← Chapters

သွေးမျက်ရည်ကျသည့်ဇာမဏီ

Vol. 72 Ch. 1014

သွေးမျက်ရည်ကျသည့်ဇာမဏီ

Vol. 72 Ch. 1014

အခန်း (၁၀၁၄) သွေးမျက်ရည်ကျသည့်ဇာမဏီ

တောင်ပိုင်းထိပ်တန်းအရှင်သခင် ‘ကျွမ်းရှန်’ အလယ်ပိုင်းကျွင်းထျန်းကောင်းကင်ပြည်နယ်သို့ ထွက်ခွာသွားသည်မှာ အချိန် (၈)နှစ် (၉)နှစ်နီးပါး ရှိခဲ့ပေပြီ။

ယခုတော့ ဇာမဏီရိုးရာတောင် ၊ ဝူထုန်တောင်စောင်းသို့ ပြန်လည်ရောက်ရှိလာပေပြီ။

သာမန်လူသားများအတွက်တော့ နှစ်ပေါင်း (၁၀၀)သာ အသက်ရှည်နိုင်ကြသဖြင့် (၈)နှစ် (၉)နှစ်ဆိုသည်က အလွန်ရှည်လျားသော အချိန်ဖြစ်သည်။

သို့သော် ကျင့်ကြံသူတစ်ယောက်အတွက်ကတော့ တစ်ခါ တံခါးပိတ်ကျင့်ကြံလျှင်ပင် အချိန် (၁၀)နှစ်ကျော် ကြာမြင့်နိုင်ခြေ ရှိသည်။

တောင်ပိုင်းထိပ်တန်းအရှင်သခင် ကျွမ်းရှန်ကိုယ်တိုင် အနှစ် (၂၀)နီးပါး တံခါးပိတ်ကျင့်ကြံခဲ့ဖူးသည်။

ယခု ကျွမ်းရှန်ပြန်ရောက်လာချိန် သူ့အရှေ့မှ အရာဝတ္ထုများကပြောင်းလဲခြင်းမရှိသော်လည်း လူများကတော့ ပြောင်းလဲသွားပြီ ဖြစ်သည်။

ကျွမ်းရှန်က အဓိပတိထိုင်ခုံတွင်ထိုင်နေပြီး သူ့အရှေ့မှလူများကို မျက်တောင်မခတ်စိုက်ကြည့်နေသည်။

သူ၏အသွင်အပြင်က အရင်အချိန်များအတိုင်း လုံးဝ ပြောင်းလဲခြင်း မရှိပေ။

သူ၏မျက်နှာက ချောမောလှပနေဆဲဖြစ်ပြီး သူ၏အသက်အရွယ်ကလည်း (၃၀)ခန့်မျှသာ ရှိသည်။ နှင်းပွင့်ပမာ ငွေရောင်ဆံနွယ်များအား ဦးခေါင်းထက်တွင် သပ်ရပ်စွာထုံးဖွဲ့ထားပြီး ဦးရစ်တန်ဆာ ဆင်မြန်းထားသည်။

သို့သော် သူ့အရှေ့မှလူများကိုကြည့်ရင်း ကျွမ်းရှန်၏မျက်နှာက မဲမှောင်လျှက် ရှိသည်။

သူ၏ခမည်းခမက်လည်းဖြစ် ၊ ဂိုဏ်းတူညီငယ်လည်းဖြစ်သော မီးတောက်ပဘုရင် ဖန်ဟယ် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ဖန်ဟယ်လောက် ဆက်ဆံရေးမနီးစပ်သည့်တိုင် ကျွမ်းရှန်အပေါ်လေးစားပြီး အရာရာကိုသတိဖြင့် ကိုင်တွယ်လုပ်ဆောင်တတ်သူ ဂိုဏ်းတူအစ်ကို “ဘဏ္ဍာတော်ထိန်းတောင်ထိပ်မှ ကျန်းစုရန်” သည်လည်း ပျောက်ဆုံးနေပြီ ဖြစ်သည်။

