ကျွန်မတို့ နှစ်ယောက်က ချစ်သူတွေ မဟုတ်ပါဘူး....
Vol. 33 Ch. 483
"ဘာ... ဘာပြောလိုက်တယ်...."
စွန်းကျားချိန်၏ ဇနီးမှာ ဆက်လက်မတည်ငြိမ်နိုင်တော့ပဲ "သူတို့နှစ်ယောက်က ယွမ်သန်း ၃၀ကျော်တန် ကားကြီးမောင်းပြီးတော့ ယွမ်၁၀ သန်းတန် နာရီတွေ ၀တ်တယ်... ဟုတ်လား...."
"အမှန်ပဲ... အဲ့လောက်မှ မချမ်းသာနေရင် ငါတို့ပေးတဲ့ လက်ဆောင်ကို ငြင်းမယ်လို့ ထင်လား...."စွန်းကျားချိန် ပြောလိုက်ပြီး "သူတို့ရဲ့ ပိုင်ဆိုင်မှုတွေနဲ့ဆိုရင် ငါတို့ ရှိသမျှ ထုခွဲ ရောင်းချပြီး လက်ဆောင်ပေးရင်တောင် သူတိူ့ လိုချင်မှာ မဟုတ်ဘူး...."
"အာ.... ဒါဆိုရင် ကျွန်မ မှားသွားတာပဲ...."
"မိန်းမအမှား မဟုတ်ပါဘူးကွာ... ယောက်ျားလည်း သူတို့လက်ထဲက နာရီနဲ့ ကားသော့ ကို မြင်တော့ ရှော့ခ်ရသွားခဲ့တာ...."
မျှော်လင့်ထားသည့် အတိုင်း ခွဲစိတ်မှုမှာ သုံးနာရီကျော် ကြာမြင့်ရမည်ဆိုသော်လည်း လင်းရီ၏ ကျွမ်းကျင်မှုကြောင့် နှစ်နာရီတည်းနဲ့ ပြီးဆုံးသွားခဲ့လေသည်။
ခွဲစိတ်မှုပြီးနောက် မကြာမီ လင်းရီနှင့် လီချူးဟန်တို့ mask ချွတ်၍ ခွဲစိတ်ခန်း အပြင်ဘက်သို့ လမ်းလျှောက်လာခဲ့ကြ၏။
ကျန်သည့် အလုပ်များကိုတော့ ချောင်ရှင်းနှင့် နာ့စ်တို့ထံ လွှဲထား၍ ဖြစ်သောကြောင့် သူတို့နှစ်ဦး ဆက်နေရန် မလိုအပ်ချေ။
"ဒေါက်တာ... ကျုပ် အဖေရဲ့ အခြေအနေ ဘယ်လိုရှိလဲဗျ..."စွန်းကျားချန် ပူပန်စိတ်လှုပ်ရှားနေသည့် လေသံဖြင့် မေးမြန်းလိုက်သည်။
"ဘာမှ မစိုးရိမ်နဲ့တော့... ခင်များအဖေ တစ်ပတ်အတွင်း ဆေးရုံက ဆင်းလို့ရပြီ.... "
"ကျေးဇူးပါ ဒေါက်တာရယ်.. ကျေးဇူးတင်လိုက်တာဗျာ.... "
လင်းရီနှင့် လီချူးဟန်တို့ အတွက်တော့ ထိုစကားလုံးက ဟုန်ပေါင်းရသည်ထက်ပင် ပိုပြီး စိတ်ကျေနပ်ဖို့ ကောင်းသည်ဟု ထင်၏။
