သိုင်းသူတော်စင်သတ္တမအဆင့် ၊ အမတကူးပြောင်းခြင်း ကနဦးအဆင့်
Vol. 72 Ch. 1011
အခန်း (၁၀၁၁) သိုင်းသူတော်စင်သတ္တမအဆင့် ၊ အမတကူးပြောင်းခြင်း ကနဦးအဆင့်
“ဘာဖြစ်သွားတာလဲ...”
စုန့်ဂုဏ်းချုပ်နှင့် သူ၏တပည့်နှစ်ယောက်လုံး နှိုင်းယှဉ်မရအောင်တုန်လှုပ်သွားကြသလို ထိတ်လန့် ခြောက်ခြားသွားကြကာ မိုးကောင်းကင်၏အလိုတော်ကို တွန်းလှန်ရန် မဖြစ်နိုင်သည့်အလား ကူရာကယ်ရာမဲ့ စိတ်ပျက်အားငယ်မှုကိုပင် ခံစားလိုက်ရသည်။
“ပြီးခဲ့တဲ့ရက်ပိုင်းက ထူးခြားမှုတစ်ခုခု ဖြစ်ခဲ့သေးလား”
နက်နဲသော အသံတစ်သံ ထွက်ပေါ်လာသည်။
သူတို့လှမ်းကြည့်လိုက်တော့ ချန်လီတောင်ဂိုဏ်းချုပ်ဟောင်း ကောင်းထျန်းကျုန်းကို တုန်လှုပ်နေသည့် မျက်နှာထားဖြင့် တွေ့မြင်လိုက်ရသည်။
စုန့်ဂိုဏ်းချုပ်မှာ ကျင့်ကြံခြင်းအဆင့်တက်သွားသည့် ဆရာဖြစ်သူကိုပင် ဂုဏ်ပြုစကားမဆိုနိုင်ဘဲ အလျင်အမြန် ပြောလိုက်သည်။
“ထူးခြားဖြစ်ရပ်ကတော့ ခြေရာမဲ့တိမ်တိုက် ရန်ယွင်ကျုန်းရဲ့အစေခံ ဆရာဟူ သမုဒ္ဒရာကမ္ဘာကို ရောက်လာတယ် ၊ စောစောလေးကပဲ ထွက်သွားတာပဲ”
ကောင်းထျန်းကျုန်းက မျက်လုံးများအသာမှေးစင်းလိုက်ရင်း...
“ဟွမ်ဟူထင်က ခြေရာမဲ့တိမ်တိုက်ရန်ယွင်ကျုန်းရဲ့အမိန့်နဲ့ ဒီကိုလာတာ မဟုတ်လား”
သူက ဆက်ပြောသည်။
“ဒါမှမဟုတ် ခြေရာမဲ့တိမ်တိုက်ရန်ယွင်ကျုန်း သမုဒ္ဒရာကမ္ဘာကို ရောက်နေတာလား”
ထိုစကားကြားတော့ လူငယ်က တုန်လှုပ်သွားပြီး...
“ဒါဖြင့် ခြေရာမဲ့နဂါးဘုရင်က ဒီလိုကပ်ဘေးကြီးကို ဖြစ်စေတာလား ၊ သူက သမုဒ္ဒရာကမ္ဘာကို ဖျက်ဆီးပစ်မလို့လား”
စုန့်ဂိုဏ်းချုပ်က သူ့ကို ဆူပူကြိမ်းမောင်းလိုက်သည်။
“သူ့မှာ ဒီလိုလုပ်စရာအကြောင်းမရှိဘူး”
ကောင်းထျန်းကျုန်းက...
“အရင်တုန်းကလည်း အလားတူဖြစ်ရပ်မျိုးရှိခဲ့ဖူးတယ် ၊ ဒါပေမဲ့ အဲဒီတုန်းက အဖြစ်အပျက်က ဒီလောက်ကြီးကြီးမားမား မဟုတ်ဘူး”
ပြောပြီးသည်နှင့် သူက ဝင်္ကပါပင်လယ်ဒေသရှိရာ နေရာသို့ စူးစိုက်ကြည့်လိုက်သည်။
ထိုစဉ်အချိန်က...
