သာလွန်ခြင်း အဆင့် ဝိညာဥ် နတ်ဘုရား ဆေးရည်
Vol. 51 Ch. 711
ကိုယ်ပျောက်ကြီးကို ဝေ့ဝူယင် ဝယ်ယူခဲ့သည်မှာ သုံးလ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ထိုအတောအတွင်း ကိုယ်ပျောက်ကြီး၏ လည်ပတ်မှုက မပြောင်းလဲသည့်တိုင် ပစ်မှတ်နှင့် နည်းလမ်းများကတော့ သိသိသာသာပင် ပြောင်းလဲ သွားခဲ့သည်။
သူတို့က ကုန်ပစ္စည်းနှင့် ခရီးသည်တင် ဟင်းလင်းပြင် သင်္ဘောများကို ဆက်လက် ဓားပြတိုက်နေဆဲ ဖြစ်သော်လည်း ဖမ်ဆီးခံထားရသူများကိုတော့ ဓားစာခံ အဖြစ် မထားပဲ ပြန်လွှတ်ပေးခဲ့သည်။ သုံးလ အတင်း ခုခံတိုက်ခိုက်မှု အချို့နှင့် ကြုံတွေ့ရသည့်တိုင် ကိုယ်ပျောက်ကြီး၏ အဆင့်မြင့် တိုက်ခိုက်ရေး သမားများနှင့် ဝင်္ကပါများမှာ ကောင်းစွာ ကိုင်တွယ်နိုင်ခဲ့ပေသည်။
ဝေ့ဝူယင်မှာ အခင်းဖြစ်ပွားရာ နေရာများကို တစ်ခါမျ သွားမကြည့်သော်လည်း တစ်ခါတစ်ရံ လိုအပ်သည့် အခါမျိုး၌ ကြယ်တာရာ အင်အားကို ဖြန့်ကျက်ပြီး ကူညီပေးသည်။ လပိုင်းအတွင်းမှာပင် ဝေ့ဝူယင်၏ လျှင်မြန်ပြီး အစွမ်းထက်သည့် နည်းလမ်းများက သင်္ဘောသားများ အကြား၌ နတ်ဘုရား တစ်ပါးလို ပုံရိပ် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
ပထမပိုင်း၌... သင်္ဘောသား အချို့မှာ ခရီးသွားများကို ချက်ချင်း ပြန်လွှတ်ပေးသည့် ဗျူဟာ အပေါ် သံသယ ရှိခဲ့ကြသော်လည်း ဝေ့ဝူယင်က အဆင့် ခြောက်၊ ခုနစ်၊ ရှစ် ထုတ်ထုတ်များနှင့် ကြယ်တာရာ ကျောက်တုံးများကို ထောက်ပံ့ပေးသော အခါတွင်တော့ ကျေနပ် သွားခဲ့ကြသည်။
ထိုသုံးလ ဆိုသော ကာလက သင်္ဘောသား နှစ်သန်းကျော် အတွက်တော့ တကယ့်ကို စိတ်လှုပ်ရှားစရာ အကောင်းဆုံး အချိန်ကာလ ဖြစ်ခဲ့သည်။ ခေါင်းဆောင် ပြောင်းလဲပြီးချိန်မှ စ၍ သူတို့၏ ကျင့်ကြံခြင်း အခြေအနေက ပိုမို ကောင်းမွန်လာကာ များစွာ တိုးတက်လာခဲ့သည်။ သဘာဝ ရင်းမြစ်များ၊ အမတေ ကျောက်တုံးများကို သန့်စင်ရသည်မှာ ရက်သတ္တပတ်၊ လပေါင်းများစွာ ကြာမြင့်သည့်တိုင် အဂ္ဂိရတ် ထုတ်ကုန်များကို သန့်စင်ရသည်က အလွန်ပင် လွယ်ကူလှသည်။
လွန်ခဲ့သည့် တစ်လခန့်ကျော်ခန့်က ကိုယ်ပျောက်ကြီးမှာ အနီးဆုံး ဂြိုဟ်တစ်ခုပေါ် ဆင်းသက်ကာ ဝင်္ကပါ ဒီဇိုင်းများ အတွက် လိုအပ်သည့် ကုန်ကြမ်းများကို တပ်ဆင်ခဲ့သေးသည်။ ထိုတစ်လ အတွင်းမှာပင် ကိုယ်ပျောက်ကြီး၏ ထိခိုက်ထားသည့် နေရာများစွာကို သင်္ဘောထက်ရှိ ဗိသုကာနှင့် ပန်းပဲ ပညာရှင် များစွာက လျှင်မြန်စွာ အစားထိုး ပြင်ဆင် ခဲ့ပြီး ဖြစ်သည်။
