ဖက်တီးနဂါး၊ ကျားကြီး နှင့် မြေခွေးလေး
Vol. 40 Ch. 551
များစွာမကြာလိုက်ဘဲ ချင်မူက ကောင်းကင်နတ်ဆိုးတစ်ယောက်ကို အသံမထွက်အောင် လုပ်ကြံ၍ အဝတ်အစားများ ချွတ်လိုက်သည်။ ပုံပန်းသွင်ပြင် ပြောင်းလဲပြီးသည့်အခါ မိစ္ဆာနတ်ဆိုးများထဲ ဝင်ရောလိုက်၏။
တိုက်ပွဲကြီးကို အားလုံး သတိထားမိခဲ့၍ တစ်မြို့လုံး အုတ်အုတ်ကျက်ကျက် ဖြစ်နေကြသည်။ ဖြစ်ပျက်သွားသည်က မြန်လွန်းသော်လည်း ဖြာထွက်လာခဲ့သည့် အားလှိုင်းများမှာ အတိုင်းထက်အလွန် ကြောက်မက်ဖွယ်ရာ ကောင်းပေသည်။
ဝှစ်
မိစ္ဆာနတ်ဘုရားနှစ်ပါး ပျံသန်းလာသည်။ တောင်ပံပါသည့် ကောင်းကင်နတ်ဆိုးများက သူတို့နောက်မှ လိုက်လာကြ၏။
ချင်မူက လူအုပ်ကြီးထဲ ရောပြီး တဖြည်းဖြည်း ရှေ့တိုးသွားသည်။ မကြာခင် လူအုပ်ကြီး၏အပြင် ရောက်သွားပြီး မြို့တံခါးဆီသို့ ဦးတည်လိုက်သည်။ ကောင်းကင်နတ်ဆိုးတို့၏ မြို့ထဲ ရောက်နေသောကြောင့် မပျံသန်းရဲပေ။ ပတ်ဝန်းကျင်တွင် ပုန်းအောင်းနေသော ကောင်းကင်တံတားအဆင့် မိစ္ဆာနတ်ဘုရားများနှင့် သေခြင်းရှင်ခြင်းအဆင့် ကောင်းကင်နတ်ဆိုးသိုင်းပညာရှင် မည်မျှရှိသလဲ မသိနိုင်သည်မဟုတ်ပါ၏လော။
ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ နတ်ဘုရားများပင် ဤနေရာတွင် မဆင်မခြင်လုပ်ဝံ့မည် မဟုတ်သဖြင့် ချင်မူမှာ မြို့တံခါးဆီသို့ ခပ်ဖြေးဖြေးသာ သွားနေနိုင်သည်။ သွားနေရင်း သူ့မှာ ရင်ထဲ တထိတ်ထိတ် ဖြစ်နေ၏။
မိစ္ဆာနတ်ဘုရားနှစ်ပါး ကမ်းပါးအောက်သို့ ရောက်သွားလျှင် သတိလစ်နေသော ဖုရွေ့လော်ကို တွေ့လိမ့်မည်။ သူတို့အနေဖြင့် ဖုရွေ့လော် သတိပြန်လည်လာအောင် လုပ်ရန် ကြာမည်မဟုတ်ပေ။ ဖုရွေ့လော်က သတိရသည်နှင့် မြို့အားလုံးကို အဝင်အထွက်ပိတ်ကာ ချင်မူ့အား လိုက်ရှာလိမ့်မည်။
အဝင်အထွက်မပိတ်ခင် ထွက်မသွားနိုင်ပါက ထွက်သွားနိုင်တော့မည်မဟုတ်ပေ။
ဤမြို့သည် တစ်ချိန်တုန်းက ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ နတ်ဘုရားမြို့တစ်မြို့ ဖြစ်ခဲ့၍ မယုံနိုင်လောက်အောင် ကျယ်ဝန်း၏။ မြို့ပြင်ရောက်ရန် အချိန်ယူရလိမ့်မည်။