ရန်ကျောက်ကဲက ထိုနေရာတွင် တိတ်ဆိတ်စွာ ကျင့်ကြံနေခဲ့သည်။
တစ်နေ့မှာတော့ အလင်းတိုင်လုံးကြီးတစ်ခုက ဝင်္ကပါပင်လယ်ဒေသမှ ကောင်းကင်ထက်သို့ ချိတ်ဆက်သွားပြီး တစ်လောကလုံးအား လင်းထိန်တောက်ပသွားစေသည်။
သမုဒ္ဒရာကမ္ဘာမှ လူသားအားလုံးသည် ရန်ကျောက်ကဲ အထက်ဘုံကမ္ဘာသို့တက်ရောက်သည့် ခမ်းနားသောမြင်ကွင်းကို တွေ့မြင်ခဲ့ကြရသည်။
ယနေ့မှာတော့ ငလျင်လှုပ်ခတ်မှုမှာ ဝင်္ကပါပင်လယ်ဒေသ သို့မဟုတ် သီးခြားနေရာတစ်ခုမှ ထွက်ပေါ်လာခြင်း မဟုတ်ပေ။
သမုဒ္ဒရာကမ္ဘာကြီးတစ်ခုလုံး တစ်ပြိုင်တည်း တုန်လှုပ်သွားခြင်း ဖြစ်သည်။
သို့သော် ကောင်းထျန်းကျုန်းကတော့ ဝင်္ကပါပင်လယ်ဒေသဆီသို့ လှမ်းမျှော်ငေးကြည့်နေဆဲသာပင်။
ကောင်းထျန်းကျုန်းနှင့် စုန့်ဂိုဏ်းချုပ်တို့နှစ်ယောက်လုံး သဘောပေါက်သွားသည်မှာ -
“အရင်တုန်းက ခြေရာမဲ့တိမ်တိုက် ရန်ယွင်ကျုန်းက သိုင်းသူတော်စင် တတိယအဆင့်ကို ဖြတ်ကျော်ပြီး အထက်ဘုံကမ္ဘာကို တက်သွားခဲ့တာမဟုတ်လား”
ကောင်းထျန်းကျုန်းက ဆက်ပြောသည်။
“အခုလည်း အလားတူအခြေအနေမျိုးဖြစ်နိုင်တယ် ၊ စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်ရအောင်”
အခုချိန်မှာ သူတို့တစ်ခုခုလုပ်ချင်လျှင်တောင် ဘာမှလုပ်နိုင်မည် မဟုတ်ပေ။
အကယ်၍ ဤသည်က သမုဒ္ဒရာကမ္ဘာတစ်ခုလုံးကို ဖျက်ဆီးပစ်မည့် ကပ်ဘေးကြီးတစ်ခုဆိုလျှင်တောင်မှ ယခုပင် တံခါးပိတ်ကျင့်ကြံရာမှထွက်လာသည့် သိုင်းသူတော်စင် တတိယအဆင့် ၊ ကိုယ်ခွဲပေါင်းစပ်ခြင်း နှောင်းပိုင်းအဆင့် သိုင်းသူတော်စင် ကောင်းထျန်းကျုန်းသည်ပင် ဘာမှမတတ်နိုင်ဘဲ အသက်ပျောက်ရမည် ဖြစ်၏။
သမုဒ္ဒရာကမ္ဘာမှ တန်ခိုးစွမ်းအားရှင်များအားလုံး ပေါင်းစပ်အင်အားသည်ပင် အဓိပ္ပါယ်မဲ့နေမည်ဖြစ်ပြီး သေခြင်းတရားကို စောင့်ဆိုင်းရန်သာ ရှိလိမ့်မည်။
ကောင်းကင်တစ်ခုလုံး အက်ကွဲပြိုကျမှတော့ ထိုကောင်းကင်အောက်ရှိ သက်ရှိသတ္တဝါအားလုံးမှာ ပျက်ဆီးခြင်းဖြင့်သာ အဆုံးသတ်ရပေမည်။
သို့သော် ဤသို့ ဖြစ်နိုင်ခြေရှိသောကပ်ဘေးက ကြာရှည်မခံခဲ့ပေ။
တစ်ခဏအတွင်းမှာပင် ငလျင်က ငြိမ်သက်သွားသည်။
