ကံကြမ္မာဂြိုဟ်
Vol. 75 Ch. 1035
နောက်ရက်များတွင် ဝမ်ပေါင်လဲ့မှာ ရှဲ့မိသားစု၏ သင်္ဘောပျံထဲ၌ ဧည့်သည်များ အဆက်မပြတ် လက်ခံတွေ့ဆုံခဲ့ရ၏။ ရှဲ့မိသားစုဝင်များသာမက ကံကြမ္မာဂြိုဟ်ဆီသို့ သွားရောက်ကြမည့် ကျင့်ကြံသူများပင်လျှင် ဝမ်ပေါင်လဲ့ဆီသို့ ရောက်ရှိလာကြပြီး သူ့အား တလေးတစား ဆက်ဆံနေကြသည်သာ ဖြစ်သည်။
ထိုသို့ ဖြစ်နေရခြင်းမှာ ဝမ်ပေါင်လဲ့၏ ကျောထောက်နောက်ခံနှင့် သက်ဆိုင်ပါသော်လည်း အဓိက အကြောင်းရင်းမှာမူ သူ ထုတ်ပြခဲ့သည့် စွမ်းအားများကြောင့် ဖြစ်ပေသည်။ နတ်နွားကြီး၏ စွမ်းအားမှာ လူတိုင်းအား မှင်တက်သွားစေခဲ့သည် မဟုတ်ပါလော။ ထို့အပြင် ဝမ်ပေါင်လဲ့ တိုက်ပွဲထဲ၌ အသုံးပြုခဲ့သည့် ချည်မျှင် စည်းမျဉ်းဥပဒေသ၊ စက္ကူ စည်းမျဥ်းဥပဒေသ စွမ်းအားများ ကိန်းအောင်းနေသည့် နတ်ဘုရားစွမ်းရည်နှင့် ရှေးဟောင်းဂြိုဟ်များ၏ စည်းမျဉ်းဥပဒေသများမှာလည်း သူတို့အားလုံးကို အံ့အားသင့်သွားစေခဲ့၏။
ထို အရည်အချင်းများအားလုံး ပိုင်ဆိုင်ထားသည့် လူတစ်ယောက် လူတိုင်း၏ အာရုံအား ဖမ်းစားထားနိုင်စွမ်း ရှိနေသည်မှာ မထူးဆန်ပေ။ ထို့အပြင် သူ၏ တာအိုအစောင့်အရှောက်များမှာလည်း တမူထူးခြားနေသေးသည် မဟုတ်ပါလော။ သို့ဖြစ်ရာ မီးတောက်ခေါင်းဆောင်ကြီး သူ၏ တပည့်အား မည်မျှအထိ ချစ်မြတ်နိုးကာ ဂရုစိုက်ကြောင်း သိနိုင်ပေသည်။
တစ်ချိန်တည်းမှာပင် အများစုမှာ ဝမ်ပေါင်လဲ့၏ စွမ်းအားများနှင့် မောက်မာဝင့်ကြွားသော အပြုအမူများကိုသာ မြင်ခဲ့ရပါသော်လည်း မျက်စိလျင်သည့် လူအချို့လည်း ရှိနေဆဲပင်။ သူတို့မှာ ထိုတိုက်ပွဲကြီးထဲမှတစ်ဆင့် စိတ်ဝင်စားစရာ အချက်အလက်များကို သတိထားမိခဲ့၏။ သူတို့မှာ ဤကိစ္စကြီးထဲ၌ ပါဝင်ပတ်သက်နေသည့် ရှဲ့ဟေးရန်လောက် ထဲထဲဝင်ဝင် သိထားခြင်း မရှိပါသော်လည်း ဝမ်ပေါင်လဲ့၏ လျှို့ဝှက်ချက်များကို အနည်းနှင့်အများ ခန့်မှန်းမိနေကြပြီ ဖြစ်သည်။