ချင်မူ မြို့တံခါးအနား ရောက်သည်အထိ ခပ်သွက်သွက် သွားလိုက်သည်။ ထိုအခိုက်တွင် ကမ်းပါးအောက်မှ အော်သံတစ်သံ ထွက်လာ၏။ “နတ်ဆိုးဘုရင်က တစ်မြို့လုံးကို အခုချက်ချင်း အဝင်အထွက် ပိတ်ခိုင်းထားတယ်... ကောင်းကင်နတ်ဆိုးတစ်ယောက်မှ အပြင်မထွက်စေနဲ့”
“ဝင်္ကပါကို အသက်သွင်း၊ မြို့ကို အဝင်အထွက်ပိတ်ကြ”
“မြေပြင်၊ ဝေဟင် အားလုံး အဝင်အထွက်ပိတ်ထား... ယင်ကောင်လေးတစ်ကောင်တာင် ထွက်မသွားစေနဲ့”
ချင်မူ့အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး မြို့တံခါးဆီသို့ ကြည့်လိုက်သည်။ ကောင်းကင်နတ်ဆိုးမျိုးနွယ် အလုပ်ကြမ်းသမားများက တံခါးကြီးနှစ်ဖက်ကို တွန်း၍ ပိတ်နေကြ၏။ မျှော်စင်များနှင့် အဆောက်အအုံများအပေါ်တွင် မှော်သင်္ကေတအမှတ်အသားများ လင်းထိန်တောက်ပလာသည်။ သင်္ကေတအမှတ်အသားများက ရေတံခွန်ကဲ့သို့ အပေါ်မှ အောက်သို့ ဖြာဆင်းလာကာ မြို့တံတိုင်းများတစ်လျှောက် ကူးစက်ပျံ့နှံ့သွားသည်။
မြို့တံတိုင်းအပေါ်ရှိ ဝင်္ကပါအမှတ်အသားများ လင်းထိန်လာသည်နှင့် တဖျတ်ဖျတ် လက်နေသော အလင်းတန်းများ ကောင်းကင်ထက်သို့ ထိုးတက်သွား၏။ သင်္ကေတအမှတ်အသားများအကြား၌ ဟင်းလင်းပြင်အတားအဆီးကြီးတစ်ခု ဖွဲ့တည်လာကာ ကောင်းကင်တစ်ခွင်လုံးအား အုပ်မိုးလိုက်သည်။
တံတိုင်း၏အောက်ခြေမှလည်း သင်္ကေတအမှတ်အသားများ မြေပြင်တစ်လျှောက် ဖြာထွက်လာသည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ နန်းစိုက်မြို့တော်တွင်ပင် ယခုကဲ့သို့ အကွာအကွယ်ဝင်္ကပါများ မရှိပေ။ ကောင်းကင်ယံရှိ ဝင်္ကပါအမှတ်အသားများနှင့် မြေပြင်ပေါ်ရှိ အမှတ်အသားများ ဆက်သွားလျှင် ချင်မူအနေဖြင့် မြို့ထဲမှ ထွက်သွားမည့် စိတ်ကူးအား မေ့လိုက်ရလိမ့်မည်။
သူက ရုတ်တရက် အနက်ရောင်အရိပ်တစ်ခုအသွင် ပြောင်းကာ နံရံများတစ်လျှောက် ရွေ့လျားရင်း မြို့တံခါးဆီသို့ ဦးတည်သွားသည်။ မြို့တံခါးများသည် အလွန်ကြီးမားလေးလံသည့်အတွက် အလုပ်ကြမ်းသမားများ အတူတူ တွန်းနေကြသည့်တိုင် ဖြည်းဖြည်းချင်းသာ ပိတ်နိုင်၏။
