← Chapters

လောကဓံအား အေးအတူ ပူအမျှ ရင်ဆိုင်ခြင်း

Vol. 75 Ch. 1038

လောကဓံအား အေးအတူ ပူအမျှ ရင်ဆိုင်ခြင်း

Vol. 75 Ch. 1038

ဝမ်ပေါင်လဲ့မှာမူ မျက်လုံးများ အရောင်လက်သွားပြီး ထို ကျင့်ကြံသူ၏ နောက်သို့ ရုတ်တရက် ပြေးလိုက်သွား၏။ စွန်းရန်နှင့် အခြားသူများမှာမူ အမူအရာများ ပြောင်းလဲသွားကြပြီး သူ့အား တားဆီးရန် ပြင်လိုက်ကြသည်။ သို့သော် ထိုအချိန်တွင် ရှဲ့ဟေးရန်မှာ လှစ်ခနဲ လှုပ်ရှားကာ စွန်းရန်၏ ရှေ့၌ ပေါ်ပေါက်လာပြီးနောက် ညာဘက်လက်ကိုမြှောက်၍ လှမ်းတားလိုက်တော့သည်။

" နံပါတ်ဆယ့်ခြောက် ဆရာဦးလေးက တခြားတစ်ယောက်ကို တိုက်ခိုက်နေတုန်းပါ။ တာအိုရောင်းရင်းစွန်းရဲ့ အလှည့် မရောက်သေးပါဘူး "

" ရှဲ့ဟေးရန် " ထိုအခါ စွန်းရန်မှာ အသံကုန်အော်ဟစ်ကာ သူ့အား စိုက်ကြည့်လိုက်ပါသော်လည်း ရှဲ့ဟေးရန်မှာ သူ့အား အေးစက်စက်သာ ပြန်၍စိုက်ကြည့်လိုက်၏။

သူတို့နှစ်ယောက် ထိပ်တိုက်တွေ့နေကြစဉ် စွန်းရန်၏ တာအိုအစောင့်အရှောက်များနှင့် အခြားသူများမှာ အပြေးရောက်ရှိလာကြပါသော်လည်း မီးလျှံဝိညာဉ် လူမှုအဖွဲ့အစည်း ခေါင်းဆောင်ကြီးနှင့် အခြားသူများမှာ သူတို့အား တားဆီးလိုက်ကြ၏။ ထို့ကြောင့် တိုက်ပွဲများပေါ်ပေါက်လာပြီး လေထဲ၌ ပေါက်ကွဲသံများဖြင့် ပဲ့တင်ထပ်သွားတော့သည်။

ဝမ်ပေါင်လဲ့မှာမူ ပါးစပ်ထဲမှ သွေးများအန်ထွက်နေသည့် မြင်းမျက်နှာနှင့် လူငယ်လေးအား လိုက်မီသွားပြီဖြစ်သည်။ ထိုအချိန်တွင် သူ၏ ခန္ဓာကိုယ်ထဲမှ သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲထွက်ပေါ်လာပြီး သူသည် နောက်ထပ်တစ်ကြိမ် တိုက်ခိုက်တော့မည့်ပုံစံ ပေါက်နေသည်။ မြင်းမျက်နှာနှင့် လူငယ်လေးမှာမူ နှလုံးသားထဲ၌ နာကြည်းချက်များနှင့် မကျေနပ်ချက်များဖြင့် ပြည့်နှက်နေ၏။

သို့သော် သူသည် ဝမ်ပေါင်လဲ့ကြောင့် မဟုတ်ဘဲ စွန်းရန်ကြောင့် ထိုကဲ့သို့ ခံစားနေရခြင်းဖြစ်သည်။ သူသည် မတရားခံခဲ့ရသည် မဟုတ်ပါလော။ စွန်းရန်မှာ သူတို့၏ ခေါင်းဆောင်ဖြစ်ပါသော်လည်း ရိုက်နှက်ကန်ကြောက်ခံနေရသည့် သူမှာ သူ ဖြစ်နေ၏။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့၏ သတ်ဖြတ်လိုစိတ် အငွေ့အသက်များ ပြည့်နှက်နေသည့် အကြည့်အား မြင်လိုက်ရသည်နှင့် ရုတ်တရက်ဆိုသလို အော်ဟစ်တောင်းပန်လိုက်တော့သည်။

