← Chapters

နေကို ပစ်ခွင်းမည့် မြှား (၂)

Vol. 51 Ch. 703

နေကို ပစ်ခွင်းမည့် မြှား (၂)

Vol. 51 Ch. 703

ကျင့်ကြံခြင်း လောကတွင် လေးနှင့် မြှားမှာ အသုံး တွင်ကျယ်သည့် လက်နက်တစ်ခုတော့ မဟုတ်ချေ။ မကြာခဏ ဆိုသလို လေးသည်တော်များကို ရှေးဟောင်း စာအုပ်ကြီးသမားများဟုပင် ပြောစမှတ် ပြုကြသည်။ ပါရမီ မြင့်မားသည့် ကျင့်ကြံသူများ ပင်လျှင် ကျင့်ကြံခြင်း အဆင့် တစ်ခုကို ရောက်ရှိပြီး နောက်တွင် လေး၊ လောက်လွှဲ၊ သတ္တုကျည်ဆန် စသည့် လက်နက်များကို စွန့်လွှတ်လေ့ ရှိကြသည်။ မည်သို့ပင် ဆိုစေ... ၎င်းတို့မှာ လေထဲတွင် လွယ်ကူစွာ လမ်းကြောင်း ပြောင်းသွားနိင်သည် မဟုတ်ပါလား။

အမှန်အတိုင်း ဆိုရလျှင်... ဒြပ်စင် မွေးဖွားခြင်း အဆင့်ကို တက်လှမ်းပြီးနောက်၌ ဝေ့ဝူယင် ပင်လျှင် လေးသမား တစ်ယောက်ကိုမှ မမြင်ခဲ့ဖူးချေ။

အဆင့်နိမ့်ဂြိုဟ်များနှင့် လူသူ အရောက်အပေါက် နည်းသော ကုန်းမြေတိုက်ကြီးများတွင် နေထိုင်ကြသည့် သေမျိုးများမှာ လေးနှင့် မြှားများကို ကာကွယ်ရေးတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြဆဲ ဖြစ်သော်လည်း ပိုမို ဖွံ့ဖြိုး တိုးတက်သည့် အဖွဲ့အစည်းများကတော့ စွမ်းအင် အမြှောက်၊ ကာကွယ်ရေး ဝင်္ကပါ စသည့် နည်းလမ်းများကို ပြောင်းလဲ ခဲ့ကြပြီး ဖြစ်သည်။

မည်သို့ပင် ဆိုစေ... ဝေ့ဝူယင် လေးနှင့်မြှားကို နည်းနည်းလေးမှ အထင်မသေးဝံ့ပါချေ။ မှန်ကန်သည့် လူ၏ လက်ထဲသို့ ကျရောက်သွားပါက အပ်တို တစ်ချောင်း ပင်လျှင် ကြောက်စရာ အကောင်းဆုံး လူသတ် လက်နက် အဖြစ် ပြောင်းလဲ သွားတတ်သူမှာ သဘာဝ ဖြစ်သည်။

ဟုန်ယိ၏ လေးနှင့်မြှား အပေါ် ချစ်မြတ်နိုးစိတ်မှာ သူ့အသက်နှင့် ထပ်တူ ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ယန်ဖွံ့ဖြိုးခြင်း အဆင့်ဖြင့်ပင် သူက လေးနှင့်မြှား ရည်ရွယ်ချက်တို့ကို တစ်သားတည်း ပေါင်းစည်းကာ လောကနှလုံးသား ရည်ရွယ်ချက်ကို စိုက်ထူနိုင်ခဲ့သည်။ ထိုလမ်းစဥ် အပေါ် သူ၏ ရူးသွပ်မှုနှင့် ပါရမီက တကယ့်ကို ကြောက်စရာ ကောင်းလွန်းလှ၏။

အကယ်၍ ဟုန်ယိ၏ ခွန်အားသာ အဆင့်တစ်ခုကို ရောက်ရှိလာပါက သူ၏ လေးနှင့်မြှားက အကောင်းဆုံးသော လူသတ် လက်နက် ဖြစ်လာမှာ သေချာပေသည်။

“...”

