သာလွန်ခြင်း အဆင့် ဆေးကိုးလုံး
Vol. 51 Ch. 705
အဆုံးမဲ့ ဧကရာဇ်ဂိုဏ်း နည်းတူပင် အခြားအင်အား အချို့မှာလည်း အာရုဏ်ဦး နေမီးတောက် ဆေးလုံး၏ အကျိုးအမြတ် တစ်စိတ်တစ်ပိုင်းကို လက်ခံ ရရှိခဲ့ကာ မယုံကြည်နိုင်သည့် တုန့်ပြန်မှုများကို ဖြစ်ပေါ် စေခဲ့သည်။ အထူးသဖြင့် အယ်ဗန် ဘေးမဲ့နယ်မြေရှိ အယ်ဗန် မျိုးနွယ်ဝင်များပင်။
အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးတွင် ဝေဝူယင်မှာ တိုက်ခိုက်ရေး စွမ်းရည်ဖြင့် တော်ဝင် သားတော် အဖြစ် အလွန်အမင်း ကျော်ကြားခဲ့သည့်တိုင် သူ့နာမည် အစစ်နှင့် အဂ္ဂိရတ် စွမ်းရည်တို့ကိုတော့ သိသူ အလွန် ရှားပါးခဲ့ပေသည်။ ကုန်ကုန် ပြောရပါက အိယင်နှင့် အိကျူးလင်တို့ပင် သူ့အကြောင်း အကုန် မသိပါချေ။
သို့သော်လည်း ဖြစ်ကြောင်းကုန်စင်ကို ရွှေရောင် အသက်နန်းတော်ထံမှ ကြားသိရသော အခါတွင်တော့ အကုန်လုံးမှာ မယုံကြည်နိုင်အောင်ပင် ဖြစ်သွားကြရသည်။ သူတို့၏ တော်ဝင်သားတော်က ကြီးကျယ် ခမ်းနားသည့် သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက်ပါ ဖြစ်နေခဲ့သည်လား။
ပထမ၌ အနည်းငယ် တွန့်ဆုတ် နေခဲ့သေးသော်လည်း အယ်ဗန် ဘေးမဲ့ နယ်မြေထံ ရင်းမြစ်များ ပို့ဆောင် ပေးသူက တော်ဝင် သားတော် ဖြစ်ကြောင်း သိရှိခဲ့ရသော အခါတွင်တော့ မျိုးနွယ်စု ခေါင်းဆောင်များမှာ ဝမ်းသာအားရပင် ရင်းမြစ်များကို လက်ခံ ခဲ့တော့သည်။ ထိုကဲ့သို့ ရေငတ်တုန်း ရေတွင်းထဲကျသလို ရရှိလာသည့် ရင်းမြစ်များကြောင့် အယ်ဗန် ဘေးမဲ့ နယ်မြေ တစ်ခုလုံး ပွက်ပွက်ဆူ နေခဲ့ချိန်တွင် အရေးကြီးသည့် တစ်စုံတစ်ယောက်ကတော့ ပျောက်ရှ နေခဲ့ပေသည်။
ချင်ချူးမူပင်...။
သူမ မည်သည့် နေရာသို့ ရောက်ရှိနေသနည်း။ ထိုမေးခွန်းက ပဟေဠိ တစ်ခု အနေဖြင့် ရှိနေဆဲပင်။
...
