← Chapters

တရားဝင်တောင်တံခါးဖွင့်လှစ်ပွဲအတွက် ဝါဒတောင်ကဖိတ်စာများပေးပို့

Vol. 72 Ch. 1012

တရားဝင်တောင်တံခါးဖွင့်လှစ်ပွဲအတွက် ဝါဒတောင်ကဖိတ်စာများပေးပို့

Vol. 72 Ch. 1012

အခန်း (၁၀၁၂) တရားဝင်တောင်တံခါးဖွင့်လှစ်ပွဲအတွက် ဝါဒတောင်ကဖိတ်စာများပေးပို့

ရန်ကျောက်ကဲ၏ ကျင့်ကြံခြင်းအဆင့်က အမှန်တကယ်ပင် သိုင်းသူတော်စင် တတိယအဆင့်တွင်သာ ကန့်သတ်ထားပေသည်။

သို့သော် သူ၏ ပိုင်းခြားသိမြင်နိုင်စွမ်းနှင့် သိုင်းပညာကျွမ်းကျင်မှုက သာမန် သိုင်းသူတော်စင် တတိယအဆင့် ကျင့်ကြံသူများထက် သာလွန်သွားခဲ့သည်။

သူ၏ကျင့်ကြံခြင်းအဆင့် မြင့်မားလာသည်နှင့်အမျှ ရန်ကျောက်ကဲ၏ နိယာမပိုင်းဆိုင်ရာ အသိပညာများက စာရွက်ထဲတွင် ကျန်ရစ်ခဲ့သည်မဟုတ်ဘဲ လက်တွေ့တွင် အဆက်မပြတ် ပြောင်းလဲလျက် ရှိသည်။

သို့ဖြစ်ရာ အချိန်ကြာလာသည်နှင့်အမျှ ကြီးမားသည့်ပြောင်းလဲမှုများကြားတွင်ပင် အရည်အသွေးပိုင်းတွင် ခြားနားချက်ရှိလာသည်။

သမုဒ္ဒရာကမ္ဘာ၏ ဗလာနယ်အရံအတားနယ်နိမိတ်များသည် အထက်ဘုံကမ္ဘာနှင့်ယှဉ်လျှင် အလွန်တရာ အားနည်းလှသည်။

ထို့ကြောင့် ရန်ကျောက်ကဲက အဝေးတစ်နေရာမှ ဗလာနယ်ကို အလွယ်တကူပုံပျက်စေကာ အဝေးတစ်နေရာကမှ ကျယ်ဖုန်းတောင်ကို ဝင်္ကပါပင်လယ်ထက်တွင် ထွက်ပေါ်လာစေခြင်း ဖြစ်၏။

အမှန်တော့ ရန်ကျောက်ကဲသာ တန်ခိုးစွမ်းအားအနည်းငယ် ထုတ်လွှတ်လိုက်မည်ဆိုလျှင် သမုဒ္ဒရာကမ္ဘာတွင် ကြာကြာမနေနိုင်ဘဲ ဤကမ္ဘာက သူ၏တန်ခိုးစွမ်းအားကို ငြင်းဆန်မည် ဖြစ်သည်။

ထို့ကြောင့် ရန်ကျောက်ကဲက သမုဒ္ဒရာကမ္ဘာတွင် ကြာကြာမနေတော့ဘဲ ကောင်းကင်အက်ကွဲကြောင်းမှတစ်ဆင့် အထက်ဘုံကမ္ဘာသို့ ပြန်သွားလေသည်။

ကောင်းထျန်းကျုန်းနှင့် အခြားသူများက ချက်ချင်းပင် ရန်ကျောက်ကဲကို အပြေးအလွှား နှုတ်ဆက်စကားဆိုလိုက်ကြသည်။

တစ်ချိန်တည်းပင် အားဟူကလည်း ‘ကောင်းကင်ဖြတ်ကျောက်စိမ်း’ ကိုအသုံးပြုကာ ကောင်းကင်အက်ကွဲကြောင်းအတွင်းဝင်ရောက်သွားပြီး ရန်ကျောက်ကဲနောက်သို့ လိုက်ပါသွားသည်။

သူတို့နှစ်ယောက်၏ ပုံရိပ်များပျောက်ကွယ်သွားသည်နှင့် ကောင်းကင်ထက်မှ ကောင်းကင်အက်ကွဲကြောင်း သည်လည်း ပျောက်ကွယ်သွားသလို ဝင်္ကပါပင်လယ်ထက်တွင် ရှိနေသည့် ကျယ်ဖုန်းတောင်း သည်လည်း ပျောက်ကွယ်သွားသည်။

