← Chapters

ကိုယ်ပျောက်ကြီး

Vol. 51 Ch. 710

ကိုယ်ပျောက်ကြီး

Vol. 51 Ch. 710

“ကပ္ပတိန်... ဒီမှာ ကိုယ်ပျောက်ကြီးရဲ့ အစီအရင်တွေ၊ ဝင်္ကပါတွေ၊ လည်ပတ်ပုံတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာ အပြည့်အစုံပါ... နောက်ဆုံးမှာ သင်္ဘောပေါ်က အလုပ်သမားတွေနဲ့ သူတို့ရဲ့ ကျင့်ကြံခြင်း အခြေခံတွေ အကြောင်းပါ မှတ်တမ်းတင်ထားပါတယ်”

သင်္ဘောကြီး၏ အမျိုးမျိုးသော ဝင်္ကပါများနှင့် လည်ပတ် မောင်းနှင်မှုများကို တိုက်ရိုက် ထိန်းချုပ်ထားသည့် ဗဟို ခန်းမထဲတွင် ခိုင်မာသည့် အသံတစ်ခု ထွက်ပေါ်လာခဲ့၏။

အသံပိုင်ရှင်က လေးထောင့် သဏ္ဌာန် မျက်မှန် ဝတ်ဆင်ထားသည့် မြေဆွဲအား လွတ်မြောက်ခြင်း အဆင့် မိန်းကလေးပင် ဖြစ်သည်။ သူမ၏ နာမည်က ရှောင်ရီ ဖြစ်ကာ သင်္ဘောထက်ရှိ အရာရှိ တစ်ယောက်လည်း ဖြစ်သည်။ မိန်းကလေးက ဆဋ္ဌဂံ သဏ္ဌာန် ကျောက်စိမ်းပြားလေး တစ်ခုကို ကွန်မန်ဒါ ထိုင်ခုံတွင် ကျကျနန ထိုင်နေသည့် တစ်စုံတစ်ယောက်ထံ ကမ်းပေးလိုက်၏။

သူ့ နံဘေးနားရှိ ထိုင်ခုံ နှစ်ခုတွင်တော့ ယောက်ျား နှစ်ယောက် ရှိနေ၏။ သူတို့၏ မျက်လုံးများက ဝိညာဥ် အလင်းများဖြင့် တဖျပ်ဖျပ် တောက်ပနေကာ ဆက်သွယ်ရေး ကိရိယာများမှ တစ်ဆင့် အဆက်မပြတ် ညွှန်ကြား နေသည်။ သူတို့၏ အရှေ့တွင်တော့ မြေပြင် အခြေအနေ အသေးစိတ်ကို အချိန်နှင့် တစ်ပြေးညီ ဖော်ပြနေသည့် အလင်း မျက်နှာပြင်ကြီး တစ်ခု ရှိ၏။

အလယ်ထိုင်ခုံ၌ ထိုင်နေသည့် လူကတော့ ဝေ့ဝူယင်ပင် ဖြစ်လေသည်။ သူက ဆုံလည် ထိုင်ခုံကို လှည့်ကာ ရှောင်ရီဘက်ကို မျက်နှာမူလိုက်သည်။

“အသေးစိတ် စစ်တမ်းလား...”

“ဟုတ်ပါတယ် ကပ္ပတိန်...”

ရှောင်ရီက ခန္ဓာကိုယ်ကို ဓားတစ်စင်းလို ဖြောင့်တန်းနေအောင် ဆန့်ရင်း ပြန်ဖြေလိုက်၏။ ဝေ့ဝူယင်က ခေါင်းတစ်ချက် ညိတ်လိုက်ကာ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်၏။ ကျောက်စိမ်းပြားမှာ လေပေါ်သို့ ပျံတက်လာကာ သူ့လက်ဝါးထက် ရောက်ရှိလာသည်။ ထို့နောက်... အတွင်းရှိ အချက်အလက်များကို သေချာစွာ စစ်ဆေးရန် အတွက် ဝေ့ဝူယင် မိနစ် အနည်းငယ်ခန့် ကြာအောင် အချိန်ယူလိုက်ရ၏။