ကြယ်ကိုးပွင့် ကြယ်တာရာနယ် အတွင်းရှိ အမှောင် ဟင်းလင်းပြင် တစ်နေရာ၌ ဝေ့ဝူယင်၏ ရှေးဟောင်း ဟင်းလင်းပြင် သင်္ဘောမှာ ဆေဘာဓား ဝင်္ကပါ တစ်ခုကို ဝန်းရံလျှက် ကြိုတင် သတ်မှတ်ထားသည့် လမ်းကြောင်း အတိုင်း ရွက်လွှင့်နေဆဲ ဖြစ်ပေသည်။ ထိုသင်္ဘော၏ အတွင်းတွင်တော့ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ တစ်ခုလုံး လိုက်လံ ရှာဖွေနေသည့် ပုံရိပ်တစ်ခု ရှိနေခဲ့ပေသည်။
လေလောဆယ်၌ ထိုပုံရိပ်မှာ ဟင်းလင်းပြင် သင်္ဘော အတွင်းရှိ ချိပ်ပိတ် အခန်း တစ်ခုအတွင်းတွင် တင်ပျဥ်ချိတ် ထိုင်နေခဲ့ကာ အဂ္ဂိရတ် မြူနှင်းများက သူ့ခန္ဓာကိုယ် ပတ်လည်တွင် ဝန်းရံလျှက် ရှိနေသည်။ ၎င်းတို့မှာ ဝင်္ကပါကြောင့် သေးငယ်သော ဧရိယာ အတွင်းတွင်သာ ကန့်သတ်ခံထားရရာ အလွန်အမင် ထူထပ်၍ အရည်အသွင်ပင် ဖြစ်တည်နေ၏။
ထိုအခိုက်၌ ဝေ့ဝူယင်မှာ ချွေးဒီးဒီး ကျသည် အထိ အလုပ်ကို အာရုံစိုက်နေကာ သူ့နံဘေးတွင်တော့ ပိုင်လင် ရှိနေခဲ့ပေသည်။ ပိုင်လင်၏ ရွှေရောင် မျက်လုံးများမှာ မှော်ဆေးအိုးကို စိုက်ကြည့်နေကာ မကြာခဏဆိုသလို မီးတောက်များကို အိုးအတွင်းသို့ မှုတ်ထည့်နေ၏။ အဂ္ဂိရတ် တာအို အကြောင်း နားကန်း တစ်လုံးမှ မသိသည့်တိုင် ဝေ့ဝူယင် စူးစူးစိုက်စိုက် အလုပ်လုပ်နေသည်ကို ကြည့်ရင်း သူမ ကိုယ်တိုင် ထိုလမ်းစဥ်ကို နှလုံးသားထဲ၌ အတော်လေး စွဲလမ်း နေခဲ့ပြီ ဖြစ်သည်။
ဆေးဖော်စပ်သည့် ဖြစ်စဥ် တစ်ခုလုံး၌ သူမ၏ အခန်း ကဏ္ဍက ပမွှားမျှသာ ဖြစ်သည့်တိုင် လိုအပ်သည့် အခါတိုင်း ၁၁၀ ရာခိုင်နှုန်းသော အားစိုက်မှုကို သူမ ထုတ်သုံးပေးသည်။
ဆေးလုံး ဖော်စပ်မှု လေးမိနစ်ခန့်မျှ ကြာမြင့်ပြီးနောက် အစီအရင် တစ်ခုလုံးက စတင် ပြောင်းလဲလာကာ တည်ငြိမ်သော အသွင်ကူးပြောင်းမှု ဖြစ်စဥ်ကို ရောက်ရှိသွားသည်။ ပိုင်လင်က အနည်းငယ် နောက်သို့ ဆုတ်လိုက်ကာ ဝေ့ဝူယင်ကတော့ လက်ဟန် ချိပ်တံဆိပ် အချို့ကို ဖော်ဆောင်လိုက်၏။ ထို့နောက် သူက အဂ္ဂိရတ် အင်အားများကို မှော်ဆေးအိုး အတွင်း သွန်းလောင်း လိုက်သည်။ တစ်ခဏ အတွင်းမှာပင် ပင်လယ် သမုဒ္ဒရာများကို ဖြည့်နိုင်လောက်အောင် များပြားလှသည့် အဂ္ဂိရတ် အင်အားများမှာ မှော်ဆေးအိုး အတွင်း စီးဝင် သွားခဲ့ပြီ ဖြစ်၏။
“ဟ...”
