← Chapters

တုံ့ပြန်တိုက်ခိုက်ခြင်း

Vol. 75 Ch. 1037

တုံ့ပြန်တိုက်ခိုက်ခြင်း

Vol. 75 Ch. 1037

" ဘာလို့ လူတိုင်းက ငါ့ကို အခုလို ကြိုဆိုနေရတာလဲ " ဝမ်ပေါင်လဲ့မှာ သူ၏ရှေ့တွင် ရပ်နေသည့် စွန်းရန်နှင့် ဘေးပတ်ပတ်လည်ရှိ သင်္ဘောပျံများအား ကြည့်ကာ ဆိုလိုက်၏။ သူသည် ကံကြမ္မာဂြိုဟ်ပေါ်မှ နတ်ဘုရားအာရုံများကိုလည်း အာရုံခံမိနေပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် မျက်နှာတစ်ခုလုံး နီမြန်းသွားပြီး ရှက်ကိုးရှက်ကန်းဖြစ်နေသည့် အမူအရာဖြင့် ရှုယင်လင်းအား လှမ်းကြည့်လိုက်တော့သည်။

ရှုယင်လင်းမှာလည်း သူမကိုယ်သူမ အလွင်အင်မတန်မှကျေနပ်နေ၏။ သူမသည် ဝမ်ပေါင်လဲ့၏ တာအိုဂြိုဟ်အား လိုချင်တက်မက်နေကြသည့် ကျင့်ကြံသူများအတွက် အကြောင်းပြချက်တစ်ခု ဖန်တီးပေးရန်သာလိုအပ်ကြောင်း သိထားသည်။

သူမသည်လည်း တာအိုဂြိုဟ်တစ်လုံး ပိုင်ဆိုင်ထားသည်ဖြစ်ရာ အခြားသူများမှာ သူမကိုလည်း ပစ်မှတ်ထားနိုင်ပေသည်။ ထိုအချက်ကြောင့်လည်း သူမသည် ဝမ်ပေါင်လဲ့အား ယခုလို အသုံးချခဲ့ခြင်းဖြစ်၏။ ထို့အပြင် သူမသည် သူမ၏ တာအိုဂြိုဟ်မှာ ဝမ်ပေါင်လဲ့၏ တာအိုဂြိုဟ်ကြောင့် ဖိနှိပ်ချုပ်တည်းခံထားရသည့်ပုံစံ ဟန်ဆောင်နေခဲ့သေးသည်။

သို့ဖြစ်ရာ လူအများမှာ သူမ၏ တာအိုဂြိုဟ်သည် အကောင်းဆုံး မဟုတ်ဘဲ ဝမ်ပေါင်လဲ့၏ တာအိုဂြိုဟ်သာလျှင် အကောင်းဆုံးဖြစ်သည်ဟု ယုံကြည်သွားကြ၏။ အကယ်၍ သူမ၏ တာအိုဂြိုဟ်အား ရယူနိုင်လျှင်တောင် ဝမ်ပေါင်လဲ့၏ ဖိနှိပ်ချုပ်တည်ခြင်းကို ခံရဦးမည်ဖြစ်သည်။ သို့ဖြစ်ရာ သူတို့သည် ဝမ်ပေါင်လဲ့အား ပစ်မှတ်ထားခြင်းမှာ သူတို့အတွက် ပို၍အကျိုးရှိသည်ဟု မှတ်ယူလိုက်ကြမည်သာ ဖြစ်သည်။

ရှုယင်လင်း၏ အကြံအစည်မှာ အလုပ်ဖြစ်ပေသည်။ သူမ၏ တာအိုဂြိုဟ်အား စိတ်ဝင်စားနေသည့် လူအရေအတွက် နည်းပါးသွားပြီဖြစ်ရာ သူမသည် ဘေးအန္တရာယ်ကြီးအား ဝမ်ပေါင်လဲ့ဆီသို့ အောင်မြင်စွာ လမ်းကြောင်းပြောင်းနိုင်ခဲ့သည်ဟု ဆိုရပေမည်။ ယခုတွင် ဝမ်ပေါင်လဲ့မှာ လူအများ၏ ပစ်မှတ်ထားခြင်းကို ခံနေရပြီမဟုတ်ပါလော။ သို့သော် သူမသည် ဝမ်ပေါင်လဲ့၏ ရှက်ကိုးရှက်ကန်းဖြစ်နေသော မျက်နှာအမူအရာကို မြင်လိုက်ရသဖြင့် ရင်ထဲ၌ ထိတ်ခနဲဖြစ်သွားရ၏။

