သံသယ၀င်နေတာမဟုတ်ဘူး....လုံး၀ငြင်းဆိုနေတာ
Vol. 33 Ch. 486
"ယွမ် သုံးသိန်း...."
ထိုပမာဏကိုကြားတော့ လီချူးဟန် သူမ နားကြား မှားသွားလေသလောဟုတောင် ကိုယ့်နားကိုယ် ယုံမှားသံသယ ဖြစ်သွားခဲ့ရ၏။
ဒါက ဖူတန် တက္ကသိုလ်က ကျောင်းသားတစ်ယောက်ရဲ့ အရည်အချင်းတဲ့လား...
လူရွယ်နှင့် အမယ်အိုကြီးတို့နှစ်ယောက်လည်း ကြက်သေသေသွားခဲ့ကြသည်။
သူတို့ လိမ်နေမှန်း သိပါလျက်နှင့် အကြောင်း ပြချက်တစ်ချို့ကြောင့် နတ်ဘုရားသဖွယ် ပံ့ပိုးပေးသူမှာ ရောက်လို့လာချေပြီ။ ယခု သူတို့ဘက်မှ လူအင်အား တောင့်တင်းသွားရုံသာမက အောင်မြင်နိုင်ဖို့ အခွင့်အလမ်းပင် မြင်တွေ့နေရ၏။
ဘယ်လိုတောင် အံ့ဩဖို့ ကောင်းလိုက်လဲ...
"အမှန်ပဲ... ပြီးတော့ ဒီယွမ်သုံးသိန်းက အနိမ့်ဆုံး ဖြစ်နိုင်ချေနော်...ကျုပ်ကတော့ ခင်များတို့ ပိုက်ဆံ အမြန် ထုတ်ပေးလိုက်ပြီး ဒီအမယ်အိုကြီးရဲ့ ကုသမှုကို မနှောင့်နှေးစေတာပဲ ကောင်းလိမ့်မယ်လို့ထင်တယ်... မဟုတ်လို့ကတော့ ဆေးဖိုးဝါးခက ဒီထက် ပိုမြင့်မားသွားတော့မှာ... "
လူတိုင်း ထိုစကားကို ယုံကြည်သွားခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ဖူတန်တက္ကသိုလ် ဆေးပညာဌာနမှာ ဂုဏ်သတင်း အခိုင်အမာ တည်ရှိနေပြီး သူတို့ မွေးထုတ်ပေးလိုက်သည့် ကျောင်းသားတို့မှာလည်း သေချာပေါက် အရည်အချင်း ဆိုးရွားလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ဆေးဖိုးဝါးခ ယွမ် သုံးသိန်းမှာ အတုမဖြစ်နိုင်ရာ၏။
ရဲအရာရှိ နှစ်ဦးလည်း ခေတ္တမျှ အငိုက်မိသွားကြသည်။ ကိစ္စများမှာ ယခုလို ဖြစ်လာလိမ့်မည်လို့ ထင်မထားသောကြောင့် ယွမ် နှစ်ထောင်မှာ အတော့်ကို နည်းသည်ဟု ပြော၍ရ၏။
"အာ.... ငါ့ညီတို့ ... ဒီအဘွားကြီးရဲ့ အခြေအနေက ဒီလိုတွေ ဖြစ်နေတယ်ဆိုတော့ ယွမ်နှစ်ထောင်တည်းနဲ့ သေချာပေါက် လောက်မှာ မဟုတ်တော့ဘူး... မင်းတို့ အချင်းချင်း ညှိနှိုင်းကြည့်ကြပါလား....."
" ဘာမှ ညှိနှိုင်းစရာ အကြောင်း မရှိဘူး....ခုနတုန်းက ကျုပ် ယွမ်တစ်သိန်းလို့ ပြောတာ မှားသွားတယ်... တကယ်လို့ ယွမ်သုံးသိန်းမှ မပေးဘူးဆိုရင်တော့ ဒီကိစ္စကို အေးဆေး ကျေအေးပေးလိုက်လိမ့်လို့ မထင်နဲ့......"
"အမှန်တော့ သူ စစ်ဆေးတာ မှားနေတာ... နင့်အမေက အကောင်းအတိုင်းကြီးပဲ... ဘာမှ မဖြစ်ဘူး...."လီချူးဟန် ပြောလိုက်ပြီး "အမှန်အတိုင်း ပြောရရင် ငါ ခုနတုန်းကတော့ နင်တို့ကို သဒ္ဓါကြေးလေး ပေးလိုက်မလို့ပဲ.... ခုတော့ တစ်ပြားတစ်ချပ်တောင် ယူဖို့ စိတ်မကူးနဲ့တော့...."
