ပြန်လည် ဖန်တီးခြင်း
Vol. 51 Ch. 712
အမှောင် ဟင်းလင်းပြင် တစ်ခုလုံးမှာ မျက်စိတစ်ဆုံး အစိမ်းရောင် အလင်းတန်းများဖြင့် ပြည့်နှက် နေချေပြီ ဖြစ်သည်။ ၎င်းက အလွန်တရာ တောက်ပလွန်းရကား ဝေ့ဝူယင်၏ ငွေရောင် မျက်ဝန်းများ၊ နက်မှောင်သော သူငယ်အိမ် ဝင်ပေါက်များနှင့် မျက်သား ဖြူဖြူများပင်လျှင် ထိုအသွေးအရောင်ဖြင့် ဖုံးအုပ်သွားသည်။
ဝူး..
သူ့နှလုံးသားထဲ၌ ရင်းနှီးနေသည့် အသံတစ်ခု ထွက်ပေါ်လာ၏။ ၎င်းက ရေနေ သားရဲကြီး တစ်ကောင်၏ အူသံနှင့် တူကာ မိုးကြိုးကဲ့သို့ လှိုင်းလုံးများမှာ သူ့စိတ်၊ နှလုံးသာနှင့် ဆဲလ်များ အားလုံးကို ရိုက်ခတ်သွား၏။ အရှေ့ရှိ ကမ္ဘာကြီးမှာ တဖြည်းဖြည်း တွန့်လိမ် ပုံပျက်လာကာ တုန်လှုပ် ချောက်ချားဖွယ်ရာ အသွင်အပြင်ဖြင့် ပြောင်းလဲ လာလေသည်။
မကြာခင်မှာပင် တိကျသေချာသည့် ပုံသဏ္ဌာန် တစ်ခုမှာ တဖြည်းဖြည်း ပုံပေါ်လာကာ မွေးဖွား လာခဲ့၏။
စိမ်းပြာရောင် ကွင်းကြီးတစ်ခု...
ပုံသဏ္ဌာန် တစ်ခုလုံး ပြီးမြောက်ခြင်း မရှိသေးသည့်တိုင် ဝေ့ဝူယင်မှာ ထိုအရာကို ခန့်မှန်းနိုင်ပေသည်။ ၎င်းက တကယ့်ကို ကွင်းကြီး တစ်ခုပင်။
“ဘယ်လိုဖြစ်နိုင်မှာလဲ... အဲဒီကွင်းကြီးက ဝိညာဥ်ဆင်းတု အဆင့် ကပ်ဘေး ဆင်းသက်လာတဲ့ အချိန်မှာပဲ ဖြစ်တတ်တဲ့ လက္ခဏာ မလား...”
ဝေ့ဝူယင် မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်၏။ ထိုအခိုက်၌ ကြယ်တာရာ ဝိညာဥ်များထံမှ ထွက်ပေါ်နေသည့် စိတ်လှုပ်ရှားမှုမှာလည်း သူ့ထက် နည်းနည်းလေးမျှ လျော့နည်းခြင်း မရှိပါချေ။
၎င်းက ကောင်းကင်ကိုပင် ဆန့်ကျင်နိုင်သည့် ဖြစ်ရပ် တစ်ခုပင် ဖြစ်သည်။ သူ့ ဗဟုသုတများ အရ ဆိုလျှင်... ကြယ်တာရာ အမြုတေ အဆင့် ကျင့်ကြံသူ တစ်ယောက် အတွက် ကြယ်တာရာ ကပ်ဘေးမှာ ဘယ်တော့မှ နှစ်ခါ ပြန်မဖြစ်ပေါ်ချေ။ အကယ်၍ ကြယ်တာရာ ကပ်ဘေးကို နောက်တစ်ကြိမ် ထပ်မံ ဆင့်ခေါ်လိုလျှင် ကျင့်ကြံခြင်း ဝိညာဥ်များကို ဖျက်ဆီးကာ အသစ် ပြန်လည် ကျင့်ကြံဖို့ လိုအပ်ပေသည်။
