← Chapters

ကြောက်မက်ဖွယ်ရာပုဂ္ဂိုလ်

Vol. 72 Ch. 1010

ကြောက်မက်ဖွယ်ရာပုဂ္ဂိုလ်

Vol. 72 Ch. 1010

အခန်း (၁၀၁၀) ကြောက်မက်ဖွယ်ရာပုဂ္ဂိုလ်

အားဟူပျောက်ကွယ်သွားသည့်နေရာသို့ သတိလက်လွတ်ကြည့်ရင်း လူငယ်က ကြောက်လန့်တကြားထခုန်လိုက်သည်။ ထိုနေရာတွင် အားဟူပျောက်ကွယ်သွားသည်မှာ ကြာလှပြီဖြစ်သည်။

ဆရာဖြစ်သူပြောလိုက်သည့်စကားက သူ့ကိုတုန်လှုပ်သွားစေသဖြင့် ပါးစပ်ပြန်မစေ့နိုင်ဖြစ်ရသည်။

အကြောင်းရင်းမှာ လက်ရှိအားဟူသည် တုန်လှုပ်စရာကောင်းစွာ သိုင်းသူတော်စင်တစ်ယောက် ဖြစ်နေသောကြောင့်ပင်။

သမုဒ္ဒရာကမ္ဘာ၏ လက်ရှိကမ္ဘာ့အခြေအနေက အရင်တစ်ချိန် ရန်ကျောက်ကဲကျက်စားခဲ့စဉ်ကနှင့် များစွာကွာခြားသွားပြီဖြစ်သော်လည်း သိုင်းသူတော်စင်တစ်ယောက်ဆိုသည်က ဒေသတစ်ခု၏ တန်ခိုးစွမ်းအားရှင် တစ်ယောက်အဖြစ် ရပ်တည်နေဆဲ ဖြစ်သည်။

ထို့ကြောင့် စုန့်ဂိုဏ်းချုပ်ကိုယ်စား အာဟူကိုလာရောက်ကြိုဆိုသည့် လူငယ်မှာ တစ်ချက်လေးပင် မလေးမစား မလုပ်ရဲခဲ့ပေ။

အားဟူက ဝါဒတောင်နှင့်မသက်ဆိုင်ဘူးဆိုလျှင်တောင်မှ ဤအချက်က လုံးဝပြောင်းလဲသွားမည် မဟုတ်ပေ။

သိုင်းသူတော်စင် တစ်ယောက်ဆိုသည်က သူတစ်ယောက်တည်းဖြင့်ပင် သမုဒ္ဒရာကမ္ဘာတွင် လှိုင်းလုံးများ ပြင်းထန်လာစေရန် လုံလောက်နေပြီ ဖြစ်သည်။

အားဟူက သမုဒ္ဒရာကမ္ဘာတွင် အရင်က တစ်ခါမှမလှုပ်ရှားဖူးသောကြောင့် သူ၏ကျင့်ကြံခြင်းအဆင့် မည်မျှအားကောင်းကြောင်း မည်သူမှ မသိနိုင်ပေ။

တကယ်တော့ သူတို့၏ ဂိုဏ်းချုပ်ဟောင်း ကောင်းထျန်းကျုန်းအနေဖြင့် သူ့ထက်ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသော အားဟူနှင့် ယှဉ်နိုင်မည်လားပင် မသိနိုင်ပေ။

“ဒီ ဆရာဟူက ဝါဒတောင်က အကြီးအကဲမဟုတ်လား”

လူငယ်က မှင်တက်စွာဖြင့် မေးလိုက်သည်။

တပည့်ဖြစ်သူကိုကြည့်ရင်း စုန့်ဂိုဏ်းချုပ်က သက်ပြင်းချလိုက်သည်။ လူငယ် တည်ငြိမ်မှုပျောက်ဆုံးသွားခြင်း အပေါ် သူ အပြစ်မတင်ပေ။

စုန့်ဂိုဏ်းချုပ်က သက်ပြင်းချရင်း...