" ငါ တောင်းပန်ပါတယ် "

" ဒီလိုမှပေါ့ကွ " ဝမ်ပေါင်လဲ့မှာ စကားတစ်ခွန်းသာ ပြန်ပြောလိုက်ပြီးနောက် မြင်းမျက်နှာနှင့် လူငယ်လေး၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွား၏။ ထို့နောက် သူသည် အခြားပါရမီရှင်တစ်ယောက်၏ ရှေ့၌ ပြန်လည်ပေါ်ပေါက်လာပြီး လက်သီးဖြင့် ထိုးနှက်လိုက်ပြန်သည်။

ထိုသို့ဖြင့် သူတို့အားလုံးမှာ ပါးစပ်ထဲမှ သွေးများပန်းထွက်လာကြပြီး နောက်သို့ လွင့်ထွက်သွားကြသည်သာဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ သူတို့ ရင်ဆိုင်နိုင်စွမ်းမရှိလောက်အောင် အစွမ်းထက်လွန်းနေ၏။ ထို့ကြောင့် သူတို့အားလုံးမှာ တုန်လှုပ်ချောက်ချားသွားရပြီး ချက်ချင်း တောင်းပန်စကား ဆိုလိုက်ကြတော့သည်။

မိမိ၏ ဂုဏ်သိက္ခာမှာ အရေးကြီးပါသော်လည်း ဝမ်ပေါင်လဲ့မှာ သားရဲကြီးတစ်ကောင်ကဲ့သို့ ရက်စက်ကြမ်းကြုတ်နေသည်ဖြစ်ရာ သူတို့မှာ တောင်းပန်စကားပြောရန် ဝန်လေးနေကြခြင်း မရှိပေ။

သူတို့ ထိုကဲ့သို့ တောင်းပန်လိုက်သည်နှင့် စွန်းရန်မှာ မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွား၏။ ထို့နောက် သူသည် သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို လည်ပတ်သွားစေလိုက်ပြီး ရှဲ့ဟေးရန်အား ကြည့်နေရာမှ ဝမ်ပေါင်လဲ့အား လှမ်းကြည့်လိုက်သည်။

"'ဝမ်ပေါင်လဲ့။ ကိစ္စမရှိပါဘူး။ မင်းနဲ့ငါ... "

သူ စကားမဆုံးနိုင်ခင်မှာပင် ဝမ်ပေါင်လဲ့မှာ မျက်ခုံးတစ်ဖက် ပင့်ကာ တိုက်ပွဲထဲမှ နောက်သို့ ဆုတ်ခွာသွားနေသည့် ရှုယင်လင်းအား လှမ်းကြည့်လိုက်၏။ ထို့နောက် သူသည် လှမ်းမေးလိုက်သည် " ဒီကောင် တော်တော်နားငြီးတာပဲ။ ဟုတ်တယ်မလား ယင်လင်းလေး "

ရှုယင်လင်းမှာ ဝမ်ပေါင်လဲ့၏ မေးခွန်းအား ကြားလိုက်ရသည်နှင့် ခြေလှမ်းများ ရပ်တန့်သွားရ၏။ သူမသည် မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်နေပြီး ခံစားချက်မျိုးစုံရှုပ်ထွေးနေသည့် မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေသည်။