ဗလာနယ်က ကျုံ့ဝင်သွားပြီး ဖြတ့်ကြက်ထားသည့် ပန်းချီကားတစ်ချပ်နှင့် ဆင်တူသည်။

ခဏအကြာမှာတော့ ဝင်္ကပါပင်လယ်က မြူခိုးများထူထပ်လာပြီး ဒီရေများက ပုံမှန်အတိုင်းစီးဆင်းလျှက် အရင်အခြေအနေအတိုင်း ပြန်လည်ရောက်ရှိသွားသည်။

ထိုအခါမှ ကောင်းထျန်းကျုန်းနှင့် အခြားသူများမှာ အိပ်မက်မှ နိုးထလာသည့်ပမာ ခံစားလိုက်ကြရ၏။

ရန်ကျောက်ကဲကို မမြင်နိုင်တော့သည့်တိုင် သူတို့အားလုံး ကောင်းကင်ထက်သို့ ဦးညွှတ်အရိုအသေပေးလိုက်ကြသည်။

နတ်ဘုရားတစ်ပါးကိ အရိုအသေပေးသည့်ပမာဖြစ်လေသည်။

“အခုဆို ခြေရာမဲ့နဂါးဘုရင်က ကျင့်ကြံခြင်းအဆင့် ဘယ်လောက်ရှိနေပြီလဲ”

အချိန်အတန်ကြာမှင်တက်နေပြီးမှ သူတို့အားလုံးစိတ်ထဲ ထိုအတွေးက တစ်ပြိုင်တည်းပေါ်လာသည်။

ဤနေရာသို့ ရောက်ရှိနေသူများတွင် အချင်းချင်းရန်ငြိုးရှိသူများလည်း ပါဝင်သည်။

သို့သော် ထိုခဏတွင် မည်သူမှ ပြဿနာရှာရန်မစဉ်းစားဘဲ ခံစားချက်များရှုပ်ထွေးစွာဖြင့် အဖြေရှာမရသည့် အနေအထား ဖြစ်နေကြသည်။

“ငါတို့...”

ကောင်းထျန်းကျုန်းက ပတ်ဝန်းကျင်ကို တစ်ချက်စူးစမ်းလေ့လာလိုက်ပြီး တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

“ငါတို့တွေ... အသက်ရှင်လျှက်ရှိနေတဲ့ ဒဏ္ဍာရီတစ်ခုကို တွေ့မြင်လိုက်ရတာပဲ”

***

ကောင်းကင်အက်ကွဲကြောင်းကို ဖြတ်ကျော်ပြီး အထက်ဘုံကမ္ဘာသို့ ပြန်ရောက်လာသည့် ရန်ကျောက်ကဲကတော့ သမုဒ္ဒရာကမ္ဘာမှ လူအများ၏ တုန်လှုပ်ခြောက်ခြားဖွယ် အာမေဍိတ်များကို မကြားနိုင်တော့ပေ။

လက်ရှိတွင် သူက အထက်ဘုံကမ္ဘာရှိ ကျူတောပင်လယ်ဒေသအကြောင်းကို စဉ်းစားနေခဲ့သည်။

သူ သမုဒ္ဒရာကမ္ဘာသို့ မဆင်းသက်မီ ဖခင်ဖြစ်သူနှင့် ဝါဒတောင်ကို အပ်နှင်းခဲ့သောကိစ္စ ရလဒ်ထွက်ပေါ်ခဲ့ပြီ မဟုတ်ပါလား။

သူလိုချင်သောအဖြေလည်း ရရှိလာသလို အမတကူးပြောင်းခြင်းအဆင့်သို့လည်း အောင်မြင်စွာတက်ရောက်နိုင်ပြီဖြစ်ရာ ရန်ကျောက်ကဲအတွက် နှစ်ဆသောပျော်ရွှင်မှုကို ခံစားရသည်။

“အခု စဉ်းစားကြည့်လိုက်တော့ အရှေ့တောင်နဲ့တောင်ပိုင်း ဆုံချက်နေရာဖြစ်တဲ့ ကျူတောပင်လယ်ဒေသ တည်နေရာက ဝိညာဉ်စွမ်းအားတွေက သာမန်မဟုတ်ဘူးဆိုတာ သိလိုက်ရတယ် ၊ ဒါပေမဲ့ မျှော်လင့်မထားတဲ့ကိစ္စမျိုးတော့ မဟုတ်ပါဘူး”

