ဒဏ္ဍာရီအသစ်လား ကြွေကျမည့်ဥက္ကာပျံလား
Vol. 72 Ch. 1007
အခန်း (၁၀၀၇) ဒဏ္ဍာရီအသစ်လား ကြွေကျမည့်ဥက္ကာပျံလား
သုံးပေတောင်မှ ရွှေကျီးကန်းကောင်းကင်ဓား ၊ ချင်ရှုကျီ၏ နဂါးကျာပွတ် ၊ တာအိုဆရာချန်းလန်၏ အလင်းရောင်တာအိုဝတ်ရုံတို့ကို ထည့်မစဉ်းစားလျှင် ရန်ကျောက်ကဲအနေဖြင့် တောင်ပိုင်းသိုင်းသမားများထံမှ အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်း (၇)ခုကို ရရှိခဲ့သည်။
ရန်ကျောက်ကဲ သတ်ဖြတ်ခဲ့သူများကိုမပြောဘဲ သူယူဆောင်သွားခဲ့သော ရတနာပစ္စည်းများကို တွက်ဆကြည့်ရုံဖြင့် တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်၏ အင်အားမှာ ကြီးမားသောထိုးနှက်ချက်ကို ခံစားခဲ့ရပြီး ဖြစ်သည်။
ကျင်းထင်တောင်၏ဦးဆောင်မှုဖြင့် အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်မှ သိုင်းကျင့်ကြံသူများက တောင်ဘက်သို့ တိုးချဲ့တိုက်ခိုက်ရာတွင် အောင်မြင်မှုများ ရရှိခဲ့သည်။
ကျင်းထင်တောင်က ဝူထုန်တောင်စောင်းကို အပြည့်အဝ ဖိနှိပ်နိုင်ရုံသာမက အရှေ့တောင်ပိုင်းမှ ကျင့်ကြံသူမျာက တောင်ပိုင်းမှ ကျင့်ကြံသူများကို ပြင်းထန်စွာတိုက်ခိုက်ပြီး အသာစီးရယူခဲ့ကြသည်။
အထူးသဖြင့် စက်ဝန်းတောင်တန်းမှ ငြိမ်းချမ်းရေးတောင်တန်း ၊ ကွမ်းယွဲ့တောင်ကုန်းလွင်ပြင်ဒေသ အနောက်ဘက်သို့သွားသော လမ်းကြောင်းတစ်လျှောက် တိုက်ခိုက်ခဲ့ကြသည်။
ရန်ကျောက်ကဲ အရှေ့တောင်ပိုင်းသို့ပြန်လာသည့် လမ်းကြောင်းတစ်လျှောက်တိုက်ခိုက်ကြသည်ဖြစ်ရာ အရှေ့တောင်ပိုင်းမှ သိုင်းသမားများအတွက် စိတ်အေးချမ်းသာစွာပင် အောင်ပွဲများ ရယူနိုင်ခဲ့ကြသည်။
ရန်ကျောက်ကဲ၏ ချေမှုန်းခြင်းခံခဲ့ရသော တောင်ပိုင်းမှ သိုင်းသမမားများမှာ ရန်သူကိုခုခံရန် မဝံ့ရဲတော့သည်ဖြစ်ရာ ခက်ခက်ခဲခဲ စုစည်းပြီးမှ ခံစစ်တိုက်ခိုက်ကြရသည်။ ထို့ကြောင့် တိုက်ပွဲမှန်သမျှတွင် အရှေ့တောင်ပိုင်းက အောင်ပွဲခံနိုင်ခဲ့ခြင်းပင်။
“အရည်အသွေးကတော့ မဆိုးပါဘူး...”
