← Chapters

ယောင်ဟုန်ယိ

Vol. 51 Ch. 701

ယောင်ဟုန်ယိ

Vol. 51 Ch. 701

“အား... ကျွတ်... ကျွတ်...”

ခပ်တိုးတိုး ငြီးတွားသံ တစ်ခုမှာ မောပန်း နွမ်းနယ်နေသည့် ပင့်သက်ရှိုက်သံနှင့် အတူ လေထုကို ချိုးဖောက်ကာ ထွက်ပေါ် လာခဲ့၏။

ထိုအသံ၏ ပိုင်ရှင်က အလွန့်အလွန် ပိန်လှီလှသည့် အရိုးပေါ် အရေတင် ယောက်ျား တစ်ယောက်ပင် ဖြစ်သည်။ သူ၏ ဆံပင်များ၊ မုတ်ဆိတ်များမှာ အိုမင်း မစွမ်းခြင်း၏ ရှေ့ပြေး လက္ခဏာ အဖြစ် မီးခိုးရောင် သမ်းနေလေ၏။ သူ၏ ခန္ဓာကိုယ်ထက်တွင်တော့ အရှက်လုံရုံမျှသာ ဖုံးအုပ်ထားသည့် နံငယ်ပိုင်းမျှ အဝတ်အစားများကို ဝတ်ဆင်ထားသည်။

သူက ပိန်လှီသေးသွယ်လှသော လက်များကို ဆန့်ထုတ်၍ အောက်ရှိ သစ်သား ကြမ်းခင်းကို စမ်းကာ အနွေးဓာတ်ကို ရှာဖွေရန် ကြိုးပမ်းလိုက်သည်။ ရုတ်တရက် ခါတိုင်းနှင့် မတူသည့် သက်တောင့်သက်သာ ခံစားချက် တစ်ခုကို သတိထားမိလိုက်ရာ သူက မျက်လုံးများကို ဖွင့်၍ ပတ်ဝန်းကျင်ကို လေ့လာလိုက်၏။ ထို့နောက်... သူ ပထမဆုံး သတိထားမိသည့် အရာက ညတာ ပြိုကျနေသည့် အလား ကောင်းကင်ခန္ဓာများဖြင့် တလက်လက် တောက်ပနေသည့် မဟူရာ ကောင်းကင်ပင် ဖြစ်လေသည်။

“ဘာလဲ...”

သူက အနည်းငယ် အံ့သြသွား၏။ သူက ကြိုးစားပမ်းစားပင် လက်များကို ထောက်ကာ ထလိုက်ရင်း ကြမ်းပြင်နှင့် ထပ်တူ နီးပါး ဖြစ်နေသည့် ခြေထောက်ကို ကြည့်လိုက်သည်။

ချက်ချင်းပင်.... သူ့ မျက်လုံးများထဲတွင် အံ့သြ ထိတ်လန့်ခြင်းများ ဖြစ်ပေါ်လာ၏။ သူက တုန်ရီစွာဖြင့် ခန္ဓာကိုယ် အနှံ့ လက်ဖြင့် လိုက်၍ စမ်းကြည့်လိုက်၏။ အထူးသဖြင့်... ပေါင်ကြားရှိ အဖိုးတန် ရတနာ ကလေးပင်။

မည်သည့် အရာမှ ပျောက်ရှ မနေကြောင်း သတိထားမိသော အခါတွင်မှ သူ့ထံမှ သက်ပြင်း မျှင်းမျှင်းကလေး ထွက်ပေါ်လာသည်။ သူက ဖြည်းညင်းစွာပင် မတ်တပ်ရပ်လိုက်ရင်း ပတ်ဝန်းကျင်ကို စစ်ဆေးရန် ကြိုးပမ်းလိုက်၏။ မကြာခင်မှာပင် လက်ရှိ တည်နေရာက အကျဥ်းထောင်ထဲတွင် မဟုတ်တော့ကြောင်း အတည်ပြုလိုက်နိုင်သည်။ ထို့အပြင် သူ၏ ယန်ဖွံ့ဖြိုးခြင်း အဆင့် ကျင့်ကြံခြင်း အခြေခံကို ချိပ်ပိတ်ထားသည့် သံကြိုးများမှာလည်း ပျောက်ကွယ်သွားခဲ့ချေပြီ။သူ လွတ်မြောက်ခဲ့လေပြီ ဖြစ်သည်။