"မင်း ဘာမဟုတ်တာတွေ လာပြောနေတာလဲ... ဒီလူငယ်လေးက ဖူတန်တက္ကသိုလ်က ကျောင်းသားတစ်ယောက်နော်... မင်းက ဖူတန်ရဲ့ စံချိန်စံနှုန်းနဲ့ အရည်အချင်းတွေကို သံသယ၀င်နေတာလား...."လူငယ်မှ အလျှော့မပေးချင်စွာဖြင့် မေးခွန်းထုတ်လိုက်၏။
"သံသယ၀င်နေတာ မဟုတ်ဘူး.... အပြည့်အ၀ကို ငြင်းဆိုနေတာ...."
လီချူးဟန်၏ တည်ငြိမ်သည့်လေသံက လူတိုင်းကို စိတ်ရှုပ်ထွေးသွားစေခဲ့သည်။
'တစ်ဖက်ရဲ့ ပညာရည် အဆင့်အတန်းက ရှင်းနေပြီလေ.. ဒါတောင်မှ ဒီအမျိုးသမီးက တကယ်ကြီး ငြင်းဆန်နေတယ်တဲ့လား... တကယ်လို့ ပိုက်ဆံမပေးချင်ဘူးဆိုရင်တောင်မှ သင့်တင့်လျောက်ပတ်တဲ့ အကြောင်းပြချက်လေးတော့ ပေးရမယ်လေ....ဟုတ်တယ်မလား....'
"မိန်းကလေး...မင်း ဒီပြဿနာကို တိုက်ရိုက် ဖြေရှင်းတာကောင်းမယ်နော...ရှောင်ပြေးတာက ကောင်းမွန်တဲ့ ဖြေရှင်းနည်း မဟုတ်ဘူး...."
"ကျွန်မက ရှောင်ပြေးနေတာ မဟုတ်ဘူး....မဟုတ်တာကို မဟုတ်ကြောင်း ပြောပြနေတာ....."
"ဒါပေမယ့် မိန်းကလေးရဲ့ ပုံစံက ဆေးပညာအကြောင်း သိတဲ့ပုံစံလည်း မပေါ်ပါလား...ဒီလိုပုံစံနဲ့ ဖူတန်ဆေးဌာနက ကျောင်းသားတစ်ယောက်ရဲ့ စကားကို ငြင်းဆန်နေတာက ရယ်စရာကောင်းတယ်လို့ မထင်ဘူးလား....."
လီချူးဟန် သူမဖုန်းကို ထုတ်လိုက်ပြီး သူမ၏ အလုပ်လုပ်သည့် ကတ်ပြား ဓာတ်ပုံကို တွေ့သွားပြီး လူတိုင်းဘက်သို့ လှည့်ကာ "ကျွန်မက ဖူတန်တက္ကသိုလ်နဲ့ ပေါင်းစည်းထားတဲ့ ဟွာရှန်းဆေးရုံက နှလုံးအထူးကု ဌာနရဲ့ ဒါရိုက်တာပဲ...ဘေးက ကျွန်မရဲ့ လုပ်ဖော်ကိုင်ဘက် လက်ထောက်ဒါရိုက်တာ....ခုကော ကျွန်မတို့ နှစ်ယောက်မှာ သူ့ရဲ့ အကဲဖြတ်မှုကို ငြင်းဆန်ပိုင်ခွင့် ရှိသေးတယ်လို့ ထင်လား....."
"ဟင်...သူ...သူတို့က တကယ်ကြီး ဟွာရှန်း ဆေးရုံကတဲ့လား...."
လီချူးဟန်နှင့် လင်းရီ ဘယ်သူလဲဆိုတာကို သိသွားကြတော့ ဝိုင်းအုံနေကြသည့် လူအုပ်ကြီးမှာ အံ့ဩဘနန်း ဖြစ်သွားကုန်ကြသည်။
သူတို့နှစ်ယောက်လုံးမှာ အထင်ကြီးဖို့ကောင်းတဲ့ ပုံရိပ်တွေ ရှိနေကြတာပဲဟ....
နှစ်ယောက်လုံးက ဒါရိုက်တာတွေဆိုတော့ သူတိူ့ရဲ့ အရည်အချင်းက သေချာပေါက် ကျောင်းသားတစ်ယောက်ထက် သာမှာ အမှန်ပဲ...
