ဟင်းလင်းပြင် ဓားပြများ
Vol. 51 Ch. 708
ဝေ့ဝူယင်က ညာဘက်လက်ကို ဝှေ့ယမ်း၏။
ဟူး... ဟူး...
မျက်တောင်တစ်ခပ်စာ အတွင်းမှာပင် ဆေဘာ ဝင်္ကပါမှာ အလွန် သေးငယ်သည့် ဆေဘာ တစ်စင်း အဖြစ် ကျုံ့ဝင်သွားကာ သူ့လက်ဖဝါးထက်သို့ ရောက်ရှိလာသည်။ ၎င်း၏ အရွယ်အစားက ဆံချည် တစ်မျှင်စာမျှ ရှိသည့် အပြင် အော်ရာမှာလည်း ဖျော့တော့ လွန်းလှရာ သာမန် ဝိညာဉ်အာရုံများပင် သတိထားမိဖို့ ခက်ခဲလိမ့်မည် ဖြစ်သည်။
ဝေ့ဝူယင်က ဆေဘာကို ဟင်းလင်းပြင် လက်စွပ်ထဲ ထည့်သွင်း သိမ်းဆည်း လိုက်၏။ အနန္တ ဧကရာဇ်ဂိုဏ်း နေ့ရက်များ ကတည်းက သူ ထိုဝိညာဉ် ဝင်္ကပါကို အဆက်မပြတ် သန့်စင်ကာ အစွမ်းထက်အောင် ပျိုးထောင် လာခဲ့ခြင်း ဖြစ်သည်။ ဝေ့ဝူယင် ထိုဝင်္ကပါကို ဆေဘာဓားသွား ဖိနှိပ်ခြင်း ဝင်္ကပါဟု အမည် ပေးထားသော်လည်း အဂ္ဂိရတ် ပုံရိပ်ယောင်များကို ဖိနှိပ်ခြင်းမှ တစ်ပါး အသုံး မပြုခဲ့ဖူးချေ။
ဆေဘာ ဝင်္ကပါပို သိမ်းဆည်းပြီးနောက် ဝေ့ဝူယင်မှာ ပတ်ဝန်းကျင် မြင်ကွင်းကို ပိုမို ရှင်းလင်းစွာ တွေ့မြင် လာခဲ့ရ၏။ သူ လက်ရှိ ရောက်ရှိနေသည့် နေရာက အလွန် ကြီးမားလှသော သိုလှောင်ခန်းကျယ်ကြီး တစ်ခုပင် ဖြစ်ကာ တစ်ဝက်တစ်ပျက် ဖျက်ဆီး ခံထားရသည့် ဟင်းလင်းပြင် သင်္ဘော ဒါဇင်ချီနှင့် ပြည့်နှက် နေသည်။ ထို့အပြင် ၎င်းသင်္ဘော အားလုံးကို နံရံထက်ရှိ အလွန်ကြီးမားသော သံကြိုးကြီးများနှင့် တွဲဆက် ချည်နှောင်ထား၏။
သင်္ဘောများထက်ရှိ ဖျက်ဆီးရာများက အတော်လေး တူညီလှကာ တူညီသည့် ရန်သူ အုပ်စု တစ်ခု၊ သို့မဟုတ် အမြှောက်များဖြင့် ပစ်ခံထားရဟန်ရသည်။ ထိုအချက်ကို သတိထားမိတော့ ဝေ့ဝူယင်၏ အမူအရာက အနည်းငယ် နက်မှောင် သွား၏။ သူက ဖြည်းညင်းစွာပင် ကုန်းပတ်ထိပ် လက်ရန်းနားသို့ လမ်းလျှောက် သွားကြည့်လိုက်ရာ သူ့ သင်္ဘောကိုလည်း သံကြိုးများနှင့် ချည်နှောင်ထားကြောင်း တွေ့လိုက်ရသည်။
"ဟင်းလင်းပြင် ဓားပြတွေလား…"
သူ့မျက်နှာထက်၌ ဒေါသထွက်သည့် အရိပ်အငွေ့ အချို့ ပေါ်လာခဲ့၏။ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေတွင်ပင် ဟင်းလင်းပြင် ဓားပြများမှာ အလွန် ကြီးမားသည့် ခြိမ်းခြောက်မှု တစ်ခု ဖြစ်ကြောင်း သူ ဝူယုထံမှ ကြားသိပြီး ဖြစ်သည်။
