← Chapters

‘ရန်’ အိမ်တော်က ယောက်ျားလေးတွေရဲ့ ဇနီးများ

Vol. 72 Ch. 1008

‘ရန်’ အိမ်တော်က ယောက်ျားလေးတွေရဲ့ ဇနီးများ

Vol. 72 Ch. 1008

အခန်း (၁၀၀၈) ‘ရန်’ အိမ်တော်က ယောက်ျားလေးတွေရဲ့ ဇနီးများ

ကျူတောပင်လယ်ဒေသသို့ ပထမဆုံးရောက်ရှိလာစဉ်က ရန်ကျောက်ကဲ၏ ကျင့်ကြံခြင်းအဆင့်က နည်းပါးသေးပြီး တန်ခိုးစွမ်းအားလည်း မြင့်မားခြင်း မရှိသေးပေ။

သူ၏အဓိကအရန်သူဖြစ်စသော ကွမ်းမင်ဂိုဏ်း၏ ခြိမ်းခြောက်မှုကိုလည်း ခံနေရပြီး ထိုဂိုဏ်းက အစွန်းရောက်ရှစ်ပါးကမ္ဘာကို အချိန်မရွေးဆင်းသက်ကာ ဝါဒ‌တောင်ကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်။

ထိုအချိန်တွင် ရန်ကျောက်ကဲက ကျူတောပင်လယ်ဒေသရှိ စွမ်းအားစုများကြား သူ၏လှုပ်ရှားနိုင်စွမ်းကို ချဲ့ထွင်ရန် ကြိုးစားခဲ့သည်။

သူက တာ့ရွှမ်တိုင်းပြည်၏ ကောင်းကင်စွမ်းအားအစီအရင်ကို ဖျက်ဆီးပြီး တာ့ရွှမ်မင်းဆက်မှ လူပေါင်းများစွာကို သတ်ဖြတ်ပစ်ကာ ထိုသူများနှင့် ကမ္ဘာမကျေရန်သူများ ဖြစ်လာခဲ့သည်။

ထိုစဉ်အချိန်က ချင်းယွမ်ဧကရာဇ်က ရှန်လင်ကျီတိုအုပ်စုအား ကျူတောပင်လယ်ဒေသသို့ တိတ်တဆိတ်စေလွှတ်ပြီး ကောင်းကင်စွမ်းအားအစီအရင်ကိုတည်ဆောက်စေခဲ့ကာ တာအိုဝါဒ ဧကရာဇ် (၄)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော ‘မြေကမ္ဘာဘုရင်မ’ ကို ရှာဖွေရန် ကြိုးစားခဲ့သည်။

သို့သော် ချင်းယွမ်ဧကရာဇ်က မလျှော့သောဇွဲဖြင့် မြေကမ္ဘာဘုရင်မကို ဘာ့ကြောင့် ရှာဖွေရပါသနည်းဆိုသောအချက်ကို ရန်ကျောက်ကဲ စိတ်ဝင်စားခြင်း မရှိခဲ့ပေ။

ဤသည်က အရှေ့တောင်ထိပ်တန်းအရှင်သခင် ချောင်ကျယ် စဉ်းစားရမည့် ပြဿနာဖြစ်၏။

ရန်ကျောက်ကဲကတော့ သူ၏အင်အားကိုမြှင့်တင်ရန် တာ့ရွှမ်တိုင်းပြည်၏ ခြိမ်းခြောက်မှုအား မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ကိုသာ အဓိကထား စဉ်းစားခဲ့သည်။

သို့သော် ယခု ချင်းယွမ်ဧကရာဇ်နှင့် ထိပ်တိုက်ရင်ဆိုင်ရမည့်အခြေနေသို့ ရောက်ရှိလာသည်ဖြစ်ရာ အစက သူလျစ်လျူရှုခဲ့သော ကောင်းကင်စွမ်းအာအစီအရင်ကို ရန်ကျောက်ကဲ တစ်ဖန်ပြန်လည်အာရုံစိုက်လာရသည်။