“မင်း အရမ်းအံ့အားသင့်သွားတာ အပြစ်မတင်ပါဘူး ၊ ငါ ဆရာဟူကို ပထမအကြိမ်တွေ့တုန်းက သူက သိုင်းဆရာသခင်အဆင့်ပဲ ရှိသေးတယ်”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ သူ့ရဲ့ကျင့်ကြံခြင်းအဆင့်နဲ့ အသက်ရွယ်ယှဉ်လိုက်ရင် အရမ်းငယ်လွန်းသေးတယ်”

“သူက ဝါဒတောင်က တပည့်ရင်းတစ်ယောက်လို့ အရင်ကထင်ခဲ့တာ ၊ ဒါပေမဲ့ လုံးဝထင်မထားတာက သူဟာ တကယ်ပဲ ခြေရာမဲ့နဂါးဘုရင် ရန်ယွင်ကျုန်းရဲ့ အစေခံတစ်ယောက် ဖြစ်နေခဲ့တယ်”

တပည့်ဖြစ်သူ၏မျက်နှာထက်မှ မယုံကြည်နိုင်သောအမူအရာက ပိုမိုနက်နဲလာသည်။

“သိုင်းဆရာသခင်တစ်ယောက်က အစေခံတဲ့လား... ဒါက အရမ်း... အရမ်းပဲ...”

စုန့်ဂိုဏ်းချုပ်က ဖြည်းညင်းစွာဖြင့်...

“အရှက်ရစရာကောင်းလွန်းတယ် ၊ ကျောရိုးမရှိတဲ့သူလိုပဲ ၊ စိတ်ကူးကြည့်လို့တောင်မရဘူးမဟုတ်လား”

သူကဆက်ပြောသည်။

“ဒါပေမဲ့ ဒီလူက သိုင်းသူတော်စင်တစ်ယောက် ဖြစ်လာတဲ့တိုင် အစေခံအဖြစ်ပဲ ဆက်ပြီး တာဝန်ထမ်းဆောင်ချင်တဲ့ပုံပဲ ၊ ဒါက ပိုပြီးလက်ခံဖို့ ခက်ခဲစေတယ်”

လူငယ်က ခေါင်းညိတ်သည်။

စုန့်ဂိုဏ်းချုပ်က...

“တခြားရှုထောင့်ကနေ စဉ်းစားကြည့်မယ်ဆိုရင်... သိုင်းသူတော်စင် တစ်ယောက်ကတောင် အစေခံအဖြစ်တာဝန်ထမ်းဆောင်ပေးချင်နေတဲ့ လူတစ်ယောက်က ဘယ်လိုလူမျိုးလဲဆိုတာပဲ”

“ခြေရာမဲ့တိမ်တိုက်နဂါးဘုရင်က တကယ်ကြောက်စရာ ကောင်းတာလား…”

ထိုကဲ့သို့သောပုဂ္ဂိုလ်မျိုးအတွက် ‘ကြောက်စရာ’ ဆိုသော စကားလုံးကိုသာ အသုံးပြုနိုင်မည်ဟု လူငယ် ခံစားမိသည်။

သမုဒ္ဒရာကမ္ဘာက အချိန်စီးဆင်းမှု လျင်မြန်လွန်းလေရာ ရန်ကျောက်ကဲ နောက်ဆုံးတစ်ကြိမ် သမုဒ္ဒရာကမ္ဘာမှ ထွက်ခွာသွားပြီးနောက်ပိုင်း ဤလူငယ်ကို မွေးဖွားခဲ့ခြင်း ဖြစ်သည်။

လူငယ်က သိုင်းပညာသင်ယူရန် ချန်လီတောင်သို့ ဝင်ရောက်လာသည့်အခါ ဝါဒတောင်၏ လျှို့ဝှက်သီးသန့် ကျင့်ကြံသူတစ်စုသာရှိနေပြီး ရန်ကျောက်ကဲကိုယ်တိုင်ကတော့ သမုဒ္ဒရာကမ္ဘာတွင် မလှုပ်ရှားခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