" ရှုယင်လင်း။ နင် ဒီလိုဟန်ဆောင်နေရတာ မပင်ပန်းသေးဘူးလား။ နင့်ရဲ့ အစွမ်းအစတွေကို တခြားသူတွေ မသိနိုင်ပေမဲ့ ငါ ကောင်းကောင်းကြီး သိတယ်နော်... " ဝမ်ပေါင်လဲ့မှာ ရှုယင်လင်းတစ်ယောက် အားအင်ချည့်နဲ့နေသည့်ပုံစံ ဟန်ဆောင်နေသည်ကို မြင်လိုက်ရသောအခါ အေးစက်စက်ပြုံး၍ ဆိုလိုက်၏။ ထို့နောက် သူသည် သူ၏ ခန္ဓာကိုယ်အား လှစ်ခနဲ လှုပ်ရှားကာ စွန်းရန်အား နောက်ထပ်တစ်ကြိမ် ထပ်၍ လျစ်လျူရှုလိုက်ပြီး ရှုယင်လင်းဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားတော့သည်။ သူသည် အလွန်အင်မတန်မှ မြန်ဆန်နေပြီး သူမ၏ အနီးသို့ ရောက်ရှိသွားသည့်အချိန်တွင်လည်း အရှိန်လျော့ကျသွားခြင်းမရှိပေ။ သူ၏ နောက်တွင်မူ ရှေးဟောင်းဂြိုဟ်ကိုးလုံး ပေါ်ပေါက်လာပြီး တာအိုဂြိုဟ်အဖြစ် ပြောင်းလဲသွား၏။ စည်းမျဉ်းဥပဒေသ ကိုးခုမှာလည်း တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည်။

၎င်းတို့မှာ ကိုးရောင်ခြယ် အလင်းရောင်ပင်လယ်ကြီးတစ်စင်းအသွင် ပြောင်းလဲသွားပြီး ရှုယင်လင်းဆီသို့ စီးဆင်းသွား၏။

စွန်းရန်မှာ ဝမ်ပေါင်လဲ့အား တိုက်ခိုက်ရန် အဆင်သင့်ပြင်ထားပြီ ဖြစ်သည်။ သို့သော် ယခုတွင် သူသည် နောက်ထပ်တစ်ကြိမ် ထပ်၍ လျစ်လျူရှုခံလိုက်ရသည်ဖြစ်ရာ တစ်ကိုယ်လုံး တုန်ရီသွားပြီး မျက်နှာအမူအရာ ပိုပျက်သွားရ၏။ သူသည် လူပုံအလယ်တွင် အရှက်ခွဲခံလိုက်ရသည့်အလား ခံစားလိုက်ရသည်။

" ဝမ်ပေါင်လဲ့ " ထို့ကြောင့် သူသည် အသံကုန်အော်ဟစ်လိုက်၏။ သို့သော် သူ ရှေ့သို့ပြေးထွက်သွားရန် ပြင်လိုက်စဉ်မှာပင် ရှဲ့ဟေးရန်မှာ ရယ်မောလိုက်ပြီး သူ့အား နောက်ထပ်တစ်ကြိမ်ထပ်၍ လမ်းပိတ်လိုက်ပြန်သည်။ ထို့ကြောင့် စွန်းရန်မှာ ဂနာမငြိမ်ဘဲ ကဆုန်ပေါက်နေသည့် လူပြက်တစ်ယောက်နှင့် တူနေတော့သည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ တိုက်ခိုက်လိုက်သဖြင့် ကိုးရောင်ခြယ် အလင်းရောင်ပင်လယ်ကြီးမှာ ပေါက်ကွဲသွား၏။ ထို့နောက် ဖီးနစ်ငှက်တစ်ကောင်၏ အော်သံမှာ ထိုအလင်းရောင်ပင်လယ်ထဲမှ ထွက်ပေါ်လာသည်။

ထိုအခါ ထို အလင်းရောင်ပင်လယ်ကြီးမှာ ချက်ချင်းဆိုသလိုပင် စက္ကူများအဖြစ်ပြောင်းလဲသွားပြီး ၎င်း၏ နတ်ဘုရားစွမ်းရည်များအားလုံးကို ဆုံးရှုံးလိုက်ရသည်။ ထို စက္ကူများ အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားသောအခါ စီးတော်ယာဉ် ဒေါင်းငှက်ကြီးနှင့် တစ်သားတည်း ပေါင်းစည်းသွားသည့်ပုံ ပေါ်သည့် ရှုယင်လင်းအား မြင်လိုက်ရ၏။

