ငါမင်းကို ရှိုးပြဖို့ အခွင့်အရေး ပေးလိုက်မယ်....
Vol. 33 Ch. 482
စွန်းကျားချန် ပေးသည့် ဟုန်ပေါင်းကို မြင်သော်လည်း လင်းရီနှင့် လီချူးဟန်တို့၏ အမူအရာမှာ ထူးမခြားနားပင်။ သူမတို့၏ အင်္ကျီအိတ်ကပ်ထဲ လက်နှိုက်ထားပြီး လုံး၀ ရွေ့လျားရန် ရည်ရွယ်ချက် မရှိပေ။
"ဒီလိုတွေ လုပ်စရာမလိုဘူး... ဆေးရုံမှာက တင်းကြပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိတယ်... ကျွန်မတို့ လက်ဆောင်တွေကို လက်ခံလို့ မရဘူး.. ရှင်ပြန်ယူသွားလိုက်ပါ...."
လီချူးဟန် ပြောလိုက်သည်။
စွန်ကျားချန် ပြုံးလိုက်၏။ သို့သော်လည်း ပြန်ယူရန် ရည်ရွယ်ချက် လုံး၀ မရှိပေ။
"ဒါရိုက်တာလီ... စိတ်မပူပါနဲ့.. ကျုပ် စောန လာတုန်းက သေချာလေ့လာပြီးသား... အပြင်မှာ လူရှင်းတယ်.. စိတ်ချလက်ချသာ လက်ခံလိုက်စမ်းပါ...."
"ရှင်တို့ဘက်က ဆေးဖိုးဝါးခ ပေးရင်ကို ရပြီ... ဆေးရုံက ကျွန်မတို့ကို ထိုက်သင့်တဲ့ ဘောနပ်စ်တွေ ပေးလိမ့်မယ်....ရှင့်ရဲ့ စေတနာတွေကိုတော့ ကျွန်မတို့ အသိအမှတ်ပြုပါတယ်...ပြန်ယူသွားလိုက်ပါ.... "
စွန်းကျားချန် မျက်မှောင်ကြုတ်လိုက်ပြီး "ဒါရိုက်တာလီ.. ဒီရဲ့ ဟုန်ပေါင်းထဲမှာ ယွမ် ငါးထောင် ပါတာနော်... တစ်ခြား အိတ်တစ်ခုက ယွမ် သုံးထောင်ပါတယ်... ဒီပမာဏက နည်းတယ်လို့တော့ ကျုပ်ကို လာမပြောနဲ့.... "
"ဒါက ရှင်ပေးတဲ့ပမာဏ နည်းတာ များတာနဲ့ မဆိုင်ဘူး... ဘယ်လိုလူနာမျိုးကို ကူသနေပါစေ..... အကောင်းဆုံး ဖြစ်အောင် ကုသပေးဖို့က ကျွန်မတို့တာ၀န်.... ရှင်တို့ဘက်က ဘာမှ မပေးလည်း အတူတူပဲ.... "
စွန်းကျားချိန်၏ အမူအရာမှာ အနည်းငယ် ထူးဆန်းသွားခဲ့၏။ ထို့နောက် အခန်းအပြင်ဘက်သို့ တွန့်ဆုတ်သည့် အမူအရာဖြင့် ထွက်ခွာသွားခဲ့လေသည်။
"ဒီလူတွေက လွန်ကို လွန်လွန်းတယ်.. ဒီလိုမျိုးတွေ ပေးစရာ မလိုပါဘူးလို့ အကြိမ်ပေါင်း မရေနိုင်အောင် ပြောထားတာကိုတောင်မှ နားမထောင်ကြဘူး..."
လီချူးဟန် မနေနိုင်ဘဲ စောဒက တက်လိုက်၏။
"မမှန်ဘူးဆိုပေမယ့် နားလည်ပေးလို့ ရပါတယ်... ဒါက လူ့သဘာ၀ပဲ မဟုတ်လား..."လင်းရီ သူ့နာရီကို ကြည့်လိုက်ပြီးနောက် "သွားစို့... ခွဲစိတ်ခန်းထဲ အရင် သွားကြမယ်... "
"အင်း...ဒီတစ်ခေါက် နင်က ခေါင်းဆောင်ခွဲစိတ်သူလုပ်......ငါက ဘေးကနေကြည့်ပြီးတော့ နင်မှားရင် ထောက်ပြပေးမယ်... ဘာကိုမှ မစိုးရိမ်နဲ့ ရဲရဲသာလုပ်....ကြားလား...."