ချန်းဧကရာဇ်သည် ကောင်းကင်စွမ်းအားအစီအရင်တည်ဆောက်ရန် အဘယ့်ကြောင့် လျှို့ဝှက်စေခိုင်းခဲ့ပါသနည်း။

အစီအရင်တည်ဆောက်သည့်နေရာသည် အရှေ့တောင်နေဝန်းကောင်းကင်ပြည်နယ် ၊ ကျူတောပင်လယ်ဒေသတွင် အဘယ့်ကြောင့် ရှိရပါသနည်း။

ထိုအစီအရင်ပြုလုပ်ရန် တားဆီးခံရပြီးနောက် ချင်းယွမ်ဧကရာဇ်သည် အဘယ့်ကြောင့် ထိုကိစ္စကိုလက်ခံရန် အလွန်ခက်ခဲနေရပါသနည်း။

ချင်းယွမ်ဧကရာဇ်က ထူးဆန်းစွာပြုမူတတ်သူတစ်ယောက်အဖြစ် ထင်ရှားသည်။ ထို့အတူ သူကဲ့သို့ပင် အခြားသူများသည်လည်း ထူးဆန်းစွာ ပြုမူတတ်ကြသည်ပင်။

အရှေ့တောင်ထိပ်တန်းအရှင်သခင် ချောင်ကျယ်က ဓားကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး အခြားသူများကို လွတ်လပ်စွာပင် လုပ်ချင်ရာလုပ်ခွင့်ပေးတတ်သည့်သဘောထားရှိတတ်သလို အကြောင်းအရာအများစုတွင် အလယ်အလတ်ဝါဒကို ကျင့်သုံးသူ ဖြစ်သည်။

သို့သော် ပြည်နယ်တစ်ခုကိုအုပ်ချုပ်သော ထိပ်တန်းအရှင်သခင်တစ်ပါးဖြစ်သည့်အပြင် ဓားသိုင်းကျင့်ကြံသူတစ်ယောက်လည်းဖြစ်လေရာ အမှန်တကယ် အမျက်ရှမည်ဆိုလျှင်တော့ အဆုံးထိ ခိုင်မာပြတ်သားစွာ ရပ်တည်ဆုပ်ကိုင်သွားမည်မှာ သေချာသည်။

အစစ်အမှန်နတ်ဘုရားတစ်ပါးနှင့်ရင်ဆိုင်ရလျှင်ပင် သူက အလျှော့ပေးမည့်သူတစ်ယောက် မဟုတ်ပေ။

သို့သော် ကောင်းကင်စွမ်းအားအစီအရင်တည်ရှိမှုကို ပထမဆုံးအကြိမ်းသိရှိပြီးနောက် ချောင်ကျယ်က ခန်းဖင်းနှင့် တာ့ရွှမ်မင်းဆက်မှအခြားသူများကို  ကျူတောပင်လယ်ဒေသတွင် ဆက်လက်နေထိုင်ရန် တိတ်တဆိတ်ခွင့်ပြုခဲ့သည်။

ဝါဒတောင်နှင့် ရန်ကျောက်ကဲကြောင့် တာ့ရွှမ်တိုင်းပြည် အောင်မြင်မှုရရှိရန် ခက်ခဲသွားပြီး များစွာဖိနှိပ်ခံခဲ့ရသည်။

ရန်ကျောက်ကဲက ကျင်းထင်တောင်နှင့် ဆက်ဆံရေးကောင်းမွန်ပြီး ကျင်းထင်တောင်က ရန်ကျောက်ကဲနှင့်ဝါဒတောင်ကို လျှို့ဝှက်စွာ ကာကွယ်ပေးထားခဲ့သည်။

အရှေ့တောင်နေဝန်းကောင်းကင်ပြည်နယ်နှင့် မြောက်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်အကြားတိုက်ပွဲတစ်ခု စတင်ခဲ့ပြီး ဇာမဏီရိုးရာတောင် ၊ ဝူထုန်တောင်စောင်းသည်လည်း ရန်ကျောက်ကဲအပေါ် အမျက်သိုကာ ဖျက်ဆီးပစ်ရန် ကြိုးစားခဲ့သည်။

