← Chapters

အဆုံးမဲ့ ဧကရာဇ်

Vol. 51 Ch. 704

အဆုံးမဲ့ ဧကရာဇ်

Vol. 51 Ch. 704

ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေနှင့် အလွန် ကွာဝေးသည့် နေရာတစ်ခုတွင် မဟာ စက်ဝန်း ကြယ်ကွင်းပြင် တစ်လွှား အလွန် ကျော်ကြား ထင်ရှားသည့် အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ တည်ရှိ၏။ အပြောကျယ်လွန်းလှသည့် ထိုကြယ်တာရာ နယ်မြေကြီး၏ အစွန်အဖျား တစ်နေရာတွင်တော့ ထာဝရဂြိုဟ် ဟု နာမည်ပေးထားသည့် ဂြိုဟ်အသစ် တစ်ခု တည်ရှိနေသည်။

ထာဝရဂြိုဟ်မှာ အလွန် လှပသည့် စက်ဝိုင်း ပုံသဏ္ဌာန်ဖြင့် တည်ရှိနေသော်လည်း ကြယ်တာရာ နယ်မြေ၏ နယ်စွန်နယ်ဖျားတွင် တည်ရှိနေလေရာ နေကြယ်မှ လျှို့ဝှက် အမတေများ အပါအဝင် အနည်းဆုံးသော စွမ်းအင် ရင်းမြစ် ပမာဏကိုသာ လက်ခံ ရရှိသည်။ ၎င်းကို ကြယ်တာရာ အဆင့် ဂြိုဟ်တစ်လုံးဟု သတ်မှတ်နိုင်သည့်တိုင် စိတ်ကူးနိုင်သမျှ ထဲ၌ အဆင့်အနိမ့်ဆုံး ကြယ်တာရာအဆင့် ဂြိုဟ်ပင် ဖြစ်သည်။

ထာဝရ ဂြိုဟ်ကို ဖန်တီးစဥ် အခါက စန်းမျိုးနွယ်မှာ အနည်းဆုံးသော အင်အား စိုက်ထုတ်မှု ပမာဏကိုသာ အသုံးပြုခဲ့သည်။ သူတို့က ဂြိုဟ်အဆင့်လျှင်မြန်စွာ ဖွံ့ဖြိုးလာစေရန် အတွက် ဝင်္ကပါများနှင့် မြှင့်တင်ခြင်း စနစ်များပင် ထည့်သွင်း ပေးထားခြင်း မရှိချေ။ အလင်းရောင်ပြန်ကွင်းမှ ရောက်ရှိလာသည့် လျှို့ဝှက် စွမ်းအင်များ၏ သန့်စင်မှုဖြင့်ပင် ဂြိုဟ်တည်ငြိမ်လာစေရန် အတွက် အနည်းဆုံး နှစ်ခုနစ်ရာခန့် ကြာမြင့်လိမ့်မည် ဖြစ်သည်။

ဆိုလိုသည်က ကျင့်ကြံခြင်း အဆင့် တစ်ခု၌ ရှိသည့် ကျင့်ကြံသူများမှာ ထိုအတောအတွင်း၌ မည်သည့် စွမ်းအင် ရင်းမြစ်ကိုမှ ဂြိုဟ်ထံမှ ရရှိလိမ့်မည် မဟုတ်ချေ။ ၎င်းက ချီပျစ်ခဲခြင်း အဆင့်များ အတွက်ပင် အသုံးဝင်ဖို့ ခက်ခဲလိမ့်မည် ဖြစ်သည်။ ထိုကဲ့သို့ ကျင့်ကြံခြင်း လူမှု အဖွဲ့အစည်း၏ ပြိုဆင်းမှုကြောင့် များစွာသော ထိပ်တန်း ပညာရှင်များနှင့် လူငယ် ပါရမီရှင်များမှာ ကျင့်ကြံရန် အခွင့်အလမ်းကို ဆက်လက် ထိန်းသိမ်းရန် အတွက် ဂိုဏ်းများမှ စွန့်ခွာရန် ရွေးချယ်ဖို့ တစ်နည်းသာ ရှိပေသည်။