စနစ်၏ အကူအညီစွမ်းအားဖြင့် လင်းရီမှာ ထိပ်တန်းခွဲစိတ်ကျွမ်းကျင်သူ ဆရာတစ်ဆူ ဖြစ်နေပြီး ဖြစ်သောကြောင့် စကေးပိုင်းဆိုင်ရာတွင် သူ၏ ကျွမ်းကျင်မှုများမှာ လီချူးဟန်ကို ဖြတ်ကျော်သွားချေပြီ။ သို့သော်လည်း လီချူးဟန်ကတော့ ထိုအချင်းအရာကို မသိရှိသေးပဲ လင်းရီ၏ စကေးများ တိုးတက်စေရန် အားတက်သရောနှင့် ကူညီပေးချင်နေတော့၏။
"ပြဿနာ မရှိဘူး... ချူးဟန်ကလည်း ဘေးမှာ ရှိနေမယ်ဆိုတော့ ငါလည်း ယုံကြည်ချက်ရှိတာပေါ့... "လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။
နှစ်ယောက်သား တစ်ခဏမျှ စကားပြောပြီးနောက် ခွဲစိတ်မှုအတွက် နောက်ဆုံး ပြင်ဆင်စရာရှိတာများကို ပြင်ဆင်လေသည်။
သို့သော်လည်း သူတို့ ထွက်ခွာတော့မည့် အချိန်တွင် စွန်းကျားချန် တစ်ဖန်ပြန်ရောက်လာသည်ကို မြင်တွေ့လိုက်ရ၏။
"မင်း ဘာလာလုပ်ပြန်တာလဲ..."လင်းရီ မျက်ခုံးပင့်ပြီး မေးလိုက်သည်။
စွန်းကျားချန် တစ်ခွန်းမျှ မဆိုပဲ ခပ်ထူထူ ဟုန်ပေါင်းနှစ်ခုကို စောနကအတိုင်း လင်းရီတို့ထံ ကမ်းပေးလိုက်၏။
"ဒါရိုက်တာလီ... ဒီစာအိတ်ထဲမှာက ယွမ် တစ်သောင်းပါပါတယ်ဗျ... ဒီစာအိတ်ကတော့ ဒါရိုက်တာလင်းအတွက် ယွမ်ငါးထောင်.... ဒီတစ်ကြိမ်တော့ ပမာဏ နည်းတယ်လို့ မပြောနဲ့တော့နော်...."
လီချူးဟန်၏ မောင်းထုတ်ခြင်းကို ခံလိုက်ရပြီးနောက် စွန်းကျားချိန် အဘယ်ကြောင့် သူ၏ လက်ဆောင်ကို လက်မခံလဲဆိုတာ စဥ်းစားမရဖြစ်နေခဲ့ပြီး အဆုံးတွင် သူပေးသည့် ပမာဏမှာ နည်းနေသောကြောင့်ဟုသာ မှတ်ယူလိုက်၏။
မဟုတ်ပါက မည်သူကမျှ အလကားလာပေးသည့် ပိုက်ဆံကို ငြင်းပယ်လိမ့်မည် မဟုတ်ချေ။
ဤတစ်ကြိမ်တွင်တော့ သူ ပမာဏကို နှစ်ဆတိုးထားသောကြောင့် သေချာပေါက် လက်ခံလိမ့်မည်ဖြစ်ကြောင်း သေချာနေတော့၏။
"ကျွန်မရှင်တို့ကို အက်ကြောင်းထပ်အောင် ပြောထားပြီးသား...... ရှင်တို့ ဘယ်လောက်ပဲ ပေးပေး ကျွန်မနဲ့ ဒါရိုက်တာလင်းက လက်ခံမှာ မဟုတ်ဘူး....."လီချူးဟန် အနည်းငယ် ဒေါသထွက်နေသည့် လေသံဖြင့် ပြောလိုက်သည်။
လူနာများနှင့် ပြောဆိုဆက်ဆံရာတွင် အင်မတန် စိတ်ရှည်သည့် လီချူးဟန်မှာ ယခု စွန်းမိသားစုကြောင့် အနည်းငယ် စိတ်တို ဒေါသထွက်လာခဲ့လေသည်။
ဘေးတွင် ရပ်နေသည့် လင်းရီကတော့ လီချူးဟန် ဒေါသထွက်နေသည့် အမူအရာက အနည်းငယ် ချစ်စရာကောင်းနေကြောင်း သတိပြုမိနေတော့၏။
"ကျုပ် ဒီလောက် အများကြီး ပြင်ဆင်လာခဲ့ပေးတာတောင်မှ နည်းနေသေးတယ်လို့ ထင်သေးတာလားဟ...."စွန်းကျားချိန် ပြောလိုက်ပြီး "ကျုပ်က........"