အစောပိုင်းက အကြောက်တရားခံစားလိုက်ကြရသည့်လူအားလုံးမှာ ထင်ယောင်ထင်မှား ဖြစ်သည့်အလား ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိလာကြသည်။
“ငါတို့သမုဒ္ဒရာကမ္ဘာကို ခြေရာမဲ့တိမ်တိုက် ရန်ယွင်ကျုန်း ရောက်လာတာပဲ ဖြစ်ရမယ်”
ကောင်းထျန်းကျုန်းက ထိုအချက်ကို ပိုမိုသေချာသွားသည်။
ချန်လီတောင်မှလူများ အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် အဆုံးသတ်မှာတော့ စိတ်ရှုပ်ထွေးသည့် အမူအရာများဖြင့် တစ်ညီတစ်ညွတ်တည်း သက်ပြင်းချလိုက်ကြသည်။
အရင်တုန်းက ရန်ကျောက်ကဲအား ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ဖူးကြသူများမှာ ထိုအချိန်ကို ပြန်တွေးကြည့်သည့်အခါ အားလုံးက စောစောက ငလျင်လှုပ်သည်ထက်ပင် ပိုပြီးအံ့သြစရာကောင်းသော အိပ်မက်တစ်ခုပမာ ခံစားလိုက်ကြရသည်။
စုန့်ဂိုဏ်းချုပ်တို့ဆရာတပည့်ကို နှုတ်ဆက်ပြီး ဝင်္ကပါပင်လယ်သို့ ထွက်ခွာလာသော အားဟူသည်လည်း သမုဒ္ဒရာကမ္ဘာကြီးတွင်ဖြစ်သွားသည့် အပြောင်းအလဲကို ခံစားလိုက်ရသည်။
သူက ခဏမျှ အံ့အားသင့်သွားပြီးမှ ရွှင်မြူးစွာ ရယ်မောလိုက်ရင်း အပျော်လွန်စွာဖြင့် ရေရွတ်လိုက်သည်။
“သခင်လေး အောင်မြင်သွားပြီပဲ”
ငလျင်လှုပ်ပြီးသည့်နောက် အားဟူက ဝင်္ကပါပင်လယ်သို့ အလျင်အမြန်ပင် ထွက်ခွာသွားသည်။
ထိုနေရာတွင် ရန်ကျောက်ကဲ နတ်ဘုရားသိမြင်ခြင်းအဆင့်သို့ တက်ရောက်စဉ်ကလို ပတ်ဝန်းကျင်ဗလာနယ်တစ်ခုလံဒးအား လွှမ်းခြုံထားသည့်အလင်းရောင်များဖြင့် ပြည့်နက်နေခြင်း မရှိခဲ့ပေ။
သမုဒ္ဒရာကမ္ဘာကြီးတစ်ခုလုံး လှုပ်ခတ်သွားပြီးနောက် ဝင်္ကပါပင်လယ်သည်လည်း ပုံမှန်အတိုင်း ပြန်လည်ငြိမ်သက်သွားသည်။
အားဟူက မျက်လုံးများကို လက်တစ်ဖက်ဖြင့် မိုးကာရင်း အဝေးသို့ လှမ်းကြည့်လိုက်စဉ် သူ့အနောက်မှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
“မင်း ဘာလို့ဆင်းလာတာလဲ”
“သခင်လေး...”
အားဟူလှည့်ကြည့်လိုက်တော့ သူ့နောက်တွင်ရပ်နေသည့် ရန်ကျောက်ကဲကို တွေ့လိုက်ရသည်။
အားဟူက စိတ်အားထက်သန်စွာဖြင့်...
