မေမေက လင်းရီကို သဘောမကျဘူးလား
Vol. 33 Ch. 489
"ချစ်ပ် 2.0 နည်းပညာ...."
ရှန်းရှူးရီ တခဏမျှ စဉ်းစားလိုက်ပြီး "အဲ့တာက အသုံး၀င်မှာလား...."
ရှန်းရှူးရီ ထိုအကြောင်း ဘာမျှ မသိသော်လည်း သူမ ကုမ္ပဏီမှာ နည်းပညာကုမ္ပဏီအများစုတွင် ရင်းနှီးမြုပ်နှံထားသောကြောင့် နည်းပညာ နယ်ပယ်ရှိ သတင်းအချက်အလက်များနှင့်တော့ မျက်ခြေမပြတ်ချေ။
"အန်တီ သိသလောက်တော့ intel က ရှေ့နှစ်ကတည်းကရင် ချစ်ပ် 2.0 နည်းပညာကို ထုတ်လုပ်ပြီးသား မဟုတ်ဘူးလား...ပြီးတော့ 3.0 အတွက် သုတေသနတွေတောင် လုပ်နေကြပြီ....အောင်မြင်မှု ကြီးကြီးမားမားတွေ ရထားတယ်လို့လည်းကြားတယ်... မကြာခင် အဲ့ချစ်ပ်ကို ထုတ်လုပ်တော့မယ်လို့ သတင်းတွေလည်း ထွက်ထားသေးတယ်... နင့်ရဲ့ ချစ်ပ် 2.0 လောက်လေးနဲ့တော့ သူတို့ကို အများကြီး ခြိမ်းခြောက်လို့ ရမှာမဟုတ်ဘူးနော်...."
"အန်တီပြောတာ မှန်ပါတယ်ဗျ... ကျွန်တော်လည်း အဲ့ဒီသတင်းတွေ ကြားထားပါတယ်... ဒါပေမယ့် အန်တီတို့ မသိသေးတာ တစ်ခု ရှိသေးတယ် " လင်းရီ ပြောလိုက်ပြီး "ကျွန်တော်က ချစ်ပ် 2.0 နည်းပညာအတွက် တစ်ညပဲ အချိန်ယူခဲ့တာ...."
"ဘာပြောလိုက်တယ်... နင်က တစ်ညတည်းပဲ အချိန်ယူခဲ့တယ်...."
ရှန်းရှူးရီမှာ အပြင်လူဖြစ်သော်လည်း ထိုသတင်းကြားသည့် အချိန်တွင်တော့ မနေနိုင်ပဲ ရှော့ခ်ရသွားခဲ့သည်။
"အမှန်ပါပဲ...."
"ကျွန်တော်က intelရဲ့ အသုံးပြုခွင့် ပေးထားတဲ့ code တစ်ချို့ကို ယူသုံးထားတယ် ဆိုပေမယ့် ကျန်တဲ့ ၉၅ ရာခိုင်နှုန်းကတော့ ကျွန်တော် မူပိုင် code တွေပဲ.... "
လင်းရီ ပြောလိုက်ပြီး "အခု ချစ်ပ် 3.0 နည်းပညာအကြောင်း ပြောမယ်ဆိုရင်တော့ ကျွန်တော်တို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ မြစ်ကို ဖြတ်ကူးရသလို ဖြစ်နေမှာ...ထင်သလောက် ခရီးပေါက်မှာ မဟုတ်ဘူးဆိုပေမယ့် သုံးလေးလလောက်ဆိုရင် လုံလောက်ပြီ.... အဲ့ဒီအချိန်ကျ Intel က ချစ်ပ် 3.0 နည်းပညာကို တီထွင်ပြီးရင်တောင် bug error တွေ စစ်ဆေးနေတုန်းပဲ ရှိဦးမှာ....ဒါကြောင့်မို့ သူတိူ့ရဲ့ အမြန်နှုန်းက ကျွန်တော့်ကို မှီဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး..... "
