သိုင်းသူတော်စင်အစေခံ
Vol. 72 Ch. 1009
အခန်း (၁၀၀၉) သိုင်းသူတော်စင်အစေခံ
ရန်ကျောက်ကဲသည်လည်း လူသားအထွတ်ထိပ်အဆင့်သို့ မြန်နိုင်သမျှမြန်မြန် ရောက်ချင်နေပြီ ဖြစ်သည်။ သို့သော် ဤသည်က သိုင်းကျင့်ကြံသူတစ်ယောက်၏ စိတ်ဆန္ဒမျှသာဖြစ်သည်။
မိခင်ဖြစ်သူ ရွှယ်ချူးချင်နှင့်ပတ်သက်ပြီး သူ့အနေဖြေင့် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရန် မလိုအပ်ပေ။
သူက ‘အမတခုံရုံး’ သို့ ရောက်ရှိခဲ့ပြီးဖြစ်ရာ ချောင်ကျယ်နှင့် လျိုကျန်းကူတို့၏ မျက်လုံးများထဲတွင် သူ့ကို “ထိန်းမရနိုင်သူတစ်ယောက်အဖြစ်” သဘောထားပြီး ထိုအချက်ကို ဖုံးကွယ်ထားရန် မလိုအပ်တော့ပေ။
ဟုတ်ပေသည်။
ချောင်ကျယ်နှင့် အခြားသော ထိပ်တန်းအရှင်သခင်များ ပြန်ရောက်လာမည်ဆိုပါက ချောင်ကျယ်နှင့်အဆင်မပြေသော တောင်ပိုင်းထိပ်တန်းအရှင်သခင် ကျွမ်းရှန်နှင့် အနောက်ပိုင်းထိပ်တန်းအရှင်သခင်တို့သည်လည်း ပြန်ရောက်လာပြီဟု အဓိပ္ပါယ်သက်ရောက်သည်။
အမတခုံရုံးနှင့် ဗုဒ္ဓဘာသာကြားမှ အငြင်းပွားမှုများ ပြင်းထန်နေရာမှ တဖြည်းဖြည်းငြိမ်သက်သွားပါက ကိစ္စများအားလုံး ပြီးဆုံးသွားလျှင် ချင်းယွမ်ဧကရာဇ်သည်လည်း အထက်ဘုံကမ္ဘာသို့ ပြန်လာမည် ဖြစ်သည်။
ထို့ကြောင့် ရန်ကျောက်ကဲနှင့် ဝါဒတောင်အတွက် ပြင်ဆင်မှုများ ဆောလျင်စွာပြုလုပ်ထားရန် လိုအပ်သည်။
ရန်တိကို နှုတ်ဆက်စကားဆိုပြီးနောက် ရန်ကျောက်ကဲ သမုဒ္ဒရာကမ္ဘာသို့ ထွက်လာခဲ့သည်။
ယခုတစ်ကြိမ်မှာတော့ အထက်ဘုံကမ္ဘာတွင် ရန်သူများနှင့်ရင်ဆိုင်ရန် လူအင်အား ချန်ထားခဲ့ရန် မလိုတော့သဖြင့် ပန်ပန်က ရန်ကျောက်ကဲကို ကာကွယ်ပေးရန် အတူတူအဖော်ပြု လိုက်ပါလာသည်။
အားဟူနှင့် ရှောင်အိုက်တို့ (၂)ယောက်ကတော့ ပတ်ဝန်းကျင်အနေအထား ပိုမိုကောင်းမွန်သည့် အထက်ဘုံကမ္ဘာမှာပင် ကျင့်ကြံရန် နေရစ်ခဲ့ကြသည်။
ဤနှစ်ပိုင်းအတွင်း အားဟူက သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့်သို့ရောက်ရှိခဲ့ပြီး သိုင်းသူတော်စင်တစ်ယောက်အဖြစ် အဆင့်တက်နိုင်ခဲ့သည်။
သူ့လိုပင် ယင်လုန်ထူနှင့် စစ်ခုန်ချင်းတို့သည်လည်း ထို့အတူပင် ဖြစ်၏။
