ဝှက်ဖဲလေးတစ်ချပ်
Vol. 1-8 Ch. 95
မိစ္ဆာဂဠုန်သည် အောက်သို့ထိုးဆင်းလာ၏။ အောက်ရှိ လူငါးယောက်၏ တုံ့ပြန်မှုသည် ကွဲပြားပေသည်။
အတုမဲ့နတ်ဝိဇ္ဇာအဆင့်ရှိသော အကြီးအကဲနှစ်ဦး၏ နတ်တန်ခိုးများ ထွက်ပေါ်လာသည်။ သူတို့သည် မန္တန်အစီအရင်၏ အစွမ်းကို မြှင့်တင်လိုက်ပြီး အစွမ်းရှိသ၍ တိုက်ရန် ပြင်ဆင်လိုက်ကြလေသည်။
ယုံချင်ရွှမ်းယာသည် လီချန်ရှို့နှင့် လင်းအယ်တို့အနားသို့ ခပ်သွက်သွက် သွားလိုက်သည်။ သူမသည် ကျောမှ ဓားကြီးကို ထုတ်၍ ကာကွယ်ရန် အသင့်ပြင်ထားလိုက်သည်။
လီချန်ရှို့နှင့် လင်းအယ်တို့မှာမူ...
သူတို့၏ခြေထောက်အောက်တွင် ရေတံလှပ်ကဲ့သို့ တံလှပ်များရှိနေလေသည်။ သူတို့၏ ခြေကျင်းဝတ်အထိ မြေကြီးအတွင်းဝင်နေပြီဖြစ်ပြီး အချိန်မရွေး မြေကိုယ်ယောင်ဖျောက်အတတ်ကို သုံး၍ ထွက်ပြေးရန် အသင့်ပြင်ထားကြ၏။
ဂီး...
မိစ္ဆာဂဠုန်သည် မြေပြင်နှင့် ကျန့်(၁၀၀)အကွာသို့ ရောက်သောအခါ အော်ဟစ်လိုက်၏။ ၎င်းသည် အတောင်ပံကြီးကို ပြန်လည်ဖြန့်လိုက်သည်။ ထိုအတောင်ပံထိပ်မှနေ၍ (၄)ကျန့်ကျော်ရှည်သော လက်သည်းကြီးများထွက်လာလေပြီး အောက်ရှိ မန္တန်အစီအရင်ကြီးကို ကုတ်ဖြဲလိုက်သည်။
လီချန်ရှို့သည် ယုံချင်ရွှမ်းယာကို စိတ်မလှုပ်ရှားသွားရန် သတိပေးလိုက်သည်။
ယုံချင်ရွှမ်းယာ၏ လက်ဝဲလက်ထဲတွင် သူတို့၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် ကြွေပုလင်းလေးကို ကိုင်ထားလေသည်။ သူမသည် လက်ယာလက်ဖြင့် သူမ၏ အရှေ့ရှိ ဓားကို လက်ညှိုးညွှန်လိုက်ပြီး မိစ္ဆာဂဠုန်ကို မော့ကြည့်လိုက်၏။ သူမဝတ်ဆင်ထားသော ရိုးရှင်းသည့် ဝတ်စုံလေးသည်လည်း လေတွင်ဝဲလွင့်နေပေသည်။
ထိုမိစ္ဆာဂဠုန်၏ အနောက်တွင် ပို၍ကြောက်စရာကောင်းသော အရှိန်အဝါတစ်ခုရှိကြောင်း သူမ အာရုံခံမိလိုက်၏။ ယုံချင်ရွှမ်းယာသည် တာအိုပေါင်းစည်းခြင်းအဆင့်မှာသာရှိသေးသည် နတ်ဝိဇ္ဇာမဖြစ်သေးသော သူတစ်ယောက်ဖြစ်သော်လည်း သူမ၏ အကြည့်များထဲတွင် ကြောက်ရွံ့သောအရိပ်အယောင်များ မရှိပေ။
သူမသည် ရွေးချယ်စရာမရှိတော့သဖြင့် စွန့်စားရပေတော့မည်။
လင်းအယ်သည် လီချန်ရှို့ကို ကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းများသည် သူ့အား အောက်ပါစကားများကို ပြောချင်နေသယောင်ပင်။
“ အစ်မ ယုံချင်က တော်တော်လေး သတ္တိရှိတာပဲ ”
လီချန်ရှို့က မည်သည့်စကားမှ မဆိုဘဲ ကောင်းကင်ပေါ်ရှိ ကောင်းကင်နတ်မင်းကို ကြည့်လိုက်၏။