ရန်ကျောက်ကဲက သူ့လက်ထဲမှ ငါးရောင်ခြယ် ဇာမဏီယပ်တောင်ကို ကြည့်ရင်း မနေနိုင်ဘဲ ပြုံးလိုက်၏။
“ငါလည်းအသားကျနေပါပြီ ၊ ဒီလိုပစ္စည်းတွေ ဖြုန်းတီးပစ်တာ အခုလည်း အများကြီးဝေဖန်ခံရတော့မှာပဲ”
အချိန်အတန်ကြာကျင့်ကြံပြီးနောက် ရန်ကျောက်ကဲအသက်ဓာတ်စွမ်းအားများ ပြန်လည်ကောင်းမွန်လာသည်။
သူ၏ပြင်ဆင်မှု နောက်တစ်ကြိမ် ပြီးဆုံးသွားကြောင်း အာရုံခံမိသည့်နောက် ရန်ကျောက်ကဲက ယိုးမင်ဂမ္ဘီရစက်ဝန်း၏ အမြောင်းပေါက်တစ်ခုအတွင်းသို့ ‘ငါးရောင်ခြယ်ဇာမဏီယပ်တောင်’ ကို ပစ်လွှတ်လိုက်သည်။
ယခုအချိန်မှာတော့ ရန်ကျောက်ကဲက ယိုးမင်ဂမ္ဘီရစက်ဝန်းကို လှုံ့ဆော်ရန် မလုပ်ဆောင်တော့ပေ။ လက်ရှိတွင် သူနှင့် ယိုးမင်ဂမ္ဘီရစက်ဝန်းကြား ဆက်သွယ်မှုအချို့ကို ဖြည်းဖြည်းချင်း ထူထောင်နိုင်ပြီ ဖြစ်သည်။
ရန်ကျောက်ကဲ၏စိတ်အာရုံလှုပ်ရှားသွားသည်နှင့် ယိုးမင်ဂမ္ဘီရစက်ဝန်းသည်လည်း အနည်းငယ် တုန်ခါသွားသည်။
ထိုရတနာပစ္စည်းက ရန်ကျောက်ကဲ၏ ညွှန်ကြားချက်ကို အပြည့်အဝ မလိုက်နာသည့်တိုင် သူ့ထံဝင်ရောက်လာသော ‘ငါးရောင်ခြယ်ဇာမဏီယပ်တောင်’ ကို စုပ်ယူမျိုချရန် အစပြုလိုက်၏။
ငါးရောင်ခြယ်ဇာမဏီယပ်တောင်ထဲတွင်ပါရှိသော သိုင်းပညာအယူအဆက ယိုးမင်ဂမ္ဘီရစက်ဝန်း အမြောင်းပေါက်ထဲရှိ စကြာဝဠာထဲ၌ ဇာမဏီငှက်တစ်ကောင်အဖြစ် ထင်ရှားထွက်ပေါ်လာသည်။
ယိုးမင်ဂမ္ဘီရစက်ဝန်းက အနည်းငယ်တုံ့ပြန်သော်လည်း ပြင်းထန်ခြင်း မရှိပေ။
ဤသည်က ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ်၏ အဋ္ဌမမြောက်ပညာရပ်ဖြစ်သော ‘ထာဝရအလင်း’ ပညာရပ် ဖြစ်သည်။
ကျူတောပင်လယ်ဒေသတွင် တစ်ချိန်ကအုပ်စိုးခဲ့သော ကွမ်းမင်ဂိုဏ်းမှ “အလုံးစုံတောက်ပသိုင်းပညာ” သည် ဤပညာရပ်မှ ဆင်းသက်လာခြင်း ဖြစ်၏။
“အလင်းခန္ဓာ သိုင်းပညာ” နှင့် “အဆုံးမဲ့အလင်းလက်ဝါးသိုင်း” တို့ကဲ့သို့ သိုင်းပညာများသည်လည်း ယင်းမှပင် ပေါက်ဖွားလာခြင်းဖြစ်သည်။
ဤအလင်းရောင်သည် ထာဝရလင်းလက်နေပြီး ဘယ်တော့မှ ငြိမ်းသတ်နိုင်မည် မဟုတ်ပေ။
ဤသိုင်းပညာရပ်ကို ကျင့်ကြံသူများသည် ရှည်လျားသည့်အသက်ရှူသံနှင့် ပြင်းထန်သည့် ကြယ်တာရာ ချီစွမ်းအားနှစ်သာရရှိကြပြီး တိုက်စစ်တွင်ကျွမ်းကျင်စေကာ ခံစစ်စွမ်းအားကိုလည်း ကောင်းမွန်စေသည်။
ဤသိုင်းပညာအယူအဆ ဝိသေသလက္ခဏာများသည် ဝူထုန်တောင်စောင်းမှ အစစ်အမှန် ဇာမဏီကျမ်းစာ၏ အံ့ဖွယ်သွင်ပြင်လက္ခဏာများနှင့်ဆင်တူသည်။
သို့သော် ထိုပညာ (၂)ရပ်၏ ပြင်ပသွင်ပြင်လက္ခဏာများ တူညီသော်လည်း အရင်းခံမူများကတော့ ကွဲပြားသည်။
ထို့ကြောင့် ယိုးမင်ဂမ္ဘီရစက်ဝန်း ခဏမျှ တုန်လှုပ်သွားပြီးနောက် နဂိုမူလ တိတ်ဆိတ်သည့် အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။
