ဝယ်ယူခြင်း
Vol. 51 Ch. 709
ဝေ့ဝူယင် နောက်ကို လှည့်ကြည့်လိုက်တော့ အနက်ရောင် ဆံပင် ရှည်များနှင့် အဖြူရောင် လေးထောင့် သဏ္ဌာန် အနားကွပ် မျက်မှန် တပ်ဆင်ထားသည့် မိန်းကလေး တစ်ယောက်ကို တွေ့လိုက်ရ၏။ သူမက အတော်လေး လှပကာ လေးနက်သည့် အမူအရာကို ဖော်ဆောင်ထားသည်။
“ကျုပ်ကလား...”
ဝေ့ဝူယင်က ကိုယ့်ကိုယ်ကို လက်ညိုးထိုးပြရင်း နားမလည်သည့် ပုံစံဖြင့် မေးလိုက်သည်။
“...”
မိန်းကလေးမှာ အနည်းငယ် အူကြောင်ကြောင် ဖြစ်သွား၏။ သူမက လက်ညိုးနှင့် လက်ခလည်ကို သုံးကာ မျက်မှန်ကို အပေါ်သို့ ပင့်တင်ရင်း ဝေ့ဝူယင်ကို သေသေချာချာ စိုက်ကြည့်နေသည်။ မကြာခင်မှာပင် သူမ မျက်လုံးများထဲ၌ အံ့သြသည့် အရိပ်အငွေ့များ ပေါ်ပေါက်လာ၏။ ထိုမျှ ချောမောသည့် လူငယ် တစ်ယောက်ကို သူမ တစ်ခါမှ မမြင်ခဲ့ဖူးချေ။ ထိုအခိုက်အတန့်၌ ရင်ခုန်သံကိုပင် သူမ ပြန်လည် ကြားလိုက်ရကာ လှပသော ငွေရောင် မျက်လုံးများကို ကြည့်ရင်း စက္ကန့်အနည်းငယ်မျှ နစ်မြော သွားခဲ့၏။
“မိန်းကလေး... ခင်ဗျား အဆင်ပြေရဲ့လား...”
ဝေ့ဝူယင်က အနည်းငယ် ပြုံးရင်း မေးလိုက်၏။ သူ၏ ပထမ ရည်ရွယ်ချက်က မသိချင်ယောင် ဆောင်ကာ ထိုအဖွဲ့အတွင်း ဝင်ရောဖို့ ဖြစ်သည်။ မည်သို့ပင် ဆိုစေ... ဤနေရာ၌ အသက်အရွယ် မျိုးစုံ၊ ရုပ်ရည် မျိုးစုံ၊ ပုံပန်း သဏ္ဌာန် မျိုးစုံ လူပေါင်း နှစ်သန်းခန့် ရှိလေရာ အားလုံးကို မှတ်မိဖို့ ခက်ခဲလိမ့်မည် မဟုတ်ပါလား။
သို့သော်လည်း ယခုတွင်တော့ တစ်မိနစ်မျှ မပြည့်ခင် အချိန်အတွင်းမှာပင် ထိုအမျိုးသမီးမှာ သူ့ကို သတိပြုမိသွားခဲ့ပြီ ဖြစ်သည်။ ထို့အပြင်... သူ့ကို ထူးဆန်းသည့် ပုံစံဖြင့် လှမ်းကြည့်နေသည့် အခြား တစ်ယောက် နှစ်ယောက်လည်း ရှိနေသေးသည်။ သို့သော်လည်း သူတို့ကတော့ သူ့ကို ဘာမှ မမေးကြချေ။
မိန်းကလေးမှာ မြေဆွဲအား လွတ်မြောက်ခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်၏။ သူမက သူနှင့် တူညီသည့် ကျင့်ကြံခြင်း အခြေခံ ရှိကာ သင်္ဘောထက်၌ သူ့ကို မေးခွန်း ထုတ်ရဲသည့် ပထမဆုံး တစ်ယောက်လည်း ဖြစ်သည်။ အလင်းရောင်ပြန်ခြင်းနှင့် အောက်အဆင့်များကတော့ သူ့ကို မေးခွန်းထုတ်ရန် မဆိုထားနှင့် မျက်လုံးချင်း ဆိုင်၍ပင် မကြည့်ရဲကြချေ။
ကြည့်ရသည်က ဤဟင်းလင်းပြင် သင်္ဘောထက်တွင် ကျင့်ကြံခြင်း အခြေခံနှင့် တိုက်ရိုက် အချိုးကျသည့် အထက်အောက် ဆက်ဆံရေးက အတော်လေး တင်းကြပ်ပုံပင်။
မိန်းကလေးမှာ ဝေ့ဝူယင်၏ အကြည့် စူးစူးကြောင့် အနည်းငယ် နေရထိုင်ရ ခက်သွားဟန် ရ၏။ သို့သော်လည်း သူမက ဟန်ကိုယ့်ဖို့ ပုံစံဖြင့် မျက်မှန်ကို နောက်တစ်ကြိမ် ပင့်တင်လိုက်ရင်း ကိုယ်နေဟန်ထားကို ပြင်ကာ တည်ကြည် ခန့်ညားသည့် ပုံစံကို ဆက်လက် ထိန်းသိမ်းဖို့ ပြင်လိုက်သည်။ ထို့နောက် သူမက ဘာမှ မဖြစ်သည့် ပုံစံဖြင့် ပြန်လည် ဖြေလိုက်၏။
“ရတယ်... ရတယ်... ဘာမဖြစ်ဘူး... ရှင်ရော...”