သူ ခေါင်းကို အပေါ်သို့ မော့လိုက်ရင်း ကြယ်ရောင်စုံများ တောက်ပနေသည့် ကောင်းကင်ကို အဓိပ္ပာယ်မဲ့စွာ ငေးကြည့်လိုက်မိ၏။ ထိုအခိုက်အတန့်တွင်ပင် ဘဝ တစ်လျှောက်လုံး ဖြစ်ပျက်ခဲ့သမျှ မှတ်ဉာဏ်များက သူ့စိတ်အတွင်း တဖြည်းဖြည်း ပြန်လည် ပေါ်လာခဲ့လေသည်။

...

သူ့နာမည်က ယောင်ဟုန်ယိ ဖြစ်သည်။ သူ့ကို လယ်သမား မိသားစု တစ်ခုတွင် မွေးဖွားခဲ့၏။ သူ့မိခင်က အလွန်တော်သည့် အပ်ချုပ်သမ တစ်ယောက် ဖြစ်သည်။ သူမက မကြာခဏ ဆိုသလို မြို့ငယ်လေး အတွင်းရှိ ကလေးငယ်များ အတွက် အဝတ်အစားများ ချုပ်လုပ်ပေးခဲ့သည်။ သူတို့ မိသားစုက မဆင်းရဲပါချေ။ သို့သော်လည်း အထက်တန်းလွှာ အသိုင်းအဝိုင်းတွင် ဝင်ဆံ့သည် အထိတော့ မချမ်းသာခဲ့ချေ။ မည်သို့ပင် ဆိုစေကာမူ... သူတို့ ငြိမ်းငြိမ်းချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် နေခဲ့ရပေသည်။

ဟုန်ယိ ကလေးဘဝက သူ့မိဘများထံမှ အဝတ်အစားများနှင့် ကောက်ပဲ သီးနှံ့များ ဝယ်လေ့ရှိသည့် ကုန်သည် တစ်ယောက်မှာ သူ့ကို လေးတစ်စင်းနှင့် သံမဏိ မြှားကျည်တောက် တစ်ခု လက်ဆောင် အဖြစ် ပေးခဲ့သည်။ ထိုစဥ်ကတည်းက ဟုန်ယိမှာ မြှားပစ်ပညာကို ဝါသနာ ထုံခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ဖခင်ကတော့ ဟုန်ယိကို မြှားသမား တစ်ယောက် မဖြစ်စေချင်ခဲ့ပေ။ လက်သမား တစ်ယောက် အနေဖြင့် သူ့ အတွေးအခေါ်နှင့် ယုံကြည်ချက်တို့က ရိုးရှင်းပေသည်။

“ဟုန်ယိ လူလေး... ကျင့်ကြံသူတွေ ဆိုတာက မသေမချင်း ပဋိပက္ခတွေထဲမှာပဲ နစ်မြုပ်နေတဲ့ လူတွေကွ... ငါတော့ ငါ့သားကို အဲဒီလို ဘဝမျိုး မကြုံစေချင်ပေါင်ကွာ”

ဖခင်ဖြစ်သူက ဘယ်လိုပဲ ဆုံးမ၊ ဆုံးမ ဟုန်ယိကတော့ လေးပညာကို ရူးသွပ်မြဲ၊ စွဲလမ်းမြဲ၊ ဖခင် ဖြစ်သူ မသိအောင် ခိုး၍ လေ့ကျင့်မြဲ သင်ကြားမြဲပင်။