တစ်ချိန်တည်း၌... ထာဝရ အစည်းအရုံးဘက်မှ ပါရမီရှင်များကို စည်းရုံး သိမ်းသွင်းရန် အတွက် ငါးနှစ်တစ်ကြိမ် တမန်တော်များကို စေလွှတ်ကာ တပည့် ရွေးချယ်ပွဲ ပြုလုပ်မည်ဟု ကြေညာထားသည်။ သို့သော်လည်း ထိုအရာက သူတို့၏ ကိုယ်ပိုင် ရည်ရွယ်ချက် အတွက်သာ ဖြစ်ကာ ဂြိုဟ်ထက်ရှိ ဆိုးရွားသော အခြေအနေများကိုတော့ လျစ်လျူထားဆဲ ဖြစ်သည်။

သို့သော်လည်း... လွန်ခဲ့သည့် တစ်နှစ် ထာဝရဂြိုဟ် ခရီးစဥ်တွင်တော့ ထာဝရ အစည်းအရုံးမှာ ကြယ်တာရာ နယ်မြေတစ်ခုလုံးကို တုန်လှုပ်စေနိုင်သည့် အံ့အားသင့်စရာ တစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။

ထာဝရဂြိုဟ်မှာ လူပေါင်း ထရီလျံနှင့်ချီ အိမ်ပြု နေထိုင်နိုင်အောင် ကြီးမားသည့်တိုင် သက်ရှိများကို ကျွေးမွေးထားရန် ရင်းမြစ်ကတော့ ဗလာနတ္ထိသာ ဖြစ်သည်။ အမှန်တကယ် ဆိုလျှင် ဂြိုဟ်တစ်ခုလုံး၌ ဆင်းရဲ မွဲတေမှု၊ ရက်စက်ကြမ်းကြုတ်မှုတို့နှင့် အတူ ရင်းမြစ်လုပွဲများ၊ သွေးချောင်းစီး တိုက်ပွဲများ ဖြစ်ပေါ်နေသင့်သည်။ သို့သော်လည်း ထင်မှတ် မထားလောက်အောင်ပင် ထာဝရဂြိုဟ်က ငြိမ်းချမ်းသာယာကာ စည်ပင်ဝဖြိုး နေခဲ့ပေသည်။

အထွက်နှုန်း ကောင်းသည့် လယ်ယာ စိုက်ခင်းများမှာ နေရာတိုင်း၌ ဖြစ်ထွန်းနေကာ ကျင့်ကြံခြင်း အတွက် သင့်တော်သည့် ပတ်ဝန်းကျင်များမှာလည်း ရှားပါးခြင်း မရှိလှချေ။ ဂြိုဟ်တစ်ခုလုံး၏ စားဝတ်နေရေးနှင့် အုပ်ချုပ်ရေး နှစ်ခုစလုံးက အမြင့်ဆုံး အဆင့်၌ ရှိနေပေသည်။ ထိုထက် ပို၍ အံ့သြစရာ ကောင်းသည်က မည်သည့် ပါရမီရှင် လူငယ်များမှ သူတို့ နောက်ကို လိုက်ဖို့ မဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

မကြာခင်မှာပင် ထိုအရာ အားလုံးက အဆုံးမဲ့ ဧကရာဇ် ဆိုသော ဂိုဏ်းကြီးကြောင့် ဖြစ်ကြောင်း သူတို့ သိရှိ လာရသည်။ ဂိုဏ်းကို ဖွဲ့စည်းခဲ့တာ မကြာမြင့်ခဲ့သေးသည့်တိုင် ဂြိုဟ်ထက်ရှိ အင်အားစု အားလုံး၏ ကိုးဆယ် ရာခိုင်နှုန်းမှာ ထိုဂိုဏ်းကြီး၏ ဦးဆောင်မှု လက်အောက်ကို ရောက်ရှိနေကြပြီ ဖြစ်သည်။ မဟာ ဧကရာဇ် သွေးမျိုးဆက် ဝူပိုင်ကျိုးနှင့် အာာရုဏ်ဦး အာဏာရှင် ဧကရာဇ် ဝေ့ဝူယင် ဆိုသော နာမည်များမှာ ထာဝရ ကြယ်တာရာ နယ်မြေသားများ အတွက်တော့ သူတို့ မာနများကို ချိုးနှိမ်ရန် လုံလောက်သည့် အကြောင်းပြချက်များပင် ဖြစ်သည်။

