ရှုယင်လင်း၏ မာယာ
Vol. 75 Ch. 1036
ရှုယင်လင်း ပေါ်ပေါက်လာသည်နှင့် အောက်ဘက်ရှိ ကံကြမ္မာဂြိုဟ်ဆီမှ နတ်ဘုရားအာရုံ ခုနစ်ခု၊ ရှစ်ခုခန့် ပေထွက်ပေါ်လာ၏။ ၎င်းတို့မှာ ရှုယင်လင်းအား အာရုံခံမိလိုက်ကြသဖြင့် သူမအား ကြိုဆိုချင်နေကြသည့်ပုံပင်။
ထို နတ်ဘုရားအာရုံ ခုနစ်ခု၊ ရှစ်ခု၏ ပိုင်ရှင်များမှာ ဂြိုဟ်အဆင့်တွင်သာ ရှိနေသေးသည့်တိုင်အောင် တမူထူးခြားကြပေသည်။ သူတို့မှာ အားကောင်းသည့် အငွေ့အသက်များကို ပိုင်ဆိုင်ထားကြပြီး အလင်းတန်းများအဖြစ် သူမဆီသို့ ဦးတည်လာနေ၏။
ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းအား မြင်လိုက်ရသည်နှင့် အခြေအနေအား ရိပ်စားမိသွား၏။ ရှုယင်လင်း၏ ပေါ်ပေါက်လာမှုမှာ တိုက်ဆိုင်မှုတစ်ခုမဟုတ်ကြောင်း သူက သိထားသည်။ သူမသည် ဝမ်ပေါင်လဲ့ ရောက်ရှိလာမည့်အကြောင်းကို သိထားသောကြောင့် သူ့အား စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။ သူမသည် သူနှင့် ရင်းနှီးမှု ရှိသည့်ပုံစံ ဟန်ဆောင်ကာ အခြားသူများအား နားလည်မှုလွဲသွားအောင် လုပ်ရန် ကြံစည်နေခြင်း ဖြစ်သည်။
ထိုသို့သာ လုပ်နိုင်မည်ဆိုပါက ဝမ်ပေါင်လဲ့အတွက် ရန်သူအသစ်များ ပေါ်ပေါက်လာမည်ဖြစ်သလို သူမ၏ ရည်မှန်းချက်ပန်းတိုင်အား အကောင်အထည်ဖော်နိုင်ရန်လည်း ပို၍ လွယ်ကူသွားမည်ဖြစ်သည်။
သူတို့နှစ်ယောက်မှာ ကြယ်သုသာန်ထဲ၌ ရန်ငြိုးရန်စ သိပ်မရှိခဲ့ပါသော်လည်း တာအိုဂြိုဟ်များ၏ ကြားမှ ချိတ်ဆက်မှုနှင့် သူ၏ ပုံတူကူး စည်းမျဉ်းဥပဒေသကြောင့် ရှုယင်လင်းမှာ ဝမ်ပေါင်လဲ့အား အလွန်အင်မတန်မှ သတ်ဖြတ်ချင်နေ၏။
ထို့အပြင် ဝမ်ပေါင်လဲ့မှာ ရှုယင်လင်း အသုံးပြုခဲ့သည့် နတ်ဘုရားစွမ်းရည်၏ မူလဇာစ်မြစ်သည် ကြယ်သန္ဓေတာအိုနှင့် ဆက်နွှယ်နေကြောင်း ခန့်မှန်းမိသွားခဲ့သည် မဟုတ်ပါသော။
သို့သော် ဝမ်ပေါင်လဲ့မှာမူ ထို အချက်အား ဂရုစိုက်နေခြင်းမရှိဘဲ မျက်ဝန်းများတောက်ပသွား၏။ ထို့အပြင် သူသည် မမလေး သူ၏ အသိစိတ်ထဲ၌ ရှုယင်လင်းအား အပျက်မဟု ခေါ်လိုက်သည်ကို ကြားလိုက်ရသဖြင့် စိတ်အေးသွားရသည်။ သူသည် လတ်တလောအတွင်းတွင် မမလေးမှာ စိတ်ဆတ်လွန်းနေခဲ့သည်ဟု ခံစားနေခဲ့ရ၏။ သူတို့နှစ်ယောက် ခင်မင်ရင်းနှီးခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သလို သူ ယောက္ခမကြီးအဖြစ် သတ်မှတ်ထားသည့် အစွမ်းထက်ပုဂ္ဂိုလ်ကြီးလည်း ရှိနေသေးသည်ဖြစ်ရာ သူသည် မမလေးအား ပျော်အောင်ထားနိုင်ရန် ကြိုးစားခဲ့သည်။