အလုပ်ကြမ်းသမားများက ရုပ်ခန္ဓာကောင်းကင်နတ်သိုင်းများကို ကျင့်ကြံထား၍ အလွန်သန်မာထွားကြိုင်းကြသည်။ သူတို့အားလုံး မှော်အစီအရင်များနှင့် ဝိညာဉ်လက်နက်များကို အသုံးပြုခြင်းမရှိဘဲ ကြွက်သားများ၊ အရိုးများ သန်မာလာအောင် ကျင့်ကြံကာ ရုပ်ခွန်အားကို မြှင့်တင်ထားကြ၏။
ကောင်းကင်တန်ခိုးရှင်ဂိုဏ်းနှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာရှိ အလုပ်သမားလည်း အလားတူပင်။ ခွန်အားကို အဆုံးစွန်ထိ မြှင့်တင်ပြီးသော အလုပ်သမားနှစ်ယောက်သည် နတ်ဘုရားတစ်ပါး၏ ကျောက်ရုပ်တုကိုပင် မ,နိုင်ကြ၏။
သို့တိုင်အောင် ဤနတ်ဘုရားမြို့၏ တံခါးအတွက် သန်မာထွားကြိုင်းသော အလုပ်ကြမ်းသမား ဆယ်ယောက်ကျော် လိုအပ်နေသည်။
အနက်ရောင်အရိပ်က တစ္ဆေတစ်ကောင်သဖွယ် အဆောက်အအုံများ၏အရိပ်ကြားမှ ဖြတ်သွားနေသည်။ ချင်မူသည် မြို့တံခါး၏အောက်ခြေသို့ တရှိန်ထိုး သွားနေ၏။ တံခါးမပိတ်ခင် သူ ထွက်သွားရလိမ့်မည်၊ မဟုတ်ပါက လွတ်လမ်း မရှိတော့ပေ။
သန်မာထွားကြိုင်းသော အလုပ်ကြမ်းသမားများကြောင့် တံခါးက ပိတ်ပေတော့မည်။ တံခါးချပ်ကြီးနှစ်ချပ်အကြား အဟသေးသေးလေးသာ ကျန်သည်။
ရုတ်တရက် တောက်ပြောင်နေသော ပုတီးစေ့တစ်စေ့ လိမ့်လာပြီး တံခါးနှစ်ချပ်အကြား၌ ညပ်သွားကာ ပိတ်မသွားအောင် ခံလိုက်၏။
အလုပ်ကြမ်းသမားတစ်ယောက်က ပုတီးစေ့ကို မြင်လျှင် မြို့အပြင် ကန်ထုတ်လိုက်သည်။ သူက ညည်းညူပြီး တံခါးကြီးနှစ်ချပ်ကို တွန်းပိတ်လိုက်တော့သည်။
သူ မမြင်လိုက်သည်မှာ ကန်ထုတ်လိုက်တုန်းက သူ၏ ‘အရိပ်’ က ပုတီးစေ့နှင့်အတူ ရွေ့လျားသွားပြီး ပုတီးစေ့၏အရိပ်နှင့် တစ်သားတည်း ပေါင်းစည်းသွားခြင်းကိုပင်။
ပုတီးစေ့က ကိုက်သုံးဆယ်ကျော် လိမ့်သွားသည်။ ကျုံးဘေးသို့ ရောက်သည့်အခါ တဖြည်းဖြည်း ရပ်သွား၏။
တခဏကြာသော် အနက်ရောင်အရိပ်တစ်ခု တွားသွားထွက်လာပြီး မြေကြီးပေါ်၌ ရွေ့လျားသွားသည်။