ဝူပိုင်ကျိုး၏ ဦးဆောင်မှု အောက်တွင် ထာဝရ ဂြိုဟ်ထက်၌ ကစဥ့်ကလျား အဖြစ်အပျက်မျိုး မရှိသလောက်ပင် ဖြစ်သည်။ ဝေ့ဝူယင် ပျောက်ရှနေမှုနှင့် ဝူယု ကိုယ်ထင် ထွက်မပြသေးသည့် အခြေအနေတွင်ပင် သူမမှာ မဟာ ဧကရီ ဆိုသော နာမည် အောက်တွင် အခိုင်မာဆုံးသော အင်အားကို တည်ဆောက်ခဲ့ပြီး ဖြစ်သည်။ ဆယ်စုနှစ်ဝက်မျှ အတွင်းမှာပင် ဝူပိုင်ကျိုးမှာ ထက်မြက်ပြီး အရည်အချင်း ရှိသည့် ခေါင်းဆောင်ကောင်း အဖြစ် အများစု၏ သတ်မှတ်ခြင်းကို ခံခဲ့ရပြီး ဖြစ်သည်။

ယနေ့ အဆုံးမဲ့ ဧကရာဇ်ဂိုဏ်း၏ ထာဝရ အင်ပါယာ တောင်ထွတ် ညီလာခံ ခန်းမတွင် ဂိုဏ်း၏ ထိပ်တန်း ခေါင်းဆောင်များမှာ စုစည်း နေကြပေသည်။

သူတို့က ကြယ်တာရာ အဆင့် ဝက်သစ်ချသားဖြင့် ပြုလုပ်ထားသည့် ဘဲဥ ပုံသဏ္ဌာန် စားပွဲဝိုင်းကြီး တစ်ခုတွင် ဝိုင်းပတ်၍ ထိုင်နေကြကာ ဝူပိုင်ကျိုးကတော့ စားပွဲ ထိပ်ဆုံးရှိ ပလ္လင်ထက်၌ ရှိနေခဲ့၏။ စားပွဲဝိုင်း၌ စုစုပေါင်း နှစ်ဆယ့်ကိုးယောက် ရှိကာ အားလုံးမှာ အရောင်တူ ဝတ်စုံများကို ဆင်မြန်းထားကြပေသည်။ သူတို့ကား မကြာသေးခင်ကမှ အဆင့် တက်လှမ်းထားသည့် အဆုံးမဲ့ ဧကရာဇ်ဂိုဏ်း၏ မဟာ အင်ပါယာ သူတော်စင် နှစ်ဆယ့် ရှစ်ယောက်ပင် ဖြစ်လေသည်။

ဝူပိုင်ကျိုးမှာ ပုလ္လင်ထက်၌ ခန့်ညား ထည်ဝါစွာပင် ထိုင်နေခဲ့၏။ သူမ၏ မျက်လုံးများက တည်ငြိမ်နေသည့်တိုင် အတွင်းပိုင်း တွင်တော့ သုန်မှုန်မှု အလင်း တစ်ခု တည်ရှိနေသည်။ သူမ အရှေ့ရှိ ပုဂ္ဂိုလ်ကြီးများမှာ ယခင် အာရုဏ်ဦး ဧကရာဇ် ကြယ်တာရာ နယ်မြေ၏ ထိပ်သီး ပုဂ္ဂိုလ်ကြီးများပင် ဖြစ်သည်။ ထိုအထဲ၌ ချင်းရိုင်နှင့် ယောင်ကျန်းတို့လည်း အပါအဝင် ဖြစ်၏။

သူတို့ထဲမှ တစ်ယောက်မှ လောကသခင် အဆင့် ကျင့်ကြံခြင်း အခြေခံထက် နိမ့်ကျခြင်း မရှိကြချေ။ လွန်ခဲ့သည့် ခြောက်နှစ်ခန့်က အဆုံးမဲ့ ဧကရာဇ်ဂိုဏ်းတွင် လောကသခင် အဆင့် တစ်ယောက်သာ ရှိခဲ့သော်လည်း ယနေ့တွင်တော့ နှစ်ဆယ့် ကိုးယောက်တိတိ ရှိနေခဲ့ပြီ ဖြစ်သည်။ ထို့အပြင် သူတို့၏ အော်ရာများက တစ်ယောက်မှ သာမန် မဟုတ်ပဲ အခိုင်မာဆုံး အဆင့်တွင် ရှိနေကြသည်။