Intel ရှိ ထောင်သောင်းချီသော လူအုပ်ကြီးနှင့် ယှဉ်ပြိုင်ရာတွင် လင်းရီဘက်မှ အားသာချက်မရှိသော်လည်း အခြားရှုထောင့်တစ်ခုမှ ကြည့်မည်ဆိုပါက ယင်းကလည်း အားသာချက်တစ်ခုပင်။
အသင်းကြီးလေ ရလဒ်ထွက်ဖို့ရာအတွက် လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်ရပြီး အမျိုးမျိုးသော ဌာနများမှ ကြားဖက်၀င်ရောက် စွက်ဖက်မှု၊ ၀န်ထမ်းအချင်းချင်း ပဋိပက္ခ များမှု အစရှိသဖြင့် အကြောင်းအမျိုးမျိုးတို့ကြောင့် သူတို့၏ ပရောဂျက်ကို ထင်သလောက် ခရီးပေါက်စေလိမ့်မည် မဟုတ်ချေ။
Intel မှ သူတို့ထံတွင် ကျွမ်းကျင်သည့် သုတေသန အသင်းများနှင့် သုတေသန ပညာရှင်များ ရှိသည်ဟု ဆိုထားသော်လည်း လက်တွေ့တွင်တော့ ရှန်းထျန်းကျိုးကဲ့သို့ အရည်အချင်းရှိသူမှာ ငါးယောက်ထက် ပိုလိမ့်မည် မဟုတ်ချေ။
တစ်နည်းအားဖြင့်ဆိုသော် အမှန်တကယ် လက်တွေ့ အလုပ်လုပ်နိုင်သူမျှ အနည်းအကျဉ်းမျှသာ ရှိပြီး ထိုသူတို့ကလည်း အဆိုပါပရောဂျက်ကို နေ့ရောညပါ အားသွန်ခွန်စိုက် ပြုလုပ်နိုင်လိမ့်မည် မဟုတ်ချေ။ အရေးကြီးသည့် လုပ်ငန်းဆောင်တာများကိုသာ ဦးစားပေး လုပ်သွားပြီး ကျန်သာကိုတော့ သူတို့၏ လက်အောက်ငယ်သားများဖြင့်သာ လွှဲထားလိမ့်မည်။ အကယ်၍ ယခုလို အရွေးချယ်ခံ ခေါင်းဆောင်များကသာ အလောတကြီး ဖြစ်မနေဘူးဆိုပါက ချစ်ပ်ပရောဂျက်၏ တိုးတက်မှု ဖြစ်စဉ်မှာ မုချ နှေးကွေးနေပေလိမ့်မည်။
အဆိုပါ အကြောင်းပြချက်များကို ပေါင်းစည်းလိုက်မည်ဆိုပါက လင်းရီအတွက် ချစ်ပ် 3.0 နည်းပညာကို intel ထက်စော၍ ထုတ်လုပ်ရန်မှာ လုံး၀ မဖြစ်နိုင်တာ မျိုးမဟုတ်တော့ပေ။
ရှန်းရှူးရီ လင်းရီ၏ အကြံပြုချက်ကို နက်နက်ရှိုင်းရှိုင်း အထင်ကြီး လေးစားမိသွားတော့၏။
ရှေးခေတ်ကဆိုလျှင် လင်းရီမှာ ဘက်စုံထူးချွန်သည့် ကျောင်းတော်သား တစ်ယောက် ဖြစ်လာမည်မှာ မလွဲမသွေပင်။
"အန်တီ နင့်ကို ကူညီပြီးတော့ ပရော်ဖက်ရှင်နယ် အသင်းတစ်သင်းကို ဆက်သွယ်ပေးရမလား... နင့်ရဲ့ လုပ်ငန်းတိုးတက်မှုကို အရှိန်မြင့်လို့ရတာပေါ့.... "
လင်းရီ ခေါင်းခါရမ်းလိုက်ပြီး "မလိုဘူးအန်တီ.... သူတို့က ကျွန်တော်လုပ်သလို လိုက်မလုပ်နိုင်မှာကိုပဲ စိုးရိမ်တာ.... ပြီးတော့ ကျွန်တော်က တစ်ယောက်တည်း တိုက်ခိုက်ရတာကိုပဲ ကြိုက်တယ် ... အဲ့ဒါမှ အောင်မြင်သွားတဲ့အချိန်ကျရင် သေချာပေါက် ကြွားလုံးထုတ်လို့ရမယ်လေ ဟုတ်တယ်မလား...."