သူမ၏ မျက်နှာပေါ်တွင် ဒေါင်းငှက်တစ်ကောင်ပုံစံ ဆေးမှင်ကြောင်ရုပ်တစ်ရုပ် ရှိနေပြီး ၎င်းမှာ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးအား ဖုံးလွှမ်းထား၏။ ယခုတွင် ရှုယင်လင်း၏ ပုံပန်းသွင်ပြင်မှာ အလွန်အင်မတန်မှ မိစ္ဆာဆန်နေပြီဖြစ်သည်။ သူမ၏ နောက်တွင်မူ တာအိုဂြိုဟ်တစ်လုံး ပေါ်ပေါက်လာ၏။ ၎င်းမှာ ဝမ်ပေါင်လဲ့၏ တာအိုဂြိုဟ်အား ခုခံတွန်းလှန်နိုင်ရန် အားကောင်းသော ဖိနှိပ်အားများကို ထုတ်လွှတ်နေသည်။

သူတို့၏ တာအိုဂြိုဟ်များဆီမှ ထွက်ပေါ်လာသော တုန်ခါမှုလှိုင်းများ အချင်းချင်း ဝင်တိုက်သွားကြချိန်တွင် ထစ်ချုန်းသံများ ထွက်ပေါ်လာသည်။ ထိုအချိန်တွင် ရှုယင်လင်းမှာ ပါးစပ်ထဲမှ သွေးတစ်ပွက်အန်ထွက်လာပြီး နောက်သို့ ဒယိမ်းဒယိုင်ဖြစ်သွား၏။ ထို့နောက် သူမသည် နာကြည်းနေသည့် မျက်နှာအမူအရာဖြင့် ဆိုလိုက်သည်။

" ပေါင်လဲ့။ ငါ မှားသွားပါတယ်။ ငါတို့နှစ်ယောက်ကြားမှာ အခုလိုတွေ ဖြစ်လာစရာ မလိုပါဘူး "

" အခုထိ ဟန်ဆောင်နေတုန်းပဲလား " ဝမ်ပေါင်လဲ့မှာမူ မျက်ဝန်းများထဲ၌ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်သွားပြီး ရှေ့သို့ ထပ်၍ ပြေးထွက်လာပြန်သည်။ သူ၏ သဘာဝစည်းမျဉ်းဥပဒေသ ကိုးခုမှာ တာအိုဂြိုဟ်၏ အားဖြည့်မှုနှင့်အတူ ဧရာမ လက်ကြီးတစ်ဖက်အသွင် ပြောင်းလဲသွားပြီး အောက်သို့ အရှိန်အဟုန်ဖြင့် ကျလာ၏။

ထိုအခါ အုန်းခနဲ အသံကျယ်ကြီးတစ်သံထွက်ပေါ်လာပြီး ရှုယင်လင်းမှာ ၎င်းအား မနည်းကြိုးစား၍ ရှောင်တိမ်းလိုက်ရ၏။ သို့သော် သူမ၏ ပါးစပ်ထဲမှ သွေးများ အန်ထွက်လာဆဲပင်။