ဝေ့ဝူယင်က လက်ဟန်ကို ပြောင်းလိုက်ရင်း လက်နှစ်ဖက်ကို လက်ဝိုင်း ပုံသဏ္ဌာန် စုလိုက်၏။ ခပ်ဖျော့ဖျော့ ပေါက်ကွဲသံ တစ်ခုက ဆေးအိုး အတွင်းမှ ပေါ်ထွက်လာကာ အခန်း တစ်ခုလုံး တုန်ရီသွားသည်။ ဝေ့ဝူယင်က ပင့်သက် တစ်ချက် ရှိုက်လိုက်ကာ အားရစွာ ပြုံးလိုက်၏။
ထို့နောက် သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ အဇူရာရောင် နေကြယ်များ ကဲ့သို့ ဆေးလုံး ကိုးခုမှာ ထွက်ပေါ်လာ၏။ ၎င်းတို့ တစ်ခုချင်းစီတွင် သာလွန်ခြင်း အဆင့် ခါးပတ်ကွင်း တစ်ခုစီ ပါရှိပေသည်။ ဆေးလုံး တစ်ခုချင်းစီ၏ အော်ရာမှာ အလွန်ပင် ပြင်းထန်လှကာ သေမျိုးနှင့် လျှို့ဝှက် တာအို နှစ်ခုစလုံးကို ထိစပ်နေသည်။ ဝေ့ဝူယင် ဆေးလုံးများကို ကြည့်ရင်း အားရပါးရပင် ရယ်မောလိုက်မိ၏။
သူ လုပ်နိုင်ခဲ့ပြီ ဖြစ်သည်။
ထိုဆေးလုံး ဖော်စပ်မှု အတွက် သူ လောကကိုးပါး နည်းလမ်းကို အသုံးပြုခဲ့ကာ လျှို့ဝှက် အဆင့် ရတနာများကိုပင် ထည့်သွင်း အသုံးပြုခဲ့သည်။ လောကကိုးပါး ဆေးဖော်စပ်ခြင်း နည်းလမ်းမှာ အဂ္ဂိရတ် တာအိုတွင် အလွန် ခက်ခဲသည့် နည်းစနစ် တစ်ခု ဖြစ်ကာ ဖော်စပ်သူမှာ လုပ်ငန်းစဥ် ကိုးခုလုံးကို တစ်ပြိုင်နက်တည်း ဆောင်ရွက်ရခြင်းမျိုး ဖြစ်သည်။
ဆိုလိုသည်က တစ်ကြိမ် ဖော်စပ် အောင်မြင်သည်နှင့် ဖော်စပ်သူမှာ ထုတ်ကုန် ကိုးခုကို တစ်ပြိုင်နက်တည်း ရရှိလိမ့်မည် ဖြစ်သည်။ ထုတ်ကုန် သုံးဆယ့် သုံးခုကို တစ်ပြိုက်နက်တည်း ဖော်စပ်နိုင်သည့် ကောင်းကင် သုံးဆယ့်သုံးပါး နည်းလမ်းမှာ ထိုနည်းလမ်းကို မြှင့်တင်ထားသည့် နည်းစနစ် တစ်ခုသာ ဖြစ်သည်။
ဤသည်က သာလွန်ခြင်း အဆင့် အရည်အသွေး ရှိသည့် အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန်
