လျှို့ဝှက် ရည်ရွယ်ချက် မျိုးစေ့
Vol. 51 Ch. 707
“ကျုပ်တို့ ကြိုးစားကြည့်ပြီးပြီ...”
ဧဒင်က အဖြေပေးလိုက်၏။ အခြား ကြယ်တာရာ ဝိညာဥ်များကတော့ ငြိမ်သက်နေသည်။ သူတို့၏ အမူအရာများက အနည်းငယ် မှုန်ကုပ်ကုပ် ဖြစ်နေ၏။ ဝေ့ဝူယင်မှာ အနည်းငယ် အံ့သြသွားသည်။ သူတို့က ကြိုးစားပြီး ကျရှုံးခဲ့သည်လား။ ဝေ့ဝူယင် ထိုသင်္ကေတများကို နောက်တစ်ကြိမ် သေသေချာချာ ထပ်စစ်ဆေး လိုက်သည်။ သူတို့၏ လောကပင်လယ် တစ်ခုချင်းစီ၌ စုစုပေါင်း သင်္ကေတ ခြောက်ခုစီ ရှိ၏။ တစ်ခုချင်းစီက ပုံပန်း သဏ္ဌာန်အားဖြင့် ကွာခြားလှသော်လည်း အရွယ်အစားကတော့ အတူတူပင် ဖြစ်သည်။
“သူတို့က ထူးဆန်းတဲ့ တုန်ခါမှုတွေ ထုတ်ပေးနေတယ်... နည်းနည်း ကြောက်ဖို့ ကောင်းတယ်...”
အိုရီက ဆိုလိုက်၏။ သို့သော်လည်း သူ၏ အသံက ကြောက်ရွံ့မှု အငွေ့အသက်တို့ဖြင့် ပြည့်နှက်နေခြင်း မရှိပဲ စိတ်ဝင်စားမှု၊ စူးစမ်းလိုမှုတို့နှင့်သာ ပြည့်နှက်နေသည်။
“ထူးဆန်းတဲ့ တုန်ခါမှုတွေ...”
ဝေ့ဝူယင် အနည်းငယ် မျက်မှောင်ကြုတ် လိုက်၏။ တစ်ခဏမျှ စဥ်းစားလိုက်ပြီးနောက် သူက စိတ်မျက်လုံးကို အသိစိတ် ပင်လယ်နှင့် နှလုံးစားတို့ထံ ပို့လွှတ်လိုက်သည်။
“ဧဒင်နဲ့ ခရာတို... အဲဒီ တုန်ခါမှုက မင်းတို့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်း စွမ်းအင်တွေ အပေါ် တစ်ခုခု သက်ရောက်တာမျိုး ခံစားရလား”
“ခံစားရတယ်... ကျုပ် ပိုပြီး အစွမ်းထက်လာသလိုပဲ...”
ခရာတိုက ချက်ချင်းပင် ဖြေလိုက်သည်။ ထိုတုန်ခါမှုများက ထူးဆန်းစွာပင် သူ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်များကို တိုးမြှင့်ပေးနေကာ ခွန်အား၏ အကန့်အသတ်ကို ဘောင်ကျယ်လာစေ၏။
"ကျုပ်လည်း အတူတူပဲ...”
ဧဒင်ကလည်း ဖြေလိုက်သည်။ အသိစိတ် ပင်လယ်နှင့် စွမ်းအင်များမှာ တူညီစွာပင် သက်ရောက်ခံရကာ ထူးဆန်းသည့် တိုးတက်မှုမျိုးနှင့် ကြုံတွေ့နေရသည်။ ထိုအရာက ပုံမှန် ကြယ်တာရာ လောကရေလွှမ်းခြင်း ဆေးလုံး စားပြီးသည့်နောက် ဖြစ်ပေါ်လာတတ်သည့် သက်ရောက်မှုနှင့် မတူညီချေ။
ဝေ့ဝူယင်က ခေါင်းညိတ်လိုက်၏။
“ပိုပြီး သေချာအောင် ဝူယုကို မေးရမယ်... ဒါပေမဲ့ ငါ့အထင်အရ ဆိုရင် အဲဒီလျှို့ဝှက် သင်္ကေတတွေက လျှို့ဝှက် ရည်ရွယ်ချက်နဲ့ တစ်နည်းတစ်ဖုံ ဆက်စပ် နေလိမ့်မယ်”
“ဟုတ်ပါ့မလား...”