ထိုသို့ဖြင့် ဝမ်ပေါင်လဲ့ရှိရာဘက်တွင် လူများဖြင့် ပြည့်နှက်နေစဉ် ရှဲ့ယွင်ထန့် ရှိရာဘက်တွင်မူ လူသူကင်းမဲ့နေ၏။ လူများမှာ သူ့အား အဖက်မလုပ်ကြခြင်း မဟုတ်ပါသော်လည်း သူ့အား သွားရောက်နှုတ်ဆက်ခဲ့သည့် ကျင့်ကြံသူ အရေအတွက်မှာ မရှိသလောက်နည်းပေသည်။ ထို့ကြောင့် လဝက်တိတိ ကုန်ဆုံးသွားပြီး ရှဲ့မိသားစု သင်္ဘောပျံကြီး ကံကြမ္မာဂြိုဟ်အနီးသို့ ရောက်လာချိန်တွင် ရှဲ့ယွင်ထန့်နှင့် သူ၏အဖွဲ့မှာ သင်္ဘောပျံ ရပ်မည့်အချိန်ကို စောင့်ဆိုင်းနေခြင်းတော့ပေ။ သူတို့မှာ ချက်ချင်းဆိုသလိုပင် ပျံထွက်သွားကြပြီး နောက်သို့ပင် လှည့်မကြည့်ဘဲ ကံကြမ္မာဂြိုဟ်ထဲသို့ အရင်ဆုံးဝင်ရောက်သွားလိုက်တော့သည်။
" သူတို့တွေ ထွက်သွားတာမြန်သားပဲ " ဝမ်ပေါင်လဲ့နှင့် ရှဲ့ဟေးရန်တို့မှာ ရှဲ့မိသားစု ဝမ်ပေါင်လဲ့အတွက် စီစဉ်ပေးထားသည့် ဂေဟာအသစ်ထဲတွင် မတ်တတ်ရပ်နေကြ၏။ ထိုဂေဟာအသစ်မှာ သင်္ဘောပျံကြီး၏ ထိပ်ဆုံးတွင်ရှိနေသောကြောင့် ထိုနေရာတွင် ရပ်နေမည်ဆိုပါက ခေါင်းငုံ့ကြည့်လိုက်ရုံနှင့် သင်္ဘောပျံကြီး တစ်စင်းလုံး၏ တစ်ဝက်ကျော်အထိ မြင်နိုင်ပေသည်။ ထို့အပြင် ခေါင်းမော့ကြည့်လိုက်လျှင်လည်း အဆုံးမရှိလောက်အောင် ကျယ်ပြောနေသည့် စကြဝဠာကြီးအား မြင်လိုက်ရမည်ဖြစ်သည်။
ဝမ်ပေါင်လဲ့နှင့် ရှဲ့ဟေးရန်တို့ နှစ်ယောက်မှာ ရှဲ့ယွင်ထန့်နှင့် သူ၏ အဖွဲ့ ထွက်ခွာသွားနေသည်ကို ရှင်းလင်းပြတ်သားစွာ မြင်နေရ၏။ ရှဲ့ဟေးရန်မှာ ရှဲ့ယွင်ထန့် ထွက်ခွာသွားနေသည့် မြင်ကွင်းကို ကြည့်ရင်း အေးစက်စက်ရယ်မောလိုက်သည်။
" ဦးလေးဆရာ။ ကျွန်တော် ကျွန်တော့် မိသားစုဆီက သတင်းတွေ ကြားပြီးပြီ။ ကျွန်တော့်ရဲ့ အဖေက လူကြီးမင်းချန်ရှင်းကို အပြစ်လုပ်မိခဲ့တာမလို့ မိသားစုဝင်အများစုက သူနဲ့ အဆက်အသွယ်ဖြတ်လိုက်ကြတာ။ တချို့ဆိုရင် ခေါင်းဆောင်ကြီး တံခါးပိတ်လေ့ကျင့်နေတာကို အခွင့်ကောင်းယူပြီးတော့ ကျွန်တော့်အဖေ အပြင်မထွက်နိုင်အောင် သူ့ရဲ့ နေအိမ်ကို ပိတ်ဆို့ထားကြတာ။ ကြည့်ရတာ သူတို့က ဒီကိစ္စကြီး တစ်ခုလုံးကို လူကြီးမင်းချန်ရှင်းရဲ့ လက်ထဲ အပ်လိုက်တော့မယ်ပုံပဲ ... "