နောက်တစ်နည်းပြောရမယ်ဆိုရင် ဟိုကျောင်းသားရဲ့ အကဲဖြတ်မှုက အကြီးကြီး မှားနေတာပဲ ဖြစ်ရမယ်....
သူမဖုန်းကို ပြန်ထည့်လိုက်ပြီးနောက် လီချူးဟန် ချိန်ကျွင်းလုံကို ကြည့်ကာ "ရှေ့ နှစ်၀က်လောက်တုန်းက ငါ ဖူတန် ဆေးဌာနက ဘွဲ့ယူမယ့် ကျောင်းသားတွေကို လက်ချာတောင် ပေးခဲ့ဖူးတယ်... အဲ့ဒီတုန်းကတော့ သူတို့ရဲ့ အရည်အသွေးလေးတွေက တကယ့်ကို မဆိုးကြပါဘူး... ခုတော့ ဒီအဆင့်ထိ နိမ့်ကျသွားလိမ့်မယ်လို့ ထင်ကို မထင်ထားတာ... နင် နောက်ကျရင် ဘယ်နေရာရောက်ရောက် ဖူတန်ဆေးဌာနကပါလို့ မပြောနဲ့... အဲ့တာကျောင်းကို သိက္ခာချနေတာနဲ့ အတူတူပဲ... ""လီချူးဟန် ပြတ်သားသည့် လေသံဖြင့် ပြောဆိုလိုက်၏။
ချိန်ကျွင်းလုံ၏ အမူအရာမှာ ခါးသီးသွားလေသည်။ သူ လိုက်သဝေထိုးနေစဉ် တကယ့်ဆရာကြီးနှစ်ပါးနှင့် ဆုံတွေ့ရလိမ့်မည်လို့ ထင်မှတ်မထားခဲ့ချေ။
ငါ့ကံကိုကပဲ တကယ်ကြီး ဆိုးရွားနေတာလားဟ....
လင်းရီနှင့် လီချူးဟန်တို့၏ အထောက်အထားများကို သိရှိသွားပြီးနောက် ရဲအရာရှိ၏ အမူအရာမှာ စောနကထက် ယဉ်ကျေးသွားခဲ့ပြီး "ဒါရိုက်တာလီ... အဲ့ဒါဆို ဒီအဘွားကြီးက တကယ်ပဲ ဘာမှမဖြစ်ဘူးလား...."
"ကျွန်မ သေချာပေါက်....."
"မဟုတ်သေးဘူး...."
လီချူးဟန် စကားမဆုံးခင် လင်းရီ ဘေးမှ ကြားဖြတ်ပြောဆိုလိုက်သည်။
လီချူးဟန်၏ လှပသည့် မျက်၀န်းများထဲတွင် မေးခွန်း သင်္ကေတများဖြစ်သွားခဲ့ပြီး ဘာဖြစ်နေလဲဆိုတာကို အကြည့်တို့ဖြင့် မေးမြန်းနေလေသည်။
"ကျုပ်တို့နှစ်ယောက် စောန ပြောလိုက်တာက ဒီတိုင်း မြင်တာကို ဆုံးဖြတ်ပြီး ပြောလိုက်တာ.. ပိုပြီး တိကျသွားအောင် ခန္ဓာကိုယ်ကို အရင်ဆုံး စစ်ဆေးရဦးမယ်.... "
လင်းရီ ကိုယ်ကိုကိုင်းညွှတ်လိုက်ပြီး အဘွားကြီး၏ ခြေထောက်ကို စမ်းသပ်လိုက်၏။
ခဏကြာသော် "မကောင်းတော့ဘူး...."
"ဒါရိုက်တာလေး....ဘာလဲ မကောင်းတော့တာ..."
လင်းရီ မေးစေ့ကုတ်လိုက်ပြီး "ဒီအဘွားကြီးရဲ့ ခြေထောက်နှစ်ဖက်က ထိခိုက်မှုကြောင့် တစစီ ဖြစ်သွားခဲ့ပြီ... ဖြတ်တောက်ဖို့အတွက် ခုချက်ချင်း ဆေးရုံပို့မှ ဖြစ်တော့မှာ...."
"ဟမ်...အဲ့လောက်တောင် ပြင်းထန်တယ်လား...."