ချင်းယွမ်ဧကရာဇ်က အရှေ့တောင်နှင့် တောင်ပိုင်းတိုက်ပွဲတွင် ကျွမ်းရှန်ကိုကူညီကာ အရှေ့တောင်ထိပ်တန်းအရှင်သခင်ကို ထိန်းချုပ်ရန်ကြိုးစားခဲ့ပြီး ရန်ကျောက်ကဲနှင့် ဝါဒတောင်ကို ကိုင်တွယ်ရန်အတွက် အရှေ့တောင်ပိုင်းမှ သိုင်းသမားများကို ရှင်းပစ်ခဲ့သည်။

ဤအပြုအမူက အရှေ့တောင်ထိပ်တန်းအရှင်သခင်ကို အမျက်ရှစေပြီး သူက ပိုးသားဧကရာဇ်ကို ကူညီပေးပါရန် ဆက်သွယ်ခဲ့သဖြင့် နောက်ဆုံးမှာတော့ ချန်းဧကရာဇ်နှင့် တောင်ပိုင်းထိပ်တန်းအရှင်သခင် ကျွမ်းရှန်တို့ ဆုတ်ခွာသွားခဲ့ကြသည်။

အထက်ဘုံကမ္ဘာရှိ အခြားသောထိပ်တန်းအဆင့်တန်ခိုးစွမ်းအားရှင်များကတော့ ဤကိစ္စကို ထောက်ခံခြင်းလည်းမရှိသလို ကန့်ကွက်ခြင်းလည်းမရှိကြဘဲ ဝင်ရောက်စွက်ဖက်ခဲ့ကြခြင်း မရှိပေ။

ယုတ္တိကျကျပြောရလျှင် မြေကမ္ဘာဘုရင်မ၏ အချက်အလက်ကိုရှာဖွေခြင်းက မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် တာအိုဝါဒတစ်ခုလုံးတွင် တစ်ခါမှမကြားဖူးသော အရေးကြီးကိစ္စတစ်ခု ဖြစ်သည်။

အခြားသောတာအိုဝါဒ၏ အထွတ်ထိပ်အဆင့်ကျွမ်းကျင်သူများသည်လည်း နည်းလမ်းသိရှိလျှင် ထိုသို့ပြုလုပ်ရန်ကြိုးပမ်းမည်ဟု ရန်ကျောက်ကဲ ယုံကြည်သည်။

သို့ဖြစ်ရာ အထက်ဘုံကမ္ဘာမှ အခြားသောထိပ်တန်းတန်ခိုးစွမ်းအားရှင်များက ဤလှုပ်ရှားမှုမှာ ချင်းယွမ်ဧကရာဇ်၏ ကိုယ်ရေးကိုယ်တာကိစ္စအဖြစ် ရှုမြင်ကြသည်။

အရှေ့တောင်ထိပ်တန်းအရှင်သခင်နှင့် ပုဂ္ဂိုလ်ရေးအရ ခင်မင်ရင်းနှီးမှုကြောင့် ပိုးသားဧကရာဇ်တစ်ယောက်သာလျှင် ဝင်ရောက်စွက်ဖက်ခဲ့သည်။

ဤသည်က ကိုယ်ရေးကိုယ်တာကိစ္စတစ်ခုဆိုလျှင် မည်သို့သောအကြောင်းပြချက်မျိုး ရှိနိုင်ပါသနည်း။

ယခု ချင်းယွမ်ဧကရာဇ်၏အမျက်ဒေါသကိုရင်ဆိုင်ရသည့်အခါ ရန်ကျောက်ကဲက ဤကိစ္စကို အလွန်စိတ်ဝင်စားလာသည်။

ရန်တိက စိတ်ဝင်တစားဖြင့်ပင် ကျောက်စိမ်းပြားလေးကို သိမ်းဆည်းလိုက်ရင်း...

“စိတ်ချ... ဒီကိစ္စ ငါကိုယ်တိုင်တာဝန်ယူမယ်”

ရန်ကျောက်ကဲ မတ်တတ်ထရပ်လိုက်ပြီး...