မကြာမီ မြို့တံခါး ဝုန်းခနဲ ပွင့်လာကာ ကောင်းကင်နတ်ဆိုးများ မြို့ထဲမှ ပြေးထွက်လာကြသည်။ “အဲဒီလူ မြို့ထဲမှာ မဟုတ်ဘူး... အခုချက်ချင်း လိုက်ရှာကြ... ငါတို့ပိုင်နက်ထဲကနေ သူ ထွက်သွားလို့မဖြစ်ဘူး”
ချင်မူ ပုန်းရင်းကွယ်ရင်း ကင်းမျှော်စင်အားလုံးကို ရှောင်သွားသည်။ ထို့အတွက် တစ္ဆေအရိပ်ကျင့်စဉ်ကို သုံးနေရ၏။ တစ်ချက်တစ်ချက် သူ့မှာ အမြင့်ပေါ် တက်ပြီး အဝေးသို့ ကြည့်တတ်သော်လည်း လီမြို့အား အရိပ်အယောင်ပင် မမြင်ရသေးပေ။
‘ဖုရွေ့လော်က ငါ့ကို ကောင်းကင်နတ်ဆိုးတွေရဲ့ ပိုက်နက်ထဲ ခေါ်လာခဲ့တာဆိုပေမယ့် ဒီနေရာက ဘာနေရာပါလိမ့်... လူသားပိုင်နက်နဲ့ ဘယ်လောက် ဝေးလဲမသိဘူး’
မြေပြင်မှာ ကျယ်ပြောပြီး ကောင်းကင်က မှုန်ဝါးနေသည်။ အရှေ့အရပ်ရှိ နေမှာ တဖြည်းဖြည်း နီရဲလာနေရာ ညရောက်တော့မည်ဖြစ်ကြောင်း သတိပေးနေ၏။
ချင်မူမှာ စိတ်အားတင်း၍ ပုန်းကွယ်လိုက်သည်။ “ထိုက်ဧကရာဇ်ကောင်းကင်ဘုံမှာ ကြယ်တစ်စင်းမှ မရှိတော့ အရပ်မျက်နှာ မှန်းရခက်တယ်... မနက်ကျမှ မြန်မြန်သွားရမယ်”
ကင်းထောက်များက ပိုက်စိတ်တိုက် လိုက်ရှာနေသဖြင့် ချင်မူ ဟိုပုန်းသည်ပုန်း ရှောင်တိမ်းနေရသည်။ သူ ရှာတွေ့ခံရတော့မည့်အချိန်တွင် ထိုကောင်းကင်နတ်ဆိုးကို သတ်၍ သူ၏အနက်ရောင်သံချပ်ဝတ်အား လဲဝတ်လိုက်သည်။ ဤသို့ဖြင့် ချင်မူမှာ ခမောက်ကိုဆောင်း၊ အနက်ရောင်လှံရှည်ကို ခါးတွင်ချိတ်၊ မိစ္ဆာမြင်းကို စီးလျက် ကောင်းကင်နတ်ဆိုးမြေ၏ မြူခိုးများအကြား ဖြတ်သန်းလာသည်။
ဒုတိယနေ့တွင် အရုပ်ဆိုးဆိုးနေအပဲ့ကြီးက ထုံးစံအတိုင်း လင်းလာ၍ ချင်မူ အနက်ရောင်သံခမောက်၏ အဖုံးကို ပင့်တင်ကာ အရပ်မျက်နှာ ရှာဖွေလိုက်သည်။ ထို့နောက် မိစ္ဆာမြင်းအား မိစ္ဆာနတ်ဆိုးစကားဖြင့် အရှေ့အရပ်သို့ သွားခိုင်းလိုက်၏။
နေ့လည်ရောက်၍ ချင်မူ နေအပဲ့ကြီးကို မော့ကြည့်လိုက်သည့်အခါ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားတော့သည်။ အရှေ့အရပ်ရှိ နေအပဲ့ကြီးမှာ.... ရုတ်တရက် ငြိမ်းသေသွားချေပြီ။