ကျောက်ပြားကို စစ်ဆေးပြီးနောက် ဝေ့ဝူယင်က လက်တစ်ဖက် ဝှေ့ယမ်း ပြလိုက်၏။ ရှောင်ရီက ဦးတစ်ချက် ညွှတ်ကာ ဖြည်းညင်းစွာပင် ပြန်လည် ထွက်ခွာသွားသည်။

တစ်ခဏ ကြာအောင် အခန်း တစ်ခုလုံးမှာ ညွှန်ကြားသံများမှ တစ်ပါး ပြန်လည် တိတ်ဆိတ်သွားသည်။ ဝေ့ဝူယင် ထိုင်ခုံကို ရှေ့သို့ ပြန်လှည့်လိုက်၏။ ထို့နောက် ခြေထောက် နှစ်ဖက်ကို အရှေ့ရှိ ခုံပေါ် တင်ကာ အလင်း မျက်နှာပြင်ကို ပြန်ကြည့်လိုက်သည်။ ဤသင်္ဘောအား သိမ်းပိုက်နိုင်ခဲ့ခြင်းက အတော်လေး လွယ်ကူလှသည်ဟု သူ တွေးလိုက်မိသည်။

လွန်ခဲ့သည့် ရက်ပိုင်းက သူ့ ကမ်းလှမ်းမှုကို ကြားပြီးပြီးချင်း သင်္ဘောထက်တွင် အတော်လေး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သေးသည်။ သူတို့က ထိပ်တန်း ခေါင်းဆောင်ပိုင်း စုဝေးပွဲ တစ်ခုကိုပင် ကျင်းပ ခဲ့သေး၏။ ပထမ၌ သင်္ဘောကို ထိန်းချုပ်ရန် သတ်ပွဲဖြတ်ပွဲ အချို့ ပြုလုပ်ရမည် ဟုပင် သူ ထင်မှတ်ထားခဲ့သေးသော်လည်း အဂ္ဂိရတ် ထုတ်ကုန် အချို့ကို ပေးကမ်းလိုက်သည်နှင့် အားလုံးက သူ့လက်အောက်သို့ ခိုဝင်လာကြသည်။

အားလုံးထဲ၌ ကပ္ပတိန်ချန်းနှင့် ကပ္ပတိန် လျူဟု ခေါ်သည့် အချိန်သခင်များမှာ ပထမဆုံး ပူးပေါင်းလာသူများ ဖြစ်သည်။ အမှောင် ဟင်းလင်းပြင် အတွင်း၌ လေလွင့်ချင်ရာ လေလွင့်နေသည်ထက် စာလျှင် ဝေ့ဝူယင်နှင့် ပူးပေါင်းခြင်းက ပိုမို ကြွယ်ဝသည့် ရင်းမြစ်များ ရရှိရန် အကောင်းဆုံး နည်းလမ်း တစ်ခုပင် ဖြစ်သည်။ ထို့အပြင်... ရုပ်ရည်၊ ကျင့်ကြံခြင်း အခြေခံနှင့် အသက်အော်ရာ အရ ထိုလူငယ်က သာမန် ကျင့်ကြံသူ တစ်ယောက် မဖြစ်နိုင်ဟု သူတို့ ယုံကြည်သည်။