ဤ အမတမှော်ဝင်ပစ္စည်းကို ပြုလုပ်ခြင်းသည် မိမိကိုယ်ကိုတိုးတက်စေရန် အခြားသော သိုင်းပညာရပ်များ၏ သဘောတရားကို ခွဲခြမ်းစိတ်ဆာပြုပြင်ပေးပြီး သိုင်းပညာရပ်များကို ဖြိုခွဲရယူခြင်း မဟုတ်ပေ။
ထို့ကြောင့် ပစ်မှတ်ထားသည့် အဆင့်မြင့်အထွတ်ထိပ် မှော်ဝင်ပစ္စည်းတွင်ပါဝင်သည့် သိုင်းပညာအယူအဆက ၎င်းကို ပိုမိုခိုင်ခံ့အောင် မစွမ်းဆောင်နိုင်သောအခါ ယိုးမင်ဂမ္ဘီရစက်ဝန်းက မည်သည့်အရာကိုမှ လုပ်ဆောင်မည် မဟုတ်ပေ။
ဤသည်မှာ ယခု ငါးရောင်ခြယ်ဇာမဏီယပ်တောင်နှင့် ခရမ်းရောင်ပင်လဘ်ဓား ဖြစ်ပျက်ခဲ့သည့်အတိုင်းပင် ဖြစ်၏။
သို့သော် တကယ်တော့ ရန်ကျောက်ကဲက သူ၏ကိုယ်ပိုင်သိုင်းပညာအယူအဆများ ယိုးမင်ဂမ္ဘီရက်ဝန်းကို ထောက်ပံ့ပေးရန်အတွက် ငါးရောင်ခြယ်ဇာမဏီယပ်တောင်ကို ကြားခံအဖြစ် အသုံးပြုခဲ့ခြင်းသာပင်။
သို့ရာတွင် သူအသုံးပြုမည့် သိုင်းပညာစွမ်းအားက ‘ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ’ မဟုတ်သေးပေ။
ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာက အလွန်တရာလေးနက်လှသည်။
ဤကျမ်းစာကို အသုံးမပြုရခြင်း၏ ပထမအချက်မှာ ရန်ကျောက်ကဲကိုယ်တိုင်သည်လည်း ထိုကျမ်းစာကိုနားလည်မှုမှာ အလယ်အလတ်မျှသာ ရှိနေသောကြောင့် ဖြစ်၏။ ဒုတိယအချက်မှာ ‘ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ’ သည် ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ်၏ (၁၂)ခုမြောက် သိုင်းပညာဖြစ်သော ‘ပြိုင်ဘက်ကင်းအဆုံးမဲ့’ ထက် လွန်ကဲစွာ သာလွန်သည်။
အကယ်၍ သူသာ ဤကျမ်းစာနှင့် ယိုးမင်ဂမ္ဘီရစက်ဝန်းကို မျက်စိမှိတ်ပေါင်းစပ်လိုက်မည်ဆိုလျှင် အရာအားလုံးကို လွှမ်းမိုးချုပ်ကိုင်ရန် ‘ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ’ က ကြိုးစားပေမည်။
သို့သော် ယိုးမင်ဂမ္ဘီရစက်ဝန်း၏ အခြေခံအုတ်မြစ်မှာ ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ် ဖြစ်နေဆဲပင်။
နတ်ဘုရားအဆင့်သို့မရောက်သေးသည့် ရန်ကျောက်ကဲအတွက် အမတမှော်ဝင်ပစ္စည်းတစ်ခုကို ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာအား အခြေခံအုတ်မြစ်အဖြစ် ပြောင်းလဲရန်မှာ မဖြစ်နိုင်ပေ။
ချုပ်ကိုင်နိုင်ရန် အတင်းအကျပ်ကြိုးစားမည်ဆိုပါက နှစ်ဦးနှစ်ဖက် အရှုံးတရားနှင့်ရင်ဆိုင်ရကာ ခွဲထွက်သည့် လမ်းကြောင်းအတိုင်း အဆုံးသတ်သွားမည် ဖြစ်၏။
သို့သော် ရန်ကျောက်ကဲ၏ ကျင့်ကြံခြင်းအဆင့်မြင့်တက်လာသည့်အချိန်နှင့် ယိုးမင်ဂမ္ဘီရစက်ဝန်း ပြီးပြည့်စုံလုနီးပါးဖြစ်သည့်အချိန် ဟန်ချက်ညီမည်ဆိုလျှင် အခွင့်အရေးသည်လည်း မြင့်တက်လာနိုင်ခြေ ရှိသည်။