သူ တန်ဖိုးအထားဆုံးတပည့် ဇာမဏီမျက်လုံး ‘ယွမ်ရှန်းချန်’ သည်လည်း နေရာတွင် မရှိတော့ပေ။

ထို့ပြင် ဝူထုန်တောင်စောင်းမှ လူပေါင်းများစွာသည် သူ့အရှေ့တွင် နောက်တစ်ကြိမ် ထပ်ပေါ်လာနိုင်မည် မဟုတ်တော့ပေ။

အဆုံးသတ်မှာတော့ သူ၏ သွေးသားအရင်းဖြစ်သူ ကျွမ်းကျောင်းဟွေကိုယ်တိုင် ပျောက်ကွယ်သွားခဲ့ပြီ မဟုတ်ပါလား။

ကျွမ်းရှန်သည် သူ့အရှေ့မှ ဆိတ်သုဉ်းသောမြင်ကွင်းကို အချိန်ကြာမြင့်စွာ တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။

လူအများထဲမှ စာပေသမားအသွင်ဝတ်ဆင်ထားသော လူရွယ်တစ်ယောက်က စကားစပြောသည်။

“ဂိုဏ်းတူအစ်ကို ‘ကျန်း’ နဲ့ ဂိုဏ်းတူညီလေး’ဖန်’ တို့ ဆုံးပါးသွားကြပါပြီ ၊ အရှေ့တောင်ပိုင်းက အင်အားကြီးမားတဲ့အတွက် ငါတို့က ဇာမဏီရိုးရာတောင်မှာပဲ မင်းပြန်အလာကိုစောင့်နေတာပါ ဂိုဏ်းတူအစ်ကို’ကျွမ်း’”

ကျွမ်းရှန်က စာပေသမားလူရွယ်ကိုကြည့်ရင်း ဖြည်းညင်းသည့်အသံဖြင့်...

“ဂိုဏ်းတူညီလေး’မောက်’ ... မင်းရဲ့ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်”

စာပေသမားလူရွယ်က ဦးညွှတ်လိုက်ရင်း...

“ကျေးဇူးပြုပြီး တစ်ခုခုလုပ်ဖို့ စဉ်းစားပေးစေချင်ပါတယ် ထိပ်တန်းအရှင်သခင်”

စာပေသမားလူရွယ်က ဇာမဏီရိုးရာတောင် ၊ ဝူထုန်တောင်စောင်းတွင် တစ်ယောက်တည်းကျန်ရှိခဲ့သော နဝမအဆင့် သိုင်းသူ‌တော်စင် ဇာမဏီအော်မြည်သံ ‘မောက်ယွမ်ရှန်း ဖြစ်သည်။ သူက ဖန်ဟယ် ၊ ကျန်းစုရန်တို့နှင့် ရင်ပေါင်တန်း ရပ်တည်နိုင်သူတစ်ယောက် ဖြစ်၏။

ပြီးတော့ သူနှင့်ဖန်ဟယ်က တောင်ပိုင်းထိပ်တန်းအရှင်သခင် ကျွမ်းရှန်နှင့် မျိုးဆက်တစ်ဆက်တည်းလည်း ဖြစ်ကြသည်။

လွန်ခဲ့သောနှစ်ပေါင်းတစ်ရာကျော်က ဇာမဏီရိုးရာတောင် အဆက်အနွယ်ကို ဦးဆောင်သူမှာ ကျွမ်းရှန်၏ဆရာဖြစ်ပြီး သူက မောက်ယွမ်ရှန်းကို အလွန်သဘောကျသည်။

ထိုစဉ်အချိန်က ဆရာဖြစ်သူသည် ကျွမ်းရှန်ထက်ပင် မောက်ယွမ်ရှန်းကို အထင်ကြီးခဲ့ပြီး သူ၏နေရာကိုဆက်ခံရန် ဆန္ဒရှိကြောင်းပင် ထုတ်ဖော်ပြောကြားခဲ့ဖူးသည်။