ယခုတစ်ကြိမ် အထက်ဘုံကမ္ဘာသို့ ပြန်ရောက်လာချိန်မှာတော့ ရန်ကျောက်ကဲက နတ်ဘုရားသိမြင်ခြင်း အဆင့် တက်ရောက်စဉ်ကလို ကြီးမားသည့် တိုက်ပွဲတစ်ခု မဖြစ်ပွားစေခဲ့တော့ပေ။

အရာအားလုံးက အေးဆေးပြီး သဘာဝအတိုင်းပင် ရှိနေသည်။

သူ့အရှေ့တွင်ရှိနေသည့် အနည်းငယ် လှိုင်းထနေသော ဇာမဏီနယ်မြေ၏ ပင်လယ်ဒေသကို ကြည့်ရင်း ရန်ကျောက်ကဲ စဉ်းစားလိုက်သည်။

“တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ် ဒါမှမဟုတ် အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်ဖြစ်ပါစေ ဝိညာဉ်စွမ်းအား စီးဆင်မှု မြေပြင်သွေးကြောတွေက ပြင်းထန်ပြီး တောက်လောင်နေတယ် ၊ နယ်မြေနှစ်ခု ဆုံတဲ့နေရာမှာ ပိုဆိုးတယ်”

ဤနေရာမှ အခြေအနေက တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ် ၊ စက်ဝန်းတောင်နှင့် တူညီသင့်သည်။

သို့သော် တောင်ပိုင်းတွင် စက်ဝန်းတောင်ကို ဖြတ်သန်းစီးဆင်းနေသော မင်းဆက်မြစ်၏ ကြွယ်ဝသောချီစွမ်းအားများက ဒေသတွင်း မြေပြင်သွေးကြောများ၏ ဝိညာဉ်စွမ်းအားလည်ပတ်မှုကို ထိခိုက်စေခဲ့သည်။

ထို့ကြောင့် ထိုနေရာက ကျူတောပင်လယ်ဒေသနှင့် အခြေအနေမတူညီခဲ့ပေ။

“ဒီနေရာကို ကောင်းကင်စွမ်းအားအစီအရင်တည်ဆောက်ဖို့ ရွေးချယ်တယ်ဆိုတာ အကြောင်းပြချက်မရှိဘဲတော့ မဟုတ်ဘူး”

ရန်ကျောက်ကဲ ရေရွတ်လိုက်သည်။

အားဟူက...

“သခင်လေး... ဒါပြီးရင် ကျူတောပင်လယ်ဒေသကို လှည့်ပတ်ကြည့်ဦးမှာလား”

ရန်ကျောက်ကဲက...

“အမှန်ပဲ... ကိုယ်တိုင်ကွင်းဆင်းလေ့လာဖို့လိုအပ်တယ် ၊ ဒါမှ ပြင်ဆင်မှုတွေလုပ်နိုင်မှာပေါ့”

အားဟူက...

“ကျွန်တော် ဒီတစ်ခေါက်လာခဲ့တာ သခင်လေးဆီ ဒီကျောက်စိမ်းပြားလေးပို့ပေးဖို့ လာခဲ့တာ ၊ တိုက်တိုက်ဆိုင်ဆိုင် သခင်လေးကလည်း တံခါးပိတ်ကျင့်ကြံရာက ထွက်လာတယ်”

သူက ခေါင်းတစ်ချက်ကုတ်ရင်း...

“အိမ်တော်သခင်နဲ့ ဂိုဏ်းချုပ်ဟောင်းက သခင်လေး တံခါးပိတ်ကျင့်ကြံရာကနေ အထက်ဘုံကမ္ဘာကိုပြန်လာတာနဲ့ ဝါဒတောင် တရားဝင်တောင်တံခါးဖွင့်ပွဲ ကျင်းပဖို့ စီစဉ်နေကြတယ်”

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

"အော်... အဲဒီလိုလား”

အားဟူက ရိုးရှင်းစွာပြုံးလိုက်ရင်း...

“အိမ်တော်အကြီးအကဲလည်း အောင်မြင်မှုတွေ ရခဲ့တယ်လေ ၊ အခု သိုင်းသူတော်စင် အဋ္ဌမအဆင့် ၊ အမတကူးပြောင်းခြင်း အလယ်ဆင့်ကို ရောက်နေပြီ”

ရန်ကျောက်ကဲ မျက်နှာထက် ပျော်ရွှင်မှုတစ်ခု ဖျတ်ခနဲ လင်းလက်သွားပြီး...