သူမအား ပျော်အောင်လုပ်နိုင်သည့် နည်းလမ်းများစွာ ရှိပေသည်။ ထို့အပြင် ဝမ်ပေါင်လဲ့မှာ အခြားသူများအား မျက်နှာချိုသွေးရာတွင်လည်း အလွင်အင်မတန်မှ ကျွမ်းကျင်၏။ သို့သော် သူသည် ယခင်တုန်းက မမလေးအား ထပ်ခါတလဲလဲ မျက်နှာချိုသွေးခဲ့ဖူးသည်ဖြစ်ရာ ယခုတွင် ထိုနည်းလမ်း အလုပ်မဖြစ်တော့မည်ကို စိုးရိမ်နေသည်။ ထို့ကြောင့်လည်း ယခုတွင် သူသည် ဆန့်ကျင်ဘက်နည်းလမ်းတစ်ခုအား အသုံးပြုခဲ့ခြင်းဖြစ်သည်။ သူသည် မမလေးအား သူမ၏ ရင်ထဲမှ မကျေနပ်ချက်များနှင့် ဒေါသများအားလုံးကို ရှုယင်လင်းပေါ်သို့ ပုံချခိုင်းတော့မည် ဖြစ်သည်။
ထို့ကြောင့်လည်း ယခုတွင် သူသည် ရှုယင်လင်း၏ ပျားသကာရည်လောင်းထားသည့် စကားများကို ဂရုစိုက်နေခြင်းမရှိဘဲ သူမအား ကြည့်ကာ အသာအယာ ခေါင်းယမ်းလိုက်၏။ ထို့နောက် သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင် ရှုယင်လင်းမှာ သူမ၏ ပါးစပ်အား လက်ဖြင့်အုပ်ကာ ရယ်မောလိုက်သည်။
" အစ်ကိုပေါင်လဲ့ ပြောချင်တဲ့စကားကို ယင်လင်းသိပါတယ်။ ကြယ်သုသာန်ထဲမှာ ရှိနေခဲ့တုန်းက အစ်ကိုက ယင်လင်းကို အစ်ကို့ရဲ့ တာအိုလက်တွဲဖော်အဖြစ် လိုချင်နေခဲ့တာမလား။ အဲဒီ ကိစ္စနဲ့ ပတ်သတ်လို့ ယင်လင်း စဉ်းစားပြီးသွားပြီ။ ညီမလေးတို့တွေ အရင်ဆုံး အခြေခံအဆင့်ကနေ စပြီးတော့ စမ်းကြည့်ကြတာပေါ့။ အစ်ကို ဘယ်လိုသဘောရလဲ "
သူမ၏ နှုတ်မှ ထိုစကားများ ထွက်ပေါ်လာသည်နှင့် ဝမ်ပေါင်လဲ့မှာ ကံကြမ္မာဂြိုဟ်ပေါ်မှနေ၍ သူ့ဆီသို့ ဦးတည်လာနေသည့် နတ်ဘုရားအာရုံ ခုနစ်ခု၊ ရှစ်ခု တုန်ရီသွားသည်ကို သတိထားမိလိုက်၏။ သို့သော်လည်း သူသည် ခေါင်းယမ်းလိုက်ဆဲပင်။
" ငါ စိတ်မကောင်းပါဘူး။ ငါပြောချင်တဲ့ စကားက အဲတာ မဟုတ်ဘူး။ ငါပြောချင်တာက နင် ခြေတစ်လှမ်း နောက်ကျသွားပြီဆိုတာပဲ။ ငါ့ဆီမှာ အလေးစားရဆုံး မမလေးတစ်ယောက် ရှိပြီးသား။ သူက ငါ့ကို ချစ်ပေမဲ့ ထုတ်မပြောရဲဘူး ဖြစ်နေတာ။ အခုလေးတင် သူက နင့်ကို မိန်းမပျက်လို့ ခေါ်လိုက်တာ "