ထိုရန်သူကို အလွယ်တကူ အနိုင်ယူ၍ ရမည်မဟုတ်ချေ။
မိစ္ဆာဂဠုန်၏ လက်သည်းရှည်ကြီးများ ကျရောက်လာသောအခါ အတုမဲ့နတ်ဝိဇ္ဇာနှစ်ပါးသည် ပြိုင်တူတိုက်ခိုက်လိုက်ကြ၏။ မန္တန်အစီအရင်၏ အလင်းလွှာသည် လှုပ်ယမ်းသွားလေသည်။ ထိုအစီအရင် ပျက်ဆီးတော့ပေမည်။ ယင်းအစီအရင်သည် ယာယီ အကာအကွယ်အစီအရင်သာဖြစ်၏။
မိစ္ဆာဂဠုန်သည် မန္တန်အစီအရင်၏ အစွမ်းကို စမ်းသပ်ပြီးသွားသောအခါ အေးစက်စက်ရယ်လိုက်လေသည်။ ၎င်းသည် ခေါင်းမော့၍ ကောင်းကင်ပေါ်ရှိ တာအိုရသေ့အိုကြီးကို ကြည့်လိုက်သည်။ ထို့နောက် ခေါင်းငုံ့ကာ နောက်တစ်ကြိမ် ထပ်၍ တိုက်ခိုက်လိုက်သည်။
ထိုအချိန်တွင် ယုံချင်ရွှမ်းယာ၏ နားအတွင်းသို့ လီချန်ရှို့၏ အသံလှိုင်းဝင်ရောက်လာလေသည်။
“ ညီမလေး... အသင့်ပြင်ထားတော့ ”
ယုံချင်ရွှမ်းယာသည် ဆတ်ခနဲတုန်သွားပြီး အခြေအနေကို လေ့လာလိုက်၏။
မိစ္ဆာဂဠုန် ဆင်းသက်လာသောအခါ သူမသည် ညင်ညင်သာသာ အော်ပြောလိုက်၏။
“ အကြီးအကဲတို့ နောက်ပြန်ဆုတ်လိုက်ပါ ”
အတုမဲ့နတ်ဝိဇ္ဇာအဆင့်ရှိသော အကြီးအကဲနှစ်ဦးသည် သူတို့၏ နတ်တန်ခိုးများကို တစ်ပြိုင်တည်း ပြန်ရုတ်သိမ်းလိုက်သည်။ သူတို့အပေါ်ရှိ မန္တန်အစီအရင်၏ အလင်းလွှာသည် ရုတ်ခြည်းပျောက်ကွယ်သွားလေသည်။
မိစ္ဆာဂဠုန်၏ အရှေ့တွင် မည်သည့်အတားအဆီးမှ ရှိမနေတော့ပေ။ ၎င်းသည် အရှိန်အဟုန်ပြင်းစွာ ထိုးဆင်းလာပြီး မိစ္ဆာတန်ခိုးများကို သုံး၍ ဂိုဏ်းအတွင်း တိုက်ပွဲတွင် ဒဏ်ရာရခဲ့ပြီးဖြစ်သော အကြီးအကဲနှစ်ဦးကို တိုက်ခိုက်လိုက်လေတော့သည်။
ထိုအခိုက်တွင် အကြီးအကဲနှစ်ဦးသည် ဇောချွေးများပြန်နေ၏။ ယုံချင်ရွှမ်းယာမှာမူ တည်ငြိမ်နေပေသည်။ သူမသည် အတုမဲ့နတ်ဝိဇ္ဇာအဆင့်ရှိသော မိစ္ဆာဂဠုန်၏ ဖိအားများကို ခံစားလိုက်ရသောအခါ ကြွေပုလင်း အဖုံးကိုဖွင့်၍ ယင်းကြွေပုလင်းကို သူမ၏ ဓမ္မတန်ခိုးများဖြင့် ရစ်သိုင်းထားလိုက်လေသည်။
သူမသည် နတ်ဝိဇ္ဇာမဖြစ်သေးသည့် တပည့်ငယ်တစ်ဦးသာ ဖြစ်သော်လည်း ဤအခြေအနေတွင် တုန်လှုပ်မနေပေ။
မိစ္ဆာဂဠုန်သည် အကြီးအကဲနှစ်ဦးထံ ရောက်ခါနီးသောအခါ ယုံချင်ရွှမ်းယာသည် လီချန်ရှို့ညွှန်ကြားထားသည့်အတိုင်း အော်ဟစ်၍ပျံတက်ကာ သူမ၏ လက်အတွင်းရှိ ကြွေပုလင်းကို ပစ်လိုက်လေသည်။
“ အကြီးအကဲတို့... ပြန်ဆုတ်... ”
အကြီးအကဲနှစ်ဦးသည် ဘယ်ညာခုန်၍ ချက်ချင်းဆုတ်လိုက်သည်။ သို့သော် သူတို့သည် တစ်စုံတစ်ခုကို သတိထားမိသွားပြီး ခေါင်းလှည့်ကာကြည့်လိုက်၏။ ရုတ်ခြည်းပင်...