" ငါ နင့်ကို ညာနေတာမဟုတ်ဘူး ဝမ်ပေါင်လဲ့။ နင် ငါ့ရဲ့ တာအိုဂြိုဟ်ကို သိမ်းပိုက်ပြီးတော့ နင့်ကိုယ်နင် ပြီးပြည့်စုံသွားအောင် လုပ်ချင်နေတယ်ဆိုတာ ငါ သိပြီးသား။ အဲတာဆိုရင် နင်က ထာဝရကြယ်အဆင့်ကို ချက်ချင်းတက်လှမ်းနိုင်ပြီးတော့ ဒီ စကြဝဠာကြီး တစ်ခုလုံးထဲမှာ အရမ်းရှားတဲ့ မိုးကောင်းကင် ထာဝရကြယ်အဆင့် ကျင့်ကြံသူတွေထဲကတစ်ယောက် ဖြစ်သွားမှာလေ။ ငါက နင့်လောက် အရည်အချင်းမရှိတာမလို နင့်ကို အနိုင်မယူနိုင်ပါဘူး။ ဒါပေမဲ့ နင့် ငါ့ကို သတ်စရာမလိုပါဘူး။ ငါ့ဆီမှာ နင့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ဆီကို အရောက်လှမ်းနိုင်အောင် ကူညီပေးနိုင်တဲ့ နည်းလမ်းတစ်ခု ရှိတယ် "

" ငါ နင့်ကို အသုံးချနိုင်ဖို့ အခုလို လုပ်ရပ်တွေ လုပ်ခဲ့တယ်ဆိုတာ ဝန်ခံပါတယ်။ ဒါပေမဲ့ ငါက ငါ့ကိုယ်ငါ ကာကွယ်နိုင်ဖို့ အဲဒီလို လုပ်ခဲ့ရတာပါ။ အဲတာမှလည်း ငါတို့နှစ်ယောက်စလုံး အသတ်မခံရမှာလေ "

" ငါ့ရဲ့ ရိုးသားမှုကို သက်သေပြတဲ့အနေနဲ့ နင့်ကို ငါ့ရဲ့ ဝိညာဉ်သွေး ပေးပါ့မယ်။ နင် ငါ့ကို ဒီတစ်ခေါက်လောက်ပဲ ယုံပေးလို့ ရမလား " ရှုယင်လင်းမှာ နှလုံးသားထဲ၌ နာကြည်းနေသည့် အမူအရာဖြင့် သွေးတစ်ပွက် ထွေးထုတ်ကာ နောက်သို့ ဆုတ်ခွာသွားရင်း သူမ၏ ညာဘက်လက်ကို မြှောက်၍ သူမ၏ နဖူးအား ပွတ်ဆွဲလိုက်၏။ ထိုအခါ ဝိညာဉ်စွမ်းအားများ ထုတ်လွှတ်နေသည့် ရွှေရောင်အရည်တစ်မျိုး ပေါ်ပေါက်လာပြီး ဝမ်ပေါင်လဲ့ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာသည်။

၎င်းမှာ ဝိညာဉ်သွေး ဖြစ်ပေသည်။ ၎င်းအား ဖျက်ဆီးလိုက်သည်နှင့် ၎င်း၏ ပိုင်ရှင်မှာ ကြီးမားသည့် နောက်ဆက်တွဲအကျိုးဆက်များကို ခံစားလိုက်ရမည်သာဖြစ်သည်။ ပုံမှန်အတိုင်းဆိုလျှင် ကျင့်ကြံသူများမှာ မဖြစ်မနေ မလိုအပ်ပါက သူတို့၏ ဝိညာဉ်သွေးအား အခြားသူများ၏ လက်ထဲသို့ လိုလိုလားလား အပ်မည် မဟုတ်ပေ။ ထို ဝိညာဉ်သွေးအား ပိုင်ဆိုင်ထားသည့် သူမှာ သူတို့၏ ဘဝတစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်နိုင်စွမ်းရှိသွားမည် မဟုတ်ပါလော။