‘ဧကရာဇ်အတိုင်ပင်ခံရယ် ... ခင်ဗျားဗျာ အလုပ်ကြိုးစားတာ နည်းနည်းမများဘူးလား’
ချင်မူ သွေးအန်မိဆဲဆဲ ဖြစ်သွား၏။ ဧကရာဇ်အတိုင်ပင်ခံကို ထိုက်ဧကရာဇ်ကောင်းကင်ဘုံအတွက် နေအသစ်များ သွန်းလုပ်ပေးရန် မှာခဲ့သဖြင့် နေအပဲ့ကြီး ကောက်ကာငင်ကာ ပျောက်သွားခြင်းက သူ့လက်ချက်သာ ဖြစ်လိမ့်မည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံမှာ အရုပ်ဆိုးလှသော နေအပဲ့ကြီးကို မကြည့်နိုင်တော့၍ ကောင်းကင်နတ်သိုင်းပညာရှင်အားလုံး ဆင့်ခေါ်ကာ နေအသစ်သွန်းလုပ်ရန် ပြင်ဆင်နေခြင်း ဖြစ်မည်။
နေမရှိမှတော့.... ချင်မူ အဘယ်အရပ်သို့ သွားရတော့မည်နည်း။
***
လီမြို့တွင်
မီးတောက်မီးလျှံမျာ အလျှံတညီးညီး တောက်လောင်နေ၍ အမှောင်ထဲ၌ ထွန်းလင်းနေသည်။ ထိုက်ဧကရာဇ်ကောင်းကင်ဘုံနှင့် မဟာမြို့ပျက်အား ဆက်သွယ်ပေးထားသော စွမ်းအင်အကူးအပြောင်းတံတားမှ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကောင်းကင်နတ်သိုင်းပညာရှင်များစွာ ရောက်လာခဲ့ကြ၏။ သူတို့က လီမြို့အနားတွင် စက်ရုံတစ်ရုံ တည်ဆောက်ခဲ့ပြီး သံထည်ဘီလူးကြီးများနှင့် အစိတ်အပိုင်းများစွာအား နေ့ညမပြတ် စတင်သွန်းလုပ်နေကြသည်။
အစစ်အမှန်နတ်ဘုရားပန်ယုက မည်သူမှနားမလည်သော ပုံကြမ်းများ သယ်လာသည်။ ပုံကြမ်းများက နေဖန်ဆင်းရှင်နတ်ဘုရား ချန်ထားခဲ့သည့် နေမဟာမီးဖိုပုံကြမ်း ဖြစ်၏။ နေဖန်ဆင်းရှင်နတ်ဘုရားမှာ ဒုတိယနေတစ်ခြမ်းအား သွန်းလုပ်၍မပြီးခင် ကောင်းကင်နတ်ဆိုးများကြောင့် သေဆုံးသွားသော်လည်း ကံကောင်းထောက်မပြီး သူ၏ပုံကြမ်းများ ကျန်ခဲ့သေးသည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက သင်္ချာကျွမ်းကျင်သော ကောင်းကင်နတ်သိုင်းပညာရှင်များအား ခေါ်၍ အစမှအဆုံးအထိ အတိအကျပြန်တွက်ခိုင်းကာ ပုံကြမ်းများကို အဆင့်မြှင့်ခိုင်းလိုက်သည်။
လီမြို့၏ ကောင်းကင်နတ်သိုင်းပညာရှင်များ သွန်းလုပ်နေကြသည်မှာ နေမဟာမီးဖို ဖြစ်၏။
“အရှင်... ကျွန်တော့်ညီလေး ပျောက်သွားပြီ...”