ရှုယင်လင်းမှာ ထိုစကားများကို ကြားလိုက်ရသောအခါ မျက်ဝန်းများအရောင်လက်သွား၏။ သို့သော် သူမသည် ချက်ချင်းဆိုသလိုပင် သူမ၏ အောက်နှုတ်ခမ်းအား ကိုက်ကာ သက်ပြင်းချ၍ ဆိုလိုက်သည်။
" ပေါင်လဲ့။ ငါတို့နှစ်ယောက် ရေစက်မပါရင်တောင် ငါတို့ရဲ့ နှလုံးသားတွေကို လှည့်စားတဲ့ မိုးကောင်းကင်ကြီးကိုပဲ အပြစ်တင်ရမှာလေ။ ဘာလို့ ငါ့ကို အခုလို အရှက်ခွဲရတာလဲ " ရှုယင်လင်းမှာ ထိုသို့ဆိုလိုက်ပြီးနောက် စိတ်ပျက်သွားသည့် အမူအရာဖြင့် ခေါင်းငုံ့သွား၏။ ထို့နောက် သူမသည် ဒေါင်းငှက်ကြီးပေါ်တွင် ထိုင်ရင်း ဝမ်ပေါင်လဲ့၏ ဘေးမှ ဖြတ်ပျံသွားသည်။
ဝမ်ပေါင်လဲ့မှာမူ သူမ၏ စကားများကို ကြားလိုက်ရသောအခါ မျက်လုံးများ မှေးသွား၏။ သူသည် ရှုယင်လင်းမှာ ကြယ်သုသာန်ထဲ၌ ရှိနေခဲ့စဉ်တုန်းကထက်ပင် ပို၍ ဉာဏ်များလာပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။ သူသည် ရှုယင်လင်းမှာ သူမအား သဘောကျနှစ်သက်နေသည့် ပုရိသများ သူ့အပေါ် အမြင်စောင်းလာစေရန် သူ့အား တမင်သက်သက် မြှူဆွယ်နေခြင်း ဖြစ်သည်ဟု ထင်မှတ်ထားခဲ့၏။
ထို့ကြောင့်လည်း သူသည် သူမ သူ့အား ထိုကဲ့သို့ အသုံးမချနိုင်စေရန် ထိုစကားများကို ပြောခဲ့ခြင်းဖြစ်သည်။ သို့သော် ရှုယင်လင်း၏ တုံ့ပြန်မှုမှာ အလွန်အင်မတန်မှ မြန်ဆန်သည်ဟု ဆိုရပေမည်။ သူမသည် ချက်ချင်းဆိုသလိုပင် အရှက်ခွဲခံရသည့်ပုံစံ ဟန်ဆောင်လိုက်သည်ဖြစ်ရာ သူမအား ပိုးပန်းနေကြသည့် လူများမှာ သူ့အား ပြဿနာရှာရန် အကြောင်းပြချက် ရသွားတော့မည်ဖြစ်သည်။
" နင်က တော်တော်ကို စိတ်ရှုပ်ဖို့ကောင်းတာပဲ " ဝမ်ပေါင်လဲ့မှာမူ မျက်ခုံးများပင့်ကာဆိုလိုက်၏။ သူသည် ယဉ်ကျေးသိမ်မွေ့မှု ရှိသည့်ပုံစံ ဟန်မဆောင်လိုသောကြောင့် ရွံရှာစက်ဆုပ်နေသည့် မျက်နှာအမူအရာဖြင့် ပြန်ပြောလိုက်သည်။
" ငါ နင့်ကို စိတ်မဝင်စားဘူး။ ငါ့ကို ထပ်ပြီးတော့ မနှောင့်ယှက်ပါနဲ့။ ကျေးဇူးပြုပြီးတော့ ကိုယ့်ရဲ့သိက္ခာကို ကိုယ်ပြန်ငဲ့ပါဦး ရှုယင်လင်း "
" နင်... " ထိုအခါ ရှုယင်လင်းမှာ ဒေါင်းငှက်ကြီးပေါ်တွင် ထိုင်နေရင်း ရပ်တန့်သွားပြီး နောက်သို့လှည့်ကာ ဝမ်ပေါင်လဲ့အား ကြည့်လိုက်၏။
