← Chapters

နေကို ပစ်ခွင်းမည့် မြှား

Vol. 51 Ch. 702

နေကို ပစ်ခွင်းမည့် မြှား

Vol. 51 Ch. 702

အကျဥ်းချ ခံရပြီးနောက်တွင် ယောင်ဟုန်ယိမှာ ယန်စွမ်းအင်များကို ဖြည်းညင်းစွာပင် ထုတ်ယူခံခဲ့ရသည်။ မိန်းကလေးများ၏ ယင်စွမ်းအင်နှင့် ခြားနားစွာပင် ယန်ဖွံ့ဖြိုးခြင်း အဆင့် အမျိုးသား ကျင့်ကြံသူများ၏ ယန်စွမ်းအင်မှာ ပြန်လည် ပြည့်ဖြိုးနိုင်သော စွမ်းရည်ကို ပိုင်ဆိုင်ထားသည်။ သို့သော်လည်း အကန့်အသတ်တော့ ရှိစမြဲ ဖြစ်ကာ နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင် တဖြည်းဖြည်း ခမ်းခြောက်ကာ သေဆုံးသွားရလိမ့်မည် ဖြစ်သည်။

ယောင်ဟုန်ယိမှာ နှစ်နှစ်တိုင်တိုင် အကျဥ်းခန်းထဲတွင် နေထိုင်ကာ ယန်စွမ်းအင်များ ထုတ်ယူ ခံခဲ့ရသည်။ ထို့နောက် မျက်လှည့်ပြသလိုပင်... ကောင်းကင်ကို ဖြတ်သန်းနေသည့် လှေတစ်ခုနှင့် တူသည့် ယာဥ်ပေါ်တွင် သူ ပြန်လည် နိုးထလာခဲ့သည်။

“နောက်ဆုံးတော့ ခင်ဗျား ပြန်ကောင်းလာပြီပဲ... ကောင်းတယ်”

အသံတစ်ခုက ယောင်ဟုန်ယိ၏ အာရုံကို ဖမ်းစားသွား၏။ သူ လှည့်ပတ်ကြည့်လိုက်တော့ ငွေရောင် မျက်လုံးနှင့် ချောမော ခန့်ညားသည့် လူငယ်လေး တစ်ယောက် သူ့ထံ လျှောက်လာသည်ကို တွေ့မြင်လိုက်ရသည်။

"ခင်ဗျား ကျုပ်ကို ပြလို့ ရမလား...”

လူငယ်က သူ့ကို စိတ်ဝင်စားနေသည့် မျက်လုံးများဖြင့် ကြည့်ရင်း တောင်းဆိုလိုက်၏။

"ကျုပ်က ဘာပြရမှာ...”

ယောင်ဟုန်ယိ အနည်းငယ် ကြောင်စီစီ ဖြစ်သွားသည်။ ငွေရောင် မျက်လုံးများနှင့် လူငယ်က ပြုံးကာ ပြန်လည်လိုက်၏။

“ခင်ဗျားရဲ့ လောက နှလုံးသား ရည်ရွယ်ချက်...”

...

ဝတုတ်တုတ် လူငယ်၏ မှတ်ဉာဏ်များကို ရှာဖွေစဥ် အခါတုန်းက ဝေ့ဝူယင်မှာ အတော်လေး စိတ်ဝင်စားဖို့ ကောင်းသည့် အရာ တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့သည်။ ထိုအရာက လူများကို တရားမဝင် ကုန်ကူး ဝယ်ယူနေသည့် အဖွဲ့အစည်း တစ်ခုပင်။ သို့သော်လည်း ဝတုတ်တုတ် လူငယ်ကတော့ ယောက်ျားများကိုသာ အဓိကထား ကုန်ကူး ရောင်းဝယ်သည်။ ထို့ကြောင့်ပင်... ဝေ့ဝူယင်ကို မမြင်နိုင်သည့် ကပ်ပါးကောင် တစ်ခုနှင့် သူ ချဥ်းကပ်ခဲ့ခြင်း ဖြစ်သည်။