ဤဖြစ်စဥ်မှာ မယုံကြည်နိုင်လောက်အောင် များပြားလှသည့် စွမ်းအင် ပမာဏများကို ကုန်ခမ်း စေခဲ့သည်။ ထို့အပြင် အလွန် အန္တရာယ်လည်း များလွန်းလှသည်။ ဝေ့ဝူယင်မှာ တာရာ လျှို့ဝှက် သတ္တုရိုင်း အနည်းငယ်ကိုသာ သယ်ဆောင် လာနိုင်လေရာ သာလွန်ခြင်း အဆင့် အရည်အသွေး ရှိသည့် ထုတ်ကုန်များ ဖော်စပ်ဖို့ အတွက် အဟန့်အတားလို ဖြစ်နေပေသည်။ ကျဆုံးမှု တစ်ခုချင်းစီတိုင်းက ဖြစ်နိုင်ချေ ရှိသည့် ထုတ်ကုန်များ ဖြစ်သည်။ အကယ်၍ ဖော်စပ်မှု မအောင်မြင်ပါက ဝူယုထံသို့ ပြန်လျှင်ပြန် မပြန်လျှင် လျှို့ဝှက် တာရာ သတ္တုရိုင်းကို အခြား တစ်နေရာမှ ရှာရလိမ့်မည် ဖြစ်သည်။
သူ့ အရှေ့ရှိ လေထုထဲတွင် ဖြည်းညင်းစွာ လွင့်မြောနေသည့် ဆေးကိုးလုံးကို ကြည့်ရင်း ဝေ့ဝူယင်မှာ အလွန်ပင် ပျော်ရွှင်နေခဲ့၏။ ဤသည်က အဂ္ဂိရတ် ပညာရှင် တစ်ဦး အနေဖြင့် သူ၏ တာအိုကို တစ်ဆင့် မြှင့်လိုက်နိုင်ခြင်းလည်း ဖြစ်သည်။
အနန္တ ကုန်းမြေတိုက်ကြီးရှိ ဧဒင်လောကဂိုဏ်းတွင် နေထိုင်စဥ် အခါက... လောကကိုးပါး ဖော်စပ်ခြင်း နည်းလမ်းကို မသုံးနိုင်မချင်း တရားဝင် အဂ္ဂိရတ် ပညာရှင်ဟု မခေါ်ဆိုထိုက်ကြောင်း သူ၏ ဆရာ ဖြစ်သူက သင်ကြား ပေးခဲ့ဖူးသည်။
ကျင့်ကြံခြင်း လူမှု အသိုက်အဝန်း အများစုတွင် ထိုအယူအဆက ရယ်စရာ တစ်ခုသာသာ ဖြစ်သော်လည်း ဝေ့ဝူယင်ကတော့ အမြဲတမ်း နှလုံးသားထဲတွင် သိမ်းဆည်းကာ စံတစ်ရပ် အဖြစ် သတ်မှတ် ကိုးကွယ်ခဲ့သည်။ ယခု၌... သူ ထိုနည်းလမ်းဖြင့် အဆင့်ကိုး အဆင့်မြင့်၊ သာလွန်ခြင်း အရည်အသွေးရှိသည့် ဆေးကိုးလုံးကို ဖော်စပ်နိုင်ခဲ့ပြီ ဖြစ်လေရာ သေမျိုး အဂ္ဂိရတ် တာအိုတွင် အထွတ်အထိပ်ကို ရောက်ရှိသွားပြီဟု ဆိုနိုင်ပေသည်။ ကြည်နူးခြင်းလှိုင်း တစ်ခုက သူ၏ စိတ်ကို ဖြတ်သန်း၍ ပျံ့နှံ့လာကာ နှလုံးသားနှင့် ဝိညာဥ်တို့ကိုပါ အေးချမ်း သွားစေခဲ့၏။
ပိုင်လင်က လည်တိုင်ရှည်ကြီးဖြင့် ဝေ့ဝူယင်ကို တိုးဝှေ့လိုက်၏။ ဝေ့ဝူယင်က အလိုက်တသိပင် သူမ၏ ခေါင်းကို ညင်ညင်စွာ ပြန်လည် ပွတ်သပ်ပေးလိုက်သည်။
“တော်တယ်... ပိုင်လင်...”