ဟုန်ယိမှာ ဝေ့ဝူယင်၏ စကားကြောင့် အနည်းငယ် တုန်လှုပ်သွား၏။ ငွေရော် မျက်လုံးများနှင့် လူငယ်က လက်ညိုး တစ်ချက် ဖြင့်ပင် သူ့စိတ်ကို ချဲ့ထွင်ပေးလိုက်သည်လား။ သူက မည်သည့် ကျင့်ကြံခြင်း အဆင့်ကိုပင် ရောက်ရှိနေပြီနည်း။ လေးစားမှုနှင့် စိတ်ဝင်စားမှုတို့က တစ်ပြိုင်နက်တည်းပင် သူ့စိတ်ထဲ၌ ဖြစ်ပေါ် နေရာယူ လာခဲ့လေ၏။

ဝေ့ဝူယင်နှင့် ဟုန်ယိတို့မှာ တစ်ယောက်ကို တစ်ယောက် အချိန် အတန်ကြာအောင် စိုက်ကြည့် နေမိခဲ့သည်။ မမြင်နိုင်သည့် ခွန်အား တစ်ခုက သူတို့ကို ချည်နှောင်ထားသယောင်ပင်။

တစ်မိနစ်ခန့်မျှ ငြိမ်သက်ပြီးနောက် ဝေ့ဝူယင်က အနည်းငယ် ပြုံးလိုက်ကာ တိတ်ဆိတ်မှုကို ချိုးဖျက် လိုက်၏။

“မင်း ဗိုက်ဆာနေ...”

သို့သော်လည်း သူ့မေးခွန်း အဆုံးသတ်ကို မရောက်ခင်မှာပင် ဟုန်ယိက ရှေ့တွင် တိုက်ရိုက် ဒူးထောက်ချ လိုက်တော့၏။

“ကျုပ် ဟုန်ယိ သခင့်ရဲ့ နောက်ကို လိုက်ချင်ပါတယ်... တကယ်လို့ လိုအပ်မယ် ဆိုရင် နေတွေကို ပစ်ခွင်းတဲ့ သခင့်ရဲ့ မြှားတစ်စင်း ဖြစ်ချင်ပါတယ်”

“...”

ဝေ့ဝူယင်မှာ တစ်ခဏမျှ တိတ်ဆိတ်သွား၏။ ထို့နောက် သူက အော်ကြီးဟစ်ကျယ်ဖြင့် ထကာ ရယ်မောလိုက်သည်။

“ကျုပ်ရဲ့ မြှား... နေတွေကို ခွင်းမယ့်မြှား... တကယ် အားရစရာ ကောင်းတဲ့ အသုံးအနှုန်းပဲ... ဒါပေမဲ့ ကျုပ်ရဲ့ ရည်ရွယ်ချက်က ကောင်းလား ဆိုးလား ဆိုတာတောင် ခင်ဗျား သိသေးလို့လား”

ဟုန်ယိက ခေါင်းကို မော့ကာ ဝေ့ဝူယင်ကို ကြည့်လိုက်၏။ ထိုလူငယ်နှင့် တွေ့ဆုံခြင်းက ဘဝ အတွက် အကြီးမားဆုံးသော အခွင့်အရေး ဖြစ်ကြောင်း ဟုန်ယိ သိပေသည်။ ထိုလူငယ်တွင် ဘယ်လို ရည်ရွယ်ချက်ပဲ ရှိရှိ တစ်နေ့ ကောင်းကင်ပေါ်က နေကိုးစင်းကို ပစ်ခွင်းနိုင်လျှင် သူ ကျေနပ်မိလိမ့်မည် ဖြစ်သည်။

“ကျုပ် ဘဝကို နောင်တတွေနဲ့ မရှင်သန်ချင်တော့ဘူး... ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ်...”

ဟုန်ယိ အံကို တင်းတင်းကြိတ်ကာ ဝေ့ဝူယင်၏ မျက်လုံးများကို ကြည့်လိုက်၏။

“ကျုပ် သခင့်နောက်ကို အကြွင်းမဲ့ လိုက်ဖို့ ဆန္ဒရှိပါတယ်”

“...”

ဝေ့ဝူယင်မှာ ဟုန်ယိ၏ စကားလုံးများထဲမှ စိတ်အား ထက်သန်မှုကို ခံစားလိုက်ရရာ တစ်ခဏမျှ တိတ်ဆိတ် သွား၏။ အတန်ကြာပြီးနောက်မှ သူက ခေါင်းတစ်ချက် ညိတ်လိုက်သည်။

“ကောင်းပြီလေ... နေတွေတွေကို ပစ်ခွင်းမယ့် မြှား... ကျုပ်ရဲ့ လေးကိုင်းကနေ ခင်ဗျား ဘယ်လောက် အထိ ပျံသန်းမယ် ဆိုတာ ကြည့်ရသေးတာပေါ့”

...