ထိုအချိန်မှာပင် ကံကြမ္မာဂြိုဟ် ရှိရာဘက်မှ ရွှီးခနဲမြည်သံတစ််သံ ထွက်ပေါ်လာသည်။ ခဏအကြာတွင် နတ်ဘုရားအာရုံ ခုနစ်ခု၊ ရှစ်ခုခန့် ရောက်ရှိလာကြပြီး လူရိပ်များအဖြစ် ပြောင်းလဲသွားကြ၏။ သူတို့အားလုံးမှာ စိတ်ဓာတ်များ တက်ကြွနေကြပြီး တစ်ယောက်ချင်းစီတိုင်းမှာ ကြောက်မက်ဖွယ်ရာ အငွေ့အသက်များကို ပိုင်ဆိုင်ထားကြသည်။ သူတို့၏ အဝတ်အစားများဖြစ်စေ၊ အငွေ့အသက်များဖြစ်စေ ၎င်းတို့အားလုံးမှာ ပါရမီရှင်တစ်ယောက်အား ကိုယ်စားပြုနေသကဲ့သို့ပင်။
အထူးသဖြင့် သူတို့ထဲမှ တစ်ယောက်မှာဆိုလျှင် ရွှေရောင်ဆံပင်ရှည်များကို ပိုင်ဆိုင်ထားပြီး ရွှေရောင် ဝတ်ရုံရှည်တစ်ခုအား ဆင်မြန်းထား၏။ သူသည် နေမင်းကြီး၏ သားတော်တစ်ပါးကဲ့သို့ ထွန်းလင်းတောက်ပနေသည်။ သူသည် မလှုပ်မယှက် ရပ်နေသည့်တိုင်အောင် သူ၏ ဘေးပတ်ပတ်လည်မှ အပူချိန်များမှာ သိသိသာသာ မြင့်တက်လာနေဆဲပင်။ ထို့ကြောင့် သူသည် မီးတောက်များထဲ၌ ဖွားမြင်လာသည့်ပုံ ပေါက်နေသည်။ သူသည် ထိုသို့ပေါ်ပေါက်လာသည်နှင့် စိတ်အားထက်သန်မှု အပြည့်ရှိသည့် မျက်ဝန်းများဖြင့် ရှုယင်လင်းအား စိုက်ကြည့်ကာ ပြုံး၍ နှုတ်ဆက်လိုက်တော့သည်။
" ညီမလေး ယင်လင်း။ အစ်ကို ညီမလေးကို စောင့်နေတာ ကြာလှပြီ။ နောက်ဆုံးတော့ ညီမလေးနဲ့ တွေ့ရပြီပေါ့ "
" ညီမလေး ယင်လင်း အစ်ကိုကြီး စွန်းရန်ကို ဂါရဝပြုပါတယ်။ ညီမလေးကို လာကြိုတဲ့အတွက် ကျေးဇူးပါပဲ။ သွားကြစို့... "
ရှုယင်လင်းမှာ စိတ်နှင့်ကိုယ်နှင့် မကပ်သည့် အမူအရာအဖြစ် ခေါင်းငုံ့ကာ လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်သည်။
သူမ၏ အမူအရာ သနားစရာကောင်းလွန်းနေသည်ကို ဘေးပတ်ပတ်လည်ရှိ လူများအားလုံးမှာ အတိုင်းသားမြင်လိုက်ရ၏။ သူတို့ထဲမှ အချို့မှာဆိုလျှင် မျက်ဝန်းများထဲ၌ စိတ်အားထက်သန်မှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေ၏။ စွန်းရန်မှာလည်း ထိုနည်းတူပင်။ သူသည် ရှုယင်လင်းအား ကြည့်လိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား လှမ်းကြည့်လိုက်၏။ သူသည် ထိုနေရာသို့ ရောက်မလာခင်ကတည်းက သူတို့နှစ်ယောက် အပြန်အလှန်ပြောခဲ့သည့် စကားများကို ကြားခဲ့ပြီးသား ဖြစ်သည်။ ထို့ကြောင့် ယခုတွင် သူသည် မျက်ဝန်းများ အရောင်လက်သွားပြီး အေးစက်စက်အမူအရာဖြင့် တည်ကြည်စွာ ဆိုလိုက်တော့သည်။