ထိုအကြီးအကဲနှစ်ဦးသည် မျက်လုံးများ ကျွတ်ကျတော့မတတ် ပြူးကျယ်သွားလေသည်။
အဆိပ်ဆေးလုံးများကို ပစ်လွှတ်ရာတွင် တန်ခိုးများကို သုံး၍ မသိမသာပစ်လွှတ်ရမည်ဖြစ်သည်။ ထိုမှသာ ရန်သူများသည် သတိမထားမိဘဲ အဆိပ်မိသွားပေမည်။ ယခုကဲ့သို့ ပုလင်းလိုက် ကောက်ပေါက်ရမည် မဟုတ်ချေ။
မိစ္ဆာဂဠုန်သည် ယုံချင်ရွှမ်းယာကို အထင်သေးသည့် အကြည့်ဖြင့် ကြည့်လိုက်၏။ မိစ္ဆာတန်ခိုးများထွက်ပေါ်လာပြီး ၎င်းထံ ပျံသန်းလာသည့် ကြွေပုလင်းကို ရိုက်ခတ်လိုက်ပြီး ဆေးလုံးများ ထွက်ကျသွားအောင် လုပ်လိုက်သည်။ သို့သော် ကြွေပုလင်း၏ နောက်တွင် မီးတောက်များ ပေါက်ကွဲသွား၏။ ယုံချင်ရွှမ်းယာ၏ ဓားပျံက ကြွေပုလင်းကို အရင်ထိသွားခြင်းပင်။
ကြွေပုလင်းသည် တမုဟုတ်ခြင်း ပေါက်ကွဲသွားပြီး အတွင်းမှ အဆိပ်ဆေးလုံးလည်း ပေါက်ကွဲသွားလေသည်။ အဆိပ်မှုန့်များသည် အရပ်ဆယ်မျက်နှာလုံးသို့ ပျံ့နှံ့သွား၏။
မိစ္ဆာဂဠုန်၏ မိစ္ဆာတန်ခိုးများသည်လည်း ဆန်းကြယ်စွာ ပျောက်ကွယ်သွားတော့သည်။
အကြီးအကဲနှစ်ဦးသည် အံ့ဩလွန်းလှသဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေ၏။
မိစ္ဆာဂဠုန်သည် မြေပြင်သို့ရောက်ရန် ကျန့်(၁၀၀)လိုသေး၏။ သို့သော် ၎င်း၏ ခန္ဓာကိုယ်ကြီးသည် တုန်ခါသွားပြီး မြေပေါ်သို့ ပြုတ်ကျသွားလေသည်။ ၎င်းသည် မန္တန်အစီအရင်အစွန်းနားသို့ ပြုတ်ကျလာပြီး နေရာမှာပင် မလှုပ်မယှက် လဲလျောင်းနေပေသည်။
‘ အာ... ’
‘ ဒီလိုလည်း အလုပ်ဖြစ်တာပဲလား... ’
အကြီးအကဲနှစ်ဦးအပြင် ယုံချင်ရွှမ်းယာသည်လည်း အံ့အားသင့်သွား၏။ သူတို့သုံးဦးသည် တစ်စုံတစ်ခုကို ခံစားလိုက်ရသည်။
‘ အကြီးအကဲဝမ်လင်းယွမ်ဖော်ထားတဲ့ အဆိပ်ဆေးလုံးက တော်တော် အထင်ကြီးစရာကောင်းတာပဲ ’
သို့သော် လက်တွေ့အခြေအနေမှာ...
ထိုကဲ့သို့ ပုလင်းဖြင့်ပေါက်၍ အဆိပ်မှုန့်များကို လွှတ်၍မရပေ။ အဆိပ်မှုန့်များထွက်သွားအောင် လီချန်ရှို့ လျှို့ဝှက်လုပ်ဆောင်လိုက်ခြင်းသာ ဖြစ်သည်။
မိစ္ဆာဂဠုန်၏ မိစ္ဆာတန်ခိုးများကို လီချန်ရှို့အသွင်ယူထားသော ‘လူ’ စက္ကူကိုယ်ပွား(၃)က လျှို့ဝှက်စုပ်ယူလိုက်ခြင်းပင်။
ပေါက်ကွဲသွားသော ဆေးလုံးမှနေ၍ စွမ်းအားသိပ်မပြင်းသော အဆိပ်မှုန့်များသာ ထွက်လာခြင်းဖြစ်၏။
မိစ္ဆာဂဠုန် မေ့မြောပြုတ်ကျလာခြင်းမှာ လီချန်ရှို့ လျှို့ဝှက်ထုတ်လွှတ်လိုက်သော အဆိပ်မိသွား၍ ဖြစ်ပေသည်။
လီချန်ရှို့ ထိုသို့စီစဉ်ထားရခြင်းမှာ ယုံချင်ရွှမ်းယာ ပစ်လွှတ်လိုက်သော ကြွေပုလင်းအတွင်းမှ အဆိပ်ဆေးလုံးကြောင့်ဟု အခြားသူများ ထင်သွားစေရန်ဖြစ်သည်။
သူ လျှို့ဝှက် ထုတ်လွှတ်လိုက်သော အဆိပ်မှာ မိစ္ဆာဂဠုန်ကိုမေ့မြောသွားစေရုံသာမက...