ပြောရလျှင် ထိုဖက်တီးမှာ ဆွဲဆောင်မှု ရှိသည့် မိန်းမလှလေးများနှင့် အဖွဲ့တစ်ဖွဲ့ တစ်ဖွဲ့ကိုပင် တည်ထောင်ထားသေးသည်။ သူတို့၏ အလုပ်က လေလွင့် အမျိုးသား ကျင့်ကြံသူများကို ရှာဖွေကာ စွဲဆောင် လှည့်ဖျားရန် ဖြစ်သည်။ ထိုမှတစ်ဆင့် သူတို့ကို ဖမ်းဆီးကာ မိစ္ဆာ အဖွဲ့အစည်းထံသို့ ပို့ဆောင် ရောင်းချသည်။

ပုံမှန်အားဖြင့် ထိုကဲ့သို့ အဖွဲ့အစည်းမျိုးကို ဝေ့ဝူယင် ဂရုစိုက်လေ့ မရှိချေ။ ကျင့်ကြံသူများ ရှိနေသရွေ့ ကွာခြားမှုများ ရှိနေစမြဲ ဖြစ်သည်။ ကြီးနိုင်ငယ်ညှင်းမှုများ ပြည့်နှက်နေဆဲ ဖြစ်သည်။ ထာဝရ ကြယ်တာရာ နယ်မြေတွင်လည်း ထိုကဲ့သို့ ဂိုဏ်းများ မရှားလှချေ။

အလုံပိတ်ကာ အပြင်ဘက်နှင့် အဆက်ပြတ်နေသည့် ထိုကဲ့သို့ လုပ်ဆောင်ချက်မျိုး ရှိသည်။ အယ်ဗန်များမှာ သူတို့ နယ်မြေများသို့ ရောက်ရှိလာသည့် ရတနာ မုဆိုးများကို ဖမ်းဆီး၍ အဂ္ဂိရတ် ကျေးကျွန်များ၊ လူသား ရေစစ်များ အဖြစ် ရောင်းချလေ့ ရှိကြသည်။ ဝေ့ဝူယင် ကိုယ်တိုင်ပင်လျှင် ဖမ်းဆီးခံခဲ့ရသေးသည်။ ကျင့်ကြံခြင်း၏ အမှောင်ဘက်ခြမ်းက နေရာတိုင်းတွင် တည်ရှိနေသည့် အရာ ဖြစ်သည်။

တစ်ခါတစ်ရံ၌ ဝေ့ဝူယင် ကိုယ်တိုင် ကမ္ဘာမီးလောင် သားကောင်ချနင်း ခဲ့ရသော နေ့ရက်များပင် ရှိသည်။ သူ အသက် အန္တရာယ်နှင့် ခြိမ်းခြောက်၍ နာ့ရှင်းရီထံမှ မူလယင် စွမ်းအင်များကို အတင်းအကြပ် ထုတ်ယူဖူးသည်။ နေသွေးနီနီဂိုဏ်း၏ အမိန့်နှင့် လူမမယ် ကလေးနှင့် လူကြီး မရွေး သတ်ဖြတ် အမဲလိုက်ဖူးသည်။

ကျင့်ကြံခြင်းက ခက်ခဲကာ လောကကြီးက ရက်စက်သည်။ လူသားများ အတွက် ဖြစ်စေ၊ သားရဲများ အတွက် ဖြစ်စေ၊ နတ်ဘုရားနှင့် မိစ္ဆာများ အတွက် ဖြစ်စေ... ထိုစကားစု နှစ်ခုက ကမ္ဘာတည်နေသရွေ့ ဆက်လက် တည်မြဲ နေမည့် အမှန်တရားများပင်။