" မင်းနာမည် ဝမ်ပေါင်လဲ့မလား။ မိန်းမလှလေးတစ်ယောက်ကို တန်ဖိုးမထားတတ်တာ မင်းရဲ့အပြစ်မဟုတ်ပေမဲ့ အခုလို ရုန့်ရင်းကြမ်းတမ်းတဲ့စကားတွေကို ပြောတာတော့ မင်းရဲ့အပြစ်ပဲ။ ဒီနေ့ ငါ စွန်းရန် ငါတို့ရဲ့ ကျောထောက်နောက်ခံတွေကို ထည့်တွက်မနေဘဲ ရင်ထဲမှာ ရှိတဲ့အတိုင်းပဲ ပြောမယ်။ မင်း ရှုယင်လင်းကို တောင်းပန်လိုက်ပါ "
သူ ထိုသို့ဆိုလိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်ထဲမှ အားကောင်းသော အငွေ့အသက်တစ်မျိုး ထွက်ပေါ်လာပြီး ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်လာ၏။ သူနှင့်အတူ ရောက်ရှိလာသည့် အခြားသူများမှာလည်း ထိုကဲ့သို့သော အငွေ့အသက်များကို ထုတ်လွှတ်လိုက်ကြသဖြင့် သူတို့၏ ကျင့်ကြံခြင်းစွမ်းအားများမှာ ဝမ်ပေါင်လဲ့ရှိနေသည့် နေရာ၌ စုဆုံသွားကြတော့သည်။
ထို အငွေ့အသက်များကြောင့် မွေးနေ့ဆုမွန်ကောင်းတောင်းပေးရန် ရောက်လာကြသည့် ကျင့်ကြံသူများမှာ သူတို့အား ပို၍သတိထားမိသွားကြ၏။ သူတို့မှာ သူတို့၏ နတ်ဘုရားအာရုံများကို ထုတ်လွှတ်ကာ အခြေအနေကြီးအား အကဲခတ်နေကြပြီဖြစ်သည်။
ဝမ်ပေါင်လဲ့မှာမူ မျက်လုံးများ မှေးသွား၏။ သူသည် ချောမောလှပကာ သနားစရာကောင်းသည့်ပုံ ပေါက်နေသည့် ရှုယင်လင်းအား လှမ်းကြည့်လိုက်ပြီးနောက် မိန်းမလှလေး တစ်ယောက်ဘက်မှ သမာဓိရှိရှိ ရပ်တည်ပေးနေသည့်ပုံ ပေါက်နေသည့် စွန်းရန်အား လှမ်းကြည့်လိုက်သည်။ ထို့နောက် သူသည် အခြေအနေတစ်ခုလုံးအား နားလည်သွားသဖြင့် ပြုံးမိလိုက်သည်။ ထို ပါရမီရှင်များမှာ လက်ရှိ အခြေအနေအား မရိပ်စားမိနိုင်လောက်အောင် တုံးအနေကြသောကြောင့် ရှုယင်လင်း၏ အသုံးချခြင်းကို ခံနေရခြင်းမဟုတ်ပေ။ သူတို့မှာ အရာအားလုံးကို ရှင်းလင်းပြတ်သားစွာ နားလည်ထားပြီးသား ဖြစ်သည်။ သို့သော် သူ၏ ဆရာဖြစ်သူ မီးတောက်ခေါင်းဆောင်ကြီးကြောင့်သာ လက်လွတ်စပယ် မပြုမူရဲဘဲ ဖြစ်နေရခြင်းဖြစ်သည်...