ထူးခြားချက်မှာ ယင်လုန်ထူက အသက် (၂၇)နှစ်တွင် သိုင်းသူတော်စင်တစ်ယောက်ဖြစ်လာပြီး ဝါဒတောင်၏ အတွင်းပိုင်းစံချိန်ကို ချိုးဖျက်သွားခဲ့ခြင်းပင်။
သူက သိုင်းဆရာသခင်အဆင့်တွင် အထက်ဘုံကမ္ဘာသို့ ရောက်လာသည်ဟု ယူဆပါက ဤသို့ ကျင့်ကြံခြင်းအမြန်နှုန်းသည် အထက်ဘုံကမ္ဘာတစ်ခုလုံးတွင် အတော်ဆုံးများထဲတွင်ပါဝင်မည်မှာ သေချာသည်။
ထို့အတူ ရှောင်အိုက်နှင့် ရှီကျွင်းတို့သည်လည်း သေခြင်းတရာကိုကျော်လွန်ခြင်းအဆင့်သို့ ရောက်ရှိလာပြီး သိုင်းသူတော်စင်အဆင့်သို့တက်ရောက်ရန် ကြိုးစားနေကြပြီ ဖြစ်သည်။
ဝါဒတောင်၏ စတုတ္ထမျိုးဆက်တပည့်ဖြစ်သော ရှီကျွင်း ဤသို့အောင်မြင်မှုရခြင်းအတွက် ယွမ်ကျန်းဖုန်း ၊ ရန်တိ ၊ ဖန်ကျွင်း ၊ ဖူအန်းစုနှင့် အခြားအကြီးအကဲများအားလုံး စိတ်နှလုံးပျော်ရွှင်ကြရသည်။
ဤနှစ်ပိုင်းအတွင်း ရန်တိနှင့် ရန်ကျောက်ကဲတို့သားအဖ ပြင်ပလောကသို့ ထွက်ခွာကြခြင်းမရှိသလို ဝါဒတောင်သည်လည်း အတော်လေး တိတ်ဆိတ်နေသည်ဟု ထင်မှတ်ရသော်လည်း ဂိုဏ်းတစ်ခုလုံး၏ အင်အားစုစည်းမှုက ပိုမိုနက်နဲလာသည်။
ရန်ကျောက်ကဲ သမုဒ္ဒရာကမ္ဘာတွင် (၁)နှစ်ကြာ တံခါးပိတ်ကျင့်ကြံနေစဉ် ရန်တိက အမတကူးပြောင်းခြင်းအလယ်ဆင့် ၊ သိုင်းသူတော်စင် အဋ္ဌမအဆင့်သို့ ရောက်ရှိသွားလေရာ ပြင်ပလောကကြီးက ဝါဒတောင်ကို ပိုမိုအာရုံစူးစိုက်လာကြသည်။
ယနေ့မှာတော့ ဝါဒတောင်သည် အထက်ဘုံကမ္ဘာတွင် တရားဝင်တောင်တံခါးဖွင့်လှစ်ကာ တပည့်များစုဆောင်းနိုင်သည်အထိ ရင့်ကျက်လာခဲ့ပေပြီ။
လူတိုင်းက စွမ်းအားမြင့်မားသူများနှင့် ထိပ်တန်းတန်ခိုးစွမ်းအားရှင်များအကြောင်း အာရုံစိုက်လေ့ရှိကြသည်။
ချင်းယွမ်ဧကရာဇ် ၊ တောင်ပိုင်းထိပ်တန်းအရှင်သခင်တို့နှင့် ရန်ငြိုးဖွဲ့ပြီးသည့်နောက် ဝါဒတောင်သည် နဂါးလား ရေမြွေလားဆိုသည့်အချက်ကိုလည်း တွေ့မြင်ရတော့မည် ဖြစ်သည်။
သို့သော် အလယ်အလတ်နှင့် အဆင့်နိမ့်ကျင့်ကြံသူများအနေဖြင့် ဝါဒတောင်ရင်ဆိုင်ရမည့်ပြဿနာများကို လုံးဝ သတိထားနိုင်မည် မဟုတ်ပေ။
အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ် ၊ ကျူတောပင်လယ်ဒေသတွင် ဝါဒတောင်က ဒဏ္ဍာရီအသစ်တစ်ခုပမာ ပေါ်ထွန်းလာသည်ကိုသာ သူတို့က သိရှိကြသည်။
