← Chapters

သူမက နင့်ရဲ့ ချစ်သူလား...

Vol. 33 Ch. 495

သူမက နင့်ရဲ့ ချစ်သူလား...

Vol. 33 Ch. 495

"နင့် ဦးနှောက်က အဲ့လို ပေါက်တတ်ကရတွေနဲ့ပဲ ပြည့်နှက်နေတာလား..."

"ဘာလို့လဲ....မျိုးဆက်ပြန့်ပွားတယ်ဆိုတာက အင်မတန်မှ အရေးကြီးတဲ့ကိစ္စပဲလေ... လူသား မျိုးနွယ် တစ်ယောက်ဖြစ်တဲ့ ငါ့မှာ အဲ့ဒီတာ၀န်ကို ကျေပွန်အောင် ဆောင်ရွက်ဖို့ တာ၀န်ရှိတယ်... "လင်းရီအလွန်အမင်း လေးနက်သည့် လေသံဖြင့်ပြောလိုက်ပြီး "မိန်းကလေး... မင်း ကလေးလိုချင်ရင် ငါ့ကိုသာပြောလိုက်... ငါ့အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ပေးမယ်...."

"နင် အိပ်မက်မက်နေလိုက်.. "လျန်ရူရွှယ် ပြောလိုက်ပြီး "ငါ့အမေ ခုလေးတင် ပြန်သွားခဲ့ပြီ... ငါ့ရုံးခန်းထဲလာပြီးတော့ လမ်းနဲ့ကျောင်းဆောက်မယ့် ကိစ္စကို ဆွေးနွေးကြမယ်... ဒါပေမယ့် နင့်ရဲ့ Rolls Royceတော့ စီးမလာခဲ့နဲ့နော်... ရှာရီလေးပဲ မောင်းခဲ့.... "

"ရှာရီမောင်းပြီး ဘာလုပ်မှာ.. ငါက လွိုင်ကန်မောင်းချင်နေတာ...."

"အဲ့လိုဆိုရင်တော့ အဆင်မပြေဘူး..."လျန်ရူရွှယ် ပြောလိုက်ပြီး "ရန်ချိန်မြို့က ခေါင်းဆောင်တွေအပြင် တီဗွီ သတင်းဌာနက သတင်းထောက်တွေကော ရောက်နေမှာ....ငါတို့က ရိုးရှင်းပြီး နိမ့်ချတတ်တဲ့ စီးပွားရေးသမား အသွင် ဖမ်းထားရမယ်လေ....အဲ့တာမှပဲ ပြည်သူတွေရဲ့ ထောက်ခံအားပေးမှုကို ရမှာ...."

"ဒါပေမယ့် ငါ့ရဲ့ တောက်ပနေတဲ့ မျက်နှာက ရိုးရှင်းတဲ့ပုံမှ မပေါ်တာ...."

"နင့်မျက်နှာနဲ့ ပတ်သက်ပြီးတော့ ငါတတ်နိုင်တာလည်း ဘာမှ မရှိဘူး... ဒါပေမယ့် နင့်ကို ရုပ်ပျက်ဆင်းပျက်တော့ မဖြစ်စေရပါဘူး...."လျန်ရူရွှယ် ပြောလိုက်ပြီး "ဘာပဲဆိုဆိုဟာ... ချမ်းသာနေသလိုမျိူးသာ မလုပ်နဲ့... နင့်ရဲ့ ပိုင်ဆိုင်မှုတွေ အကုန်လုံးကို ကလေးတွေအတွက် လှူဒါန်းပစ်လိုက်တယ်လို့ပဲ ပြောလိုက်...."

"အဲ့တာကြီးက လိမ်နေတာပဲ မဟုတ်လား...ငါ သဘောမတူနိုင်ဘူး...."

"တကယ်လို့ နင်က ဘီလီယမ်နာ သူဌေးကြီးဆိုရင် လူတွေက ဘာလို့ အများပြည်သူရဲ့ ရန်ပုံငွေကို တောင်းနေတာလည်း .. ကိုယ့်ဘာကိုယ် လုပ်ပါလားလို့ မေးခွန်းထုတ်လာကြလိမ့်မယ်....နင် အဲ့မေးခွန်းကို ဘယ်လိုဖြေမှာ...."

"အာ.... ငါ အဲ့မေးခွန်းအကြောင်း မစဉ်းစားရသေးဘူး...."