ဤသို့ဆိုလျှင် ဝင်ရောက် စွက်ဖက်စေဖို့ မည်သည့် အရာက ဝေ့ဝူယင်ကို ပြောင်းလဲ စေခဲ့သနည်း။ ဖက်တီး ကျင့်ကြံသူ၏ မှတ်ဉာဏ်များထဲ၌ တွေ့ခဲ့ရသည့် လောကနှလုံးသား ရည်ရွယ်ချက် အငွေ့အသက် တစ်ခုပင်။ ချက်ချင်းပင်... သူ ထိုယောက်ျား အသက်ရှင် နေသေးသလား မြင်ချင်ခဲ့သည်။ သေဆုံးသွားခဲ့ပြီ ဆိုလျှင်လည်း ထိုအရာက သာမန် စွန့်စားခန်းလေး တစ်ခု ဖြစ်လာလိမ့်မည် ဖြစ်သည်။

ထိုကဲ့သို့ သာမန် စွန့်စားခန်းလေး ဟု သတ်မှတ်ခဲ့သည့် အရာက အလွန် လှပသော အကျိုးအမြတ်များကို ယူဆောင်လာလိမ့်မည်ဟု ဝေ့ဝူယင် လုံးဝ ထင်မှတ် မထားခဲ့ချေ။ ယွီစွန်းလီကို ရှာဖွေ တွေ့ရှိခဲ့ရုံသာ မက များပြားလှသော ကမ္မတန်ဖိုးများကိုပါ သူ ရှာဖွေ တွေ့ရှိခဲ့သည်။ ထို့အပြင်... ကမ္မတန်ဖိုးနှင့် ကောင်းချီးခံများ အကြား ဆက်သွယ်နေသည့် အဖြေတစ်ချို့ကို သူ ရှာဖွေ ဖော်ထုတ်နိုင်ခဲ့သည်။ ဖူရှီ၏ တည်ရှိမှုကို လေ့လာနိုင်ခဲ့သည်။ ယန်ရင်းမြစ် အနှစ်သာရ တစ်ခုကို ရရှိခဲ့ကာ အဂ္ဂိရတ် ထုတ်ကုန် အသစ်နှင့် ပတ်သက်သည့် သဘောတရား အချို့ကို ဆုပ်ကိုင်နိုင်ခဲ့သည်။ထိုခရီးလေးက သူ့အတွက်တော့ တကယ့်ကို ပျားရည်စမ်းပင်။

“...”

ယောင်ဟုန်ယိမှာ ကြောင်စီစီ ဖြစ်နေဆဲပင်။ လောကနှလုံးသား ရည်ရွယ်ချက်... ထိုအရာက မည်သည့် အရာကို ဆိုလိုကြောင်း သူ မသိချေ။

သို့သော်လည်း သူ ပြန်လှန် မေးခွန်း မထုတ်ရဲပါချေ။ ငွေရောင် မျက်လုံးများနှင့် ချောမောသည့် လူငယ် ဒေါသထွက်သွားမည်ကို သူ ကြောက်နေမိ၏။

ဝေ့ဝူယင်မှာ ယောင်ဟုန်ယိ၏ မျက်နှာ အမူအရာကို သတိထားမိသွား၏။

“ဟုတ်သားပဲ... ခင်ဗျားက အဆင့်နိမ့် ကျင့်ကြံသူ တစ်ယောက်ပဲလေ”

ဝေ့ဝူယင် အတွေးများကို ပြန်လည် စုစည်းလိုက်၏။ သူ ကိုယ်တိုင်ပင်လျှင် ရည်ရွယ်ချက် အမျိုးအစားများကို ကြယ်တာရာ အမြုတေ ကပ်ဘေးကို ကျော်ဖြတ်ပြီးခါမှ လေ့လာ သိရှိခဲ့ခြင်း ဖြစ်သည်။

“ရည်ရွယ်ချက်က ဘာလဲ ဆိုတာ ခင်ဗျား သိလား”