သူတို့က ကြယ်တာရာ နယ်မြေများ၏ အမှောင် ဟင်းလင်းပြင်များထဲတွင် လှည့်ပတ် လှုပ်ရှားနေကာ မကြာခဏဆိုသလို ဟင်းလင်းပြင် သင်္ဘောများကို လုယက် တိုက်ခိုက်လေ့ ရှိသည်။ သို့သော်လည်း သူတို့က လျှို့ဝှက် အာဏာရှင် အဆင့်များနှင့် အဆင့်မြင့်မြင့် ဒီဇိုင်း ထုတ်ထားသည့် သင်္ဘောများကို ရှောင်ရှားလေ့ ရှိကြသည်ဟု ဆိုသည်။
ဟင်းလင်းပြင် ဓားပြများဟု ဝေ့ဝူယင် မှတ်ချက်ချရသည့် အခြား အကြောင်းရင်း တစ်ရပ်မှာ သိုလှောင်ခန်းမကြီး အတွင်းရှိ အခြား ဟင်းလင်းပြင် သင်္ဘောများကြောင့် ဖြစ်ပေသည်။ ထိုအထဲမှ အများစုမှာ အရည်အသွေးနိမ့် သင်္ဘောများ ဖြစ်ကာ လောကသခင်နှင့် ထိုထက် နိမ့်ပါးသော အဆင့်များသာ အသုံးပြုလေ့ ရှိကြသည်။
ခန်းမထဲ၌ တိုက်ခိုက်ရေး စွမ်းအား တစ်စက်မျှ မပါသော သယ်ယူ ပို့ဆောင်ရေး သင်္ဘောများကိုပင် ဝေ့ဝူယင် တွေ့ရှိရ၏။ ထိုသင်္ဘောများမှာ လနှင့် ဂြိုဟ်များကို ချိတ်ဆက်ပေးသည့် ခရီးလမ်းကြောင်းများပင် ဖြစ်ကာ အထူးသဖြင့်... ဂိတ်တံခါနှင့် ကိုယ်ပိုင် ဟင်းလင်းပြင် သင်္ဘော အသုံးပြုရန် မတတ်နိုင်သည့် အဆင့်နိမ့် ခရီးသည်များ အတွက် ရည်ရွယ်ပေသည်။
ဘယ်လောက်တောင် ကံမကောင်းလိုက်သနည်း။ ထိုသင်္ဘောများထက်၌ သွေးများ စွန်းထင်းနေသည်ကိုပင် သူ တွေ့မြင် ရပေသည်။
များသောအားဖြင့် ဟင်းလင်းပြင် ဓားပြများမှာ မိစ္ဆာ ကျင့်ကြံသူများ မဟုတ်ကြချေ။ သူတို့က အားနည်းသူများထံမှ အမြတ်ထုတ် ကုပ်သွေးစုပ်သည့် အခွင့်အရေး သမားများပင် ဖြစ်သည်။ ဝူယု၏ အဆိုအရ ဆိုလျှင်... အချို့ အင်အားကြီးမားသည့် အဖွဲ့အစည်းကြီးများမှာ သူတို့ နယ်မြေအတွင်း မလိုလားအပ်သော ပုဂ္ဂိုလ်များကို ဖယ်ထုတ်ရန် အတွက် ထိုကဲ့သို့ အဖွဲ့အစည်းများ ဖွဲ့စည်းကာ တိုက်ခိုက်ခြင်းမျိုးလည်း ရှိသည်ဟု ဆိုသည်။
ဘယ်လိုပဲ ဖြစ်ဖြစ်... ဓားပြက ဓားပြသာ ဖြစ်ပြီး ဟင်းလင်းပြင် ခရီးသွားများ အတွက် အန္တရာယ် ကြီးမားသည့် တည်ရှိမှု တစ်ခု ဖြစ်နေသေးဆဲ ဖြစ်သည်။
“...”