ခရာတိုက သံသယဖြင့် မေးလိုက်၏။ လျှို့ဝှက် ရည်ရွယ်ချက်မှာ သေမျိုးတာအို၏ အကန့်အသတ်ကို ရောက်ရှိနေသည့် ကြယ်တာရာ သခင်များသာ ထိတွေ့နိုင်သည့် အရာ ဖြစ်သည်။ ယခု၌ သူတို့က လောကသခင် အဆင့်ကိုပင် မရောက်သေးချေ။
“နေဦး...”
ရုတ်တရက် ဧဒင်၏ အမြစ်များမှာ တစ်စုံတစ်ရာကို နားလည် သဘောပေါက်သွားဟန်ဖြင့် တုန်ရီသွား၏။
“လျှို့ဝှက် ရည်ရွယ်ချက် မျိုးစေ့များလား...”
“မျိုးစေ့...”
ဝေ့ဝူယင်က တစ်ခဏမျှ စဥ်းစားလိုက်ပြီးနောက် ခေါင်းညိတ် လိုက်သည်။
“လျှို့ဝှက် ရည်ရွယ်ချက်က ဘယ်နေရာမှာ ဘယ်လို ဖွဲ့စည်းလာသလဲ ဆိုတာ ငါ အမြဲတမ်း အံ့သြနေမိတာ... ပုံမှန် ရည်ရွယ်ချက်တွေလိုပဲ အသိစိတ် ပင်လယ်ထဲမှာလား ဒါမှမဟုတ် အခြား တစ်နေရာရာမှာလားပေါ့... အခု ကြည့်ရတာတော့ အဲဒါက လောကပင်လယ်ထဲမှာ ဖြစ်တည်တဲ့ ပုံပဲ... ကျင့်ကြံခြင်း ရှုဒေါင့် အရ ကြည့်ရရင်တော့ အဓိပ္ပာယ် ရှိတယ်”
“လက်ရှိ ငါတို့ သိထားသလောက် ဆိုရင် ရည်ရွယ်ချက်က ပုံစံ သုံးမျိုးနဲ့ ဖြစ်တည်နိုင်တယ်... မျိုးစေ့၊ နိုးထခြင်းနဲ့ လောကနှလုံးသားတို့ပဲ... ဆိုတော့ကာ သာလွန်ခြင်း အဆင့် လောကရေလွှမ်းခြင်းရဲ့ အကျိုးသက်ရောက်မှုက ကြယ်တာရာ အမြုတေကို ချဲ့ထွင်ပေးရုံတင် မဟုတ်ပဲ လျှို့ဝှက် အမတေနဲ့ စွမ်းအင်တို့ကို စုစည်းပြီး လျှို့ဝှက် ရည်ရွယ်ချက် အတွက် မျိုးစေ့ တစ်ခုကို ပျိုးထောင်ပေးတာပေါ့”
ဝေ့ဝူယင်က မှတ်ချက် ချလိုက်၏။ သို့သော်လည်း ထိုသီအိုရီတွင် အမှားအယွင်းများ ရှိနေနိုင်သေးကြောင်း သူ နှလုံးသွင်းထားပြီး ဖြစ်သည်။
မည်သို့ပင် ဆိုစေ... ထိုလျှို့ဝှက် သင်္ကေတများက သာလွန်ခြင်း အဆင့် လောကရေလွှမ်းခြင်း ဆေးလုံး၏ သဘာဝလွန် အကျိုးသက်ရောက်မှု ဖြစ်သည်ကတော့ အချက်အလက် တစ်ခုပင် ဖြစ်သည်။ တစ်ချိန်တည်း၌... ထိုလျှို့ဝှက် ရည်ရွယ်ချက် အငွေ့အသက်များမှာ သူ့ခွန်အားကို တစ်နည်းတစ်ဖုံဖြင့် လွှမ်းမိုးကာ ပိုမို အစွမ်းထက်လာစေသည်။
“အဲဒီ သင်္ကေတတွေက လျှို့ဝှက် ရည်ရွယ်ချက်ပဲ ထားပါတော့... ဘာလို့ မတူကွဲပြားတဲ့ ခြောက်ခုတောင် ရှိနေတာလဲ”
ရုတ်တရက် ဘုရင်က မေးလိုက်၏။ ဝေ့ဝူယင်၊ ဧဒင်၊ အိုရီနှင့် ခရာတိုတို့မှာ အံ့အားသင့် သွားကြကာ ထိုဆေဘာ ဝိညာဥ်ကို ကြည့်လိုက်မိကြသည်။ ဘုရင်မှာ စကားပြောခဲလေရာ သူ စကားပြောတတ်တာကိုပင် အားလုံး မေ့လုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူ့အနေဖြင့် ယခုထက် ပိုမို၍ ပြောသင့်ပေသည်။