“ဒီထက်ပိုကောင်းတာ မရှိနိုင်တော့ဘူး”

ရန်ကျောက်ကဲက ကောင်းကင်ထက်ခေါင်းမော့ကြည့်ပြီး ခဏမျှ စဉ်းစားလိုက်ရင်း...

“အခုအခြေအနေက မရှင်းလင်းသေးဘူး ၊ အရှိန်အဟုန်နဲ့ဆောင်ရွက်ဖို့လိုတယ် ၊ ဒါပေမဲ့ ငါတို့ရဲ့ ပြင်ဆင်မှုနဲ့ အစီအမံတွေက တခြားသူတွေကို ထိခိုက်နစ်နာစေတာမျိုး မဖြစ်သင့်ဘူးလေ”

သူက ဆက်ပြောသည်။

“စစ်သည်တွေရောက်လာရင် စစ်သူကြီးတွေနဲ့ ပိတ်ဆို့ရမယ် ၊ ရေရောက်လာရင် တာတမံတည်ဆောက်ပြီး ပိတ်ဆို့ရမယ် ၊ ဘာပဲဖြစ်ဖြစ်... အထက်ဘုံကမ္ဘာမှာ ငါတို့ဂိုဏ်း တရားဝင်ဖွင့်လှစ်တဲ့အချိန်က နောက်ဆုံးတော့ ရောက်လာခဲ့ပြီပဲ”

ရန်ကျောက်ကဲက အားဟူကိုကြည့်ရင်း...

“ငါ ကျူတောပင်လယ်ဒေသကို လှည့်ပတ်ကြည့်လိုက်ဦးမယ် ၊ အားလုံးအဆင်သင့်ဖြစ်ရင် တောင်ပေါ်ကို ပြန်လာမယ်”

“မင်း တောင်ပေါ်အရင်ပြန်နှင့်ပြီး အဖေနဲ့ ဆရာဘိုးဘိုးဆီ သတင်းပို့လိုက်ပါ ၊ လုပ်စရာရှိတာဆက်လုပ်ပြီး အစစအရာရာ အဆင်ပြေအောင် စီစဉ်ဖို့နဲ့ ဧည့်သည်တော်တွေကို ဖိတ်စာပို့ဖို့လည်း စီစဉ်ရမယ် မဟုတ်လား”

အားဟူက...

“ဟုတ်ကဲ့ပါ သခင်လေး”

ရန်ကျော်ကဲက ကျူတောပင်လယ်ဒေသကို လှည့်ပတ်ကြည့်ရှုနေစဉ် အားဟူကတော့ ဝိညာဉ်နယ်မြေရှိ ဝါဒတောင်သို့ ပြန်သွားခဲ့သည်။

အားဟူထံမှ သတင်းရရှိတော့ ဝါဒတောင်မှလူများအားလုံး အမှန်တကယ်ပင် ပျော်ရွှင်သွားကြသည်။

ယခု ဝါဒတောင်တွင် ရန်တိပြီးလျှင် ဒုတိယမြောက် အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်တစ်ယောက်ရှိလာပြီး ထိုသူက ထိတ်လန့်တုန်လှုပ်ဖွယ်ရာ တန်ခိုးစွမ်းအားကို ပိုင်ဆိုင်သော ရန်ကျောက်ကဲ ဖြစ်နေခဲ့သည်။

မကြာသေးမီနှစ်များအတွင်း ဝါဒ‌တောင်က အတည်ငြိမ်ဆုံး အခြေခံအုတ်မြစ်ပေါ်တွင် ဖြည်းဖြည်းချင်း ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး အရှိန်အဟုန်ဖြင့် ထင်ရှားကျော်ကြားလာခဲ့သည်။

ရန်ကျောက်ကဲ၏ တန်ခိုးစွမ်းအားနှင့် စွမ်းရည်က လူတိုင်းကို အံ့အားသင့်စေခဲ့သည်။

သူ၏တန်ခိုးစွမ်းအားမြင့်မားလာသည်နှင့်အမျှ သူ၏အခွင့်အာဏာသည်လည်း ကြီးထါားလာကာ လူတိုင်း၏ ယုံကြည်မှုကလည်း ခိုင်မာလာသည်။

ရန်ကျောက်ကဲ၏ အစီအစဉ်များကို ကြားသိရပြီးနောက် ရန်တိ ၊ ယွမ်ကျန်းဖုန်းနှင့် အခြားသောအကြီးအကဲများတွင် မည်သူမှကန့်ကွက်ခြင်း မရှိခဲ့ကြပေ။