နာရီ အနည်းငယ် ကြာမြင့်သည့် ဆွေးနွေး ညှိနှိုင်းမှုများ အပြီး၌ ဝေ့ဝူယင်မှာ ကိုယ်ပျောက်ကြီးဟု သူတို့ အမည်ပေးထားသည့် သင်္ဘော၏ ပိုင်ရှင် တစ်ဖြစ်လည်း အဓိက ကပ္ပတိန် ဖြစ်လာခဲ့သည်။ ထို့နောက်... သူက မူလ ကပ္ပတိန် နှစ်ယောက်ကို လက်ထောက် ကပ္ပတန်များ အဖြစ် ပြန်လည် ခန့်အပ်ခဲ့သည်။ သုံးရက် ကြာမြင့်ခဲ့ပြီ ဖြစ်သည့်တိုင် သင်္ဘော၏ အတွင်းပိုင်း လည်ပတ်ပုံများနှင့် လိုအပ်ချက်များ အကြောင်း အသေးစိတ် စစ်တမ်းကိုတော့ သူ ယခုမှ ရရှိခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ကိုယ်ပျောက်ကြီး သင်္ဘော၏ သမိုင်းကြောင်းကိုတော့ ထိုအတောအတွင်း သူ လေ့လာသိရှိခဲ့ပြီး ဖြစ်ပေသည်။ ကပ္ပတိန် နှစ်ယောက်၏ အဆိုအရ... ကိုယ်ပျောက်ကြီး ဟူသော အမည်မှာ ၎င်း၏ မူလ ပိုင်ရှင် ထံမှ ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်။

သူက လျှို့ဝှက် ကြယ်တာရာ အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်ကာ... လျှို့ဝှက် အာဏာရှင် အဆင့်ကို တက်လှမ်းရန် ကျဆုံးပြီးနောက်တွင် တစ်ခုတည်းသော ပိုင်ဆိုင်မှု ဖြစ်သည့် ဤသင်္ဘောကြီး အတွက် ဘဝ တစ်သက်တာလုံး ရင်းနှီးကာ အစီအရင်များ၊ ဝင်္ကပါများ မွမ်းမံ တပ်ဆင်ခဲ့ခြင်း ဖြစ်သည်။

ကိုယ်ပျောက်ကြီးတွင် အဆင့် သိပ်မမြင့်မားသည့်တိုင် အရိပ်ဥနှင့် ဆင်တူသည့် လုပ်ငန်း ဆောင်တာများ ရှိသည်ဟု ဆိုနိုင်ပေသည်။ ၎င်းက ကြီးမားသည့် ထုထည်ကြီး တစ်ခုလုံးကို အမှောင် ဟင်းလင်းပြင်နှင့် တစ်သားတည်း အဖြစ် ပြောင်းလဲနိုင်ကာ လျှို့ဝှက် အာဏာရှင် အဆင့်အောက် မည်သည့် အမြင်အာရုံကို မဆို ဖုံးကွယ်နိုင်စွမ်း ရှိပေသည်။

လောလောဆယ်၌ ကိုယ်ပျောက်ကြီးမှာ ဟင်းလင်းပြင် ဓားပြ အဖွဲ့ တစ်ခု အဖြစ် အသက် မွေးဝမ်းကြောင်း ပြုနေကာ အထူးသဖြင့် သူတို့’ ပစ်မှတ်က အဆင့်နိမ့် ဟင်းလင်းပြင် သင်္ဘောများ ဖြစ်သည်။ သူတို့က သင်္ဘောများ ထက်၌ ပါလာသည့် စည်းစိမ်များကို သိမ်းဆည်းသည့် အပြင် ခရီးသွားများကိုပါ ဖမ်းဆီး၍ အချို့ နောက်ခံ တောင့်တင်းသူများကို ငွေကြေးနှင့် ပြန်လည် လဲသည့် ပြန်ပေးမှုများလည်း ပြုလုပ်လေ့ ရှိသည်။ တစ်ချိန်တည်း၌ သိသာ ထင်ရှားသည့် နောက်ခံ မရှိသူများကိုတော့ မှောင်ခို စျေးကွက်များမှ တစ်ဆင့် ပြန်လည် ရောင်းချသည်။