သို့တိုင် ရန်ကျောက်ကဲနှင့်ပတ်သက်သည့် ကောလဟလများစွာကို သူ ကြားသိခဲ့ရသည်။

သို့သော်လည်း ဤအရာများက ကောလဟလများသာဖြစ်ပြီး ရန်ကျောက်ကဲ၏ အစစ်အမှန်တန်ခိုးစွမ်းအားကို တကယ်တမ်း နားလည်သဘောပေါက်ရန်နှင့် ဆုပ်ကိုင်နိုင်ရန် သူ့အတွက် မလုံလောက်ခဲ့ပေ။

မကြာသေးမီနှစ်များအတွင်းမှာပင် သမုဒ္ဒရာကမ္ဘာတွင်ရှိနေခဲ့သော ဝါဒတောင်တပည့်များမှာ ထိတ်လန့်တုန်လှုပ်ဖွယ်စွမ်းအားကို ပိုင်ဆိုင်ကြသည့် ရွှီဖေး ၊ ရှီကျွင်း ၊ ယင်လုန်ထူနှင့် စစ်ခုန်ချင်းတို့အပါအဝင် အခြားသော ထူးချွန်သည့်တပည့်များစွာ ပါဝင်သည်။

သို့သော် သူတို့အများစုမှာ ကျင့်ကြံခြင်းအဆင့် ထိပ်ဆုံးသို့မရောက်ခင်မှာပင် သမုဒ္ဒရာကမ္ဘာမှ ထွက်ခွာသွားခဲ့ကြသည်။

ဝါဒ‌တောင်က သမုဒ္ဒရာကမ္ဘာအား တပည့်ငယ်များကျင့်ကြံရန် နေရာတစ်ခုအဖြစ် အသုံးပြုခဲ့သည်မှာ ကြာမြင့်ပြီ ဖြစ်၏။

ဤနေရာတွင် နေထိုင်သည့် ဝါဒတောင်မှ တန်ခိုးစွမ်းအားရှင်များအနက် ကျင့်ကြံခြင်းအဆင့် အမြင့်မားဆုံးမှာ လွန်ခဲ့သည့်နှစ်အနည်းငယ်က ကျင့်ကြံခြင်းတစ်ဆို့မှုကို ဖြတ်ကျော်ကာ သိုင်းသူတော်စင်အဆင့်သို့ရောက်ရှိခဲ့သော အကြီးအကဲ’ကျန်းခွန်’ ဖြစ်သည်။

သိုင်းသူတော်စင်များကို လျှော့တွက်၍မရသည်မှာ သေချာပါသည်။

သို့သော် ကျန်းခွန်က အချိန်အများစုတွင် ချန်လီတောင်နှင့် ရေလိုက်ငါးလိုက်နေထိုင်ပြီး အနေအထိုင် သိုသိပ်၏။

လက်ရှိတွင် ချန်လီတောင်က သမုဒ္ဒရာကမ္ဘာတွင် တန်ခိုးစွမ်းအားအမြင့်မားဆုံးဖြစ်လေရာ သူ့ကိုတိုက်ခိုက်ရန်အတွက် အခြားသောထိပ်သီးသိုင်းဂိုဏ်းများက မကြာခဏဆိုသလို ပူးပေါင်းလေ့ရှိကြသည်။

ချန်လီတောင်၏ တပည့်တစ်ယောက်ဖြစ်သော ဤလူငယ်လေးအနေဖြင့် ဝါဒ‌တောင်၏ ပြောင်မြောက်သော သိုင်းပညာရပ်များကို နှစ်သက်သဘောကျသည့်တိုင် ချန်လီတောင်နှင့်ပတ်သက်၍လည်း များစွာ ဂုဏ်ယူသူ ဖြစ်သည်။

လူငယ်က ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိပြီး သူ့ဂိုဏ်း၏ဂုဏ်သိက္ခာအတွက်လည်း ဂုဏ်ယူသူ ဖြစ်သည်။

ရန်ကျောက်ကဲ၏ ဒဏ္ဍာရီပုံပြင်များအားလုံးကို ကြားသိပြီးနောက် သူ့စိတ်ထဲတွင် တွေးတောသည်မှာ တစ်နေ့တွင် ထိုသို့သော အမြင့်တစ်နေရာရောက်နိုင်ရမည်ဟု ခိုင်မာစွာ ရည်မှန်းထားသည်။