ပြီးတော့ ထိုသူများက ဝါဒတောင်သို့ တပည့်အဖြစ်ဝင်ရောက်ရန် စိတ်ဝင်စားလျှက် ရရှိကြသည်။
ရန်တိက ဝါဒတောင် ပိုမိုတိုးတက်လာသည်ကို ဝမ်းသာမိသည့်တိုင် တောင်တံခါး တရားဝင်ဖွင့်လှစ်ရန် အလျင်စလို မလုပ်ခဲ့ပေ။
တောင်တံခါးမဖွင့်သေးသည်မှာ ချင်းယွမ်ဧကရာဇ်နှင့် တောင်ပိုင်းထိပ်တန်းအရှင်သခင်တို့ကဲ့သို့ တန်ခိုးစွမ်းအားရှင်များကို ကြောက်ရွံ့သောကြောင့်မဟုတ်သလို အထက်ဘုံကမ္ဘာတွင် ဝါဒတောင် အခြေခံအုတ်မြစ် မတည်ငြိမ်သေးသောကြောင့်လည်း မဟုတ်ပေ။
အကြောင်းပြချက် တစ်ခုသာလျှင် ရှိသည်။
သမုဒ္ဒရာကမ္ဘာတွင် တံခါးပိတ်ကျင့်ကြံနေသည့် ရန်ကျောက်ကဲ ပြန်ရောက်မလာသေး သောကြောင့် ဖြစ်၏။
“အထက်ဘုံကမ္ဘာမှာ ငါတို့တွေ ဒီအခြေအနေထိ ရောက်လာတာ ကျောက်ကဲကြောင့်ပဲ”
ယွမ်ကျန်းဖုန်းက ဆိုလိုက်သည်။
“ဒီတော့ တောင်တံခါးတရားဝင်ဖွင့်လှစ်ဖို့အတွက် သူ့ကိုမစောင့်လို့ဘယ်ဖြစ်မလဲ”
ရန်တိက ခေါင်းညိတ်ရင်း...
“ဆရာပြောသလိုပါပဲ”
ဖန်ကျွင်းက ပြုံးလိုက်ရင်း...
“ကျောက်ကဲက လက်ရှိကျင့်ကြံခြင်းအဆင့်နဲ့ အတွေ့အကြုံတွေရနေတာတောင် တပည့်တစ်ယောက်မှ လက်ခံမထားဘူး ၊ ဒီတစ်ခါတော့ သူ့ကိုအာရုံစိုက်လာနိုင်တဲ့ တပည့်တစ်ယောက်များ ပေါ်လာမလား သိချင်မိတယ်”
လွန်ခဲ့သော (၁၀)နှစ်ကတည်းက ဖန်ကျွင်းသည် အထက်ဘုံကမ္ဘာတွင် ဂိုဏ်း၏ နေ့စဉ်အရေးကိစ္စများ ဆောင်ရွက်နေရသော်လည်း အချိန်အများစုကို ကျင့်ကြံခြင်းဖြင့်သာ ကုန်ဆုံးခဲ့သည်။
ယခု သူ၏အသက်ဓာတ်စွမ်းအားများ တဖြည်းဖြည်းပြန်လည်ရှင်သန်ပြည့်ဝလာပြီ ဖြစ်၏။
သူ၏ကျင့်ကြံခြင်းအဆင့် တက်ခြင်းက ရန်တိလောက် မလျင်မြန်သော်လည်း မကြာမီပင် နတ်ဘုရားသိမြင်ခြင်း အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။
ယခင်တစ်ချိန်က ပြင်းထန်သောဒဏ်ရာကြောင့် အသက်ဓာတ်စွမ်းအားများ ဆိုးဆိုးရွားရွားထိခိုက်ထားသည်ဖြစ်ရာ ယခုလက်ရှိတိုးတက်မှုက အတော်လေး လျင်မြန်သည်ဟု ဆိုနိုင်သည်။
ရှေးယခင်အချိန်က အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ပုန်းအောင်းနေသော နဂါးများက အထက်ဘုံကမ္ဘာရောက်မှ တွင်းနက်ကြီးအတွင်းမှ ထွက်ပေါ်လာကြသည့် လက္ခဏာသာ ဖြစ်သည်။