“ကျုပ်က အဆင်ပြေပါတယ်...”
ဝေ့ဝူယင်က ပခုံးတွန့်ပြလိုက်ရင်း သူ့ကို ထူးဆန်းစွာ လှမ်းကြည့်နေသည့် အခြားလူများကိုပါ မျက်စပစ် ပြလိုက်သည်။
ထို့နောက် သူက ခန်းမ အလယ်ရှိ အချိန်သခင်ကို တစ်ချက် လှမ်းကြည့်လိုက်၏။ ထိုလောကီ မျက်လုံး အဆင့်မှာ သူ့ကို သတိထားမိဟန်ပင် မရချေ။ မည်သည့်ပင် ဆိုစေ... အခန်းမှာ အကျယ်ပင် ကျယ်ဝန်းလှကာ အထဲ၌ အလုပ်လုပ် နေသည့် အရေအတွက်က သောင်းဂဏန်း အထိပင် ရှိသည်။ အားလုံး၏ လှုပ်ရှားမှုများကို အချိန်တိုင်း စောင့်ကြည့်နေဖို့က ခက်ခဲသော အလုပ် တစ်ခု ဖြစ်သည်။ ထို့အပြင်... အချိန်သခင်က ခန်းမ အလယ်တွင် ဖြစ်ကာ သူတို့က အစွန်အဖျား တစ်နေရာတွင်သာ ဖြစ်ပေသည်။
“ကြည့်ရတာ ငါ ဒီလို ဆက်ထိန်းထားဖို့ မဖြစ်နိုင်တော့ဘူး ထင်တယ်...”
တစ်စတစ်စ ပိုမို များပြားလာသည့် အာရုံစူးစိုက်မှုများကို သတိထားမိပြီးနောက် ဝေ့ဝူယင် မရှုနိုင် မကယ်နိုင် သက်ပြင်းတစ်ချက် ချလိုက်မိ၏။ ပေါ့ပေါ့ပါးပါး ခရီးသွား တစ်ယောက် အနေဖြင့် သင်္ဘောထက်၌ လှည့်ပတ်သွားလာကာ အခြားလူများ နည်းစနစ်တကျ ပူးပေါင်း လုပ်ဆောင်နေသည်ကို ကြည့်ကာ သူ ပျော်ရွှင်နေခြင်း ဖြစ်သည်။
“ငါ့မှာလည်း မာလိန်မှူး တစ်ယောက်တော့ ရှိသင့်တယ်...”
ဝေ့ဝူယင်က တွေးလိုက်မိ၏။ လက်ရှိ၌ သူ၏ ရှေးဟောင်း သင်္ဘောကြီးကို သူ ကိုယ်တိုင်သာ လည်ပတ် မောင်းနှင် နေရခြင်း ဖြစ်သည်။ ထိုအရာကပင် လက်ရှိ အခြေအနေကို ရောက်ရှိစေခဲ့ခြင်း ဖြစ်သည်။
ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်မိ၏။ ဘယ်လိုပဲ ဖြစ်ဖြစ်... နောက်ထပ် အရိပ်ဥ တစ်ခုထဲ မရောက်တာ ကံကောင်းသည်ဆို ဆိုရပေမည်။
“ဒါနဲ့ ရှင့်နာမည်နဲ့ ဌာနက...”
မိန်းကလေးက ဝေ့ဝူယင်ကို ခေါင်းအစ ခြေအဆုံး နောက်တစ်ကြိမ် သေချာ ကြည့်ရင်း စစ်ဆေးလိုက်၏။ ဝေ့ဝူယင်က ပခုံးတွန့်ပြလိုက်သည်။
“ကျုပ်က ခင်ဗျားတို့ သင်္ဘောပေါ်က မဟုတ်ဘူးဗျ... မနေ့ညက ကျုပ် အနားယူနေတဲ့ အချိန်မှာ ခင်ဗျားတို့က ကျုပ်ရဲ့ သင်္ဘောကို တစ္ဆေ သင်္ဘောလို့ ထင်ပြီး ဒီအပေါ် ဆွဲတင်ထးတာ... ဒီမနက် ကျုပ် နိုးလာတော့ ခင်ဗျားတို့ လုပ်နေတာတွေ စိတ်ဝင်စားလို့ လျှောက်ပတ် ကြည့်နေတလလေ”
“...”