" အဲတာမလို့ အကြီးအကဲကောင်စီက ကျွန်တော့်ရဲ့ သွေးမျိုးဆက် အကာအကွယ်စွမ်းအားကို ရုပ်သိမ်းသွားခဲ့တာ။ ကျွန်တော့်ကိုလည်း သခင်လေးတစ်ယောက်အဖြစ် မသတ်မှတ်တော့ဘူး။ ဦးလေးဆရာကြောင့် ကျွန်တော့်ရဲ့ သွေးမျိုးဆက် အကာအကွယ်စွမ်းအားကို ပြန်ရခဲ့ပေမဲ့... " ရှဲ့ဟေးရန် စကားမဆုံးနိုင်ခင်မှာပင် သူတို့၏ ရှေ့ရှိ စကြဝဠာကြီးထဲမှ ခေါင်းလောင်းသံတစ်သံ ပျံ့လွင့်လာ၏။
ထို ခေါင်းလောင်းသံ အသံလှိုင်းများအဖြစ် ပြောင်းလဲသွားချိန်တွင် စကြဝဠာကြီးမှာလည်း အဆုံးအစမရှိလောက်အောင် ကျယ်ပြောနေသည့် ရေမျက်နှာပြင်တစ်ခုကဲ့သို့ ပြောင်းလဲသွားသကဲ့သို့ပင်။
ဝမ်ပေါင်လဲ့မှာ ထိုခေါင်းလောင်းသံအား ကြားလိုက်ရသည်နှင့် လက်မြှောက်ကာ ရှဲ့ဟေးရန်အား လှမ်းတားလိုက်၏။
ထိုအခါ ရှဲ့ဟေးရန်မှာလည်း တစ်ခဏမျှ နှုတ်ဆိတ်သွား၏။ ဝမ်ပေါင်လဲ့မှာမူ စကြဝဠာကြီးထဲသို့ လှမ်းကြည့်လိုက်သောအခါ ရှဲ့ယွင်ထန့်နှင့် သူ၏အဖွဲ့ ဦးတည်ပျံသန်းသွားနေသည့် ထူးဆန်းသောဂြိုဟ်ကြီးအား မြင်လိုက်ရတော့သည်။
ထိုဂြိုဟ်ကြီး ထူးဆန်းနေရခြင်းမှာ ၎င်း၏ ပတ်ပတ်လည်တွင် အရောင်တလက်လက်တောက်ပနေသည့် ခရမ်းရောင် အကွင်းများ ရှိနေသောကြောင့်ပင်။ အောက်ပိုင်းရှိ အကွင်းများမှာ အရွယ်အစားပို၍ ကြီးမားပြီး အပေါ်သို့ ရောက်လေလေ အရွယ်အစား ပို၍သေးငယ်သွားလေလေ ဖြစ်နေ၏။ သေသေချာချာ ကြည့်လိုက်မည်ဆိုပါက ၎င်း၏ပုံစံမှာ ဧရာမ ခေါင်းလောင်းကြီးတစ်လုံးနှင့် တူနေသည်ကို မြင်လိုက်ရမည်ဖြစ်သည်။
ဂြိုဟ်အစစ်မှာမူ ထိုခေါင်းလောင်းကြီး၏ အတွင်းပိုင်းထဲရှိ ခလောက်ဆန် ဖြစ်ပေသည်။
ထို ခလောက်ဆန်မှာ မှန်မှန် ရွေ့လျားနေ၏။ ၎င်း ခေါင်းလောင်းကြီး၏ အတွင်းပိုင်းနံရံနှင့် ထိသွားသည့်အချိန်များတွင် ကြည်လင်ပြတ်သားသည့်အသံများ ထွက်ပေါ်လာပြီး စကြဝဠာကြီးထဲ၌ ပဲ့တင်ထပ်သွားသည်သာ ဖြစ်သည်။ လူတိုင်းမှာ ထို ခေါင်းလောင်းသံအား ကြားလိုက်ရသည်နှင့် အတွေးများထဲ၌ နစ်မျောကာ တိတ်ဆိတ်ငြိမ်သက်သွား၏။