ဟုန်ယိ ဘယ်လိုပဲ လျှို့ဝှက်လျှို့ဝှက်၊ မိခင်ကတော့ သားဖြစ်သူအကြောင်းကို အူဘယ်နှစ်ခွေမှ အစ သိသူ ဖြစ်သည်။ သို့သော်လည်း... သူမက ဘာမှ မပြောပဲ မသိချင်ယောင် ဆောင်ပေးခဲ့သည်။ သူမ၏ အတွေးများက ခင်ပွန်း ဖြစ်သူနှင့် ခြားနားလှကာ ကိုယ့်ကိုယ်ကို ကာကွယ်ရန် လေ့ကျင့်ခြင်းက အန္တရာယ် မဖြစ်ဟု ယူဆ ထားသူ ဖြစ်သည်။

မိခင်ဖြစ်သူ၏ ဆုံးမစကားကို ရင်ဝယ် ပွေ့ပိုက်ကာ လျှို့ဝှက်စွာ လေ့ကျင့်ရင်း စက္ကန့်တိုင်း၊ မိနစ်တိုင်း၌ ဟုန်ယိ၏ လေးပညာ အပေါ် ချစ်မြတ်နိုးမှုများမှာလည်း ဆထက်ထမ်းပိုး တိုးတက်လာခဲ့သည်။ သူ့ အတွေး၊ သူ့ အိပ်မက်၊ သူ့ နေ့ရက်တိုင်းက မြှားပညာ တစ်ခုတည်း ပေါ်တွင်သာ အခြေခံခဲ့သည်။

တစ်နေ့... အသက် နှစ်ဆယ် ပြည့်သည့် ထိုတစ်နေ့တွင် ဟုန်ယိ ချီပျစ်ခဲခြင်း အဆင့်၊ နူးညံ့စွာ စီးဆင်းခြင်း အဆင့်ကို ရောက်ရှိခဲ့သည်။ သူ ဖခင် ဖြစ်သူ၏ လယ်ယာများထဲတွင် ပိုမို တွင်ကျယ်စွာ ကူညီပေးနိုင်လာခဲ့သည်။

နေ့ရက်များ တဖြည်းဖြည်း ကြာမြင့်လာသည်နှင့် အမျှ ဖခင် ဖြစ်သူမှာလည်း ပိုမို၍ အိုမင်းလာခဲ့သည်။ လယ်ယာ အလုပ်များကိုပင် ကောင်းမွန်စွာ မလုပ်နိုင်တော့ချေ။ မိသားစု တာဝန် အားလုံးက ပခုံးပေါ် ပုံကျလာရာ ဟုန်ယိမှာ လေ့ကျင့်မှုကို လွတ်လပ်စွာ လုပ်ဆောင်နိုင်ခြင်းပင် မရှိတော့ချေ။ သူက လေးနှင့် မြှားကို ပစ်ချကာ မိသားစု အရေး အတွက် ရှေ့မှ ဦးဆောင်ခဲ့ရသည်။

ဟုန်ယိ နှစ်ဆယ့်လေးနှစ် ပြည့်မြောက်ပြီးနောက်တွင် ဖခင် ဖြစ်သူမှာ ကြီးကြီးမားမား နေမကောင်း ဖြစ်ခဲ့သည်။ ထို့နောက် ကျန်းမာရေးက ပြန်ကောင်း မလာတော့ပဲ အဆိုးဘက်ကိုသာ ပိုမို လျှင်မြန်စွာ ဦးတည် လာခဲ့သည်။ ဆေးသူတော်စင်များ ပင်လျှင် နာကျင်မှု သက်သာစေရန်မှ ဆေးများ ပေးရုံမျှ တစ်ပါး ခြား ကူညီနိုင်စွမ်း မရှိတော့ချေ။