“ဒါဖြင့် ကျွန်တော် အခုပဲ သမုဒ္ဒရာကမ္ဘာကိုသွားတော့မယ်...”

ရန်တိက ခေါင်းညိတ်ရင်း...

“ကောင်းပြီ ၊ စိတ်ချလက်ချသွားပါ...”

ရန်ကျောက်ကဲက ကြိုးစားပြီးပြုံးလိုက်ရင်း...

“ပွင့်ပွင့်လင်းလင်းပြောရရင် တောင်ပေါ်ကကိစ္စအတွက်မဟုတ်ရင်တောင်မှ စိတ်ကတော့ မအေးနိုင်ပါဘူး”

သူက ဆက်ပြောသည်။

“မြောက်ပိုင်းက ကွမ်းယွိလော်မိန်းကလေးသတင်းပို့လာတာကတော့ ယွင်ရှန်းဝင်သွားတဲ့ ‘တံခါး’ က နောက်နှစ်အနည်းငယ်ဆိုရင် ပြန်ပွင့်လာဖို့ အခွင့်အရေးရှိတယ်တဲ့”

ဖန်းယွင်ရှန်းက သူသွားသည့်လမ်းကြောင်းကို အတိုင်းအတာတစ်ခုအထိ ဖြတ်တောက်ခဲ့သည်။

ထို့ကြောင့် လက်ရှိတွင် သူမ မည်သည့်အလုပ်များလုပ်ဆောင်နေသည်ကို ရန်ကျောက်ကဲအနေဖြင့် သိရှိနိုင်ခြင်း မရှိပေ။

ဖန်းယွင်ရှန်းက အလွန်အစွမ်းထက်သော လက်နက် (၂)ခုဖြစ်သည့် ထူးကဲယင်သရဖူနှင့် နေရိပ်နတ်ဓားကို ပိုင်ဆိုင်ထားလေရာ သူမက မည်မျှပင် ရည်မှန်းချက်ကြီးမားပြီး ထက်မြက်သူဖြစ်ပါစေ ရန်ကျောက်ကဲအနေဖြင့် စိတ်မပူပန်ဘဲ မနေနိုင်ပေ။

ရန်တိက...

“ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ ဒီလိုတပည့်တစ်ယောက်ရထားတာ အရမ်းဝမ်းသာတယ်”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ မင်းစိတ်ပူတာကိုလည်း ငါနားလည်နိုင်ပါတယ်”

ရန်ကျောက်ကဲက ကောင်းကင်ထက်သို့ခေါင်းမော့ကြည့်ရင်း တိုးတိတ်စွာ သက်ပြင်းချလိုက်သည်။

“အဖေ... ကျွန်တော်တို့ ‘ရန်’ အိမ်တော်က ယောကျ်ားလေးတွေရဲ့ ဇနီးတွေကတော့ တကယ့်ကို စိတ်ပူအောင်လုပ်တဲ့သူတွေချည်းပဲဗျာ...”

ထိုစကားကြားတော့ ရန်တိက ဒေါသတကြီးဖြင့်...

“မင်း ဘာစကားပြောလိုက်တယ်”

ရန်ကျောက်ကဲ ဇက်ပုသွားသော်လည်း တီးတိုးရေရွတ်လိုက်သည်။

“အဖေ့မိန်းမကိုရှာနေတာ ဒီလောက်ကြာနေပြီ ၊ အခုထိမတွေ့ရသေးတဲ့အပြင်... ကျွန်တော့်မိန်းမကပါ ပျောက်သွားပြန်ပြီ”

ရန်ကျောက်ကဲ၏ ပျင်းရိပျင်းတွဲမျက်ဝန်းများကိုကြည့်ရင်း ရန်တိစိတ်တိုသွားသည်။

သူက သားဖြစ်သူကို လက်ညှိုးထိုးလိုက်ပြီး မည်သည့်စကားမှမဆိုနိုင် ဖြစ်နေပြီးမှ သားဖြစ်သူကို ရိုက်ရန်လက်ကိုမြှောက်လိုက်ချိန် ရန်ကျောက်ကဲက အခန်းထဲမှ လစ်ထွက်သွားခဲ့လေပြီ။

ထွက်ပြေးသွားသော သားဖြစ်သူကိုကြည့်ရင်း ရန်တိမှာ ရယ်ရမလား ငိုရမလားမသိ ဖြစ်သွားသည်။

ထိုစဉ် တံခါးဝတွင် ရန်ကျောက်ကဲ ဦးခေါင်းထွက်ပေါ်လာပြီး...