ချင်းယွမ်ဧကရာဇ်နှင့် တောင်ပိုင်းထိပ်တန်း အရှင်သခင်ကဲ့သို့ အင်အားကြီးရန်သူများ၏ ခြိမ်းခြောက်မှုက မည်သည့်အချိန်တွင် ကျရောက်လာမည်ကို မသိနိုင်သေးပေ။

သို့သော် ဝါဒတောင်က ပြင်ပအင်အားစုများကို အားမကိုးဘဲ မယိမ်းယိုင်သောစိတ်ထားဖြင့် ကိုယ့်အားကိုယ်ကိုးကာ အရှိန်အဟုန်ဖြင့် ကြိုးစားလုပ်ဆောင်မည်ဟု ခံယူထားသည်။ သို့တိုင် ရန်ကျောက်ကဲနှင့် ဝါဒတောင်မှ အကြီးအကဲများအားလုံးသည် အဆိုပါ ငုပ်လျှိုးနေသည့် ခြိမ်းခြောက်မှုကို လျစ်လျူရှုဝံ့ခြင်း မရှိပေ။

တရားဝင် တောင်တံခါးဖွင့်လှစ်ခြင်းက ဝါဒတောင်အတွက် အရေးကြီးဆုံးသော ဖြစ်ရပ် ဖြစ်၏။

အရာအရာကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရန် ၊ သူတို့အပေါ် ပိုမိုယုံကြည်မှုရှိစေရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် ပိုပြီးလိုအပ်သည်။

ရန်ကျောက်ကဲ ကျူတောပင်လယ်ဒေသတစ်လျှောက် ခရီးထွက်နေစဉ် ဝါဒတောင်တစ်ခုလုံး သည်လည်း အလုပ်များလျက် ရှိကြသည်။

သံတမန်များစေလွှတ်ပြီး တိုင်းနိုင်ငံအသီးသီးမှ ဧည့်သည်တော်များထံသို့ ဖိတ်ကြားလွှာများပေးပို့သည်။

ထိုသို့ဖြင့်...

ဝါဒတောင်က တရားဝင်တောင်တံခါးဖွင့်လှစ်ပြီး တပည့်များလက်ခံတော့မည်ဆိုသော သတင်းက မကြာမီအချိန်အတွင်း ကျူ‌တောပင်လယ်ဒေသကို ဗဟိုပြုကာ ပတ်ဝန်းကျင်နေရာဒေသအသီးသီးသို့ ပျံ့နှံ့သွားခဲ့သည်။

အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်တစ်ခုလုံးသာမက အိမ်နီးချင်းဖြစ်သော တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ် ၊ စက်ဝန်းတောင်တန်းဒေသအပါအဝင် အခြးသောနေရာများသို့လည်း ကျယ်ကျယ်ပြန့်ပြန့် သတင်းများ ပျံ့နှံ့သွား၏။

အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်၏ အုပ်စိုးသူများဖြစ်ပြီး ဝါဒတောင်နှင့် ဆက်ဆံရေးကောင်းမွန်သော ကျင်းထင်တောင်သည်လည်း ဖိတ်ကြားစာ လက်ခံရရှိလေသည်။

နယ်ခြားဒေသတွင် စောင့်ကြပ်နေသော အရှေ့တောင်ဓားနတ်မယ် သည်လည်း ထိုသတင်းကို ချက်ချင်းရရှိခဲ့သည်။

အတွေ့အကြုံများပြီး ရဲရင့်သော သူမသည်ပင် ဖိတ်ကြားချက်ကို လက်ခံရရှိသည့်အခါ အနည်းငယ် အံ့အားသင့်သွားရသည်။

သူမဘေးနားတွင်ရှိနေသောကျင်းထင်တောင်မှ သိုင်းသမားများမှာ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး စကားမပြောနိုင် ဖြစ်သွားကြသည်။

အတန်ကြာမှ လူတစ်ယောက်က မယုံကြည်နိုင်စွာဖြင့်...

“ဝါဒတောင်က ဒီလူတွေက တကယ့်ကို အကြောက်အလန့်မရှိဘူးပဲ”

“ချင်းယွမ်ဧကရာဇ်နဲ့ တောင်ပိုင်းထိပ်တန်းအရှင်သခင် ပြန်လာတာနဲ့ သူတို့ကို သေချာပေါက် ပြဿနာလာရှာလိမ့်မယ် ၊ ဒီလိုအခြေနေမျိုးမှာတောင် တောင်တံခါးဖွင့်ပွဲကျင်းပရဲတယ်ဆိုတော့... သူတို့က ဒီ ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်တွေကို မျက်လုံးထဲ လုံးဝထည့်မထားဘူးပဲ”

All Chapters