လင်းရီအတွက် အပျော်ရွှင်စေဆုံးကတော့ မစ်ရှင်ပြီးမြောက်မှု (၄/၅)ဖြစ်သွားခြင်းပင်။ နောက်တစ်နေ့တွင်လည်း ခွဲစိတ်မှု နောက်တစ်ခု ထပ်ရှိသေးသောကြောင့် မစ်ရှင်မှာ လွယ်လွယ်ကူကူနှင့် ပြီးဆုံးသွားပေတော့မည်။
ဆရာ၀န်အလုပ်အကိုင်အတွက် အန္တိမ မစ်ရှင်က ဘာဖြစ်မလဲဆိုတာကိုလည်း လင်းရီ သိချင်နေမိတော့၏။
နှစ်ယောက်သား ဌာနသို့ ပြန်လာခဲ့ကြပြီး ပစ္စည်းပစ္စယများကို သိမ်းဆည်းလိုက်ကြကာတစ်ချိန်တည်းတွင် အပြင်သို့ အတူထွက်လာခဲ့ကြသည်။
" ဆေးရုံကို တက္ကစီနဲ့ လာခဲ့တာလား.... "
ဓာတ်လှေကားထဲမှ ထွက်လာခဲ့ပြီးနောက် လင်းရီ မေးမြန်းလိုက်သည်။
"ငါ နင့်ရဲ့ကားနဲ့ မောင်းလာခဲ့တာလေ...."လီချူးဟန် ပြောလိုက်ပြီး အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေဟန်ဖြင့် "ဒါပေမယ့် တခြားသူတွေ မြင်မှာကြောက်လို့ ဆေးရုံကိုတော့ မမောင်းလာခဲ့ဘူး.... မျက်နှာချင်းဆိုင်က အသိမိတ်ဆွေအိမ်မှာ ပါကင်ထိုးထားခဲ့လိုက်တယ်...."
"ဒါဆိုလည်း ငါ့ကား(ရှာရီ)နဲ့ပဲ သွားကြတာပေါ့...."
"ရတယ်လေ...."
"ဒါနဲ့ နင် အ၀တ်အစားတွေကို ဘယ်မှာ ၀ယ်လေ့ရှိလဲ..."ကားထဲသို့ ရောက်ပြီးနောက် လီချူးဟန်မှ မေးလိုက်သည်။
"ငါလား...တိုင်းစကွဲနဲ့ ၀မ်သပလာမှာ ပိုပြီး၀ယ်ဖြစ်တယ်.. ခုတော့ တိုင်းစကွဲက ပိုနီးတယ်ဆိုတော့ တိုင်းစကွဲကိုပဲ သွားကြတာပေါ့...."
"အွန်း.... "
တိုင်းစကွဲရှိ ကုန်ပစ္စည်းတို့မှာ ဈေးကြီးလှသော်လည်း လီချူးဟန်၏ ၀င်ငွေကလည်း နည်းနည်းနောနော မဟုတ်ပေ။ မဟုတ်ပါက Type R ကဲ့သို့ကားမျိုး မောင်းနိုင်လိမ့်မည် မဟုတ်။
ထို့နောက် လင်းရီ ကားအင်ဂျင်စက်နှိုးပြီး တိုင်းစကွဲသို့ ဦးတည်လိုက်၏။
"ကားပြင်စရိတ်က ဘယ်လောက်လဲတဲ့.. ၀မ်မိသားစုက ငါ့ဆီ ပိုက်ဆံ လွှဲလာခဲ့ပြီဆိုတော့ နင့်ဆီ ပြန်လွှဲပေးလိုက်မယ်လေ..."