လျန်ရူရွှယ် လင်းရီကို မျက်လုံးလှိမ့်ပြလိုက်၏။ ကံကောင်းစွာဖြင့် ထိုအကောင်မှာ လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး စကားပြောခြင်းကို ရပ်တန့်လိုက်လေသည်။ မဟုတ်ပါက ဘာဆက်ဖြစ်မလဲ ဆိုတာကို မည်သူမျှ သိလိမ့်မည် မဟုတ်ချေ။
"နင်က အန်တီ့ကို ပိုက်ဆံလည်း မရင်းနှီးစေချင်ဘူး... အရည်အချင်းရှိတဲ့ ကျွမ်းကျင်သူတွေကိုလည်း မငှားပေးစေချင်ဘူးဆိုတော့ အန်တီနင့်ကို ဆုတောင်းပေးဖို့ပဲ တတ်နိုင်တော့တယ်...."
"ကျေးဇူးပါ အန်တီ..."လင်းရီလည်း သူ့ခွက်ကို မြှောက်လိုက်ပြီး "ကျွန်တော် တစ်ယောက်တည်း ဆက်မတိုက်ခိုက်ချင်တော့အချိန်ကျရင် သေချာပေါက် အန်တီ့ကို လာရှာပါ့မယ်.... "
"ကောင်းပြီလေ... အန်တီလည်း ကိုယ်ပေးထားတဲ့ ကတိကို မမေ့ပါဘူး.... "
လေးနက်သည့် ဆွေးနွေးပွဲကြီး အဆုံးသတ်သွားပြီးနောက် ကျန်သည့် စကားဝိုင်းကတော့ သာမန် အလာပသလ္လာပများပင်။
ရှန်းရှူးရီမှာ အမြင့်မှ နေနေသော်လည်း စကားပြောကြည့်အချိန်တွင်တော့ နိမ့်နိမ့်ချချနှင့် ၀င့်ကြွားနေခြင်း မရှိချေ။
ညစာစားပြီးနောက် လင်းရီ လျန်ရူရွှယ်နှင့် ရှန်းရှူးရီတို့ကို လျန်ရူရွှယ်၏အိမ်သို့ မောင်းပို့ပေးလိုက်ပြီး နှစ်ယောက်လုံး အိမ်ထဲ၀င်သွားတာကို မြင်တော့မှ လင်းရီလည်း ကားထံသို့ ပြန်လာခဲ့လိုက်သည်။
ထိုအခိုက်အတန့်တွင်တော့ သူ့စိတ်ထဲတွင် ဧရာမ မေးခွန်း သင်္ကေတကြီး ဖြစ်ပေါ်နေ၏။
လျန်ရူရွှယ်ရဲ့ အမေက ဘယ်လိုအလုပ်မျိုးကို လုပ်တာလဲ...