ဟူး... ဟူး...

ရှေးဟောင်း ဟင်းလင်းပြင် သင်္ဘောကြီး တစ်စင်းမှာ လေဟာနယ်ကို ခွဲဖျက်ကာ တရိပ်ရိပ် ခရီးနှင် နေခဲ့၏။ ဝေ့ဝူယင်မှာ ကုန်းပတ်၏ အစွန်းတွင် ရပ်ကာ အမှောင် ဟင်းလင်းပြင်ကို ငေးကြည့် နေမိခဲ့သည်။ လွန်ခဲ့သည့် ရက်ပိုင်း အတွင်း၌ များစွာသော အရာများ ဖြစ်ပျက် သွားခဲ့သည်။

ပထမဆုံး အလွန်လှပသည့် လျှို့ဝှက် အာဏာရှင် အဆင့် မိန်းကလေး တစ်ယောက်နှင့် တွေ့ဆုံခဲ့ရသည်။ ဒုတိယ မိစ္ဆာဂိုဏ်း တစ်ခုကို ဖြိုခွဲကာ လျှို့ဝှက် ဆန်းကြယ်မှု များစွာနှင့် ကြုံတွေ့ခဲ့ရသည်။ တတိယ... စွန့်စားခန်း၏ အဓိက ပစ်မှတ် ဖြစ်သည့် ယောင်ဟုန်ယိကို သူ သိမ်းသွင်း နိုင်ခဲ့သည်။ သူ့အတွက် သည်ခရီးက အမြတ်ချည်းသာ ဖြစ်သည်။

သို့သော်လည်း... စိတ်ထဲတွင် အရာရာက အဆင်ပြေ ချောမွေ့နေပါသည်ဟု ပြောလျှင်တော့ သူ လိမ်ရာ ကျလိမ့်မည် ဖြစ်သည်။ အနန္တ ဧကရာဇ်ဂိုဏ်း အတွင်းရှိ ငြိမ်းချမ်းသော အချိန်များက အတိတ်၏ မှတ်ဉာဏ်များထဲတွင် ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။ မကြာခင်မှာပင်... ဖြေရှင်းဖို့ ခက်ခဲသည့် ပဋိပက္ခ များစွာနှင့် ကြုံတွေ့ရလိမ့်မည်ဟု သူ ခံစားရသည်။

အစောပိုင်း ဝူယု၏ စကားအရဆိုလျှင် သူနှင့် အာဏာရှင် အဖွဲ့ဝင်များ၏ လုပ်ဆောင်ချက်များမှာ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေကိုပင် လှုပ်ခါ စေခဲ့သည်ဟု ဆိုသည်။ ထို့အပြင်... သူ၏ အာရုဏ်ဦး နေမီးတောက် ဆေးလုံးမှာ လူငယ် ကျင့်ကြံသူများ၏ ပါရမီနှင့် အခြေခံ အုတ်မြစ် သမာရိုးကျ နည်းလမ်းများကို ရိုက်ချိုးပေးနိုင်ခဲ့သည်။ သူ ဖန်တီးခဲ့သည့် ဂယက်လှိုင်းများက မဟာစက်ဝန်း ကြယ်ကွင်းပြင်ကို ထိုမျှ ပြင်းထန်စွာ ရိုက်ခတ် သွားလိမ့်မည်ဟု ဝေ့ဝူယင် လုံးဝ ထင်မှတ် မထားခဲ့ချေ။

အကျိုးရလဒ် အနေဖြင့် အစစ်အမှန် ဒြပ်စင်ဂိုဏ်းမှာ သူ့နာမည်ကို ရွေးချယ်ခံ စာရင်းထဲတွင် ထည့်သွင်း ထားပြီး ဖြစ်သည်။ ပင်းမျိုးနွယ်က မည်သည့် ဇာတ်ရှုပ်များ ခင်းရန် ကြိုးစားနေသည်။ မာ့ကျန်းက သူ့ကို ရွှေရောင် အသက် နန်းတော်၏ ပဋိပက္ခများထဲ ဆွဲထည့်ရန် ကြိုးပမ်းနေသည်။

“ခင်ဗျားက ခြားနားတဲ့ တစ်ခုခုကို လိုချင်တာလား...”