ချက်ချင်းပင် ထိန်းချုပ်ခန်း တစ်ခုလုံးရှိ လူများမှာ လန့်ဖျန့်သွားကြကာ သူတို့ လုပ်ငန်း ဆောင်တာများကို ခဏရပ်၍ အသံလာရာကို လှည့်ကြည့်လိုက်၏။ ဝေ့ဝူယင်၏ အသံက ကြည်လင် ရှင်းလင်းလှသည့် အပြင် အသံလှိုင်းများကို မြှင့်တင်ပေးနိုင်သည့် ထိန်းချုပ်ခန်း အတွင်းတွင် ဖြစ်လေရာ အားလုံး ရှင်းလင်းစွာ ကြားလိုက်ရပေသည်။ ထိုအထဲ၌ ခန်းမ ဗဟို၌ ထိုင်နေသည့် အချိန်သခင်လည်း အပါအဝင်ပင်။
မိန်းကလေးမှာ ဆွံ့အသွား၏။ သင်္ဘောသား မဟုတ်ဘူးလား...။ နောက်ပြီး တစ္ဆေ သင်္ဘော...။ ရုတ်တရက် လွန်ခဲ့သည့် ဆယ့်နှစ်နာရီလောက်က သူတို့ ဆွဲလာခဲ့သည့် ရှေးဟောင်း စွန့်ပစ် သင်္ဘောတစ်စင်းကို ပြန်လည် သတိရမိသွားသည်။ သို့သော်လည်း အစီရင်ခံစာများ အရဆိုလျှင် အထဲတွင် အသက် အော်ရာများ မရှိ ဆိုသည်။ ယခု မည်ကဲ့သို့ ဖြစ်လေသနည်း။
“ဒီသင်္ဘောပေါ်က မဟုတ်ဘူး ဟုတ်လား...”
မိန်းကလေးက သူမ နားကြားများ မှားလေသည်လား ဟု တွေးမိကာ နောက်တစ်ကြိမ် ထပ်မေးလိုက်၏။ ထိုလူငယ်၏ စကားကို သူမ မယုံကြည်နိုင် ဖြစ်နေသေးဆဲပင်။
“ဟုတ်တယ်...”
ဝေ့ဝူယင်က ခေါင်းညိတ်ပြလိုက်ကာ သူ့ကို လှမ်းကြည့်နေသည့် လောကီမျက်လုံး အဆင့် ကျင့်ကြံသူဘက်သို့ လှည့်လိုက်သည်။
“ကျုပ် တိုက်ရိုက်ပဲ ပြောတော့မယ်...”
“ဝှစ်...”
မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ဝေ့ဝူယင်မှာ မူလ နေရာမှ ပျောက်ကွယ်သွားကာ အချိန်သခင် ရှေ့သို့ ရောက်ရှိသွား၏။
“ကျုပ် ဒီသင်္ဘောကြီးကို ဝယ်ချင်တယ်...”
ဝေ့ဝူယင်၏ အသံက ခန်းမကြီး အတွင်း ပဲ့တင်ထပ်ကာ ထွက်ပေါ်လာ၏။ သူ၏ လှုပ်ရှားမှုက အလွန် မြန်ဆန် လွန်းရကား လောကီမျက်လုံး အဆင့်မှ တစ်ပါး အားလုံးမှာ မူလ နေရာကိုပင် စိုက်ကြည့်နေကြဆဲ ဖြစ်သည်။ အချိန်သခင်ကတော့ ပန်းကန်ပြားလောက် ပြူးကျယ်သည့် မျက်လုံးများနှင့် ဝေ့ဝူယင်ကို စိုက်ကြည့်နေ၏။ ထိုလူငယ်က အဘယ်ကြောင့် ထိုမျှ မြန်ဆန်ရသနည်း။
ရုတ်တရက် ကျောရိုးများ အေးစိမ့် လာသလိုပင် သူ ခံစားလိုက်ရသည်။ ဝေ့ဝူယင်က လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် မဟုတ်သည်ကိုပင် သူ စတင်ကာ သံသယ ရှိလာခဲ့၏။ အော်ရာက မြေဆွဲအား လွတ်မြောက်ခြင်း အဆင့် တစ်ယောက် ဖြစ်ကြောင်း သက်သေခံနေသည့်တိုင် အမြန်နှုန်းက သိသာ ထင်ရှားစွာပင် ထိုအဆင့် မဟုတ်ချေ။