သို့သော်လည်း... လက်ရှိ အချိန်၌ ဘုရင် စကားပြောခြင်း မပြောခြင်းထက် ပိုမို၍ အရေးကြီးသည့် အရာက သူ့မေးခွန်း ဖြစ်သည်။ ဝေ့ဝူယင် မျက်မှောင်ကြုတ် လိုက်မိ၏။ အဘယ်ကြောင့် ခြောက်ခု ဖြစ်နေရသနည်း။
သူ၏ ကြယ်တာရာ ဝိညာဥ်များမှာ မတူကွဲပြားသော ကျင့်ကြံခြင်း လမ်းကြောင်းများကို လျှောက်လှမ်း နေကြကာ ကွဲပြားသည့် ကိုယ်ပိုင် ရည်ရွယ်ချက်များကို ပိုင်ဆိုင်ထားကြသည်။ ဥပမာ အားဖြင့် ဆိုလျှင် အိုရီမှာ အဆင့်မြင့် ဒြပ်စင် ရည်ရွယ်ချက် ကိုးခုကို နားလည်ထားသည့် အပြင် ၎င်းတို့ အားလုံးကို ပေါင်းစပ်၍ လောကနှလုံးသား ရည်ရွယ်ချက် တစ်ခုကိုပါ နားလည်ထားသည်။ ဘုရင်ကတော့ ဆေဘာနှလုံးသား ရည်ရွယ်ချက် တစ်ခုကိုသာ နားလည်ထားသည်။
အတန်ကြာ စဥ်းစားပြီးနောက် ဝေ့ဝူယင်က ခေါင်းခါလိုက်၏။
“ငါလည်း မသိဘူး...”
ထိုသင်္ကေတများက လျှို့ဝှက် ရည်ရွယ်ချက် မျိုးစေ့များ ဖြစ်တာတော့ သေချာသည်။ သူ ကျိန်းသေခွာသေကို ခံစား၍ ရသည်။ အကယ်၍ ဆန္ဒရှိရင် လျှို့ဝှက်ကျောက်တုံး တစ်သောင်းကြေးပင် လောင်းကြေး ထပ်ရဲသည်။ သို့သော်လည်း... အဘယ်ကြောင့် ကွဲပြား ခြားနားသည့် ခြောက်ခုစီ ဖြစ်နေရသနည်း ဆိုသည့် မေးခွန်းကိုတော့ သူ စဥ်းစား မရတာ အမှန်ပင် ဖြစ်သည်။
“ဟုတ်တယ်... ကျုပ်လည်း သူတို့နဲ့ ချိတ်ဆက်လို့ မရဘူး”
ဧဒင်ကလည်း ဝေ့ဝူယင်၏ အတွေးကို ထောက်ခံ လိုက်၏။ ဘယ်လိုပဲ ဖြစ်ဖြစ်... လျှို့ဝှက် ရည်ရွယ်ချက် မျိုးစေ့ ဟု ခေါ်သည့် ထိုသင်္ကေတများကတော့ လောကပင်လယ်များ အတွင် ဆက်လက် ဖြစ်တည်နေကာ ထူးဆန်းသော တုန်ခါမှုများကို ထုတ်လွှတ်နေဦးမည် ဖြစ်လေသည်။
“ငါတို့ရဲ့ ကျင့်ကြံခြင်း အဆင့်နဲ့ ဆိုရင် အခုချိန်မှာ လျှို့ဝှက် အဆင့်မှာ ရှိနေတဲ့ ဘယ်အရာနဲ့မှ ထိတွေ့ ချိတ်ဆက်နိုင်ဦးမှာ မဟုတ်ဘူး”
ဝေ့ဝူယင်က ဖြူရော်စွာ ပြုံးရင်း ဆိုလိုက်၏။ လက်ရှိ၌ သူတို့က သေမျိုး တာအို အကန့်အသတ် အတွင်းမှာပင် တည်ရှိနေသေးဆဲ ဖြစ်သည်။ လျှို့ဝှက် ရည်ရွယ်ချက်ကို နားလည်ထားသည့် ကြယ်တာရာ သခင်များ ပင်လျှင် သေမျိုး အကန့်အသတ် အလွန် လျှို့ဝှက် စွမ်းအားကို အသုံး မပြုနိုင်ချေ။
ဧဒင်မှာ ငြိမ်သက်သွား၏။ အနည်းငယ် မချင့်မရဲ ဖြစ်မိသည့်တိုင် မည်ကဲ့သို့ တတ်နိုင်မည်နည်း။ လက်ရှိ၌ ဆေးဖော်စပ်ရာတွင်ပင် လျှို့ဝှက် အဆင့် ရတနာများကို ထည့်သွင်း အသုံးပြုရန် ပိုင်လင်၏ နိဗာန မီးတောက်များကို ငှားယမ်း သုံးစွဲနေရဆဲ ဖြစ်သည်။