ယုန်ယိကတော့ ဖခင် ဖြစ်သူ မျက်စိအောက်တွင်ပင် သေဆုံးသွားရမည့် အရေးကို မည်သို့မှ လက်ခံနိုင်စွမ်း မရှိခဲ့ချေ။ သူ့စိတ်ထဲ၌ ဝေဟင်ကို ဖြတ်သန်း၍ ကောင်းကင်တွင် ပျံသန်းနိုင်စွမ်း ရှိသူများမှာ သေလူကိုပင် ကယ်တင်နိုင်သည်ဟု ယုံကြည်နေဆဲ ဖြစ်သည်။ သူက ရဲဝံ့စွာဖြင့် အဖြေတစ်ခု ရှာရန် တောင်းဆိုခဲ့သော်လည်း ဖခင်ကတော့ တိုက်ရိုပင် ငြင်းဆိုခဲ့သည်။

“လူလေးရေ... အားလုံးက အဆုံးသတ်ကို ရောက်ပါပြီကွာ...”

ယခုတစ်ကြိမ်တွင်လည်း လူအိုကြီး၏ အတွေးက ရိုးရှင်းခဲ့ပေသည်။ သူ့ ဘဝ တစ်လျှောက်လုံး ငြိမ်းငြိမ်းချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် နေခဲ့ရပြီး ဖြစ်သည်။ ချောမော လှပကာ တော်သည့် ဇနီး တစ်ယောက်နှင့် အားကိုးရသည့် သားတစ်ယောက်ကို ပိုင်ဆိုင်ခဲ့ပြီး ဖြစ်သည်။ သူ အရာရာအား အောင်နိုင်ခဲ့ပေသည်။

နောက်ဆုံး၌ ဖခင်ဖြစ်သူ၏ ဆန္ဒကိုသာ လိုက်လျောကာ ဟုန်ယိ သူ့ဘေးနားတွင်ပင် နေထိုင်ခဲ့ပါသည်။ ထို့နောက် နောက်ဆုံး ထွက်သက်သို့ ရောက်ခါနီး၌... မိခင်ဖြစ်သူက ညင်သာစွာပင် ချစ်လင်၏ ဘေးနား၌ လှဲလျောင်း ခဲ့သည်။

သူတို့က အောက်ချင်းငှက်လို သစ္စာဆိုထားသည့် တာအို လက်တွဲဖော်များပါပင်။ တစ်ယောက်လက်ကို တစ်ယောက် ဆုပ်ကိုင်ရင်း ချစ်ရည်လွှမ်းသော အကြည့်များနှင့် အသက်ထွက်သွားကြသည့် ဖခင်နှင့် မိခင်တို့ကို ကြည့်ရင်း... ချစ်ခြင်းတရား၏ အဓိပ္ပာယ်ကို ဟုန်ယိ စိတ်ထဲမှ ရိပ်စားမိခဲ့သည်။ သူ မငိုခဲ့ချေ။ ဘဝ၏ အဆုံးသတ်ခါနီးတွင်ပင် မိဘ နှစ်ပါးမှာ ပျော်ရွှင်ခဲ့ပေသည်။

ရက်ပိုင်း အတွင်းမှာပင် အရာရာက ပြောင်းလဲသွားကာ အိမ်တွင် ဟုန်ယိ တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။ သို့သော်လည်း... မိဘများ၏ ဆုံးမစကားများကတော့ သူ့နှလုံးသား အတွင်း ပဲ့တင်ထပ်နေဆဲ ဖြစ်ပေသည်။

“ယိအာ... သား နေချင်တဲ့ ဘဝမျိုးမှာ ရှင်သန်ပြီး ကျန်ခဲ့နော်... သားဘဝမှာ နောက်ဆုံး အချိန်ရောက်ရင် ဘာနောင်တမှ မကျန်ခဲ့စေနဲ့”

ဟုန်ယိ လိုက်နာခဲ့ပါသည်။ သူ မိဘ အမွေ လယ်ယာများကို ရောင်းချကာ လေးနှင့် မြှားကို လွယ်၍ ကိုယ်ပိုင် ဘဝကို ရှာဖွေခဲ့သည်။ မြို့များ၊ စီရင်စုများကို ကျော်လွန်၍ သူ ခရီးထွက်ခဲ့သည်။ လောက၏ နယ်နိမိတ်ကို ချဲ့ထွင်ခဲ့သည်။