"လွှဲပေးမယ်....မင်းဘာမင်းပဲ သိမ်းထားလိုက်စမ်းပါကွာ...."လင်းရီ ပြောလိုက်ပြီး "ငါ ၀ပ်ရှော့ကို ဖုန်းဆက်မေးပြီးသွားပြီ... Type R က နောက်တစ်ပတ်လောက် နေမှရမှာ... "
"ဟုတ်လား... အဲ့တာဆို ဒီပိုက်ဆံတွေကို နင့်ဖို့ အင်္ကျီ၀ယ်ပေးတဲ့ နေရာမှာပဲ သုံးလိုက်တော့မယ်.... "
ယွမ်တစ်သိန်းမှာ လင်းရီအတွက်တော့ ဘာမျှ မဟုတ်ကြောင်း လီချူးဟန် နားလည်လေသည်။ အကယ်၍ သူမ အတင်းပေးလျှင်တောင်မှ ထိုအကောင်က လက်ခံလိမ့်မည် မဟုတ်ချေ။ ထို့ကြောင် ယခုလိုနည်းလမ်းဖြင့်သာ လင်းရီကို ပြန်ပေးဆပ်နိုင်တော့၏။
"အသေးမွှားလေးတွေကို လိုက်ဂရုစိုက်မနေစမ်းပါနဲ့ကွာ... အဲ့လောက် ငွေလေးကတော့ ငါလည်း မမှုပါဘူး.... "
"ဂရုမစိုက်လို့ ဘယ်ဖြစ်မှာ... ငါ့အမေမဆုံးခင်တုန်းက ဘယ်သူ့နားကမှလည်း အကြွေးမယူနဲ့ ကိုယ်ကလည်း အကြွေးတင်ခံလို့မရဘူးဆိုပြီးတော့ တတွတ်တွတ် မှာသွားခဲ့တာ.... ငါ့ဘက်ကတော့ တတ်နိုင်သလောက် ပြန်ပေးဆပ်သွားမှာပဲ... မဆပ်ရသေးတဲ့ အကြွေးတွေများနေတာက လူကို အရမ်း စိတ်ကသိကအောက် ဖြစ်စေတယ်.... "
"အဲ့တာကြီးက အရင်ခေတ်က အတွေးတွေပါကွာ...."လင်းရီ ပြောလိုက်ပြီး "ဒီဘက်ခေတ်မှာ အကြွေးမကင်းတဲ့သူ ဘယ်သူရှိလို့လဲ...."
"အင်း... နင်ပြောတာလည်း ဟုတ်တယ်နော..."
ဤသို့ဖြင့် ထွေရာလေးပါး ပြောဆိုရင်း လင်းရီတို့ တိုင်းစကွဲထံ ရောက်ရှိလာလေသည်။ ထိုနေရာသို့ ရောက်သောအခါ လီချူးဟန် ကားပေါ်မှ ဆင်းပြီး တိုင်းစကွဲကို အပြုံးဖြင့် ကြည့်နေလိုက်၏။ ရှော့ပင်းထွက်ရတာကို မနှစ်သက်သည့် အမျိုးသမီး ရှိပါမည်နည်း။ ပိုက်ဆံဖြုန်းရသည်ကိုက ပျော်ရွှင်ဖွယ်ကောင်းသည့် ခံစားချက်ဆိုတာကိုတော့ မည်သည့် လူသားကမျှ ငြင်းဆန်နိုင်လိမ့်မည် မဟုတ်ချေ။
ထိုစဉ် ခပ်လှမ်းလှမ်းရှိ မိန်းမပျိုလေးနှစ်ဦးမှ လင်းရီကို မြင်တွေ့သွားပြီး " ဟိတ် သူငယ်ချင်း .... ဟိုနားက အကိုလေးက အရမ်းချောတာပဲနော်.... "
"ဟုတ်တယ်နော်... သူ့ပုံစံ ကြည့်ရတာ TV တွေထဲက စတားတွေရဲ့ စတိုင်နဲ့ တစ်ထေရာတည်းပဲ.... "
"ဟမ့် မင်းတို့နှစ်ယောက် စိတ်ဣန္ဒြေရရ နေကြစမ်းပါ... "
ပြောလိုက်သူကတော့ မိန်းကလေးဘေးတွင် ရပ်နေသည့် ခပ်ငယ်ငယ် ကောင်လေးတစ်ယောက်ပင်။ သူ၏ နာမည်ကတော့ ချိန်ကျွင်းလုံဖြစ်ပြီး အားကစား၀တ်စုံကို ၀တ်ဆင်ထားကာ ကျောကို လှံတစ်စင်းကဲ့သို့ ဖြောင့်မတ်ထားလေသည်။
တတွတ်တွတ်နှင့် ပြောဆိုနေကြသူများကတော့ ချိန်ကျွင်းလုံ၏ အတန်းဖော် ၀မ်နန်နန်နှင် စွန်းရိကျားတို့ ဖြစ်ကြ၏။
"မထားတော့ကော ဘာဖြစ်ချင်လဲ.. သူက ငါတို့ကျောင်းက ကောင်လေးတွေထက် အရမ်းချောနေတော့ ဒီလိုဖြစ်တာ ပုံမှန်ပဲလေ...."