သို့သော် နောက်ပိုင်းတွင် ကျွမ်းရှန်က အရှိန်အဟုန်ဖြင့် ကျင့်ကြံခြင်းအဆင့် မြင့်တက်လာခဲ့ပြီး မောက်ယွမ်ရှန်းကို ကျော်တက်သွားခဲ့၏။

ဆရာဖြစ်သူက မထင်မှတ်စွာ စောစောစီးစီး ဆုံးပါးသွားချိန် သူ့နေရာဆက်ခံမည့်သူကို ပြောကြားမသွားနိုင်ခဲ့ပေ။

ထိုသို့ဖြင့် ကျွမ်းရှန်က ဆရာဖြစ်သူ၏နေရာကိုဆက်ခံကာ ဇာမဏီရိုးရာတောင် ၊ ဝူထုန်တောင်စောင်း၏ အရှင်သခင် ဖြစ်လာခဲ့သည်။

သူ့လက်ထက်တွင် အစစ်အမှန်ဇာမဏီကျမ်စာသည်လည်း ပိုမိုလေးနက်ပြီးပြည့်စုံသည်အထိ ပြုပြင်နိုင်ခဲ့သည်။

နောက်ပိုင်းမှာတော့ ကျွမ်းရှန်သည် လူသားအထွတ်ထိပ်အဆင့်သို့ရောက်ရှိလာခဲ့ပြီး ဇာမဏီရိုးရာတောင်သည်လည်း သမိုင်းတစ်လျှောက် အထွတ်ထိပ်အဆင့်သို့ ရောက်ရှိလာခဲ့၏။

ကျွမ်းရှန်သည် တစ်ချိန်က သူ၏ပြိုင်ဘက်ဖြစ်ခဲ့သော မောက်ယွမ်ရှန်းကို မဖိနှိပ်ခဲ့သည့်တိုင် သိုင်းသူတော်စင် နဝမအဆင့် ကျင့်ကြံသူ (၃)ယောက်တွင် မောက်ယွမ်ရှန်းက ကျွမ်းရှန်နှင့် အလှမ်းအဝေးဆုံး ဆက်ဆံရေး ရှိခဲ့သည်။

ကျွမ်းရှန်က ကျန်းစုရန်ကို တောင်ပိုင်းနှင့် အရှေ့တောင်ပိုင်းနယ်ခြားဒေသရှိ စက်ဝန်းတောင်တန်းကို စောင့်ကြပ်ရန် အမိန့်ပေးခဲ့သည်။ ဤသည်ကိုကြည့်ခြင်းအားဖြင့် ကျွမ်းရှန်က ကျန်းစုရန်ကို မည်မျှ လေးနက်စွာယုံကြည်ခဲ့ကြောင်း သက်သေပြနေသည်။

ထိုအလုပ်က အမှန်တကယ်ခက်ခဲသည့်အလုပ်တစ်ခုဖြစ်လေရာ ကျွမ်းရှန် တန်ဖိုးအထားဆုံးတပည့်ဖြစ်သည့် ယွမ်ရှန်းချန်ကိုပင် ထိုနေရာသို့ ပို့ဆောင်ခဲ့ခြင်း မရှိပေ။

ကျွမ်းရှန် အလယ်ပိုင်းကျွင်းထျန်းကောင်းကင်ပြည်နယ်သို့ ထွက်ခွာသွားသည့်အခါ ဇာမဏီရိုးရာတောင် ၊ ဝူထုန်တောင်စောင်းကိုတော့ သူနှင့်အရင်းနှီးဆုံးဖြစ်သည့် ‘မီးတောက်ဘုရင်’ ဖန်ဟယ်ကို အပ်နှံခဲ့သည်။