ယုံကြည်ချက်အပြည့်နှင့် ရည်မှန်းချက်ကြီးမားသော သိုင်းကျင့်ကြံသူတိုင်း ဤသို့သောအတွေးမျိုးရှိသည်က သာမန်ပင် ဖြစ်သည်။

သို့သော် အားဟူက သူ့အတွက် ရေခဲတောင်ထွတ်၏ ထိပ်ဖျားပိုင်းကို ထုတ်ဖော်ပြသလိုက်သကဲ့သို့ ဖြစ်သွားလေရာ လူငယ်မှာအံ့အားသင့်၍မဆုံးနိုင်တော့ပေ။

မည်သို့သောလူမျိုးက သိုင်းသူတော်စင်တစ်ယောက် သူ့ထံတွင် လိုလိုလားလား အစေခံရန်အတွက် လုပ်ဆောင်နိုင်ခဲ့ပါသနည်း။

ထိုကိစ္စကို ပိုပြီးအသေးစိတ်ကျကျစဉ်းစားရန် ကြိုးစားသည့်အခါ သူ့ခေါင်းထဲ အတွေးများလှည့်ပတ်ကာ မစဉ်းစားနိုင်သည်အထိ ဖြစ်ရသည်။

တပည့်ဖြစ်သူကိုကြည့်ရင်း စုန့်ဂိုဏ်းချုပ်က စိတ်ထဲမှ သက်ပြင်းသာလျှင် ချလိုက်မိသည်။

တပည့်ဖြစ်သူကို ထိုသို့သောထိုးနှက်ချက်မျိုးရရှိသွားစေရင် သူ တမင်တကာ ပြုလုပ်ခဲ့သည် မဟုတ်ပေ။ ဤလူငယ်လေးသည် သူတို့ချန်လီတောင် လူငယ်မျိုးဆက်များးထဲတွင် အထူးချွန်ဆုံးဖြစ်ပြီး ဂိုဏ်း၏မဏ္ဍိုင်ဖြစ်လာစေရန်ပင် ရည်မှန်းထားခဲ့သည်။

သို့သော် မိုးကုတ်စက်ဝန်းအလွန်အထိ အမြင်ချဲ့ထွင်ရန်လိုအပ်ပြီး အချို့သောအတွေ့အကြုံများသည်လည်း လိုအပ်သောအတွေ့အကြုံများသာလျှင် ဖြစ်သည်။

ရန်ကျောက်ကဲ အထက်ဘုံကမ္ဘာသို့တက်သွားသည် တစ်ချိန်ကလည်း စုန့်ဂိုဏ်းချုပ် အလားတူပင် ခံစားခဲ့ရသည်။

အားဟူထွက်ခွာသွားသောလမ်းကြောင်းကိုကြည့်ရင်း စုန့်ဂိုဏ်းချုပ်၏မျက်နှာအမူအရာက ရှုတ်ထွေးသွားသည်။

“ငါတို့ နှစ်ဂိုဏ်းလုံးက မဟာကပ်ဘေးကြီးမတိုင်ခင်က တာအိုဝါဒ တောင်ထွတ် (၅)ခုအနက် တစ်ခုစီအမည်တွေကို ခံယူထားကြပေမယ့် ကံကြမ္မာချင်းကတော့ ကွာခြားလွန်းတယ်”

“ဝါဒတောင်ကလူတွေပြောနေတဲ့ အထက်ဘုံကမ္ဘာဆိုတာ... ဘယ်လိုမျိုး အံ့သြစရာနယ်မြေတစ်ခုဖြစ်လဲဆိုတာ သိချင်လိုက်တာ ၊ ငါကိုယ်တိုင် အဲဒီနေရာကို တွေ့ကြုံခံစားချင်မိတယ်”

အဆုံးမရှိသော စိတ်ခံစားချက်များဖြင့် ပြည့်နက်နေချိန် ချန်လီတောင်၏ နက်ရှိုင်းရာမြေပြင်ထက်မှ အလင်းရောင်တစ်ခု တောက်ပလာပြီး မိုးကုတ်စက်ဝိုင်းဆီသို့ လွင့်ပျံဝင်ရောက်သွားသည်။