လီမြို့၏မျှော်စင်ထက်တွင် ကျားနတ်မင်းသည် မြေကြီးပေါ် ဝပ်ချပြီး တစ်ပေသာ မြင့်သော ကျားနက်လေးအသွင် ပြောင်းလိုက်၏။ အဝါအနက်အစင်းကြောင်းများက သူ့ကိုယ်တစ်လျှောက် လွှမ်းခြုံထားသည်။ သူက အမွှေးတိုင်တစ်တိုင် ထွန်းကာ ရိုရိုသေသေ ဂါဝရပြုလိုက်သည်။
အမွှေးတိုင်၏အငွေ့များက ခရုပတ်ကဲ့သို့ ကွေ့ကောက်တက်သွားပြီး သူ့အပေါ်တွင် တိမ်တိုက်အဖြစ် ဖွဲ့တည်သွားသည်။ တိမ်တိုက်က သူ့ကို မှင်သေသေ စိုက်ကြည့်နေသော တန်ခိုးရှင်သစ်ခုတ်သမားအသွင် ပြောင်းသွား၏။
ကျားနက်လေးမှာ ခေါင်းမဖော်ဝံ့၍ နားရွက်ကလေးကုပ်ကာ စကားမပြောရဲပေ။
တခဏကြာသော် တန်ခိုးရှင်သစ်ခုတ်သမား၏အသံက သူ့နားထဲ ရောက်လာသည်။ “မင်းဆီက ငါ ဘာမျှော်လင့်ရမှာလဲ”
ကျားနတ်မင်း သွေးများအေးခဲသွားပြီး ကပျာကယာ ပြောလိုက်သည်။ “မပူပါနဲ့ အရှင်... ကျွန်တော် ညီလေးကို သေချာပေါက် ပြန်ရှာပါ့မယ်”
အခိုးအငွေ့များ လွင့်ပျယ်သွားစဉ် တန်ခိုးရှင်သစ်ခုတ်သမား၏အသံ ထပ်ထွက်လာသည်။ “ငါ ကောင်းကင်နတ်ဆိုးတွေရဲ့ ကမ္ဘာဆီ ရောက်သွားနေတယ်... လတ်တလောတော့ ပြန်မလာသေးဘူး... ငါ ပြန်လာလို့ ငါ့တပည့်ကို မတွေ့ရင် မင်း ဒီပုံစံနဲ့ တစ်သက်လုံး နေသွားရမယ်... ပြန်ပြောင်းဖို့ စိတ်တောင်မကူးနဲ့”
ကျားနတ်မင်း စိတ်သက်သာရာရသွားသည်။ ဤအခိုက်အတန့်တွင် သူ့နောက်မှ ခပ်စာစာ အသံလေးတစ်သံ ကြားလိုက်ရသည်။ “ဖက်တီးနဂါး၊ သခင်လေးက ဒီကမ္ဘာမှာဆိုပေမယ့် ငါတို့ သူ့ကို ရှာမတွေ့ရင် နင် ဗိုက်ဟောင်းလောင်းနဲ့ နေရမှာနော်...ကြားလို့တောင် မကောင်းဘူး စွမ်းအင်ဆေးလုံးတွေကို တစ်ထိုင်တည်း စားပစ်ရတယ်လို့”
တဟဲဟဲ ရယ်သံ ထွက်လာပြီး ခပ်တိုးတိုး ပြောလိုက်သံ ကြားလိုက်ရ၏။ “မမကြီးလင်းအာကတော့ ဘယ်သိပါ့မလဲ... အဲဒီစစ်သူကြီးကို သေတ္တာထဲ ပိတ်ထားရတုန်းက ကျွန်တော့်မှာ အကြီးအကျယ် ဒုက္ခခံပြီးမှ စွမ်းအင်ဆေးလုံးနည်းနည်းလေးပဲ လုယူနိုင်ခဲ့တယ်... အဲဒါကြောင့် တစ်နေ့မှ တစ်လုံးပဲ စားရခဲ့တာ... ငတ်ပြတ်နေခဲ့လို့ အရိုးပေါ် အရေတောင် တင်နေပြီလေ.... ကြည့်.. ဒီမှာ ကြည့်ပါလား.... အရင်ထက် ပိန်သွားပြီ... သခင်လေး မမှတ်မိတော့မှာစိုးလို့ ကျန်တဲ့ဆေးလုံးတွေကို တစ်ထိုင်တည်း စားခဲ့တာပါ... ဒါပေမဲ့ အရင်လို ပြန်ဝမလာတော့ရင် ဘယ်နှ့ယ်လုပ်မလဲနော်...”