မောက်ယွမ်ရှန်းကိုတော့ မည်သည့်တာဝန်မှ ပေးအပ်ခဲ့ခြင်းမရှိသဖြင့် သူက သိုသိုသိပ်သိပ်သာလျှင် နေထိုင်ခဲ့သည်။

အတိတ်တစ်ချိန်က “ဇာမဏီအော်ြမည်သံ” ဟု ကျော်ကြားခဲ့သော မောက်ယွမ်ရှန်းသည် ယခုအချိန်တွင် သူ၏ဂုဏ်သတင်းနှင့် မထိုက်တန်ဟုပင် ထင်မှတ်ရ၏။

ကျန်းစုရန်နှင့် ဖန်ဟယ်တို့နှစ်ယောက်လုံး သေဆုံးခဲ့ပြီးမှသာ မောက်ယွမ်ရှန်းက အခြေအနေအလုံးစုံကိုတာဝန်ယူရန် ဝူထုန်တောင်စောင်းသို့ ပြန်ရောက်လာခဲ့ခြင်း ဖြစ်၏။

ကျွမ်းရှန်ပြီးလျှင် ဝူထုန်တောင်စောင်းတွင် ဒုတိယမြောက် တန်ခိုးစွမ်းအားမြင့်မားသူမှာ မောက်ယွမ်ရှန်းဖြစ်ပြီး သူက ပို၍ပင် သိုသိုသိပ်သိပ်နေထိုင်သူ ဖြစ်သည်။

“တစ်ခုခုလုပ်ဖို့စဉ်းစားပေးရမယ်... ဟုတ်လား”

ကျွမ်းရှန်၏မျက်နှာအမူအရာက တည်ငြိမ်နေသော်လည်း ဝူထုန်တောင်စောင်းမှ သိုင်းသမားများအားလုံးမှာ ပတ်ဝန်းကျင်တစ်ခုလုံး မီးလျှံများပမာ ပူလောင်လာသည်ဟု ခံစားလိုက်ကြရသည်။

သူတို့အားလုံးရှေ့တွင် မီးလျှံဇာမဏီငှက်တစ်ကောင်ထွက်ပေါ်လာပြီး အတောင်ပံများကိုဖြန့်ကျက်လျှက် အော်ြမည်သံပြုလုပ်ကာ မျက်လုံးမှ သွေးမျက်ရည်များ ကျဆင်းလာသည်။

ငိုနေသော ဇာမဏီငှက်ပုံရိပ်ယောင်ကို တွေ့မြင်လိုက်ရသည့်အခါ မောက်ယွမ်ရှန်းအပါအဝင် ကျန်လူများအားလုံး တုန်လှုပ်သွားကြသည်။

ပုံရပ်ယောင်ဇာမဏီငှက် ပျောက်ကွယ်သွားပြီးနောက် ကျွမ်းရှန်၏မျက်နှာက မည်သည့်ခံစားချက်မှမရှိသလို တည်ငြိမ်နေပြီး မည်သည့်စကားမှ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

သို့သော် စောစောက ပုံရိပ်ယောင်မြင်ကွင်းက ကျွမ်းရှန်၏အတွင်းစိတ်ထဲ မည်သို့ခံစားနေရသည်ကို သက်သေထူကြောင်း လူတိုင်းသိနားလည်ကြသည်။

ကျွမ်းရှန်က မတ်တတ်ထရပ်ရင်း...

“ဝူထုန်‌တောင်စောင်းက တပည့် (၃၇)ယောက် အဲဒီ ‘ရန်’ မျိုးနွယ်ကောင်စုတ်လေးလက်ထဲမှာ သေဆုံးသွားခဲ့တယ်”

သူက ဆက်ပြောသည်။

“သူတို့ထဲမှာ အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့် သိုင်းသူတော်စင် (၂)ယောက်ပါတယ် ၊ ပြီးတော့ လူငယ်မျိုးဆက်တွေထဲမှာ အထူးချွန်ဆုံးဖြစ်တဲ့ ငါ့ရဲ့ဂုဏ်အယူရဆုံးတပည့်နဲ့ ငါ့သားလည်းပါသွားကြတယ်”

သူက မောက်ယွမ်ရှန်းကို လှမ်းကြည့်ရင်း...