ကံကောင်းသည့် လူအချို့ကတော့ ကိုယ်ပျောက်ကြီးထက်တွင်ပင် ပြန်လည် အလုပ်ရကြကာ တစ်စိတ်တစ်ပိုင်း ဖြစ်လာကြသည်။ ကပ္ပတိန် လျူပင်လျှင် လွန်ခဲ့သည့် နှစ်ပေါင်း ရှစ်ရာခန့်က ကိုယ်ပျောက်ကြီး၏ ဖမ်းဆီးခံ တစ်ယောက် ဖြစ်ကာ နောက်မှ ဘက်ပြောင်း၍ တဖြည်းဖြည်းနှင့် ကပ္ပိတိန် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ ကပ္ပိတိန်ချန်းကတော့ ကိုယ်ပျေက်ကြီး ပေါ်တွင်ပင် မွေးဖွား ကြီးပြင်းလာသည့် ဓားပြ တစ်ယောက် ဖြစ်သည်။

ဤသည်က လောလောဆယ် ကိုယ်ပျောက်ကြီး၏ လည်ပတ်ပုံ ဖြစ်သည်။

ဝေ့ဝူယင် စစ်ဆေးကြည့်ရသလောက် သင်္ဘောထက်တွင် မိစ္ဆာ ကျင့်ကြံသူများ ပါဝင်သော်လည်း အရေအတွက်အားဖြင့် အနည်းအကျဥ်းသာ ဖြစ်သည်။ အများစုက သူလိုကိုယ်လိုပင် ပုံမှန် ကျင့်ကြံသူများ ဖြစ်ကြသည်။

သင်္ဘောကြီး၏ လည်ပတ်ပုံက အတော်လေး ရိုးရှင်းလှရာ သူတို့ မည်ကဲ့သို့ နှစ်ပေါင်းများစွာ အသက်ရှင် ခဲ့သည်ကိုပင် ဝေ့ဝူယင် အံ့အားသင့် နေမိသည်။

ကပ္ပိတိန် နှစ်ယောက်၏ အဆိုအရ ဆိုလျှင်... ကိုယ်ပျောက်ကြီးမှာ လွန်ခဲ့သည့် နှစ်များ အတွင်း ခေါင်းဆောင်များကို အဆက်မပြတ် ဆုံးရှုံးကာ ကြီးမားစွာ ထိခိုက်ခဲ့သည်ဟု ဆိုသည်။ လက်ရှိ၌ ခေါင်းဆောင် ဟူ၍ အချိန်သခင် အဆင့် သူတို့ နှစ်ယောက်သာ ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။

ကပ္ပတိန် နှစ်ယောက်ထံမှ တစ်ဆင့် ကိုယ်ပျောက်ကြီး၏ ဝင်ငွေ လမ်းကြောင်းများကိုလည်း ဝေ့ဝူယင် သိရှိရသည်။ ပြောရလျှင်... အလုပ်သမားပေါင်း နှစ်သန်းကျော်ကို ထောက်ပံ့ပေးထားနိုင်သည့် သူတို့၏ အဓိက ဝင်ငွေများမှာ အဆက်အသွယ်များထံမှ ရရှိလာခြင်း ဖြစ်သည်။ ဆိုလိုသည်က ကိုယ်ပျောက်ကြီးမှာ မြေအောက် လမ်းကြောင်းများမှ တစ်ဆင့် အမျိုးမျိုးသော ငှားယမ်းမှုများကို လက်ခံသည်။ ထို့နောက် သူတို့က သီးခြား ပစ်မှတ်များကို တိုက်ခိုက်ခြင်း၊ ပြန်ပေးဆွဲခြင်းများ ပြုလုပ် ပေးသည်။ ထိုအတွက် ငှားယမ်းသူများထံမှ အခကြေးငွေ ထပ်မံ ရရှိသည်။