တစ်ချိန်တည်းမှာပင် သူတို့မှာ သူ၏ တာအိုဂြိုဟ်ကိုလည်း ကြောက်ရွံ့နေရ၏။ ထို့ကြောင့်လည်း ယခုတွင် သူတို့မှာ မနာလိုသည့်ပုံစံ ဟန်ဆောင်ကာ ပဋိပက္ခများ ပေါ်ပေါက်လာအောင် ကြိုးစားနေကြခြင်း ဖြစ်သည်။ အကယ်၍ ထို အကြောင်းရင်းကြောင့်သာ ရန်ပွဲတစ်ပွဲ ပေါ်ပေါက်လာရမည်ဆိုပါက အကြီးပိုင်းမျိုးဆက်မှ ကျင့်ကြံသူများမှာ သူတို့၏ တိုက်ပွဲထဲ၌ အလွယ်တကူ ဝင်ရောက်စွက်ဖက်ခွင့် ရှိတော့မည်မဟုတ်ပေ။ ထိုသို့သာဆိုလျှင် သူတို့ဘက်မှ လှုပ်ရှားရသည်မှာ ပိုလွယ်သွားမည်ဖြစ်သည်။
ထို့ကြောင့်လည်း သူတို့အားလုံးမှာ ယခုလို အတိုင်အဖောက်ညီနေကြခြင်း ဖြစ်၏။
" မင်းတို့ကိုယ်မင်းတို့ လူလည်တွေ မှတ်နေကြတာလားကွ။ ဆရာ့ရဲ့ အကျင့်စရိုက်မျိုးနဲ့ဆိုရင် အဲဒီလို အကြောင်းရင်းတွေရှိနေလည်း ဂရုစိုက်နေမှာမဟုတ်ဘူး " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ အေးစက်စွာပြုံးလိုက်ပြီး မျက်ဝန်းများ အရောင်တောက်ပသွား၏။ ထို ပါရမီရှင်များ၏ နည်းလမ်းမှာ ပညာသားပါသည့်ပုံ ပေါ်ပါသော်လည်း သူတို့ဘက်မှ အကြီးအကဲများမှာလည်း ဝင်ရောက်စွက်ဖက်ခွင့် ရှိတော့မည်မဟုတ်ပေ။
" ဒီတစ်ခေါက် ကံကြမ္မာဂြိုဟ် ခရီးစဉ်ကတော့ စိတ်ဝင်စားစရာကောင်းနေမှာ သေချာတယ် " ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်တည်း ရေရွတ်လိုက်ပြီးနောက် ရှုယင်လင်းအား လျစ်လျူရှုလိုက်၏။ ထို့အပြင် သူသည် စွန်းရန်ကိုလည်း တစ်ချက်ပင်မကြည့်ဘဲ သူ၏ ဘေး၌ ကျင့်ကြံခြင်းစွမ်းအားများထုတ်လွှတ်ကာ တိုက်ခိုက်ရန် အဆင်သင့်ပြင်နေသည့် ရှဲ့ဟေးရန်အား လှမ်းပြောလိုက်သည်။
" သွားကြစို့ " ဝမ်ပေါင်လဲ့မှာ ထိုသို့လှမ်းပြောလိုက်ပြီးနောက် လူအုပ်ကြီးအား လျစ်လျူရှုကာ ကံကြမ္မာဂြိုဟ်ဆီသို့ ဦးတည် ပျံသန်းသွား၏။ သို့သော် သူ စတင် ပျံသန်းလိုက်သည်နှင့် စွန်းရန်မှာ မျက်ဝန်းများ အေးစက်စွာတောက်ပသွားပြီး သူ၏ ခန္ဓာကိုယ်အား လှစ်ခနဲလှုပ်ရှားကာ ဝမ်ပေါင်လဲ့၏ လမ်း၌ ပိတ်ရပ်နေလိုက်သည်။ သူနှင့်အတူ ရောက်လာကြသည့် ပါရမီရှင်များမှာလည်း ဝမ်ပေါင်လဲ့၏ အနီးသို့ ချဉ်းကပ်လာပြီး သူ့အား လမ်းပိတ်ထားကြပြီ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် သူတို့၏ တာအိုအစောင့်အရှောက်များ ထုတ်လွှတ်လိုက်သော နတ်ဘုရားအာရုံများမှာ ကံကြမ္မာဂြိုဟ်ပေါ်မှ ထွက်ပေါ်လာပြီး ထိုနေရာတစ်ဝိုက်အား ပိတ်ဆို့ထားလိုက်၏။