"ပြီးတော့ နင့်ရဲ့ ယွမ် ဆယ်သန်းကျော်တဲ့ လက်ပတ်နာရီလည်း ၀တ်မလာခဲ့နဲ့...ကုန်ကုန်ပြောမယ်ဟာ... နင့်ကိုယ်နင် ချမ်းသာတဲ့ပုံပေါက်စေမယ့်ဟာ ဘာတစ်ခုမှ ၀တ်မလာခဲ့နဲ့...အဲ့တာဆို ရပြီ...."

"ငါ့ အကောင်းဆုံးတော့ ကြိုးစားပေးမယ်... ကျန်တဲ့ဟာတွေကို ဖုံးကွယ်ထားနိုင်တယ်ဆိုပေမယ့် ငါ့ရဲ့ စိတ်နေသဘောထားကိုတော့ ဖုံးကွယ်ထားလို့မရဘူးလေ.... "

"အပိုတွေ မပြောစမ်းနဲ့..."လျန်ရူရွှယ် ပြောလိုက်ပြီး "လေးနာရီကျရင် ငါ့ရုံးခန်းကိုသာ လာခဲ့လိုက် .... ဖိအားများတယ်လို့လည်း ခံစားမနေနဲ့... ဒါမှ ငါတို့ အေးဆေး စကားပြောလို့ရမှာ...."

"အိုကေလေ...."

ဖုန်းချပြီးနောက် လင်းရီ သူ၏ နာရီကိုကြည့်သောအခါ သုံးနာရီတောင် မထိုးသေးကြောင်း တွေ့လိုက်ရ၏။သူ လီချူးဟန်ကို ပြန်ပို့ပြီးနောက် လျန်ရူရွှယ်ထံသို့ တစ်ခါတည်း သွားရန် စီစဉ်ထားသည်။ ထိုမှသာ အချိန်က ကွက်တိ ဖြစ်သွားလိမ့်မည်။

"လင်းရီ... နင် ကလေး ချစ်တတ်တာလား..."

လီချူးဟန်၏ ရုတ်တရက် မေးခွန်းထုတ်လာမှုက လင်းရီကို ရှုပ်ထွေးသွားစေခဲ့၏။

ဘာလို့ ရုတ်တရက်ကြီး ကလေးချစ်တတ်လား လာမေးနေတာလဲဟ.....

"အင်း တော်တော်လေးတော့ ချစ်တတ်ပါတယ်...."လင်းရီ ရိုးသားစွာ ပြန်ဖြေလိုက်ပြီး "ဒါပေမယ့် မင်းက ဘာလုပ်ဖို့ မေးနေတာ....."

သူငယ်စဉ်ကတည်းက ဂေဟာရှိ ကလေးပေါင်း သောင်းခြောက်ထောင်နှင့်အတူ ကြီးပြင်းလာခဲ့ရသောကြောင့် လင်းရီ ကလေးများနှင့် နေသားကျနေလေပြီ။ ထို့ကြောင့် ကလေးများနှင့် ပတ်သက်လာပါက သူအတော်လေး စိတ်ရှည်ပြီး သည်းခံတတ်သူတစ်ယောက်ဟုလည်း ပြော၍ရ၏။

"နင် ခုလေးတင် နင့်ကောင်မလေးနဲ့ ကလေးမွေးဖို့အကြောင်းတွေ ဆွေးနွေးနေတာ မဟုတ်ဘူးလား... ငါက ဒီတိုင်း မေးကြည့်တာပါ...."

"ကောင်မလေး...."လင်းရီပြောလိုက်ပြီး "သူမက ငါ့ကောင်မလေးလို့ ဘယ်သူပြောလဲ...ချူးဟန်.. မင်းအတွေးလွန်နေပြီ...."

"ဒါဆို နင့်ချစ်သူလား...."

"အာ..... အဲ့လိုမျိုးလည်း မဟုတ်ဘူး...."