“ဒါနဲ့ အဖေ ၊ ဂိုဏ်းတူညီလေး’ရှကွမ်း’ အခြေအနေဘယ်လိုရှိလဲ”

လွန်ခဲ့သော (၅)နှစ်က ရန်ကျောက်ကဲနှင့်အတူ အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်သို့ အတူတူပြန်လာခဲ့သော ရှကွမ်းသည် သူ၏ဆန္ဒအတိုင်း ဝါဒတောင်တွင်တပည့်အဖြစ် ခိုလှုံခဲ့သည်။

သူ့အတွက်တော့ ဝါဒတောင်၏အကဲဖြန်စစ်ဆေးမမှုများကို ဖြတ်ကျော်ရန် မခက်ခဲပေ။

ဂိုဏ်း၏စည်းကမ်းအတိုင်း အဖြူရောင်ဝတ်အပြင်စည်းတပည့်အဖြစ် စတင်ခဲ့ရသော်လည်း မကြာမီ အပြာရောင်ဝတ်စုံကို ဝတ်ဆင်ရသည့် အတွင်းစည်းတပည့်ဖြစ်လာကာ နောက်ဆုံးမှာတော့ အပြာရောင်ဝတ်ရုံတွင် အနက်ရောင်အနားသတ်ပါရှိသော တပည့်ရင်းတစ်ယောက် ဖြစ်လာခဲ့သည်။

သူ၏ဆရာဖြစ်သူကတော့ ဝါဒတောင်ဂိုဏ်းချုပ် ရန်တိ ဖြစ်လာခဲ့သည်။

“ဒီကောင်လေးက အရည်အချင်းရှိတယ် ၊ နားလည်နိုင်စွမ်းမြင့်မားတယ် ၊ ကြိုးလည်း ကြိုးစားတယ်”

ရန်တိက မှတ်ချက်ပြုသည်။

ရှကွမ်းက ခေါင်းမာပြီး ဒေါသကြီးခြင်းကို ရန်တိက သိပ်အရေးမစိုက်ပေ။

ရန်တိသည်လည်း အတိုင်းအတတစ်ခုအထိ ဒေါကြီးသူတစ်ယောက်ဖြစ်ပြီး သူက ရှကွမ်းလောက် ဒေါသကို ထုတ်ဖော်မပြတတ်သည်သာ ရှိသည်။

ရန်ကျောက်ကဲက...

“သူ့ ဆွေမျိုးတွေကိုရော ရှာတွေ့ပြီလား မသိဘူး”

ရန်တိက ခေါင်းခါယမ်းရင်း...

“မတွေ့သေးဘူး”

လင်ကူတောင်တန်း ၊ မိုးကြိုးသံတောင်ထွတ်မှ ‘ရှ’ အိမ်တော်တစ်ခုလုံး ကြေကွဲဖွယ်ရာသုတ်သင်ခံရပြီး ပျက်ဆီးသွားသည့်နောက် ရှကွမ်းအပြင် ပြင်ပလောကသို့ လေ့လာ‌ရေးခရီးထွက်နေကြသည့် အခြားသော မောင်နှမ (၂)ယောက်လည်း အသက်ရှင်လျှက် လွတ်မြောက်သွားခဲ့သည်။

ရှကွမ်းက ရန်ကျောက်ကဲနှင့်အတူ ရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်သို့ပြန်ရောက်လာပြီး ဝါဒတောင်တပည့်ဖြစ်လာသည့်နောက်ပိုင်း မောင်နှမများကိုရှာဖွေရန် လင်ကူတောင်တန်းဒေသသို့ မကြာခဏဆိုသလို ပြန်ဖြစ်ခဲ့သည်။