" ကံကြမ္မာဂြိုဟ် " ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ ထူးဆန်းစွာတောက်ပသွားပြီ လေသံတိုးတိုးဖြင့် ရေရွတ်လိုက်၏။ ထို ခေါင်းလောင်းသံ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်နှင့် သင်္ဘောပျံကြီးပေါ်မှ လူများမှာလည်း စိတ်နှင့်ကိုယ်နှင့် ပြန်ကပ်သွားကြသည်။ ခဏအကြာတွင် ဆွေးနွေးငြင်းခုံသံများ အဆက်မပြတ်ထွက်ပေါ်လာတော့သည်။
" ကံကြမ္မာဂြိုဟ်ပဲ "
" ရောက်ပြီဟေ့ "
" ကောင်းကင်ဘုံဓမ္မသခင်ကြီး နေထိုင်တဲ့ ကြယ်အဖွဲ့အစည်းက ဘယ်အရာနဲ့မှ မယှဉ်နိုင်လောက်အောင် လျှို့ဝှက်ဆန်းကြယ်လွန်းလှပါပေတယ် "
သင်္ဘောပျံပေါ်မှ လူများ စိတ်လှုပ်တရှား ဖြစ်နေကြစဉ် ရှဲ့ဟေးရန်မှာ ခေါင်းလောင်းသံများကို ကြားလိုက်ရသဖြင့် စိတ်နှလုံး တည်ငြိမ်အေးချမ်းသွား၏။ သူသည် ဝမ်ပေါင်လဲ့ သိမထားသည့် လျှို့ဝှက်များစွာကို သိထားသည့်တိုင်အောင် ကံကြမ္မာဂြိုဟ်ပေါ်သို့ ယခုမှ ပထမဆုံးအကြိမ်အဖြစ် ရောက်ဖူးခြင်းဖြစ်သည်။ ထို့ကြောင့် သူသည် ခေါင်းလောင်းပုံစံ ဖြစ်နေသည့် အကွင်းများကို ကြည့်ရင်း မျက်ဝန်းများထဲ၌ မျှော်လင့်ချက်ရောင်ခြည်များ သန်းလာ၏။
" ဟေးရန်။ မင်းရဲ့ မိသားစုမျိုးနွယ်စုက မင်းရဲ့အဖေကို ချန်ရှင်းရဲ့လက်ထဲ အပ်ဖို့ ကြံနေတာနော်။ အရင်တုန်းကဆိုရင် မဖြစ်နိုင်ပေမဲ့... အခု ချန်ရှင်းက သိပ်မကြာခင်မှာ ပြန်လွတ်လာတော့မှာ " ဝမ်ပေါင်လဲ့မှာ ပြုံးကာဆိုလိုက်သည်။ စိတ်ထဲတွင်မူ သူသည်လည်း မျှော်လင့်တကြီး ဖြစ်နေ၏။ သူသည် သူ၏ ဂိုဏ်းတူအစ်ကိုကြီးနှင့် ခွဲခွာနေခဲ့ရသည်မှာ အချိန်အကြာကြီးရှိနေပြီဖြစ်ရာ သူ့အား သတိရနေသည်။
သို့သော်လည်း ရှဲ့ဟေးရန် ရှိနေသောကြောင့် သူသည် ချန်ရှင်းအား ဂိုဏ်းတူအစ်ကိုကြီးဟု ခေါ်ခဲ့ခြင်းမရှိပေ။
" နံပါတ်ဆယ့်ခြောက် ဦးလေးဆရာ။ ကျေးဇူးပြုပြီးတော့ ကျွန်တော့်ကို ကူညီပေးပါ " ရှဲ့ဟေးရန်မှာ ထိုစကားများကို ကြားရရန် စောင့်ဆိုင်းနေခြင်းဖြစ်သည်။ ထို့ကြောင့် သူသည် သူ၏ အကြည့်အား ကံကြမ္မာဂြိုဟ်ပေါ်မှ ပြန်လည်ရုပ်သိမ်းလိုက်ပြီး ရိုးသားမှုအပြည့်ရှိသော အမူအရာဖြင့် ဝမ်ပေါင်လဲ့အား ဦးညွှတ်အရိုအသေပေးလိုက်တော့သည်။