“ကျောက်ကဲ သမုဒ္ဒရာကမ္ဘာကိုမသွားခင် ပြောခဲ့တဲ့ကိစ္စလည်း ရလဒ်တွေထွက်လာပြီ”
ယွမ်ကျန်းဖုန်းက ဆိုသည်။
“ဒီရလဒ်က ငါတို့အပေါ် ဘယ်လောက်အကျိုးအမြတ်ရှိမလဲဆိုတာတော့ မသိနိုင်ဘူး”
ရန်တိနှင့် ရန်ကျောက်ကဲတို့သားအဖ (၂)ယောက်က ငယ်ရွယ်ပြီး အရည်အချင်းရှိကြသလို ယွမ်ကျန်းဖုန်းသည်လည်း ယခုအခါတွင် သိုင်းသူတော်စင် ဆဋ္ဌမအဆင့် ၊ နတ်ဘုရားသိမြင်ခြင်း နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး သူ၏ထူးခြားသောတန်ခိုးစွမ်းအားဖြင့် သိုင်းသူတော်စင် သတ္တမအဆင့် ပြိုင်ဘက်များကိုပင် ယှဉ်ပြိုင်နိုင်နေပြီ ဖြစ်သည်။
ကျင့်စဉ်စွမ်းအားများလုံလောက်အောင်စုဆောင်းနိုင်သည်ဆိုလျှင် အမတကူးပြောင်းခြင်းအဆင့်သို့ တက်ရောက်နိုင်တော့မည် ဖြစ်သည်။
ရန်တိက...
“အဲဒီအချက်အလက်တွေ ကျောက်ကဲဆီကိုပို့ပေးဖို့ ဟူထင်ကို သမုဒ္ဒရာကမ္ဘာကို လွှတ်လိုက်ပါတယ် ၊ သူ တံခါးပိတ်ကျင့်ကြံရာက ထွက်လာပြီး အထက်ဘုံကမ္ဘာကို ပြန်ရောက်တဲ့အခါ အဖြေတစ်ခုရမယ်လို့ ယုံကြည်ပါတယ်”
***
ရန်တိပြောသလိုပင် အားဟူက သမုဒ္ဒရာကမ္ဘာသို့ ရောက်ရှိနေပြီ ဖြစ်သည်။
နှစ်ပေါင်းများစွာကြာခဲ့ပြီးနောက် သမုဒ္ဒရာကမ္ဘာကြီးသည်လည်း တစ်ဖန်ပြောင်းလဲသွားပြန်ပြီ ဖြစ်သည်။
ဝါဒတောင်သည် သမုဒ္ဒရာကမ္ဘာတွင် တရားဝင်ဂိုဏ်းတည်ထောင်ထားခြင်းမရှိသော်လည်း ရန်ကျောက်ကဲနှင့် အခြားသူများ ယူဆောာင်လာသော သြဇာလွှမ်းမိုးမှုက ဤနေရာရှိ အရာအားလုံးအပေါ် ယခုအချိန်ထိ သိမ်မွေ့စွာ လွှမ်းမိုးနေဆဲပင်။
ယခုအချိန်တွင် ချိန်လီတောင်က သမုဒ္ဒရာကမ္ဘာတွင် အားအကြီးဆုံး ထိပ်သီးသိုင်းဂိုဏ်းကြီးတစ်ခု ဖြစ်လာပေပြီ။
သမုဒ္ဒရာကမ္ဘာက အချိန်လျင်မြန်စွာရွေ့လျားသည်ဖြစ်ရာ ရန်ကျောက်ကဲ ဤနေရာသို့ နောက်ဆုံးအကြိမ်ရောက်လာသည်မှာ အနှစ် (၃၀)ပင် ကြာမြင့်ပြီ ဖြစ်သည်။
ထိုစဉ်အချိန်က ချန်လီတောင်ဂိုဏ်းချုပ် ကောင်းထျန်းကျုန်းက သမုဒ္ဒရာကမ္ဘာတွင် လောကပထမ ကျင့်ကြံသူဖြစ်၏။