“ဒီတစ်ခေါက် ငါပြန်မလာနိုင်တော့ဘူးဆိုရင် ဂိုဏ်းချုပ်နေရာကို မင်းတာဝန်ယူလိုက်ပါ”

မောက်ယွမ်ရှန်းက ခေါင်းငုံ့ရင်း...

“ငါလည်း ဂိုဏ်းတူအစ်ကိုနဲ့အတူ အရှေ့တောင်ပိုင်းကို သွားချင်ပါတယ်”

ကျွမ်းရှန်က သူ၏ နှင်းဖြူရောင်မျက်ခုံးများကို တွန့်ချိုးရင်း...

“မင်း ဘာပြောလိုက်တာလဲ... ငါတို့တွေ မျိုးဆက်ပြတ်သွားလို့ မဖြစ်ဘူးလေ”

မောက်ယွမ်ရှန်းက ခေါင်းမော့ပြီး ကျွမ်းရှန်ကို ကြည့်လိုက်သည်။

ကျွမ်းရှန်က...

“ရှန်းချန်တို့အားလုံး ဘာကြောင့်ပဲသေရသည်ဖြစ်စေ သူတို့အားလုံး စက်ဝန်းတောင်မှာ သေဆုံးသွားကြတာတော့ အမှန်တရားပဲ မဟုတ်လား”

သူက ဆက်ပြောသည်။

“အခု ငါပြန်ရောက်လာပြီဆိုတော့ ချောင်ကျယ်လည်း ပြန်ရောက်လာပြီပဲ ၊ စက်ဝန်းတောင်မှာ ငါတို့တိုက်ပွဲဖြစ်ခဲ့ရင် ရလဒ်က ခန့်မှန်းလို့မရနိုင်ဘူး”

မောက်ယွမ်ရှန်းက ခဏမျှ တိတ်ဆတ်နေပြီးမှ...

“ဘာလို့ ဒီလောက်အထိလုပ်ရတာလဲ ဂိုဏ်းတူအစ်ကို...”

ကျွမ်းရှန်က...

“အရှင်တုန်းက သိုင်းသူတော်စင်သတ္တမအဆင့်မှာ သိုင်းသူတော်စင် နဝမအဆင့် ကျင့်ကြံသူတွေကို သတ္တိရှိရှိရင်ဆိုင်ပြီး ဆရာ့အတွက် လက်စားချေခဲ့တယ်”

“အခု တောင်ပိုင်းဒေသတစ်ခုလုံးကို နှစ်ပေါင်းများစွာ အုပ်ချုပ်ခွင့်ရတော့မှ သတ္တိကြောင်လာစရာအကြောင်းမရှိဘူး”

မောက်ယွမ်ရှန်းက အတန်ကြာ တိတ်ဆိတ်နေပြီးမှ စကားဆိုလာသည်။

“ဒါကြောင့် မင်းက ‘ကောင်းကင်ကိုးထပ်ဇာမဏီ’ ဖြစ်လာပြီး ငါကတော့ ‘ဇာမဏီအော်မြည်သံ’ ဖြစ်လာတာမဟုတ်ဘူးလား”

ကျွမ်းရှန်က ပေါ့ပေါ့ပါးပါးလေသံဖြင့်...