လျှို့ဝှက် အာဏာရှင် အဆင့်များမှာ ထိုအကန့်အသတ်ကို ချိုးဖျက်ကာ သက်ဆိုင်ရာ ကပ်ဘေးကို အကြိမ် အနည်းငယ် ဆင့်ခေါ်နိုင်သည့်တိုင် ကြယ်တာရာ အမြုတေ အဆင့်များ အတွက်တော့ ချွင်းချက် မရှိပါချေ။
ထိုဝိညာဥ်ကွင်းမှာ သူကပ်ဘေးကို ကျော်ဖြတ်စဥ် အခါ၌ ပထမကွင်းလောက် ကြီးမားကာ မိုင်သိန်းသန်ပေါင်း များစွာကို ကျော်လွန်နေပေသည်။ ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ၏ အလွန် ကြီးမားသော အရွယ်အစားကြောင့် ပထမ တစ်ကြိမ်ကလို ကြယ်တာရာ နယ်မြေတစ်ခုလုံးကို လွှမ်းခြုံနိုင်သည် အထိ မကြီးမားသည့်တိုင် ဝိညာဥ်မြှင့်တင်ခြင်း နယ်မြေထက်တော့ ပိုမို ကြီးမားပေသည်။
ဝေ့ဝူယင်မှာ ထိုမြင်ကွင်းကို ကြည့်ရင်း ရင်တဒိတ်ဒိတ် ခုန်လာခဲ့၏။ ထိုဝိညာဥ်ကွင်းက အဘယ်အရာကို ဆိုလိုသနည်း။ သူ စောင့်ကြည့်နေစဥ်မှာပင် ပိုမို များပြားသော ပုံရိပ်ယောင် ဝိညာဥ်စွမ်းအင်များ အဆက်မပြတ် ပေါ်ထွက်လာနေကာ ကျန်ရှိနေသေးသည့် ဒုတိယမြောက် ကွင်းတစ်ခု တဖြည်းဖြည်း ဖွဲ့စည်းလာနေသည်ကို သူ မြင်တွေ့နေရသည်။
ယခုတစ်ကြိမ် ဝိညာဥ်ခုန်သံကွင်းများ ဖွဲ့စည်းလာခြင်းက မူလ ကပ်ဘေးနှင့် ယှဥ်လျှင် အလွန် နှေးကွေးလှပေသည်။ သူ ဝိညာဥ်ဆင်းတု အဆင့်ကို တက်လှမ်းခဲ့ချိန်ကဆိုလျှင် ထိုကွင်းများမှာ လျှပ်တစ်ပြက် အတွင်း အားလုံး ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ကြည့်ရသည်က... ဤဝိညာဥ်ခုန်သံကွင်းများမှာ တစ်နည်းတစ်ဖုံ ကွာခြားနေဟန် ရပေသည်။
“အောာက်ကိုကြည့်...”
ဧဒင်က အော်ဟစ်လိုက်၏။ ဝေ့ဝူယင်မှာ စိတ်တစ်ခုလုံး လှုပ်ရှားသွားသလို ခံစားလိုက်ရကာ အောက်ကို ငုံ့ကြည့် လိုက်သည်။ သူ၏ မြင်ကွင်းမှာ စိမ်းပြာရောင် အလင်းတန်းများနှင့် နောက်တစ်ကြိမ် ဖုံးလွှမ်း သွားခဲ့ပြန်၏။ သူ့ အတွေးများက ရပ်တန့်လုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ထိုနေရာတွင်လည်း စိမ်းပြာရောင် ဝိညာဥ်ကွင်းများ ရှိနေချေပြန်သည်။ စုစုပေါင်း နှစ်ခု ဖြစ်သည်။
“နောက်မှာရောပဲ...”