ဝေ့ဝူယင် အင်္ကျီလက်အိုးကို မကာ ညာဘက် လက်မောင်းကို ကြည့်လိုက်၏။ သူ၏ ကမ္မတန်ဖိုးက မပြောင်းမလဲ တည်ရှိနေသေးဆဲ ဖြစ်သည်။ ထိုအရာက ကမ္မ အခွင့်အရေး တစ်ခု မဟုတ်ချေ။ ကံဆိုးမှု တစ်ခုခုပင် ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
ဝေ့ဝူယင် အနည်းငယ် မျက်မှောင်ကြုတ်ကာ စဥ်းစားလိုက်၏။ အကြမ်းဖျဥ်း ခန်းမှန်းကြည့်ရသလောက် ဆိုလျှင် ဓားပြများမှာ ထိန်းချုပ်သူ မရှိပဲ လွင့်မြောနေသည့် သူ၏ ဟင်းလင်းပြင် သင်္ဘောကို စွန့်ပစ်ခံ တစ္ဆေ သင်္ဘော တစ်စင်းဟု မှတ်ယူကာ သိုလှောင်ခန်း အတွင်း သည်အတိုင်း ပစ်ထည့်ထားခဲ့ဟန် ရသည်။
မည်သို့ပင် ဆိုစေ... ဆေဘာဓားသွား ဖိနှိပ်ခြင်း ဝင်္ကပါမှာ သင်္ဘော အတွင်းရှိ အော်ရာများကို လုံးဝ လုံခြုံအောင် ထိန်းသိမ်း ထားနိုင်စွမ်း ရှိသည့် အပြင် သူနှင့် ယောင်ဟုန်ယိတို့မှာလည်း ချိပ်ပိတ်ထားသည့် သီးသန့်ခန်းများထဲတွင် ဖြစ်သည်။ ထို့အပြင်... သင်္ဘော၏ နှစ်ပေါင်း ထောင်ချီ နောက်ကျနေသော ဒီဇိုင်းကလည်း သူတို့ အတွက် ထိုကဲ့သို့ ယူဆရန် အထောက်အပံ့ ဖြစ်ခဲ့ဟန် ရသည်။
“ဒီနေရာမှာ လျှို့ဝှက် အာဏာရှင် အဆင့်တွေ ရှိနိုင်လား...”
ဟင်းလင်းပြင် ဓားပြအဖွဲ့များကို မကြာခဏ ဆိုသလို လျှို့ဝှက် အာဏာရှင် အဆင့် ခေါင်းဆောင်များကို ပိုင်ဆိုင် ထားလေ့ ရှိသည်။ သို့သော်လည်း ခြွင်းချက်ကတော့ ရှိစမြဲပင် ဖြစ်သည်။
ဝေ့ဝူယင် ဝိညာဥ်အာရုံကို ဖြန်ကျက်ကာ အပြင်ကို ဖြန့်ကျက်လိုက်၏။ တစ်ခဏ ကြာပြီးနောက် သူ့ အမူအရာက ပြောင်းလဲသွားသည်။ ၎င်းက ပုံမှန် ဟင်းလင်းပြင် သင်္ဘောများထက် အဆပေါင်း ထောင်ချီ ပိုမို ကြီးမားလှသော သင်္ဘောကြီး တစ်စင်းပင် ဖြစ်သည်။ ၎င်း၏ အရွယ်အစားက အသေးစား လတစ်စင်း အရွယ်အစားပင် ရှိပေသည်။
“ဒီလောက်တောင် ကြီးတာလား...”