ဝေ့ဝူယင်မှာ ကိုယ်ပျောက်ကြီးဖြင့် ခရီးသွားရင်း ဝိညာဥ်မြှင့်တင်ခြင်း နယ်မြေ၏ အရွယ်အစား အပေါ် အံ့သြမဆုံး ဖြစ်နေခဲ့သည်။
မိစ္ဆာ အဖွဲ့အစည်း ဖြစ်သည့် အစစ်အမှန် မွေးဖွားခြင်းမှာ သူ့ကို အလင်းပြာဂြိုဟ်ထက်မှ အရိပ်ဥထံ ရောက်အောင် တစ်လအတွင်း ပို့ဆောင် ပေးခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ပြန်သွားရသည်က အလွန်ပင် ကြာမြင့်ကာ ဝေးကွာလွန်းသည်။ သို့တိုင်အောင် ကိုယ်ပျောက်ကြီးမှာ သူ့ရှေးဟောင်း သင်္ဘောထက် စာလျှင် ပိုမို ကောင်းမွန်သည့် ယာဥ်တစ်စင်း ဖြစ်သည်။ ပျမ်းမျှ အမြန်နှုန်းကတော့ အတူတူလောက်ပင် ဖြစ်၏။
ကပ္ပတိန် နှစ်ယောက်၏ စကား အရဆိုလျှင်... အမြင့်ဆုံးသော အမြန်နှုန်းကို သုံးလျှင်ပင် အလင်းပြာကို ရောက်ရှိရန် အနည်းဆုံး သုံးနှစ် ကြာမည်ဟု သိရသည်။ ဝေ့ဝူယင်မှာ ဂြိုဟ်များ၊ လများကို ဖြတ်သန်းကာ ခရီးသွားလာနေသည့် ကျင့်ကြံသူများ၏ အချိန်များ မည်သို့မည်ပုံ ကုန်ဆုံးနေသည်ကို တွေးကာ အံ့သြ၍ပင် နေမိခဲ့သည်။
မဟာစက်ဝန်း ကြယ်ကွင်းပြင် အတွင်း၌ ဟင်းလင်းပြင် ဂိတ်တံခါးများ တည်ရှိသည့်တိုင် ဟင်းလင်းပြင် ခိုင်ခံ တည်ငြိမ်မှုတို့ကြောင့် စျေးနှုန်းက ကြီးမြင့်လွန်းလှသည်။ ထို့ကြောင့်ပင် များသောအားဖြင့် ကျင့်ကြံသူများမှာ ခရီးတိုများ အတွက် ဟင်းလင်းပြင် သင်္ဘောများကိုသာ ပိုမို၍ အသုံးပြုလေ့ ရှိသည်။ အကယ်၍ ထို့ပိဟန်သာ ဤနေရာတွင် ရှိပါက သူ အသုံးပြုဖူးသည့် ခမ်းနားပြီး စျေးနှုန်း သက်သာသော ဟင်းလင်းပြင် သင်္ဘောများ အကြောင်း ဝေ့ဝူယင်ကို မမောနိုင် မပန်းနိုင် ရှင်းပြလိမ့်မည် ဖြစ်သည်။
ဝေ့ဝူယင်မှာ သူ့အချိန်များကို ထိုကဲ့သို့ပင် ကုန်ဆုံးနေကာ ရံဖန်ရံခါ၌ အစီအစဥ်များကို ချမှတ် စဥ်းစားခြင်းများ ပြုလုပ်သည်။ သို့သော်လည်း... လက်ဝါးထက်ရှိ “စစ်” ဆိုသော အမှတ်အသားက သူ့တွင် အချိန်များစွာ မရှိကြောင်း သတိပေးနေပေသည်။ နောက်ဆုံးရက်က နီးလာနေပြီ ဖြစ်သည်။ ကောင်းကင်တာအိုမှာ သူ့ကို အဆက်မပြတ် အလင်းပြာဂြိုဟ်သို့ မြန်မြန် သွားရောက်အောင် လွှမ်းမိုးနေသည်။ အကယ်၍ သူသာ ချက်ချင်း မရောက်ပါက ထိုကမ္မ ကံကောင်းမှုက လုံးဝ လွဲချော်သွားတော့မည် ဖြစ်သည်။