ရုတ်တရက် ဧဒင်က မေးလိုက်၏။ ထိုအဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ်မှာ သူ့အသိစိတ် ပင်လယ်ထဲတွင် အမြစ်တွယ်နေရာ သူ့ အတွေးနှင့် ခံစားမှု အားလုံးကို အနားလည်နိုင်ဆုံး တစ်ယောက်လည်း ဖြစ်သည်။

"ငါ မသိဘူး...”

ဝေ့ဝူယင်က အဝေးတွင် ထွန်းလင်းနေသည့် နေကြယ်များကို ငေးရင်း အရိုးသားဆုံး အဖြေပေးလိုက်၏။ ကြယ်တာရာ နယ်မြေ၏ ဟင်းလင်းပြင် ဂိတ်တံခါးများကို တားမြစ်ထားခြင်းနှင့် ပိုင်လင် ခွန်အား အပြည့်အဝ ပြန်ရရန် အချိန် လိုအပ်ခြင်းတို့ကြောင့် ဟင်းလင်းပြင် သင်္ဘောကသာလျှင် သူ့အတွက် တစ်ခုနည်းသော ရွေးချယ်စရာ ဖြစ်လာခဲ့သည်။

သူတို့ ရက်အနည်းငယ်တိုင်အောင် ခရီးထွက်ခဲ့ပြီး ဖြစ်သော်လည်း အလင်းပြာဂြိုဟ်ကို ရောက်ရှိရန် အလွန် ဝေးကွာနေသေးဆဲ ဖြစ်သည်။ ရှေ့ဟောင်း သင်္ဘောဖြင့် သည်နှုန်းအတိုင်း ဆက်လက် သွားနေပါက ပြန်ရောက်ရန်ပင် အနည်းဆုံး တစ်နှစ် ကြာမြင့်လိမ့်မည် ဖြစ်သည်။

" ပဋိပက္ခ ဖြစ်ဖြစ် စစ်ပွဲ ဖြစ်ဖြစ် ဘာဂရုစိုက်စရာ လိုလဲ... အစစ်အမှန် ဟင်းလင်းပြင် နဂါးရဲ့ ရှေ့မှာ အားလုံးက ပမွှားပဲ... ငါတို့ကို ချုပ်နှောင်ထားနိုင်တဲ့ အတားအဆီး မရှိဘူး”

ခရာတိုက ပြောလိုက်၏။ သူ၏ အသံက ထူးခြားကာ မယုံကြည်နိင်လောက်အောင် လွှမ်းမိုးမှုများနှင့် ပြည့်နှက် နေသည်။

“ကလန့်...”

ဘုရင်က သဘောတူဟန်ဖြင့် အသံတစ်ချက် ပြုလိုက်၏။ အကယ်၍ လှိုင်းများ တွေ့လျှင် ဖြတ်ပိုင်းလိုက်ရုံသာ ရှိသည်။ သူ့အသွားစွန်းအောက်တွင် မည်သူက ခုခံရန် ဝံ့ရဲမည်နည်း။

သူတို့၏ ရိုးရှင်းသည့် အတွေးအမြင်များက ဝေ့ဝူယင်၏ လေးပင်နေသည့် စိတ်ခံစားချက်များကို အနည်းငယ် ပေါ့ပါးသွားစေ၏။ ခရာတိုနှင့် ဘုရင်တို့က ဘယ်တော့မှ မပြောင်းလဲချေ။

“ကျုပ်... ကျုပ်ကတော့ ဒီအခြေအနေက လုံးဝ ပြီးပြည့်စုံတယ်လို့ မြင်တယ်”

အိုရီက တုန့်ဆိုင်းတုန့်ဆိုင်းနှင့် ပြောလိုက်၏။

"ပြီးပြည့်စုံတယ် ဟုတ်လား...”

ဝေ့ဝူယင်မှာ အနည်းငယ် အံ့သြသွား၏။ အခြား ကြယ်တာရာ ဝိညာဥ် သုံးခုမှာလည်း အိုရီကို စိတ်ဝင်တစားဖြင့် ကြည့်လိုက်ကြသည်။

အိုရီမှာ စိတ်လှုပ်ရှားနေပုံ ပေါ်၏။

“ဟုတ်တယ်... ဟုတ်တယ်... ကျုပ်တို့က ဘယ်သူတွေလဲ... ကျုပ်တို့က ဘာကြောင့် ရှောင်ပုန်း ရမှာလဲ... အန္တရာယ်လား... ကျုပ်တို့ ကျော်ဖြတ်နိုင်တာပဲ... ခြိမ်းခြောက်မှုလား... ကျုပ်တို့ ဖြေရှင်းနိုင်တာပဲ...”