သူ ပြုံးရင်း ချီးကျူးလိုက်၏။ ပိုင်လင်မှာ အလွန်ပင် အလုပ်ကြိုးစားခဲ့ရာ ဂုဏ်ပြုချီးကျူးဖို့ ထိုက်တန်ပေသည်။ အကယ်၍ သူမသာ မပါခဲ့လျှင် သူ သာလွန်ခြင်း အဆင့် အရည်အသွေး ရှိသည့် ထုတ်ကုန်များ ဖော်စပ် နိုင်ခဲ့လိမ့်မည် မဟုတ်ချေ။
စက္ကန့်အနည်းငယ် ကြာအောင် စိတ်ကို တည်ငြိမ်အောင် ပြန်လည် အားထုတ်လိုက်ပြီးနောက် ဝေ့ဝူယင် အဆင့်ကိုး အဆင့်မြင့်၊ သာလွန်ခြင်း အဆင့် အရည်အသွေး ရှိသည့် လောကရေလွှမ်းခြင်း အဆင့်ဆေးလုံး ကိုးလုံးကို ကြည့်လိုက်၏။ ၎င်းက အခြေခံ မြှင့်တင်ခြင်း ထုတ်ကုန်များ ဖြစ်သည့် ကြယ်တာရာ ပင်လယ်ဆေး၊ ကြယ်တာရာ သမုဒ္ဒရာဆေးများ၏ အဆင့်မြင့် ဗားရှင်း တစ်ခုလည်း ဖြစ်သည်။ လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုခန့် အတွင်းတွင် လောကပင်လယ်နှင့် ကြယ်တာရာ အင်အားတို့၏ အရေအတွက်နှင့် အရည်အသွေးကို တိုးချဲ့ရန် ဝေ့ဝူယင် ထိုဆေးလုံးများကို မကြာခဏ ဆိုသလို အသုံးပြုလေ့ ရှိသည်။
“သာလွန်ခြင်း အဆင့် အရည်အသွေးနဲ့ဆို မင်းက ဘယ်လောက်အထိ အံ့အားသင့်စရာ ကောင်းမလဲ ကြည့်လိုက်ရသေးတာပေါ့”
ဝေ့ဝူယင်က ခပ်တိုးတိုး ရေရွတ်လိုက်ရင်း ဆေးလုံးတစ်လုံးကို ဖမ်းဆုပ်လိုက်တော့၏။ ကျင့်ကြံခြင်း လောက၌ အဂ္ဂိရတ် တာအိုကို သေမျိုး၊ လျှို့ဝှက်နှင့် မသေမျိုး အဆင့် ဟူ၍ သုံးမျိုး သုံးစား ခွဲခြားထားကာ တစ်ခုချင်းစီကို အဆင့်နိမ့်၊ အဆင့်မြင့်နှင့် အထွတ်အထိပ် အဆင့်ဟူ၍ ထပ်မံ ပိုင်းခြားထားသည်။ သို့သော်လည်း အဂ္ဂိရတ် တာအိုတွင် အရေးအကြီးဆုံးက အဆင့်ခွဲခြားမှု မဟုတ်ပဲ ရရှိလာသည့် ထုတ်ကုန်၏ အရည်အသွေးပင် ဖြစ်သည်။
ကျင့်ကြံခြင်း လောက၌ မကြာခဏဆိုသလို အဂ္ဂိရတ် ထုတ်ကုန်များ၏ အရည်အသွေးကို လျစ်လျူကာ အဆင့်နိမ့် အရည်အသွေးလောက်ဖြင့် ကျေနပ်ကြသည့်တိုင် ၎င်းမှာ ထုတ်ကုန် တစ်ခု၏ အကန့်အသတ်နှင့် အလားအလာကို ကိုယ်စားပြုနေဆဲ ဖြစ်ပေသည်။