ချိပ်ပိတ်ထားသည့် အခန်းမှာ တစ်ခဏမျှ တိတ်ဆိတ်သွား၏။ သာလွန်ခြင်း အဆင့်၏ အကျိုးသက်ရောက်မှုက သူတို့ မျှော်လင့်ထားသည်ထက်ပင် ကျော်လွန်နေသည်။ လက်ရှိ၌ သူတို့မှာ သေမျိုး အကန့်အသတ်ကို ကျော်လွန်နေသည့် အရာများနှင့် ကစားနေသည့် သေမျိုးလေးများသာ ဖြစ်သည်။ ထိုအရာက သုံးနှစ် အရွယ် ကလေး တစ်ယောက် နက္ခတ္တဗေဒနှင့် ဆိုင်သော ပုစ္ဆာ တစ်ပုဒ်ကို ဖြေရှင်းရန် ကြိုးပမ်းနေခြင်းနှင့် အတူတူပင်။
“တဖြည်းဖြည်းချင်း စမ်းသပ် ကြည့်တာပေါ့...”
ဝေ့ဝူယင်က ခပ်တိုးတိုး ရေရွတ်လိုက်ရင်း ထိုင်ရာမှ ထရပ်လိုက်၏။ ထိုပုစ္ဆာကို အဖြေရှာနိုင်ဦးမည် မဟုတ်ကြောင်း သူကိုယ်တိုင် ဝန်ခံခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း လက်ရှိ၌ ရည်ရွယ်ချက် မျိုးစေ့မှာ သူ့စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်များကို အကျိုးသက်ရောက်နေကာ ကြယ်တာရာ အင်အားကိုပင် အပြောင်းအလဲများ ဖြစ်ပေါ်စေခဲ့သည်။ ထိုအပြောင်းအလဲများက... လျှို့ဝှက် အာဏာရှင် အဆင့်များ အတွက် ကန့်သတ်ထားသည့် သာလွန်ခြင်း အဆင့် ထုတ်ကုန်များကို ကိုယ်တိုင် ဖော်စပ်ခြင်း ကဲ့သို့သော အရာများကို လုပ်ဆောင်နိုင်စေမလား သူ သိချင်မိသည်။
စိတ်လှုပ်ရှားစရာ ကောင်းသည့် အတွေးများနှင့် အတူ ဝေ့ဝူယင် မှော်ဆေးအိုးကို သိမ်းဆည်းကာ အခန်းထဲမှ ထွက်ခွာ လာခဲ့၏။ ယောင်ဟုန်ယိမှာ တံခါးပိတ် ကျင့်ကြံနေခဲ့ကာ ပိုင်လင်ကတော့ အိပ်မောကျနေခဲ့ပြီ ဖြစ်သည်။
“ငါတို့ သွားနေတဲ့ လမ်းကြောင်း မှန်ရဲ့လား အရင် သွားစစ်ကြည့်ဦးမယ်”
ဝေ့ဝူယင် ဆုံးဖြတ်လိုက်ရင်း အပေါ်ထပ် ကုန်းပတ်ပေါ်သို့ လှေကားမှ တစ်ဆင့် တက်လာခဲ့သည်။ ထို့နောက် ကုန်းပတ်ပေါ်သို့ ရောက်သည်နှင့် တွေ့မြင် လိုက်ရသော မြင်ကွင်းကြောင့် သူ့မျက်လုံးများက ပြူးကျယ် သွားခဲ့တော့သည်။
“ဘာလဲ...”
ကောင်းကင်တွင် ရင်သပ် ရှုမောဖွယ်ရာ ကောင်းသည့် မည်သည့် ကြယ်တာရာ ရှုမြင်ကွင်းမှ မရှိတော့ချေ။ ထို့အစား အညိုရောင် နံရံများကသာလျှင် သူ့ မြင်ကွင်း တစ်ခုလုံးကို ကာဆီးနေကာ ၎င်းတို့ထဲ၌ အလင်းနှင့် နွေးထွေးမှု အငွေ့အသက် ဖျော့ဖျော့အား ထုတ်လွှတ်နေသည့် အဖြူရောင် ကျောက်တုံး အချို့ကိုသာ တွေ့လိုက်ရတော့၏။