ဤနှစ်များတွင်တော့ သူက ဂိုဏ်းချုပ်နေရာကို တပည့်ဖြစ်သူထံလွှဲအပ်လိုက်ပြီး သူကတော့ တံခါးပိတ်ကျင့်ကြံကာ ကိုယ်ခွဲပေါင်းစပ်ခြင်း နှောင်းပိုင်းအဆင့်သို့တက်ရောက်နိုင်ရန် မျှော်လင့်ထားသည်။
ချန်လီတောင်တွင် ဤသို့အပြောင်းအလဲဖြစ်ခြင်းက သမုဒ္ဒရာကမ္ဘာတွင် လှုပ်ရှားနေသော ဝါဒတောင်တပည့်များကို ထိခိုက်စေခြင်း မရှိပေ။
အားဟူ အထက်ဘုံကမ္ဘာမှ ဆင်းသက်လာသည်နှင့် သူက ဤနေရာတွင်ရှိနေသော ဝါဒတောင်အကြီးအကဲကို သွားရောက်နှုတ်ဆက် ဂါရဝပြုလိုက်ပြီး ဝင်္ကပါပင်လယ်ဒေသသို့ သွားရောက်ရန် ပြင်ဆင်ခဲ့သည်။
ယခုတစ်ကြိမ်မှာလည်း ရန်ကျောက်ကဲက တံခါးပိတ်ကျင့်ကြံရန်အတွက် ဝင်္ကပါပင်လယ်ဒေသကိုပင် ရွေးချယ်ထားလေ၏။
ဝါဒတောင်မှလူတစ်ယောက် အထက်ဘုံကမ္ဘာမှဆင်းသက်လာသည်ကိုသိရှိသည့်အခါ ချန်လီတောင် လက်ရှိဂိုဏ်းချုပ်က ထိုသူကိုဖိတ်ကြားရန် တပည့်တစ်ယောက် ချက်ချင်း စေလွှတ်လိုက်သည်။
ရောက်လာသူက အသက် (၃၀)ဝန်းကျင် သိုင်းဆရာသခင်လူငယ်တစ်ယောက်ဖြစ်သည်။ ဤအသက်အရွယ်ဖြင့် သိုင်းဆရာသခင်တစ်ယောက်ဖြစ်နေခြင်းက သမုဒ္ဒရာကမ္ဘဘာတွင် သေချာပေါက် ပါရမီရှင်တစ်ယောက်ဟု ဆိုနိုင်သည်။
ထိုလူငယ်က သမုဒ္ဒရာကမ္ဘာတစ်ခုလုံးတွင် ထင်ရှားကျော်ကြားသော ချန်လီတောင် ၊ လက်ရှိဂိုဏ်းချုပ်၏ တပည့်ဖြစ်သည်။
သို့သော် သူက အားဟူကို ဦးညွှတ်အရိုအသေပေးလိုက်ပြီး အလွန်လေးစားစွာ ဆက်ဆံသည်။
ချန်လီတောင်နှင့် ဝါဒတောင်တို့သည် နှစ်ပေါင်းများစွာတစ်လျှောက် ကောင်းမွန်သောဆက်ဆံရေး ရှိခဲ့သည်။ အားဟူက ထိုအချက်ကို ဂရုမစိုက်ဘဲ မနေဝံ့သဖြင့် ချန်လီတောင်သို့ ချက်ချင်းသွားရောက် နှုတ်ဆက်ခြင်း ဖြစ်၏။
လက်ရှိချန်လီတောင်ဂိုဏ်းချုပ်မှာလည်း အားဟူနှင့် ဆက်ဆံရေးကောင်းသူဖြစ်သည်။
ရောက်လာသူက မည်သူမည်ဝါဖြစ်ကြောင်း သိလိုက်သည့်အခါ လက်ရှိဂိုဏ်းချုပ်က မည်သို့မှမတတ်နိုင်စွာ အံ့အားသင့်သွားတော့သည်။
“သိုင်းသူတော်စင်အဆင့် တက်ရောက်နိုင်တာ ဂုဏ်ယူပါတယ် ဆရာဟူ”
သူက ဆက်ပြောသည်။
“ချန်လီတောင်ကိုရောက်လာတာ ခြေရာမဲ့နဂါးဘုရင် ရန်ယွင်ကျုန်းက ဘာများအမိန့်ပေးလိုက်လို့လဲ ၊ ဒါမှမဟုတ် ခြေရာမဲ့နဂါးဘုရင်ကိုယ်တိုင် သမုဒ္ဒရာကမ္ဘာကို ရောက်နေတာများလား”
အားဟူက ရယ်မောရင်း...