ထို့ကြောင့် ရန်ကျောက်ကဲက ယိုးမင်ဂမ္ဘီရစက်ဝန်းကို အခြားသော သိုင်းပညာတစ်ရပ်ဖြင့် ထပ်မံပံ့ပိုးပေးရန် ဆုံးဖြတ်လိုက်သည်။
အမှောင်လရိပ်ဆေးလုံးကျမ်း။
ယခုတစ်ကြိမ်မျာတော့ သူက ယိုးမင်ဂမ္ဘီရစက်ဝန်း၏ ပဉ္စမမြောက် ပညာရပ်ဖြစ်သော ‘ထူးကဲယင်’ ကို ပစ်မှတ်ထားလိုက်သည်။
ဤသိုင်းပညာရပ်ကို ကျင့်ကြံမည်ဆိုလျှင် ထူးကဲယင်၏ အေးစက်ဆိတ်သုဉ်းမှုနှင့်အတူ စိတ်ဝိညာဉ်ကိုတုန်လှုပ်စေမည်ဖြစ်သည်။ ဤပညာရပ်က ယိုးမင်ဂမ္ဘီရပညာ (၁၂)ရက်ထဲတါင် အဆိပ်ပြင်းထန်သောပညာရပ်ဖြစ်ပြီး မိစ္ဆာကျင့်စဉ်နှင့် နီးစပ်ဆင်တူသည်။
ရန်သူများကို တိုက်ခိုက်ရာတွင် အသုံးပြုမည်ဆိုပါက သဏ္ဌာန်မဲ့တိုက်ခိုက်မှုပမာ အသုံးပြုနိုင်မည် ဖြစ်ကာ အတိုင်းအတာတစ်ခုအထိ ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ်မှ ‘ထူးကဲယန်’ ကို တန်ပြန်နိုင်စွမ်းရှိကြောင်း ပြဆိုနိုင်သည်။
ထို့ပြင် အမှောင်လရိပ်ဆေးလုံးကျမ်း၏ သိုင်းပညာရပ်များတွင်လည်း အလားတူသက်ရောက်မှုများ ရှိနေသည်။
ရန်ကျောက်ကဲအနေဖြင့် မဟာကပ်ဘေးကြီးအလွန်ကာလ ယိုးမင်ဂမ္ဘီရဂိုဏ်း၏ အတွင်းပိုင်းသမိုင်းကြောင်းနှင့်ပတ်သက်ပြီး နားလည်မှုအကန့်အသတ်ရှိသည်။
သို့သော် ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ်မှ ‘ထူးကဲယင်ပညာရပ်’ ကိုနားလည်လာပြီးနောက် တစ်စုံတစ်ခုအား မသိမသာ သဘောပေါက်လာသည်။
ယိုးမင်ဂမ္ဘီရဂိုဏ်း သို့မဟုတ် ယင်ထျန်းရှကိုယ်တိုင်က “အမှောင်လရိပ်ဆေးလုံးကျမ်း” အပိုင်းအစများကို ရယူနိုင်ခဲ့ပြီး သူ၏ တာအိုပညာနှင့်ပေါင်းစပ်ကာ ‘ထူးကဲယင်ပညာရပ်’ ကို မွေးထုတ်ပေးခဲ့ခြင်း ဖြစ်၏။
အမှောင်လရိပ်ဆေးလုံးကျမ်း၏ ရက်စက်ကြမ်းတမ်းသောအယူအဆများက ‘ထူးကဲယင်ပညာရပ်’ ထဲတွင် ပေါင်းစပ်ပါဝင်နေပြီး ယိုးမင်ဂမ္ဘီရဂိုဏ်း၏ မတူကွဲပြားသောပုံစံက ထိုပညာရပ်ကို ပို၍ပင်နက်ရှိုင်းလာစေသယောင် ထင်မှတ်ရသည်။
ယခု ရန်ကျာက်ကဲက အမှောင်လရိပ်ဆေးလုံးကျမ်းဖြင့် ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ်၏ ပဉ္စမမြောက်ပညာရပ်အား ထောက်ပံ့ပေးနေသဖြင့် အသစ်သောအဆင့်တစ်ခုသို့ ရောက်ရှိလာမည်ဖြစ်ပြီး တစ်ဖက်သတ်လမ်းကို အမြဲလျှောက်လှမ်းခြင်းထက် ပိုမိုများပြားသောအခြေခံအုတ်မြစ် ရရှိလာမည် ဖြစ်သည်။
အနက်ရောင်သတ္တုစက်ဝန်း၏ အမြောင်းပေါက်တစ်ခုမှ ကြောက်မက်အေးစက်ဖွယ်ရာ အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာကြောင်း တွေ့မြင်ရသည့်အခါ ရန်ကျောက်ကဲနှုတ်ခမ်းထောင့်များ တွန့်ကွေးကာ ပြုံးလိုက်မိသည်။