ထို ဝိညာဉ်သွေးထဲတွင် ရှုယင်လင်း၏ တာအိုဂြိုဟ် အငွေ့အသက်များ ကိန်းအောင်နေသည်ဖြစ်ရာ ၎င်းမှာ အတုမဖြစ်နိုင်ပေ။ ထို့ကြောင့် ဘေးပတ်ပတ်လည်တွင် ရှိနေကြသည့် ပွဲကြည့်ပရိသတ်များမှာ အံ့အားသင့်သွားကြပြီး လောဘတက်လာကြတော့သည်။ သူတို့မှာ ထာဝရကြယ်အဆင့် ကျင့်ကြံသူများ၏ တိုက်ပွဲများကြောင့် လမ်းတွင် အနှောင့်အယှက်များနှင့် ကြုံခဲ့ရသည့်တိုင်အောင် ဝမ်ပေါင်လဲ့နှင့် အခြားသူများ ရှိနေသည့်နေရာသို့ ဖြည်းဖြည်းချင်း ချဥ်းကပ်လာနေကြဆဲပင်။

စွန်းရန်၏ မျက်ဝန်းများမှာဆိုလျှင် လိုချင်တပ်မက်မှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေ၏။ ရှုယင်လင်း၏ တာအိုဂြိုဟ်မှာ ဝမ်ပေါင်လဲ့၏ တာအိုဂြိုဟ်လောက် အဆင့်မမြင့်ပါသော်လည်း ၎င်းမှာ တာအိုဂြိုဟ်တစ်လုံး ဖြစ်နေဆဲပင်။

ဝမ်ပေါင်လဲ့ပင်လျှင် မျက်နှာအမူအရာ တည်ကြည်သွားရ၏။ သူသည် ရှုယင်လင်း၏ လုပ်ရပ်များကြောင့် အံ့သြတုန်လှုပ်သွားရသည့်ပုံပင်။ ထို့ကြောင့် သူသည် တစ်ခဏမျှ တွေဝေတုန်းဆိုင်သွားပြီးနောက် ဆက်လက်တိုက်ခိုက်နေခြင်း မရှိတော့ဘဲ သူ၏လက်ကို ဆန့်ထုတ်ကာ ထို ဝိညာဉ်သွေးအား လှမ်းယူလိုက်၏။

ရှုယင်လင်းမှာ ဝမ်ပေါင်လဲ့ သူမ၏ ဝိညာဉ်သွေးအား လှမ်းယူလိုက်သည်ကို မြင်လိုက်ရသောအခါမှ စိတ်သက်သာရာရသွားပြီး သက်ပြင်းချနိုင်သွား၏။ သူမ၏ မျက်ဝန်းများမှာ အသက်အန္တရာယ်ကြီးတစ်ခုအား ကျော်လွှားနိုင်ခဲ့သည့် လူတစ်ယောက်၏ မျက်ဝန်းများကဲ့သို့ တောက်ပနေသည်။ သို့သော် သူမသည် ယခင်တုန်းထက်ပင် ပို၍ နာကြည်းနေသည့် အမူအရာဖြင့် စကားပြောရန် ပြင်လိုက်၏။

သို့ရာတွင် သူမ စကားမပြောနိုင်ခင်မှာပင် ဝမ်ပေါင်လဲ့မှာ ရုတ်တရက် ရယ်မောလိုက်၏။ ထို့နောက် သူသည် ဝိညာဉ်သွေးအား ကိုင်ထားသည့် သူ၏ ညာဘက်လက်အား အားပါးပါး ဖိညှိလိုက်သဖြင့် အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး ဝိညာဉ်သွေးမှာလည်း တစ်စစီ ကြေမွပျက်စီးသွားတော့သည်။

ထိုအခါ ရှုယင်လင်းမှာ ပါးစပ်အဟောင်းသားဖြစ်သွားရပြီး သွေးပျက်လုမတတ် အော်ဟစ်မြည်တမ်းလိုက်၏။ ထို့နောက် သူမသည် ပါးစပ်ထဲမှ သွေးများပန်းထွက်လာပြီး နောက်သို့ ဒယိမ်းဒယိုင် ဖြစ်သွားသည်။ ဝမ်ပေါင်လဲ့မှာမူ မျက်ဝန်းများ အေးစက်စွာတောက်ပသွား၏။