ရှန်းချိန်နှင့် ဟန်းရို၏ ဘော့စ်မားပင် ထိုကဲ့သို့ ပိုက်ဆံအမြောက်အများကို ရင်းနှီးမြုပ်နှံမှု မပြုခင် တစ်ဖက်၏ ဖြစ်နိုင်ချေအလားအလာကို ကောင်းစွာ ဝေဖန်သုံးသပ်ကြည့်ရလေသည်။
သို့သော်လည်း ရှန်းရှူးရီမှ ဘီလီယမ်ပေါင်းများစွာ သာမန်ကာလျှံကာ လေသံဖြင့် ရင်းနှီးမြုပ်နှံပေးရန် ကမ်းလှမ်းလာခဲ့၏။ ယင်းက ကြောက်ခမန်းလိလိပင်။ သို့သော်လည်း ရှန်းရှူးရီ၏ လေသံမှတစ်ဆင့် သူနားလည်လိုက်သည်ကတော့ သူမ ထိန်းချုပ်ထားသည့် ကုမ္ပဏီတစ်ချို့မှာလည်း သေချာပေါက် ငွေကြေး ယူနီကွန်းကြီးများ ဖြစ်ရပေမည်။
တစ်ချိန်တည်းတွင် လျန်ရူရွှယ်နှင့် ရှန်းရှူးရီတို့လည်း အိမ်ထဲသို့ ရောက်လာခဲ့ကြပြီး ညှပ်ဖိနပ်နှင့် ညအိပ်၀တ်စုံကို ပြောင်းလဲ ၀တ်ဆင်ထားကြ၏။
"မေမေက လာမယ်ဆိုလည်း ဘာလို့ ကြိုမပြောတာ... ကြိုပြောရင် ဒီလိုမျိုး ဖြစ်လာမှတောင် မဟုတ်ဘူး...."
"နင်က အဲ့လိုမျိူ ပြောထွက်သေးတယ်ပေါ့လေ.... "ရှန်းရှူးရီ ပြောလိုက်ပြီး "နင်ထင်နေတာ နင့်အမေကလည်း တတိယဘီး ဖြစ်ချင်တယ်လို့များ ထင်နေတာလား.... "
"ဒါဆိုလည်း ဘာလို့ ကိုယ်ထင်ပြလိုက်တာ... မှန်မှန်ပြော....မေမေ လင်းရီကို တွေ့ချင်လို့ လာခဲ့တာမလား..."လျန်ရူရွှယ် ပြောလိုက်ပြီး "သမီးတို့ နှစ်ယောက်က တကယ်ကြီး ဘာမှ မဖြစ်ထားပါဘူးဆို... သူက သမီးကို အများကြီး ကူညီထားပေးထားတယ်...ပြီးတော့ သမီးတို့နှစ်ယောက်က အရမ်းရင်းနှီးနေတာပဲ ရှိတာ.. "
"ဒါပေမယ့် သူက နင့်ကို ယွမ် ကိုးမီလီယမ်ကျော်တဲ့ Rolls Royce နဲ့ လာကြိုပြီးတော့ ခြံ၀မှာလည်း အချင်းချင်း ကလူကျီစယ်နေကြသေးတယ်လေ... တကယ်လို့ နင့်အမေသာ ရောက်မလာခဲ့ရင် ဒီသတင်းက မကောင်းတဲ့ ရည်ရွယ်ချက်ရှိတဲ့သူတွေဆီ ရောက်သွားပြီးတော့ နင့်ကိုလည်း ထိခိုက်လာနိုင်တယ်...."
"ဟီးဟီး...."လျန်ရူရွှယ် ရှန်းရှူးရီ၏ ခါးကို ကလေးလေးတစ်ယောက်ကဲ့သို့ ဖက်ထားလိုက်ပြီး "ဒါပေမယ့် မေမေရှန်းက ပေါ်လာခဲ့တယ်မလား.... ခု သူများတွေ အတင်းလျှောက်ပြောမှာကို ကြောက်စရာ မလိုတော့ဘူလေ..... "
"အတိအကျပဲ... နင်တို့နှစ်ယောက်စလုံး နောက်ဆို သတိထားကြ... ဒီကိစ္စက အရမ်းကို ကွဲလွယ်ရှလွယ်တဲ့ ကိစ္စပဲ..."
"မပူပါနဲ့.. သမီးတို့နှစ်ယောက်ကြားမှာ အမေထင်နေသလိုမျိုး ပတ်သက်မှုတွေ ရှိမနေပါဘူး...."