နီးကပ်စွာကပ်လျှက်ရှိနေသော အမြောင်းပေါက်နှစ်ခုအနက် တစ်ခုက ခမ်းနားသောနေရောင်ခြည်ကို ထုတ်လွှတ်နေပြီး ကျန်တစ်ခုက အေးစက်ငြိမ်သက်သော လရောင်ကိုထုတ်လွှတ်ကာ ထူးခြားသော အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။
***
နောက်ရက်များတွင်တော့ ရန်ကျောက်ကဲ အေးဆေးသောဘဝဖြင့် နေထိုင်ခဲ့သည်။
ရန်တိ၏ ထိုက်ယိဟွာတိမ်တိုက်ကိုလေ့လာပြီး အာရုံစူးစိုက်မှုကောင်းစွာဖြင့် ကျင့်ကြံသလို ယိုးမင်ဂမ္ဘီရစက်ဝန်းကိုလည်း ထပ်မံသန့်စင်ရန် ကြိုးစားသည်။
ဝါဒတောင်သို့ပြန်ရောက်ပြီးကတည်းက ရန်ကျောက်ကဲ သူနေထိုင်ရာနေရာတွင်သာ တိတ်ဆိတ်စွာ ကျင့်ကြံနေခဲ့သည်။
ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာတွင် ဖြစ်ပေါ်ခဲ့သော အရေးကြီးသည့် အပြောင်းအလဲရေစီးကြောင်းများတွင်လည်း သူက ပါဝင်ပတ်သက်ခြင်း မရှိပေ။
အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်က တောင်ပိုင်း မီးတောက်ကောင်းကင် ပြည်နယ်အား တိုက်ခိုက်ရာတွင် ဝါဒတောင်က အဖြစ်သဘောလောက်သာပါဝင်ပြီး တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။ ထို့ပြင် ကျူတောပင်လယ်ဒေသမှာပင် ကြီးမားသော လှုပ်ရှားမှုများမပြုလုပ်ဘဲ သိုသိုသိပ်သိပ် နေထိုင်လျှက် ရှိ၏။
သို့သော် ကြီးမားသောအဖြစ်အပျက်တစ်ခုမှာ ဝါဒတောင်ဂိုဏ်းချုပ် ရန်တိ အမတကူးပြောင်းခြင်းအင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်ပြီး အခြားအရာများကတော့ ထူးထူးခြားခြား ငြိမ်သက်နေလေသည်။
လက်ရှိအချိန်မှာတော့ အထက်ဘုံကမ္ဘာတစ်ဝှမ်းလုံးက ရန်ကျောက်ကဲနှင့် ဝါဒတောင်ကို လျှော့တွက်ရဲခြင်း မရှိကြတော့ပေ။
တစ်ချိန်တည်းမှာပင် လူအများက စောင့်မျှော်နေခဲ့ကြသည်။
ဇာမဏီရိုးရာတောင် ၊ ဝူထုန်တောင်စောင်းသို့ တောင်ပိုင်းထိပ်တန်းအရှင်သခင် ကျွမ်းရှန်ပြန်ရောက်လာမည့်နေ့ကို စောင့်မျှော်နေကြသည်။
ခွန်လွန်တောင် ၊ ပုံရိပ်ယောင်တောင်ထွတ်သို့ ချင်းယွမ်ဧကရာဇ် ပြန်လာမည့်ရက်ကို စောင့်မျှော်နေကြသည်။
ထိုသူများပြန်ရောက်လာသည့်တစ်နေ့တွင် ဝါဒတောင်က ဒဏ္ဍာရီအသစ်များကို ရေးထိုးနိုင်မည်လား ၊ သို့မဟုတ် လျှပ်တစ်ပြက် ကြွေကျသွားသော ဥက္ကာပျံပမာ သက်တမ်းတိုစွာ ပျက်သုဉ်းသွားမည်လား ဆိုသည်က ရှင်းလင်းသွားပေမည်။
လက်ရှိတွင် ကျင်းထင်တောင်ပဲဖြစ်ဖြစ် ၊ စုတ်ပြတ်လျှက်ရှိသော ဝူထုန်တောင်ပဲဖြစ်ဖြစ် ၊ တာအိုဆရာချင်ရှုကျီနှင့် တာအိုဆရာချန်းလန်တို့ သေဆုံးပြီးသည့်နောက်ပိုင်း တိတ်ဆိတ်ငြိမ်သက်နေသည့် ပုံရိပ်ယောင်တောင်ထွတ်သည်ပဲ ဖြစ်ဖြစ် ထိုအခိုက်အတန့်ကို စောင့်မျှော်နေခဲ့ကြလေသည်။
***
ထိုသို့ဖြင့်...