"ရတယ်လေ... နင်က ဖြေဖို့ အဆင်မပြေဘူးထင်ရင်လည်း မဖြေနဲ့ပေါ့... ငါကလည်း ဒီတိုင်း မေးကြည့်ကြည့်တာ..."လီချူးဟန် ပြောလိုက်သည်။

လင်းရီလည်း မဖြေဆိုခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် သူ ဘယ်လိုအဖြေပေးရမှန်း မသိသောကြောင့်ပင်။

မည်သို့ပင်ဆိုစေကာမူ လျန်ရူရွှယ်မှာ သူ၏ ချစ်သူ မဟုတ်ခဲ့ချေ။

လီချူးဟန်ကို ဆေးရုံသို့ လိုက်ပို့ပေးပြီးနောက် လင်းရီ လျန်ရူရွှယ်၏ ရုံးခန်းထံသို့ ဦးတည်လိုက်လေသည်။

ရုံးခန်းထဲတွင်တော့ လျန်ရူရွှယ်အပြင် အမျိုးသမီး တစ်ဦးနှင့် အမျိုးသားသုံးဦးတို့ရှိနေကြ၏။

အမျိုးသမီးကတော့ အနီရောင် စကတ်အကျပ်နှင့် ရမ္မက်နှိုးကြွစေသည့် အနက်ရောင် စတော်ကင်တို့ကို ၀တ်ဆင်ထားသည်။ သူမက ထိုင်ခုံပေါ်တွင် ထိုင်နေပြီး ကျောကိုလည်း ဖြောင့်စင်းထားကာ သူမဘေးတွင်တော့ မိုက်ခ်တစ်လုံး ချထားနေ၏။ ၎င်းမှတစ်ဆင့် သူမမှာ လျန်ရူရွှယ်ပြောထားသည့် သတင်းထောက် ဖြစ်ကြောင်း သိသာနေသည်။

အမျိုးသမီး သတင်းထောက် ဘေးတွင်တော့ ကင်မရာတစ်လုံးနှင့် လူငယ်တစ်ယောက်ထိုင်နေပြီး ထိုသူလည်း တီဗွီသတင်းဌာနမှ ၀န်ထမ်းတစ်ဦး ဖြစ်ပုံရ၏။

ထို့ပြင် ယူနီဖောင်းပုံစံ ရှပ်နှင့် ဘောင်းဘီရှည်ကို ၀တ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားနှစ်ယောက်လည်း ရှိသေးသည်။ ထိုသူနှစ်ယောက်၏ ၀တ်စားဆင်ယင်ပုံကို ကြည့်ပါက အကြီးတန်း အရာရှိများ ဖြစ်သည့်ပုံပင်။

သို့သော်လည်း တစ်ယောက်မှာ အဆီများထွက်သည့် မျက်နှာကို ပိုင်ဆိုင်ထားပြီး ကျန်တစ်ယောက်ကတော့ အသားအရေမည်းနက်ကာ ပါးရေနားရေတို့လည်း တွန့်နေပြီးဖြစ်၏။ ထိုအခိုက်အတန့်တွင်တော့ သူတို့နှစ်ယောက်လုံး လျန်ရူရွှယ်နှင့် စကားလက်ဆုံ ကျနေကြလေသည်။

လင်းရီ၀င်လာသောအခါ လူတိုင်း တံခါး၀သို့ ကြည့်လိုက်ကြ၏။

အဓိက ဇာတ်ဆောင်မှာ ရောက်ရှိလို့ လာချေပြီ။

"လူကြီးမင်းလင်း ရောက်လာပြီလား...."လျန်ရူရွှယ် မတ်တပ်ရပ်၍ ပြောလိုက်ပြီး မလိုလားအပ်သည့် သံသယများကို ရှောင်လွှဲရန် လူကြီးမင်းဟုတောင် သုံးနှုန်းထားပြီး မရင်းနှီးသည့် အသွင်ကို ဖမ်းထားလိုက်သည်။

"လူကြီးမင်းလင်း ထိုင်ပါရှင့် ... ကျွန်မ မိတ်ဆက်ပေးရဦးမယ်..."

လျန်ရူရွှယ် လင်းရီကို ကြိုဆိုလိုက်ပြီး အဆီများထွက်နေသည့် မျက်နှာပိုင်ရှင်ကို ညွှန်ပြကာ "ဒါက ရန်ချိန်ရဲ့ အတွင်းရေးမှူး ဝူကျောင်းယို... ပြီးတော့ ဒါက ပေချောင်မြို့ရဲ့ ခေါင်းဆောင် စွန်းမောက်ချွင်း... ကျန်တဲ့နှစ်ယောက်ကတော့ ရန်ချိန် တီဗွီ သတင်းဌာနက သတင်းထောက် ၀န်ရှူးနဲ့ ကင်မရာမန်း ၀မ်ကျွင်း...."