လျန်ရူရွှယ် သူမဆံပင် စည်းထားတာကို ဖြေချလိုက်ပြီး "သူက ပေချောင်မြို့မှာ ကျောင်းတစ်ကျောင်း ဆောက်ပြီးတော့ လမ်းလည်း ပြင်ချင်နေသေးတယ်ဆိုလို့ သမီးက သူ့ကို ကူညီပေးပြီး ရန်ပုံငွေတစ်ချို့ တောင်းပေးမလို့လေ... အဲ့တာကြောင့် လာကြိုခိုင်းလိုက်တာ... "
"သူက ကျောင်းဆောက် ချင်နေတာလား.... "
"အွန်း... သူက အမြဲတမ်း ပရဟိတတွေ လုပ်တယ်... ဒါပေမယ့် နိမ့်နိမ့်ချချပဲ နေပြီးတော့ ဘယ်တော့မှ သူများသိအောင် မကြေညာတတ်ဘူး....သူ့ရဲ့ အတိတ်က အတွေ့အကြံတွေနဲ့ ဆက်စပ်နေမယ်လို့တော့ ထင်တာပဲ...." လျန်ရူရွှယ် ပခုံးတွန့်လိုက်ပြီး "အဲ့ဒီအတွေ့အကြုံတွေတော့ သမီး အများကြီး မပြောပြတော့ဘူး.. အမေတို့လည်း ရိပ်မိလောက်မှာပါ...."
လျန်မိသားစု၏ ဦးနှောက်ဉာဏ်ရည်မှာ သွားရှုပ်လို့ရသည့် အရာ မဟုတ်ချေ။ တိကျသေချာသည့် အရိပ်အမြွက်တို့ ထည့်မပြောလျှင်တောင် အခြေခံ အချက်အလက်တစ်ချို့လောက်တော့ ခန့်မှန်းပြီး ဖြစ်၏။ အမှန်တကယ်တော့ လျန်မိသားစုမှာ လင်းရီ၏ နောက်ကြောင်းစာမျက်နှာကို မလှန်ကြည့်ရသေးပဲ သတင်းအချက်အလက် အများစုမှာတော့ ရန်ကွမ်းရှနှင့် ချိန်ရန် ပြောသည့်စကားတို့မှ မြစ်ဖျားခံလာခြင်းပင်။
"အမေ နားလည်တယ်... "
"ဒါကြောင့်မို့ သမီးမှာလည်း ဒီလိုလုပ်ဖို့ အကြောင်းပြချက်တွေ ရှိတယ်လေ... "လျန်ရူရွှယ် ပြောလိုက်ပြီး "အမှန်ဆို ဒီနေ့က သမီးတို့ ထောက်ပံ့ကြေး ရန်ပုံငွေ ကိစ္စ ဆွေးနွေးမယ့်နေ့ပဲ... သူ လာကြိုတဲ့အချိန်နဲ့ မေမေရောက်လာတဲ့ အချိန်က တိုက်ဆိုင်သွားတော့ ဒီလိုတွေ ဖြစ်သွားတာ...."
"အပိုတွေ...."ရှန်းရှူးရီ ပြောလိုက်ပြီး "နင်ကကော ကားတွေ မရှိလို့လား... တကယ်လို့ ကားက ပြင်ထားရတယ်ဆိုရင်တောင် နင် အသံတစ်ချက်ထွက်လိုက်တာနဲ့ မရေမတွက် နိုင်တဲ့သူတွေ လာပြီးတော့ ရက်ရက်ရောရောကြီးကို ဒရိုင်ဘာလာလုပ်ပေးကြမှာ.... ဘာလို့ သူ့ကိုမှ လာကြိုခိုင်းတာ... နင်ထင်နေတာ နင့်ရဲ့ ဦးနှောက်သေးသေးလေးနဲ့ နင့်အမေကို လှည့်စားနိုင်ပြီလို့များ ထင်နေတာလား..."
'အာ......'