" ရှုယင်လင်း၊ ရှုယင်လင်း။ ဒီလို အခြေအနေတွေအထိ ရောက်လာတာတောင် နင် ဆက်ပြီးတော့ ဟန်ဆောင်နေဦးမယ်ဆိုရင် နင် ငါ့ရဲ့ လက်ချက်နဲ့ တကယ် အသက်ပျောက်သွားလိမ့်မယ်နော် " ဝမ်ပေါင်လဲ့မှာ ထိုသို့ ဆိုလိုက်ပြီးနောက် သူ၏ တာအိုဂြိုဟ်ဆီမှ အကူအညီများကို ရယူကာ ကြောက်မက်ဖွယ်ရာ အမြန်နှုန်းဖြင့် ရှေ့သို့ ပြေးထွက်သွားလိုက်၏။ ယခုအကြိမ်တွင်မူ သူ၏ တိုက်ကွက်မှာ ပထမဆုံးအကြိမ်တုန်းကထက်ပင် ပို၍ အစွမ်းထက်နေသည်။ ၎င်းမှာ တိမ်လွှာလက်ချောင်းဖြစ်ပြီး ရှုယင်လင်းဆီသို့ ဦးတည်သွားနေပြီ ဖြစ်သည်။

" ဝမ်ပေါင်လဲ့ " ရှုယင်လင်းမှာမူ ပို၍ပင် မျက်စိမျက်နှာ ပျက်သွားရပြီး မျက်ဝန်းများထဲ၌ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်သွား၏။ တစ်ချိန်ထဲမှာပင် သူမ၏ အငွေ့အသက်များမှာ အဆပေါင်းများစွာပို၍ အားကောင်းသွားသည်။ ထို အငွေ့အသက်များမှာ ဝမ်ပေါင်လဲ့၏ အငွေ့အသက်များမှ လွဲ၍ ထိုနေရာတစ်ဝိုက်ရှိ အခြား ဂြိုဟ်အဆင့် ကျင့်ကြံသူများအားလုံး၏ အငွေ့အသက်များထက် ပို၍ အားကောင်းနေပြီဖြစ်သည်။

အမှန်အတိုင်းဆိုရလျှင် သူမသည် ဝမ်ပေါင်လဲ့နှင့် မတိမ်းမယိမ်း အနေအထားတွင် ရှိနေသည်ဟုပင် ဆိုနိုင်ပေသည်။ သူမ၏ နောက်တွင် ရှိနေသည့် တာအိုဂြိုဟ်ကြီးမှာလည်း မျက်စိကျိန်းစရာကောင်းလောက်အောင် စူးရှတောက်ပနေ၏။

" ဒီလိုမှပေါ့။ အခုမှ ငါ မှတ်မိတဲ့ ခေါင်းလောင်းနဲ့ ကောင်မလေးကို ပြန်မြင်ရတာ " ဝမ်ပေါင်လဲ့မှာမူ ပြုံးကာ ဆိုလိုက်သည်။ သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ဝင်တိုက်သွားကြချိန်တွင် ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းတစ်မျိုး ထွက်ပေါ်လာပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံသွား၏။ ပွဲကြည့်ပရိတ်သတ်များအား အံ့ဩတုန်လှုပ်သွားစေသည့် အချက်မှာ ထို စွမ်းအင်လှိုင်းထဲမှ ထွက်ပေါ်လာနေသည့် စက္ကူ စည်းမျဉ်းဥပဒေသစွမ်းအားများ ဖြစ်ပေသည်။