လောလောဆယ်၌ ဝေ့ဝူယင်မှာ ချိပ်ပိတ်ထားသည့် ကပ္ပတိန် နားနေခန်းထဲတွင် ထိုင်နေခဲ့ကာ ပိုင်လင်ကတော့ သူ့နံဘေးတွင် ဝပ်နေ၏။ သူ၏ အရှေ့တွင်တော့ လေးငယ်သော ပုလင်း လေးလုံး ရှိနေခဲ့သည်။
ပုလင်းများကို ဖောက်ထွင်း မြင်ရသည့် သလင်းကျောက်သားများဖြင့် ပြုလုပ်ထားကာ အတွင်း၌ လျှို့ဝှက် သင်္ကေတများမှာ ဖြည်းညင်းစွာ ကူးခပ်နေသည်။ ဝေ့ဝူယင်မှာ ထိုဆေးရည် လေးပုလင်း လေးခုကို သူ့တွင် နောက်ဆုံး ကျန်ရစ်သည့် လျှို့ဝှက် တာရာ သတ္တုရိုင်း အပိုင်းအစကို အသုံးပြုကာ ဖန်တီးထားခြင်း ဖြစ်သည်။
လောကပင်လယ်များ အတွင်း၌ ရှိနေသည့် လျှို့ဝှက် ရည်ရွယ်ချက် မျိုးစေ့ သင်္ကေတများမှာ သာလွန်ခြင်း အဆင့် ထုတ်ကုန်များ ဖန်တီးနိုင်အောင် တိုက်ရိုက် မကူညီနိုင်သေးသည့်တိုင် သူ၏ အဂ္ဂိရတ် စွမ်းရည်ကိုတော့ များစွာ တိုးတက် လာစေခဲ့သည်။ အကယ်၍ မျက်စိမှိတ်ကာ ပေါ့ပေါ့ပါးပါး ဖော်စပ်မည် ဆိုလျှင်ပင် ထွက်ပေါ်လာမည့် ထုတ်ကုန်က အဆင့်နိမ့် အရည်အသွေးထက်တော့ ကျိန်းသေ မြင့်မားလိမ့်မည် ဖြစ်သည်။
“သာလွန်ခြင်း အဆင့် ဝိညာဥ်နတ်ဘုရား ဆေးရည်...”
၎င်းက အဆင့်ကိုး အဆင့်မြင့် ဆေးရည်ပင် ဖြစ်ကာ ကျင့်ကြံသူ တစ်ယောက်၏ ဝိညာဥ်ဆင်းတုကို သဘာဝ အကန့်အသတ်ထက် ကျော်လွန် ကြီးထွားစေနိုင်သည့် ဆေးရည် တစ်မျိုး ဖြစ်သည်။ ထို့အပြင်... ၎င်းမှာ မသန့်စင် ရသေးသည့် ဝိညာဥ် ပုံရိပ်ယောင် စွမ်းရည်ကို မြှင့်တင်ကာ ကွင်းကိုးကွင်း ဝိညာဥ်ဆင်းတုများကို ဆယ်ကွင်း အထိ မြှင့်တင်ပေးနိုင်စွမ်းလည်း ရှိသည်။
ဝေ့ဝူယင်မှာ ဝိညာဥ်ဆင်းတု၊ အာကာသလှိုင်းများ၊ မူလ အလင်း၊ မြေဆွဲအား ဗဟိုထုတို့တွင် အစွမ်း အထက်ဆုံး ကျင့်ကြံခြင်း အခြေခံများကို ပိုင်ဆိုင်ထားသည်ဟု ကိုယ့်ကိုယ်ကို ယုံကြည်ချက် အပြည့်အဝ ရှိသည့်တိုင် လက်ဝါးထက်ရှိ “စစ်” ဆိုသော သင်္ကေတက သူ၏ လက်ရှိ ခွန်အားမှာ အခွင့်အရေးကို သိမ်းပိုက်ရန် မလုံလောက် ဟူသော ခံစားချက် တစ်မျိုးကို ပေးစွမ်းနေခဲ့သည်။
သို့သော်လည်း ထိုအရာက ခံစားချက် တစ်ခုသာ ဖြစ်သည်။ လောက အပြောင်းအလဲ သို့မဟုတ် ကောင်းကင်တာအိုမှ လာသည့် လွှမ်းမိုးမှု မဟုတ်ပဲ သူအတိုင်း ခံစားချက် တစ်ခုသာ ဖြစ်သည်။