အနယ်နယ် အရပ်ရပ်ကို ခြေဆန့်ရင်း နောက်ထပ် အနှစ် သုံးဆယ်ကြာအောင် ကျင့်ကြံပြီးနောက်တွင် သူ ချီပျစ်ခဲခြင်း အဆင့်ငါး ယန်ဖွံ့ဖြိုးခြင်း အဆင့်ကို ရောက်ရှိခဲ့သည်။ သူ အသက် ငါးဆယ် ကျော်ခဲ့ပြီ ဖြစ်သည်။ လေးနှင့် မြှားအပေါ် သူ့ရူးသွပ်မှုနှင့် တိုးတက်မှုတို့ကလည်း အဆက်မပြတ် ဖွံ့ဖြိုးနေခဲ့သည်။

ထိုနှစ်များ အတောအတွင်း သူ အမဲလိုက်ခဲ့သည်။ ကြေးစား လုပ်ခဲ့သည်။ ဆေးပင် စုဆောင်းသူ ဖြစ်ခဲ့သည်။ တပည့် တစ်ယောက်ပင် လက်ခံခဲ့သေးသည်။ သူ့ဘဝက စွန့်စားမှုတို့နှင့် ပြည့်နှက်နေခဲ့ပေသည်။ နောင်တ ကင်းမဲ့ရသည့် ဘဝပါပင်။

ဤသို့နှင့်... အသက် ငါးဆယ့် သုံးနှစ် ပြည့်ပြီးနောက်၌ ဟုန်ယိ တာအို လက်တွဲဖော် တစ်ယောက်ကို ရှာတွေ့ခဲ့သည်။ သူမက ငယ်ရွယ်သည်။ အသက် အစိတ်လောက်သာ ရှိသည်။ ထို့အပြင် သူမက ချီပျစ်ခဲခြင်း အဆင့်လေး ယင်ဖွဲ့စည်းခြင်း အဆင့် တစ်ယောက်လည်း ဖြစ်သည်။

ဟုန်ယိ သူမကို အလွန် ချစ်မြတ်နိုးခဲ့သည်။ တန်ဖိုးထားခဲ့သည်။ စွန့်စားမှုတို့ ပြည့်နှက်နေသည့် ဘဝမှ ရုန်းထွက်ကာ တစ်နေရာရာတွင် ငြိမ်းငြိမ်းချမ်းချမ်းနှင့် အခြေချနေထိုင်ရန်ပင် သူ ဆုံးဖြတ်ခဲ့သည်။ သူတို့ ကလေးလေးတွေ မွေးမည်။ ဘဝ၏ နောက်ဆုံးအချိန်တွင် သူမ လက်ကလေးကို ဆုပ်ကိုင်ရင်း မိဘများလိုပင် သံသရာ စက်ဝန်းကို တစ်ကြော့ပြန်မည်။

သို့သော်လည်း... ထင်မှတ်မထားခဲ့စွာပင် သူမ၏ ချိုသာသော စကားလုံးများနှင့် အပြုံးများက အပေါ်ယံ ရွှေမှုန်ကြဲထားခြင်းသာ ဖြစ်နေခဲ့သည်။ အခြား ယန်ဖွဲ့စည်းခြင်း အဆင့် လူငယ် ရာပေါင်းများစွာလိုပင် တူညီသည့် ထောင်ချောက်တစ်ခုထဲ သူ ကျဆင်းခဲ့ရသည်။

ထောက်ချောက်...

ဟုန်ယိကတော့ ထိုအရာကို ပျားရည် ထောင်ချောက် ဟု သတ်မှတ်ခဲ့သည်။ ငိုယိုကာ တောင်းပန်နေသည့် အခြား ယောက်ျားများစွာနှင့် အတူ လှောင်အိမ် တစ်ခုထဲတွင် လဲပြိုရင်း သူ သူမကို ကြည့်နေခဲ့မိသည်။

သူမ...