တစ်ခဏမျှ စဥ်းစားပြီးနောက် ဟုန်ယိက ခေါင်းညိတ်လိုက်၏။ ဒြပ်စင် မွေးဖွားခြင်း အဆင့်ကို ကျော်ဖြတ်လာသည့် ကျင့်ကြံသူ တစ်ယောက် အနေဖြင့် ယင်ဖွဲ့စည်းခြင်း အဆင့်ကို တက်လှမ်းရန် အခြေခံ ရည်ရွယ်ချက် လေးခုကို သူ မွေးဖွားခဲ့ပြီး ဖြစ်သည်။ ထိုခြေလှမ်းက သူ့ကို နှစ်ပေါင်း နှစ်ဆယ်တိုင်အောင် ကြာမြင့် စေခဲ့သည်။

ဝေ့ဝူယင်က ခေါင်းတစ်ချက် ညိတ်ကာ ရှင်းပြလိုက်၏။

“ရည်ရွယ်ချက်ကို အခြေခံအားဖြင့် အဆင့် သုံးဆင့် ခွဲခြားထားတယ်... ရည်ရွယ်ချက် မျိုးစေ့၊ နိုးထလာတဲ့ ရည်ရွယ်ချက်နဲ့ လောကနှလုံးသား ရည်ရွယ်ချက်တို့ပဲ...”

ထို့နောက် သူက ဆက်လက် ၎င်းတို့၏ ကွာခြားမှုများနှင့် ဆန္ဒ ဖွဲ့စည်းပုံ ကဲ့သို့ လောကနှင့် မည်ကဲ့သို့ ချိတ်ဆက်နေသည်ကိုပါ ရှင်းပြလိုက်သည်။

ယောင်ဟုန်ယိမှ ထိုအချက်အလက်များကို နားထောင်ပြီးနောက် သူ့အတွေးနှင့် သူ့ဗဟုသုတများက ပိုမို နယ်ပယ် ကျယ်ပြန့်လာသလို ခံစားလိုက်ရသည်။ ကျင့်ကြံခြင်း လမ်းစဥ်တွင် တစ်ချို့ အရာများက ရှင်းလင်း သွားသည်။ လယ်သမား မိသားစုတွင် မွေးဖွားလာခဲ့သူ တစ်ယောက် အနေဖြင့် သူ့ဘဝ တစ်လျှောက်လုံးတွင် တစ်ခါမှ စနစ်တကျ မလေ့လာခဲ့ဖူးချေ။ ယုတ်စွအဆုံး သူ့တွင် ကျင့်ကြံခြင်းနှင့် ပတ်သက်သည့် အခြေခံ ဗဟုသုတများပင် သူ့တွင် မရှိချေ။

မိနစ် အနည်းငယ်ခန့် ကြာအောင် အချက်အလက်များကို စုစည်းပြီးနောက် သူက ပင့်သက် တစ်ချက် ရှိုက်သွင်းလိုက်၏။ ထို့နောက် သူ ခန္ဓာကိုယ်အား တည့်တည့် ဆန့်တန်းရင်း ဝေ့ဝူယင်ကို ဦးတစ်ချက် ညွှတ်လိုက်သည်။

“ကျေးဇူးတင်ပါတယ် စီနီယာ...”

ရုပ်ရည်အားဖြင့် အလွန် ငယ်ရွယ် ချောမောသည့်တိုင် ငွေရောင် မျက်လုံးများနှင့် ကျင့်ကြံသူမှာ အသက်အရွယ် ကြီးသည့် ပုဂ္ဂိုလ်ကြီး တစ်ယောက် ဖြစ်ကြောင်း သူ သိပေသည်။ ထို့ကြောင့်ပင် ကျယ်ပြန့်သော ဗဟုသုတများကို ပိုင်ဆိုင်ထားခြင်း ဖြစ်ပေလိမ့်မည်။ အချိန်တိုင်း၌ ဝေ့ဝူယင် အပေါ် သူ၏ လေးစားမှုများက ဆထက်ထမ်းပိုး တိုးတက် နေချေပြီ ဖြစ်သည်။