"ရုပ်ချောတော့ကော ဘာသုံးစားလို့ရမှာ... အဲ့ကောင်မောင်းနေတဲ့ကားကိုလည်း တစ်ချက်ရှိုးလိုက်ဦး... ရှာရီစုတ်ကြီးကွ.... "ချိန်ကျွင်းလုံ အထင်သေးစွာ ပြောဆိုလိုက်သည်။
"ဘုရားက မျှတပြီးသားပဲလေ... သူ့ကို ခြောက်ပစ်ကင်းတဲ့ ရူပကာကို ပေးသနားထားတော့ ကျန်တဲ့ နယ်ပယ်မှာ အထင်ကြီးဖို့ မကောင်းတာ ပုံမှန်ပါပဲ... အဲ့တော့ကော ဘာဖြစ်လဲ... ငါတို့က ချောလို့ ချောတယ် ချီးကျူးနေတာကို နင်က ဘာဖြစ်ချင်နေတာ... မနာလိုဖြစ်နေတာလား...."၀မ်နန်နန်မှ ခပ်စွာစွာ ပြန်ပြောလိုက်သည်။
"ငါက ဘာဆိုင်လို့ မနာလိုဖြစ်ရမှာ... ငါခု ၀တ်ထားတဲ့ ၀တ်စုံနဲ့တင် အဲ့ကောင်ရဲ့ တစ်လစာ၀င်ငွေလောက်ရှိတယ်...ရုပ်ရည်နဲ့ ပိုက်ဆံချင်း ယှဉ်ရင် ပိုက်ဆံက ဘုရင်ပဲကွ.... "
"ကျွတ် ကျွတ် .... ငါ့ရဲ့ မသိစိတ်ကတော့ နင် မနာလိုလို့ ဒီလိုတွေ ပြောနေတာလို့ ဘာကြောင့် ခံစားနေရပါလိမ့်... "
"သောက်ရေးမပါတာတွေ... ငါ့ရုပ်ရည်ကလည်း အဆိုးကြီး မဟုတ်ဘူး... ပြီးတော့လည်း သူ့ထက်လည်း ချမ်းသာတယ်... အနာဂတ်ကျရင် ငါက အရာရှိအရာခံ ဖြစ်မယ့်ကောင်ကွ... ငါ့အခြေအနေတွေက သူ့ထက်အများကြီး သာပြီးသား..."
"ဟမ့်.. နင်က သာမန်ထက် မဆိုစလောက် သာရုံလေးကို ... ဘာတွေ အဲ့လောက်ထိ ဂုဏ်ဆာပြနေတာ.... "၀မ်နန်နန်မှ ပြောလိုက်သည်။
"အဲ့လိုပြောကြေးဆို နင်လည်း ပိုက်ဆံမရှိပဲနဲ့ ဘာမှလုပ်လို့မရဘူးလေ... နင်မွဲပြာကျသွားတဲ့ချိန် နင့်ရုပ် နင့်ရည်နဲ့ စပွန်ဆာ ရှာလို့ရမယ် ထင်လား.....ရုပ်ချောပြီးတော့ ပိုက်ဆံ မရှိတာက ဖြည်းဖြည်းချင်း ရှာလို့ရတယ်... ဘယ်သူကမှ မွေးကတည်းက မချမ်းသာလာဘူး...."စွန်းရိကျား ပြောလိုက်ပြီး သူမ၏ အကြည့်များကတော့ လင်းရီ၏ ခန့်ညားလှသည့် မျက်နှာထက်တွင် တွယ်ကပ်ထားလေသည်။
၀မ်နန်နန်၏ မျက်နှာထက်တွင် ရွှတ်နောက်နောက် အမူအရာတစ်ခု ပေါ်လာခဲ့ပြီး "ရှောင်လုံ..နင် ရိကျားကို အရင် ဖြောင်းဖြသင့်တယ်လို့ ထင်တာပဲ.. မဟုတ်ရင် သူများနောက် ကောက်ကောက်ပါအောင် လိုက်ပြေးသွားနိုင်တယ်နော.... "
"ဟယ်... နင်ကလည်း ...ဘာတွေ လျှောက်ပြောနေတာ... ငါပြောချင်တာက အဲ့သဘောမျိုး မဟုတ်ပါဘူး...."