လီချူးဟန် မပျော်ရွှင်တော့သည်ကို မြင်တော့ လင်းရီ သူမလက်ကို ဆုပ်ကိုင်ပြီး သူမရှေ့တွင် ဒိုင်းသဖွယ် ရပ်လိုက်သည်။ ထို့နောက် စွန်းကျားချန်ကို စူးစိုက်ကြည့်လိုက်ပြီး
"မင်းထင်နေတာ မင်းပိုက်ဆံပေးတိုင်း ငါတို့က လက်ခံရမယ်လို့ ထင်နေတာလား...."
"အာ... ဘာတွေ လာပြောနေတာ... ကျုပ်ပြောချင်တာက အဲ့လိုမျိုး မဟုတ်ဘူး... "စွန်းကျားချိန် ရယ်မောလျက် ပြောလိုက်သော်လည်း သူ၏ အမူအရာနှင့် စကားလုံးများကတော့ အဲ့လိုအဓိပ္ပာယ်ပဲဟု ပြောနေနေလေသည်။
"ကောင်းပြီလေ... မင်းကလည်း အဲ့လိုဆိုမှတော့ ငါတို့လည်း ငါတို့ ဘာပြောချင်နေလဲဆိုတာ မင်း သိအောင် ပြပေးမယ်.... "
လင်းရီ နောက်သို့ လှည့်လိုက်ပြီး လီချူးဟန်၏ လက်ဆွဲအိတ်ကို ထဲမှ Koenigsegg RS ၏ ကားသော့များ ထုတ်ယူလိုက်၏။ ထို့နောက် သူ့လက်ကောက်၀တ်တွင် ပတ်ထားသည့် ပိတက်ခ်ဖီလစ်ပီ ၁၇၅နှစ်ပြည့် အထိန်းအမှတ်နာရီကိုလည်း ချွတ်ယူလိုက်လေသည်။
"ဒါက ဒါရိုက်တာလီ စီးတဲ့ကား... သူ့ရဲ့ တန်ဖိုးက ယွမ် ၃၁ မီလီယမ်ကျော် တန်ကြေးရှိတဲ့ Koenigsegg RS ပဲ ... ခု ငါ၀တ်နေတဲ့ ဒီနာရီက ပီတက်ခ်ဖီလစ်ပီရဲ့ ၁၇၅ နှစ်ပြည့် အထိန်းအမှတ်နာရီ..... ၁၇.၅ မီလီယမ်ပေးရတယ်... ငါတို့ရဲ့ ကြွယ်၀မှုတွေနဲ့ဆိုရင် ဒီယွမ် တစ်သောင်း နှစ်သောင်းလေးပေးတာက သင့်တော်မယ်လို့ ထင်လား..... ဒီလိုဆိုရင်ကော.... ခွဲစိတ်မှုမစခင် မင်းနောက်တစ်ခေါက်ပြန်ပြီး ပြင်ဆင်လာခဲ့လိုက်လေ...."
လီချူးဟန်၏ ကားသော့နှင့် လင်းရီ၏ လက်ပတ်နာရီကို မြင်တော့ စွန်းကျားချိန် သေးထွက်ကျလုမတတ် ကြောက်ရွံ့သွားခဲ့၏။ သူ့အတွက်တော့ ယခုလို တန်ဖိုးကြီး ပစ္စည်းများ မြင်ဖူးသည်မှာ ပထမဆုံး အကြိမ်ပင်။
"မင်း......မင်းတို့က ဒီလိုတန်ဖိုးကြီးကားတွေ မောင်းပြီးတဲ့ ဈေးကြီးတဲ့ နာရီတွေ ၀တ်နေတယ်....... "
စွန်းကျားချိန် သူ၏ လက်ရှိ ခံစားချက်များကို မည်သည့် စကားလုံးဖြင့် ဖော်ပြရမလဲဆိုတာတောင် မသိတော့ချေ။
'သူတို့ နှစ်ယောက်က သေချာပေါက် ချမ်းသာတဲ့ ဒုတိယမျိုးဆက်တွေပဲ ဖြစ်ရမယ်... မဟုတ်ရင် ဒီလောက်တန်ဖိုးကြီး ပစ္စည်းတွေ သူံးနိုင်မှာ မဟုတ်ဘူး.....'