မိစ္ဆာဂဠုန်နှင့် နီးနီးကပ်ကပ်ရှိနေသော အကြီးအကဲနှစ်ဦးပင် မူးဝေလာကြ၏။ သူတို့၏ ခန္ဓာကိုယ်များသည် ဒယိမ်းဒယိုင်ဖြစ်လာသဖြင့် ဖြည်းဖြည်းချင်း ထိုင်ချလိုက်ရသည်။ ထျန်အကြီးအကဲသည် သူ၏ နောက်ဆုံးလက်ကျန် နတ်တန်ခိုးများကိုသုံး၍ ယုံချင်ရွှမ်းယာကို လှည့်ကြည့်လိုက်၏။ သူသည် ခါးသက်သက်သာ ပြုံးလိုက်ရလေတော့သည်။
“ ရွှမ်းယာ... အဆိပ်ဆိုတာ ဒီလိုပစ်ပေါက် ရတာမဟုတ်ဘူးလေ... ”
ယုံချင်ရွှမ်းယာ၏ ဓားပျံကြီးသည်လည်း မြေပေါ်သို့ ပြုတ်ကျလာသဖြင့် ဓားနှင့် မြေကြီးရိုက်ခတ်သံတချို့ ထွက်ပေါ်သွား၏။ သူမသည် ပြန်မဖြေနိုင်ခင်မှာပင် မျက်လုံးများစင်းလာ၏။ သူမ၏ ခန္ဓာကိုယ်သည်လည်း အားနည်းလာပြီး မြေပေါ်သို့ ပြန်ပြုတ်ကျလာလေသည်။
လင်းအယ်သည် ရှေ့သို့ပြေးထွက်သွားပြီး သူမ၏ အစ်မကြီးကို လျင်မြန်စွာ ပွေ့ဖက်လိုက်သည်။ ထို့နောက် သူမသည် မြေကိုယ်ယောင်ဖျောက်အတတ်ကို ချက်ချင်းသုံးကာ ပုန်းအောင်းလိုက်၏။
သို့သော် လင်းအယ်၏ မြင်ကွင်းများလည်း မှောင်မိုက်လာ၏။ သူမသည် ယုံချင်ရွှမ်းယာကို ပွေ့လျက်သားဖြင့်သာ မြေပေါ်တွင် လဲသွားလေတော့သည်။
‘ အစ်ကိုကြီးက ညီမလေးကိုတောင် အလွတ်မပေးဘူးပေါ့... ’
လင်းအယ်သည် ရင်ထဲတွင် သက်ပြင်းဖွဖွချလိုက်ရသည်။ သူမသည် သတိမေ့သွားတော့မည်ဖြစ်သော်လည်း မစိုးရိမ်ပေ။
လီချန်ရှို့၏ ခန္ဓာကိုယ်သည်လည်း ဒယိမ်းဒယိုင်ဖြစ်လာ၏။ သူသည် ခေါင်းကိုကိုင်၍ နှစ်ခါမျှ ညည်းညူလိုက်သည်။ ထို့နောက်သူသည် သူ့ညီမလေးဘေးတွင် မေ့မြောသွားလေတော့သည်။
မိစ္ဆာတစ်ကောင်၊ လူလေးယောက်နှင့် စက္ကူကိုယ်ပွားတစ်ရုပ်သည် တောင်စောင်းတွင် မေ့မြေသွားကြပေပြီ။
ထိုဖြစ်စဉ်ကို အပေါ်ယံကြည့်လျှင် မူမမှန်သည့်အရာမရှိပေ။ ထိုသို့ သူတို့ပါမေ့သွားရခြင်းမှာ ယုံချင်ရွှမ်းယာ အဆိပ်မသုံးတတ်၍ ကိုယ့်အဆိပ် ကိုယ်ပြန်မိသွားကြခြင်းသာ ဖြစ်၏။
သို့သော် ကောင်းကင်ပေါ်ရှိ ကောင်းကင်နတ်မင်းအဆင့် တာအိုရသေ့အိုကြီးသည် ထိုအခြင်းအရာကို မြင်သောအခါ လှောင်ပြုံး ပြုံးလိုက်သည်။
သူသည် မြေပြင်ပေါ်သို့ ချက်ချင်းဆင်းမသွားသေးပေ။
တာအိုရသေ့အိုကြီးသည် တံဆိပ်တော်တစ်ခုနှင့် ပုလဲတစ်လုံးကို ထုတ်လိုက်သည်။ သူသည် ပုလဲလုံးကို အရင်မြှောက်၍ သူ့ခေါင်းပေါ်တွင် မျောနေစေလိုက်သည်။ ပုလဲလုံးမှနေ၍ အစိမ်းရောင်အလင်းများထွက်လာပြီး သူ့ကို လွှမ်းခြုံသွားလေသည်။
ထို့နောက် တံဆိပ်တော်ကို အောက်ရှိ သူများရှိရာသို့ ပစ်လိုက်၏။ လေထဲတွင် တံဆိပ်တော်သည် ပြန့်ကားသွားပြီး ရုတ်ချည်းပင် (၁၀)ကျန့်ကျော် ကျယ်ပြန့်သွားလေတော့သည်။ ထိုတံဆိပ်တော်တွင် ပါသော ရတနာများသည်လည်း ဝင်းလက်တောက်ပလာကြသည်။
ကောင်းကင်နတ်မင်းအဆင့်ရှိသည့် နတ်တန်ခိုးများကို သုံး၍ တံဆိပ်တော်ကို ပစ်လိုက်ခြင်းဖြစ်သဖြင့် ကျဆင်းလာသည့် အရှိန်ကြောင့် တောင်တစ်ခုလုံး ပြိုကျတော့မတတ် သိမ့်သိမ့်တုန်နေလေသည်။