လင်းရီ၏ အထောက်အထားကို သိရှိပြီးနောက် လူတိုင်း သူ၏ စကားလုံးများကို သံသယ မရှိ ယုံကြည်သွားကြသည်။
သို့သော်လည်း ထိခိုက်မှုမှာ ထိုမျှ ပြင်းထန်လိမ့်မည်လို့ မည်သူမျှ ထင်မထားကြချေ။
"အရမ်းကို ပြင်းထန်တာ.. ကျုပ်တို့ ပေါင်ရင်းကနေကို ဖြတ်တောက်ခါမှ တော်ရာကျလိမ့်မယ်... ဒါမှလည်း အဘွားကြီးရဲ့ အသက်ရှင်ဖို့ အခွင့်အလမ်းများမှာ.. မဟုတ်လို့ကတော့ သူ့ကံကြမ္မာကို ဘုရားလက်ထဲသာ ပုံအပ်လိုက်တော့...."
ပေါင်ရင်းကနေ ဖြတ်တောက်ရမယ်....
အဲ့တာဆို အောက်ပိုင်းတစ်ခုလုံး ဘာသုံးစားလို့ရတော့မှာတုန်း....
"ဒါရိုက်တာလေး...လာနောက်မနေစမ်းပါနဲ့... ကြည့်ရသလောက်တော့ အဲ့လောက်ကြီး ပြင်းထန်နေတဲ့ ပုံလည်း မပေါ်ပါလားဗျ.."ရဲအရာရှိမှ ပြောလိုက်ပြီး "ဒါပေမယ့် တကယ်ကြီး ဖြတ်တောက်မှ ရမှာလား...."
"ဒါပေါ့... ခု အဘွားကြီးရဲ့ အခြေအနေကိုလည်း ကြည့်လိုက်ဦး... ရွေ့တောင် မရွေ့နိုင်တော့ဘူ... တကယ်လို့ မဖြတ်တောက်ဘူးဆိုရင် ခန္ဓာကိုယ်ထဲက မရီဒန်တွေ အကုန်လုံး သေကုန်မှာ.. အဲ့ခါကျရင် အကျိုးဆက်တွေက ပိုပြီးတော့ ဆိုးရွားသွားနိုင်တယ်...."
ရဲအရာရှိ နှစ်ဦးစလုံး မြေပြင်ပေါ်ရှိ အဘွားအိုကြီးကို ကြည့်ကာ "အဘွားကြီး ခင်များ လမ်းမလျှောက်နိုင်ဘူးမလား... ကျုပ်တို့ ၁၂၀ ကို ခေါ်ပြီးတော့ ဆေးရုံလိုက်ပို့ပေးမယ်... ဒါပေမယ့် မပူနဲ့.. ဖြတ်တောက်ခတွေလည်း ခင်များ တစ်ပြားတစ်ချပ်မှ ပေးစရာမလိုဘူး... သူတို့ ဘက်က အကုန် တာ၀န်ယူပေးလိမ့်မယ်......."
အမယ်အိုကြီးနှင့် လူရွယ်လေးတို့ နှစ်ယောက်လုံး ကြက်သေသေသွားကြ၏။
'မင်းတို့ ဆေးဖိုးမပေးချင်ရင်တောင် ခြေထောက် ဖြတ်လို့ မရဘူးလေ... '
"မ... မလိုတော့ဘူး.. ရပြီ ...."
လူရွယ်လေးမှ သူ၏ အမေကို ဖေးမလိုက်ပြီး "ကြည့်လိုက်....ကျုပ် အမေရဲ့ ခြေထောက်တွေက အကောင်းကြီး ရှိသေးတယ်... ဘာမှ ခေါ်စရာ မလိုတော့ဘူး...."
"အဆင်ပြေတယ်ဆိုတာ သေချာရဲ့လား..."
"အင်း.. ခုတော့ တကယ်ကြီး အဆင်ပြေနေတာပဲ... သူတို့ မတိုက်မိလိုက်ဘူးထင်တယ်.. ကျုပ်အမေက လဲကျသွားတာနေမှာ... ထားပါတော့.... လူကြီးတွေက မှတ်ဉာဏ်အားတွေက နည်းလာပြီလေ.. ဒါကြောင့်မို့ သူ့ကို တိုက်လိုက်တယ် ထင်သွားတာနေမှာ.......ကျုပ်လည်း အမေ့ဇောနဲ့ဆိုတော့ နည်းနည်းလေး စိတ်လောသွားတယ်....."