သို့သော်လည်း ဝေ့ဝူယင်က အနည်းငယ် ရယ်မောလိုက်၏။

“ကျုပ်က ခင်ဗျားထက် ငယ်တယ်... အတိအကျ ပြောရရင် နှစ်နည်းနည်းလောက်ပေါ့လေ... ဒါကြောင့် ကျုပ်ကို စီနီယာလို့ ခေါ်စရာ မလိုပါဘူး”

ယောင်ဟုန်ယိ၏ မျက်လုံးများက အံ့အားသင့်မှုဖြင့် အနည်းငယ် ပြူးကျယ်သွား၏။ သူက ခေါင်းကို မော့ရင်း ငွေရောင် မျက်လုံးများနှင့် တောက်ပစွာ ပြုံးနေသည့် ဝေ့ဝူယင်၏ ချောမောသော မျက်နှာကို ကြည့်လိုက်သည်။ ထိုအကြီးအကဲက သူ့ထက် ငယ်သည်လား…။

"ကျုပ် မလေးမစား ပြုမိသွားရင် တောင်းပန်ပါတယ်…"

ယောင်ဟုန်ယိက လက်နှစ်ဖက်ကို ယှက်ရင်း တလေးတစားပင် တောင်းပန် လိုက်၏။ ဝေ့ဝူယင်က ခေါင်းညိတ်လိုက်၏။

"တကယ် သွက်လက်တဲ့ စိတ်ပဲ… လောကနှလုံးသား ရည်ရွယ်ချက် တစ်ခုကို နားလည်နိုင်တာ မထူးဆန်းတော့ဘူး"

"အကြီးအကဲ နားလည်မှု လွဲနေပြီ ထင်တယ်… ကျုပ် ဘာကိုမှ နားလည် မထားပါဘူး"

ယောင်ဟုန်ယိမှာ တလေးတစားပင် ပြောလိုက်၏။ သူ့တွင် ဘယ်တုန်းကမှ လောက နှလုံးသား ရည်ရွယ်ချက် ဆိုသည့် အရာ မရှိပါချေ။

ဝေ့ဝူယင်က အနည်းငယ် ပြုံးလိုက်၏။ ထို့နောက် သူက လက်ညိုးကို ဆန့်ထုတ်ရင်း ယောင်ဟုန်ယိ၏ နဖူးကို ထိလိုက်သည်။

ခရက်...

ခပ်အုပ်အုပ် ပေါက်ကွဲသံ တစ်ခုနှင့် အတူ စိတ်က အရှိန်အဟုန်နှင့် ကျယ်ပြန့် လာသလို ဟုန်ယိ ခံစားလိုက်ရသည်။ တစ်ချိန်တည်း၌ အသိစိတ် ပင်လယ်က သုံးဆမျှ ပိုမို ကြီးမားလာကာ စိတ်စွမ်းအင်များမှာ ရုပ်နယ်လွန် အထိ မြင့်တက်လာ၏။ ထိုအရာက သူ့ဘဝတွင် တစ်ခါမှ မခံစားဖူးသည့် အတွေ့အကြုံမျိုးပင်။

ဟုန်ယိ မျက်လုံးများကို ပင့်တင်ရင်း ဝေ့ဝူယင်ကို ကြည့်လိုက်မိသည်။ ထိုအခိုက်၌ ချောမောသော လူငယ်၏ ငွေရောင် မျက်လုံးများက ဆန်းပြားသော အလင်းရောင်များနှင့် တလက်လက် တောက်ပနေသည်။ ထိုလှပသည့် မျက်လုံးများကို ငေးမောရင်း တဖြည်းဖြည်းနှင့် ဟုန်ယိ၏ မျက်နှာထက်တွင် အံ့သြထိတ်လန့်သည့် အငွေ့အသက်များ ထွက်ပေါ်လာ၏။ ထိုမျက်ဝန်းများထဲ၌ သူ့ ကိုယ်ပိုင် ပုံရိပ်များကို တွေ့မြင်လိုက်ရသောကြောင့်ပင်။