စွန်းရိကျား၏ အရှက်သည်းနေသည့် အမူအရာကို မြင်တော့ ချိန်ကျွင်းလုံမှနေ၍ "ရိကျား... မင်းက ဒီအသက်အရွယ်ရောက်နေတာတောင်မှ ခုထိ မရင့်ကျက်နိုင်သေးဘူးလား... ရှာရီမောင်းတဲ့ကောင်က မင်းကို ဘာများ ပံ့ပိုးပေးနိုင်မှာမို့လဲ...."
ရှေ့မှ တက်ကြွစွာ လမ်းလျှောက်နေသည့် လီချူးဟန်မှာ ရုတ်တရက် သူမ ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ချိန်ကျွင်းလုံဘက်သို့ လှည့်ကာ အေးစက်သည့် ရေခဲမျက်၀န်းတို့ဖြင့် ကြည့်လိုက်၏။
လက်တွေ့တွင်တော့ လင်းရီလည်း ထိုစကားဝိုင်းကို ကြားသိပြီးဖြစ်သော်လည်း သူ လုံး၀ စိတ်ဆိုးခြင်း မပြုပေ။ ထိုအစား အပြုံးလေးဖြင့် စွန်းရိကျားထံသို့ လျှောက်လှမ်းလာခဲ့ကာ "မိန်းမလှလေး... ငါတို့ ဝီချက်အပ်ကြမလား...."
"ရှင်...နင် နင်က ဝီချက်အပ်ချင်နေတယ်.... "
စွန်းရိကျား၏ မျက်နှာမှာ ပန်းသီးကဲ့သို့ နီရဲသွားခဲ့သည်။ ယခုလို ခန့်ညားချောမောသည့် အကိုလေးမှ သူမနား ရုတ်တရက် ဝီချက်လာတောင်းလိမ့်မည်ဟု မထင်ထားသည့်အတွက် သူမရင်ထဲမှ ပျော်ရွှင်မှုလှိုင်းလူံးများ လှိမ့်တက်လာခဲ့တော့၏။ အဖြစ်အပျက်များမှာ ရုတ်တရက် ဆန်လွန်းလှပြီး မယုံကြည်နိုင်စရာ ကောင်းလွန်းလှပေသည်။
"ဟျောင့်... မင်းကိုယ်မင်း ဘာထင်နေတာလဲကွ... ရိကျားက သူစိမ်းတွေကို ဘယ်တော့မှ ဝီချက်မအပ်......"
"အကိုလေးရဲ့ ဝီချက်နံပါတ်က ဘယ်လောက်လဲဟင်.... ကျွန်မကပဲ အပ်လိုက်မယ်လေ...."
ချိန်ကျွင်းလုံ :"......"
'ဒါဘာလဲ... မင်းငါ့မျက်နှာကို ဖြတ်ရိုက်လိုက်တာလား ရိကျားကျား....'
လင်းရီ သူ၏ ဝီချက်ကျူအာကို ပြလိုက်ပြီး "ဒီတိုင်းပဲ စကန်ဖတ်လိုက်...."
"အွန်း-အွန်း...."