သူမ စကားတစ်ခွန်းမှ မပြောနိုင်ခင်မှာပင် ဝမ်ပေါင်လဲ့မှာ သက်ပြင်းအရှည်ကြီးချကာ ဆိုလိုက်သည်။

" ထားလိုက်ပါတော့လေ။ လူတိုင်းက ငါနဲ့ ယင်လင်းကို အခုလို သဘောတူနေမှတော့လည်း... " ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုကာ လေသံကျယ်ကျယ်ဖြင့် ချောင်းဟန့်လိုက်ပြီး ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ ဘေးပတ်ပတ်လည်ရှိ သင်္ဘောပျံများနှင့် ကံကြမ္မာဂြိုဟ်ကြီးအား လှမ်း၍ ဂါရဝပြုလိုက်၏။

" အဖွဲ့အစည်း အသီးသီးက တာအိုရောင်းရင်းများနဲ့ ကံကြမ္မာဂြိုဟ်ပေါ်က လူကြီးမင်းများခင်ဗျား။ ဒီနေ့ ကျွန်တော့်အတွက် မျက်မြင်သက်သေအဖြစ် ရှိပေးဖို့ တောင်းဆိုပါရစေ။ ယင်လင်းနဲ့ ကျွန်တော်တို့ နှစ်ယောက်က ကျွန်တော်တို့ရဲ့ တာအိုဂြိုဟ်တွေကြောင့် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် မေတ္တာမျှနေတာ ကြာပါပြီ... "

သူ ထိုသို့ဆိုလိုက်သည်နှင့် ရှုယင်လင်းမှာ အမူအရာများ ပြောင်းလဲသွားရသလို စွန်းရန်မှာလည်း ဆွံ့အမှင်တက်သွားရ၏။ အခြား ပါရမီရှင်များအားလုံး၏ မျက်နှာအမူအရာများမှာလည်း အမျိုးမျိုး ပြောင်းလဲသွားကြသည်သာ ဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့၏ စကားသံကြီးမှာ လေထဲ၌ ပဲ့တင်ထပ်နေဆဲပင်။

" ဒါပေမဲ့ ကျွန်တော်က ကျွန်တော့်ကိုယ်ကျွန်တော် လူပေလူတေတစ်ယောက်လို သတ်မှတ်ထားတာမလို့ ယင်လင်း ဒုက္ခရောက်မှာ မမြင်ရက်လို့ သူ့ကို ငြင်းခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော် ကျင့်ကြံသူတွေရဲ့ ဇွဲလုံ့လကို လျှော့တွက်မိခဲ့မှန်း အခု သိသွားပါပြီ။ ဒီနေ့ ဒီနေရာမှာပဲ ကျွန်တော် ယင်လင်းကို တောင်းပန်ပါရစေ။ ယင်လင်း။ ငါ နင့်ရဲ့ အချစ်တွေကို မငြင်းဆန်ခဲ့သင့်ဘူး။ ငါ လက်ခံပါတယ် " ဝမ်ပေါင်လဲ့မှာ စိတ်သစ်လူသစ် ဖြစ်သွားသည့်အလား ရိုးသားမှုအပြည့်ရှိသော အမူအရာဖြင့် ဆိုလိုက်၏။ သို့သော် သူ၏ စကားများကြောင့် ရှုယင်လင်း၏ မျက်နှာအမူအရာမှာ လုံးဝပြောင်းလဲသွားရပြီ ဖြစ်သည်။ ထို့အပြင် သူမသည် ဝမ်ပေါင်လဲ့မှာ ထိုမျှလောက်နှင့် ရပ်တန့်သွားဦးမည်မဟုတ်ကြောင်း ခံစားနေရ၏။

သူမ ခံစားနေရသည့်အတိုင်းပင်။ ဝမ်ပေါင်လဲ့မှာ ချက်ချင်းဆိုသလိုပင် လေသံပြောင်းသွားပြီး မာန်ပါပါ အမူအရာဖြင့် ဆက်ပြောလိုက်သည်။