အရည်အသွေး အဆင့် ငါးခု အနက် မသန့်စင်ခြင်း အဆင့်၌ ရှိနေသည့် ထုတ်ကုန်များမှာ အာနိသင်ကို အနည်းဆုံး ရာခိုင်နှုန်းသာ ထောက်ပံ့ပေးနိုင်ကာ စိတ်၊ ရုပ်နှင့် ဝိညာဥ်တို့ထံကိုပင် အဆိပ်အတောက်များ သယ်ဆောင်ပေးလာနိုင်စွမ်း ရှိသည်။ ကျင့်ကြံသူများ ခံစားရသည့် ရောဂါနှင့် ဖျားနာမှု အများစုက ထိုမသန့်စင်သည့် ထုတ်ကုန်များကို စားသုံးခြင်းကြောင့်ဟုပင် ဆိုနိုင်ပေသည်။ ၎င်းတို့က ကျင့်ကြံသူ တစ်ယောက်၏ သက်တမ်းနှင့် ကြံ့ခိုင်မှုကို များစွာ သက်ရောက် စေနိုင်စွမ်း ရှိ၏။ မည်သို့ပင် ဆိုစေကာမူ... ၎င်းမှာ အဂ္ဂိရတ် ပညာရှင် အများစု ဖော်စပ် ရရှိသည့် ထုတ်ကုန် ဖြစ်နေဆဲ ဖြစ်သည်။
အရည်အသွေးနိမ့် ထုတ်ကုန်များကတော့ မသန့်စင်မှု အခြေအနေမှာ တစ်ရာ ရာခိုင်နှုန်း ကင်းလွတ်သည့် ထုတ်ကုန်များဟု ဆိုနိုင်ပေသည်။ အာနိသင်နှင့် သက်ရောက်မှုတို့တွင် အကန့်အသတ် များစွာ ရှိနေသေးဆဲ ဖြစ်သည့်တိုင် ၎င်းတို့မှာ ဘေးထွက်ဆိုးကျိုး မရှိလှရာ လူအများက ကျေကျေနပ်နပ်ပင် လက်ခံ သုံးစွဲ ကြသည်။
နောက်ထပ် တစ်ဆင့်ကတော့ အရည်အသွေးမြင့် ထုတ်ကုန်များပင် ဖြစ်သည်။ တစ်နည်းအားဖြင့် ၎င်းတို့ကို အဂ္ဂိရတ် ပညာရှင်များ၏ တိုင်းတာမှု မြင့်မားသည့် အောင်မြင်မှုများဟု ရည်ညွှန်းကြသည်။ အရည်အသွေးနိမ့် ထုတ်ကုန်များနှင့် မတူညီစွာပင် ၎င်းတို့မှာ ဒုတိယမြောက် အကျိုးသက်ရောက်မှုကို တစ်စိတ်တစ်ပိုင်း ပံ့ပိုးပေးနိုင်စွမ်း ရှိသည်။ ဥပမာအားဖြင့်... အရည်အသွေးနိမ့် သွေးတိတ်ဆေး တစ်လုံးမှာ သွေးတိတ်အောင် စွမ်းဆောင် ပေးနိုင်သည် ဆိုလျှင် အရည်အသွေးမြင့် သွေးတိတ်ဆေးကတော့ ဒဏ်ရာအကျက် မြန်အောင်ပါ ပံ့ပိုး ပေးနိုင်စွမ်း ရှိသည်။
အထွတ်အထိပ် အဆင့် အရည်အသွေး ရှိသည့် ဆေးလုံးများကတော့ မူလ အကျိုးသက်ရောက်မှုနှင့် ဒုတိယမြောက် အကျိုးသက်ရောက်မှုတို့ကို အချိုးညီညီ ပံ့ပိုးပေးနိုင်စွမ်း ရှိသည့် ထုတ်ကုန်များ ဖြစ်သည်။ တစ်ခါတစ်ရံ၌ ၎င်းတို့မှာ တတိယမြောက် အကျိုးသက်ရောက်မှုကိုပင် ပံ့ပိုးပေးနိုင်ကြသည်။ ထိုတတိယမြောက် အကျိုးသက်ရောက်မှုများမှာ မကြာခဏ ဆိုသလို လျှို့ဝှက် ဆန်းကြယ်ကာ ကောင်းကင်ကို ဆန့်ကျင်နိုင်သည့် အရာများ ဖြစ်နေတတ်သည်။ အထင်ရှားဆုံးက ထာဝရ ခြေချခြင်း ဆေးလုံး၏ အကျိုးသက်ရောက်မှုပင် ဖြစ်သည်။ ၎င်းက ကြယ်တာရာ ကပ်ဘေးကို ကျော်လွန်အောင် ကူညီနိုင်စွမ်း ရှိသည့် အပြင် ကျင့်ကြံသူကိုပါ သေမျိုး မိုးကုပ်စက်ဝိုင်း အဆင့်ကို အောင်အောင်မြင်မြင် တန်း၍ ခြေချနိုင်အောင် ထောက်ပံ့ပေးနိုင်ပေသည်။