အမှောင်ထုထဲရှိ လီချန်ရှို့သည် မဲ့ပြုံး ပြုံးလိုက်၏။
ထိုတာအိုရသေ့အိုကြီးသည် အမှန်ပင် ကောင်းကင်နတ်မင်းတစ်ပါးဖြစ်လေသည်။ ထို့ပြင် အောက်ရှိ ငါးဦးသည် အဆိပ်မိ၍ မေ့မြောနေပြီဖြစ်သော်လည်း သူသည် မြေပေါ်သို့ ဆင်းမလာသေးဘဲ အဝေးမှသာနေ၍ ဓမ္မရတနာများကို သုံး၍ ရန်သူများကို တိုက်ခိုက်လိုက်သေး၏။
လီချန်ရှို့ သက်ပြင်းချလိုက်သည်။
‘ ငါနဲ့ အကျင့်တူတဲ့တစ်ယောက်တော့...အဲလေ ခက်ခက်ခဲခဲ ရင်ဆိုင်ရမယ့် ရန်သူတစ်ယောက်တော့ တွေ့ပြီပဲ ’
‘ ငါအလုံအလောက် ကြိုတင်ပြင်ဆင်ထားလို့ တော်သေးတာပေါ့ ’
တံဆိပ်တော်ကြီးသည်သည် အရှိန်အဟုန်ဖြင့် ကျဆင်းလာသည်ဖြစ်၍ လေလှိုင်းများ၊ စွမ်းအားလှိုင်းများ တလိပ်လိပ်ထနေလေသည်။ ထိုအရာသည် စွမ်းအားကြီးသည်ဖြစ်သော်လည်း အတန်ငယ် မတည်မငြိမ်ဖြစ်နေ၏။
လီချန်ရှို့သည် အလျင်မလိုပေ။ သူသည် အာရုံခံကျောက်မျက်ကိုတစ်ချက်ကြည့်လိုက်ပြီး တောင်ကြားအတွင်းပိုင်းရှိ လိုဏ်ဂူပေါက်ဝကို အာရုံခံကြည့်လိုက်သည်။
လီချန်ရှို့သည် နတ်အာရုံသုံး၍ လီ(၃၀၀)အဝန်းအဝိုင်းအတွင်း အခြားအန္တရာယ်များ ရှိ၊မရှိ လေ့လာလိုက်သည်။
မြေပြင်ပေါ်တွင် လဲကျနေသော ‘လူ’ စက္ကူကိုယ်ပွား(၃)သည် မလှုပ်မယှက်ပင် ဆက်ရှိနေ၏။
သို့သော် ဝိညာဉ်သားရဲ သားရေဖြင့်ပြုလုပ်ထားသော သူ၏ အင်္ကျီလက်သည် တိတ်တဆိတ်ပွင့်လာလေသည်။ အတွင်းမှနေ၍ ကျောက်စိမ်းဖားတချို့ထွက်လာပြီး ပတ်ဝန်းကျင်ကို စူးစမ်းနေကြသည်။ ထို့နောက် ကျောက်စိမ်းဖားများသည် လုပ်စရာမတွေ့သဖြင့် ဘေးတွင် ပျင်းပျင်းရိရိစောင့်နေလေ၏။
ထိုအချိန်တွင် အနီးရှိ မြက်ခင်းပြင်အောက်မှနေ၍ ပိန်ပိန်ပါးပါး တာအိုရသေ့အိုကြီးတစ်ပါး ထွက်လာ၏။ ထိုတာအိုရသေ့အိုကြီးသည် မည်သည့်စကားမှမဆိုဘဲ လေးထောင့် ကျားကွက်ခုံလေးကို ထုတ်လိုက်ပြီး လေထဲသို့ ပစ်လိုက်လေ၏။
ယင်းသည် မန္တန်အစီအရင် အောက်ခြေအသေးလေး ခုနှစ်ဆယ့်နှစ်ခု အဖြစ်ပြောင်းလဲသွား၏။
မန္တန်အစီအရင် အောက်ခြေများသည် ဆက်စပ်သွားပြီး စိတ်တန်ခိုးများထွက်ပေါ်လာကာ အလင်းလွှာတစ်ခု ဖြစ်ပေါ်သွားလေသည်။
တံဆိပ်တော်ကြီးသည် အောက်သို့ ကျရောက်လာပြီး ထိုအလင်းလွှာနှင့် ထိတွေ့သွားလေတော့သည်။
သို့သော် အလင်းလွှာသည် အတန်ငယ်သာ လှုပ်ခတ်သွား၏။ ထိုအလင်းလွှာသည် တံဆိပ်တော်ကြီးကို ရပ်တန့်နိုင်လိုက်ပေသည်။
ထို ကျားကွက်ခုံလေးသည် သာမန်မန္တန်အစီအရင်ပြား မဟုတ်သလို ဓမ္မအဆောင်လည်း မဟုတ်ပေ။
ထိုအရာသည် လီချန်ရှို့တစ်ယောက် မန္တန်အစီအရင်များကို အိတ်ဆောင်အရွယ်ပြုလုပ်ရန် စမ်းသပ်မှု၏ ပထမဆုံးခြေလှမ်းပင် ဖြစ်သည်။
ခြေလှမ်းအသေး တစ်လှမ်းသာဖြစ်၏။
သို့သော် မန္တန်အစီအရင်များ၏ အရွယ်အစားကို ချုံ့ခြင်း၏ ဆိုးကျိုးတစ်ချက်မှာ မန္တန်အစီအရင်အတွက်လိုအပ်သော အခြေခံစိတ်တန်ခိုးများကို လုံလုံလောက်လောက် မသိုလှောင်ထားနိုင်ခြင်း ဖြစ်သည်။