သို့သော် သူ၏အစ်ကိုနှင့်အစ်မ ဤနေရာသို့ ပြန်မလာကြောင်းသာ သတင်းရရှိခဲ့သည်။

လွန်ခဲ့သည့် (၅)နှစ်အတွင်း ဝါဒတောင်သည်လည်း ကျင်းထင်တောင်အကူအညီကိုရယူကာ အရှေ့တောင်နေဝန်းကောင်းကင်ပြည်နယ်တစ်ဝိုက် ရှကွမ်း၏ မောင်နှမများကို ရှာဖွေခဲ့သော်လည်း မည်သည့်သတင်းမှ မရခဲ့ပေ။

သူတို့ (၂)ယောက် သုံးပေတောင်လက်ထဲကျရောက်သွားမည်ကို ရှကွမ်းက စိုးရိမ်ပူပန်နေခဲ့သည်။

သို့သော် အဖွဲ့အစည်းအသီးသီးမှ သတင်းအချက်အလက်များစွာ စုံစမ်းမေးမြန်းပြီးသည့်နောက် သုံးပေတောင်တွင် ထိုသူ (၂)ယောက်ကို ဖမ်းဆည်းထားခြင်းမရှိကြောင်း ဖြည်းဖြည်းချင်း အတည်ပြုနိုင်ခဲ့သည်။

သူ၏အစ်ကိုနှင့်အစ်မမှာ သုံးပေတောင်၏အန္တရာယ်ကိုကြောက်ရွံ့သဖြင့် သဲလွန်စဖျောက်ကာ အဝေးတစ်နေရာတွင် ပုန်းအောင်းနေခြင်းဖြစ်နိုင်သည်ဟု တွေးတော့လျက် ရှကွမ်းက စိုးရိမ်စိတ်များကို ထိန်းသိမ်းထားနိုင်ခဲ့သည်။

ဝါဒတောင်တွင် အခြေချနိုင်ခဲ့ပြီးနောက် ရံဖန်ရံခါ အစ်ကိုနှင့်အစ်မကို လိုက်လံရှာဖွေခဲ့သည်။

ရှကွမ်းက မကြာသေးမီနှစ်များအတွင်း ကျူတောပင်လယ်ဒေသတလွှားတွင် “သွေးနီမိုးကြိုးသခင်” ဟု နာမည်ကျော်ကြားသူဖြစ်သော်လည်း ရန်ကျောက်ကဲနှင့် ရန်တိတို့ကဲ့သို့ပင် အပြင်လောသို့ သိပ်မထွက်ဘဲ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်သူဖြစ်သည်။

ရှကွမ်းက နာမည်ကျော်ကြားလိုသည့်ဆန္ဒမရှိသော်လည်း သူ၏အစ်ကိုနှင့်အစ်မ သူ့အကြောင်းကြားသိကာ ကျူတောပင်လယ်ဒေသသို့ ရောက်လာမည်လားဟု မျှော်လင့်လျက် ရှိသည်။

ရန်ကျောက်ကဲက သက်ပြင်းချရင်း...

“ဂိုဏ်းတူညီလေး’ရှ’ တကယ့်ကို နာကျင်နေမှာပဲ ၊ ကံကောင်းပြီး သူ့ရဲ့ အစ်ကိုအစ်မတွေနဲ့ မကြာခင်ပြန်ဆုံနိုင်ဖို့ မျှော်လင့်ပါတယ်”

ရန်တိက ခေါင်းညိတ်လိုက်သည်။

အသစ်ဝင်ရောက်လာသော ဤတပည့်သည် သူတို့သားအဖကဲ့သို့ပင် အလားတူဝမ်းနည်းဖွယ်အခြေအနေမျိုးဖြင့် ဒုက္ခရောက်နေသည်ဟု ယူဆနိုင်သည်။

ရန်တိ၏မျက်ဝန်းများ ခဏတာမျှ အဝေးသို့လွင့်မျောသွားပြီးနောက် ချက်ချင်းပင် ပြန်လည်ခိုင်မာ တည်ကြည်လာသည်။

“လူသားအထွတ်ထိပ်အဆင့်...”

All Chapters