စွန်းရိကျား စိတ်လှုပ်ရှားစွာဖြင့် သူမဖုန်းကို ကိုင်ထားပြီး လင်းရီ၏ ဝီချက်ကျူအာကို စကန်ဖတ်လိုက်သည်။ မျက်နှာထက်တွင်လည်း အပြုံးတို့ အတော်မသတ်နိုင်အောင် ဖြစ်ပေါ်နေပြီး ပန်းခင်းကြီးထဲ ဖြတ်ပြေးနေသကဲ့သို့ ခံစားနေရတော့၏။
"ဝီချက်မှာ စကားပြောကြတာပေါ့... ကျုပ်အားရင် မိန်းကလေးကို ထမင်းလိုက်ကျွေးမယ်လေ....."
"ရတယ် ရတယ်... မိန်းကလေးဖြစ်တဲ့ ကျွန်မကပဲ လိုက်ကျွေးသင့်တာပေါ့... အကိုလေး ဘာမှ စိတ်ပူစရာ မလိုဘူး..."စွန်းရိကျား ကမန်းကတန်း ပြောလိုက်၏။ ယခုလို အဆင်လေးမျိုးနှင့် ဝီချက်အပ်ရသောကြောင့် သူမ မွဲပြာကျရင် ကျသွားပါစေ၊ အပြည့်အ၀ အမ်းချင်နေလေသည်။
"ဒီလိုလည်း ရပါတယ်..."လင်းရီ ပြုံးပြိးနောက် ချိန်ကျွင်းလုံကို မျက်စပစ်ကာ "မင်းက ငယ်ပါသေးတယ်... အိမ်ပြန်ပြီး လေ့ကျင့်လိုက်ဦး.... "
၎င်းကို ဖြတ်သွားဖြတ်လာ အမျိုးသမီးများကြားတော့ ခိုးခိုးခစ်ခစ် ရယ်မောလိုက်ကြ၏။
"ရုပ်ချောတာက အမြဲတမ်း အားသာချက်ရှိတယ်လေနော... ပထမဆုံး မြင်ရင် ဘယ်မိန်းကလေးကမှ ပိုက်ဆံ ဘယ်လောက်ရှိလဲ ကြည့်မှာမဟုတ်တာ... မျက်နှာကိုပဲ အရင်ကြည့်ကြတာလေ.... နင် ကြည့်နေလိုက်... အဲ့ကောင်မလေး မကြာခင် ဟိုအချောလေးနဲ့ ဟိုတယ်မှာ နက်နဲတဲ့ ပတ်သက်မှုတွေ တည်ဆောက်တော့မှာ... "
"အမှန်ပဲ... ပြီးတော့လည်း အဲ့တာက ဖရီးပဲ....."
ထိုအသံများကို ကြားတော့ ချိန်ကျွင်းလုံ၏ မျက်နှာ စိမ်းတက်လာပြီး "ရိကျား.. မင်း သူစိမ်းတွေနဲ့ စကားမပြောနဲ့... သူ့ဝီချက်ကို ချက်ချင်း ဖျက်ပစ်လိုက်... သူက မိန်းကလေးတွေရဲ့ အသည်းနှလုံးကို ကစားတတ်တဲ့ မကောင်းတဲ့ကောင်ဆိုတာ ရုပ်ကြည့်လိုက်တာနဲ့ သိသာတယ်... တော်နေကြာ လက်လွန်ခြေလွန်တွေ ဖြစ်ကုန်လို့ နင်ဗိုက်တစ်လူံးနဲ့ ကျန်နေရစ်ခဲ့မယ်နော...."
"အဲ့တာ ငါ့ကိစ္စ.. နင့်အပူ တစ်ပြားမှ မပါဘူး...."
ချိန်ကျွင်းလုံး :"........."