ထို့အပြင် သင်္ဘောကြီးကို လွှမ်းခြုံ၍ ဖုံးကွယ်ခြင်း ဝင်္ကပါတစ်ခုကိုလည်း တပ်ဆင် ထားသေးသည်။ သို့သော်လည်း ဝင်္ကပါက အလွန် မြင့်မားသည့် အဆင့် တစ်ခု၌ မရှိချေ။ အထဲ၌ လျှို့ဝှက်စွမ်းအင် အချို့ စီးဆင်း နေသည့်တိုင် အရိပ်ဥလို မြင့်မားသည့် လျှို့ဝှက် စွမ်းအင်များတော့ ပိုင်ဆိုင်ထားခြင်း မရှိပါချေ။
ပိုမို၍ ရှင်းလင်းအောင် ပြောရလျှင် ၎င်းက တစ်ဝက်တစ်ပျက် လျှို့ဝှက် ဝင်္ကပါပင် ဖြစ်လေသည်။ ၎င်းက အံ့အားသင့်ဖို့ ကောင်းသည့်တိုင် ဝေ့ဝူယင် ပင်လျှင် ကောင်းကင်ဘုံ နတ်မျက်လုံးများဖြင့် ဖြတ်သန်း၍ တွေ့မြင် နိုင်ပေသည်။ ကံကောင်းထောက်မစွာပင် အတွင်း၌ လျှို့ဝှက် အာဏာရှင့် အော်ရာ မရှိပါချေ။
ဝေ့ဝူယင် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ကာ တံခါးဘက်သို့ ပြန်လှည့်ကြည့်လိုက်၏။ ယောင်ဟုန်ယိမှာ အထဲတွင် ကျင့်ကြံနေဆဲ ဖြစ်ပေသည်။ သူ လက်ညိုးကို ဆန့်ထုတ်ကာ အကာအကွယ် ဝိညာဥ် အစီအရင် အချို့ ရေးဆွဲလိုက်၏။ ကြယ်တာရာသခင် တစ်ယောက် ရောက်မလာမချင်း မည်သူမှ ယောင်ဟုန်ယိကို နှောက်ယှက်နိုင်လိမ့်မည် မဟုတ်ချေ။
အကယ်၍ ရောက်လာခဲ့လျှင်ပင် ပိုင်လင်မှာ သတိထားမိကာ ထွက်၍ ရင်ဆိုင်လိမ့်မည် ဖြစ်သည်။ လက်ရှိ အချိန်၌ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသည့်တိုင် သူမမှာ ကြယ်အဆင့် သားရဲ တစ်ကောင် ဖြစ်လေရာ အန္တရာယ် အငွေ့အသက်ကို ရသည်နှင့် ချက်ချင်း နိုးထလာလိမ့်မည် ဖြစ်သည်။
ကိစ္စများကို စီမံပြီးနောက် ဝေ့ဝူယင်သည် ဟင်းလင်းပြင် သင်္ဘောပေါ်မှ ကြမ်းပြင်ထက်သို့ ခုန်ဆင်း လိုက်၏။ ထိုသိုလှောင်ခန်းကြီး အတွင်း၌ သူ့သင်္ဘောအပြင် အခြား ဟင်းလင်းပြင် သင်္ဘော ဒါဇင်ချီ တည်ရှိနေပေသည်။ ဤသည်က ဘဝတွင် ပထမဆုံး အကြိမ် ဓားပြသင်္ဘောနှင့် ရင်ဆိုင်ဖူးခြင်း ဖြစ်လေရာ ဝေ့ဝူယင်မှာ အတော်လေး စိတ်လှုပ်ရှား နေခဲ့၏။
သူ ခပ်ဖြည်းဖြည်းပင် လမ်းလျှောက်လာကာ နံရံများကို လေ့လာလိုက်သည်။ မကြာခင်မှာပင် သင်္ဘော အတွင်းပိုင်းနှင့် ချိတ်ဆက်နေသည့် ဂိတ်ပေါက်ရှိရာဆီသို့ သူ ရောက်ရှိလာခဲ့၏။ ထိုနေရာ၌ အစောင့် တစ်ယောက်မှ မရှိလေရာ ဝေ့ဝူယင် အနည်းငယ် အံ့အားသင့် သွားခဲ့သည်။
ဤဓားပြအဖွဲ့က လုံ့လ၊ ဝီရိယ သိပ်မရှိကြသည်လား။ သို့မဟုတ်... သူတို့က တစ်နေရာရာတွင် ပုန်းအောင်း နေကြလေသလား။