“ငါ မင်းထက်စောပြီး သေသွားနိုင်တယ် ၊ ငါက မင်းထက်တော်ပေမယ့် လောကမှာ ငါ့ထက်တော်တဲ့သူတွေလည်း အများကြီးပဲ”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ ငါ ဒေါသအလျောက် စိတ်လိုက်မာန်ပါလုပ်တယ်လို့ မင်းမထင်နဲ့ ၊ အရင်ကထက်တောင် ငါ ပိုပြီးတည်ငြိမ်နေသေးတယ်”

“ဘာတွေပဲပေးဆပ်ရပါစေ လက်စားချေရမယ် ၊ နောက်ပိုင်းမှ ရှင်းစရာရှိတာ ဆက်ရှင်းမယ်”

ကျွမ်းရှန်၏စကားများကိုကြားသည့်အခါ မောက်ယွမ်ရှန်းနှင့် ဝူထုန်တောင်စောင်းမှ အခြားသောကျင့်ကြံသူများ စိတ်ဓာတ်တက်ကြွလာကြသည်။

ထိုအချိန်...

ဝူထုန်တောင်စောင်းအပြင်ဘက်ရှိ မြေကွက်လပ်က ရေလှိုင်းများကဲ့သို့ တုန်ခါသွားသည်။

ထို့နောက် ရေလှိုင်းများအတွင်းမှ လူရိပ်တစ်ခု ထွက်ပေါ်လာ၏။

ဝူထုန်တောင်စောင်းသို့ ထိုသူရောက်ရှိလာသည်ကို မည်သူမှ မရိပ်မိကြဘဲ ကျွမ်းရှန်တစ်ယောက်သာလျှင် တုံ့ပြန်မှုကို ခံစားလိုက်ရသည်။

ကျွမ်းရှန်က...

“အစ်ကို’လန်’ ရောက်လာပြီလား... ကိုယ်တိုင်ထွက်မကြိုမိတာ ခွင့်လွှတ်ပါ”

ထိုစကားကိုကြားတော့ မောက်ယွမ်ရှန်းနှင့် အခြားသူများ လန့်ဖျပ်သွားကြသည်။

“အစ်ကို’လန်’... အစ်ကို’လန်’ ဆိုတာ... အနောက်ပိုင်းထိပ်တန်းအရှင်သခင် ရောက်လာတာလား”

ကျွမ်းရှန်က သိမ်မွေ့သည့်အသံဖြင့်...

“ဒါက ကျောင်းဟွေနဲ့ ရှန်းချန် သေဆုံးရတဲ့ကိစ္စနဲ့မဆိုင်ဘူး ၊ အရှေ့တောင်ပိုင်းကို သိမ်းပိုက်ဖို့ကိစ္စ ဆွေးနွေးဖို့အတွက် အစ်ကိုလန်ကို ဧည့်သည်တော်အဖြစ်ကြွရောက်ခဲ့ဖို့ ငါကိုယ်တိုင်ဖိတ်ကြားထားတာပဲ”

စကားပြောနေစဉ်မှာပင် လူရွယ်တစ်ယောက် ခန်းမထဲသို့ လှမ်းဝင်လာသည်။

“ညီလေး’ကျွမ်း’... ငါ သတင်းကြားပြီးပါပြီ ၊ ထပ်တူစိတ်မကောင်းဖြစ်ရပါတယ်”

ထိုသူကိုမြင်တော့ ဝူထုန်တောင်စောင်းမှ ကျင့်ကြံသူများက နှုတ်ဆက်စကားဆိုလိုက်ကြသည်။

“အနောက်ပိုင်းထိပ်တန်းအရှင်သခင်ကို ဂါရဝပြုပါတယ်”

ရောက်လာသူမှာ အနောက်ပိုင်းပင်လယ်လိပ်ကောင်းကင်ပြည်နယ် ၊ နုန်လီတောင်မှ အနောက်ပိုင်းထိပ်တန်းအရှင်သခင် လန်ချင်းပင် ဖြစ်၏။

“အစ်ကို’လန်’ က သိပြီးနေပြီဆိုတော့ ငါ ဘာမှထပ်မပြောတော့ပါဘူး”

ကျွမ်းရှန်က ဆိုသည်။

“အစ်ကို’လန်’ များ ငါ့ကိုကူညီပေးနိုင်မလား သိချင်ပါတယ်”

All Chapters