ခရာတို၏ အသံက သူ့စိတ်အတွင်း ပဲ့တင်ထပ်ကာ ထွက်ပေါ်လာပြန်၏။ ဝေ့ဝူယင် နောက်ကို လှည့်ကြည့်လိုက်ရာ ကိုယ်ပျောက်ကြီးက သူ့မြင်ကွင်းကို ပိတ်ဆို့နေကြောင်း တွေးလိုက်ရသည်။ အသက်ကို ခပ်ဖြည်းဖြည်း ရှူသွင်းလိုက်ရင်း သူ့ခန္ဓာကိုယ်က မူလ နေရာမှ ပျောက်ကွယ်သွားကာ သင်္ဘော၏ အခြား တစ်ဖက်တွင် ပြန်လည် ပေါ်လာခဲ့သည်။ ထိုနေရာတွင်လည်း ဝိညာဥ်ကွင်း နှစ်ကွင်းနှင့် ဖွဲ့စည်းလက်စ တတိယမြောက် ကွင်းကို တွေ့ရ၏။
ဝေ့ဝူယင် ချက်ချင်းပင် ကိုယ်ပျောက်ကြီး အပေါ်သို့ ရောက်ရှိသွားကာ ကောင်းကင်ကို မော့ကြည့်လိုက်၏။ မကြာခင်မှာပင် သူ၏ မျက်လုံးများမှာ အပ်ပေါက်များ ကဲ့သို့ ကျဥ်းမြောင်း နေချေပြီ ဖြစ်လေသည်။
အရပ်မျက်နှာ လေးခုလုံးကား ဝိညာဥ်ခုန်သံကွင်းများဖြင့် ပြည့်နှက် နေလေပြီ။
“ဝိညာဥ်ခုန်သံ ပုံရိပ်ယောင် ကပ်ဘေး လေးခု...”
ဝေ့ဝူယင်မှာ အိပ်မက်လိုလို တကယ်လိုလိုပင် ခံစားနေရ၏။ သာလွန်ခြင်း အဆင့် ဝိညာဥ်နတ်ဘုရား ဆေးရည်က မတူညီသည့် ကပ်ဘေး လေးခုကို ထပ်မံ ဖန်တီးလိုက်သည်လား။
ဝေ့ဝူယင် ကြည့်နေစဥ်မှာပင်... စတုတ္ထမြောက် ဝိညာဥ်ကွင်းများမှာ တဖြည်းဖြည်း ဖွဲ့စည်းလာခဲ့ပြန်၏။ သူ၏ နှလုံးသားကား ထိန်းချုပ် မရအောင် တုန်ရီ နေခဲ့ပြီ ဖြစ်လေသည်။
“ဒီတစ်ကြိမ်ရော မင်းတို့ အဲဒီကွင်းတွေကို ထိန်းချုပ်လို့ရလား...”
ဝေ့ဝူယင်က ကြယ်တာရာ ဝိညာဥ်လေးခုကို မေးလိုက်၏။ သူတို့က ယခင် ကပ်ဘေးများတွင် ကပ်ဘေးကို ထိန်းချုပ်ကာ ပြဿနာ အချို့ကို ဖန်တီးခဲ့လေရာ ယခုတစ်ကြိမ်တွင်လည်း ထိုကဲ့သို့ ဖြစ်မည်ကို ဝေ့ဝူယင် စိုးရိမ် နေမိခြင်း ဖြစ်သည်။ မည်သို့ပင် ဆိုစေ... ဤကပ်ဘေးက လုံးဝ ခြားဝ ခြားနားသည် မဟုတ်ပါလား။
“အရင်ကနဲ့ တူလည်း တူတယ်... တူလည်း မတူဘူး”
ခရာတိုက လေးလံထုံထိုင်း နေသည့် လေသံဖြင့် အဖြေပေးလိုက်၏။ သူ၏ လေသံက တစ်ခုခုကို လျှို့ဝှက် ထားသလို ပဟေဠိများနှင့် ပြည့်နှက်နေသည်။ ဝေ့ဝူယင် ခရာတိုကို လျစ်လျူလိုက်ကာ အဖြစ်အပျက်များ အပေါ် ဧဒင်၏ ရှုမြင်ပုံကိုသာ အာရုံစိုက်လိုက်၏။ ထိုအဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ်မှာ သူ ယုံကြည်၍ ရသည့် တစ်ဦးတည်းသော ပုဂ္ဂိုလ် ဖြစ်သည်။