လျန်ရူရွှယ် ယဉ်ကျေးစွာဖြင့် အခန်းထဲရှိ လူလေးယောက်ကို မိတ်ဆက်ပေးလိုက်၏။ သူတို့၏ အဆင့်အတန်းကြောင့် သူမ ခွဲခြား ဆက်ဆံခြင်းမျိုးလည်း မပြုခဲ့ပေ။

"ဟယ်လို မစ္စတာလင်း... ကျုပ်တို့ရဲ့ ပေချောင်မြို့ကို ခုလို ထောက်ပံ့ပေးတဲ့အတွက် ပေချောင်မြို့ရဲ့ လူ ၁၅သန်းကိုယ်စား ကျေးဇူးတင်စကား ပြောကြားပါရစေ... ကျုပ်တို့ ကျေးဇူးအများကြီး တင်ပါတယ်..."

"ခင်များက ကြင်နာလွန်းနေပါပြီ... ကျုပ်က ကျုပ်လုပ်နိုင်တာကို လုပ်နေတာပဲ... "

"ဒီဘက်ခေတ်မှာ မစ္စတာလင်းလို လူတွေ အများကြီး လိုအပ်တယ်ဗျာ... ကျုပ်တို့ရဲ့ နိုင်ငံ့ပြည်သူတွေ အကျိုးဖြစ်စေဖို့ မစ္စတာလင်းနဲ့ အပြည့်အ‌၀ ပူးပေါင်းဆောင်ရွက်ပေးပါ့မယ်.... "

"ကောင်းပါပြီ ကောင်းပါပြီ... ကျေးဇူးပါ..."

လင်းရီ၏ လိုက်လျောညီထွေရှိမှုကို မြင်တော့ လျန်ရူရွှယ် ကျေနပ်မှုအပြည့်ဖြင့် ခေါင်းညိမ့်လိုက်သည်။

'သူကတော့ သူ့အပိုင်းသူ ကောင်းကောင်းလုပ်နေတာပဲ...ပြီး‌တော့ အားလုံးကလည်း ခန့်မှန်းထားတဲ့ အတိုင်းပဲ...'

ဝူကျောင်းယိုမှ သူ၏ ၀မ်းသာပီတိကို ဖော်ပြပြီးနောက် စွန်းမြောင်ချိန်လည်း ချီးမွမ်းမှု ၊ မြှောက်ပင့်မှု စသည်ဖြင့် လင်းရီကို ဘုရင်ဖြစ်မည့် အလောင်းအလျာအလား တရစပ် ချီးကျူးတော့သည်။

သို့သော်လည်း သူ၏ သဘောထားများက ဝူကျောင်းယိုထက် ပို၍ စစ်မှန်လေသည်။ မည်သို့ပင်ဆိုစေ လင်းရီက သူတို့ကို တိုက်ရိုက်ကူညီနေသည် မဟုတ်ပါလော။

လင်းရီကတော့ သူတို့၏ အမူအရာမှတစ်ဆင့် သူနှင့်တွေ့ဆုံရန် ရောက်လာခဲ့ခြင်းမျိုးမဟုတ်ပဲ လျန်ရူရွှယ်နှင့် တွေ့ဆုံရန်သပ်သပ် ရောက်လာခဲ့ခြင်းဖြစ်ကြောင်း တပ်အပ်ပြောနိုင်လေသည်။

အကယ်၍ သူမသာ ယခု ကိစ္စကြောင့် ရာထူးတိုးမြင့်သွားမည်ဆိုပါက သူတို့လည်း အနာဂတ်တွင် အကျိုးအမြတ်တစ်ချို့ ရရှိနိုင်လိမ့်မည် မဟုတ်ပါလော။

"ကျွန်မထင်တာတော့ ခု အင်တာဗျူးစဖို့ အချိန်လို့ ထင်တာပဲ..."