ဂလု...
စွန်းကျားချိန် တံတွေးတစ်လုတ်မျိုချလိုက်ရပြီး ကိုးရို့ကားယား အမူအရာဖြင့် "အာဟား....နှောင့်...နှောင့်ယှက်မိတာ စိတ်မရှိပါနဲ့နော်... "
"မြန်မြန်သွားလိုက်တော့.... ခွဲစိတ်တာကို စိတ်မပူနဲ့... မင်း ဒီလို လက်ဆောင်တွေ လာမပေးလည်း ငါတို့က အကောင်းဆုံးဖြစ်အောင် ခွဲစိတ်ပေးသွားမှာ....."
"ဟုတ် ...ဟုတ်ကဲ့... ကျေးဇူးပါ ဒါရိုက်တာတို့.... "
လင်းရီတို့ နှစ်ယောက်လုံး ဒီကိစ္စကို အငြိုးတေး ထားမနေခဲ့ကြပေ။ စွန်းကျားချိန်၏ အပြုအမူများမှာ လွန်ကဲသော်လည်း သူ့တွင် ကောင်းသည့် ရည်ရွယ်ချက်များ ရှိလေသည်။
"ခု ခွဲစိတ်ခန်းထဲ သွားကြရအောင်... "လင်းရီ ကားသော့ကို အိတ်ထဲ ပြန်ထည့်ပေးလိုက်ပြီး "ဒါနဲ့ ကားမောင်းရတာကော ဘယ်လိုလဲ.. အဆင်ပြေရဲ့လား....."
"အင်း... အတော်လေးကောင်းတယ်..."လီချူးဟန် ပြုံးလိုက်ပြီး "တကယ်လို့ ပြန်ပြီး မွမ်းမံလိုက်မယ်ဆိုရင် ပိုပြီးတောင် မြန်သွားဦးမှာ...."
"ကြိုက်ရင် ယူလိုက်လေ... ငါ အားတဲ့အချိန်ကျ တစ်ယောက်ယောက်ခေါ်ပြီး ပြန်ရွှိုင်းခိုင်းလိုက်မယ်.... "လင်းရီ ပြောလိုက်ပြီး "ခုတော့ အမြန်နှုန်းက ထိပ်ဆုံးထိ တင်လို့ မရသေးဘူးဆိုတော့ မောင်းရတာ အတော်လေး ပျင်းဖို့ကောင်းနေမယ်နဲ့တူတယ်... "
"နင်ပြောတာ အမှန်ပဲ... ဒါပေမယ့် နင်ပေးတာကိုတော့ ငါလက်မခံနိုင်ဘူး... ဒါကြီးက အရမ်း ဈေးကြီးလွန်းတယ်.... "
လီချူးဟန် သူမ ခေါင်းကို ထပ်မံ ခါရမ်းလိုက်ပြီး " ငှားပေးတာကိုပဲ ကျေးဇူးတင်လှပြီ... နင်ပေးတာကြီးကိုတော့ လက်ခံရလောက်တဲ့အထိ ငါ အရေမထူနိုင်သေးဘူး...."
"ဘာလဲဖြစ်လို့.. ဒီတိုင်းကားတစ်စီးပဲမလား...ငါတို့ နှစ်ယောက်ကြားက ဆက်ဆံရေးလောက် အရေးမကြီးသေးပါဘူးဟ...."
"အင်း... ဒါပေမယ့် ငါမှ မလိုချင်တာ...."လီချူးဟန် ခေါင်းမာစွာ ပြောလိုက်ပြီး "ငါနင့်ကို ပြောစရာ ရှိသေးတယ်.... "
"ဘာများလဲ...."
"ဒီ နေ့လည် နင် တစ်ခုခု ၀ယ်တော့မယ်ဆို ပိုက်ဆံ တန်းမပေးလိုက်နဲ့နော်... ငါနင့်အတွက် ၀ယ်ပေးမယ် .. အိုကေ...."
လီချူးဟန်၏ လှပသည့် မျက်လုံးလေးများကို စိုက်ကြည့်ရင်း လင်းရီ မနေနိုင်ပဲ ရယ်မောမိလိုက်၏။
"မင်းကလည်း ၀ယ်ပေးဦးမယ်... အဲ့တာကို ဘာလို့ တောင်းဆိုတဲ့ လေသံနဲ့ လာပြောနေတာ...."