“ဆေးရည်က ကျုပ်တို့ တစ်ယောက်ချင်းစီကို အပြောင်းအလဲတွေ ဖြစ်လာအောင် လှုံ့ဆော် ပေးနေတယ်... အဲဒါက ပထမဆုံး အကြိမ် ကပ်ဘေးကို ဖြတ်ကျော်တုန်းကလိုပဲ... ကျုပ် အထင် ပြောရရင် ဒီကပ်ဘေးက အရင်က အတွေ့အကြုံကို အခြေခံနေတယ်... ထိန်းချုပ်လို့ ရမယ် မထင်ဘူး”
ဧဒင်၏ အတွေးများက ရှင်းလင်းနေကာ ဝေ့ဝူယင်၏ မေးခွန်း အများစုကို ဖြေရှင်းပေးလိုက်၏။
“ဒါပေမဲ့ ဘာလို့လဲ... အဲဒါက ရှိပြီးသား ဝိညာဥ်ကွင်းတွေကို ပိုပြီး အစွမ်းထက်လာအောင် ကူညီပေးမှာလား”
ဝေ့ဝူယင်က မျက်မှောင်ကြုတ်ကြုတ် လိုက်၏။ ထိုအခိုက်၌ ခြောက်ခုမြောက် ဝိညာဥ်ကွင်းများ ဖွဲ့စည်းပြီးမြောက် သွားခဲ့ပြီ ဖြစ်ကာ ကွင်းများ အကြားရှိ ဟင်းလင်းပြင်မှာ ခပ်ဖိန့်ဖိန့် တုန်ရီ နေခဲ့ပြီ ဖြစ်လေသည်။
“ကျုပ် အထင် သူ့ရဲ့ ရည်ရွယ်ချက်က နောက်ထပ် ကွင်းတစ်ခု ဖွဲ့စည်းဖို့ ဖြစ်ကောင်း ဖြစ်နိုင်တယ်...”
ဧဒင်က အထင်ကို ပြောလိုက်၏။ သို့သော်လည်း... သူ့တွင် တိကျခိုင်မာသည့် သီအိုရီတော့ မရှိပါချေ။ သာလွန်ခြင်း အဆင့် ဝိညာဥ်နတ်ဘုရား ဆေးရည်၏ အရည်အသွေးက သူတို့ ခန့်မှန်းနိုင်သည့် ဘောင်အပြင်ဘက်တွင် ရှိနေပေသည်။
၎င်းက ကပ်ဘေးအား တက်လှမ်းရန် ကျရှုံးခဲ့သည့် ကျင့်ကြံသူ တစ်ယောက် အတွက် ဒုတိယမြောက် အခွင့်အရေးအား ပေးစွမ်းခြင်းမျိုး ဖြစ်နိုင်သလို ရှိပြီးသား ဝိညာဥ်ကွင်းများကို တိုးတက်အောင် မွမ်းမံပေးခြင်းမျိုးလည်း ဖြစ်နိုင်ပေသည်။ ထို့အပြင်... စောစောက သူထင်သလို နောက်ထပ် ဝိညာဥ်ကွင်းများ ထပ်ဖွဲ့စည်းပေးဖို့ပင် ဖြစ်နိုင်သည်။
မကြာခင်မှာပင် သတ္တမမြောက် ဝိညာဥ်ကွင်း ဖွဲ့စည်းလာခဲ့ပြီ ဖြစ်သည်။ ငါးခုမြောက်တွင်ပင် ဝိညာဥ်ကွင်းများမှာ ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေတစ်ခုလုံးကို ပြည့်နှက် နေခဲ့ပြီ ဖြစ်လေရ ခုနစ်ခုမြောက်မှာ များစွာပင် ကျော်လွန် နေခဲ့ချေပြီ ဖြစ်သည်။
“လူတွေ ကပ်ဘေးကို မြင်နိုင်လောက်လား...”