ဝေ့ဝူယင်မှာ တွေးရင်း အနည်းငယ် အူမြူး လာခဲ့၏။ သူတို့က သူ့ ဟင်းလင်းပြင် သင်္ဘောကိုပင် သေချာ မစစ်ဆေး ခဲ့ကြပဲ သည်အတိုင်း သိုလှောင်ခန်းထဲ ထိုးကြိတ်ထည့်ကာ ထွက်သွားခဲ့ကြသည်။ အစိတ်အပိုင်းများကို ချက်ချင်း ဖြုတ်ဖြတ်တပ် လုပ်ပါက ဝင်္ကပါ တစ်ခုခု အသက်ဝင်လာကာ တန်ပြန် တိုက်ခိုက်မည်ကို ကြောက်ရွံ့သောကြောင့်လည်း ဖြစ်နိုင်ပေသည်။
ဝေ့ဝူယင်မှာ ဂိတ်တံခါးကို ဖြတ်သန်းကာ အတွင်းပိုင်းသို့ လျှောက်လာခဲ့၏။ ထိုနေရာ၌ သင်္ဘောသား အချို့မှာ ဝင်္ကပါကို တည်ငြိမ်အောင် ထိန်းသိမ်းရန် ဝိညာဥ်အင်အားများဖြင့် အလုပ်လုပ် နေကြသည်ကို တွေ့ရ၏။ မောပန်း နွမ်းနယ်နေပုံ ရသည့် လူတစ်ချို့ကတော့ အခြားလူများနှင့် လူစားလဲကာ အမတေ ကျောက်တုံးများဖြင့် အားပြန်ဖြည့်ဖို့ လုပ်နေသည်ကိုလည်း မြင်ရသည်။
ဝေ့ဝူယင်မှာ လမ်းတစ်လျှောက်၌ ချီပျစ်ခဲခြင်း အဆင့်နှင့် ကြယ်တာရာ အမြုတေ အဆင့် ကျင့်ကြံသူများစွာကို တွေ့မြင်ရ၏။ သို့သော်လည်း အများစုက ချီပျစ်ခဲခြင်း အဆင့်နိမ့်များသာ ဖြစ်ကာ ရှိသည့် ကြယ်တာရာ အမြုတေ အဆင့် အချို့မှာလည်း လောကပင်လယ် အဆင့်၊ ကောင်းကင် အုပ်စိုးသူ အဆင့်နှင့် ဝိညာဥ်ဆင်းတု အဆင့်များသာ ဖြစ်၏။
သင်္ဘောတစ်ခုလုံးရှိ အော်ရာများကို စစ်ဆေးပြီးချိန်တွင်ပင် ကြယ်တာရာ သခင် တစ်ယောက်ကိုမှ ဝေ့ဝူယင် မတွေ့ရချေ။ သို့သော်လည်း သူ အချိန်သခင် နှစ်ယောက်ကိုတော့ အာရုံခံ၍ ရခဲ့ပေသည်။ သူတို့ နှစ်ယောက်စလုံးက ယောက်ျားများ ဖြစ်သည်။ လက်ရှိအချိန်၌ ထိုအော်ရာ နှစ်ခုအနက် တစ်ခုက အလွန် တက်ကြွ လှုပ်ရှားနေ၏။ အထူးသဖြင့် ယန်အော်ရာ အလွန် ပေါ်လွင်နေသည်ကို ကြည့်ခြင်းအားဖြင့် သူက ပျော်ပါးနေဟန် ရလေသည်။
အလုပ်လုပ်နေသည့် အဆင့်နိမ့် ကျင့်ကြံသူများမှာ ဝေ့ဝူယင်ကို တွေ့မြင်ကြသော်လည်း သူ၏ မြေဆွဲအား လွတ်မြောက်ခြင်း အဆင့် ကျင့်ကြံခြင်း အခြေခံကို ခံစားမိကြသည်နှင့် ခေါင်းများကို ငုံ့ကာ အလုပ်ကိုသာ ဖိ၍ လုပ်နေကြတော့သည်။ သူတို့က အာရုံစူးစိုက်ခံရမည်ကို ကြောက်လန့် နေကြဟန်ပင်။
ဝေ့ဝူယင်မှာ ငိုရမလား ရယ်ရမလားပင် မသိတော့ချေ။ ထိုလူများမှာ သူ့မျက်နှာကိုပင် မမြင်ဖူးသည့်တိုင် ကျင့်ကြံခြင်း အခြေခံ တစ်ခုတည်းကြောင့် မသိကျိုးကျွံ ပြုကာ အမြီးများ ကုပ်နေကြသည်။
“ခန့်မှန်းကြည့်ရသလောက် ဆိုရင် အနည်းဆုံး သင်္ဘောသား နှစ်သန်းလောက် ရှိတယ်... ဘယ်လောက်တောင် ကြီးလိုက်တဲ့ သင်္ဘောကြီးလဲ”