သူ အလွန် ချစ်ခဲ့ရသည့် သူမက ခါတိုင်းလိုပင် လှပနေဆဲ။ ဆွဲဆောင်မှု ရှိသည့် မျက်ဝန်းညိုများဖြင့် သူ့ကို ကြည့်နေဆဲ ပင်။

“ရှင် ကျွန်မကို ဘယ်လောက် ချစ်ကြောင်းတောင် မပြောတော့ဘူးလား... ဘယ်လိုတုံး... သူရဲကောင်းကြီးရဲ့... ဘဝကို အရှုံးပေးလိုက်ပြီလား”

သူမက လှောင်ပြောင်သည့် အပြုံးဖြင့် မေးတော့ ဟုန်ယိ ခေါင်းကိုသာ ခါခဲ့သည်။

“ငါ နေချင်ခဲ့သလို ဘဝမျိုးနဲ့ ငါ နေခဲ့ရပြီးပြီ... ငါ့မှာ နောင်တ မရှိဘူး... အသက် တစ်သက် အတွက် ငါ ဘယ်တော့မှ တောင်းပန်မှာ မဟုတ်ဘူး”

“ရှင် ရူးနေလား... လူတိုင်း ဘဝမှာ နောင်တ တစ်ခုတော့ ရှိတတ်တာပဲ..”

“နောင်တ...”

ဟုန်ယိ သူမ၏ မျက်နှာကလေးကို ငေးကြည့်လိုက်မိ၏။ လေးနှင့် မြှားက သူ့ မျက်လုံးထဲတွင် တရေးရေး ပြန်လည် ပေါ်လာခဲ့သည်။

လွန်ခဲ့သည့် နှစ်ပေါင်း လေးဆယ်ကျော်... ထိုနေ့က ဟုန်ယိ လယ်ကွင်းဘေးနားရှိ သစ်ပင်များကို မြှားနှင့် ပစ်ကာ ဆော့ကစား နေခဲ့သည်။

.မိခင်ဖြစ်သူက သားဖြစ်သူ ဗိုက်ဆာနေမှာ စိုးသဖြင့် ရေတစ်ခွက်နှင့် အဆာပြေ စားစရာများ ယူကာ ရောက်ရှိလာခဲ့သည်။ ဟုန်ယိကလေးမှာ စားစရာများကို ပလုပ်ပလောင်းနှင့် ခပ်မြန်မြန်ပင် စားကာ လေ့ကျင့်ဖို့ လောနေခဲ့သည်။

“အဖေ ပြန်လာတော့မှာ အမေရဲ့... သားက အလုပ်ကြီး လုပ်နေတာ”

သူ ထိုကဲ့သို့ ပြောတော့ မိခင် ဖြစ်သူ၏ ရယ်မောသံများက ဂီတသံလေးများလိုပင်။ ထိုအမှတ်တရများကို ဟုန်ယိ ဘယ်တော့မှ မေ့လိမ့်မည် မဟုတ်ချေ။

စားသောက်ပြီးစီးတော့ ဟုန်ယိ လေးနှင့် မြှားကို ယူကာ လေ့ကျင့်ဖို့ ထွက်လာခဲ့သည်။ အချိန်က... မွန်းတည့်ချိန် ဖြစ်လေရာ နှစ်နာရီခန့် လေ့ကျင့်ပြီးသည်နှင့် နေရောင်ခြည် အောက်တွင် သူ ချွေးဒီးဒီးကျကာ အလွန် ပင်ပန်းနေခဲ့ပြီ ဖြစ်သည်။

ကောင်းကင်ကို မော့ကြည့်မိသော သူ နေကိုးစင်းကို မြင်ရ၏။ ဤသည်က အလွန် ရှားပါးသည့် အချိန်များတွင်သာ တိုက်တိုက်ဆိုင်ဆိုင် ပေါ်ထွက် လာတ်တတ်သည့် နေရောင်ခြည် ပတ်လမ်းလည်း ဖြစ်သည်။ ဟုန်ယိ လေးနှင့် မြှားကို မြှောက်ကာ သူ့မြင်ကွင်း အကြီးဆုံး နေကြယ်ကို ချိန်လိုက်သည်။