“...”

ဧဒင်၊ ဘုရင်နှင့် ခရာတိုတို့က အိုရီ၏ စကားကို အားတက်သရော အသီးသီး ထောက်ခံလိုက်ကြသည့် တိုင်အောင် ဝေ့ဝူယင်ကတော့ တိတ်ဆိတ်နေသည်။

မကြာခင် ကြုံလာရနိုင်သည့် ပဋိပက္ခများက ထိုမျှ ဖြေရှင်းရန် မလွယ်ကူဟု သူခံစားရသည်။ အာရုဏ်ဦး နေမီးတောက် ဆေးလုံးနှင့် အာဏာရှင် အဖွဲ့ဝင်များ၏ ပေါက်ကွဲအားက သူ ခန့်မှန်းထားသည်ထက် ကျော်လွန်ကာ ပြင်းထန်လွန်းလှသည်။ လက်ရှိ သူ၏ ကျော်ကြားမှုက ပိုင်ဆိုင်ထားသည့် ခွန်အားထက် အဆမတန် သာလွန် နေသည်ဟု ဝေ့ဝူယင် ခံစားရသည်။

“ခင်ဗျား ကြောက်လို့လား..”

ဧဒင်က မေးလိုက်၏။ ဝေ့ဝူယင်၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ရီသွား၏။ သူ သင်္ဘော လက်ရန်းကို ကိုင်ရင်း ကိုယ့်ကိုယ်ကို ပြန်လည် မေးခွန်းထုတ် လိုက်မိသည်။ သူ ကြောက်နေသလော။

“ဟင်းအင်း...”

သူ ပြတ်သားစွာပင် ငြင်းဆိုလိုက်သည်။ ကြယ်တာရာ ဝိညာဥ်များမှာ တိတ်ဆိတ် သွားကြ၏။ အဆုံးမဲ့ အမှောင်ထုက ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများထဲတွင် ထင်ဟပ်နေသည်။

“ငါ မကြောက်ဘူး... စိတ်လှုပ်ရှားနေတာ... နေရာအသစ်၊ အတွေ့အကြုံသစ်တွေ အတွက် စိတ်လှုပ်ရှားနေတာ”

သူ့ဘဝတွင် ဘယ်တုန်းက တစ်စုံတစ်ရာနှင့် ရင်ဆိုင်ရန် ကြောက်လန့်ခဲ့ဖူးလို့နည်း။

ငရဲ၏ ဒုတိယမြောက် ကပ်ဘေးလား... ၎င်းအား ရင်ဆိုင်ရန် သူ အရှိန်ကိုပင် တင်လိုက်သေးသည်။

ကြယ်တာရာ ဝါးမြိုသူလား... မျက်မြင်တွေ့ခွင့် ရရန် သူ ကြယ်တာရာ နယ်မြေတွင် နေရစ်ခဲ့သည်။

သူ လျှို့ဝှက် အာဏာရှင် သုံးယောက်လက်မှ လျှို့ဝှက် တာရာ ဂြိုဟ်တစ်ခုကို ခိုးယူခဲ့သည်။ အစစ်အမှန် မွေးဖွားခြင်း မိစ္ဆာ အဖွဲ့အစည်း၏ ထောင်ချောက် အတွင်း တိုးဝင်ခဲ့သည်။

ဧဒင်၊ ခရာတို၊ ဘုရင်နှင့် အိုရီတို့မှာ သူ့ စိတ်၊ ရုပ်၊ ဝိညာဥ်တို့မှ ခွဲထွက်လာသည့် ဖြစ်တည်မှုများ ဖြစ်သည်။ သူတို့ပင်လျှင် မကြောက်ရာ သူက ဘာကို ကြောက်ရမည်နည်း။

“ကောင်းတယ်...”

ဧဒင်က မှတ်ချက်ချလိုက်၏။

"ရား...”

ခရာတိုကတော့ ဟင်းလင်းပြင် တစ်ခုလုံးကို တုန်ရီအောင် ဟိန်းလိုက်၏။

“ကလန့်...”

ဆေဘအလင်းက ဝေ့ဝူယင်၏ မျက်လုံးများမှ တစ်ဆင့် တောက်ပလာသည်။

“ဟဟ... ဒါပဲလေ... ဘာကို စိုးရိမ်နေရမှာလဲ... ငါတို့တွေ အတူတူ ရှိနေတာပဲ”

အိုရီက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်လေ၏။

All Chapters