ဘယ်လိုပဲ ဖြစ်ဖြစ် ဝေ့ဝူယင်ကတော့ မပေါ့ဆ ဝံ့ချေ။ ထို့ကြောင့်ပင် သူက နောက်ဆုံး လက်ကျန် လျှို့ဝှက် တာရာ သတ္တုရိုင်းကို သုံးကာ သာလွန်ခြင်း အဆင့် ဝိညာဥ နတ်ဘုရား ဆေးရည်ကို ဖော်စပ်ခဲ့ခြင်း ဖြစ်သည်။ အထွတ်အထိပ် အဆင့် ဝိညာဥ် နတ်ဘုရား ဆေးရည် ပင်လျှင် ဆယ်ခုမြောက် ဝိညာဥ်ကွင်းကို ဖော်ထုတ် ပေးနိုင်ရာ သာလွန်ခြင်း အဆင့်က ဘယ်လိုစွမ်းကြောင်း သူ သိလိုသည်။
ယခုတစ်ကြိမ်တွင်လည်း သူ၏ ကြယ်တာရာ ဝိညာဥ်များမှာ သာလွန်ခြင်း အဆင့် အဆင့်ကိုး ထုတ်ကုန်ကို စားသုံးရန် အလျင်မလိုကြပါချေ။ အမြဲတမ်း လိုလို မဆင်မခြင် လုပ်တတ်သည့် အိုရီ ပင်လျှင် စိုးရိမ်ကာ တိတ်ဆိတ် နေခဲ့သည်။ သူတို့၏ အဆိုအရ ဆိုလျှင် ဝိညာဥ်ဆင်းတုများ အတွင်းရှိ လက်ကျန် ဝိညာဥ် ပုံရိပ်ယောင် စွမ်းအင် အားလုံးမှာ ဆယ်ခုမြောက် ဝိညာဥ်ကွင်း အဖြစ် သန့်စင် ခံခဲ့ရပြီး ဖြစ်သည်။ သူတို့ထံတွင် ဘာမှ မကျန်တော့ချေ။
ဝေ့ဝူယင်မှာ ကြမ်းပြင်ကို လက်ဖြင့် တဒေါက်ဒေါက် ခေါက်နေကာ ပုလင်းလေးများကို စိက်ကြည့် နေခဲ့၏။ သူ၏ စိတ်ကတော့ ထိုထုတ်ကုန်လေးများမှာ ကြီးကျယ် ခမ်းနားသည့် အရာ တစ်ခု အတွက် အစပျိုး ဖြစ်လိမ့်မည် ဖြစ်ကြောင်း ပြောပြနေသည်။
ဝေ့ဝူယင်၏ စိတ်မှာ အတော်လေး ချီတုံချတုံ ဖြစ်နေ၏။ ကိုယ်ဖော်စပ်ထားသည့် ဆေးကြောင့်သာ သေရမည် ဆိုပါက ထိုအရာက အတော်လေး အရှက်ရစရာ ကောင်းလိမ့်မည် ဖြစ်သည်။ ပိုင်လင်ကတော့ သူ့ပေါင်ထက် ခေါင်းတင်ကာ လုပ်ဖို့ တွန်းအားပေးနေ၏။ သခင်ဖြစ်သူ အကြောင်း သူမ အသိဆုံး ဖြစ်သည်။ ထိုဆေးရည်ကို ဖော်စပ်ရန် ဆုံးဖြတ်လိုက်ကတည်းက နောက်သို့ ပြန်ဆုတ်ရန် ဝေ့ဝူယင်ထံတွင် အကြံ မရှိကြောင်း သူမ သိပေသည်။ သူ လိုအပ်သမျှက ယုံကြည်ချက်သာ ဖြစ်သည်။
ဝေ့ဝူယင် အသက်ကို ခပ်ပြင်းပြင်း ရှူထုတ်ရင်း ဖိအား အားလုံးကို ပယ်ဖျောက်လိုက်၏။ ထို့နောက် မတုန့်မဆိုင်းပင် သူက ပုလင်းများကို ကောက်ကိုင်ကာ အဆို့များကို ဖယ်ရှားလိုက်သည်။ သူ့ ကြယ်တာရာ ဝိညာဥ်များမှာ ခန္ဓာကိုယ်ထဲမှ ထွက်ခွာလာကာ အညီအမျှပင် ခွဲဝေ ယူလိုက်ကြ၏။
ဆေးရည် အားလုံးကို စုပ်ယူပြီးနောက် သူတို့က လုံးဝ တည်ငြိမ်နေကြကာ မည်သည့် ဆိုးကျိုးကို မဆို တိုက်ဖျက်ဖို့ အဆင်သင့် ပြင်ထားကြသည်။
သို့သော်လည်း... ဘာမှ ဖြစ်မလာခဲ့ချေ။
“ဟမ်...”