သို့သော် ထို စည်းမျဉ်းဥပဒေသမှာ တစ်ခုတည်း မဟုတ်ဘဲ နှစ်ခုဖြစ်နေ၏။

ဝမ်ပေါင်လဲ့၏ တာအိုဂြိုဟ် လည်ပတ်သွားချိန်တွင် ရှေးဟောင်းဂြိုဟ်ကိုးလုံး၏ စည်းမျဉ်းဥပဒေသများသာမက စက္ကူ စည်းမျဉ်းဥပဒေသမှာလည်း အံ့သြတုန်လှုပ်ဖွယ်ရာကောင်းလောက်အောင် ထွက်ပေါ်လာသည်။ သူ တိုက်ခိုက်လိုက်သည်နှင့် သူနှင့် ရှုယင်လင်းတို့၏ ပတ်ပတ်လည်ရှိ နတ်ဘုရားစွမ်းရည်များနဲ့ မှော်ပညာရပ်များအားလုံးမှာ စက္ကူများအဖြစ်သို့ ပြောင်းလဲသွားပြီး အရပ်မျက်နှာအနှံ့သို့ ပြန့်ကျဲသွားကြသည်သာဖြစ်သည်။ ထို့ကြောင့် စက္ကူများမှာ လေထဲတွင် မျောလွင့်နေကြ၏။

ထိုမြင်ကွင်းမှာ လူတိုင်း၏ အာရုံအား ချက်ချင်း ဖမ်းစားနိုင်သွား၏။ သူတို့မှာ တာအိုဂြိုဟ်၏ စွမ်းအားများကို ငေးကြည့်နေကြစဉ် နှလုံးသားထဲ၌ ဗြောင်းဆန်နေကြပြီဖြစ်သည်။ ရှုယင်လင်းမှာ ကြောက်ခမန်းလိလိ အစွမ်းပိုထက်လာသည်မဟုတ်ပါလော။

စွန်းရန်မှာဆိုလျှင် မျက်လုံးများပြူးကာ ရင်ခုန်နှုန်းများ မြန်ဆန်လာရပြီဖြစ်သည်။ သူ သိထားသလောက်ဆိုလျှင် ရှုယင်လင်းမှာ တာအိုဂြိုဟ်တစ်လုံးအား ပိုင်ဆိုင်ထားသည့်တိုင်အောင် ယခုလောက်အထိ အစွမ်းထက်မနေသင့်ပေ။

သို့သော် ယခုတွင်မူ သူသည် သူ၏ ထင်မြင်ယူဆချက်များမှာ မှားယွင်းသွားခဲ့ပြီကြောင်း သိလိုက်ရ၏။ မကြာသေးမီတုန်းက ပေါ်ပေါက်လာခဲ့သည့် ဝိညာဉ်သွေးပင်လျှင် အတုဖြစ်နေသည်။

အမှန်အတိုင်းဆိုရပါက ရှုယင်လင်းမှာ တစ်ချိန်လုံး အားနည်းသည့်ပုံစံ ဟန်ဆောင်နေခဲ့ခြင်းဖြစ်ပြီး သူမ၏ တာအိုသစ်စေ့ ကျင့်ကြံခြင်းပညာရပ်ကို အသုံးပြု၍ သူမ၏ စွမ်းအားများကို မြှင့်တင်နေခဲ့ခြင်းဖြစ်သည်။ တစ်ချိန်ထဲမှာပင် သူမသည် လူတိုင်းအား ဝမ်ပေါင်လဲ့ဆီသို့ အာရုံလွှဲခဲ့၏။

သို့သော် ယခုတွင်မူ သူမသည် သူမ၏ ပြင်ဆင်မှုများအားလုံးကို ထုတ်ပြရုံမှတစ်ပါး အခြား ရွေးချယ်စရာမရှိတော့ပေ။ ဝမ်ပေါင်လဲ့မှာလည်း ယခုလိုဖြစ်လာအောင် တမင်တကာ လုပ်ခဲ့ခြင်း ဖြစ်သည်။ ပြင်ပလောကကြီးထဲမှ လူများ၏ လောဘစိတ်များနှင့် မနာလိုစိတ်များအား တစ်ယောက်တည်း ရင်ဆိုင်ရခြင်းထက် နှစ်ယောက်အတူ ရင်ဆိုင်ရခြင်းမှာ ပို၍ကောင်းသည်ဟု သူက မှတ်ယူထား၏။

All Chapters