နောက်ဆုံး အဆင့် အရည်အသွေး ဖြစ်သည့် သာလွန်ခြင်း အဆင့်ကတော့ ဖော်ပြရ၊ တိုင်းတာရ အခက်ခဲဆုံးပင် ဖြစ်သည်။ ၎င်းက ပုံမှန် စံသတ်မှတ်ချက်များ၏ အပြင်ဘက်တွင် ရှိနေလေရာ ရှေးဟောင်း မှတ်တမ်းများထဲတွင် ၎င်း၏ အကျိုး သက်ရောက်မှုများကို ရှာတွေ့ဖို့ ခက်ခဲလွန်းလှသည်။ ဝေ့ဝူယင် သိထားသည့် တစ်ခုတည်းသော အရာက သာလွန်ခြင်း အရည်အသွေး ရှိသည့် သေမျိုးအဆင့် ထုတ်ကုန် တစ်ခုမှာ လျှို့ဝှက် စွမ်းအင်များနှင့်ပင် ဆက်သွယ်နိုင်သည် ဆိုခြင်းပင်။
အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးတွင် ရှိခဲ့စဥ်က ဝေ့ဝူယင်မှာ လောကအလင်း ဆေးရည်ကို အသုံးပြုကာ အလင်း အားလုံး၏ မူလကို နားလည်ခဲ့သည်။ အလင်းနှင့် ပတ်သက်သည့် သူ၏ နားလည်မှု အားလုံး နီးပါးက အသစ် တစ်ဖန် ပြန်လည် စတင်ခဲ့သည်။ ဩအစစ်အမှန် အလင်း ဆိုသည် နေကြယ်များ၏ မူလ အလင်း မဟုတ်သလို ကောင်းကင်တာအိုမှ ထုတ်လွှတ်သည့် အလင်းလည်း မဟုတ်ချေ။ မိမိ ဝိညာဥ်ထဲတွင် ရှိနေသည် အလင်းကိုသာ ဆိုလိုခြင်း ဖြစ်ပေသည်။
သို့တိုင်အောင် လောကအလင်း ဆေးရည်မှာ အဆင့်ရှစ် ထုတ်ကုန် တစ်ခုမျှသာ ဖြစ်ကာ ဤလောကရေလွှမ်းခြင်း ထုတ်ကုန်ကတော့ အဆင့်ကိုး အဆင့်မြင့် ထုတ်ကုန် ဖြစ်သည်။ ၎င်းတွင် မည်သည့် အကျိုးသက်ရောက်မှုများ ရှိလိမ့်မည်ကို ဝေ့ဝူယင် ပင်လျှင် မခန့်မှန်းနိုင်ချေ။ အကယ်၍ ကောင်းကင်ဘုံ နတ်မျက်လုံး၊ ဝိညာဥ်အာရုံတို့ဖြင့် လျှို့ဝှက်တာအိုကို အာရုံခံနိုင်ခဲ့လျှင်ပင် အခြေအနေက ထိုမျှ ခက်ခဲလိမ့်မည် မဟုတ်ချေ။ မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို သူ သိရှိခန့်မှန်းနိုင်လိမ့်မည် ဖြစ်သည်။
ထို့အပြင်... ကြယ်တာရာ ဝိညာဥ်များကို ပြင်ပသို့ ခွဲထွက်ခြင်း နည်းလမ်းအား အသုံးပြုစေ၍ ထိုထုတ်ကုန်များအား သန့်စင်ရန် ဝေ့ဝူယင် ခွင့်မပြုနိုင်ချေ။ ထို ထိုကဲ့သို့ မလုပ်ရဲချေ။ လောကအလင်း ဆေးရည်က သူ့အား သင်ခန်းစာ ကြီးကြီး သင်ကြားပေးခဲ့ပြီး ဖြစ်သည်။ ၎င်းက အချိန်မရွေး အသက်နှင့် ရင်းရနိုင်သည့် စမ်းသပ်မှု တစ်ခု ဖြစ်ပေသည်။