ထို့အပြင် ဝေ့ဝူယင်မှာ မဟာစက်ဝန်း ကြယ်ကွင်းပြင် အတွင်း၌ လျှို့ဝှက် အာဏာရှင် အဆင့်များ၏ ရှားပါးမှုကိုလည်း ထပ်မံ ကြားသိရသည်။ ပထမ၌ ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေနှင့် အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေတို့မှာ အလွန် ဖွံ့ဖြိုး တိုးတက်သည့် ကျင့်ကြံခြင်း အဖွဲ့အစည်းများ ဖြစ်လေရာ လျှို့ဝှက် အာဏာရှင် အဆင့်များ နေရာတိုင်း၌ ရှိနေလိမ့်မည်ဟု ထင်မှတ် ထားခဲ့ခြင်း ဖြစ်သည်။ အထင်နှင့် အမြင် လွဲမှားစွာပင် ထိုကဲ့သို့ ကိစ္စမျိုး ရှိမနေပါချေ။

ထို့အပြင် အဂ္ဂိရတ် ပညာရှင်များ၏ ရှားပါးမှုနှင့် အဖိုးတန်မှုတို့ကိုလည်း သူ ကြားသိရသည်။ ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေတစ်ခုလုံးရှိ ထရီလျံ သန်းပေါင်းများစွာသော ကျင့်ကြံသူများထဲတွင် သေမျိုး အဂ္ဂိရတ် အာဏာရှင် အရေအတွက်မှာ စုစုပေါင်း ဆယ့်ကိုးယောက်သာ ရှိသည်။

ထို့ကြောင့်ပင် အဆင့်ကိုး ထုတ်ကုန်များမှာ အလွန်ပင် ရှားပါးလှပေသည်။ ကပ္ပတိန် လျူနှင့် ချန်းတို့ ဆိုလျှင် သူတို့ ဘဝ တစ်သက်တာလုံး၌ အဆင့်ကိုး ထုတ်ကုန် တစ်ခုကိုပင် မမြင်ဖူးချေ။ သူတို့ အသုံးပြုဖူးသည့် အဆင့်ရှစ် ထုတ်ကုန် အရေအတွက်ပင်လျှင် လက်ဆယ်ချောင်း မပြည့်ချေ။ ထို့ကြောင့်ပင် သူတို့၏ ကျင့်ကြံခြင်း အခြေခံများက အသက်အရွယ်နှင့် ယှဥ်လျှင် များစွာ နိမ့်ကျနေခြင်း ဖြစ်ပေသည်။ သူတို့ ဝေ့ဝူယင်ကို မှီခိုရန် ဆုံးဖြတ်ခဲ့ကြခြင်းက မထူးဆန်းတော့ချေ။

ဘယ်လိုပဲ ဖြစ်ဖြစ်... ဝေ့ဝူယင်ကတော့ သူတို့ကို သဘောကျသည်။ ကပ္ပတိန်လျူနှင့် ကပ္ပတိန်ချန်းတို့မှာ ခွန်အားကို ဆာလောင်နေကြသူများ ဖြစ်သည်။ အခွင့်အလမ်း တစ်ခု ပေါ်လာသည်နှင့် သူတို့က အသက်ကို ရင်း၍ လောင်းကြေး ထပ်ရန်ပင် ဆန္ဒ ရှိခဲ့ကြသည်။ ဝေ့ဝူယင် ကိုယ့်ကိုယ်ကိုပင် ပြန်လည် အမှတ်ရလိုက်မိ၏။ နေသွေးနီနီဂိုဏ်းတွင် နေထိုင်ခဲ့စဥ် အခါက သူ ကိုယ်တိုင်လည်း ခွန်အားနောက်ကို လိုက်ရန် ဘယ်အရာကို မဆို လုပ်ခဲ့ဖူးသည်။ ကိုယ်ပျောက်ကြီးကို ဝယ်ယူခဲ့ခြင်းက မှန်ကန်သည့် ဆုံးဖြတ်ချက် တစ်ခုဟုပင် ဝေ့ဝူယင် ခံစားလိုက်ရသည်။

“ကပ္ပတိန်လျူ...”