“ဒီတစ်ခေါက်ဆင်းလာတာ လုပ်စရာလေးတွေရှိလို့ပါ ၊ ဒါပေမဲ့ ချန်လီတောင်ရဲ့အခြေအနေကို မထိခိုက်စေရပါဘူး ၊ ဒါကြောင့် စုန့်ဂိုဏ်းချုပ် အများကြီးမစဉ်းစားပါနဲ့”
စုန့်ဂိုဏ်းချုပ်က...
“ငါတို့ချန်လီတောင်က ကူညီနိုင်တာရှိရင် ပြောပါ”
အားဟူက ခေါင်းခါရမ်းရင်း...
“ဒီတစ်ခေါက် ငါ တစ်ယောက်တည်းနဲ့ အဆင်ပြေပါတယ် ၊ ငါ့ကိုယ်စား ဂိုဏ်းချုပ်ဟောင်း ကောင်းထျန်းကျုန်းကို နှုတ်ဆက်ဂါရဝစကား ပြောပေးစေချင်ပါတယ်”
အားဟူစကားကိုကြားတော့ စုန့်ဂိုဏ်းချုက်က ခေါင်းညိတ်လိုက်ပြီး မည်သည့်မေးခွန်းမှ ထပ်မမေးတော့ပေ။
သူက အားဟူကို ဧည့်ခံချင်သေးသော်လည်း အားဟူက ကြာကြာမနေဘဲ နှုတ်ဆက်ထွက်ခွာသွားသည်။
အားဟူထွက်ခွာသွားရာ အဝေးတစ်နေရာသို့ လှမ်းကြည့်ရင်း စုန့်ဂိုဏ်းချုပ်က ရေရွတ်လိုက်သည်။
“ခြေရာမဲ့နဂါးဘုရင်က ဘာများလုပ်ခိုင်းလိုက်တာလဲ မသိဘူး”
သူ့ဘေးနားမှတပည့်ကလည်း သိချင်စိတ်ဖြင့်...
“ကျွန်တော်တို့သမုဒ္ဒရာကမ္ဘာကနေ အထက်ဘုံကမ္ဘာကို ပထမဆုံးတက်သွားတဲ့သူက ခြေရာမဲ့နဂါးဘုရင် မဟုတ်လား ၊ သူ အခုဘယ်လိုနေလဲ ကျွန်တော် သိချင်လိုက်တာ”
စုန့်ဂိုဏ်းချုပ်က တပည့်ဖြစ်သူကို လှည့်ကြည့်ရင်း...
“သူ့အခြေအနေကို သိချင်တာလား...”
သူက ဆက်ပြောသည်။
“တကယ်တော့ ဆရာဟူက ခြေရာမဲ့နဂါးဘုရင်ဆီမှာ နှစ်ပေါင်းများစွာအမှုထမ်းခဲ့တဲ့ အစေခံတစ်ယောက်ပဲ”
ထိုစကားကိုကြားတော့ လူငယ် ပါးစပ်အဟောင်းသားဖြစ်သွားပြီး...
“သိုင်းသူတော်စင်... အစေခံ... ဟုတ်လား...”