" ယင်လင်း အခုကစပြီးတော့ နင့်ရဲ့ ခန္ဓာကိုယ်ထဲက တာအိုဂြိုဟ်ကို လောဘတက်နေတဲ့ လူတွေကြောင့် စိတ်ပူနေစရာမလိုတော့ဘူး။ ငါ့ရဲ့ ခွင့်ပြုချက်ကို မရသရွေ့ မိုးကောင်းကင်ကြီးတောင်မှ နင့်ရဲ့ တာအိုဂြိုဟ်ကို လက်ဖျားနဲ့ မထိစေရဘူး "

" ငါ့ရဲ့ ခွင့်ပြုချက်ကိုရရင်တော့ တစ်မျိုးပေါ့... အဟွတ် အဟွတ်... ယင်လင်း ဒီကိုလာ။ ကိုကြီးပေါင်လဲ့ ယင်လင်းကို ဖက်ထားချင်လို့ " ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် သက်ပြင်းချကာ ရှုယင်လင်းဆီသို့ လျှောက်လှမ်းသွားလိုက်သည်။

ထိုအခါ ရှုယင်လင်းမှာ ချက်ချင်းဆိုသလိုပင် မျက်စိမျက်နှာပျက်သွားပြီး စွန်းရန်ဆီသို့ ချက်ချင်း ထွက်ပြေးဆုတ်ခွာသွား၏။

ထိုမြင်ကွင်းကြောင့် ဘေးနားတစ်ဝက်ရှိ လူတိုင်း၏ မျက်နှာအမူအရာများမှာ အထူးအဆန်းဖြစ်သွားရသည်။ ရှဲ့ဟေးရန်တစ်ယောက်သာလျှင် အံ့အားသင့်နေခြင်းမရှိပေ။ သူသည် ဝမ်ပေါင်လဲ့အကြောင်း ခေါင်းအစ ခြေအဆုံး နားလည်ထားသည့်လူတစ်ယောက် မဟုတ်ပါလော။ ထို့ကြောင့် သူသည် စိတ်ထဲတွင်သာ ကျိတ်၍ ရေရွတ်လိုက်၏ " စွန်းရန်၊ စွန်းရန်။ မင်းက ဒီကောင် ဘယ်လောက်အရေထူမှန်း သိမှမသိဘဲကွ။ မင်း အမှားကြီး မှားသွားပြီ "

စွန်းရန်မှာလည်း မျက်နှာအမူအရာ သုန်မှုန်နေပြီး မျက်မှောင်ကြုတ်နေ၏။ သူသည် ဤ ကမ္ဘာကြီးထဲ၌ ထိုကဲ့သို့သော ဉာဏ်ကြီးရှင်မျိုး ရှိနေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ ဝမ်ပေါင်လဲ့မှာ သူ၏ ဂုဏ်သိက္ခာကိုပင် ဂရုစိုက်နေခြင်းမရှိဘဲ မျက်နှာပြောင်လွန်းနေသည် မဟုတ်ပါလော။ သူသည် လူတိုင်း၏ရှေ့တွင် ချောင်ပိတ်နေခဲ့သည့်တိုင်အောင် တောင်းပန်ရန် ဆုံးဖြတ်လိုက်သောကြောင့် သူတို့၏ အစီအစဥ်တစ်ခုလုံးမှာ သဲထဲရေသွန်ဖြစ်သွားရပြီ ဖြစ်သည်။

ထိုမျှလောက်သာဆိုပါက ကိစ္စမရှိပေ။ သို့သော် သူ၏နားထဲတွင် ဝမ်ပေါင်လဲ့ တောင်းပန်စကားဆိုခဲ့သည့် လေသံမှာ မာန်ပါနေ၏။ သို့ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ ချောင်ပိတ်နေခဲ့ရသဖြင့် တောင်းပန်လိုက်ပါသော်လည်း အမှန်တကယ် ထိခိုက်နစ်နာသွားရသည့်သူမှာ သူဖြစ်နေသည့်အလား ခံစားလိုက်ရ၏။

ဝမ်ပေါင်လဲ့မှာ ရှုယင်လင်းတစ်ယောက် အမူအရာပြောင်းလဲသွားပြီး နောက်သို့ ထွက်ပြေးသွားသည်ကို မြင်လိုက်ရသည်နှင့် ပြုံးကာ သူမအား လက်ညှိုးထိုး၍ မေးလိုက်၏။

" ဘာလို့ အခုမှ ရှက်ပြနေရတာလဲ ယင်လင်းရဲ့ "