ထို့ကြောင့် မန္တန်အစီအရင်သည် တံဆိပ်တော်ကြီးကို အောင်အောင်မြင်မြင် တားဆီးနိုင်လိုက်သော်လည်း လျင်မြန်စွာပင် ပြန်အရောင်မှိန်သွားပြီး အလိုလို ပျောက်ကွယ်သွားလေတော့သည်။ မန္တန်အစီအရင်အောက်ခြေရှိ စိတ်တန်ခိုးများ ကုန်သွားပြီဖြစ်သဖြင့် ကျားကွက်ခုံလေးအဖြစ် ပြန်ပြောင်းသွားလေတော့သည်။
ထိုအရာသည် တစ်ပွဲတိုး အကာအကွယ် မန္တန်အစီအရင်သာဖြစ်ပေသည်။
အိတ်ဆောင် မန္တန်အစီအရင်အသေးလေးသည် စွမ်းအားကြီး ကာကွယ် ဓမ္မရတနာလောက် အသုံးမဝင်သော်လည်း လုံလောက်သော အချိန်တစ်ခုအထိ ကာကွယ်ပေးလေသည်။
မန္တန်အစီအရင် ဖြစ်ပေါ်လာစဉ်အတွင်း မြေကြီးအတွင်းမှ ကြီးမားသောလက်တချို့ထွက်လာပြီး သတိမေ့နေသည့် အကြီးအကဲနှစ်ဦး၊ လင်းအယ်နှင့် ယုံချင်ရွှမ်းယာတို့ကို မြေကြီးအတွင်းသို့ ဆွဲခေါ်သွားခဲ့၏။
လီချန်ရှို့နှင့် ရင်းနှီးသည့် ပိုင်ဖန်ခန်းမမှ အကြီးအကဲတစ်ဦးသည်ပင် အကြင်နာတရားကင်းမဲ့သော လက်ကြီး၏ ဆံပင်မှဆွဲ၍ ခေါ်သွားခံရမှုမှ မလွတ်မြောက်နိုင်ခဲ့ပေ။
အခြားရွေးစရာမရှိပေ။ ချီကျင့်ကြံသူအများစုသည် ဆံပင်ရှည်များရှိကြရာ သူတို့၏ ခန္ဓာကိုယ်ရှိ ထိုအစိတ်အပိုင်းသည် ဆုပ်ကိုင်၍ အလွယ်ကူဆုံးအရာ ဖြစ်လေသည်။
‘လူ’ စက္ကူကိုယ်ပွား(၃)သာ မြေပြင်ပေါ်တွင် ကျန်ရစ်ခဲ့၏။
သူတို့၏ အသက်ကိုကယ်ရန် ထွက်ပေါ်လာသော တာအိုရသေ့အိုကြီးမှာ...
အမှန်တွင် လီချန်ရှို့၌ စက္ကူကိုယ်ပွားအမျိုးအစား သုံးမျိုးမက ရှိ၏။ စုစုပေါင်း ငါးမျိုးရှိလေသည်။
ထိုအမျိုးအစားများမှာ ကောင်းကင်၊ မြေ၊ လူ၊ နတ်ဘုရားနှင့် တစ္ဆေတို့ ဖြစ်၏။
‘နတ်ဘုရား’ စက္ကူကိုယ်ပွားသည် လီချန်ရှို့၏ ဝှက်ဖဲများထဲမှ တစ်ခုဖြစ်သည်။ ၎င်းကို မှော်အစွမ်းများသုံး၍ တိုက်ရမည့် အဆင့်မြင့်တိုက်ပွဲများတွင် သုံးရန်ပြုလုပ်ထားခြင်းပင်။ ထိုအရုပ်ကို လီချန်ရှို့၏ ခန္ဓာကိုယ်အစစ်ပေါ်တွင် ဆောင်ထားလေသည်။ ၎င်း၏ စွမ်းရည်သည် ‘ကောင်းကင်’ စက္ကူကိုယ်ပွား၏ စွမ်းရည်နှင့် အတူတူပင် ဖြစ်သော်လည်း ၎င်းတွင် ဝှက်ဖဲအမြောက်အမြား ပါလေသည်။
မကြာသေးခင်က ပေါ်လာသော တာအိုရသေ့အိုကြီးသည် ‘နတ်ဘုရား’ စက္ကူကိုယ်ပွား(၁)ဖြစ်၏။
သူသည် ကျင့်ကြံခြင်းအဆင့်ကို အတုမဲ့နတ်ဝိဇ္ဇာ နောက်ဆုံးအဆင့်အထိ ဖော်ပြလိုက်ပြီး နတ်တန်ခိုးများ ထုတ်လိုက်၏။ သူသည် ကောင်းကင်ပေါ်ရှိ ကောင်းကင်နတ်မင်းအဆင့် တာအိုရသေ့အိုကြီးကို မော့ကြည့်၍ မျက်နှာချင်းဆိုင်လိုက်လေသည်။
ထိုကောင်းကင်နတ်မင်းသည်လည်း သူ့ကို ပြန်ကြည့်လိုက်၏။
သူသည် လက်ထဲတွင် ရတနာတံဆိပ်တော်ကို ကိုင်ထားပြီး ခေါင်းပေါ်တွင်လည်း ပုလဲလုံးတစ်လုံးရှိ၏။ သူသည် အင်္ကျီလက်ကို ခါလိုက်ပြီး အောက်ရှိ တာအိုရသေ့အိုကြီးဆီသို့ ဆင်းသွားလိုက်လေသည်။