ချင်းရိုင်နှင့် ယောင်ကျန်းတို့မှာ ဝူပိုင်ကျိုး၏ ဘယ်နှင့်ညာတွင် နေရာယူ ထားကြ၏။ မိန်းကလေး၏ အရှေ့ စားပွဲ ထက်တွင်တော့ မီးထွင်ကျောက်မင်ဖြင့် ထွင့်ထုထားသည့် စာဖိုင် တစ်ခု ရှိနေခဲ့၏။ ထိုစာဖိုင်၏ ထိပ်ဆုံးတွင်တော့ ရွှေရောင် အဆင်းဖြင့် ရေးထားသည့် “အသက်” ဆိုသော သင်္ကေတ တစ်ခု ပါရှိ၏။ ထိုအခိုက်အတန့်၌ သုန်မှုန်နေသည်က ဝူပိုင်ကျိုး တစ်ယောက်တည်း မဟုတ်ပါချေ။

မိန်းကလေးက စာဖိုင်ကို ကြည့်လိုက်၏။ ထိုအရာက မဟာ သရုပ်ဖော် ပြပွဲ ဝင်ကြေးများ အပါအဝင် အရုဏ်ဦး နေမီးတောက် ဆေးလုံးမှ ရရှိလာသည့် အကျိုးအမြတ် တစ်စိတ်တစ်ပိုင်းများပင် ဖြစ်သည်။ ကြီးမားသည့် ခွဲတမ်း ရာခိုင်နှုန်းတစ်ခု မဟုတ်သည့်တိုင် ထိုပမာဏကပင်လျှင် အားလုံး၏ စိတ်နှလုံးကို ခြောက်ခြားစေရန် လုံလောက်နေခဲ့ပြီ ဖြစ်သည်။ အတန်ကြာ တိတ်ဆိတ် ငြိမ်သက်ပြီး နောက်မှ ဝူပိုင်ကျိုးမှာ တည်ငြိမ်မှုကို ပြန်လည် ရရှိလာကာ ဖြူရော်စွာ ပြုံးလိုက်၏။

“ဒါက တကယ် မဟုတ်နိုင်လောက်ဘူး မလား... အထူးသဖြင့် ဒီပမာဏကြီးက...”

အသက်လတ် မိန်းမကြီး တစ်ယောက်က လက်ခံရန် ခက်ခဲဟန်ဖြင့် ဆိုလိုက်၏။ အဆုံးမဲ့ ကောင်းကင်သို့ ရောက်ရှိခဲ့သည်မှာ ခြောက်နှစ်တိုင်တိုင် ကြာမြင့်ခဲ့ပြီ ဖြစ်လေရာ ဂဏန်းများ နောက်ရှိ လျှို့ဝှက် ကျောက်တုံး ဆိုသည့် စကားလုံးက မည်သည်ကို ဆိုလိုကြောင်း သူတို့ ကျွမ်းဝင်ပြီး ဖြစ်သည်။

ချင်းရိုင်မှာ စာဖိုင်ကို စိုက်ကြည့်ရင်း အမျိုးမျိုးသော အတွေးများဖြင့် ပြည့်နှက်နေ၏။ အဆုံးမဲ့ ဧကရာဇ်ဂိုဏ်းနှင့် ထာဝရဂြိုဟ် ယခုကဲ့သို့ အချိန်တို အတွင်း လျှင်မြန်စွာ ပြန်လည် ဖွံ့ဖြိုးလာခဲ့ခြင်းမှာ ဝေ့ဝူယင် ချန်ထားခဲ့သည့် လက်စွပ်ထဲမှ ရင်းမြစ်များကြောင့်ပင် ဖြစ်သည်။ သို့သော်လည်း ထိုရင်းမြစ်များမှာ အကန့်အသတ်ဖြင့် တည်ရှိနေလေရာ မကြာခင် ခမ်းခြောက်သွားတော့မည် ဖြစ်သည်။ ထိုအရာက အဆုံးမဲ့ ဧကရာဇ်ဂိုဏ်း၏ အနာဂတ် အတွက် ကြီးမားသော ခြိမ်းခြောက်မှုကြီး ဖြစ်သည်။

ထို့အပြင်... လက်ရှိ၌ အဆုံးမဲ့ ဧကရာဇ်ဂိုဏ်းမှာ ဖွံ့ဖြိုးတိုးတက်နေသည် ဆိုသည့်တိုင် အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေနှင့် ယှဥ်လျှင် အောက်ဆုံး အဆင့်တွင်သာ ရှိနေသေးဆဲ ဖြစ်သည်။ သူတို့ထဲမှ မည်သူကမှ အချိန်သခင် အဆင့်ကို မတက်လှမ်းနိုင်သေးရာ ကြေးအဆင့် အင်အားစု တစ်ခု ဟုပင် မဆိုနိုင်သေးချေ။ ဆိုလိုသည်က သူတို့တွင် ဖွံ့ဖြိုး တိုးတက်စရာ များစွာ ရှိနေသေးဆဲ ဖြစ်သည်။ ထိုကဲ့သို့ ဖွံ့ဖြိုး တိုးတက်ရန် အတွက် ရင်းမြစ် လိုအပ်ပေသည်။