ဝမ်ပေါင်လဲ့မှာ ထိုသို့မေးလိုက်ပြီးနောက် မျက်စိမျက်နှာပျက်နေသည့် စွန်းရန်အားကြည့်ကာ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ ကျေးဇူးတင်စကားဆိုလိုက်သည်။

" တာအိုရောင်းရင်းစွန်း။ ကျေးဇူးတင်ပါတယ်။ တာအိုရောင်းရင်းကြောင့် ကျွန်တော် မိန်းမလှလေးတစ်ယောက်ကို တန်ဖိုးထားရကောင်းမှန်း သိလိုက်ရတာပါ။ တာအိုရောင်းရင်းကို ကျေးဇူးတင်တဲ့အနေနဲ့ ကျွန်တော် ယင်လင်းနဲ့ ရတဲ့ ကလေးကို ဝမ်ရှဲ့ရန်လို့ နာမည်ပေးဖို့ ဆုံးဖြတ်ပြီးသွားပါပြီ။ ဒါပေမဲ့ အခုလောလောဆယ်တော့ ဘေးဖယ်ပေးပါ။ ကျွန်တော် ကျွန်တော့်ရဲ့ ဇနီးကို ကံကြမ္မာဂြိုဟ်ဆီ ခေါ်သွားချင်လို့ "

" ဝမ်ပေါင်လဲ့။ မင်း... " ထိုစကားများကြောင့် စွန်းရန်မှာ ပို၍ပင် မျက်နှာပျက်သွားရ၏။ သို့သော် သူ စကားဆက်မပြောနိုင်ခင်မှာပင် ဝမ်ပေါင်လဲ့မှာ ကြားဖြတ်ဝင်ပြောလိုက်သည်။

" တာအိုရောင်းရင်းစွန်း။ ကျွန်တော်တို့နှစ်ယောက်စလုံး တာအိုရောင်းရင်းရဲ့ အောင်သွယ်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ အဲတာမလို့ ကျွန်တော် လေးလေးစားစားနဲ့ ပြောနေတာပါ။ နောက်တစ်ခါ ထပ်ပြောပါ့မယ်။ ကျေးဇူးပြုပြီးတော့ ဘေးဖယ်ပေးပါ။ ကျွန်တော့်ရဲ့ ဇနီးကို ကံကြမ္မာဂြိုဟ်ဆီ ခေါ်သွားချင်လို့ပါ " ဝမ်ပေါင်လဲ့မှာ အပြုံးမပျက်ဘဲ စွန်းရန်အား စိုက်ကြည့်ကာ ထပ်ပြောလိုက်သည်။

သူ ထိုသို့ဆိုလိုက်သည်နှင့် ဘေးပတ်ပတ်လည်ရှိ ပွဲကြည့်ပရိသတ်များနှင့် ကံကြမ္မာဂြိုဟ်ပေါ်ရှိ နတ်ဘုရားအာရုံများမှာ လှုပ်လှုပ်ရှားရှားဖြစ်သွားကြ၏။ မီးတောက်ကြယ်စင်စုနှင့် ရင်းနှီးသော ဆက်ဆံရေးတစ်ခု ပိုင်ဆိုင်ထားသည့် လူများဆိုလျှင် သူ့အား စိတ်ထဲတွင်ကျိတ်၍ ချီးကျူးလိုက်ကြသေးသည်။

ဝမ်ပေါင်လဲ့၏ စကားများမှာ အပေါ်ယံတွင် ရိုးရှင်းသည့်ပုံ ပေါ်ပါသော်လည်း ထိုစကားများမှာ အခြေအနေကြီး တစ်ခုလုံးအား ပြောင်းပြန်လှန်ပစ်လိုက်ပြီ ဖြစ်သည်။ သူသည် ခေါင်းငုံ့ခံနေခဲ့နေရာမှ အသာစီးပြန်ရသွား၏။ မကြာသေးမီတုန်းက သူသည် ချောင်ပိတ်ခံခဲ့ရပါသော်လည်း ယခုတွင်မူ သူသည် အခြားသူများအား ပြန်၍ ဖိအားပေးနေပြီ ဖြစ်သည်။ သို့ဖြစ်ရာ သူသည် သူ ရင်ဆိုင်ကြုံတွေ့နေခဲ့ရသည့် ပြဿနာကြီးအား ဣန္ဒြေရှိရှိ ဖြေရှင်းနိုင်ခဲ့သည်ဟု ဆိုရပေမည်။