“ မင်းက အဆင်ပြေတယ်ဆိုမှတော့ ပြေတယ်ပဲ ထားလိုက်ကြတာပေါ့ကွာ…”
“ ဟုတ်တယ် ဟုတ်တယ်… တခြားဘာမှ မကျန်တော့ဘူးဆိုရင် ကျုပ်တို့ကို ခွင့်ပြုပါဦး…”
သားအမိနှစ်ယောက်မှာ အတော်လေး ထိတ်လန့်နေပြီး နဖူးထက်တွင်ပင် ချွေးအေးတို့ စို့နေလေသည်။ စိတ်ပျက်အားငယ်စွာဖြင့် ထိုနေရာမှ ထွက်သွားတော့မည့် အချိန်တွင် ရုတ်တရက် လင်းရီ၏ အသံကို ကြားလိုက်ရ၏။
“ဟေ့လူတွေ... ဒီမှာ မပြီးသေးဘူးလေ… ထွက်သွားတော့မလို့လား…..”
လူရွယ်မှာ လင်းရီကို ဘောက်ဆတ်ဆတ်ကြည့်လိုက်ပြီး “ မင်းတို့ဘက်က ပိုက်ဆံပေးစရာမလိုတော့တာကို ဘာဆက်ဖြစ်ချင်နေသေးတာ…”
“ ဒါရိုက်တာလီနဲ့ ငါက ခုလေးတင် မင်းအမေကို စစ်ဆေးပေးလိုက်ရတယ် ဆိုတော့ နာမည်စာရင်းသွင်းခ ပေးသင့်တယ်လို့ မထင်ဘူးလား….”
“ စာရင်းသွင်းခ….”
လူရွယ်မှာ အံ့အားသင့်သွားခဲ့ပြီး ‘ ဘာစာရင်းသွင်းခတုန်းဟ… ငါတို့ ဘယ်တုန်းက စာရင်းသွင်းလိုက်မိလို့လဲ....’
“ ဘာလဲ… မင်းတို့ ဆေးရုံမှာ ဆေးပြချင်ရင် နာမည်စာရင်း မပေးရဘူးလား… ဒါရိုက်တာလီနဲ့ ဆေးပြဖို့ ဘယ်လောက်တောင် ခက်ခဲလဲဆိုတာ မင်းတို့သိလား…. ခုချိန် ဆေးပြချင်ရင် နောက်အပတ်လောက်ထိစောင့်ရမှာ… ခု မင်းအမေကို ဒီမှာ စစ်ဆေးပေးလိုက်တယ်ဆိုတော့ ဆေးစစ်ခ ပေးရမှာ သဘာ၀ပဲလေ...."
လူရွယ်မှာ ဆွံ့အသွားခဲ့တော့၏။
‘ဘာတုန်းကွ.... မင်း လူလိမ်နား ငွေပြန်လာညစ်နေတာလား....ချီးပဲ...…’
“ အရာရှိကြီး… ဒီလူတွေကြည့်ရတာ ဆေးစစ်ခ မပေးဘဲနဲ့ ထွက်ပြေးချင်နေတယ်နဲ့တူတယ်.... အဲ့လိုလုပ်တာက တရားမဝင်ဘူးမလား…”
“ ဒါပေါ့… လုံးဝ တရားမဝင်ဘူး…”
ရဲအရာရှိ နှစ်ဦးလည်း ထိုသားအမိမှာ လူလိမ်များဖြစ်ကြောင်း သိနေသောကြောင့် လင်းရီနှင့် ပူးပေါင်းဆောင်ရွက်ပေးလိုက်၏။
“ ရဲအရာရှိတောင် ဒီလိုပြောနေပြီဆိုတော့ မင်းတို့ မပေးချင်လည်း စခန်းကို တစ်ပတ်လောက် အလည်သွားလိုက်ကြပေါ့ကွာ…. ဟုတ်တယ်မလား..…”
“ မ မဟုတ်တာ… ကျုပ်တို့ပေးမှာပါ… ဘယ်လောက်လဲ… ခုပေးလိုက်မယ်…”
“ မများပါဘူး… ငါ့နား စာရင်းသွင်းခက ၈၄ယွမ်… ဒါရိုက်တာလီနားက ၁၄၆ယွမ်… စုစုပေါင်း ယွမ် 230 လေးတည်းပါ....ဝီချက်ပေးလား အာလီပေးလား…”
“ ဘာကွ....မင်းငါ့ကို လာနောက်နေတာလား….”
လူရွယ်မှာ ဆက်လက်သည်းမခံနိုင်တော့ပဲ ပေါက်ကွဲလာပြီး လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ကာ အော်ဟစ်လိုက်၏ “ ဝီချက်ပေး….”