လေးနှင့် မြှားကို ရင်ဝယ်ပိုက်ရင်း ကလေး ဘဝမှ အရွယ်ရောက်သည် အထိ...။

တစ်ခါတစ်ရံ၌ သူက ပြုံးနေသည်။ တစ်ခါတစ်ရံ၌လည်း ဒေါသထွက်နေသည်။ တစ်ခါတစ်ရံ သူက မြှားကျိုးများကို ပြန်လည် ပြင်ဆင်နေကာ တစ်ခါတစ်ရံ၌လည်း လေးကို သန့်ရှင်းရေး လုပ်နေသည်။ လေးညှို့ကို ဆွဲကာ ရှုထောင့် ပေါင်းစုံကို ပစ်လွှတ်လိုက်သော အခိုက်၌ သူက အစစ်အမှန် ဘဝထဲကလိုပင် လှုပ်ရှားလာသည်။ ဟုန်ယိ ကိုယ့်ကိုယ်ကို ခွဲခြား သိမြင်နိုင်စွမ်း ရှိပေသည်။

ရုတ်ချည်းပင် သူ မူလ ခန္ဓာကိုယ်ထဲ ပြန်လည် ရောက်ရှိလာ၏။ ဟုန်ယိ၏ ခြေထောက်များက အနည်းငယ် ဟန်ချက် ပျက်၍ ယိမ်းယိုင်သွားကာ ကြမ်းပြင်ပေါ်သို့ လဲကျလုနီးနီးပင် ဖြစ်သွားခဲ့သည်။ ဝိညာဥ် ပုံရိပ်များမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သော်လည်း အလင်းနှင့် အရိပ်များထဲတွင် သူ့ကိုယ်သူ မြင်နိုင်နေဆဲ ဖြစ်သည်။ လက်ဝါးများကို ငုံ့ကြည့်လိုက်သော အခိုက်၌ လေးနှင့် မြှားကို ကိုင်ထားသလို ဟုန်ယိ ခံစားလိုက်ရ၏။

“အကြီးအကဲ ကျုပ်ကို ဘာလုပ်လိုက်တာလဲ...”

ဟုန်ယိက ထိတ်လန့်တကြားဖြင့် မေးလိုက်၏။ သူ့စိတ်များက အလွန်ပင် ကြည်လင်နေကာ မူလကနှင့် မတူညီတော့ကြောင်း သူ ခံစားရသည်။ သို့သော်လည်း ထိုကွာခြားမှုကို တိတိကျကျ အဖြေရှာရန် သူ အချိန်တစ်ခုတော့ ယူရလိမ့်မည် ဖြစ်သည်။

“ခင်ဗျားရဲ့ စိတ်စွမ်းအင် အကန့်အသတ်က ရည်ရွယ်ချက်ထဲမှာ ရှိတဲ့ ဆန္ဒကို အကောင်အထည် ဖော်ဖို့ ခက်ခဲနေလို့ ကျုပ် ခင်ဗျားရဲ့ စိတ်ကို နည်းနည်းလေး ချဲ့ပေးလိုက်တာ... ဒါပေမဲ့ မျှော်လင့် မထားခဲ့ဘူး...”

ဝေ့ဝူယင်က စကားကို ရပ်လိုက်ရင်း ဟုန်ယိ၏ မျက်လုံးများကို ကြည့်လိုက်၏။ သူ၏ အမူအရာက အနည်းငယ် အံ့သြ ထိတ်လန့်နေဟန် ရလေသည်။

ဟုန်ယိမှာ လောကနှလုံးသား ရည်ရွယ်ချက် တစ်ခုတည်းကို နားလည်ထားခြင်း မဟုတ်ချေ။ လေးနှင့်မြှား ရည်ရွယ်ချက် နှစ်ခုစလုံးကို နားလည်ထားခြင်း ဖြစ်သည်။ ထို့အပြင် ၎င်း ရည်ရွယ်ချက် နှစ်ခုမှာ တစ်ခုတည်း အဖြစ် ပြီးပြည့်စုံစွာ ပေါင်းစပ် နေပေသည်။

All Chapters