" မင်း... " စွန်းရန်မှာမူ ဘေးကျပ်နံကျပ် ဖြစ်နေရပြီဖြစ်သည်။ သူသည် ဝမ်ပေါင်လဲ့လောက် အရေမထူပေ။ ယခုတွင် လူပေါင်းမြောက်မြားစွာမှာ သူတို့အား စောင့်ကြည့်နေကြသည်ဖြစ်ရာ အကယ်၍ သူသာ နောက်ဆုတ်ပေးလိုက်ပါက သူ၏ အစီအစဉ်များအားလုံး ပျက်ပြားသွားမည် ဖြစ်သလို သူသည်လည်း လူပုံအလယ်တွင် အရှက်ခွဲခံလိုက်ရမည် ဖြစ်သည်။ သို့သော် နောက်မဆုတ်ပေးလျှင်လည်း သေချာပေါက် အချင်းပွားတော့မည် ဖြစ်သည်။

သူ၏ နဂိုမူလ အစီအစဉ်မှာ မနာလိုစိတ်ကြောင့် ရန်ပွဲတစ်ပွဲ ပေါ်ပေါက်လာရသည့် အခြေအနေတစ်ခုအား ဖန်တီးရန်ဖြစ်သည်။ ယခုတွင် ထို အစီအစဉ်မှာ အတိုင်းအတာတစ်ခုအထိ အောင်မြင်သွားပြီဟု ဆိုနိုင်ပါသော်လည်း အခြေအနေများမှာမူ လုံးဝ ပြောင်းလဲသွားပြီဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ထိုသို့ ပေါ်ပေါက်လာမည့် ရန်ပွဲမှာ သူ၏ မနာလိုစိတ်ကြောင့် မဟုတ်တော့ပေ။ သူသည် သူတို့နှစ်ယောက်အား အောင်သွယ်ပေးသလို ဖြစ်သွားခဲ့ပြီး ဝမ်ပေါင်လဲ့မှာလည်း လက်ခံသဘောတူလိုက်သည် မဟုတ်ပါလော။ သို့ဖြစ်ရာ ယခုမှ သူ၏ စကားများကို ပြန်လည်ရုပ်သိမ်းလိုက်မည်ဆိုလျှင် အဓိပ္ပါယ်လုံးဝ မရှိပေ။ ထို့အပြင် သူသည် လူအများ၏ ရှေ့တွင် မျက်နှာပျက်သွားရမည်လည်း ဖြစ်သည်။

သူတစ်ယောက်သာလျှင် ထိုကဲ့သို့ ခံစားနေရသည်မဟုတ်ပေ။ သူ၏နောက်တွင် ရှိနေသည့် ရှုယင်လင်းမှာလည်း ဒေါသထွက်ကာ ထိတ်ထိတ်ပျာပျာ ဖြစ်နေရ၏။ အမှန်တွင် သူမသည် ဝမ်ပေါင်လဲ့အား အခြားသူများအားလုံးထက် ပို၍ ကြောက်ရွံ့ပေသည်။ သူသည် သူမ၏ နှလုံးသားထဲ၌ အရိပ်မည်းကြီးတစ်ခုကဲ့သို့ပင်။ ထို့အပြင် ဝမ်ပေါင်လဲ့မှာ အကယ်၍ တစ်စုံတစ်ယောက်ကသာ သူမ၏ တာအိုဂြိုဟ်အား လောဘတက်နေမည်ဆိုပါက သူ့အား အရင်ဆုံး ခွင့်တောင်းရမည်ဖြစ်ကြောင်း ပြောခဲ့သေးသည်မဟုတ်ပါလော။ ထိုစကားကြောင့် ရှုယင်လင်းမှာ ပို၍ပင် ပျာယာခတ်သွားရ၏။

အကယ်၍ သူမသာ သူမ ပြောခဲ့သည့်စကားများကို ပြန်လည်ရုပ်သိမ်းလိုက်မည်ဆိုလျှင် ဝမ်ပေါင်လဲ့မှာလည်း သူမ ဆင်ထားသည့် ထောင်ချောက်ထဲမှ လွတ်မြောက်သွားမည်ဖြစ်ရာ မည်သူကမှ သူ့အား တိုက်ခိုက်ရန် အကြောင်းပြချက်ရှိတော့မည် မဟုတ်ပေ။ သူ၏ နောက်ကွယ်တွင် မီးတောက်ခေါင်းဆောင်ကြီးလည်း ရှိနေသေးသည်ဖြစ်ရာ မည်သူကမှ သူ့အား အကြောင်းအရင်းမရှိ ပြဿနာရှာရဲကြမည် မဟုတ်ပေ။