"နင်က မပြောမဆိုနဲ့ ပိုက်ဆံရှင်းပစ်လိုက်မှာ ကြောက်လို့လေ...."
"ကောင်းပြီလေ... အဲ့တာဆို မင်းကို ရှိုးပြဖို့ အခွင့်အရေး ပေးလိုက်မယ်...."
"အင်း...."
လီချူးဟန် ခေါင်းကို လေးပင်စွာ ငြိမ့်လိုက်ပြီး သူမတို့ နေ့လည်သွားမည့် ခရီးစဉ်ကို ရင်ထဲ၌ မျှော်တလင့်လင့် ဖြစ်နေမိတော့၏။
ယခုလို ပြုလုပ်သည်မှာ သူမဘ၀တွင် ပထမဆုံးအကြိမ်ဖြစ်ပြီး အနည်းငယ် စိတ်လှုပ်ရှားနေသလို စိတ်ရှုပ်ထွေးနေသလိုလဲလည်း ခံစားနေရလေသည်။
ရှော့ပင်းထွက်မည့် ကိစ္စကို ဆွေးနွေးပြီးနောက် နှစ်ယောက်သား ခွဲစိတ်ခန်းထဲသို့ ရောက်လာကြ၏။
လင်းရီတို့ ရောက်လာသည်ကို မြင်သို့ ခွဲစိတ်ခန်း အပြင်ဘက်ရှိ စွန်းကျားချိန်မှာ သူတိူ့နှစ်ယောက်ကို အကြီးကြီး ပြုံးပြ၍ ကြိုဆိုလိုက်ပြီး
"ဒါရိုက်တာလီ... ဒါရိုက်တာလင်း... အဖေ့ခွဲစိတ်မှုကို ဒါရိုက်တာတို့လက်ထဲ အပ်ပါတယ်နော...."
"မပူနဲ့.. အဆင်ပြေမှာပါ...."
ထို့နောက် နှစ်ယောက်လုံး ခွဲစိတ်ခန်းထဲသို့ ၀င်သွားကြ၏။ တစ်ချိန်တည်းတွင် စွန်းကျားချိန်၏ ဇနီးလည်း ဘေးသို့ ရောက်ရှိလာခဲ့သည်။
"ရှင် ဒီလိုလုပ်နေလည်း အလကားပဲ.. ကျွန်မတို့ဘက်က လက်ဆောင် ပေးထားပြီးပြီပဲ မဟုတ်လား... သူတို့အကောင်းဆုံး ကြိုးစားပေးမှာ အသေအချာပဲ... ရလဒ်ကိုပဲ စောင့်ကြည့်ကြတာပေါ့...."
"အမှန်ပဲ... ဒါပေမယ့် သူတို့နှစ်ယောက်က ငါတို့ပေးတဲ့ လက်ဆောင်တွေကို လက်မခံဘူးဟ.... "
"လက်မခံဘူး....နင်က လက်ဆောင် ဘယ်လိုပေးရမလဲဆိုတာတောင် မသိဘူးလား....."စွန်းကျားချိန်၏ ဇနီးမှ လေသံတိုးတိုးဖြင့် ကြိမ်းမောင်းလိုက်ပြီး "ဒီလိုမှန်းသိရင် စောကတည်းကနေ ကိုယ်တိုင်သွားပေးပါတယ်အေ... သူတို့ လက်မခံလိုက်တာက ငါတို့ပေးတဲ့ ပိုက်ဆံက သေချာပေါက် နည်းလို့ ဖြစ်လိမ့်မယ်.... ဟွန့်... အိမ်ထောင်ဦးစီးဖြစ်ပြီး ဒါလေးတောင် အဖြစ်ရှိအောင် မလုပ်နိုင်ဘူး..."
"သောက်ရေးမပါတာတွေ...."စွန်းကျားချိန် ကျိန်ဆဲလိုက်ပြီး "ဒါရိုက်တာလီက ယွမ် သန်း ၃၀ ကျော်တဲ့ ကားကြီးမောင်းတယ်... ပြီးတော့ ဒါရိုက်တာလင်းကလည်း ယွမ် ၁၀ သန်းကျော်တဲ့ လက်ပတ်နာရီနဲ့.... သူတို့ထဲမှာ ဘယ်သူက မင်းပေးတဲ့ ယွမ် တစ်သောင်း နှစ်သောင်းကို လက်ခံချင်မှာ....”