“ဒီတော့ ခင်ဗျား ဘယ်လို သဘောရလဲ... သဘောတူတယ် ဆိုရင် ကျုပ်တို့ တန်ဖိုးကိုပဲ ပြောကြတာပေါ့”
ထို့နောက် သူက လက်တစ်ဖက် ဝှေ့ယမ်းကာ ကြယ်တာရာ ကျောက်တုံး သိန်းပေါင်းများစွာ ထိုက်တန်သည့် အထွတ်အထိပ် အဆင့် လောကရေလွှမ်းခြင်း ဆေးတစ်လုံးကို ထုတ်ယူ လိုက်သည်။ ၎င်းက နေကြယ် အသေးစား တစ်ခုနှယ် သူ့လက်ဝါးထက်တွင် မြောလွင့်နေကာ အပြာရောင် အလင်းတန်းများကို ထုတ်လွှတ် နေခဲ့၏။
အချိန်သခင်၏ အမူအရာက ဆေးလုံး၏ အော်ရာကို ကြည့်ကာ ပြောင်းလဲသွား၏။ ၎င်းက အဆင့်ကိုး ဆေးလုံး တစ်ခု ဖြစ်သည်။ ထို့အပြင်... မသန့်စင်သည့် အဆင့် မဟုတ်ချေ။ နှစ်ပေါင်း တစ်ထောင်နီးပါး အသက်ရှင်ခဲ့သည့် သက်တမ်း တစ်လျှောက်လုံးတွင် သူ ထိုကဲ့သို့ ဆေးလုံးမျိုးကို တစ်ခါမှ မသုံးခဲ့ဖူးချေ။
တစ်ချိန်တည်း၌ ထိန်းချုပ်ခန်း အတွင်းရှိ သောင်းနှင့်ချီသည့် လူများ၏ အသက်ရှူသံများမှာ လေးပင် လာခဲ့၏။ ဆေးလုံး၏ တောက်ပမှုက သူတို့ကို လွှမ်းခြုံထားကာ ပြင်းပြသော လိုအင်ဆန္ဒများက ခန္ဓာကိုယ် တစ်ခုလုံးတွင် လောင်ကြွမ်း လာခဲ့သည်။
အချိန်သခင်က ဝေ့ဝူယင်၏ လက်ထဲ၌ ကိုင်ထားသည့် ဆေးလုံးကို စိုက်ကြည့်ရင်း တံတွေး တစ်ချက် မြိုချလိုက်၏။
“ဘာလို့ ဝယ်ချင်တာလဲ...”
ဝေ့ဝူယင်က ဆေးလုံးကို မြှောက်ကာ ပြန်ဖမ်းရင်း ဆော့ကစား လိုက်၏။ အချိန်သခင်မှာ ဝေ့ဝူယင်၏ လုပ်ရပ်ကြောင့် အံ့အားသင့်သွားကာ အလိုအလျောက်ပင် လက်ကို ဆန့်ထုတ် လိုက်မိသည်။ သို့သော်လည်း.. ဝေ့ဝူယင်၏ အင်္ကျီတစ်စကို မထိနိုင်ခင်မှာပင် အလွန် ကြီးမားသည့် ဝိညာဥ်ဖိအား တစ်ခု ပေါ်ထွက်လာကာ သူ့ ကျင့်ကြံခြင်းကို ကန့်သတ်ပစ်လိုက်၏။
အချိန်သခင်၏ မျက်လုံးများမှာ ပေါက်ထွက်မတတ် ပြူးကျယ်သွား၏။
“ကြောက်ဖို့ ကောင်းလိုက်တဲ့ ဝိညာဥ်အင်အား...”
ထိုဝိညာဥ်အော်ရာက သူ့ခန္ဓာကိုယ် တစ်ခုလုံးကို ချိပ်ပိတ်ပစ်လု နီးပါးပင်။ နဖူးထက်မှ ချွေးစီးများ ထွက်ပေါ်လာကာ သူ၏ ခန္ဓာကိုယ်က တစ်ချက် တုန်ရီသွားသည်။
“ဘာလို့ ဝယ်ချင်ရတာလဲ ဆိုတော့ ကျုပ် ဝယ်ချင်လို့ပေါ့... တကယ် အရေးပါတဲ့ မေးခွန်းက ခင်ဗျား ရောင်းချင်လား မရောင်းချင်ဘူးလား ဆိုတာပဲ”
ဝေ့ဝူယင်က တည်ငြိမ်စွာပင် ပြောလိုက်သည်။ ထို့နောက် သူက ဝိုင်းကြည့် နေကြသည့် သင်္ဘောသားများကိုပါ တစ်ချက် ဝှေ့ကြည့်လိုက်၏။
“ခင်ဗျားတို့ အားလုံးကိုပါ ပြောတာ... ကျုပ် အတွက် အလုပ်လုပ်ပေးဖို့ ဆန္ဒ ရှိကြလား...”