" တာအိုအစောင့်အရှောက် လူကြီးမင်းများခင်ဗျား။ ကျေးဇူးပြုပြီးတော့ ဝင်မစွက်ဖက်ပါနဲ့။ ဒါ ကျွန်တော်တို့ရဲ့ကြားက ကိစ္စပါ " စွန်းရန်မှာမူ ဂရုမစိုက်သည့် အမူအရာဖြင့် ဆိုလိုက်သည်။ ထိုအခါ တာအိုအစောင့်အရှောက်များမှာလည်း သူတို့၏ နတ်ဘုရားအာရုံများကို လမ်းကြောင်းပြောင်းကာ မီးလျှံဝိညာဉ် လူမှုအဖွဲ့အစည်း ခေါင်းဆောင်ကြီးနှင့် ဝမ်ပေါင်လဲ့၏ နောက်တွင် ရှိနေကြသည့် အခြားသူများဆီသို့ စေလွှတ်လိုက်ကြ၏။
သူတို့ဘက်မှ တာအိုအစောင့်အရှောက်များမှာ လူအင်အား အသာစီးရနေသည်ဖြစ်ရာ မီးလျှံဝိညာဉ် လူမှုအဖွဲ့အစည်း ခေါင်းဆောင်ကြီးနှင့် အခြားသူများမှာ မျက်စိမျက်နှာပျက်သွားရ၏။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့အား လမ်းပိတ်ထားသည့် စွန်းရန်မှာ ဝမ်ပေါင်လဲ့အား စိုက်ကြည့်ကာ ဖြည်းဖြည်းချင်း ဆိုလိုက်သည် " ညီမလေး ယင်လင်းကို တောင်းပန်လိုက်ပါ "
သူ ထိုသို့ဆိုလိုက်သည်နှင့် ဘေးပတ်ပတ်လည်တွင် ရှိနေသည့် အခြား ပါရမီရှင်များမှာလည်း လိုက်ပြောလိုက်ကြ၏။
" အခုချက်ချင်း တောင်းပန်လိုက်စမ်း "
သူတို့အားလုံး၏ စကားသံများမှာ အံ့သြတုန်လှုပ်ဖွယ်ရာ အငွေ့အသက်ကြီးတစ်ခုအသွင် ပြောင်းလဲသွားပြီး ဝမ်ပေါင်လဲ့ပေါ်သို့ ကျရောက်လာ၏။ တစ်ချိန်တည်းမှာပင် မကြာသေးမီတုန်းက ရောက်ရှိလာခဲ့သော အခြား မိသားစုများ၏ သင်္ဘောပျံကြီးများမှာလည်း သူတို့၏ အနီးသို့ ရောက်ရှိလာကြပြီး စပ်စုနေကြသည်။
ကံကြမ္မာဂြိုဟ်ပေါ်မှလည်း နတ်ဘုရားအာရုံများ ထပ်၍ ထွက်ပေါ်လာပြီး သူတို့အား စောင့်ကြည့်နေကြ၏။ ထောင်ပေါင်းများစွာသော ကျင့်ကြံသူများမှာ သူတို့အား မျက်ခြည်မပြတ် စောင့်ကြည့်နေကြသည်ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ သူ၏ ဂုဏ်သိက္ခာအတွက် သူတို့နှင့် သေချာပေါက် အချင်းဖြစ်ပွားလိမ့်မည်ဟု စွန်းရန်က တထစ်ချယုံကြည်နေသည်။
အကယ်၍ သူသာ ဝမ်ပေါင်လဲ့၏ နေရာတွင် ဆိုပါက သူ တွေးထားသလို ပြုမူလိုက်မည်သာမဟုတ်ပါလော။ သူတို့လို ထိပ်သီးအဆင့် ပါရမီရှင်များအတွက် ဂုဏ်သိက္ခာဆိုသည့်အရာမှာ အလွန်အင်မတန်မှ အရေးကြီးပေသည်။
သို့သော် သူသည် ဝမ်ပေါင်လဲ့အား ထဲထဲဝင်ဝင် နားလည်ထားခြင်း မရှိပေ…