မျက်ခုံးများက အနည်းငယ် တွန့်ကွေးသွားသည့်တိုင် ဝေ့ဝူယင်မှာ မျက်လုံးများကို ဆက်လက် မှိတ်ထားဆဲ ဖြစ်သည်။ သူက ခန္ဓာကိုယ် အတွင်းပိုင်း တစ်ခုလုံးကို အပြည့်အဝပင် ဆက်လက် အာရုံစိုက်ထားကာ မလိုလားအပ်သော ရလဒ်များ ဖြစ်ပေါ်လာပါက နည်းလမ်း ပေါင်းစုံဖြင့် ဖယ်ရှားရန် ပြင်ဆင်ထားဆဲ ဖြစ်သည်။
မိနစ် အနည်းငယ် ကြာသည် အထိ ဘာမှ အကြောင်း မထူးခဲ့ချေ။
“အလုပ်မဖြစ်တာလားဟ...”
ဝေ့ဝူယင် နောက်ထပ် မိနစ် အနည်းငယ် ကြာအောင် ထပ်မံ စောင်ကြည့်လိုက်၏။ ဘာဆို ဘာမှ ဖြစ်မလာခဲ့ချေ။ သို့သော်လည်း စက္ကန့်တိုင်း၌ သူ့နှလုံးသားကတော့ တောင်ကြီး တစ်လုံးလို ဖိအားများဖြင့် ပိုမို၍ လေးလံ လာနေခဲ့၏။ ဘယ်နေရာကလာမှန်း မသိရသော်လည်း အမွေးအမျှင်များကိုပင် ထောင်ထစေသည့် ဆိုးရွားသော ခံစားချက်က သေခြင်း အငွေ့အသက်တို့နှင့် အတူ သူ့ထံသို့ နေရာပေါင်းစုံမှ တိုးဝင်လာနေသည်။
“အဲဒါက ဘယ်နေရာကလဲ...”
ခရာတို၊ အိုရီ၊ ဘုရင်၊ ဧဒင်နှင့် ဝေ့ဝူယင်တို့ ငါးယောက် စလုံးမှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြ၏။ ထိုခံစားချက်က အလွန့်ကို မြင့်မားလှကာ အထွတ်အထိပ် နီးပါးကိုပင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ထိုအခိုက်အတန့်တွင်ပင် ကိုယ်ပျောက်ကြီး တစ်ခုလုံးမှာ ရုတ်ချည်း တဟုန်းဟုန်း တုန်ရီလာလေ၏။ ဝေ့ဝူယင်၏ မျက်လုံးများက အပ်ပေါက်များ ကဲ့သို့ ကျဥ်းမြောင်းသွားကာ ပိုင်လင်၏ ခန္ဓာကိုယ်မှာလည်း နိဗာန မီးတောက်များဖြင့် လွှမ်းခြုံသွား၏။
ဝှစ်...
ဝေ့ဝူယင်က မတုန့်မဆိုင်းပင် ဆယ်ခုမြောက် ဝိညာဥ်ကွင်း၏ ဟင်းလင်းပြင် ခုန်ကူးခြင်း စွမ်းရည်ကို သုံးလိုက်ကာ သင်္ဘော အပြင်ဘက်သို့ နေရာ ရွှေ့ပြောင်း လိုက်သည်။
ထိုကဲ့သို့ ပြုလုပ်လိုက်သည်နှင့် ချက်ချင်း ဆိုသလိုပင် သူ့မျက်လုံးများမှာ စိမ်းပြာရောင် အလင်းတန်းများမှ တစ်ပါး ဘာဆိုဘာမှ မမြင်ရတော့ချေ။
"သောက်ချီး...”