“သခင်လေး ပျောက်သွားတယ် ကြားတယ်... သူ့ကို ရှာမတွေ့ရင် နင် ငတ်သေမှာပဲ”
“ဂိုဏ်းသခင်လောက် ဉာဏ်များတာ ဂိုဏ်းသခင်ပဲ ရှိတယ်... သူက ဘယ်လိုလုပ်ပျောက်သွားနိုင်မှာလဲ”
ကျားနတ်မင်း အသံများလာရာဆီသို့ လှမ်းကြည့်လိုက်မိသည်။ ပထမဆုံးမြင်လိုက်ရသည်မှာ ဧရာမသေတ္တာကြီးတစ်လုံး ဖြစ်သည်။ ထို့နောက် ဗိုက်လုံးလုံးကြီးဖြင့် သတ္တဝါကြီးတစ်ကောင်။ ထိုသတ္တဝါကြီး ခြေတစ်လှမ်း လှမ်းလိုက်တိုင်း အဆီများ တုန်သွားတတ်၏။ ကြည့်ရသည်မှာ နဂါးနှင့် ချီလင်မျိုးစပ် မွေးထားသော သတ္တဝါတစ်ကောင် ဖြစ်လောက်သည်။
ဤဖက်တီးကြီး၏ ခေါင်းပေါ်တွင် ငါးနှစ်ခြောက်နှစ်အရွယ် ချစ်စရာကလေးမလေးတစ်ယောက် ထိုင်နေသည်။ သူမအနောက်တွင် နှင်းကဲ့သို့ ဖြူဆွတ်နေသည့် အမြီးခြောက်ချောင်း ရှိပြီး ခေါင်းပေါ်တွင် အမွှေးဖားဖား နားရွက်လေးနှစ်ဖက် ရှိနေ၏။
စန်းဟွာ၊ ယွီဟယ်နှင့် ကျန်ရှိသူများက အနောက်မှ လိုက်လာကြသည်။ သူတို့အရှေ့တွင် တစ်ခါမှ မမြင်ဖူးသော မိန်းကလေးနှစ်ယောက်အား တွေ့ရ၏။
အမြီးဖွှားဖွှား၊ နားရွက်ဖားဖားနှင့် ကလေးမလေးက သူ့ကို မြင်လျှင် မျက်လုံးများ တောက်ပသွားသည်။ သူမက ဖက်တီးကြီးအပေါ်မှ ခုန်ဆင်းပြီး တခစ်ခစ် ရယ်ကာ ပြေးလာ၏။ ထို့နောက် လက်ဝါးနှစ်ဖက်အား ပွတ်သက်ကာ ပြုံးလျက် ပြောလာသည်။ “ချစ်စရာကောင်းလိုက်တဲ့ ကျွားပေါက်လေး... ဖက်ပစ်ချင်လိုက်တာ”
ကျားနတ်မင်းမှာ မြေခွေးအနံ့ ရသည်နှင့် မျက်နှာတစ်ခုလုံး မည်းမှောင်သွားသည်။ သူက ကိုယ်ကို လှုပ်ခါလျက် ခံ့ညားသော ကျားနက်ကြီးအသွင် ပြောင်းလိုက်သည်။ ကောင်းကင်ယံသို့ မျက်နှာမူလျက် ဟိန်းလိုက်သည့်အခါ သူ၏ခက်ထန်ကြမ်းတမ်းသော နတ်ဘုရားအရှိန်အဝါက ပတ်ဝန်းကျင်တစ်ခွင် ဖြာထွက်သွား၏။
မြေခွေးမိစ္ဆာလေး၏အမူအရာ အကြီးအကျယ် ပြောင်းလဲသွားပြီး သူစိမ်းမိန်းကလေးနှစ်ယောက်ဆီ လှည့်ပြေးသွားသည်။ သူမက သူတို့ထဲမှတစ်ယောက်၏ ရင်ခွင်ထဲ ဝင်ကာ အော်ငိုသည်။ “ကျွားကြီး....”