ဝေ့ဝူယင် အံ့သြတကြီး ရေရွတ်လိုက်မိ၏။ သူ အရိပ်ဥကိုပင် ပြန်လည် အမှတ်ရလိုက်မိသည်။ ထိုအရာကြီးမှာ ဂြိုဟ်အသေးစား တစ်ခု၏ အရွယ်အစား အထိပင် ရှိကာ အကျဥ်းသားများကို ထည့်မရေတွက်လျှင်ပင် အလုပ်သမား သီးသန့် သန်းဆယ်ချီ ရှိပေသည်။
သို့သော်လည်း ဤနေရာ၌ ပို၍ စိတ်ဝင်စားစရာ ကောင်းသည့် အချက်က နှစ်သန်းမျှသော သင်္ဘောသားများကို အချိန်သခင် နှစ်ယောက်တည်းက အုပ်ချုပ်နေခြင်း ဖြစ်သည်။ သို့သော်လည်း... ဝေ့ဝူယင် ချက်ချင်းပင် အထင်သေးစိတ်ကို စိတ်ထဲမှ ဖယ်ထုတ်ကာ ကိုယ့်ကိုယ်ကို သတိပေးလိုက်၏။ မဟာစက်ဝန်း ကြယ်ကွင်းပြင်ကို ရောက်ရှိပြီး ကတည်းက လျှို့ဝှက် အာဏာရှင် အဆင့်များနှင့် ဆက်တိုက် ရင်ဆိုင်နေခဲ့ရလေရာ လောကီမျက်လုံး အဆင့် ကျင့်ကြံသူများ မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကိုပင် သူ မေ့လုနီးနီး ဖြစ်နေခဲ့ခြင်း ဖြစ်သည်။
ဝေ့ဝူယင် သင်္ဘောထဲတွင် တစ်နာရီခန့် ကြာအောင် ဆက်လက် လမ်းလျှောက်နေခဲ့၏။ တစ်ခါတစ်ရံ၌ သူ အရှိန်မြှင့်သလို တစ်ခါတစ်ရံ၌လည်း အခြားလူများ လုပ်ဆောင်နေသည်ကို ရပ်၍ လေ့လာ နေခဲ့သည်။ ဟင်းလင်းပြင် သင်္ဘောကြီး တစ်ခုလုံးကို အမျိုးမျိုးသော ဝင်္ကပါနှင့် အစီအရင်များနှင့် ချိတ်ဆက် ဖြန့်ကျက် ထားကာ ထိုအရာက ကျင့်ကြံသူတို့၏ အံ့မခန်း ဖန်တီးမှု လက်ရာ တစ်ရပ်လည်း ဖြစ်သည်။
မကြာခင်မှာပင် ဝေ့ဝူယင်မှာ ကြယ်တာရာ အမြုတေ အဆင့် ကျင့်ကြံသူများနှင့် ပြည့်နှက်နေသည့် အခန်း တစ်ခုတည်းကို ရောက်ရှိလာခဲ့၏။ သူတို့က တက်တက်ကြွကြွပင် အစီအရင်များကို ချိန်ညှိခြင်း၊ အလင်း မျက်နှာပြင်များကို စစ်ဆေးခြင်း၊ အထူး ကိရိယာများကို သုံး၍ တစ်ယောက်နှင့် တစ်ယောက် အချက်အလက်များ မျှဝေခြင်းတို့ကို ပြုလုပ် နေကြသည်။
ခန်းမကြီး၏ အလယ်ဗဟိုတွင်တော့ ပလ္လင်ကဲ့သို့ ထိုင်ခုံ တစ်ခု ရှိနေကာ လူတစ်ယောက် ကျကျနနပင် ထိုင်လျှက် ရှိသည်။ ထိုပုဂ္ဂိုလ်မှာ မိန်းမများနှင့် ပျော်ပါးနေခြင်း မရှိသည့် အခြား တစ်ယောက်ပင် ဖြစ်သည်။ သူက ခပ်ပိန်ပိန် ရှည်ရှည် ဖြစ်သော်လည်း အမိန့်ပေးနိုင်သည့် အော်ရာ တစ်ခုကို ပိုင်ဆိုင်ထားသည်။ အထူးသဖြင့် သူ၏ ထူထဲသော မျက်ခုံး၊ ခပ်ညိုညို အသားအရေနှင့် ခပ်တိုတို ဆံပင် ပုံစံတို့က သန့်ရှင်းကာ ခန့်ညားသည့် ထည်ဝါမှု တစ်ခုကို ဖြစ်ပေါ်စေသည်။
“ဒါက ထိန်းချုပ်ခန်းလား...”