စွန်းရိကျားနှင့် ဝီချက်အပ်ပြီးနောက် လင်းရီ လီချုးဟန်နှင့်အတူ တိုင်းစကွဲထံသို့ တည့်မတ်စွာ လျှောက်လာခဲ့လေသည်။
လီချူးဟန် လက်ရှိ နေရာနှင့် မည်မျှ ရင်းနှီးနေသည်ကို ကြည့်ပါက သူမ ယခင်ကလည်း ရောက်ဖူးသည့်ပုံပင်။ အဘယ်ကြောင့်ဆိုသော် တံဆိပ်ကပ်ထားသည့် ဈေးနှုန်းများကြောင့် သူမ လန့်ဖြန့် မသွားခဲ့ချေ။
"တတိယထပ်ကို သွားကြည့်ကြည့်ရအောင်... အဲ့မှာက အမျိုးသား၀တ်တွေ ရောင်းတယ်.... "
သို့နှင့် နှစ်ယောက်အတူ သုံးလွှာသို့ ရောက်ရှိလာသည်။ ထိုအလွှာတစ်ခုလုံး ပြည်တွင်းနှင့် ပြည်ပမှ ဒုတိယအလွှာအဆင့် ဘရန်းအမှတ်တံဆိပ်များဖြင့် ပြည့်နှက်နေတော့၏။ ထိုဘရန်းများမှာ နိုင်ငံတကာ ဘရန်းများလောက် နာမည် မကျော်ကြားကျော်သော်လည်း ချုပ်လုပ်ထားသည့် လက်ရာနှင့် ဒီဇိုင်းပိုင်းတွင်တော့ အားသာမှုရှိကြ၏။ မဟုတ်ပါက တိုင်းစကွဲတွင် ရောင်းချခွင့် ရလိမ့်မည် မဟုတ်ချေ။
သုံးလွှာတွင် ခဏတစ်ဖြုတ် ပတ်ကြည့်ပြီးနောက် အခြားဘရန်းများထက် တမူထူးခြားသည့် ဒီဇိုင်းပုံစံများဖြင့် ထည်ဝါစွာ ပေါ်လွင်နေသည့် နစ်ချယ်ဘရန်းများ ရောင်းသည့် ဆိုင်ရှေ့သို့ ရောက်ရှိလာခဲ့၏။
"ဒီဆိုင်က အထည်လေးတွေ တကယ်မဆိုးဘူးသိလား.. ငါတစ်ခါ ၀ယ်ဖူတယ်... နင် စမ်း၀တ်ကြည့်ကြည့်မလား...."
"ရတယ်လေ.. ငါက ၀တ်လို့ရရင်ပြီးရောပဲ... ဘာမှ ဂျေးမများဘူး... မင်း အဆင်ပြေမယ်ထင်တာသာ ၀ယ်ပေးလိုက်..."
"အဲ့လိုဆို ပိုအဆင်ပြေတာပေါ့...."
လီချူးဟန် ဟိုဟိုဒီဒီ ပတ်ကြည့်လိုက်ပြီး လင်းရီအတွက် အနက်နှင့် အပြာ ရောစပ်ထားသည့် ဘောင်းဘီတစ်စုံနှင့် အဖြူရောင် ပိုလိုရှပ်ကို ရွေးပေးလိုက်၏။ သူမ မျက်စိထဲတွင် ထိုနှစ်စုံက လင်းရီနှင့် အတော်လေး လိုက်ဖက်မည်ဟု ခံစားနေရလေသည်။
"ဒီ ၀တ်စုံက ပိုပြီး ရင့်ကျက်တယ်လို့ ထင်ရပေမယ့် ၀တ်လိုက်ရင်တော့ လူကို အိုသွားတဲ့ပုံမပေါက်ဘူး.. အရေးကြီးတဲ့ ပွဲတွေတက်ဖို့ သင့်လျော်တယ်... နင် စမ်း၀တ်ကြည့်ကြည့်... "
လင်းရီ ခေါင်းညိမ့်ပြီး အ၀တ်လဲခန်းထဲသို့ ၀င်သွားလေသည်။ ခေတ္တကြာပြီးနောက် ပြန်ထွက်လာခဲ့သောအခါ အမျိုးသမီး အရောင်း၀န်ထမ်းတို့၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ကြ၏။
'ဘယ်လောက်တောင် ခန့်ညားလိုက်သလဲ....'