ပထမတစ်ကြိမ် ပုံရိပ်ယောင် ဝိညာဥ်ခုန်သံ ကပ်ဘေးတုန်းက သူ တစ်ယောက်တည်းသာလျှင် ဝိညာဥ်ကွင်းများကို သတိထားမိခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ယခုတစ်ကြိမ်တွင်တော့ ဝေ့ဝူယင်တွင် ထိုကဲ့သို့ ယုံကြည်ချက်မျိုး မရှိချေ။
လက်ရှိ အချိန်တွင်ပင် ကိုယ်ပျောက်ကြီးနှင့် အနီးအနားရှိ ဂြိုဟ်များမှ လောကသခင်နှင့် အထက်ဆင့် ဝိညာဥ်အာရုံများမှာ အမှောင်ဟင်းလင်းပြင်ထဲကို တိုးဝင်ကာ ရှာဖွေ နေကြပြီ ဖြစ်လေသည်။ သူတို့က လောက နယ်မြေများကိုပင် ဖြန့်ကျက်ကာ နေရာတိုင်းကို ရှာဖွေ နေကြ၏။
သို့သော်လည်း ဝေ့ဝူယင် မသိလိုက်သည့် အချက်ကား ထိုဖြစ်စဥ်က အနီးအနားရှိ ဂြိုဟ်များကိုသာ မကပဲ မဟာစက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးကိုပါ သက်ရောက်သွားခဲ့သည် ဆိုခြင်းပင်။
ထိပ်သီး ကျင့်ကြံသူများမှာ ကပ်ဘေးကို မမြင်နိုင်သည့်တိုင် ခံစားနိုင်ကြပေသည်။
သူတို့က ဝိညာဥ်ကွင်းများမှ ထုတ်လွှတ်နေသည့် ဝိညာဥ်ဖိအားကြောင့် အံ့အားသင့် နေကြကာ တည်နေရာကို ရှာဖွေဖို့ ကြိုးပမ်း နေကြသည်။ အချို့ တန်ခိုးရှင်များဆိုလျှင်... ဝိညာဥ်ကွင်းများ နံဘေးကို တိုက်ရိုက်ပင် ရောက်ရှိလာကြ၏။ အထူးသဖြင့်... သေမျိုးအကန့်အသတ်ကို ကျော်လွန်နေသည့် လျှို့ဝှက် အာဏာရှင် အဆင့်များပင်။
...
ဝူယုမှာ အလွန်ကြီးမားလှသည့် တာရာ လျှို့ဝှက် သတ္တုရိုင်း ထုထည်ကြီး ထက်တွင် ထိုင်နေခဲ့၏။ ရုတ်ချည်းပင် သူ၏ မျက်လုံးများက ကျဥ်းမြောင်းသွားကာ ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်ရှု လိုက်သည်။
“ဘာတွေ ဖြစ်နေတာလဲ...”
ဝိညာဥ်ဖိအားက အများကြီး မပြင်းထန်သည့်တိုင် အနည်းငယ် သက်တောင့်သက်သာ မရှိသလို သူ ခံစားရသည်။
“ကပ်ဘေး တစ်ခုများလား...”
...
အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ၊ ဒြပ်စင် နယ်မြေအတွင်၌ အစစ်အမှန် ဒြပ်စင်ဂိုဏ်း ကပ်ပါး အင်အားများ ထိန်းချုပ်ထားသည့် အသေးစား ဂြိုဟ်တစ်ခု ရှိ၏။
ထိုဂြိုဟ်ထက်၌ လွတ်လပ်သည့် ငွေအဆင့် အင်အားစု ပိုင်ဆိုင်သည့် နေရာ တစ်ခု တည်ရှိလေသည်။ ယနေ့၌ ထိုဧရိယာ တစ်ခုလုံးမှာ ပြင်းထန်သည့် တိုက်ပွဲ အရိပ်ယောင်များ၊ မူလဒြပ်စင် စွမ်းအင်များဖြင့် ပြန့်ကျဲ နေလေသည်။
“ကောင်စုတ်လေး... မင်းလုပ်ရဲတယ်ပေါ့”
ဒေါသ အငွေ့အသက်များ ပြည့်နှက်နေသည့် ရင့်ရော်သော အသံတစ်ခုမှာ ပေါက်ကွဲ ထွက်ပေါ်လာ၏။ သူ၏အရှေ့ တစ်နေရာတွင်တော့ မီးခိုးရောင် မျက်လုံးများနှင့် ယုံကြည်ချက် ရှိသည့် အပြုံးတို့ကို ပိုင်ဆိုင်ထားသည့် ချောမောသော လူငယ် တစ်ယောက် ရှိသည်။
သူက ဖြည်းညင်းစွာပင် အဖြူရောင် လှံတံကို မကိုင်ရင်း လှံသွားကို လဲကျနေသည့် အခြား လူငယ် တစ်ယောက်၏ နှလုံးတည့်တည့်ကို ထိုးဖောက်လိုက်၏။
“မင်း...”
လူအိုကြီးထံမှ လောကီမျက်လုံး အဆင့် အော်ရာ တစ်ခု ပေါက်ကွဲ ထွက်ပေါ်လာကာ လူငယ်ထံ အရှိန်အဟုန်နှင့် တိုးဝင်သွားတော့၏။ ထိုအခိုက်အတန့်ကလေးတွင်ပင် ထူးဆန်းကာ ဖော်ပြရန် ခက်ခဲသည့် ဝိညာဥ်ဖိအား တစ်ခုက ရုတ်ချည်း လွှမ်းခြုံလာလေရာ သူ ရုတ်တရက် ရပ်လိုက်မိ၏။
“အဲဒါက ဘာလဲ...”
...
အယ်ဗန် ဘေးမဲ့ နယ်မြေ အတွင်းရှိ လျှို့ဝှက် နယ်မြေ တစ်နေရာ၌... လှေကား ကိုးဆယ့်ကိုးထစ်ပါသည့် ရှေးဟောင်း အမွေအနှစ် နန်းတော် တစ်ခု ရှိ၏။ ငယ်ရွယ်ချောမောသည့် လူသားနှင့် အယ်ဗန်စပ် လူငယ်လေး တစ်ယောက်မှာ လူအုပ်အကြား၌ စိတ်လှုပ်ရှားစွာဖြင့် ရပ်နေကာ စမ်းသပ်ပွဲကို စိန်ခေါ်ရန် အဆင်သင့် ဖြစ်နေခဲ့သည်။
အခြား အယ်ဗန်မျိုးနွယ်များ သတိမထားမိကြသည့်တိုင် သူ၏ အမွေး အမျှင်များမှာ ရုတ်ချည်း ထောင်ထလာခဲ့၏။
“ဘာတွေ ဖြစ်နေတာလဲ...”
...
ထူးဆန်းကာ နားလည်ရန် ခက်ခဲသည့် လျှို့ဝှက် နယ်မြေ တစ်ခု အတွင်း၌... အဖြူရောင် ဆံနွယ်များနှင့် မိန်းကလေး တစ်ယောက် ရှိနေခဲ့၏။ သူမ၏ ရဲရဲနီသော မျက်လုံးများက ပတ္တမြား ရတနာကဲ့သို့ လှပစွာဖြင့် တဖိတ်ဖိတ် တောက်ပနေကာ အဝေး တစ်နေရာကို လှမ်းကြည့်နေသည်။
“ဝိညာဥ်ဖိအား...”
သူက မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်၏။ သူမ၏ နဖူးက ရွှေရောင် အလင်းတန်းများဖြင့် တောက်ပလာကာ မကြာခင် ပြန်လည် ငြိမ်သက်သွားသည်။ သူမ၏ ပတ္တမြား အဆင်းအရောင်နှင့် မျက်လုံးများက နောက်တစ်ကြိမ် ပြန်ပွင့်လာခဲ့၏။
“ဘာမှမဟုတ်ဘူးလား...”