‘နတ်ဘုရား’ စက္ကူကိုယ်ပွား(၁)သည် မြင်မြီးနှင်တံပုံစံရှိသည့် ဓမ္မရတနာကို ကိုင်ထား၏။ ထို နှင်တံ၏ ငွေရောင်မြင်းမွေးများကို ကောင်းကင်နတ်မင်းများကိုပင် သတ်နိုင်သည့် အဆိပ်များ သုတ်လိမ်းထား၏။
‘နတ်ဘုရား’ စက္ကူကိုယ်ပွား(၁)သည် ခပ်တိုးတိုး မာန်သွင်းအော်လိုက်ပြီး ကောင်းကင်ပေါ်သို့ ပျံတက်သွားလိုက်သည်။ သူသည် ပါးစပ်မှ တီးတိုးရွတ်ဆိုလိုက်ရာ လက်ဝဲလက်ဖဝါးမှနေ၍ အပြာရောင် လျှပ်စီးများထွက်ပေါ်လာ၏။
ထိုတာအိုရသေ့အိုကြီး နှစ်ပါးသည် တစ်ပါးနှင့်တစ်ပါး ကျန့်(၁၀၀)ကျော်ကွာဝေးသေး၏။ သူတို့သည် ဓမ္မရတနာများပစ်လွှတ်လိုက်ပြီး မန္တန်များရွတ်ဆိုလိုက်သည်။
စက္ကူကိုယ်ပွား၏ အပေါ်မှနေ၍ ရတနာတံဆိပ်တော်တစ်ခု ကျဆင်းလာသည်။ ကောင်းကင်နတ်မင်းအဆင့် ရသေ့အိုကြီး၏ မျက်လုံးထဲတွင် သွေးရောင်များလွှမ်းနေပေသည်။ သူ၏လက်အတွင်းမှနေ၍ ခရမ်းရောင်ဓားတစ်ချောင်းထွက်လာပြီး နတ်အလင်းတန်းများ ထုတ်လွှတ်လိုက်၏။
စက္ကူကိုယ်ပွားသည် သူ၏ခန္ဓာကိုယ်ကို နတ်တန်ခိုးများဖြင့် လွှမ်းခြုံထား၏။ သူ၏ လှုပ်ရှားမှုများသည် ခန့်မှန်းရခက်သဖြင့် ကောင်းကင်နတ်မင်းအဆင့် ရသေ့အိုကြီးသည် ထိအောင်မပစ်နိုင် ဖြစ်နေသည်။ စက္ကူကိုယ်ပွား၏ လက်အတွင်းမှ နတ်လျှပ်စီးများထွက်သွားသည်။ ထိုလျှပ်စီးသည် ကောင်းကင်နေမင်းလျှပ်စီးပင်။
ကောင်းကင်ပေါ်၌ ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားသွား၏။ နတ်လျှပ်စီးများထွက်ပေါ်လာလိုက်၊ လက်နက်ရတနာများ ဝဲပျံသွားလိုက်၊ ဓားနှင့် မြင်းမြီးနှင်တံတို့ ထိခတ်လိုက်နှင့် တိုက်ပွဲပြင်းထန်နေရာ အောက်ရှိ သစ်ပင်အိုကြီးများပင် တိုက်ပွဲအရှိန်ကြောင့် ယိမ်းထိုးနေပေသည်။
ကောင်းကင်နတ်မင်းအဆင့် ရသေ့အိုကြီးသည် ရုတ်တရက်ပေါ်လာသော သူ၏ ရန်သူမှာ အတုမဲ့နတ်ဝိဇ္ဇာ နောက်ဆုံးအဆင့်သာဖြစ်သော်လည်း မန္တန်များနှင့် နတ်တန်ခိုးများမှာ သူ့ထက်ပင် သာကြောင်း သိရှိလာရသည်။ ထို့ကြောင့် သူသည် အတုမဲ့နတ်ဝိဇ္ဇာအဆင့်သာရှိသော ထိုလူကို အနိုင်မယူနိုင်ဖြစ်နေလေသည်။
စက္ကူကိုယ်ပွားသည် မြင်းမြီးနှင်တံမှ ငွေရောင်မြင်းမွေးများကို ပစ်လွှတ်လိုက်ရာ ထိုမြင်းမွေးများသည် ငွေအပ်ချောင်းများအလား ကောင်းကင်နတ်မင်းအိုကြီး၏ လည်ပင်းကို လျှို့ဝှက်ဖောက်ဝင်သွား၏။
ကောင်းကင်နတ်မင်းအိုကြီး၏ ခေါင်းပေါ်မှ ပုလဲလုံးသည် အတန်ငယ် တုန်ခါသွားလေသည်။ အစိမ်းရောင်အလင်းတန်းများထွက်လာပြီး လည်ပင်းအတွင်း ဖောက်ဝင်နေသော ငွေရောင်မြင်းမွေးကို အရည်ဖျော်ပစ်လိုက်၏။
‘ အဲဒါက... ’
အမှောင်ထဲတွင် လီချန်ရှို့သည် မျက်ခုံးပင့်၍ ရင်းနှီးမှုရှိသော အရောင်အဝါကို အာရုံခံလိုက်သည်။
‘ ဒီအစိမ်းရောင်ပုလဲက... ’
‘ ယန်အဆိပ်နဂါးနီပုလဲကို အဆင့်မြှင့်ထားတဲ့ အဆိပ်ပယ် ပုလဲလား ’