" မင်း ဘာလို့ အခုလိုတွေလုပ်နေရတာလဲ " ဝမ်ပေါင်လဲ့မှာမူ ရှဲ့ဟေးရန်၏ အရိုအသေပေးမှုကို လက်ခံခဲ့ခြင်းမရှိဘဲ သူ၏ လက်မောင်းအား လှမ်းဆွဲလိုက်၏။
" ငါ မင်းကို ကူညီပေးမယ်လို့ ပြောထားပြီးသားလေ။ ဒီလိုလုပ်။ ချန်ရှင်း ရောက်လာတဲ့အချိန်ကျရင် သူ့အတွက် သတင်းတစ်ခု ပါးပေးဖို့ မင်းရဲ့ အဖေကို ပြောထားလိုက် "
" ဘာသတင်းလဲဗျ " ထိုအခါ ရှဲ့ဟေးရန်မှာလည်း အထူးအဆန်း ဖြစ်နေသည့် အမူအရာဖြင့် ပြန်မေးလိုက်၏။
" အဲ... " ဝမ်ပေါင်လဲ့မှာမူ မျက်စိပေကလတ်ပေကလတ် လုပ်ကာ ရှဲ့ဟေးရန် သူ့အား ပို၍ အထင်ကြီးလေးစားသွားစေမည့် စကားများကို စဉ်းစားနေလိုက်၏။ နောက်ဆုံးတွင် သူသည် လက်နှစ်ဖက်အား နောက်ပစ်ကာ တည်ငြိမ်အေးဆေးမှု အပြည့်ရှိသော အမူအရာဖြင့် ဆိုလိုက်တော့သည် " ငါ သူ့အတွက် အကောင်းစားအရက်တစ်အိုး အဆင်သင့်ပြင်ထားတာမလို့ လာသောက်ဖို့ ခေါ်နေတယ်လို့ ပြောခိုင်းလိုက်။ တကယ်လို့ သူ နောက်ကျနေရင် ငါတစ်ယောက်တည်း အကုန်သောက်ပစ်မယ်လို့ပါ ပြောခိုင်းလိုက်ကွာ "
ရှဲ့ဟေးရန်မှာ ထိုစကားများကို ကြားလိုက်ရသည်နှင့် နှလုံးသားတစ်ခုလုံး တုန်ရီသွားရ၏။ ဝမ်ပေါင်လဲ့၏ လေသံအရ သူနှင့် ချန်ရှင်း၏ ကြားမှ ခင်မင်ရင်းနှီးမှု အဆင့်အတန်းမှာ အလွန်အင်မတန်မှ မြင့်မားနေပြီဖြစ်ကြောင်း သိနိုင်ပေသည်။ ထို့ကြောင့် သူသည် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ကျေးဇူးတင်စကားဆိုလိုက်၏။ ထို့နောက် သူသည် ကျောက်စိမ်းပေလွှာတစ်ခု ချက်ချင်း ထုတ်ယူလိုက်ပြီး သူ၏ မျိုးနွယ်စုဝင်တစ်ယောက်ဆီသို့ အသံလွှင့်အကြောင်းကြားစာတစ်စောင် ပေးပို့ကာ သူ၏ ဖခင်ဆီသို့ သတင်းပါးရန် အမိန့်ပေးလိုက်တော့သည်။
ထို အသံလွှင့်အကြောင်းကြားစာ ပြီးဆုံးသွားချိန်တွင် ရှဲ့ဟေးရန်မှာ ဝမ်ပေါင်လဲ့အား စိုက်ကြည့်လိုက်သည်။ သူသည် ဝမ်ပေါင်လဲ့တွေးနေသည့် အရာများကို မသိပါသော်လည်း ရုတ်တရက် ဆိုလိုက်၏။
" နံပါတ်ဆယ့်ခြောက် ဦးလေးဆရာ... ကျွန်တော့်ဆီမှာ ညီမလေးတစ်ယောက်ရှိတယ်။ သူ့နာမည်က ရှဲ့တောက်တောက်တဲ့။ သူက အလှပဂေးလေးနော်... "
ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်စိ ပေကလတ်ပေကလတ် ဖြစ်သွား၏။ သူသည် ရှဲ့ဟေးရန်၏ စကားများကို ဆက်နားထောင်ရန် ပြင်လိုက်ပါသော်လည်း သူ၏ အသိစိတ်ထဲတွင် မည်သည့်နေရာကမှန်းမသိ အေးစက်စက် နှာမှုတ်သံတစ်သံ ထွက်ပေါ်လာသည်။ ဝမ်ပေါင်လဲ့မှာ ထိုနှာမှုတ်သံအား ကြားလိုက်ရသည်နှင့် မျက်မှောင်ကြုတ်သွားပြီး စိတ်ကွက်သွားသည့် အမူအရာဖြင့် ရှဲ့ဟေးရန်အား ကြည့်ကာ ဆိုလိုက်သည်။
" ဟေးရန်။ ဝမ်ပေါင်လဲ့ဆိုတဲ့ ငါက မင်းထင်ထားတဲ့ လူစားမျိုး မဟုတ်ဘူးကွ။ နောက်တစ်ခေါက် ဒီလိုစကားမျိုးတွေ ထပ်မပြောနဲ့ "
ထိုစကားများကြောင့် ရှဲ့ဟေးရန်မှာ ရင်ခုန်နှုန်းများ တစ်ခဏမျှရပ်တန့်သွားရ၏။ သူ၏ အမြင်တွင် ဝမ်ပေါင်လဲ့မှာ ဟန်ဆောင်နေသည့်ပုံ မပေါ်ပေ။ ထို့ကြောင့် သူသည် သူ၏ ခန့်မှန်းချက်များ မှားယွင်းသွားခဲ့သည်ဖြစ်ကြောင်း သိလိုက်ရ၏။ သူ၏ ရှေ့တွင် ရှိနေသည့် ဝမ်ပေါင်လဲ့မှာ သူထင်ထားသည့် လူစားမျိုး မဟုတ်ပေ။ ထို့ကြောင့် သူသည် အသက်ပြင်းပြင်းရှူကာ နောက်ထပ်တစ်ကြိမ်ထပ်၍ ဦးညွှတ် အရိုအသေပေးလိုက်၏။ သူ၏ စိတ်ထဲတွင်လည်း အနာဂတ်တွင် ထိုကဲ့သို့သော စကားများကို ထပ်မပြောရန် ဆုံးဖြတ်လိုက်တော့သည်။
ထိုအခါမှသာ ဝမ်ပေါင်လဲ့မှာ ချောင်းဟန့်လိုက်၏။ ထိုအချိန်တွင် သင်္ဘောပျံကြီးမှာ ကံကြမ္မာဂြိုဟ် အနီးသို့ ရောက်ရှိသွားပြီး ၎င်း၏ အပြင်ဘက်၌ ရပ်တန့်သွား၏။ ဝမ်ပေါင်လဲ့မှာလည်း သူ၏ ခန္ဓာကိုယ်အား လှစ်ခနဲလှုပ်ရှားကာ အပြင်သို့ ပျံထွက်သွားလိုက်တော့သည်။
ရှဲ့ဟေးရန်မှာ သူ၏နောက်မှ ကပ်လိုက်သွား၏။ မီးလျှံဝိညာဉ်လူမှုအဖွဲ့အစည်း ခေါင်းဆောင်ကြီးနှင့် အခြားသူများမှာလည်း ထိုနည်းတူပင်။ သူတို့မှာ အလင်းတန်းများအဖြစ် ပြောင်းလဲသွားကြပြီး သင်္ဘောပျံပေါ်မှနေ၍ ကံကြမ္မာဂြိုဟ်ဆီသို့ ဦးတည် ပျံသန်းသွားကြသည်သာ ဖြစ်သည်။