ဝေ့ဝူယင် စူးစမ်း နေချိန်မှာပင် ချစ်စဖွယ် မျက်နှာထားနှင့် ကောင်မလေး တစ်ယောက်မှာ သူ့ဘေးမှ အပြေးကလေး ဖြတ်ကျော် သွား၏။ နောက်ကြောကို လှမ်းကြည့်လိုက်ရင်း ထိုမိန်းကလေးက သေးသေးသွယ်သွယ် ဖြစ်သည့်တိုင် တင်ပါးကြီးသည် ဟု သူ မှတ်ချက် ချလိုက်မိသည်။ မိန်းကလေးက အလင်း မျက်နှာပြင် တစ်ခုစီကို တန်းတန်းမတ်မတ် သွားကာ ဝိညာဥ် စွမ်းအင် အချို့ ဖြည့်သွင်းလိုက်၏။ ထို့နောက် သူမက စိတ်သက်သာရာ ရဟန်ဖြင့် သက်ပြင်းတစ်ချက် ချလိုက်၏။
ဝေ့ဝူယင် လှမ်းလျှောက်ဝင်လာရင်း တစ်မီတာမျှ အရွယ်အစား ရှိသည့် လေးထောင့် သဏ္ဌာန် အလင်း မျက်နှာပြင် အနားသို့ ရောက်ရှိလာခဲ့သည်။ ထို့နောက်... ဝိညာဥ် စွမ်းအင် လွှဲပြောင်းခြင်း ကိရိယာ တစ်ခုကို သုံးကာ အားကြိုးမာန်တက် အချက်အလက်များ ပေးပို့နေသည့် ဝိညာဥ်ဆင်းတု အဆင့် တစ်ယောက်၏ ပခုံးပေါ် လက်တင်လိုက်ရင်း အလင်း မျက်နှာပြင်မှ ဖော်ပြနေသည့် အပြင် မြင်ကွင်းကို စောင့်ကြည့်နေလိုက်၏။
“အမ်...”
ဝိညာဥ်ဆင်းတု အဆင့်မှာ နောက်သို့ ပြန်ကြည့်ကာ ဝေ့ဝူယင်၏ ချောမောသော မျက်နှာကြောင့် အံ့အားသင့် သွားသည်။
"တောင်းပန်ပါတယ်...”
ဝေ့ဝူယင်က ပြုံးပြလိုက်ရင်း လက်ကို ပြန်ရုတ်သိမ်း လိုက်၏။ ဘဝ တစ်လျှောက်လုံး ထိုအရာများကို တစ်ခါမှ မတွေ့ဖူးလေရာ ဝေ့ဝူယင်မှာ အလွန်ပင် စိတ်ဝင်စား နေရသည်။ ထိုအခိုက်၌ သူ့ကိုယ်သူ မြို့ကြီးပြကြီး ရောက်လာသည့် တောသား တစ်ယောက်လိုပင် ခံစားနေမိ၏။ ကံကောင်းထောက်မစွာပင် သူ၏ ကျင့်ကြံခြင်း အခြေခံနှင့် ဗဟုသုတက ထိုကိရိယာများ၏ လုပ်ဆောင်ချက်ကို နားလည်ရန် မြင့်မားပေသည်။
အသစ်သစ်သော အရာများနှင့် ရှုမြင်ကွင်းများကို ဝေ့ဝူယင် ခံစားနေစဥ်မှာပင် နောက်မှ အံ့အားသင့်နေသည့် အသံ တစ်ခုကို ကြားလိုက်ရတော့၏။
“နေဦး... ရှင်က ဘယ်သူတုံး...”