လင်းရီကဲ့သို့ ဘော်ဒီတောင့်ဖြောင့်ပြီး ခန့်ညားချောမောသူအတွက်ကတော့ ဘာ၀တ်၀တ် လိုက်ဖက်နေမည်မှာ သဘာ၀ပင်။
လီချူးဟန် ရှေ့သို့ တက်လာခဲ့ပြီး လင်းရီ၏ ကော်လံနှင့် ကြယ်သီးများကို သေချာသပ်ရပ်အောင် ပြုလုပ်ပေးလိုက်သည်။ ထိုအခါ သူမခေါင်းထက်ရှိ သင်းပျံ့သည့် ရနံ့လေးများမှာ လင်းရီ၏ နှာသီး၀သို့ထိုးဖောက်၀င်ရောက်လာလေသည်။ ထိုသို့ ပြုလုပ်ပြီးနောက် လီချူးဟန် စိတ်ကျေနပ်နေသည့် အမူအရာဖြင့် ခေါင်းညိမ့်လိုက်၏။
"လူကြီးမင်း .. ရှင့်ရဲ့ ကောင်မလေးက အရမ်း အမြင်ရှိတာပဲနော်... ဒီ၀တ်စုံက အပ်ချုပ်သမားကိုယ်တိုင် လူကြီးမင်းနဲ့ တိုင်းပြီး ချုပ်ထားပေးတဲ့ အတိုင်းပဲ.... "
"ကျွန်မတို့ နှစ်ယောက်က ချစ်သူတွေ မဟုတ်ပါဘူး....."လီချူးဟန် ရှက်ရွံ့စွာဖြင့် ပြန်ပြောလိုက်၏။
"အိုး အိုး .... စိတ်မရှိပါနဲ့ရှင်..."
သူတို့နှစ်ယောက်၏ ဆက်ဆံရေးကို သိရှိပြီးနောက် အမျိုးသမီး၀န်ထမ်း၏ အကြည့်တို့မှာ ဒွိဟ ဖြစ်သွားခဲ့၏။
'ကောင်လေးက အရမ်းချောမောနေပြီးတော့ ကောင်မလေးကလည်း အင်္ကျီတွေ ရွေး၀ယ်ပေးနေတယ်... ဒါတောင်မှ ချစ်သူတွေ မဟုတ်ကြဘူးဆိုတော့ အပျော်လင်ကောင်လေးနဲ့ ချမ်းသာတဲ့ မမကြီး ဆက်ဆံရေးများလား....အရမ်း စိတ်၀င်စားဖို့ကောင်းတာပဲ....'
ထိုအကြောင်း တွေးမိသောအခါ ဆိုင်၀န်ထမ်း အမျိုးသမီးလေးမှ ပြုံးလိုက်၏။ ယခုခေတ်တွင် ကောင်ချောချောလေးများမှ ချမ်းသာသည့် အမျိုးသမီးများကို ရှာဖွေကြသည်မှာ အထူးအဆန်း မဟုတ်တော့ပေ။
"ကျုပ်ကို ဒါတစ်ချက် တွက်ပေးဦး.."လင်းရီ ပြောလိုက်သည်။
"ကောင်းပါပြီရှင့်... ခဏလေးပါနော် .... "
အမျိုးသမီး ၀န်ထမ်းမှ အင်္ကျီနှစ်ထည်ကို ကောက်ယူလိုက်ပြီး "ဟုတ်ကဲ့ရှင့်....ဒစ်စကောင့်နဲ့ဆိုရင် စုစုပေါင်း ယွမ် ၁၈,၅၀၀ ကျပါတယ်ရှင့်..."
လီချူးဟန် ခေါင်းညိမ့်ပြီး ဖုန်းထုတ်ကာ ပေးချေတော့မည့် အချိန်တွင် လင်းရီ လက်ဆန့်တန်း၍ သူမကို တားဆီးလိုက်၏။
"ကျုပ်မှာ မန်ဘာကတ်ရှိတယ်... ၃၀ ရာခိုင်နှုန်း ဒစ်စကောင့်နဲ့ ပြန်တွက်ပေးလို့ရလား....”