“သခင်လေး... သခင်လေးလည်း အိမ်တော်သခင်လို အမတကူးပြောင်းခြင်းအဆင့်ကို တက်သွားပြီလား”
ရန်ကျောက်ကဲက မည်သည့်စကားမှ ပြန်မပြောဘဲ ပြုံးရုံသာ ပြုံးနေသည်။
သို့သော် အားဟူ၏မျက်လုံးထဲတွင် ရန်ကျောက်ကဲ၏ပုံရိပ်က သူ့အရှေ့မှပျောက်ကွယ်သွားပြီး ကြယ်စင်စကြာဝဠာကြီးတစ်ခုနှင့် အစားထိုးလိုက်သည့်အလား ထင်မှတ်ရသည်။
ကြယ်စင်များစွာစကြဝဠာက လှည့်ပတ်နေပြီး ကြယ်စင်များစွာက ပျံ့နှံ့လျက် ၎င်းတို့၏ပတ်လမ်းကြောင်းများကို ပုံဖော်ကာ အချင်းချင်း လွှမ်းမိုးလျက် ရှိကြသည်။
ကြယ်စင်များစွာ မွေးဖွားခြင်းနှင့် ပျက်ဆီးခြင်းကို မမြင်နိုင်သော်လည်း ပြင်ပလောကမှ တကယ့်စကြဝဠာကြီးနှင့် ရင်ဆိုင်နေရသည့်ပမာ ဖြစ်သည်။
ဤနေ့တွင် ရန်ကျောက်ကဲ အောင်မြင်စွာ အမတကူးပြောင်းခြင်းအဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီး နတ်ဘုရားတစ်ပါးဖြစ်လာရန် ပထမဆုံးခြေလှမ်းကို တရားဝင်စတင်နိုင်ခဲ့ပြီ ဖြစ်သည်။
အားဟူမှာ ရန်ကျောက်ကဲကိုကြည့်လျှက် အလွန်အမင်း ချီးကျူးအံ့သြနေမိပြီး အတန်ကြာမှ သတိပြန်ဝင်လာသည်။
“သခင်လေး တံခါးပိတ် မကျင့်ကြံခင် စုံစမ်းခိုင်းထားတဲ့ကိစ္စကို အိမ်တော်သခင်က ပြုလုပ်ပြီးပါပြီ ၊ အဲဒါ... သခင်လေးဆီ ပို့ခိုင်းလိုက်လို့”
“အိုး ဟုတ်လား”
ထိုစကားကြားတော့ ရန်ကျောက်ကဲ မျက်ဝန်းများတောက်ပလာသည်။
အားဟူက ကျောက်စိမ်းပြားလေးတစ်ခုကို ရန်ကျောက်ကဲထံကမ်းပေးလိုက်ပြီး ထိုကျောက်စိမ်းပြားလေးက အရင်က ရန်တိကို သူ ပေးခဲ့ဖူးသော ပစ္စည်းလေးဖြစ်၏။
အတွင်းထဲမှအကြောင်းအရာများကို အကြမ်းဖျင်းကြည့်ရှုပြီးနောက် ရန်ကျောက်ကဲ၏မျက်ဝန်းများ တောက်ပသွားသလို နက်ရှိုင်းမှုများလည်း လွှမ်းခြုံသွားသည်။
အချိန်အတန်ကြာပြီးနောက် ရန်ကျောက်ကဲက မေးစေ့ကိုလက်ဖြင့်ပွတ်ရင်း...
“အင်း... ဖြစ်နိုင်ခြေတော့ရှိတယ်...”
ထိုအချိန် သမုဒ္ဒရာကမ္ဘာတွင် လှုပ်ခတ်သည့် ငလျင်က အဆုံးသတ်သွားပြီး အချိန်ကြာသွားသည်နှင့်အမျှ သိုင်းကျင့်ကြံသူများ ကမ္ဘာအဆုံးသတ်သို့ မရောက်ရှိသေးကြောင်း စိတ်ချသွားကြသည်။
ဝင်္ကပါပင်လယ်တွင် မည်သည့်ထူးခြားချက်မှ မရှိသော်လည်း လူတိုင်းက ဝင်္ကပါပင်လယ်ဆီသို့ အပြေးရောက်လာကြသည်။
သမုဒ္ဒရာကမ္ဘာ၏ လောကပထမကျင့်ကြံသူ ကောင်းထျန်းကျုန်းသည် လောလောလတ်လတ်ပင် သိုင်းသူတော်စင်အဆင့်သို့ တက်ရောက်ထားပြီး မြေပြင်အနေအထား နီးကပ်ခြင်းမရှိသည့်တိုင် ထိုနေရာသို့ ပထမဆုံး ရောက်ရှိလာသည်။
