် ဤကမ္ဘာကို အုပ်စိုးသူ... ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ ဘုရင်... ဖုရွေ့လော် ဖြစ်ပေသည်။

ချင်မူ ခေါင်းပြန်မော့ပြီး ကြီးကျယ်ခမ်းနားသော်လည်း ဝမ်းနည်းကြေကွဲဖွယ်ကောင်းသော မြင်ကွင်းကို ကြည့်နေမိသည်။ မီးစွဲလောင်နေသည့် ပန်းချီကားတစ်ချပ်ကို ကြည့်နေရသည်နှင့် တူ၏။

မြင်ကွင်းမှာ တဖြည်းဖြည်း လွင့်ပါးပျောက်ကွယ်နေသည်။

ဖုရွေ့လော်က မီးတောက်မီးလျှံများကြားမှ သူ့ဆီသို့ လျှောက်လာ၏။

All Chapters