ဝေ့ဝူယင်က ခေါ်လိုက်၏။ ကပ္ပတိန်လျူ၏ ဝိညာဥ်အလင်းက အနည်းငယ် မှိန်ဖျော့သွားကာ ဝေ့ဝူယင်ဘက်သို့ တလေးတစား လှည့်ကြည့်လိုက်သည်။

“ဟုတ်တဲ့ ကပ္ပတိန်...”

“ကျုပ် ဖမ်းထားတဲ့ လူတွေကို လွှတ်ပေးစေချင်တယ်... ကိုယ်ပျောက်ကြီးပေါ်မှာ အလုပ်လုပ်ချင်တဲ့ လူတွေတော့ ဆက်နေပါစေပေါ့ဗျာ... ထွက်သွားချင်တဲ့ လူတွေကိုတော့ အနီးဆုံး နေရာတစ်ခုမှာ ချပေးလိုက်... ဒါပေမဲ့ သူတို့ ထွက်မသွားခင် ဝိညာဥ်ကျိန်ဆိုခိုင်းဦး”

“ဟုတ်ကဲ့ပါ... ကပ္ပတိန်...”

ကပ္ပတိန်လျူက ခေါင်းညိတ်လိုက်၏။ ကပ္ပတိန်ချန်းက ဝေ့ဝူယင်ကို အနည်းငယ် နားလည်သည့် ပုံစံဖြင့် လှမ်းကြည့် လိုက်သည်။

“ဒါနဲ့ ကပ္ပတိန်... လူတွေကို လွှတ်ပေးမယ် ဆိုတော့ ကျုပ်တို့ ဓားပြအလုပ်ကို ဆက်မလုပ်တော့ဘူးလို့ ပြောတာလား...”

ဝေ့ဝူယင်က ပြုံးရင်း ခေါင်းခါလိုက်၏။

“ဘယ်ကသာ... ဒါပေမဲ့ ဒီပမွှား ပစ်မှတ်လေးတွေကို ဘာလုပ်ရမှာလဲ... သက်သက် အလုပ် ရှုပ်တယ်... ကျုပ်ရဲ့ အဆင့်ကိုး ထုတ်ကုန် တစ်ခုတောင် သူတို့ကို သန်းနဲ့ချီ ဖမ်းတာထက် ပိုတန်ကြေး ရှိတယ်... ဒီတော့ ဘာလို့ ဒီအချိန်ကုန်တဲ့ အလုပ်ကို လုပ်ရမှာလဲ... ပိုက်ဆံက အဂ္ဂိရတ် ပညာရှင်တွေ အတွက် ခြေသလုံးမွေးပါဗျာ... အချက်အလက်နဲ့ လွှမ်းမိုးမှု... အဲဒါကမှ ကျုပ် လိုချင်တဲ့ ရှာဖွေနေတဲ့ ငွေကြေးပဲ”

ကပ္ပတိန်ချန်းနှင့် လျူတို့ နှစ်ယောက်မှာ ဝေ့ဝူယင် စကားကို နားထောင်ကာ ကျောရိုးများ နောက်တစ်ကြိမ် စိမ့်တက်သွားသလို ခံစားလိုက်ရ၏။ ထိုလူငယ်၏ အတွေးအခေါ်နှင့် မြင်နိုင်စွမ်းရည်က သူတို့၏ တွေးခေါ်မှု ဘောင်အပြင်ဘက်၌ ရှိနေသည့်ပုံပင်။

ဝေ့ဝူယင်မှာ မေးစေ့ကို ပွတ်ကာ ငြိမ်သက်စွာ စဥ်းစားနေ၏။ မကြာခင်မှာပင် သူ့ ငွေရောင် မျက်လုံးများက တဖျပ်ဖျပ် တောက်ပလာကာ အပြန်အလှန် ဆက်နွယ်နေသည့် အစီအစဥ် ကွန်ယက် တစ်ခု ဖြည်းညင်းစွာ အသက်ဝင်လာခဲ့တော့၏။

All Chapters