လင်းရီ ယခုလို ဟန်ဆောင်ပြောဆိုခြင်းများကို မနှစ်သက်မှန်း သိသောကြောင့် လျန်ရူရွှယ် အင်တာဗျူးကို အလျင်အမြန် စတင်ရန် လောဆော်လိုက်သည်။

သူမလည်း မြန်မြန်ဆန်ဆန် အဆုံးသတ်ချင်နေသည်။

အင်တာဗျူးရန်အတွက် ပြင်ဆင်ချိန် ငါးမိနစ် ကြာပြီးနောက် လင်းရီ ၀န်ရှူးရှေ့ရှိ ဆိုဖာပေါ်တွင် ထိုင်နေလိုက်၏။

ထိုအတောအတွင်း ၀န်ရှူးကတော့ လင်းရီကို တိတ်တဆိတ် သုံးသပ်နေခဲ့သည်။

'ဒီအစ်ကိုလေးက အရမ်းချောတာပဲ.....ပြီးတော့ နည်းနည်းလေး အတ္တဆန်တဲ့ပုံ‌ပေါ်တယ်...ဒီလိုလူမျိုးက ပရဟတိတ သမားတော့ မဖြစ်နိုင်လောက်ဘူး.. သေချာပေါက် ချမ်းသာတဲ့ ဒုတိယမျိုးဆက်ပဲ ဖြစ်ရမယ်...'

"ညီမ၀န် အားလုံး အဆင်သင့်ဖြစ်ပြီဆိုတော့ အင်တာဗျူးကို ခု စလို့ရပြီနော်..."

"အိုး ဟုတ်ကဲ့ပါ..."

၀န်ရှူး ခေါင်းညိမ့်လိုက်ပြီး လင်းရီကိုကြည့်ကာ "မစ္စတာလင်း... ကျွန်မသိချင်တာက ရှင်ဘာလို့ ပေချောင်မြို့မှာ မျှော်လင့်ခြင်းကျောင်းကို ဆောက်လုပ်ချင်နေရတာလဲ..."

"တကယ်လို့သာ ကလေးတွေ သူတို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ချင်ပြီး သူတို့ရဲ့ ဘ၀ကို တစ်ဆစ်ချိုး ပြောင်းလဲချင်တယ်ဆိုရင် ပညာဗဟုသုတကပဲ သူတို့ရဲ့ ကံကြမ္မာကို ပြောင်းလဲပေးနိုင်မှာ..."

လျန်ရူရွှယ် လင်းရီ၏ ထိုအဖြေနှင့်စပ်လျဉ်း၍ အလွန်အမင်း ကျေနပ်နေခဲ့၏။ ရိုးရှင်းသော်လည်း ပြီးပြည့်စုံသည့် အဖြေပင်။

"မစ္စတာလင်းက ပညာရေးကို အရမ်းတန်ဖိုးထားနေတယ်ဆိုတော့ မစ္စတာလင်းရဲ့ ကြီးပြင်းလာတဲ့လမ်းတစ်လျှောက်မှာလည်း ပညာရေးက အတော်လေး အကျိုးပြုခဲ့တဲ့ပုံပဲ.... ဖြစ်နိုင်ရင် မစ္စတာလင်းက ဘယ်ကျောင်းဆင်းလဲဆိုတာ ပြောပြပေးလို့ရမလား.... "

"ပန်ဆေးဗီးနီးရား(Pennsylvania)တက္ကသိုလ်...."

"ပန်ဆေးဗီးနီးယား တက္ကသိုလ်....U.S မှာရှိတဲ့ ပန်ဆေးဗီးနီးယား တက္ကသိုလ်လား...."၀န်ရှူး အံ့အားသင့်ဟန်ဖြင့် မေးမြန်းလိုက်၏။

လျန်ရူရွှယ် နှလုံးတစ်ချက်တုန်သွားသည်။ အင်တာဗျူး၏ မေးခွန်းဦးတည်ရာက လွဲနေသည်ဟု သူမ ခံစားနေရလေသည်။

"အမှန်ပဲ .. ကျုပ်က ဆော့ဖ်ဝဲအင်ဂျင်နီယာ PhD ဘွဲ့ရထားတာ.."

လျန်ရူရွှယ် : ..........

'နင်က ကျိုးဟိုင် နည်းပညာဌာနက ဘွဲ့ရထားတာမဟုတ်ဘူးလား.... ဘာလို့ ပန်ဆေးဗီးနီးယား တက္ကသိုလ်ကျောင်းဆင်းဆိုပြီး လျှောက်ပြောနေတာ နင်နည်းနည်းလေး ရိုးသားလို့မရဘူးလား ....’

All Chapters