‘ ပစ္စည်းကောင်းလေးပဲ... ’
‘ အဲဒီရတနာနဲ့သာဆိုရင် ငါ့အဆိပ်ရဲ့ အာနိသင်တွေ တော်တော်လျော့ကျသွားမှာပဲ ’
သို့သော် လီချန်ရှို့သည် စိတ်မလှုပ်ရှားသွားပေ။ သူသည် ‘နတ်ဘုရား’ စက္ကူကိုယ်ပွား(၁)ကို အာရုံစိုက်လိုက်ပြီး ထိုစက္ကူရုပ်၏ နတ်တန်ခိုးသုံးစွဲမှုနှုန်းကို လေ့လာလိုက်သည်။
စက္ကူကိုယ်ပွားသည် မြင်းမြီးနှင်တံကို စုတ်တံအဖြစ်သုံး၍ လေထဲတွင် ရွှေရောင်စာလုံးများကို ရေးလိုက်၏။ စာလုံးရေး မှော်အစွမ်းကို သုံးလိုက်ခြင်းပင်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရွှေစာလုံး တစ်ဒါဇင်ကျော်သည် လျှပ်စီးများတောက်ပလာပြီး လှည့်ပတ်ပျံသန်းကာ ကောင်းကင်နတ်မင်းအဆင့် ရသေ့အိုကြီးထံ ပြေးဝင်သွားလေသည်။
ကောင်းကင်နတ်မင်းအဆင့် ရသေ့အိုကြီးသည် ဖိအားကို ခံစားလိုက်ရ၏။ ထိုစာလုံးများ သူ့ဆီရောက်လာသောအခါ နတ်တန်ခိုးများသုံး၍ ကာလိုက်နိုင်၏။ သို့သော် အချိန်အတိုင်းအတာတစ်ခုအထိ တိုက်ခိုက်ပြီးပြီဖြစ်၍ သူ့တွင်လည်း ဒဏ်ရာအနည်းငယ် ရရှိထားပြီဖြစ်သည်။
‘နတ်ဘုရား’ စက္ကူကိုယ်ပွား(၁)သည် သိုလှောင်ထားသော နတ်တန်ခိုး၏ (၂၀)ရာခိုင်နှုန်းကိုသာ သုံးရသေးသော်လည်း သတိလက်လွတ်ဖြစ်ကာ ဟာကွက်တစ်ခုပေါ်သွားသဖြင့် ကောင်းကင်နတ်မင်းအဆင့်ရသေ့အိုကြီး ပြန်ပစ်လိုက်သော တံဆိပ်တော်တစ်ခုသည် သူ့ကို ထိမှန်သွားပေသည်။ သူ၏ခန္ဓာကိုယ်သည် တုန်ခါသွားပြီး အောက်ရှိ တောအုပ်အတွင်းသို့ ပြုတ်ကျသွားလေတော့သည်။
စက္ကူကိုယ်ပွားသည် ကိုယ့်ကိုယ်ကို ကာကွယ်ရန် နတ်တန်ခိုးများရှိ၏။ ထိုနတ်တန်ခိုးများသည် သူ၏ခံစစ်တွင် အတိုင်းအတာတစ်ခုအထိ ဟာကွက်များ မပေါ်အောင်လုပ်ပေးနိုင်၏။ သို့သော် ဟာကွက်မပေါ်လိုလျှင် နတ်တန်ခိုးများစွာ အသုံးပြုရမည်ဖြစ်သည်။
ကောင်းကင်ပေါ်ရှိ သွေးများထွက်နေသာ ကောင်းကင်နတ်မင်းအဆင့်ရသေ့အိုကြီးသည် စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းချလိုက်၏။
တခြားလူများ၏ အားနည်းချက်ကို အခွင့်ကောင်းယူလိုသော ထိုကောင်းကင်နတ်မင်းအဆင့် ရသေ့အိုကြီးသည် စက္ကူကိုယ်ပွား ပြုတ်ကျသွားသည့် နောက်သို့ လျင်မြန်စွာလိုက်သွားလိုက်သည်။
လီချန်ရှို့သည် ဝှက်ဖဲများစွာပါသော ‘နတ်ဘုရား’ စက္ကူကိုယ်ပွားကိုသုံး၍ အလယ်အလတ်အဆင့် ကောင်းကင်နတ်မင်းတစ်ပါးကို မှော်အစွမ်းသုံး၍ တိုက်ရသော ရင်ဆိုင်တိုက်ပွဲတွင် အနိုင်ယူနိုင်၊ မယူနိုင်ကို စမ်းသပ်လိုသေးသော်လည်း ဤတိုက်ပွဲကို သူ မြန်မြန်လက်စသတ်ရပေမည်။
တောအုပ်အတွင်းမှ ကြီးမားသောသစ်ပင်အချို့၏ ပင်စည်အတွင်းသို့ မကြာသေးမီကမှ ရောက်ရှိလာသော လူရိပ်သုံးရိပ်သည် မျက်လုံးများကို ဖွင့်လိုက်၏။ နတ်တန်ခိုးသုံး၍ အသက်သွင်းထားသော အိတ်ဆောင် မန္တန်အစီအရင်ပြားလေးများသည် သူတို့၏ အင်္ကျီလက်အတွင်းမှ ပျံထွက်သွားကြလေသည်။