ထို့နောက် သူ ပစ်လိုက်၏။

“အ... ”

မြှားက ပေပေါင်းများစွာ မြင့်တက်သွားပြီးနောက် သူ့အပေါ် တည့်တည့်ကိုပင် ပြန်လည် ပြုတ်ကျလာရာ ဟုန်ယိကလေးမှာ ထိတ်လန့်တကြား မနည်းပင် ရှောင်လိုက်ရ၏။

မိခင်ဖြစ်သူမှာ သားဖြစ်သူ အနားသို့ စိုးရိမ်တကြီး ရောက်ရှိလာကာ ထိခိုက်မသွားတော့ အခါတွင်မှ သက်ပြင်း ချနိုင်တော့သည်။ သူမက မြှားကို ကြည့်ကာ အနည်းငယ် ပြုံးရင်း ဟုန်ယိကို ကြည့်လိုက်၏။

“ယိအာလေးက ကောင်းကင်က နေကိုးစင်းကို ပစ်ဖို့ ကြိုးစားနေတာလား...”

ဟုန်ယိကလေးက မကျေမနပ်ဖြင့် နှုတ်ခမ်းကို စူလိုက်၏။

“တစ်နေ့ပေါ့ အမေရယ်...”

ဟုန်ယိ ဖြည်းညင်းစွာပင် မျက်လုံးကို ပြန်ဖွင့်လိုက်ကာ လှောင်အိမ် အပြင်ဘက်ရှိ သူ ချစ်ရသော မိန်းကလေးကို ကြည့်လိုက်၏။

“နင် ပြောတာ မှန်တယ်... ငါ့ဘဝမှာ နောင်တ တစ်ခု ရှိတယ်”

“ဘာလဲ...”

မိန်းကလေးက မေးလိုက်၏။ သူမ၏ မျက်လုံးများက အတ္တစိတ်နှင့် အတူ တလက်လက် တောက်ပနေကာ သူမနှင့် ပတ်သက်ခဲ့သည့် အကြောင်းအရာကို ပြောလိမ့်မည်ဟု မျှော်လင့်နေဟန် ရသည်။

သို့သော်လည်း ဟုန်ယိကတော့ အပြုံးတစ်ခုနှင့်သာ ကောင်းကင်ကို မော့ကြည့်ခဲ့၏။

“ငါ့ နောင်တက နေကိုးစင်းကို မဖြိုခွင်း နိုင်ခဲ့တာပဲ...”

သူ ထိုစကားအား ပြောလိုက်သည့် အခိုက်အတန့်တွင်ပင် ငယ်ရွယ်သည့် ရုပ်ရည်ရှိသည့် ကျင့်ကြံသူ တစ်ယောက်မှာ မိန်းကလေး အနားသို့ ရောက်ရှိလာကာ သူ့ကို တွေ့မြင် သွားခဲ့သည်။ သူ့ထံမှ ထွက်ပေါ်နေသည့် ရည်ရွယ်ချက် အငွေ့အသက် အချို့ကို သတိထားမိသည့်တိုင် ၎င်းက ယန်ဖွံ့ဖြိုးခြင်း အဆင့် မထင်မရှား ကျင့်ကြံသူ တစ်ယောက်ထံမှ ဖြစ်ရာ ကျင့်ကြံသူမှာ တိုက်ရိုက်ပင် လျစ်လျူသွားခဲ့သည်။

သို့သော်လည်း... သူ မြင်တွေ့ခဲ့ရသည့် အရာက သာမန် ရည်ရွယ်ချက်ထက် ကျော်လွန်နေကြောင်းကိုတော့ သေလွန်သည့် အချိန်အထိ ဖက်တီးလူငယ်မှာ သဘော မပေါက်ခဲ့ပါချေ။

All Chapters