သို့သော် သူမ၏ စကားများကို ပြန်လည်ရုပ်သိမ်းခြင်း မရှိလျှင်လည်း သူမအတွက် ဇာတ်သိမ်းလှမည် မဟုတ်ပေ။ ထိုသို့ဖြင့် ရှုယင်လင်းနှင့် စွန်းရန်တို့နှစ်ယောက် ဘေးကျပ်နံကျပ် ဖြစ်နေကြစဉ် ဝမ်ပေါင်လဲ့၏ မျက်နှာပေါ်မှ အပြုံးမှာ ပျောက်ကွယ်သွားပြီး သူ၏ အမူအရာမှာ အေးစက်သွား၏။ ထို့နောက် သူသည် စွန်းရန်အား လျစ်လျူရှုကာ ရှုယင်လင်းဆီသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းလာတော့သည်။

ထိုအခါ စွန်းရန်မှာ သူ၏ လက်ကို ချက်ချင်းမြှောက်ကာ ဝမ်ပေါင်လဲ့အား တားဆီးရန်ပြင်လိုက်၏။ သို့သော် သူ ထိုသို့ လက်မြှောက်လိုက်သည်နှင့် ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အေးစက်စွာတောက်ပသွားပြီး ညာဘက်လက်ဖြင့် မန္တန်လက်ကွက်တစ်ခု ဖော်ကာ လက်သီးချက်တစ်ချက် ထုတ်လွှတ်လိုက်တော့သည်။

ထိုလက်သီးချက်မှာ စွန်းရန်၏ ရှေ့သို့ ရောက်ရှိသွားသည်နှင့် လေပြင်းမုန်တိုင်းတစ်ခုအသွင် ပြောင်းလဲသွားပြီး စွန်းရန်အား နောက်သို့တွန်းထုတ်လိုက်၏။ ထိုအခါမှာပင် သူနှင့်အတူ ပါလာကြသည့် ပါရမီရှင်များမှာ သူတို့၏ ကျင့်ကြံခြင်းစွမ်းအားများကို ထုတ်လွှတ်ကာ ဝမ်ပေါင်လဲ့အား ဝိုင်းထားလိုက်ကြတော့သည်။

" တာအိုရောင်းရင်းစွန်း။ စောစောတုန်းက မင်းပဲ ငါတို့ကို အောင်သွယ်ပေးဖို့ ကြိုးစားနေပြီးတော့ အခုကျတော့ နှောင့်ယှက်နေတယ်ပေါ့။ ဘာလဲ။ မင်းက မီးတောက် ကြယ်စင်စုကို အထင်သေးတာလား။ ဝမ်ပေါင်လဲ့ဆိုတဲ့ ငါ့ကို အထင်သေးတာလား။ အဲတာမလို့ ငါ့ကို အခုလို အရှက်ခွဲနိုင်ဖို့ ကြိုးစားနေတာလား။ မင်း ငါတို့နှစ်ယောက်ကို အောင်သွယ်ပေးခဲ့တဲ့ မျက်နှာကိုထောက်ပြီး ငါ ဒီကိစ္စကို မေ့ပေးလိုက်မယ်။ ဒါပေမဲ့ ငါ မင်းဆီက တောင်းပန်စကား ကြားချင်တယ် " ဝမ်ပေါင်လဲ့မှာ လေသံပြောင်းသွားပြီး သူ၏ နှုတ်ခမ်းအား လျှာဖြင့်လျက်ကာ အေးစက်စွာရယ်မောလိုက်၏။ ထို့နောက် သူသည် လှစ်ခနဲလှုပ်ရှားကာ ခန္ဓာကိုယ်ထဲမှ မီးတောက်စွမ်းအားများ ထုတ်လွှတ်ရင်း စွန်းရန်နှင့် အခြားသူများဆီသို့ ဦးတည်သွားတော့သည်။ သူ၏ အေးစက်စက်စကားသံကြီးမှာလည်း အရပ်မျက်နှာအနှံတွင် ပဲ့တင်ထပ်သွားသည်။