စုန့်ဂိုဏ်းချုပ်နှင့် သူ့တပည့် (၂)ယောက်လုံး ခဏမျှ တုန်လှုပ်သွားကြပြီးနောက် အလွန်တရာ ဝမ်းမြောက်ပျော်ရွှင်သွားကြသည်။

“ဆရာ တံခါးပိတ်ကျင့်ကြံရာက ထွက်လာပြီ”

“ဆရာဘိုးဘိုး တံခါးပိတ်ကျင့်ကြံရာက ထွက်လာပြီ”

ချန်လီတောင်၏ ဂိုဏ်းချုပ်ဟောင်း ၊  သမုဒ္ဒရာကမ္ဘာ၏ လောကပထမ သိုင်းကျင့်ကြံသူ ကောင်းထျန်းကျုန်းသည် နှစ်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံပြီးနောက် ယနေ့တွင် ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

ချန်လီတောင်မှလူတိုင်းကို ပိုပြီးပျော်ရွှင်စေသည့်အချက်မှ ကောင်းထျန်းကျုန်း တံခါးပိတ်ကျင့်ကြံရာမှထွက်လာပြီးနောက် သိုင်းသူတော်စင် တတိယအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ခြင်းပင်။

ဤသို့ဖြင့် ချန်လီတောင်က သမုဒ္ဒရာကမ္ဘာတွင် နံပါတ် (၁)အနေအထားအဖြစ် ဆက်လက်အတည်ပြုနိုင်ပေမည်။

သမုဒ္ဒရာကမ္ဘာမှ အခြားသောအင်အားစုများ ပူးပေါင်းတိုက်ခိုက်သည့်တိုင် ချန်လီတောင်အနေဖြင့် ဖိအားကြီးမားစွာ ရင်ဆိုင်ရမည် မဟုတ်တော့ပေ။

“တကယ်တော့ ဝါဒတောင်ကို ကျေးဇူးတင်ရမယ်”

သတိပြန်ဝင်လာပြီးနောက် စုန့်ဂိုဏ်းချုပ်က ပြောလိုက်သည်။

“ငါတို့တွေက ချန်လီတောင်မှ ဝါဒတောင်ဂိုဏ်းသားတွေကို လက်ခံပေးထားတဲ့အတွက် အပေးအယူအနေနဲ့ အထက်ဘုံကမ္ဘာက ရတနာပစ္စည်းတွေသာ သူတို့ဘက်က မပေးဘူးဆိုရင် ဆရာ့အနေနဲ့ ဒီလောက်မြန်မြန် အောင်မြင်မှုရမှာ မဟုတ်ဘူး”

သူ့ဘေးမှ လူငယ်က...

“ဝါဒတောင်ရဲ့စကားအရဆိုရင်တော့ ဆရာဘိုးဘိုးက အထက်ဘုံကမ္ဘာကိုတက်ဖို့ နောက်ထပ်ခြေတစ်လှမ်းပဲလိုတော့တယ် မဟုတ်လား”

“အဲဒီအချိန်ရောက်လာရင် ကျွန်တော်တို့ ချန်လီတောင်လည်း အလားအလာကောင်းတွေအများကြီးရှိလာမှာပါ... ၊ အရာအားလုံးက ဖြစ်နိုင်ခြေ ရှိလာလိမ့်မယ်”

စုန့်ဂိုဏ်းချုပ်က...

“ဘယ်လွယ်နိုင်မလဲ ၊ လောကမှာ တန်ခိုးစွမ်းအားရှင်တွေဆိုတာ ကောင်းကင်ထက်ကတိမ်တိုက်တွေလိုပဲ များပြားလွန်းတယ် ၊ အရင်က ငါတို့ချန်လီတောင်မှာ နေထိုင်ခဲ့တဲ့ ဝါဒတောင်ကအကြီးအကဲ ကောင်းကင်ဂဠုန် ‘ရွှီဖေး’ ကိုပဲကြည့်လေ ၊ သူဆိုရင် ငါတို့သမုဒ္ဒရာကမ္ဘာက ထွက်ခွာသွားတုန်းက သိုင်းဆရာသခင်အဆင့်ပဲ ရှိ‌သေးတယ် ၊ အဲဒီတုန်းက ဆရာက သိုင်းသူတော်စင်အဆင့်ရောက်နေပြီ”

“ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်ပိုင်းက ကောင်းကင်ဂဠုန် ဆရာရွှီက ဆရာ့ထက်အရင် သိုင်းသူတော်စင် တတိယအဆင့်ကို ရောက်သွားပြီလို့ ဝါဒ‌‌တောင်ကလူတွေပြောတာ ကြားခဲ့ရတယ်”

ထိုစကားကြားတော့ လူငယ်က စကားပြန်ပြောရန် ဟန်ပြင်လိုက်စဉ် သူ့ခန္ဓာကိုယ်က ရုတ်တရက် ယိမ်းယိုင်သွားသည်။

သူက သိုင်းသူတော်စင်အဆင့်သို့ ရောက်နေပြီဖြစ်ရာ ကြမ်းတမ်းသောပင်လယ်ပြင်နှင့် ပြင်းထန်သောမုန်တိုင်းများအလယ်မှာပင် ဟန်ချက်ညီစွာ ရပ်တည်နိုင်သူ ဖြစ်သည်။

သို့သော် ယခုတော့ သူ့မှာ လဲကျလုမတတ်ပင် ဖြစ်သွားရသည်။ လူငယ်သာမဟုတ် ၊ စုန့်ဂိုဏ်းချုပ်သည်ပင် ယိမ်းယိုင်သွားပြီး လဲကျလုမတတ် ဖြစ်သွားရသည်။

တုန်လှုပ်သွားသည်က သူတို့အောက်ခြေမှ ချန်လီတောင်မဟုတ်သလို ချန်လီတောင်တည်ရှိရာ တည်ရာမဲ့ပင်လယ်ဒေသလည်း မဟုတ်ပေ။

ထိုခဏတွင် သမုဒ္ဒရာကမ္ဘာကြီးတစ်ခုလုံး တုန်လှုပ်သွားခြင်း ဖြစ်သည်။

သမုဒ္ဒရာကမ္ဘာမှ သိုင်းကျင့်ကြံသူများအားလုံးမှာ သူတို့စိတ်နှလုံး းနက်ရှိုင်းရာမှ ကြီးမားသည့်အကြောက်တရားကို ခံစားရပြီး ထိုအကြောက်တရားက ဖိနှိပ်ရန် ခက်ခဲလှသည်။

တစ်ချက်တည်း ကမ္ဘာကြီးအဆုံးသတ်သွားတော့မည့်အလားပင်။

တကယ်တော့ ဤငလျင်သာ ဆက်လက်လှုပ်ခတ်နေပါက သမုဒ္ဒရာကမ္ဘာကြီးတစ်ခုလုံး အမှန်တကယ် ပျက်ဆီးသွားပေလိမ့်မည်။

သမုဒ္ဒရာကမ္ဘာကြီးအနေဖြင့် ဟိုစဉ်တစ်ချိန် နဂါးသင်္ချိုင်း လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်လာသည့် ငလျင်လှိုင်းလုံးကြီးမားထက် ပိုမိုကြီးမားသော ငလျင်လှိုင်းကြီးကို ရင်ဆိုင်ရနိုင်ဖွယ်ရှိသည်။

တစ်ချိန်က နဂါးသင်္ချိုင်းလှုပ်ခါတိုင်း သမုဒ္ဒရာကမ္ဘာက ကပ်ဆိုးကြီးတစ်ခု တစ်ခါရင်ဆိုင်ရကာ ဆုတ်ယုတ်မှုများ ခံစားကြရသည်။

ယခု နဂါးသင်္ချိုင်းပျက်ဆီးသွားပြီဖြစ်သဖြင့် ကပ်ဆိုးကြီးလည်း မရှိသည်မှာ ကြာပြီဖြစ်၏။

သို့သော်...

ယခုအခိုက်အတန့် မငြိမ်မသက်ဖြစ်မှုက ချန်လီတောင်သာမက သမုဒ္ဒရာကမ္ဘာတစ်ခုလုံး ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားစေနိုင်လောက်အောင် ပြင်းထန်လွန်းလေ၏။

All Chapters