ကံကောင်းထောက်မစွာပင် ယခုတွင်တော့ ဝေ့ဝူယင်ထံမှ အထောက်အပံ့များ ထပ်မံ ရောက်ရှိလာခဲ့ပြီ ဖြစ်လေသည်။ ထို့အပြင် ပမာဏက ရူးသွပ်လောက်ဖွယ်အောင် များပြားလွန်းလှသည်။

ချင်းရိုင်က ပင့်သက်တစ်ချက် ရှိုက်လိုက်ရင်း စာဖိုင်ထံမှ အကြည့်ကို လွှဲကာ ဝူပိုင်ကျိုးကို လှမ်းကြည့်လိုက်၏။

“မဟာ မင်းသမီး... အာရုဏ်ဦး အာဏာရှင် ဧကရာဇ်ရဲ့ ကျေးဇူးတွေက ကျွန်မတို့ဂိုဏ်း အပေါ်မှာ အရမ်းကို များလွန်းနေပြီ ဆိုပေမဲ့ လက်ရှိ အခြေအနေမျိုးနဲ့က ငြင်းဆိုဖို့ ကျွန်မတို့မှာ အခွင့်အရေး မရှိဘူး... ဒီတစ်ကြိမ်လည်း ကျွန်မတို့ အားမနာသင့်ဘူး ထင်တယ်”

လူတိုင်းက သဘောတူညီဟန်ဖြင့် ခေါင်းညိတ် လိုက်ကြ၏။ စာဖိုင်ထဲရှိ ပမာဏက သူတို့ အတွက် အလွန် များပြားလွန်းလှသည့်တိုင် အာရုဏ်ဦး အာဏာရှင် ဧကရာဇ် အတွက်တော့ များချင်မှ များပေလိမ့်မည်။ ထို့အပြင် ဘယ်လောက် ဘယ်ရွေ့ ရာခိုင်နှုန်း ဟု ရေးမထားသည့်တိုင် ရွှေရောင် အသက်နန်းတော် တမန်တော်၏ စကားအရ ဆိုလျှင်... ခွဲတမ်းကို လက်ခံ ရရှိသည်က သူတို့ချည်း မဟုတ်သေးချေ။ အရေအတွက်က အလွန်ကို များပြားလှပေသည်။

ဝူပိုင်ကျိုးက အသက်ကို ခပ်ဖြည်းဖြည်း ရှူသွင်းလိုက်၏။ ထို့နောက် သူမက ခေါင်းတစ်ချက် ညိတ်ကာ ချင်းရိုင်ကို လှမ်းကြည့်လိုက်သည်။

“မဟာ သူတော်စင်ချင်ရဲ့ စကားက မှန်ပါတယ်... ဒီရင်းမြစ်တွေနဲ့ ပတ်သက်ပြီး ဘယ်လို ခွဲဝေမလဲ ဆိုတာ ဆက်ပြီး တိုင်ပင်ကြတာပေါ့”

ဤသည်က ရွှေအဆင့် အင်အားစုများကိုပင် တိုက်ပွဲများ ဖြစ်ပေါ်စေနိုင်သည့် ငွေကြေး ပမာဏ ဖြစ်ပေသည်။ ထို့အပြင် ၎င်းတို့က ဂိုဏ်းအတွက် အလွန် အရေးပါလေရာ မည်သည့်အရာကိုမှ ပေါ့ပေါ့တန်တန် ဆုံးဖြတ်၍ မဖြစ်ပါချေ။ ၎င်းတို့ အားလုံးကို ထာဝရဂြိုဟ်နှင့် ဂိုဏ်းအရေး အတွက် အလေအလွင့် တစ်စက်မျှ မရှိပဲ အပြည့်အဝ အသုံးချဖို့ လိုအပ်ပေသည်။

နောက်ထပ် နှစ်ပတ်တိုင်အောင် မည်သည့် အဖွဲ့ဝင်မှ ခန်းမထဲမှ ထွက်ခွာသွားခဲ့ခြင်း မရှိပါချေ။

All Chapters