စက်ဝန်းတောင်တန်းတိုက်ပွဲပြီးဆုံးသည့်နောက် အထက်ဘုံကမ္ဘာတွင် အချိန် (၅)နှစ်တိတိ ကြာမြင့်သွားခဲ့သည်။
ဝါဒတောင်ထက်မှ အိမ်တော်ထဲတွင် ရန်ကျောက်ကဲနှင့် ရန်တိတို့သားအဖ မျက်နှာချင်းဆိုင်ထိုင်နေကြသည်။
“ကျွန်တော် သမုဒ္ဒရာကမ္ဘာကို ထပ်ပြီးသွားဦးမယ်”
ရန်ကျောက်ကဲက တိုးတိတ်စွာဆိုသည်။
“ချန်းဧကရာဇ် ဘယ်တော့ပြန်လာမလဲဆိုတာ မသေချာဘူး ၊ ပြီးတော့ တောင်ပိုင်းထိပ်တန်း အရှင်သခင် ကျွမ်းရှန်လည်း ဘယ်တော့ပြန်လာမလဲဆိုတာ မသေချာဘူး ၊ ဒီတော့ ကျွန်တော် တတ်နိုင်သမျှ ကြိုးစားရမှာပဲ”
ရန်တိက...
“လုပ်စရာရှိတာသာလုပ်ပါ...”
ရန်ကျောက်ကဲက...
“ဒီအတောအတွင်း ကိစ္စတစ်ခုစုံစမ်းပေးဖို့ အဖေနဲ့ ဝါဒတောင်ကိုပဲ ဒုက္ခပေးရတော့မယ်”
ပြောပြီးသည်နှင့် သူက ရန်တိကို ကျောက်စိမ်းပြားလေးတစ်ခု ကမ်းပေးလိုက်ရင်း...
“ဒီထဲမှာထည့်ထားတဲ့ နည်းလမ်းတွေနဲ့ အဆင့်တွေအတိုင်း ကျူတောပင်လယ်ဒေသရဲ့ မြေပြင်သွေးကြောစီးဆင်းမှုတွေကို ဂရုတစိုက်တိုင်းတာပြီး ထူးခြားတာတစ်ခုခု ရှာဖွေပေးနိုင်မလား”
ရန်တိက ရန်ကျောက်ကဲပေးလာသည့် ကျောက်စိမ်းပြားလေးအတွင်းမှ အချက်အလက်များကို အကြမ်းဖျင်းကြည့်လိုက်ပြီးနောက် မျက်ခုံးတစ်ချက်ပင့်လိုက်သည်။
“ကောင်းကင်စွမ်းအားအစီအရင် မူဝါဒတွေနဲ့ဆင်တူနေတယ်....”
ရန်ကျောက်ကဲက သူ့ခန္ဓာကိုယ်အား အသာပွတ်သပ်ရင်း...
“အစကိုပြန်သွားမယ်ဆိုရင် ပြဿနာကိုဖြေရှင်းတဲ့နည်းလမ်းက ဒီအစီအရင်ကိုတည်ဆောက်တဲ့ကိစ္စထဲမှာ ကွယ်ဝှက်ပြီး ရှိနေလိမ့်မယ်”