ထိုနေရာတွင် ရန်ကျောက်ကဲကိုတွေ့တော့ ကောင်းထျန်းကျုန်း အံ့သြမှင်တက်သွား၏။
သူ့အရှေ့တွင်ရှိနေသည့်ရန်ကျောက်ကဲမှာ သာမန်လူတစ်ယောက်ပမာရှိနေပြီး မည်သည့်တန်ခိုးစွမ်းအား ၊ ကြယ်တာရာချီစွမ်းအားအနှစ်သာရမှ ထွက်ပေါ်နေခြင်းမရှိပေ။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ ချီစွမ်းအားနှင့် သွေးစွမ်းအားများမှာ ကျင့်ကြံသူတစ်ယောက် မဟုတ်သည့်ပမာပင် နှေးကွေးဖျော့တော့နေသည်။
လအနည်းငယ်ခန့်သာ ကျင့်ကြံထားသည့် သိုင်းကျင့်ကြံသူတစ်ယောက်သည်ပင် ရန်ကျောက်ကဲထက် အားကောင်းနေမည် အမှန်ပင်။
သို့ပေသိ ထိုသို့သောလူတစ်ယောက်က မြေပြင်ထက်တွင်ရပ်နေသည့်ပမာ ဝင်္ကပါပင်လယ် လေထုထက်တွင် အေးဆေးစွာပင် မတ်တတ်ရပ်လျက် ရှိသည်။
ကောင်းထျန်းကျုန်းကိုယ်တိုင်က သူ၏ကြယ်တာရာချီ စွမ်းအားအနှစ်သာရကို ထိန်းချုပ်ပြီး ကောင်းကင်ထက် လေထုထဲတွင် ပေါ့ပါးရိုးရှင်းစွာပင် မတ်တတ်ရပ်နိုင်စွမ်း ရှိပေသည်။
သို့ရာတွင် ထိုသို့ပြုလုပ်ရန်အတွက် ကြယ်တာရာချီစွမ်းအားအနှစ်သာရကို အသုံးပြုရန် လိုအပ်သည်။
သူ့အနေဖြင့် အခြားသူများ အောင်မြင်မှုရရှိရန် အစွမ်းကုန်ကြိုးစားရမည့်အရာကို အလွယ်တကူ ပြုလုပ်နိုင်ပြီး နည်းပါးသည့် စွမ်းအားကို အသုံးချနိုင်ခြင်းသာ ဖြစ်သည်။
နည်းပါးသည့်စွမ်းအားဖြင့် ကြီးမားသော စွမ်းဆောင်မှုကို ပြုလုပ်နိုင်ခြင်းမှာ အလွန်ဆန်းကျယ်လှသည်။
မည်သို့ပင်ဖြစ်စေ ထိုသို့စွမ်းဆောင်နိုင်ရန်အတွက် တန်ခိုးစွမ်းအားကို အသုံးပြုရန် လိုအပ်နေသေးသည် အမှန်ပင်။
သို့ပေသိ ယခုအချိန်တွင် ရန်ကျောက်ကဲကတော့ သူ၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရကို လုံးဝ ထုတ်ဖော်ခဲ့ခြင်း မရှိပေ။
ဤသို့လုပ်ဆောင်သည်က သဘာဝနိယာမများကို လုံးဝ ဆန့်ကျင်နေပေသည်။
ရန်ကျောက်ကဲကို ထိုသို့တွေ့မြင်လိုက်ရသည့်အခါ ကောင်းထျန်းကျုန်းမှာ ဘာပြောရမှန်းမသိဘဲ ဆွံ့ အ သွားရသည်။
နောက်ပိုင်းမှာတော့ သမုဒ္ဒရာကမ္ဘာမှ အခြားသော သိုင်းကျင့်ကြံသူများစွာ ထပ်မံရောက်ရှိလာကြသည်။
အစပိုင်းမှာတော့ သူတို့အားလုံးက ရန်ကျောက်ကဲ၏ လက်ရှိအသွင်အပြင်ကို သတိမမူခဲ့မိကြပေ။ သို့သော် တဖြည်းဖြည်း သဘောပေါက်သွားသည့်အချိန် သူတို့အားလုံး၏မျက်ဝန်းများထဲတွင် ထိတ်လန့် တုန်လှုပ်မှုများ ထွက်ပေါ်လာသည်။
ရန်ကျောက်ကဲက ရောက်လာသူများအားလုံးကို ပြုံးပြနှုတ်ဆက်ရင်း...