" မီးလျှံဝိညာဉ် လူကြီးမင်း ခင်ဗျား။ ကျေးဇူးပြုပြီးတော့ ဒီနေရာကို အလုံပိတ်လိုက်ပါ။ သူက မီးတောက်ကြယ်စင်စုကို စော်ကားပြီး ဆရာ့ရဲ့ ချွေးမလောင်းလေးကို လုယူရဲလောက်အောင် အတင့်ရဲနေမှတော့ ဒါ ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခု မဟုတ်တော့ဘူး။ မင်း စိတ်ရင်းအမှန်နဲ့ မတောင်းပန်ဘူးဆိုရင် မိုးကောင်းကင်ကြီး ပျက်စီးသွားမယ်ဆိုရင်တောင် ငါက မီးတောက်ကြယ်စင်စုရဲ့ဂုဏ်သိက္ခာကို အသက်နဲ့လဲပြီး ကာကွယ်ဖို့အဆင်သင့်ပဲကွ "

" ဟုတ်ကဲ့ပါ သခင်လေး " မီးလျှံဝိညာဉ် လူမှုအဖွဲ့အစည်း ခေါင်းဆောင်ကြီးမှာလည်း ဝမ်ပေါင်လဲ့၏ အမိန့်အား ကြားလိုက်ရသည်နှင့် ချက်ချင်း နာခံလိုက်၏။ ပါရမီရှင်များအားလုံး အမျက်ချောင်းချောင်းထွက်နေကြစဥ် သူနှင့် အခြား ထာဝရကြယ်အဆင့် ကျင့်ကြံသူများမှာ လူစုခွဲသွားကြပြီး သူတို့၏ ကျင့်ကြံခြင်းစွမ်းအားများကို ထုတ်သုံးကာ ထိုနေရာကြီးတစ်ခုလုံးအား အလုံပိတ်လိုက်ကြသည်။ စွန်းရန်၏ တာအိုအစောင့်အရှောက်များနှင့် သူ၏ အပေါင်းအသင်းများမှာ ထိုနေရာသို့ အရှိန်အဟုန်ဖြင့် ပြေးလာနေကြပြီ ဖြစ်ပါသော်လည်း ထို အကာအရံများအား အလွယ်တကူ ထိုးဖောက်နိုင်မည်မဟုတ်ပေ။

အလုံပိတ်ထားသည့် နယ်မြေထဲတွင် ဝမ်ပေါင်လဲ့၏ အငွေ့အသက်များမှာ အလွန်အင်မတန်မှ အားကောင်းနေပြီဖြစ်သည်။ သူသည် ကြံရာမရဖြစ်နေသည့် စွန်းရန်အား သတ်ဖြတ်တော့မည့်ပုံဖြင့် သူ၏ အနီးသို့ ချက်ချင်းရောက်ရှိလာ၏။ သို့သော် ခဏအကြာတွင် သူသည် ရုတ်တရက်ဆိုသလို ပျောက်ကွယ်သွားပြီး စွန်းရန်၏ အပေါင်းပါများထဲမှ တစ်ယောက်၏ နောက်၌ ပြန်လည် ပေါ်ပေါက်လာတော့သည်။

" တောင်းပန်စမ်း " ဝမ်ပေါင်လဲ့မှာ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည့် မျက်ဝန်းတစ်စုံဖြင့် ထိုနှက်လိုက်၏။

ထို ကျင့်ကြံသူမှာ ဝတ်ကောင်းစားလှများ ဆင်မြန်းထားသည့် မြင်းမျက်နှာနှင့် လူငယ်လေးတစ်ယောက် ဖြစ်သည်။ ထို လူငယ်လေးမှာ နှောင်းပိုင်းဂြိုဟ်အဆင့်တွင် ရှိနေပြီး ဝမ်ပေါင်လဲ့၏ လက်သီးချက်အား ရင်ဆိုင်လိုက်ရချိန်တွင် ခုခံတွန်းလှန်နိုင်ရန် အစွမ်းကုန်ကြိုးစားခဲ့သည့်တိုင်အောင် အချည်းနှီးပင်။ သူသည် ချက်ချင်းဆိုသလိုပင် မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ပါးစပ်ထဲမှ သွေးများပန်းထွက်လာ၏။ ထို့နောက် သူသည် ကြိုးပြတ်သွားသည့် စွန်တစ်ခုကဲ့သို့ နောက်သို့ လွင့်ထွက်သွားတော့သည်။

All Chapters