မိန်းကလေးက မြေခွေးမိစ္ဆာလေးကို ချီ၍ တစ်ဖက်လှည့်သွားသည်။ ဖက်တီးကြီးကမူ ဖင်ထိုင်ချပြီး သူ့အရှေ့ရှိ ခန့်ခန့်ချောချော ကျားကြီးအား တအံ့တဩ ကြည့်နေသည်။
စန်းဟွာက အပြေးရောက်လာ၍ ပြောလိုက်သည်။ “အစ်ကိုကြီးကျား၊ ဒါက ဂိုဏ်းသခင်ချင်ရဲ့ မိတ်ဆွေတွေပါ”
ကျားနတ်မင်းက ခက်ထန်ကြမ်းတမ်းသော နတ်ဘုရားအရှိန်အဝါကို ရုပ်သိမ်းကာ ကျားခေါင်းလူငယ်အသွင် ပြောင်းလိုက်သည်။ လက်သည်းများကိုလည်း ပြန်သိမ်းပြီး နားရွက်နှစ်ဖက်အား နှစ်ကြိမ် လှုပ်ခါလိုက်၏။ “ငယ်ငယ်တုန်းက မြေခွေးတစ်ကောင် လူလည်ကျတာ ခံလိုက်ရလို့ မြေခွေးမိစ္ဆာဆို လန့်နေတာကြောင့်ပါ.... စိတ်မရှိပါနဲ့”
မြေခွေးမိစ္ဆာလေးက ခေါင်းလေးပြူထွက်လာကာ ပြုံးပြသည်။ “ကျွန်မက လူလည်မကျတတ်ပါဘူး” သူမက သတ္တိမွေးပြီး လင်ယွိရှို့ရင်ခွင်ထဲမှ ခုန်ချလာကာ ကျားနတ်မင်းအား လေ့လာနေ၏။ “ရှင့်နားရွက်တွေကို ထိလို့ရလားဟင်”
ကျားနတ်မင်း တွန့်ဆုတ်နေသော်လည်း ခေါင်းငုံ့ပေးလိုက်သည်။ “ငါ့ကြောင့် နင် လန့်သွားတာဆိုတော့ ခွင့်ပြုပေးလိုက်ပါ့မယ်”
ဟူလင်းအာက ကိုင်ကြည့်ပြီး တအံ့တဩ ပြောလိုက်၏။ “နူးညံ့နေတာပဲ....လာထိကြည့်ကြပါလား”
လင်ယွိရှို့ ချီတုံချတုံ ဖြစ်နေသည်။ “ကောင်းပါ့မလား” ထို့နောက် သူမလည်း သတ္တိမွေး၍ ထိကြည့်ကာ တအံ့တဩ အော်လိုက်၏။ “တကယ် နူးညံ့ပြီး အိစက်နေတာပဲ”
ကျန်မိန်းကလေးများလည်း လာထိကြည့်ကြသည်။ ကျားနတ်မင်းမှာ အတော်လေး ဇိမ်ခံကောင်းနေသော်လည်း သင့်တော်လှသည်ဟု မထင်ပေ။ သူက နတ်ဘုရားတစ်ပါးမဟုတ်ပါလော... ယခုလို အပွတ်သပ်ခံနေခြင်းက ရှက်စရာကောင်းလေသည်။
သို့သော် အမှန်တကယ် ဇိမ်ခံကောင်းလှ၏။
နဂါးချီလင်လည်း ရှေ့တိုးသွားပြီး ထိကြည့်ချင်နေသည်။ ကျားနတ်မင်းက တမုဟုတ်ချင်း လက်မြှောက်ကာ ဖက်တီးကြီးကို မြေကြီးပေါ် ဖိချလိုက်၏။
တခဏကြာသော် အားလုံး ကျေနပ်သွားကြပြီး ကျားနတ်မင်းက မေးလိုက်သည်။ “ညီလေးချင်ကို ဘယ်လိုရှာမယ် တွေးထားလဲ”
“လွယ်ပါတယ် ... မူလဝိညာဉ်ညီလာခံနဲ့ ပေါ့” စစ်ယွင်ရှန်းက ပြုံးလျက် ပြောလိုက်သည်။