“အားလုံးပဲ... မတွေ့တာကြာပြီနော်... အဆင်ပြေကြတယ် မဟုတ်လား”
ထို့နောက် သူက ဗလာနယ်ထဲသို့ လက်ကိုဆန့်ထုတ်ကာ လှုပ်ရှားမှုတစ်ခုပြုလုပ်လိုက်သည်။ ထိုအခါ ပတ်တန်းကျင်မိုးမြေတစ်ခုလုံး ချက်ချင်း ပုံပျက်သွား၏။
“ဒီ’ရန်’ က အထက်ဘုံကမ္ဘာမှာ ဖြေရှင်းဖို့အတွက် ကိစ္စလေးတွေ ရှိနေသေးတယ် ၊ ဒီနေရာကလူတိုင်းနဲ့ ဟိုးအရင်အချိန်တွေကို ပြန်ပြီးအမှတ်ရနေမိပါတယ် ၊ အချိန်ရရင် နောက်တစ်ခေါက် ဆုံတွေ့ကြတာပေါ့ဗျာ”
သူ့စကားဆုံးသွားသည်နှင့် ကောင်းထျန်းကျုန်းနှင့် အခြားသူများ၏ မျက်စိရှေ့တွင် လေထုထဲမှ မြင်ကွင်းများက အဆုံးမရှိသော တောင်တန်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ဝင်္ကပါပင်လယ်မျက်နှာပြင်ထက်တွင် ကျယ်ပြောသော တောင်တန်းများ ထွက်ပေါ်လာသည်။
တောင်ထိပ်တစ်ခုထက်တွင် ကြောက်မက်ဖွယ်ရာ နှင်းမုန်တိုင်းများက အရှိန်ပြင်းစွာ တိုက်ခတ်လျက် ရှိသည်။
ထိုတောင်မြင့်ကြီးက သေချာပေါက် ‘ကျယ်ဖုန်း’ တောင်ပင် ဖြစ်၏။
သမုဒ္ဒရာကမ္ဘာမှ အထက်ဘုံကမ္ဘာသို့သွားရောက်သည့် ကောင်းကင်အက်ကွဲကြောင်းက ကျယ်ဖုန်းတောင်အထက် ကောင်းကင်ယံတွင် တည်ရှိသည်မဟုတ်ပါလား။
သိုင်းသူတော်စင်များအားလုံးက တောင်နှင့်ပင်လယ်များကို ရွှေ့ပြောင်းနိုင်စွမ်း ရှိကြသည်။ သို့သော် နီးကပ်သည့်နေရာမှ တောင်နှင့်ပင်လယ်များကိုသာ အတိုင်းအတာတစ်ခုအတွင်း ရွှေ့ပြောင်းနိုင်ကြခြင်းသာ။
ကောင်းထျန်းကျုန်းနှင့် အခြားသူများကို တုန်လှုပ်သွားစေသည်မှာ ‘ကျယ်ဖုန်း’ တောင်က သမုဒ္ဒရာကမ္ဘာ ပင်မကုန်းမြေနှင့် အဝေးဆုံးနေရာတွင် ရှိနေပြီး ဝင်္ကပါပင်လယ်နှင့်ဆိုလျှင် သမုဒ္ဒရာပေါင်းများစွာ ခြားနားလျက် ရှိနေခြင်းပင်။
သို့သော် ယခုတော့ ရန်ကျောက်ကဲက ထိုတောင်မြင့်ကြီးကို ဝင်္ကပါပင်လယ်ထက်ဆီသို့ ရွှေ့ပြောင်းခဲ့သည်။
“ဒါပေမဲ့ အထက်ဘုံကမ္ဘာကလူတွေ ဆင်းလာတဲ့အခါ သူတို့ကျင့်ကြံခြင်းအဆင့်က သိုင်းသူတော်စင် တတိယအဆင့်ထိ ကန့်သတ်ထားကြတယ် မဟုတ်ဘူးလား”
ထိုခဏတွင် သမုဒ္ဒရာကမ္ဘာမှ သိုင်းကျင့်ကြံသူများအားလုံး၏ မျက်နှာထက်တွင် ခံစားချက်များ ဗလာကျင်းသွားကြလေသည်။