လျန်ရူရွှယ် ဘာစကားမျှ မပြောတော့ပဲ ကြောက်ရွံ့နေသည့် ပါပီလေးကဲ့သို့ ကုပ်ကုပ်လေး ဖြစ်နေလေသည်။
ယခင်ကလို ကမ္ဘာကြီးကို သိမ်းပိုက်စိုးမိုးမည့် ဧကရီ တစ်ပါးတို့၏ အရှိန်အဝါတို့မှာ လုံး၀ ပျောက်ကွယ်နေပြီး ထိုသို့ ဖြစ်ရခြင်းမှာလည်း သူမ စကားပြောနေသည့် သူကြောင့်ပင်။
သူမ အမေရှေ့တွင်တော့ လျန်ရူရွှယ် ၀င့်၀င့်ကြွားကြွားတို့ မဆိုဝံ့ရဲချေ။
ဤနှစ်များတွင် သူမ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေသော်လည်း လူတစ်ချို့ကမူ လျန်မိသားစု၏ အကြီးဆုံး သခင်မလေးမှာ ငယ်ရွယ်စဥ်ကတည်းက စီးပွားရေးလုပ်ငန်းများကို ပစ်ချပြီး နိုင်ငံရေးလောကထဲသို့ ခြေစုံပစ် ၀င်သွားမည်ဆိုပါက အနည်းဆုံးတော့ ၀န်ကြီး ဖြစ်လာနိုင်သည်ဟု ထင်ကြေး ပေးနေကြသူများလည်း ရှိကြ၏။
သို့သော်လည်း သူမရှေ့ရှိ ဤအမျိုးသမီးနှင့် နှိုင်းယှဉ်လျင်တော့ လျန်ရူရွှယ်မှာ လုံး၀ ယှဉ်သာချေ။
စိတ်တိုစရာ အကောင်းဆုံးကတော့ ပုံရိပ်နှင့် သွင်ပြင်သဏ္ဍာန်ခြင်း နှိုင်းယှဉ်လျှင်တောင် သူမ အနိုင်ရရှိလိမ့်မည်လို့ အာမ မခံနိုင်ခြင်းပင်။
တစ်ခုတည်းသော အားသာချက်ကတော့ ငယ်ရွယ်နုပျိုနေသည့် သူမ၏ အသက်အရွယ်သာ ကျန်ရစ်ခဲ့တော့၏။
"သူက ဒီတိုင်း စိတ်၀င်စားဖို့ ကောင်းတယ်ထင်လို့ပါ... တိုက်တိုက်ဆိုင်ဆိုင် သမီးလည်း အထီးကျန်နေတာလေ... အလုပ်ကိစ္စတွေ အမြန်အဆုံးသတ်ပြီးတော့ ထမင်းတစ်နပ်လောက် အတူသွားစားမလို့.. ဘာပဲဆိုဆို သူလည်း သမီးကို အများကြီး ကူညီပေးထားတာပဲ...."
"ဟုတ်လို့လား... အမေကတော့ ဘာလို့ နင်က ရိုမန်တစ် ဆန်ချင်နေတယ်လို့ ခံစားနေရပါလိမ့်.... "
ပြောပြီးနောက် ရှန်းရှူးရီ ရေချိုးခန်းထဲသို့ ၀င်သွားပြီး လျန်ရူရွှယ်ထံမှ face maskကို ယူကာ ကျွမ်းကျင်စွာဖြင့် သူမ မျက်နှာပေါ် ကပ်လိုက်လေသည်။
"နင့်ရဲ့ အလုပ်ကိုပဲ သေချာအာရုံစိုက်ပြီးတော့ ကိုယ်ရေးအကျဉ်းမှာ အများကြီး ဖြည့်နိုင်အောင် ကြိုးစား... ဒါမှ နောက်ကျ ရန်ကျင်းကို ပြန်လာနိုင်မှာ... "
ဘေစင်ရှေ့ရှိ လျန်ရူရွှယ်မှာ ရုတ်တရက် ရပ်တန့်သွားပြီး သူမ အမေ မှန်ထဲတွင်ကြည့်ကာ "မေမေ....မေမေက လင်းရီကို သဘောမကျဘူးလား......”