သူတို့ ထို ဂြိုဟ်ကြီး၏ အနီးသို့ ရောက်ရှိလာသည်နှင့် ဂြိုဟ်ကြီး၏ ပတ်ပတ်လည်ရှိ အကွင်းများမှာလည်း သူတို့၏ မျက်ဝန်းများထဲ၌ ပိုမိုကြီးမားလာ၏။ သူတို့ ထိုအကွင်းများ၏ အတွင်းထဲသို့ ဝင်ခါနီးတွင် မျှော်လင့်မထားသည့် ဖြစ်ရပ်ကြီးတစ်ခု ပေါ်ပေါက်လာသည်။ ထိုဖြစ်ရပ်ကြီးမှာ တိုက်ဆိုင်ခြင်းလည်း ဖြစ်နိုင်သလို ကြိုတင်ပြင်ဆင်ထားခြင်းလည်း ဖြစ်နိုင်ပေသည်။ မည်သို့ပင်ဆိုစေကာမူ... ထိုအခိုက်အတန့်တွင် ခပ်လှမ်းလှမ်းရှိ စကြဝဠာကြီးထဲ၌ လှိုင်းတွန့်များ ထလာပြီး ဧရာမ ဒေါင်းငှက်ကြီးတစ်ကောင်မှာ ဟင်းလင်းပြင်ကြီးထဲမှနေ၍ ရုတ်တရက်ဆိုသလို ပျံထွက်လာတော့သည်။
ထို ဒေါင်းငှက်ကြီးမှာ မီတာရာပေါင်းများစွာ ရှည်လျားပြီး ခမ်းနားထည်ဝါသည့် အငွေ့အသက်တစ်မျိုးကို ပိုင်ဆိုင်ထား၏။ ၎င်းမှာ တစ်ကိုယ်လုံး မြစိမ်းရောင်ဖြစ်နေပြီး တောင်ပံများကို ခတ်လိုက်သည့် အချိန်တိုင်း ၎င်း၏ နောက်တွင် ငှက်မွေးများ ပလူပျံသွားရသည်သာ ဖြစ်သည်။ ထို ငှက်မွေးများမှာ အရောင်မျိုးစုံရှိနေပြီး စကြဝဠာကြီး၌ ထွန်းလင်းတောက်ပနေကြ၏။
ထို ဒေါင်းငှက်ကြီး ပေါ်ပေါက်လာသည်နှင့် အံ့ဩတုန်လှုပ်ဖွယ်ရာ အအေးဓာတ်တစ်မျိုးမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွား၏။ ဝမ်ပေါင်လဲ့နှင့် အခြားသူများမှာ ထို ဒေါင်းငှက်ကြီး၏ လမ်းတွင်ရှိနေသောကြောင့် ထို အအေးဓာတ်များ၏ လွှမ်းခြုံခြင်းကို ခံလိုက်ရသဖြင့် ရေခဲဖုံးသွားတော့မည့်အလား ခံစားလိုက်ရသည်။
ထိုအခါ မီးလျှံဝိညာဉ်လူမှုအဖွဲ့အစည်း ခေါင်းဆောင်ကြီးနှင့် အခြားသူများမှာ မျက်ဝန်းများ ဝင်းလက်တောက်ပသွား၏။ သူတို့မှာ သူတို့၏ ကျင့်ကြံခြင်းစွမ်းအားအချို့ကို ထုတ်လွှတ်လိုက်ကြသဖြင့် ထာဝရကြယ်စွမ်းအားများ ထွက်ပေါ်လာပြီး ဝမ်ပေါင်လဲ့အား ကာကွယ်ပေးလိုက်ကြသည်။ ဝမ်ပေါင်လဲ့မှာမူ မျက်လုံးများမှေးသွား၏။ သူသည် ထိုနေရာတစ်ဝိုက်ရှိ အအေးဓာတ်များကို ဂရုစိုက်နေခြင်းမရှိသလို ရုတ်ခြည်းဆိုသလို ပေါ်ပေါက်လာသည့် ဒေါင်းငှက်ကြီးကိုလည်း ဂရုစိုက်နေခြင်းမရှိပေ။ သူ၏ အကြည့်မှာ ဒေါင်းငှက်ကြီး၏ ခေါင်းပေါ်၌ တင်ပျဉ်ခွေထိုင်နေသည့် အမျိုးသမီးတစ်ယောက်ပေါ်တွင်သာ ရှိနေသည်။
သူမသည် အနီရောင် ဝတ်ရုံတစ်ခုအား ခြုံထားပြီး သူမ၏ ခေါင်းပေါ်တွင် ဖီးနစ်သရဖူတစ်ခုအား ဆောင်းထားသည်။ သူမ၏ နဖူးပေါ်တွင်မူ စိန်တုန်းပုံစံ အမှတ်အသားတစ်ခု ရှိနေသည်။ သူမသည် ချောမောလှပရုံသာမက လည်ဆွဲတစ်ခုနှင့် နားကပ်တစ်ရံအား ဆင်မြန်းထားသည့်အပြင် လက်ကောက်ဝတ်များပေါ်တွင်လည်း ခေါင်းလောင်းများကို ချိတ်ဆွဲထားသေးသည်။ တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် ထို ခေါင်းလောင်းများမှာ သာမန်ပစ္စည်းများ မဟုတ်ကြောင်း သိနိုင်ပေမည်။
သူမသည် ကံကြမ္မာဂြိုဟ်နှင့်ပင် အတိုင်းအတာတစ်ခုအထိ ထပ်တူကျနေသည့်ပုံပင် ပေါက်နေ၏။
ဝမ်ပေါင်လဲ့ ထိုအမျိုးသမီးအား လှမ်းကြည့်လိုက်သည်နှင့် သူမသည်လည်း မျက်လုံးများပွင့်လာ၏။ ထို့နောက် သူမသည် သတ်ဖြတ်လိုစိတ်များတောက်ပနေသည့် မျက်ဝန်းတစ်စုံဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေလိုက်သည်။ သူမ၏ နောက်တွင်မူ သူမ၏ အငွေ့အသက်များကြောင့် စက္ကူဂြိုဟ်တစ်လုံး ပေါ်ပေါက်လာသည်။
သူမသည် ကြယ်သုသာန်ထဲ၌ တာအိုဂြိုဟ်အား ရယူသိမ်းပိုက်နိုင်ခဲ့သည့် ခေါင်းလောင်းနှင့် မိန်းမပျိုလေး ရှုယင်လင်း ဖြစ်ပေသည်။
" အစ်ကိုပေါင်လဲ့။ မတွေ့ရတာကြာပြီနော် " ရှုယင်လင်းမှာ ဝမ်ပေါင်လဲ့အား မြင်လိုက်ရသည်နှင့် ပြုံးကာ နှုတ်ဆက်လိုက်သည်။ သူမ၏ အပြုံးမှာ ငွားငွားစွင့်စွင့် ဖူးပွင့်နေကြသည့် ပန်းပွင့် အပွင့်တစ်ရာကဲ့သို့ စွဲမက်ဖွယ်ရာ ကောင်းလွန်းနေသလို သူမ၏ စကားသံလေးများမှာလည်း နားဝင်ချိုလွန်းနေ၏။ ၎င်းတို့အား သူမ၏ နှစ်လိုဖွယ်ရာ အပြုအမူလေးများနှင့် ပေါင်းစပ်လိုက်သောအခါ သူမသည် အလွန်အင်မတန်မှ ညှို့ဓာတ်ပြင်းနေတော့သည်။
" မမလေး။ သူ ကျွန်တော့်ကို မြှူဆွယ်နေပြီဗျ " ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်စိ ပေကလတ်ပေကလတ် လုပ်ကာ သူ၏ အသိစိတ်ထဲရှိ မမလေးအား ချက်ချင်း လှမ်းတိုင်လိုက်၏။
" မိန်းမပျက် " မမလေးမှာမူ ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ အေးစက်စက် နှာမှုတ်ကာ ဆဲရေးတိုင်းထွာလိုက်တော့သည်။